အပိုင်း၃၂
Viewers 3k


Chapter.32


ခန်းနင်သည် ပန်းပင်များဖြင့် လှပစွာ တန်ဆာဆင်ထားသည့် ခြံဝင်းငယ်တစ်ခုသို့ ပန်းဟွာ နောက်က လိုက်သွားခဲ့သည်။ ဤနေရာက မဟာတော်ဝင်ဆောင်တွင် တမူထူးခြားလှ၏။ တော်ဝင်မင်းသမီး တစ်ယောက်တည်းနေတာကို ဘာလို့ဒီလိုနေရာမျိုးရှိရတာလဲ...


 "ဒီနေရာက ငါ တစ်ခါတစ်လေ လာရင် အနားယူတဲ့နေရာပါ၊ဒီမှာ တော်ဝင်မင်းသမီး မဝတ်ရသေးတဲ့အဝတ်တွေရှိတယ်"


ပန်းဟွာ စကားဆုံးလျှင် မဟာတော်ဝင်ဆောင်၏‌ အစေခံက အခန်းတံခါးကိုဖွင့်လိုက်သည်။အခန်းသည် ပရိဘောဂမျိုးစုံဖြင့် အလွန်သန့်ရှင်းလှ၍ ခန်းနင် အံ့ဩသွားသည်။ မင်းသားဟွေ့ အိမ်တော်မှာ သူမ နေထိုင်သည့်အခန်းထက်တောင် ပိုသပ်ရပ်သည်။ဒါက ပန်းဟွာ အနားယူဖို့နေရာတစ်ခုပဲလား ...


 "ပန်းဟွာ" ခန်းနင်က လှည့်ထွက်သွားတော့မည့် ပန်းဟွာကို လှမ်းအော်သည်။  


"ငါ့အဝတ်အစားပေါ်ကို အစေခံရဲ့ လက်ဖက်ရည် မှောက်ကျအောင် နင် တမင်စီစဉ်ထားတာလား"


 "နင့်ဘာသာ ချော်လဲတာမျိုးဆိုရင်လည်း ငါက တမင်တကာ လုပ်တယ်လို့ သံသယရှိဦးမှာလား"  


ခန်းနင်ကျွင်းကျူး၏ အတွေးသည် လုံးဝနယ်ကျော်နေပြီဖြစ်သည်။ 


  "ဒီနေ့က ငါ့အဖွားရဲ့ မွေးနေ့ပွဲ၊အစေခံတစ်ယောက်ကို နင့်အဝတ်ပေါ် လက်ဖက်ရည်မှောက်ချဖို့ ခိုင်းတော့ရော ငါ့အတွက် ဘာအကျိုးရှိမှာလဲ"


 "ဘာလို့လဲဆို​တော့ နင်က လူတိုင်း​ရှေ့မှာ ငါ အရှက်ရတာကို မြင်ချင်လို့ ဖြစ်မှာပေါ့" 


 ခန်းနင်ကျွင်းကျူးသည် ပန်းဟွာ၏ စိတ်နေသဘောသဘာဝကို မြင်ဖူးသူဖြစ်၍ လှောင်ရယ်ကာ ပြောသည်။  


"နင်က အခု ကျွင်းကျူးဖြစ်နေရင်တောင် နင့်ရဲ့ မျိုးရိုးနာမည်က ကျန်းမဟုတ်ဘူးနော်၊တစ်ကယ်တော့ ငါကသာ တော်ဝင်မိသားစုရဲ့ ဆွေမျိုးအစစ်ပါ"


ပန်းဟွာ မျက်စောင်းတစ်ချက်ထိုးမိ၏။  ခန်းနင် ဘာဖြစ်နေတာလဲ၊သူမ အကောင်းမမြင်တတ်တော့ဘူးလား… လောလောဆယ် တော်ဝင်မိသားစုရဲ့ မျိုးရိုးအမည်က ကျန်းတော့ ဟုတ်ပါတယ် ၊နောက်နှစ်အနည်းငယ်အတွင်းမှာ တော်ဝင်မိသားစုရဲ့ မျိုးရိုးအမည်က ဘာဖြစ်သွားမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ...


ပန်းဟွာ သူမနှင့် ငြင်းခုံချင်စိတ်မရှိသောကြောင့် လှည့်ထွက်သွားလိုက်သည်။အမြင်စောင်းနေသူနှင့် စကားပြောဆိုချင်စိတ်မရှိပေ။


 "ပန်းဟွာ"


 "ခန်းနင်ကျွင်းကျူး"  


ထိုစဉ် မဟာတော်ဝင်ဆောင်၏ အစေခံက ပြုံးပြီး ခန်းနင်ကို သတိပေးလိုက်သည်။


 "ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပါ"


ခန်းနင်ကျွင်းကျူးသည် အစေခံ၏ အေးစက်သော အပြုံးကို ကြည့်ပြီး စိတ်ထဲတွင် ဖော်မပြနိုင်သော နာကျင်မှုကို ခံစားလိုက်ရသည်။သူမ၏ ဖခင်ဖြစ်သူသည် တော်ဝင်မင်းသမီးကြောင့် အိမ်ရှေ့စံမဖြစ်ခဲ့ပေ။သို့ဖြစ်၍၊သူ့မှာ ဧကရာဇ်ဖြစ်ရန် အခွင့်အရေးမရှိခဲ့။သို့သော် သူမတို့  မိသားစုတစ်စုလုံးသည် တော်ဝင်မင်းသမီး၏ မွေးနေ့ပွဲကို ကျင်းပဖို့ သေသေချာ‌ချာ ၀တ်စားဆင်ယင်ပြီး လာခဲ့ကြတာပင်။ထို့အပြင်၊ သူမတို့မိသားစုသည် ဤပွဲတစ်လျှောက်လုံး အခြားသူများထက် ပို၍ ရင်းနှီးပျူငှာပြီး အောက်ကျို့ခယနေကြရသည်။ 


 သူမသာ အိမ်ရှေ့စံ မင်းသမီးဖြစ်ခဲ့ရင် ပန်းဟွာ ဆိုတဲ့ ကောင်မစုတ်ကို ဘာဂရုစိုက်စရာလိုမလဲ… 


 "ခန်းနင်ကျွင်းကျူးက ဘယ်လိုအဝတ်အစားမျိုးကို ကြိုက်တာပါလဲ"


ခန်းနင် လှည့်ပြီး အခန်းထဲသို့ လှမ်းကြည့်လိုက်သည်။ အခန်းထဲတွင် ရှည်လျားလှသော နန်းတော်ဝတ်စုံများ ချိတ်ဆွဲထားသည့် ဗီရိုရှည်ကြီးတစ်ခုရှိသည်။ ဝတ်စုံများ၏ အစိတ်အပိုင်းတိုင်းကို အသေးစိတ်လှသော လက်မှုပညာဖြင့် ချယ်လှယ်ထားသည်။ သူမ အံ့အားသင့်သွားပြီး အစေခံကို ကြည့်လိုက်သည်။


"ဒါတွေက ကျွန်မတို့ မင်းသမီး မဝတ်တဲ့ အဝတ်တွေပါပဲ၊ ကျွန်မက အဝတ်တွေကို သေချာ ဂရုစိုက်ရပါတယ်"  


အစေခံသည် ခန်းနင်ကို တစ်ချက်ကြည့်လိုက်ပြီး ခရမ်းရောင်ဝတ်ရုံတစ်ထည်အား ဗီရိုတွင်းမှ ထုတ်ယူလိုက်သည်။  


"ခန်းနင်ကျွင်းကျူးရဲ့အသားအရည်က အရမ်းဖြူစင်ပြီး စိတ်ထားကလည်း ကောင်းမွန်ပါတယ်၊ ဒီတော့ ဒီဝတ်ရုံက ကျွင်းကျူးနဲ့ လိုက်ဖက်ပါလိမ့်မယ်"


အစေခံပြသည့် ဝတ်စုံက အတော်လေး လှသည်။ဝတ်စုံ၏အမြီးအနားစကို  ဒေါင်းရုပ်ကလေးဖြင့် ချယ်လှယ်ထားသည်။ခန်းနင်သည် ဝတ်စုံကြောင့် တပ်မက်စိတ်ဖြစ်သွားသော်လည်း၊ ဖခင်ဖြစ်သူစည်းကမ်းကို သူမ သတိရနေသေး၏။ 


သူမ၏ဖခင် မင်းသားဟွေ့သည် ခြွေတာရောင့်ရဲတတ်သူဖြစ်ပြီး ဗုဒ္ဓဘာသာကို ယုံကြည်ကြောင်း မြို့တော်ရှိလူတိုင်း သိကြသည်။သူ၏ ဇနီးမယားများ၊ မောင်းမမိဿံများနှင့် သားသမီးများမှာ ဘယ်အချိန်မဆို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ၀တ်ဆင်လေ့မရှိပေ။


 "ဟင့်အင်း"  ခန်းနင် အဝေးကို လှမ်းကြည့်ကာ အခြားဝတ်စုံကို ညွှန်ပြလိုက်သည်။ 


 " ရိုးရှင်းတဲ့ဟာကိုပဲ ကြိုက်တယ်"


အစေခံက ခန်းနင်အတွက် အဝတ်အစားတစ်စုံ ရွေးပေးသော်လည်း၊ခန်းနင် ဝတ်ဆင်လိုက်သည့်အချိန်မှာ တစ်ခုခုမှားနေမှန်း သိလိုက်ရသည်။ ဝတ်စုံမှာ ရိုးရိုးရှင်းရှင်းဖြစ်သော်လည်း တိုင်းပြည်တစ်ခွင် ရှားပါး အဖိုးတန်လှသော နှင်းဖဲစဖြင့် ချုပ်ထားသည်။ နှင်းဖဲစကို ရက်လုပ်ရသည်က အလွယ်မကူသည့်အတွက် တစ်တိုင်းပြည်လုံးမှာ အရေအတွက် အနည်းငယ်သာ ရှိပေ၏။ဧကရာဇ်၊ ဧကရီနှင့် မယ်တော်ဧကရီအတွက်သာဖြစ်သည်။ မဟာတော်ဝင်ဆောင်ကပါ ဝတ်စုံတစ်စုံ ချုပ်လုပ်ရန် ဤကဲ့သို့ အဖိုးတန်သော နှင်းဖဲစကို အသုံးပြုလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။


အစေခံ၏ မျက်လုံးများက ရွှန်းလဲ့နေကာ 


 "အမလေး လှလိုက်တာ၊က တစ်ကယ်ကို အရွေးတော်တာပဲ၊ ဒီဝတ်စုံက မင်းသမီးနဲ့ တစ်ကယ်လိုက်ဖက်ပါတယ်"


ခန်းနင်သည် လူတစ်ရပ်လောက် မြင့်သော မှန်ရှေ့တွင် ရပ်နေရင်း သူမ၏ ချောမောလှပသည့် အသွင်အပြင်ကို ကြည့်ပြီး အံ့အားသင့်နေမိလေသည်။


ဒီဝတ်စုံကို ဝတ်လို့ သူမ အဖေက အပြစ် ပြောရင် ဘယ်လိုလုပ်မလဲ… ဟာ....မဟာတော်ဝင်ဆောင် က အစေခံက သူမကို ဝတ်ခိုင်းတာလို့ ပြောရင် ဖြစ်ပါ့မလား၊အခုအခြေ‌အနေက မမျှော်လင့်ထားတာမို့ သူမ အဖေရဲ့ စည်းကမ်းကို မနာခံလဲ ရတယ်မလား…


ခန်းနင် နောက်ဘက်ခြံဝင်းထဲက ထွက်လာသော်၊ အားလုံးက သူမကို တအံ့တသြ ကြည့်နေကြသည်ကို ခံစားလိုက်ရသည်။သူမက လက်ဖက်ရည်သောက်ရန် စားပွဲတွင် ထိုင်လိုက်ရင်း ချမ်အမ်မြို့စားမင်းကများ သူမကို သတိပြုမိသလားဟု တွေးတောမိသည်။


 "မြို့စားမင်းရုံက ပညာရှိပဲ"


 "မှန်တယ်! ဟုတ်တယ်"


ပန်းဟမ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် အလုပ်မရှိအကိုင်မရှိ သခင်လေးများသည် အဆင့်အတန်းမြင့်သူများဖြစ်သည်။ တော်ဝင်မင်းသမီး၏ မွေးနေ့ဖြစ်သဖြင့် သူတို့ကလည်း ချီးကျူးဂုဏ်ပြုဖို့ လာရောက်ကြသည်။ မူလက ရုံရှားလို လူမျိုးသည် စည်းကမ်းနှင့် ကျင့်ဝတ်များအား တသွေမတိမ်း လိုက်နာလိမ့်မည်ဟု သူတို့ထင်ခဲ့သည်။သို့သော်လည် သူတို့ ရုံရှားနှင့်  စကားစမြည်ပြောပြီးသည့်နောက်မှာ၊ သူက တစ်ကယ့်လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး စည်းကမ်းအကြောင်း တသမတ်တည်းပြောတတ်သည့် စာအုပ်သမားကြီး မဟုတ်မှန်း သိသွားရသည်။ ချက်ချင်းပင်၊ သူတို့သည် ရုံရှားနှင့် ပိုမိုရင်းနှီးလာကြ၏။


ပန်းဟမ်၏ သူငယ်ချင်းများမှာ လူဆိုးများမဟုတ်ကြသော်လည်း၊များသောအားဖြင့် အလုပ်ကိုကောင်းကောင်းမွန်မွန် လုပ်သူများလည်းမဟုတ်ပေ။သို့သော် ရုံရှားကိုတော့ သူတို့ အမှန်တစ်ကယ် ခင်မိကြကာ ညီအစ်ကိုလို ဆက်ဆံကြသည်။တစ်ချိန်တည်းမှာပင် သူတို့ပိုင်ဆိုင်‌ သော အကောင်းစားတိုက်ကြက်များနှင့်၊ ပွဲတိုင်းကျော် ပုရစ်များကိုပါ ထည့်ပြောကြလေသည်။ သူတို့က ရုံရှားအား အတူတူပျော်ပါးရန် အတင်းဖိတ်ခေါ်နေကြလေသည်။


ဤမြင်ကွင်းကို အခြားလူများက မြင်သောအခါ မြို့စားမင်းရုံသည် အမှန်တစ်ကယ် ကျင့်ဝတ်သိတတ်သောသူဟု ထင်မြင်သွားခဲ့ကြသည်။ ထိုဆန်ကုန်မြေလေးများနှင့်ပင် သူက စိတ်ရှည်လက်ရှည် ပြောဆိုနေ၍၊လူတိုင်းကို လေးစားတတ်သူမှန်းသဘောပေါက်သွားကြသည်။သူ၏  လူကြီးလူကောင်းဆန်သည့် စရိုက်က အဘက်ဘက်မှ ပြည့်စုံနေမြဲပင်။


 ပွဲစပြီးနောက် ရုံရှားသည် ကျန်းယွီချန် နှင့် အတူတူ စားပွဲ၌ ရှိနေခဲ့သည်။ ရုံရှားသည် နောက်ဆုံးအကြိမ် အမဲလိုက်မြေတွင် ပန်းဟွာအား ကူညီခဲ့သဖြင့် ကျန်းယွီချန် နှင့်သူ သီးသန့် စကားမပြောဘဲ နှစ်ယောက်သား စားပွဲတစ်လုံးတည်းတွင် ထိုင်နေကြသည်။ ကျန်းယွီချန် ၏ မျက်နှာကတော့ ပျက်ယွင်းလို့နေသည်။


ရုံရှားသည် ထိုနေ့ကကိစ္စကို မေ့ထားပုံရပြီး စားပွဲတစ်ဝိုင်းတည်းရှိ လူများနှင့် ကောင်းမွန်စွာ ပြောဆိုဆက်ဆံနေ၏။ ကျန်းယွီချန်သာလျှင် တစ်ကိုယ်တည်း အထီးကျန်နေ၏။ သူသည် မြို့တော်တွင် နှစ်အတော်ကြာ မနေခဲ့ရသလို၊ ငယ်ငယ်ကတည်းက သူနှင့်ပေါင်းလာသော သူငယ်ချင်းများနှင့်လည်း ပြန်လည်မသင့်မြတ်တော့။သူငယ်ချင်းများနှင့် ပြန်တွေ့သော်လည်း မရင်းနှီးလာဘဲ အနေစိမ်းလာခဲ့သည်။


 "အမွေဆက်ခံသူ(ကျန်းယွီချန်ရဲ့ရာထူး)၊ဒီနှစ်တွေအတွင်း မြို့တော်အပြင်က ဒေသဓလေ့ထုံးစံတွေထဲမှာ ဘယ်ဟာကများ  စိတ်ဝင်စားစရာကောင်းပါသလဲ"  


ရုံရှားသည် ဝိုင်အိုးကိုယူပြီး ကျန်းယွီချန်၏ ဝိုင်ခွက်ထဲသို့ ထည့်ပေးလိုက်သည်။  


"အဲဒါကို ကျွန်တော့်ကိုပြောပြပြီး အတွေးအမြင်သစ်တွေ ဖလှယ်ကြရင်ကောင်းမယ်ဗျာ"


 "ချမ်အမ်မြို့စားမင်းက ဗဟုသုတ ရှိပြီး စာအုပ်တွေ အများကြီး ဖတ်ဖူးတာပဲ၊ကမ္ဘာပေါ်မှာ ခင်ဗျား မသိတဲ့ အရာတွေ ရှိသေးလို့လား"  


ကျန်းယွီချန် သည် ဝိုင်ကို တစ်ကျိုက်တည်း သောက်လိုက်သည်။ 


 "ခင်ဗျား ကိုယ့်ကိုယ်ကို မလိမ်တာ ပိုကောင်းမယ်"


 စားပွဲတစ်ဝိုင်းတည်းရှိလူများသည် မူလက ရုံရှားနောက်သို့လိုက်ကာ ကျန်းယွီချန်အား မေးခွန်းအနည်းငယ် မေးချင်သော်လည်း ကျန်းယွီချန်၏စကားကိုကြားပြီးနောက် အားလုံးပါးစပ်ပိတ်ထားကြပြီး ငြင်းဆန်ခြင်းမပြုတော့ချေ။


ချမ်အမ် မြို့စားမင်းသည် ကျန်းယွီချန် ၏ လေသံထဲက မယဉ်ကျေးသည့် အပြုအမူကို သတိမထားမိပုံရသည်။သူက ပြုံးပြီး သူ့ဝိုင်ခွက်ကို ထပ်ဖြည့်၍ တစ်ဖက်ကိုလှည့်ကာ ညာဘက်ကလူကို တိုးတိုးလေးပြောလိုက်သည်။သို့သော်လည်း၊ဤ မြင်ကွင်းကိုမြင်တွေ့သူတိုင်းက ကျန်းယွီချန်သည် မာနအလွန်ကြီးပြီး ဆက်ဆံရေးမပြေပြစ်သူဟု သဘောပေါက်လိုက်ကြသည်။ 


တစ်ကယ်တမ်းတွင်၊ ကျန်းယွီချန်  မြို့တော်ကနေ မထွက်ခွာခင်မှာ ပြောခဲ့သည့် စကားများက လူတော်တော်များများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ 


သူက မြို့တော်ကို ညစ်ပတ်တဲ့နေရာ၊အကျင့်ပျက်တဲ့ နေရာလို့ ပြောဆိုခဲ့မှတော့ သူတို့က ဘယ်ကျေနပ်နိုင်မှာလဲ…မင်းကပဲ တစ်မြို့လုံးမှာ အကျင့်ကောင်းတဲ့သူသာဆို ဘာလို့ အခုကျမှ မြို့တော်ကို ပြန်လာတာလဲ… မင်းရဲ့ အမွေဆက်ခံသူရာထူးကို ရအောင် ဘာလို့ ငိုပြီး တောင်းပန်ခဲ့တာလဲ…မင်း အရည်အချင်းရှိရင် ပြန်မလာဘဲ နေလေ… နားမလည်တဲ့သူလို ကိုယ်ကျင်လည်ရာပတ်ဝန်းကျင်ကို စော်ကားနေတာ…မင်း အတော်အရှက်မဲ့တာဘဲ


မူလက လူတိုင်းသည် ကျန်းယွီချန်ကို အနည်းငယ်မျှ မကျေမနပ်ဖြစ်ခဲ့ကြသည်။သို့သော် မြို့တော်တွင် အလွန်လေးစားခံခဲ့ရသော မြို့စားမင်းရုံနှင့် ပတ်သက်၍ ကျန်းယွီချန် ၏ သဘောထားကို မြင်တွေ့ပြီးနောက် သူတို့၏ မကျေနပ်စိတ်သည် ဒေါသအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မြို့စားမင်းရုံကဲ့သို့သော လူကြီးလူကောင်းတစ်ယောက်ကိုပင် မထီမဲ့မြင်ပြုဝံ့သည်က အတော် မုန်းစရာကောင်းလှပေ၏။


 မင်းသားတစ်ပါးရဲ့ အမွေဆက်ခံသူ ဆိုတော့ရော ဘာလုပ်ရမှာလဲ...ဒီလူ‌ေတွ အထဲမှာ ဘယ်သူကများ မြင့်မြတ်တဲ့ တော်ဝင်နွယ်ဖွား မဟုတ်သူ ရှိလို့လဲ… 


ထို့အပြင် မင်းသားဟွေ့  အတိတ်က လုပ်ဆောင်ခဲ့သော အရာများကို တရားရုံးရှိ လူတိုင်း သိခဲ့ကြသည်။  မဟုတ်ပါက၊ မင်းဟားဟွေ့သည် ယခုလို ဗုဒ္ဓဘာသာကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သူ တစ်ယောက်လို ဟန်ဆောင် ပြုမူနေမည်မဟုတ်ပေ။ယခုလိုလည်း သူတို့မိသားတစ်စုလုံး ခြိုးခြံချွေတာပြီး မှိန်ကုပ်ကုပ်လေးသာ နေထိုင်မည်လည်းမဟုတ်ပါချေ။ 


 သူတို့အားလုံးသည် အသက်အရွယ် တန်သင့်သလောက် ကြီးရင့်သူများဖြစ်၍ တစ်ယောက်အကြောင်းတစ်ယောက် သေချာသိနေကြလေပြီ။  အတိတ်က မင်းသားဟွေ့က လက်ရှိသူ၏ သားဖြစ်သူလောက် ဆိုးသွမ်းခဲ့တာပင်။ 


ကျန်းယွီချန်သည် စားပွဲရှိလူများ၏အေးစက်မှုကို လျင်မြန်စွာခံစားမိသော်လည်း၊သူ့ဘက်က ပြန်လည်ချေပစရာ အကွက်မတွေ့ဖြစ်နေသည်။သူ၏ မာနကိုထိခိုက်သွားသည့် မထီမဲ့မြင့်အကြည့်က တည်ကြည်မြင့်မြတ်သည့် လူကြီး လူကောင်းများအပေါ် လွှမ်းခြုံသွားပြီး၊သူ့နှုတ်မှလည်း လှောင်ပြောင်သည့် အပြုံးတစ်ခုထင်ဟပ်လာရသည်။ 


ရုံရှားသည် သူ့လက်ဘေးရှိ ဝိုင်ခွက်ကို ပွတ်လိုက်သည်။သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် သဘောထားကြီးမားသယောင် နူးညံ့သိမ်မွေ့လာ၏။သူ့မျက်နှာကို မြင်သူတိုင်းက၊သူက အတော်စိတ်ထားမြင့်မြတ်သူဟု သဘောပေါက်သွားကြသည်။ယခုလို ရိုင်းစိုင်းစွာပြုမူသူကိုတောင် ဘယ်လိုမှ တုံ့ပြန်ခြင်းမပြုသူပင်။


 တော်ဝင်မင်းသမီး၏ မွေးနေ့ပွဲသည် အလွန်အသက်ဝင်လျက်ရှိသည်။  နန်းတော်မှ ဂုဏ်ပြုလက်ဆောင်များ ပေးပို့ခဲ့ပြီး အိမ်ရှေ့စံကလည်း သူမအား ချီးကျူးဂုဏ်ပြုရန် ကိုယ်တိုင်လာရောက်ခဲ့သည်။ ယင်းက တော်ဝင်မိသားစုတွင် သူမ၏အဆင့်အတန်းကို ထပ်လောင်း၍ မီးမောင်းထိုးပြခဲ့သည်။  ထို့အပြင် အိမ်ရှေ့စံသည် ပန်းမိသားစုနှင့် အလွန်ရင်းနှီးသည်။ ထို့ကြောင့် ပွဲပြီးဆုံးပြီးနောက် လူတိုင်းက မိသားစုအား ယခင်ကထက်ပိုမို ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ကြသည်။


ခန်းနင်သည် နှင်းဖဲစ ဝတ်စုံကို ၀တ်ထားသည်။ တံခါးဝတွင် သူမ ပေါ်လာသောအခါ ဧည့်သည်တော်များ၏ အာရုံစူးစိုက်မှုများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။သူမ ဟိုဒီငေးကြည့်ရင်း ချမ်အမ်မြို့စားမင်း ဖြတ်သွားသည်ကို တွေ့လိုက်ရ၍ အရဲစွန့်ကာ သူ့နောက်သို့လိုက်လာမိ၏။ မြို့စားမင်းအား သူမ စကားစ,ပြောခါနီးတွင် သူက အခြားတစ်ယောက်ဆီသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။


ပန်းဟွာ…


ချမ်အမ်မြို့စားမင်းက ပန်းဟွာအား ဦးညွှတ်ကာ ပြောလေသည်။


 "မင်းသမီး၊ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒီနေ့ ကိုယ် အတော်လေး ပျော်ခဲ့ရပါတယ်"


 "အိမ်ရှင်ရော ဧည့်သည်တွေရော ပျော်ကြတာ ကောင်းပါတယ်…မြို့စားမင်းရုံက အရမ်း ယဉ်ကျေးတာပဲ၊ ကျေးဇူးတင်စကား ပြောစရာမလိုပါဘူး" 


ပန်းဟွာက ခပ်တိုတို ပြန်ပြောသည်။ 


"ဒါက ပျိုနီပန်းလား"  ရုံရှား ရုတ်တရက် မေးလိုက်သည်။


 "အင်" ပန်းဟွာ စကားကို ခေတ္တရပ်ပြီး သူမနဖူးကို လက်ညှိုးထိုးရင်း "ဒါကိုဆိုလိုတာလား"


ရုံရှားက ဤမေးခွန်းမျိုး မေးမည်ဟု မထင်ထားမိ၍ သူမ တစ်ချက်ကြောင်အမ်းသွားမိသည်။ 


 "အရမ်းလှတယ်နော်" 


 “ဟုတ်ကဲ့.…လှပါတယ်... ပျိုနီပန်းလေ"


သူမ ပြုံးပြီး ခေါင်းညိတ်ပြမိသည်။  


 လူ့လောကကြီးမှာ မရှိမဖြစ်လိုအပ်တဲ့ စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ကျက်သရေကို ပြည့်စုံစေတဲ့ပန်းတစ်ပွင့်... ဒီလိုပန်းမျိုးက သိပ်ကို ချစ်စရာကောင်းတဲ့ ပန်းဟွာနဲ့ ထိုက်တန်ပါတယ်လေ...


ထို့နောက် ရုံရှားသည် တော်ဝင်မင်းသမီး၊ ပန်းဟွိုက်နှင့် အခြားသူများကို နှုတ်ဆက်ကာ မဟာတော်ဝင်ဆောင်၏ တံခါးကနေ ထွက်သွားခဲ့သည်။


 "မြို့စားမင်းရုံ"


ရုံရှား ခေါ်သံကြား၍ လှည့်ကြည့်လိုက်ရာ အနီရောင် မက်မန်းပွင့်များ ခြယ်သထားသည့် အဖြူရောင် ၀တ်စုံ ၀တ်ထားသည့်  မိန်းကလေးတစ်ဦးကို တွေ့လိုက်သည်။သူမ၏ အဝတ်အစားက အလွန်တင့်တယ်သော်လည်း၊သရဖူနှင့်နဖူးရှိ အဝါရောင်ပန်းပွင့်က မလိုက်ဖက်ဘဲ ကြည့်ရဆိုးလှသည်။ 


 "နှုတ်ဆက်ပါတယ် ခန်းနင်ကျွင်းကျူး"  


သူသည် ထိုမိန်းကလေးကို ဦးညွှတ်ကာ နောက်ပြန်မလှည့်ဘဲ မြင်းစီး၍ ထွက်ခွာသွားခဲ့သည်။


ခန်းနင်သည် ထွက်သွားသော ရုံရှားကို ကြည့်ကာ မြင်းလှည်းပေါ်တွင် ကြောင်အမ်းအမ်းကြီး ထိုင်ကျန်ရစ်ခဲ့သည်။သူမ မြင်းလှည်း၏နံရံကိုမှီကာ ကိုယ်ပေါ်ရှိ နူးညံ့သော ပိုးသားဝတ်စုံကို ပွတ်သပ်ရင်း လက်သီးများကို ဖြည်းဖြည်းချင်း ဆုပ်ထားလိုက်သည်။


 သူမသာ မင်းသမီးဖြစ်ခဲ့လျှင်… သူမသည် ချမ်အမ်မြို့စားမင်းကို ခင်ပွန်းအဖြစ်ခေါ်ဆောင်ကာ သူနှင့်အတူ လှပသောဘဝကို ဖြတ်သန်းခွင့်ရနိုင်သည်။သူမ မှန်ရှေ့တွင် အလှသေချာပြင်ကာ၊သူနှင့်အတူ ပြတင်းပေါက်ရှေ့မှာလည်း ပန်းချီအတူတူ ဆွဲနိုင်သည်။


 သို့သော် မင်းသားဟွေ့ အိမ်တော်သို့ သူမ ပြန်လာသောအခါ၊ ဖခင်၏ ဒေါသနှင့် မိခင်၏ ငိုသံက သူမကို စောင့်ကြိုနေသည်။


"နင် ဘယ်လိုဖြစ်လို့ သတိလစ်ရတာလဲ၊ ဈေးကြီးတဲ့အဝတ်အစားတွေကို မဝတ်ဖို့ ငါ အစကတည်းက ပြောခဲ့တယ် မဟုတ်လား၊ ငါ့ရဲ့ စကားကို နင်ဘယ်လိုလုပ် မေ့ရသလဲ"  


ခန်းနင်ကိုယ်ပေါ်ရှိ နှင်းဖြူ ဖဲဝတ်စုံကို ကြည့်လိုက်ရင်း မင်းသားဟွေ့၏ မျက်လုံးများက နီရဲလို့နေသည်။  


"အဝတ်တွေ သွားလဲစမ်း"


 "ဘာလို့လဲ"  


ခန်းနင် မင်းသားဟွေ့ကို စိတ်မကောင်းကြီးစွာ ကြည့်လိုက်သည်။  


"ကျင့်ထင်နယ်စားမင်းရဲ့တရားဝင်သမီးတော် ပန်းဟွာ ကျတော့ ဇိမ်ကျကျ နေထိုင်လို့ရတယ်၊ သမီးက တော်ဝင်မင်းသားရဲ့သမီးပါ၊ ဘာလို့ သူမထက် မလှအောင် ဝတ်စားနေရတာလဲ…သမီးကမှ တော်ဝင်မိသားစုရဲ့ မင်းသမီးပါ၊ သူမက ဘာမလို့လဲ"


ဖြန်း...


လက်ဝါးတစ်ခုက သူမမျက်နှာပေါ်သို့ ကျရောက်လာသည်။


 "နင့်အဖေက အရည်အချင်းမရှိလို့ နင်က ငါ့ကို အထင်သေးနေတာလား"  


မင်းသားဟွေ့သည် သူ၏တုန်လှုပ်နေသောလက်ကို ပြန်ရုတ်လိုက်သည်။


 "အခု ငါက စဉ်းတီတုံးပေါ်က ငါးတစ်ကောင်သက်သက်ပဲ၊နင် ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ၊ဘယ်လောက်ပဲ နာကျည်းနေပါစေ နင် ဒါကို နာခံမှုအပြည့်နဲ့ သည်းခံနိုင်ရမယ်"



xxxxxx