Chapter.30
ချန်ချင်ဝမ်မှာ သူ့တူမ၏ အတွေးကို နားမလည်နိုင် ဖြစ်နေသည်။
ဒီလိုမျိုး ကိစ္စကို ဖုံးကွယ်ထားရမှာမလား...ဘာလို့ ဧကရာဇ်ဆီ အပြေးသွားပြီး ထောင်ချောက်ထဲကို သွားအမိခံမှာလဲ...
တူဖြစ်သူ ပန်းဟမ်ကို ကြည့်လိုက်တော့လည်း သူ့အစ်မလို ရှုတည်တည် မျက်နှာထားမျိုးသာဖြစ်၍ သူ ဘာပြောရမှန်းမသိတော့။ ဧကရာဇ်က ပန်းမိသားစုကို စိတ်ချလက်ချဖြစ်နေရတာက ပန်းမိသားစုက အန္တရာယ်ပြုနိုင်ခြေ နည်းလို့ပဲမဟုတ်လား...အခုတော့ ပန်းမိသားစုက ဧကရာဇ်ထင်ထားတာထက် ပိုညံ့မှန်း သူ အခုသိလိုက်ရပြီလေ...
ရုံရှားက သူ့လက်ဖက်ရည်ခွက်ကို ချရင်း
"အရှင့်သား... ကျွင်းကျူး ပြောတာမှန်ပါတယ်၊အရှင့်သား မတရားစွပ်စွဲခံရတာကို ဧကရာဇ်ကို အသိပေးရမယ်"
ချန်ချင်ဝမ်သည် ရုံရှားကို စိတ်ရှုပ်စွာကြည့်နေသည်။ ဒီလူ့ရဲ့ ဦးနှောက်ကလည်း ကောင်းကောင်းအလုပ်မလုပ်ဘူးလား၊သူ ဘာတွေ လာပြောနေတာလဲ…
ဧကရာဇ်၏ စိတ်နေသဘောထားသည် အပ်တစ်ချောင်းကဲ့သို့ သိမ်နုပ်သေးငယ်သည်။ ဧကရာဇ်ရှေ့မှာ စကားကိုသေချာမပြောလျှင်၊ အမျက်တော်ရှကာ အပြစ်ပေးခံရနိုင်သည်။သူက ရုံရှားကို ကြည့်ပြီး တစ်ဖန် ပန်းဟွာကို ကြည့်လိုက်သည်။ ပန်းဟွာရဲ့ အလှကြောင့် ရုံရှား မတွေးတောမဆင်ခြင်တတ်တော့တာလား...ရုံရှားလည်း သူ့လိုပဲ မိန်းမလှလေးဆို ကြိုက်တတ်တာပါကလား..
ရုံရှား၏ စကားကိုကြားပြီးနောက် ပန်းဟွာ သူ့ကိုပို၍နှစ်သက်သဘောကျလာမိသည်။သူက ရုပ်ချောရုံသာမက ထက်မြက်ပြီး ဉာဏ်ကောင်း၏။
သူ၏ ကောင်းသောအချက်များကို သတိပြုမိသည်မှာ ယခုက ပထမဆုံးအကြိမ်မဟုတ်ပေ။
ချန်ချင်ဝမ် သူတို့သုံးယောက်ကို ကြည့်လေလေ၊ ပိုစိတ်ဆိုးလေလေ ဖြစ်လာ၍ သူ့လက်ကိုဝှေ့ယမ်းပြီး
"မင်းတို့ အိမ်ပြန်လို့ရပြီ"
ပန်းဟွာတို့ မောင်နှမသည် စိတ်သဘောထား ပွင့်လင်းကြသည်။ ချန်ချင်ဝမ် သည် သူတို့၏ အကြံပြုချက်ကို စိတ်မဝင်စားသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း ထွက်ခွာသွားကြသည်။
"ဒီစကားပြောတဲ့ အကောင်ပလောင်တွေကို အိမ်မှာဝယ်ထားရင် တစ်နေ့မှာ ပိုင်ရှင်ကို သေချာပေါက်ဒုက္ခပေးလိမ့်မယ်"
ပန်းဟမ်က 'အထာနပ်ပြီးသား' ဆိုသည့်အမူအရာဖြင့် သူနှင့်အတူထွက်လာသော ရုံရှားအား ပြောလိုက်သည်။
"ကျွန်တော် ငယ်ငယ်တုန်းက ကြက်တူရွေးအိမ်ဝယ်ခဲ့တယ်၊ လှတော့လှပေမယ့် ရိုင်းစိုင်းတဲ့စကားတွေ ပြောတတ်နေတာလေ၊ အမေ သိသွားတော့ ကျွန်တော့်ကို အရမ်းစိတ်ဆိုးပြီး ရိုက်နှက်ဆုံးမတယ်"
ရုံရှားက ပြုံးပြီး " တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ"
ရုံရှား ငယ်ငယ်တုန်းက ထိုကဲ့သို့ အရာမျိုးနှင့်ကစားဖို့ အချိန်မရှိခဲ့ပေ။ သူ့မိသားစုကလည်း သူ့ကို ကစားခွင့်မပေးတာကြောင့်၊တခြားကလေးများ ကြုံဖူးသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ရယ်စရာကောင်းသော အဖြစ်များ သူ မကြုံဖူးချေ။
"ရှစ်ကျစ်...."
ထိုစဉ် လမ်းတစ်ဖက်တစ်ချက်တွင် အနီရောင်နှင့် ခရမ်းရောင်ဝတ်စုံများ ၀တ်ဆင်ထားသော သခင်လေးအချို့သည် ပန်းဟမ်ကို လက်ဝှေ့ယမ်း၍ နှုတ်ဆက်နေကြသည်။ ပန်းဟွာလည်း၊ဤနေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ထိုလူငယ်လေးများသည် ယပ်တောင်ကိုယ်စီထုတ်ကာ ကျော့ကျော့မော့မော့ ယပ်ခတ်ပြနေကြလေ၏။
ပန်းဟွာ ထိန်းမနိုင်သိမ်းမနိုင် ရယ်ချင်စိတ်ဖြစ်ကာ ပန်းဟမ်ကို လက်ပြပြီး ပြောလိုက်ဟည်။
"သူငယ်ချင်းတွေ ခေါ်နေတယ်၊ သွားတော့"
ပန်းဟမ်က သူငယ်ချင်းများကိုတွေ့ရ၍ ဝမ်းသာအားရ ပြေးသွားသည်။
"ကျွင်းကျူး" ထိုအခါ ရုံရှားက ပန်းဟွာ၏ လက်ကိုကြည့်ရင်း
"ပြီးခဲ့တဲ့ရက်ပိုင်းက ကိုယ် ကောလဟာလတစ်ခုကြားထားတယ်၊ မင်း ဒဏ်ရာက ဘယ်လိုနေလဲလို့ မေးလို့ရမလား"
"ကောလဟာလ…"
ပန်းဟွာ မျက်တောင်ကို တစ်ချက်နှစ်ချက်ပုတ်ခတ်လိုက်သည်။ဤအပြစ်ကင်းစင်သော ပုံစံလေးကပင် သူမကို ကလေးလေးလို ချစ်ခင်စရာကောင်းစေ၏။
"ဒုတိယမင်းသားက ကျွန်မလက်ကို ဒဏ်ရာရအောင်လုပ်တဲ့အကြောင်းကို ဆိုလိုတာလား"
ရုံရှား စိတ်ပူနေမိသည်။ဆောင်းဦးအမဲလိုက်ပွဲအတွင်း ဒုတိယမင်းသားနှင့် ပန်းဟွာတို့ ပြဿနာတက်နေသည်ကို သူ့မျက်စိနှင့်မြင်ခဲ့ရ၍ နှစ်ယောက်စလုံးက တစ်ယူသန်အရှုံးပေးမည့်မဟုတ်မှန်း သိနေသည်။ထို့ကြောင့် ဧကရာဇ်ရှေ့မှာ သူတို့ နှစ်ယောက် ရန်ဖြစ်နေကြသည် ဆိုသော ကောလဟာလက အမှန်ဖြစ်နိုင်မှန်း သိ၏။
သူမရဲ့ လက်သွယ်သွယ်လေးက ယောက်ျားတစ်ယောက်ရဲ့ လက်နဲ့ ဘယ်လိုလုပ် အားချင်းယှဉ်နိုင်မလဲ…
ပန်းဟွာသည် ရုံရှားကို ဒဏ်ရာပြသရန် အင်္ကျီလက်ကို လှန်ပြချင်သော်လည်း မသင့်လျော်ဟု ခံစားမိကာ အနီးစပ်ဆုံး နေရာတစ်ခုကို လက်ဖြင့်ထောက်ပြလိုက်၏။
"ပြဿနာမရှိပါဘူး၊ ဒီနေရာလေးတင်ပါ"
သူမ၏ ဖြူဖွေးပျော့ပျောင်းသော လက်ချောင်းများသည် အခွံနွှာပြီး ကြက်သွန်မြိတ်အပင်များကို ဆေးကြောသန့်စင်ထားသကဲ့သို့ နူးညံ့ပြီး ချစ်စရာကောင်းလှသည်။ သူမ၏ လက်ချောင်းများသည် သူနှင့်သိပ်မဝေးသလို၊သူမ၏ အရည်ရွှမ်းနေသော မျက်လုံးများကလည်း ကြောင်လေးများလို ဝိုင်းစက်ပြီး ချစ်စရာကောင်းနေသည်။တစ်ချိန်တည်းမှာပင် သနားစရာလည်းကောင်း၏။
“နောက်နောင် ဒီလိုမျိုး ဒုတိယမင်းသားနဲ့ တွေ့တဲ့အခါ…. သူနဲ့ဝေးဝေးနေလိုက်တာ ပိုကောင်းပါတယ်" ရုံရှားက ခဏလောက်တွေးပြီး "ပညာရှိဆိုတာဟာ ဘာမှ မဟုတ်တဲ့ ကိစ္စလေးနဲ့ ဒေါသအမျက်မထွက်ဘဲ နေရတယ်၊ခိုက်ရန်မဖြစ်ရဘူး..နောင်တစ်ချိန်မှ လက်စားချေဖို့ ကိစ္စကို စဉ်းစားနိုင်တယ်၊ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို မထိခ်ိုက် မနာကျင်အောင်နေတတ်ဖို့ပါပဲ"
ပန်းဟွာက ခြေချောင်းဖြင့် မြေပြင်ကို အသာအယာပုတ်လိုက်ကာ ရုံရှား ၏အကြည့်ကို မျက်နှာချင်းမဆိုင်ရဲ၍ မျက်နှာလွှဲနေသည်။သူမက တမင်တကာ ကျန်းလောကို ချောက်ချခဲ့ခြင်းအား ဝန်ခံဖို့ ရှက်သွားမိသည်။
“ကျွန်မရဲ့ စေ့စပ်ပွဲကို သုံးကြိမ်တိုင်တိုင် အဖျက်ခံရတဲ့အတွက် လှောင်ပြောင်တာက တော်သေးတယ် ၊ဒါပေမယ့် သူက ကျွန်မအဖေကို သဘောထားပျော့ပျောင်းပြီး အသုံးမဝင်သလို လှောင်ပြောင်တာ၊ ဒီတော့ ကျွန်မလည်း ဒေါသကို မထိန်းနိုင်တော့ဘူး"
ရုံရှား ပြောချင်မိသည်က... ဘဝမှာ ဖြစ်ချင်သည့်ဆန္ဒတိုင်း ဖြစ်မလာနိုင်ပေ။ ဘယ်သူကမှ စိတ်ပူစရာမလိုဘဲ ပေါ့ပေါ့ပါးပါးနေနိုင်သည့် ဘဝမျိုး မနေနိုင်ဘူး… ဆိုတာပင်။ သို့သော် မိန်းကလေး၏ တောက်ပနေသော မျက်လုံးကြီးများကို မြင်လိုက်ရသောအခါ ထိုစကားများအားလုံးကို မျိုချလိုက်မိသည်။
"လူတစ်ယောက်ကို ပြေလည်အောင်ဖြေရှင်းဖို့ နည်းလမ်းတွေအများကြီးရှိတယ်"
ပန်းဟွာက ပြတ်သားစွာဆိုလာသည်။
“ဒါပေမယ့် တခြားနည်းလမ်းတွေ စဉ်းစားဖို့ ပျင်းတယ်၊ ကျွန်မ ဦးနှောက်ကို အလုပ်အများကြီးမခိုင်းချင်ဘူး"
ရုံရှား ကူကယ်ရာမဲ့ ရယ်မောလိုက်သည်။
ထိုစကားများက.... သူမအတွက်တော့ ပုံမှန်ပါပဲလား...
"ဒါဆို မင်း မနိုင်နိုင်တဲ့လူက မင်းလက်လှမ်းမမီတဲ့သူဆိုရင် ဘယ်လိုလုပ်မလဲ"
“ကျွန်မ မတွေ့ဖူးသေးဘူး” ပန်းဟွာက လေးလေးနက်နက် တွေးလိုက်သလိုဖြင့်၊ “တွေ့ရင် ရှင့်ကို ကျွန်မပြောပြမယ်လေ”
သူမနှင့် ဆက်ပြောလည်းအကြောင်းမထူးမှန်း ရုံရှား သိလိုက်သည်။
ထိုစဉ် ပန်းဟမ်က
“အစ်မ၊ ကျွန်တော် သူငယ်ချင်းတွေနဲ့ ကြက်တိုက်သွားမလို့၊အစ်မ တစ်ယောက်တည်း ပြန်လိုက်တော့”
"သတိထားဦး" ပန်းဟွာက ငွေတုံး 100 နှင့် ငွေတုံး 200 တန်ဖိုးရှိ ချက်လက်မှတ် နှစ်ရွက်ကို ဆွဲထုတ်လိုက်သည်။
“ယူသွား”
"အစ်မက သိပ်သဘောကောင်းတာပဲ!"
ပန်းဟမ်သည် ပိုက်ဆံကိုယူကာ အခြားသခင်လးများ၏ နောက်သို့လိုက်ရန် သူ့မြင်းကို အပြေးနှင်သွားတော့သည်။
ရုံရှားသည် ရွှင်လန်းနေသော ပန်းဟမ်၏ ကျောပြင်ကို ကြည့်ကာ ပန်းမိသားစုအကြောင်း နောက်ထပ်အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။သူတို့မိသားစုသည် ရွှေနှင့်ကျောက်မျက်ရတနာများကို မြေကြီးထဲမှာ အလဟဿ မြှုပ်နှံထားနိုင်သော်လည်း၊ အပြင်ထွက်ပြီး ကစားဖို့ကိုတော့ ငွေတုံး 200 လောက်သာ ယူသွားခြင်းကို သူ နားမလည်နိုင်တော့ပေ။
“မြို့စားမင်း” ပန်းဟွာက ရုံရှားကို လေးလေးစားစား ဦးညွှတ်ပြီး ပြောလိုက်သည်။
“ကျွန်မ သွားပါဦးမယ်”
"ကျွင်းကျူး အိမ်ကို ကိုယ် လိုက်ပို့ပေးမယ်လေ…မင်း စိတ်မရှိဘူးဆိုရင်ပေါ့"
"စိတ်မရှိပါဘူး၊ ဒါပေမယ့် ကျွန်မအိမ်နဲ့ နီးနေပြီလေ၊ အစောင့်တွေလည်း ပါတော့ ဘယ်သူမှ ကျွန်မကို ရန်မပြုရဲပါဘူး၊ဒါနဲ့ ရှင် တစ်ယောက်တည်း အိမ်ပြန်ရတာ ပျင်းဖို့ကောင်းတယ်မလား၊ ကျွန်မက ရှင့်ကို အိမ်ပြန်ပို့ရင် ဘယ်လိုလဲ"
ရုံရှား၏ မျက်နှာပေါ်ရှိ အပြုံးသည် တစ်ချက် တင်းမာလာပြီး ပန်းဟွာကို ဦးညွှတ်လိုက်သည်။
"ကျွင်းကျူးရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
ပန်းမိသားစု၏ အစောင့်များနှင့် ချမ်အမ်မြို့စားမင်း၏ အစောင့်များသည် ရုံရှားကို တညီတညွှတ်တည်း ကြည့်လိုက်ကြ၏။ လေထု၏အငွေ့အသက်သည် ချက်ချင်း မသက်မသာ ဖြစ်လာရလေသည်။
ပန်းဟွာသည် အစောင့်များ၏ ထူးဆန်းသည့် မျက်နှာအမူအရာကို သတိမထားမိဘဲ မြင်းပေါ်ကို ခုန်တက်လိုက်သည်။
"ရှင်က အရမ်းကြည့်ကောင်းတာေလ၊တော်ကြာ မိန်းမဓားပြနဲ့ တွေ့ရင် ရှင့်ကို ဖမ်းပြီး ခင်ပွန်းတော်ပစ်ရင် ဘယ်လိုလုပ်မလဲ"
ရုံရှားက ဟက်ဟက်ပက်ပက်ရယ်လိုက်၏။
"ကျွင်းကျူးက နောက်နေတာလား"
ပန်းဟွာသည် မြင်းခေါင်းကို ပွတ်သပ်ကာ ရှေ့သို့ ဖြည်းညင်းစွာ ရွေ့လျားလာသည်။
“ကျွန်မ ရှင့်ကို ချီးကျူးနေမိတာနော်...ရှင်က ကျောက်စိမ်းတစ်တုံးလို အရမ်းတင့်တယ်တဲ့ လူကြီးလူကောင်း၊ရှင့်ကိုမြင်သူတိုင်းကို စိတ်ချမ်းသာစေတယ်"
ရုံရှား ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်လာကာ ရှက်စိတ်ဖြစ်လာရတော့၏။ပန်းဟွာ ရှေ့မှာ သူ ဘာမှမပြောရဲနိုင်အောင်ပင်။
"ကျွင်းကျူးရဲ့ ပုံစံကလည်း နိုင်ငံတော်ကိုတောင် လွှမ်းမိုးနိုင်စွမ်းရှိသူလို ဩဇာအပြည့်ရှိနေတာပါ"
ရုံရှားက ပန်းဟွာ၏ မြင်းနှင့် ခပ်နီးနီးကပ်၍လိုက်လာသည်။
"မင်းရောက်တဲ့နေရာတိုင်း၊ တခြားအရာအားလုံးက မင်းနဲ့ယှဉ်ရင် မှေးမှိန်ကုန်တယ်"
“အရင်ကလည်း လူတစ်ယောက်က ကျွန်မကို ဒီစကားတွေနဲ့ ချီးကျူးခဲ့ဖူးပါတယ်၊ ဒါပေမယ့် သူလည်း သိပ်မကြာခင်မှာပဲ ပြည့်တန်ဆာအိမ်က မိန်းကလေးတစ်ယောက်ကို ခိုးပြေးသွားခဲ့တယ်”
ရုံရှား တိတ်ဆိတ်စွာ ငြိမ်ကျသွားပြီး သူမမျက်နှာကို အကဲခတ်ကြည့်လိုက်မိသည်။သို့သော်လည်း သူမ၏ မျက်နှာထားကမူ ကြီးကြီးမားမား မပြောင်းလဲပေ။ သူမသည် အတိတ်ကို အမှန်တကယ် ဂရုမစိုက်သလား၊ သို့တည်းမဟုတ် သူမ၏ခံစားချက်များကို ဖုံးကွယ်ထားသလား သူ မသိချေ။
"မင်း ပြောနေတာ....ရှဲ့မိသားစုရဲ့ ဒုတိယသားလား" သူ အရဲစွန့်ကာ နောက်ဆုံးတွင် မေးလိုက်သည်။
"သတိထား…!"
ထိုစဉ် ပန်းဟွာသည် ရုံရှား၏ လက်ကိုဆွဲလိုက်ရာ၊ ရုံရှား ခန္ဓာကိုယ်က ဟန်ချက်ပျက်ကာ ယိုင်သွား၏။ထို့ နောက် လမ်းဘေးရှိ အဆောက်အဦး၏ ပြတင်းပေါက်မှ တုတ်တစ်ချောင်းသည် သူ့မျက်နှာကို ပွတ်တိုက်ဖြတ်သွားပြီး မြင်းပေါ်ကျ၍ မြင်းက နာကျင်စွာ တဟီးဟီးမြည်တမ်းလေ၏။
ပန်းဟွာသည် အဆောက်အဦးကို မျှော်ကြည့်ရာ ပြတင်းပေါက်ကို ကမန်းကတန်း ပိတ်နေသော မိန်းကလေး၏ ဘေးတိုက်မျက်နှာကိုသာ တွေ့လိုက်ရသည်။ထိုမိန်းကလေး၏ မျက်နှာပုံစံမှာ အနည်းငယ် ရင်းနှီးနေပုံရသည်။
ရုံရှားသည် သူ့မြင်းကို စိတ်ငြိမ်အောင်ထားရင်း အလုပ်များနေပြီး အတန်ကြာမှသာ... "ကျေးဇူးအများကြီးတင်ပါတယ် ကျွင်းကျူး"
“ရပါတယ်”
ပန်းဟွာ သူ၏ ချောမောသော မျက်နှာကို နှမြောတသစွာ စိုက်ကြည့်နေသည်။ ဒီမျက်နှာသာ ပျက်ဆီးသွားရင် မြို့တော်မှာရှိတဲ့ အမျိုးသမီး ဘယ်နှစ်ယောက်လောက်များ အသည်းကွဲကြမှာလဲ...
ချမ်အမ်မြို့စားမင်း၏ အစောင့်များသည် အပေါ်ထပ်သို့တက်ကာ စုံစမ်းစစ်ဆေးဖို့ ဆန္ဒရှိသော်လည်း ရုံရှားက သူတို့အား တားဆီးလိုက်သည်။
"မလိုပါဘူး၊မတော်တဆ ခိုက်မိတာနေမှာပါ၊ကျွင်းကျူး ဒီမှာရှိနေတာ တော်သေးတာပေါ့၊ ဒါကြောင့် ကိုယ် ဘာမှမဖြစ်တာ"
"အသေးအမွှားလေးပါ ပြောမနေပါနဲ့၊မြို့စားမင်းရုံက ယဉ်ကျေးလွန်းနေပါပြီ" ပန်းဟွာက လက်ကာပြပြီး ပြောသည်။
ရုံရှား ပြုံးလိုက်ပြီး ကျန်ခရီးတစ်လျှောက်လုံး ပန်းဟွာအား "ကျေးဇူးတင်ပါတယ်" ဟု တစ်ခွန်းမှ မပြောခဲ့ပေ။ ယင်းအစား လူတိုင်းနားလည်လွယ်သော ရိုးရာပုံပြင်အချို့ကိုသာ သူပြောပြခဲ့သည်။ ပန်းဟွာက သူ ပြောပြသည့်ပုံပြင်များကို ဂရုတစိုက် နားထောင်ပြီး အတော်လေးစိတ်ဝင်စားလျက်ရှိ၏။
"ကျွင်းကျူး ကိုယ့်အိမ်ကို ရောက်ပြီ"
ရုံရှား၏အိမ်တွင် အခြားအမျိုးသမီးများမရှိသောကြောင့် ပန်းဟွာအား အိမ်ထဲသို့ဖိတ်ရန်မှာ မသင့်လျော်ချေ။
"ကျွင်းကျူးနဲ့ ရှစ်ကျစ်တို့ နောက်ဆို ဒီအိမ်တော်မှာ လာလည်ကြပါ၊ကိုယ့်အိမ်တော်က အမြဲတမ်း ခြောက်ကပ်ပြီး တိတ်ဆိတ်နေတာ၊ ရှစ်ကျစ် နဲ့ ကျွင်းကျူး လာဖို့ အချိန်ရရင် ကိုယ်က အမြဲကြိုဆိုမှာပါ"
"နောက်ကျရင် လာခဲ့ပါ့မယ်၊နှစ်ရက်နေရင် ကျွန်မအဖွားရဲ့ မွေးနေ့ရောက်ပြီ၊ မဟာတော်ဝင်ဆောင်ကို လာခဲ့ဖို့ ရှင့်ကို ဖိတ်ပါတယ်"
"ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါဆိုလည်း ကိုယ် နှစ်ရက်အတွင်း လာဖြစ်အောင်လာပါ့မယ်"
ရုံရှားက မြင်းပေါ်မှ ဆင်းပြီး ပန်းဟွာကို ဦးညွှတ်ကာ
"ပွဲပြီးရင် ကိုယ့်ကို အိမ်ပြန်ပို့ဖို့ ကျွင်းကျူးကိုပဲ ခိုင်းရမှာနော်"
ပန်းဟွာက ခဏလောက်စဉ်းစားပြီး ရုံရှားကို မြင်းပေါ်မှနေ၍ ငုံ့ကြည့်လိုက်သည်။
"ကျွန်မ သိချင်နေတာ တစ်ခုရှိတယ်၊ အဲဒီ ပုံပြင်ထဲက ပညာရှိက ဘာဖြစ်သွားတာလဲ"
"နောက်တော့ ပညာရှိက သစ္စာဖောက်မှန်း မင်းသမီး သိသွားတယ်၊ မင်းသမီးကလည်း ဒေါသတကြီး ဖြစ်နေတာပေါ့၊ သူ့ကို ကွာရှင်းရုံတင်မကဘူး၊ ဧကရာဇ်ကလည်း သူ့ရဲ့ ရာထူကို ဖြုတ်ပြီး ဘယ်တော့မှ ထပ်မတွေ့တော့ဘူး"
"ဟာ ကောင်းလိုက်တဲ့ အဆုံးသတ်ပဲ၊ကျွန်မ ကြိုက်တယ်" ပန်းဟွာက လက်ခုပ်တီးပြီးပြောသည်။
ရုံရှားသည်လည်း သူမ၏ တောက်ပသော အပြုံးကို ကြည့်ပြီး ပြုံးမိသွားသည်။
"မင်း ကြိုက်ရင်ပြီးတာပါပဲ"
"ဒါဆို ကျွန်မ သွားတော့မယ်"
ပန်းဟွာက သူမ လိုချင်သည့် အဆုံးသတ်ကိုကြားပြီးဖြစ်၍ ရုံရှားကို ပျော်ရွှင်မြူးစွာ နှုတ်ဆက်လိုက်သည်။ပြီးလျှင် မြင်းကို တစ်ချက်ပုတ်လိုက်သည်နှင့် မြင်းက ပြေးထွက်သွားသည်။
ရုံရှားသည် နေရာတွင် ရပ်ကာ ပန်းဟွာနှင့်အတူ ပါလာသည့် အစောင့်များ ထွက်သွားရာဘက်ကို လှမ်းကြည့်လိုက်သည်။ သူတို့ကို မတွေ့ရတော့သည်အထိ ကြည့်ပြီးမှ အိမ်ရှေ့တံခါးဘက်ကို ပြန်လှည့်လိုက်၏။
ခြံဝင်းအတွင်းသို့ သူဝင်သွားပြီးနောက်တွင် သူက ပြုံးကာ ရပ်လိုက်ပြီး တုကျိုးအား
"အဲ့ဒီအိမ်နဲ့ ချန်ချင်ဝမ် မင်းသားကို ချက်ချင်းစုံစမ်းပါ ... အာ နေဦး၊ လောလောဆယ် မစုံစမ်းသေးပါနဲ့"
"ဟုတ်..." တုကျိုးက ဦးညွှတ်ပြီး လှည့်ထွက်သွားသည်။
ရုံရှားသည် စာကြည့်ခန်းထဲတွင် တစ်ယောက်တည်း နေနေရင်း မရယ်ဘဲမနေနိုင်ပေ။ဤသည်က မိန်းကလေးတစ်ယောက်က သူ့ကို အိမ်ပြန်ပို့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။
တစ်ကယ်ကို …… စိတ်ဝင်စားဖို့ကောင်းတာတော့ အမှန်ပဲ.
"အစ်မ တကယ် မြို့စားမင်းရုံကို အိမ်ပြန်ပို့ခဲ့တာလား"
ပန်းဟမ် အိမ်ပြန်ရောက်လျှင် ပန်းဟွာက မြို့စားမင်းရုံကို အိမ်ပြန်ပို့ပေးသည့်အကြောင်း သိရသော်၊ သူ အံ့အားသင့်သွားကာ
"အစ်မက သဘောကောင်းတာလား ဒါမှမဟုတ် သူ့ကို အထင်သေးတာလား"
ပန်းဟွာက စိတ်ရှုပ်သွားဟန်ဖြင့် ပြန်မေးသည်။
"ဘာကိုဆိုလိုတာလဲ၊ငါ သူ့ကို ဒီအတိုင်း အိမ်ပြန်လိုက်ပို့တာ ဘာဖြစ်လို့လဲ"
"သူ့အရပ်က ခုနစ်ပေ ရှည်တာနော်... မိန်းကလေးတစ်ယောက်က သူ့ကို ရုပ်ရည်ချောမောတယ်လို့ ချီးကျူးပြီး အိမ်ပြန်လိုက်ပို့တယ်လေ၊ သူက စိတ်ထားကောင်းလို့သာ အစ်မကို ဘာမှ မပြောရှာတာ၊အစ်မ ယောက်ျားတွေကို နားမလည်ပါဘူး...ယောက်ျားတွေက သိက္ခာကို သိပ်ဂရုစိုက်တယ်"
"ငါ့လို အရမ်းလှတဲ့မိန်းကလေးက သူ့ကို အိမ်ပြန်ပို့တာလေ၊ သူက ဘယ်လိုလုပ် သိက္ခကာကျမလဲ"
"အစ်မ ဘယ်လောက်ပဲ လှနေပါစေ အစ်မက မိန်းကလေးပဲ" ပန်းဟမ်က သူ့လက်ညှိုးကို ဝှေ့ယမ်းပြီး ပြောသည်။
ယောက်ျားလေး တစ်ယောက်အတွက်၊ မိန်းကလေးတစ်ယောက်ဆီက ကာကွယ်ပေးတာကို ဘယ်သူက လက်ခံမှာလဲ...
"နင့်ရဲ့ပြဿနာတွေကို ငါ ကူညီဖြေရှင်းပေးတယ်လေ၊ဘာလို့ အခုကျ ငါ့ကို စောစောစီးစီးက မပြောသလဲ...နင်တို့ ယောက်ျားတွေက ဘာလို့ ဒီလောက် ဇီဇာကြောင်တာလဲ၊ နင်ဆိုရင်တော့ အဲ့ဒီလို တွေးမယ်မထင်ပါဘူး"
ပန်းဟမ်: "ကျွန်တော်က အစ်မရဲ့ မိသားစုလေ၊ မြို့စားမင်းရုံက အပြင်လူလေ... ဘယ်တူမလဲ"
xxxxxxxx