အပိုင်း၃၁
Viewers 3k

Chapter 31


ကျင်းမြို့တော်၏ ဆောင်းဦးနှောင်းပိုင်းညက အလွန်အေးသည်။ယွင်နျန်းသည် အေးစက်သော သစ်သားထိုင်ခုံပေါ်တွင် ထိုင်နေပြီး သူမ၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေသည်။


 "မိန်းကလေး ကျေးဇူးပြုပြီး မကြောက်ပါနဲ့" တုကျိုးက ယွင်နျန်း ရှေ့သို့ လက်ဖက်ရည်ပူပူတစ်ခွက်ကို ထားပေးလိုက်ပြီး "ကျွန်တော်က မင်းကို သေသေချာချာ မေးဖို့လာခဲ့တာပါ၊ ဒီနေ့ ဘာလို့ ပြတင်းပေါက်ကနေ လမ်းပေါ်ကို သစ်သားချောင်းကြီး ပစ်ချလိုက်တာပါလဲ၊ လူတစ်ယောက်ကို မတော်တဆ ထိခိုက်မိရင် ဘယ်လိုလုပ်မလဲ"


 "တောင်းပန်ပါတယ်၊ ကျွန်မ မရည်ရွယ်ပါဘူး"


 ယွင်နျန်း ရေနွေးပူပူကို မသောက်ဝံ့သေးပေ။ယခုဆို  သူမ၏ ပုခုံးများပင်တုန်နေပြီး အသံကလည်း တုန်ခါနေ၏။ 


 "ကျွန်မ ကျင်းမြို့တော်ကို ရောက်တာ မကြာသေးပါဘူး၊ ဒီဟာကလည်း မနေ့က ကျွန်မငှားထားတဲ့ အခန်းပါ၊ကျွန်မကို ခွင့်လွှတ်ပါ "


 "မရည်ရွယ်ဘူးဆိုတော့လည်း တော်သေးတာပေါ့"


တုကျိုး အခန်းကို တစ်ချက်ကြည့်လိုက်သည်။အခန်းသည် ရှုပ်ထွေးနေပြီး ထောင့်တွင် သေတ္တာတစ်လုံး ရှိကာ မှန်တင်ခုံပေါ်တွင်လည်း အလှကုန် အနည်းငယ် ရှိနေသော်ငြား သပ်သပ်ရပ်ရပ် မစီထားပေ။  


"မိန်းကလေးက ကျင့်ဝတ်သိက္ခာရှိတဲ့သူမျိုးပါ၊ဒါပေမယ့် ဒီနေ့  မင်းကြောင့် လူတစ်ယောက် ထိခိုက်လုမတတ် ဖြစ်သွားတာတောင် ဆင်းပြီးမတောင်းပန်ဘဲ ပြတင်းပေါက်ကိုအတင်းပိတ်ပြီး အရမ်း ကြောက်လန့်နေရတာလဲ"


 "ကျွန်မ……ဒါက တာဝန်မယူချင်လို့ မဟုတ်ပါဘူး၊ ပန်းရှန့်ကျွင်းကို မကြည့်ဝံ့လို့ပါ"


တုကျိုး သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို လှည့်လိုက်ပြီးပြော၏။


 "ဒီနေ့ မြို့စားမင်းနဲ့ အတူတွေ့ရတဲ့ ပန်းဟွာကျွင်းကျူး အကြောင်း ပြောနေတာလား"


 "ဒါဆို သူမက ကျွင်းကျူးရာထူး ရထားတာလား"  


ယွင်နျန်း ရုတ်တရက် သဘောပေါက်သွားပြီး ပြုံးကာ 


"ဟုတ်ပါတယ်၊ သူမက အရမ်းချစ်စရာကောင်းတဲ့ မိန်းကလေးပါ၊ ကျွင်းကျူး ဘွဲ့က သူမအတွက် ထိုက်တန်ပါတယ်"


ယွင်နျန်း ဟု ခေါ်သည့် ဤမိန်းကလေးသည် ပြည့်တန်ဆာတစ်ယောက်ဟု တုကျိုး သံသယရှိသည်။သူမသည် ကောင်းမွန်သော မိသားစုမှ ဖြစ်ပုံမပေါ်ပေ။ ဒီလိုမိန်းမမျိုးက ပန်းဟွာကျွင်းကျူး ကို ဘယ်လိုဖြစ်ပြီး သိတာလဲ။ သူ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး


 "ဒါဆို မိန်းကလေးက ပန်းဟွာကျွင်းကျူးရဲ့ အသိအကျွမ်းဟောင်းတစ်ယောက်လား၊ဒါဆို ကျွန်တော်က မင်းကို စော်ကားမော်ကားပြောမိတဲ့အတွက် တောင်းပန်ပါတယ်" 


ယွင်နျန်းက  နာနာကျင်ကျင် ပြုံးလိုက်ပြီး


 "ကျန်မက တစ်ကယ်ကို နိမ့်ကျတဲ့လူပဲ၊ ကျွင်းကျူးရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်နိုင်ပါ့မလား၊အဲဒီတုန်းက သခင်လေးရှဲ့နဲ့ ကျွန်မ ထွက်ပြေးသွားတော့ ကျွင်းကျူးကို မျက်နှာပျက်သွားအောင် လုပ်မိခဲ့တယ်၊ကျွန်မကို သူမက အပြစ်မတင်ပါဘူး၊အဲဒီအစား ကျွန်မကို ငွေတုံးတစ်ရာတောင် ပေးခဲ့တယ်၊ သခင်လေးရှဲ့ကို ကျွန်မ အားကိုးလို့မရပေမယ့် သူမ ပေးခဲ့တဲ့ ပိုက်ဆံကိုတော့ ကျွန်မ အားကိုးရတယ်လို့ ပြောခဲ့သေးတာ"


 ကျွင်းကျူးရဲ့ စကားတွေက တစ်ကယ်ဖြစ်လာမယ်ဆိုတာ သူမ အစက ဘယ်သိမလဲ...သူမနှင့် သခင်လေးရှဲ့သည် ကျင်းမြို့တော်မှ ထွက်ခွာပြီး မကြာမီ အပြင်တွင်ကြုံတွေ့ရသော ခက်ခဲကြမ်းတမ်းသော ဘဝကို သည်းမခံနိုင်တော့ပေ။ တစ်ညတွင် သူသည် သူမအား စာတစ်စောင်နှင့် ချက်လက်မှတ် တစ်ရွက် ထားခဲ့ကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။စာထဲမှာတော့၊ သူ့မိသားစုထံမှ ခွင့်လွှတ်မှု ရရှိပြီးလျှင် သူမဆီ ပြန်လာမည်ဟု ရေးထား၏။ သူ ပြန်မလာတော့မှန်း သူမ သိသော်လည်း၊ နှစ်နှစ်ကြာအောင် စောင့်နေဆဲပင်။ထို့ကြောင့် ယခုမှသာ မြို့တော်ကို ပြန်လာပြီး သူ့စိတ်ထဲမှာ သူမအား ဘယ်လိုသဘောထားသလဲဆိုသည်ကို မေးဖို့ကြံရွယ်ထား၏။ 


အစက သူမကို မျှော်လင့်ချက် ပေးပြီး ဘာလို့ အကြင်နာမဲ့စွာ စွန့်ပစ်ခဲ့တာလဲ... သူမတို့လို အမျိုးသမီးတွေက ဟောင်းနွမ်းနေတဲ့ ဖိနပ်လို စွန့်ပစ်သင့်သလား။


"ဒါဆို မင်းက သခင်လေးရှဲ့နဲ့ ထွက်ပြေးတဲ့ ပြည့်တန်ဆာမိန်းကလေးလား" 


တုကျိုးသည် ရှေ့က အမျိုးသမီးကို ကြည့်လိုက်သည်။သူမ၏ခန္ဓာကိုယ်သည် မိုးမခပင်အကိုင်းအခက်ကဲ့သို့ နွဲ့နှောင့်သွယ်လျပြီး၊ မျက်နှာကလည်း ခေါင်ရမ်းပန်းလို လှပသည်။သူမက အတော်လှပသူဖြစ်သော်လည်း ပန်းဟွာကျွင်းကျူးနှင့် နှိုင်းယှဥ်ကြည့်လျှင် ပိုးစုန်းကြူးလေးအား လရောင်နှင့် နှိုင်းယှဥ်ထားသလိုပင်။ထို့ကြောင့် သူမ သခင်လေးရှဲ့၏ မိန်ကလေးအကြိုက်ကို နားမလည်သလို၊ ပညာတတ် ယောက်ျားများ၏ အကြိုက်ကိုပါ နားမလည်နိုင်တော့။


 "ပြည့်တန်ဆာ မိန်ကလေး" ဟူသော စကားကိုကြားလျှင် ယွင်နျန်း၏ မျက်နှာသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သော်လည်း သူမ ခေါင်းညိတ်နေမိသည်။


 "နားလည်မှုလွဲတာကို ရှင်းတယ်ဆိုတာ ကောင်းပါတယ်၊ နောက်ကျနေပြီ၊ ကျွန်မတို့ အနားယူလိုက်ဦးမယ်"  


ထို့နောက် တုကျိုးနှင့် အစောင့်အများအပြား အခန်းအပြင်သို့ ထွက်လာခဲ့သည်။ယွင်နျန်း တံခါးကိုပိတ်ရန် ထလိုက်သောအခါ၊ သူမ၏ခြေထောက်များ အလွန်အားနည်းသည်ကို တွေ့လိုက်ရသည်။စောစောက လူသည် သူမအပေါ် အလွန်ယဉ်ကျေးသော်လည်း မြွေတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသလိုမျိုး တစ်မျိုးကြီးဖြစ်ခဲ့ရ၏။


 ညက အေးလွန်းတာကြောင့်မို့ ဖြစ်နိုင်ပါတယ်လေ...


 "မင်းဆိုလိုတာက ရှဲ့ချီလင်းက ပြည့်တန်ဆာ မိန်းကလေးနဲ့ လိုက်သွားတဲ့နေ့မှာပဲ ပန်းဟွာက သူတို့ကို တွေ့တယ် ဟုတ်လား"


ရုံရှားက သူ့လက်ထဲမှ ကျောက်စိမ်းစစ်တုရင်တုံးနှင့် ကစားရင်း ပြောသည်။


"ဒီလိုအတိတ်မျိုး ရှိခဲ့တာကိုး"


တုကျိုးက ခေါင်းခါလိုက်ပြီး ပြော၏။


 " ယွင်နျန်းရဲ့ ရုပ်ရည်သွင်ပြင်က ပန်းဟွာကျွင်းကျူးရဲ့ တစ်ဝက်လောက်မလှဘူးလို့ ကျွန်တော် မြင်ပါတယ်၊ သခင်လေးရှဲ့က ဘယ်လိုတွေးနေမှန်းကို မသိပါဘူး၊ သူက တစ်ကယ့်အလှနတ်ဘုရားမကို လက်မထပ်ဘဲ ပြည့်တန်ဆာနဲ့ ခိုး ပြေးသွားတာပါ၊နှစ်ဖက်မိသားစုနှစ်ခုစလုံးကို အဆင်မပြေစေရုံတင် မဟုတ်ပါဘူး၊သူမကို လမ်းတစ်ဝက်မှာ စွန့်ပစ်ခဲ့တာပါ...ဒါက ယောက်ျားတစ်ယောက်ရဲ့ လုပ်ရပ်နဲ့ကို မတူပါဘူး"  


 "ပန်းဟွာက ဒီလိုယောက်ျားမျိုးကို လက်မထပ်တာ ကောင်းပါတယ်" 


 ရုံရှားက စစ်တုရင်ကို ခြင်းတောင်းထဲသို့ ပစ်ချလိုက်ပြီး ဘာမှမထူးခြားသလို ပြောသည်။


 "ငါ မကစားတော့ဘူး" 


မြို့စားမင်း စိတ်ဆိုးနေပုံရသည်ကို တုကျိုး မြင်လိုက်ရသောကြောင့် စစ်တုရင်အပိုင်းအစများကို သစ်သားပြားပေါ်မှ အမြန်ဖယ်ရှားလိုက်သည်။


ဆယ်လမြောက်၏ ဒုတိယမြောက်နေ့သည် အမြင့်မြတ်ဆုံးသော မင်းသမီးလေး တော်ဝင်မင်းသမီးသဲနင်၏ မွေးနေ့ဖြစ်သည်။ကောင်းကင်ကြီး တောက်ပလာသည်နှင့်အမျှ မဟာတော်ဝင်ဆောင်သည် တံခါးများကို ဖွင့်ကာ ဂုဏ်ပြုကြမည့်ဧည့်သည်များ ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေသည်။ဧည့်ဝင်လမ်းများကိုလည်း ရေများပက်ဖျန်းထားခဲ့သည်။


တော်ဝင်မင်းသမီး၏ သားမြေးများဖြစ် သည့် ပန်းမိသားစုဝင်လေးဦးသည် ပထမဆုံးရောက်ရှိလာသည်။  တော်ဝင်မင်းသမီးသည် လှပစွာ ၀တ်စားဆင်ယင်ထားသော မြေးမလေးကို မြင်သောအခါ ဝမ်းသာအားရဖြစ်သွား၏။သူမက ပန်းဟွာကို လက်ဆွဲပြီး ဘေးနားမှာ ထိုင်ခိုင်းသည်။


 "ဟွာဟွာ၊ အလုပ်မရှုပ်ခံပါနဲ့ အစေခံတွေလုပ်လိမ့်မယ်၊ သမီး ဒီမှာထိုင်"


 "အင်း"  


ပန်းဟွာက နာခံမှုရှိစွာပြောပြီး အကြီးဆုံးမင်းသမီးအနားတွင် ထိုင်ကာ အဆာပြေလက်ဖက်ရည်သောက်သည်။ ဧည့်သည်များလာသောအခါ၊ သူမသည် အပြုံးမပျက်ဘဲ ဧည့်သည်များက ပုံစံအမျိုးမျိုးဖြင့် ချီးမွမ်းပြောဆိုသည်ကို နားထောင်သည်။သူတို့သည် သူမကို ပြုံးပြုံးရွှင်ရွှင် ချီးမွမ်းကြသော်လည်း နောက်ကွယ်တွင် သူမနှင့်ပတ်သက်သော မကောင်းသတင်းများအား စိတ်လိုလက်ရ ပြောနေမည်ကို သူမ စိတ်ထဲမှာ သိနေသည်။သို့သော် သူမ နောက်ကွယ်တွင်သာ သတ္တိရှိရှိ ပြောနိုင်သည်။သူမ ရှေ့ကို ရောက်လာပါက အခြားသူများထက် ပိုကဲစွာ ချီးကျူးကြပေမည်။


 “မင်းသမီးရဲ့လက်ကောက်က အရမ်းလှတာပဲ” အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ဇနီးဖြစ်သူက အပြုံးဖြင့် ပြောသည်။  


"ဒါပေမယ့် ဒီအရောင်ကို သာမန်လူတွေသာ ဝတ်ရင် လိုက်မှာမဟုတ်ဘူး၊ မင်းသမီးနဲ့ပဲ လိုက်တာပါ"


ပန်းဟွာသည် လာနေသော ဧည့်သည်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ထိုသူများသည် သူတို့လက်ကို ဖုံးကွယ်ရန်ကြိုးစားနေကြခြင်းပင်။ထိုစဉ်

တော်ဝင်မင်းသမီးက ပြုံးပြီး


 "သူမကို မချီးကျူးစမ်းနဲ့၊ငါ့ရဲ့ အသုံးမကျတဲ့ သားဖြစ်သူက သူမက်ို အလိုလိုက်ထားတာလေ၊မိန်းကလေးတွေကို မွေးရင် ရွှေနဲ့ကျောက်စိမ်းလို အဖိုးတန်ဘဝမျိုးနဲ့ နေရမယ်လို့ သူက ပြောထားတာ၊သူ့သမီးကို အရမ်းဂရုစိုက်တာလေ" 


 လက်မထပ်ရသေးသော မိန်းမပျိုအချို့သည် စိတ်ထဲတွင် လှောင်ပြောင်နေကြသည်။ ပန်းဟွာက ဘယ်က ရွှေနဲ့ကျောက်စိမ်းလို အဖိုးတန်ရမှာလဲ၊ ကျွင်းကျူးဆိုတဲ့ ဘွဲ့ကြောင့် လူတွေက သူမကို ဖားယား မြှောက်ပင့်နေကြတာမလား…သို့သော် သူတို့စိတ်ထဲမှာလည်း သူမကို အနည်းငယ် မနာလိုဖြစ်ခဲ့ကြသည်။ သူမတို့ မိဘတွေကသာ သူမတို့ကို ပန်းဟွာလိုမျိုး ပြုစုပျိုးထောင်ပေးရင် ဘယ်လောက် အဆင်ပြေလိမ့်မလဲ...


 "ချမ်အမ်မြို့စားမင်း ရောက်လာပါပြီ!"


အားလုံးလှမ်းကြည့်လိုက်ရာ အပြာရောင် ဘရိုကိတ် ၀တ်စုံနှင့် ကျောက်စိမ်းသရဖူဖြင့် ဆံထုံးထုံးထားသည့် အမျိုးသားတစ်ဦးကို လှမ်းမြင်လိုက်ရသည်။ သူ၏ အသွင်အပြင်သည် အမျိုးသမီး အများအပြား၏ အာရုံကို စွဲဆောင်သွားခဲ့သည်။


 "ကျွန်တော်မျိုး ရုံရှားက တော်ဝင်မင်းသမီးကို နှုတ်ဆက်ပါတယ်၊မင်းသမီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ အသက်ရှည်ပါစေလို့ ဆုတောင်းပါတယ်" 


ရုံရှားသည် တော်ဝင်မင်းသမီးရှေ့သို့ လျှောက်သွားပြီး လေးလေးနက်နက် ဦးညွှတ်ကာ အသက်ရှည်ရှည် နေထိုင်ရပါစေဟု ဆုတောင်းပေးလိုက်၏။


"မြန်မြန်ထိုင်ပါကွယ်" တော်ဝင်မင်းသမီးက ပြုံးပြီး ချမ်အမ်မြို့စားမင်းကို ထိုင်ဖို့ ဖိတ်ခေါ်သည်။


"မြို့စားမင်း ဒီအတောအတွင်း နေကောင်းရဲ့လား”


"မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်မျိုး နေကောင်းပါတယ်" ချန်အန်ဘိုက အနည်းငယ် ဦးညွှတ်ပြီး ပြန်ဖြေသည်။  


"မင်းသမီးရော နေကောင်းပါရဲ့လား"


 "ကောင်းတယ်၊ ကောင်းတယ်"  


တော်ဝင်မင်းသမီးသည် ရုံရှား ဝတ်ထားသော အဝတ်အစားမှာ သပ်ရပ်ပြီး စိတ်ကြည်နူးစရာကောင်းသည်ဟု ခံစားမိ၏။ သည်ကောင်လေးမှာ အသက်ကလည်း ငယ်ရွယ်ပြီး အတွေးအခေါ်ကြီးမားသော်လည်း သူ့ဘဝက ခက်ခဲလှသည်။


 သူမ ရုံမိသားစု၏ အတိတ်အကြောင်းကို အနည်းငယ်သိထားသည်။သို့သော် တော်ဝင်မိသားစုဝင်တစ်ဦးအနေဖြင့် သူမသည် မျက်မမြင် နားမကြားသူလို နေထိုင်ရသဖြင့် ချမ်အမ်မြို့စားမင်းနှင့် အဆက်အသွယ် သိပ်မရှိပေ။ယခု သူမ၏ မွေးနေ့ပွဲသို့ ရုံရှားက မလာစဖူး ရောက်လာ၍ သူမ နည်းနည်း အံ့သြသွားမိ၏။


ပန်းဟွာသည် တော်ဝင်မင်းသမီး ဘေးတွင်ထိုင်ကာ ရုံရှားကို လက်ပြလိုက်သည်။ ရုံရှားကလည်း သူမ လက်ပြလိုက်သည်ကို သတိပြုမိပြီး ပြန်ပြုံးလိုက်သည်။


 တော်ဝင်မင်းသမီးသည် လူငယ်နှစ်ယောက်၏ လှုပ်ရှားမှုကို သတိပြုမိသော်လည်း မမြင်ဟန်ဆောင်လိုက်သည်။ ထို့နောက် အထိန်းတော်က ရုံရှားကို အမျိုးသားဧည့်သည်များ ထိုင်ရာဘက်ဆီခေါ်သွား၍ မိန်းမပျိုတော်တော်များများ မကျေမနပ်ဖြစ်နေကြသည်ကို တော်ဝင်မင်းသမီး တွေ့လိုက်ရသည်။ သူမ စိတ်ထဲက သက်ပြင်းချမိသည်။  လှပလွန်းတဲ့ မိန်းမတစ်ယောက်ဟာ သူ့အလှကြောင့် ဘေးအန္တရာယ် ကြုံရရတတ်တယ်လို့ အများက ဆိုကြပေမယ့် ရုပ်ရည်ချောမောလွန်းတဲ့ ယောက်ျားတစ်ယောက်ဟာလည်း ဘေးဥပဒ် ဖြစ်တယ်ဆိုတာ သူတို့မသိကြဘူးလား...


 "အိမ်ရှေ့စံ ကြွချီလာပါပြီ"


ထိုအသံကိုကြားသော် တော်ဝင်မင်းသမီး ထိုင်ခုံကနေ ထရပ်လိုက်သည်။ တခြားဧည့်သည်များက ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။လွန်ခဲ့သည့်ရက်အနည်းငယ်က ဒုတိယမင်းသားသည် ပန်းဟွာ၏လက်မောင်းကို ဒဏ်ရာရစေခဲ့သောကြောင့်၊ စာအုပ်များကို ကူးယူရန် ဧကရာဇ်အမိန့်ပေးခဲ့သည်။ထို့အပြင် နေအိမ်အကျယ်ချုပ် လည်း ချထား၏။ယခုလည်း အိမ်ရှေ့စံက တော်ဝင်မင်းသမီး၏ မွေးနေ့ပွဲကို ကိုယ်တိုင်လာရောက်ဂုဏ်ပြုပေးသည်။ထို့ကြောင့် တော်ဝင်မင်းသမီးသည် ဧကရာဇ်အတွက် အလွန်အရေးကြီးသည်ကို တွေ့မြင်နိုင်သည်။သို့မဟုတ်ပါက၊ဤမျှအထိ ဂရုစိုက်နေစရာမလိုချေ။ 


 "မင်္ဂလာပါ ဖွားလေး"  


အိမ်ရှေ့စံသည် တော်ဝင်မင်းသမီးရှေ့သို့ လျှောက်လာကာ ဒူးထောက်၍ နှုတ်ခွန်းဆက်လိုက်၏။


 "ဖွားလေး ထာဝရ အသက်ရှည်ပြီး ကျန်းမာပါစေလို့ ကျွန်တော် ဆုမွန်ကောင်း တောင်းအပ်ပါတယ်"


“အိမ်ရှေ့စံ၊ ထပါကွယ်” 


တော်ဝင်မင်းသမီးသည် ရှေ့သို့ခြေနှစ်လှမ်းတိုးကာ အိမ်ရှေ့စံကို ကြမ်းပြင်ပေါ် ထိုင်နေရာမှ ထဖို့ ကူညီရန်လက်လှမ်းလိုက်သည်။


 “ဖွားလေးတို့က မိသားစုတွေပဲ၊ ယဉ်ကျေးနေစရာ မလိုပါဘူး”


 "ဝမ်းကွဲညီမ..." 


ကျန်းကျန်းက ပန်းဟွာကို ဦးညွှတ်လိုက်သည်။ ပန်းဟွာကလည်း ပြန်လည် နှုတ်ခွန်းဆက်သ၏။


 "ကျွန်တော် နန်းတော်က မထွက်ခွာခင်မှာ  ခမည်းတော်က ဖွားလေးကို ဒူးထောက်ဝတ်ပြုဖို့ အကြိမ်ကြိမ် ပြောခဲ့လို့ပါ" 


အိမ်ရှေ့စံက လက်ကို မြှောက်ပြီး နန်းတော်မှ လက်ဆောင်များအား နောက်လိုက် အစောင့်များကို ယူလာခိုင်းစေသည်။


" ဒါက ခမည်းတော်နဲ့ မယ်တော်တို့ရဲ့ လက်ဆောင်တွေပါ၊ဖွားလေး ကျေးဇူးပြုပြီးလက်ခံပါ"


 "ဧကရာဇ်ရဲ့ စေတနာကို တစ်ကယ် အသိအမှတ်ပြုပါတယ်ကွယ်"


 တော်ဝင်မင်းသမီး၏ မျက်လုံးများ နီရဲနေကာ သူမ၏မျက်နှာက ခံစားချက်တစ်မျိုးဖြစ်ထွန်းသွားသည်။ သူမသည် အိမ်ရှေ့စံ၏လက်ကို ကိုင်ထားပြီး ဧကရာဇ် နေကောင်းကျန်းမာရဲ့လား၊ စားကောင်းအိပ်ပျော်ရဲ့လား ဆိုသည်ကို တတွတ်တွတ် မေးမြန်းလေတော့သည်။ တခြားလူများကသာ ဤကဲ့သို့ မေးလျှင် ဧကရာဇ်ကို သူလျှိုလုပ်နေသည်ဟု သံသယရှိကြမည်ဖြစ်သည်။သို့သော် တော်ဝင်မင်းသမီး၏ လုပ်ရပ်များကြောင့်၊သူမသည် ဧကရာဇ်နှင့် စိတ်ထားခြင်း တစ်သားတည်း ရှိနေကြောင်း ပြသနေသည်။ ဧကရာဇ်သည် သူမအား အလွန် ချစ်ခင်သည်ဖြစ်၍ အခြားမည်သည့် အကြံအစည်မှ ရှိမည်မဟုတ်မှန်း သူကလည်း လက်ခံထား၏။


 အိမ်ရှေ့စံကလည်း ဧကရာဇ်နေကောင်းကြောင်း၊စားဝင်အိပ်ပျော်သည်ဟု ပြန်ဖြေသည်။သူ၏ အရီးတော် တော်ဝင်မင်းသမီးကိုလည်း ဧကရာဇ်က ထပ်တူထပ်မျှ သတိရနေသည်ဟု ပြော၏။ အားလုံးရှေ့တွင် တော်ဝင်မိသားစု၏ ချစ်ခင်မှုကို ပြသ သလိုဖြစ်နေ၍ အားလုံးက ချီးမြှောက်ထောပနာပြုကြပြီးနောက်  အိမ်ရှေ့စံလည်း နေရာမှ အတည်တကျထိုင်လေသည်။


အိမ်ရှေ့စံ ကြွလာသည်ကို မြင်သောအခါ အမျိုးသားဧည့်သည်တို့သည် ဦးညွှတ်ဂါဝရပြုကြ၏။ အိမ်ရှေ့စံသည် အမြှောက်အပင့်စကားများအား နှစ်သက်သူမဟုတ်ပေ။  အားလုံး၏ နှုတ်ခွန်းဆက်စကားများကို ပယ်ချလိုက်ပြီး စားပွဲဝိုင်းရှည်၏ ထိပ်ဆုံးမှာ ထိုင်လိုက်သည်။


ပန်းဟွိုက်သည် မြင်းစီးခြင်း၊ လေးပစ်ခြင်း သို့မဟုတ် စာပေအရာတွင် မကျွမ်းကျင်သော်လည်း လူတစ်ယောက်ကို ပျော်ရွှင်လာအောင် စနောက်တတ်သူပင်။ ခဏအကြာတွင် အိမ်ရှေ့မင်းသားမှာ ပန်းဟွိုက်ကြောင့် မရပ်မနားပြုံးနေရတော့၏။  


ဤသည်ကို မြင်သူတိုင်း သက်ပြင်းမချဘဲ မနေနိုင်ကြပေ။ ပန်းမိသားစုအပေါ် အိမ်ရှေ့စံ၏ အနီးကပ်သဘောထားကို တွေ့မြင်ရလိုက်၍၊ အိမ်ရှေ့စံ နန်းတက်ပြီး နောက်ထပ်ဆယ်စုနှစ်အနည်းငယ်ကြာအောင် ပန်းမိသားစုသည် ဘုန်းတန်ခိုး ရှိနေဦးမည်ဖြစ်သည်။သို့ဖြစ်၍ ပန်းမိသားစုအား အတိုက်အခံမလုပ်သင့်ပေ။ 


ရုံရှားသည် အိမ်ရှေ့စံအပေါ်  ချီးကျူးနေသံများအား နားထောင်ရင်း သူ့အကြည့်များက ကန့်လန့်ကာကိုဖြတ်သွားကာ တစ်ဖက်ရှိ အမျိုးသမီးများအပေါ် ကျရောက်သွားသည်။


ယနေ့ ပန်းဟွာသည် ပန်းရဲရောင်ရိုးရာဝတ်စုံကို ၀တ်ဆင်ထားပြီး  သွယ်လျသည့် လည်တိုင်ကျော့ကျော့ကို လှစ်ဟထား၏။ သူမ၏ဆံပင်ကို ပေါင်မုန့်လေးလို ထုံးထားကာ တစ်ကိုယ်လုံးမှာလည်း အလွန်နူးညံ့ပုံပေါက်နေသည်။ ရုံရှား သူမကိုကြည့်ရင်း အကြည့်မခွာနိုင်အောင်ပင်ရှိ၏။


 "ချမ်အမ်မြို့စားမင်း" ရုံရှား စကားမပြောသည်ကို အိမ်ရှေ့စံက သတိထားမိပြီး "ငါကိုယ်တော်မှာ ယပ်တောင်အလွတ်တစ်ခု ရှိတယ်၊ မြို့စားမင်းက ယပ်တောင်ပေါ်မှာ လက်ရေးလှလေး ရေးပေးလို့ ရမလား"


"ကျွန်တော်မျိုး ဂုဏ်ယူစွာ ရေးမိမှာပါ" 


 ရုံရှားက သူ့လက်ဖက်ရည်ခွက်ကိုချပြီး အိမ်ရှေ့စံကို ဦးညွှတ်လိုက်သည်။


 "အိမ်ရှေ့စံ လိုအပ်ရင် ကျွန်တော့်ကို အချိန်မရွေး ခေါ်လို့ရပါတယ်"


အိမ်ရှေ့စံသည် ရုံရှား ၏ အရည်အချင်းကို အမြဲလေးစားခဲ့ပြီး သူနှင့် ကဗျာနှင့်ပတ်သက်သော မေးခွန်းအချို့ကို ဆွေးနွေးခဲ့သည်။ သူတို့ အကြိတ်အနယ်ပြောဆိုနေချိန်မှာပင် မိန်းကလေးများဘက်မှ အော်သံတစ်ခု ထွက်ပေါ်လာပြီး ပန်းကန်ကျကွဲသံများ ကြားရ၏။


အိမ်ရှေ့စံက ကုလားထိုင်ပေါ်ကနေ အလျင်အမြန်ထပြီး အထိန်းတော်တစ်ယောက်ကို လှမ်းခေါ်သည်။


 "ဟိုမှာ ဘာဖြစ်တာလဲ မြန်မြန်သွားကြည့်"


 ခဏကြာလျှင် အထိန်းတော်ပြန်လာပြီး အိမ်ရှေ့စံကိုပြောသည်။


 "တော်ဝင် မင်းသမီး ဘာမှမဖြစ်ပါဘူး အရှင့်သား၊ ဧည့်သည် အမျိုးသမီး တစ်ယောက်က လက်ဖက်ရည်ခွက် ကွဲကျတာပါ"


အိမ်ရှေ့စံက သက်ပြင်းချကာ "ကောင်းပြီ"


အမျိုးသမီးဧည့်သည်များ ထိုင်ရာဘက်တွင် မင်းသမီး ခန်းနင်သည် သူမ၏ဝတ်စုံပေါ် ပေသွားသော လက်ဖက်ရည်များကို ကြောင်စီစီ ကြည့်နေသည်။ထို့နောက် သူမသည် အသက်ပြင်းပြင်းရှူကာ ဒေါသကို ချုပ်တည်းရန် ကြိုးစားနေလေသည်။


 "ဟွာဟွာ၊ မင်းသမီး ခန်းနင် အဝတ်အစားလဲဖို့ နောက်ဘက်ဝင်းထဲကို ခေါ်သွားပါ"  


တော်ဝင်မင်းသမီးက ဘာမှ မထူးခြားသလို ခပ်ဖျော့ဖျော့ပြုံးပြီး မင်းသမီးတစ်ပါး၏ ဘုန်းကျက်သရေကို မပျက်လွင့်စေရန် ထိန်း၍ ပြောလေသည်။



xxxxx