အပိုင်း၃၃
Viewers 4k


Chapter.33


"မင်းသား!" 


မင်းသားဟွေ့ ဒေါသထွက်နေသည်ကို ဇနီးဖြစ်သူက မြင်ပြီး သူ့လက်မောင်းကို လှမ်းဆွဲလိုက်သည်။သူမ စီးကျနေသော မျက်ရည်စများကို သုတ်လိုက်ပြီး 


"နင်အာက ငယ်သေးတော့ ဘာမှမသိ‌သေးလို့ပါ၊ရှင် စိတ်မဆိုးပါနဲ့တော့၊ ဘယ် ဆယ်ကျော်သက် မိန်းကလေးက အလှအပ မကြိုက်မှာလဲ၊ ဒီအဝတ်အစားတွေ လဲတာကလည်း မတော်တဆဖြစ်သွားတာ‌ဆိုတော့ ဘယ်သူမှ မပြောလောက်ပါဘူး"


မင်းသားဟွေ့ သည် ထိုင်ခုံအိုပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။ 


"နင့်ကို ဒီလိုမျိုး တမင်တကာ ငါက ဒုက္ခပေးချင်တယ်လို့ နင် ထင်သလား"


 ခမည်းတော်ဧကရာဇ် သက်ရှိထင်ရှားရှိစဉ်တွင်၊သူသည်လည်း မင်းသားတစ်ပါးအဖြစ် စံစားခဲ့၏။ တော်ဝင်မင်းသမီး၏ စွက်ဖက်မှုကြောင့်သာ မဟုတ်လျှင် ကမ္ဘာကြီးက သူ့အတွက် ဖြစ်နေပေမည်။ 


 "အဖေ" 


ကျန်းယွီချန်က ကျန်းခန်းနင် ဘေးမှာထိုင်ပြီး လေးနက်သည့် လေသံနှင့် ပြောသည်။


"ကျွန်တော်တို့ တစ်သက်လုံး ဒီလိုမျိုး အမြဲတမ်း သည်းခံရမှာလား၊ ကျွန်တော်တို့က နောင်လာနောက်သားတွေအတွက်ကြည့်ပြီး အမြဲအခုလို သည်းခံနေရမှာပါလား"


 "ဒါပေမယ့် ငါတို့ သည်းမခံနိုင်ရင် မင်းမှာ နောက်မျိုးဆက်တွေအတွက် အခွင့်အလမ်း ရှိလာမှာ မဟုတ်ဘူး" 


မင်းသားဟွေ့ လက်ဖက်ရည်တစ်ငုံသောက်ပြီး သူ့နှလုံးသားထဲက  ခါးသီးမှုများအား မျိုသိပ်လိုက်၏။


 "မင်းရဲ့ အိမ်ထောင်ရေးကို မင်းအမေနဲ့ ငါ ဆွေးနွေးပြီးပြီ"


 "အဖေ"  


ကျန်းယွီချန် မင်းသားဟွေ့ကို ထိတ်လန့်စွာကြည့်နေလေသည်။


 "ပစ္စုပ္ပန်ဆိုတာ အတိတ်နဲ့ မတူဘူး" 


မင်းသားဟွေ့က စကားစကိုရပ်ကာ ခန်းနင်ကို ငုံ့ကြည့်လိုက်သည်။


 "ပန်းမိသားစုထဲက မိန်းကလေးက ထက်မြက်လွန်းပြီး အရမ်းစိတ်ဓာတ်ပြတ်သားတယ်၊သူမကို မင်းမထိန်းချုပ်နိုင်ဘူး၊ ငါတို့မိသားစုနဲ့ ပန်းမိသားစုက ပဋိပက္ခတွေ ရှိခဲ့ဖူးတယ်၊ ပန်းမိသားစု ဘက်ကလည်း သူတို့သမီးကို မင်းနဲ့ လက်ထပ်ပေးမယ့်အစား အပျိုကြီးပဲ လုပ်စေချင်ကြမှာ သေချာတယ်"


ကျန်းယွီချန်က ခေါင်းညိတ်ပြီး 


"ကျွန်တော်လည်း ဒီလိုမိန်းမမျိုးကို လက်ထပ်ဖို့ မစဉ်းစားထားပါဘူး၊ကျွန်တော်က နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားကောင်းတဲ့ မိန်းကလေးတွေကိုပဲ ကြိုက်တာပါ"


 "ငါ့သားက တကယ်ကို ထက်မြက်တာပဲ" 


မင်းသားဟွေ့ ကျေနပ်သွားသည်။သမီးဖြစ်သူက စိတ်ပျက်စရာကောင်းသော်လည်း သူ့သားက ဉာဏ်ကောင်းနေသေးသည်။


 "သား ဒီလိုတွေးလို့ အဖေ စိတ်သက်သာရာရမိတယ်၊ပန်းဟွာက အရမ်းလှတာမှန်ပေမယ့် သူမ အဆင့်က ကိုယ်လုပ်တော်အဆင့်ပဲရှိတယ်၊ ဇနီးမယားအဆင့်မှာ မထားသင့်ဘူး၊တစ်ကယ့်ဇနီးသည်ဆိုတာ သိက္ခာရှိပြီး ဉာဏ်ထက်မြက်သူပဲ ဖြစ်ရမယ်"


မင်းသားဟွေ့၏ ဇနီး မျက်နှာထားက အနည်းငယ် တုန်လှုပ်သွားပုံ ပေါ်သည်။  ခင်ပွန်းဖြစ်သူ စကားကြောင့် သူမ စိတ်ထဲမှာ အိမ်နောက်ဖေးမှ မောင်းမမိဿံများအကြောင်းတွေးပြီး ဘာမှပြန်မပြောချေ။


ပန်းမိသားစုဝင်လေးယောက် အိမ်ပြန်ရောက်သောအခါ၊ လေးယောက်စလုံး သစ်သားကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ကြလေသည်။


ပန်းဟွာသည် အစေခံ ကမ်းပေးလာသော ပန်းပွင့်ဖျော်ရည်တစ်ခွက်ကို သောက်လိုက်မှ ရင်ထဲအေးသွားသလို ခံစားရတော့သည်။ 


"အရမ်းပင်ပန်းတယ်"


 "အစ်မ၊ အရမ်းပင်ပန်းတယ်ဆိုလည်း အစ်မ ဝတ်ထားတဲ့ လက်ဝတ်ရတနာတွေနဲ့ ဖိနပ်ကို ဘာလို့ အခုထိ ဝတ်ထားသေးတာလဲ၊ ဝတ်ရတာ မလေးဘူးလား"  


ပန်းဟမ်က အစေခံကို မတောင်းဘဲ  လက်ဖက်ရည်တစ်ခွက် သူ့ဘာသာသူ ကောက်ယူပြီး တစ်ကျိုက် သောက်လိုက်၏။


 "ဒီလောက်အရေးကြီးတဲ့ ပွဲမျိုးမှာ မလှဘဲနေရတာထက်စာရင် ငါကတော့ အပင်ပန်းခံပြီး လှအောင်ဝတ်တော့မယ်" ပြောရင်း ပန်းဟွာက သူမ ပခုံးကို ညွှန်ပြရင်း  "ရူရီ၊ ငါ့ကိုနှိပ်ပေးပါဦး"


ရူရီက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမ နောက်သို့ လျှောက်သွားကာ ညင်သာစွာ စတင်နှိပ်နှယ်ပေးလေသည်။


ပန်းဟမ် ပန်းဟွာကို မနာလိုစွာ ကြည့်မိသည်။ ကမ္ဘာကြီးက ယောက်ျားများအတွက် မတရားပေ။သူ့တို့လို ယောက်ျားများကသာ အစေခံမိန်းကလေးကို ဤကဲ့သို့ အနှိပ်ခိုင်းပါက ရိုင်းစိုင်းသော လုပ်ရပ်ဖြစ်ပေလိမ့်မည်။ သူ့အစ်မကမူ မိန်းကလေးချင်းဖြစ်နေ၍ ဘာပြဿနာမှမရှိ။


"နှစ်ယောက်စလုံး ရေချိုးပြီး စောစော အနားယူကြတော့နော်"


ကလေးနှစ်ယောက်၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုကို မြင်လိုက်ရသောအခါ၊ ယင်းရှစ် သနားစိတ်ဖြစ်သွားသည်။ ထို့ကြောင့် သူမသည် ညစာကို မိသားစုလိုက် အတူတူထိုင်စားသောက်ရမည့် စည်းကမ်းကို ပယ်ချပြီးသက်ဆိုင်ရာ အဆောင်များသို့ ပြန်သွားခိုင်းခဲ့သည်။


အဆောင်သို့ပြန်ရောက်ပြီးနောက် ပန်းဟွာသည် ရေချိုးကန်ထဲတွင် မျက်လုံးမှိတ်၍ အနားယူနေသည်။ ကန်ထဲက ရေနွေးပူပူကြောင့် သူမ ခေါင်းထဲ ရီဝေဝေဖြစ်နေသည်။ သူမ၏ ရှည်လျားသော ဆံပင်များသည် ရေထဲတွင် ရေညှိပင်များကဲ့သို့ နွဲ့နှောင်းယိမ်းခါနေရသည်။  


 "ကျွင်းကျူးကို ကျွန်မ ဘာများလုပ်ပေးရပါမလဲ"


 "မလိုပါဘူး"  


ပန်းဟွာ လက်ကို ထိကြည့်ရင်း ပြန်ဖြေလိုက်သည်။သူမ လက်မှ ဒဏ်ရာများကို ကောင်းကောင်းမမြင်ရတော့ဘဲ ပန်းရောင်အကွက်တစ်ချို့သာ ရှိနေတော့သည်။


ခန်းဆီးအပြင်ဘက်မှာ ရပ်နေသည့် ရူရီ သည် ပန်းဟွာက ဘာမှမခိုင်း၍ ငြိမ်ပြီးရပ်နေသည်။သို့သော် တစ်ယောက်တည်း အထဲမှာ ရှိနေသည့် ပန်းဟွာ ကြောက်နေမှာစိုး၍  စိတ်ဝင်စားစရာကောင်းသော ကိစ္စတစ်ချို့အား ပြောပြရန် စတင်စဉ်းစားကြည်၏။


"ကျွင်းကျူး ကျွန်မ ဒီနေ့ မဟာတော်ဝင်ဆောင်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို တွေ့ခဲ့ပါတယ်"


 "အဲဒါဘာလဲ"


  ပန်းဟွာသည် ရေချိုးကန်ထဲတွင် ပျင်းရိစွာ မျက်လုံးမှိတ်ထားရင်း မေးလိုက်သည်။


 "ခန်းနင်ကျွင်းကျူးရဲ့ အစေခံကောင်မလေး နဲ့ မိန်းကလေးရှစ်ရဲ့ အစေခံကောင်မလေးတို့ နှစ်ယောက် ငြင်းခုံနေကြတာကို ကြားခဲ့ရပါတယ်…အင်း... ကြည့်ရတာ ချမ်အမ်မြို့စားမင်း အကြောင်းပဲ ဖြစ်ပုံရတယ်"


 "လူတိုင်းက အလှမက်ကြတာပဲ၊ ချမ်အမ်မြို့စားမင်း ရဲ့ရုပ်ရည်က အရမ်းချောမောပြေပြစ်တယ်၊ လူတွေက သူ့ကို မကြိုက်ဘဲ မနေနိုင်ကြဘူးလေ၊ ဖြစ်သင့်ပါတယ်"


ရုံရှားအကြောင်း ပါလာသောအခါ ပန်းဟွာ စိတ်လိုလက်ရ ပြန်‌ပြောမိသည်။ 


 "သူသာ မြို့စားမင်း မဟုတ်ရင်၊မင်းသမီး တစ်ယောက်ယောက်ရဲ့ အဆောင်မှာ ခေါ်ထားခံရနိုင်တယ်" 


ထိုစကားကို ရူရီ ကြားလိုက်သည်နှင့်၊ မင်းသမီးအန်လဲ့၏ နေအိမ်မှာ အပိုင်ခေါ်ထားခြင်းခံရသော ရုပ်ရည် ချောမောပြီး ထက်မြက်သည့် ယောက်ျားတစ်ချို့ကို တွေးမိကာ မျက်နှာလေး နီရဲသွားရသည်။


 "ငါ့ကို အဝတ်တွေ ယူလာပေးတော့နော်"


အစေခံများက ပန်းဟွာကို ဝိုင်း​ကူ​၍ ရေခြောက်အောင်သုတ်ပြီး အဝတ်အစားလဲ​ပေး​သည်။ ရူရီသည် ပန်းဟွာ၏ နောက်ကျောနောက်တွင်ရပ်ကာ ဆံပင်များကို ဖြီးသင်လိုက်သည်။ထိုစဉ် သူမ၏ လက်ချောင်းများသည် မင်းသမီး၏ လည်ပင်းရှိ အရေပြားကို မတော်တဆ ထိမိသွားရသည်။  ကမ္ဘာပေါ်က တစ်ချို့ယောက်ျားများ ဘယ်လောက်ပဲ ချောမော လှပနေပါစေ၊၏ နှင်းလိုဖြူဖွေးနေသည့် အသားအရေကို မြင်ပါက ရူးသွားနိုင်သည်ဟု သူမ ကြောင်တောင်တောင် တွေးမိပြန်သည်။


အကယ်၍ သူမသာ ဂုဏ်သရေရှိသခင်လေးတစ်ယောက်ဖြစ်လျှင်၊ ပန်းဟွာကျွင်းကျူးကို လက်ထပ်မိလိမ့်မည်။ သို့သော် မြို့တော်မှာရှိသည့် ဆန်ကုန်မြေလေး တစ်ချို့ကမူ ပန်းဟွာကျွင်းကျူးကိုမြင်တိုင်း တစ်ဖက်သို့လှည့်ပြီး မိန်းကလေးရှစ်၏ အလှကိုသာ ချီးမွှမ်းတတ်ကြသည်။


 ဒါဆို ကျွင်းကျူးနဲ့ မိန်းကလေးရှစ် တစ်ချိန်တည်းမှာပေါ်လာရင် ကျွင်းကျူးကိုပဲ ဘာလို့ သူတို့မျက်လုံးတွေက စိုက်ကြည့်နေတာလဲ၊သူတို့ မျက်စိကန်းနေကြတာလား။


အစေခံမိန်းကလေးများက ဆံပင်ခြောက်အောင်မသုတ်နိုင်ခင် ပန်းဟွာ ကုတင်ပေါ်မှာ အိပ်ပျော်နေပြီဖြစ်သည်။  


နောက်နေ့မနက်စောစောတွင်၊ ဧကရာဇ်က သူမနှင့် ပန်းဟမ်ကို အခေါ်ခိုင်းလိုက်ကြောင်း နန်းတော်မှလူတစ်ယောက်က လာပြောသည်။ ပန်းဟွာ လည်း အိပ်ယာမှ အမြန်ထကာ မှန်ရှေ့တွင်ထိုင်ပြီး သေသေချာချာပြင်ဆင်ဖီးလိမ်းရ၏။  


ဧကရာဇ်က ဘာကြောင့် ဆင့်ခေါ်မှန်း မသိသော်လည်း သူမနှင့် ပန်းဟမ် တို့သည် မဟာရွှေလမင်းနန်းတော်၏ ပင်မခန်းမဆောင်သို့ လျှောက်သွားလျှင်၊ဝမ်းနည်းနေဟန်ရှိသော ချန်ချင်ဝမ်ကို တွေ့လိုက်ရ၏။ ထိုအခါ သူမ တစ်စုံတစ်ခုကို မှန်းဆကြည့်မိသည်။


 "ကျွန်တော်မျိုးမက အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်"


 ဧကရာဇ် ယွင်ချင်သည် သူနှင့် ခြေလှမ်း သုံးလှမ်းဝေးသောနေရာတွင် ဝတ်ပြုခစားနေသော ကလေးမလေးကို ကြည့်လိုက်သည်။သူမ မျက်လုံးများသည် ချန်ချင်ဝမ်ဆီသို့ ရံဖန်ရံခါ အကဲခတ်စူးစမ်းနေဟန်ရှိ၏။


  "ဟွာဟွာ၊ မင်းဘာကြည့်နေတာလဲ"


 "အရှင်မင်းကြီး၊ ချန်ချင်ဝမ်က ဘာဖြစ်လို့ပါလဲ"  


ပန်းဟွာသည် ချန်ချင်ဝမ် ကိုကြည့်ပြီးနောက် ဧကရာဇ် ယွင်ချင်ကိုတစ်ဖန်ကြည့်လိုက်သည်။ 


 "အရှင်မင်းကြီး သူ့ကို ဆူထားတာပါလား" 


 "သူ့ကို ငါကိုယ်တော်က ဆူပူကြိမ်းမောင်းဖို့ ခေါ်တာမဟုတ်ပါဘူး... ငါတို့ ညီအစ်ကိုနှစ်ယောက်ကြားက ဆက်ဆံရေးကို ပျက်ပြားအောင် လုပ်လာတဲ့ ယုတ်မာတဲ့လူကို ရှာချင်တာ၊ အဲဒီနေ့က မင်း အဲဒီမှာရှိနေတာဆို၊ ငါ့ကိုပြောစမ်း၊ ဘာကိစ္စဖြစ်ခဲ့သလဲ"


ပန်းဟွာ ရုတ်တရက် သဘောပေါက်သွားသည်။  


“အဲဒီနေ့မှာပဲ ချန်ချင်ဝမ်က ကျွန်မနဲ့ မောင်လေးကို သာလိကာတစ်ကောင်ပြဖို့ဆိုပြီး ခေါ်သွားပါတယ်၊ သူပြတဲ့ သာလိကာက အရမ်းရုပ်ဆိုးပါတယ်၊ ဒါနဲ့ ကျွန်မလည်း သာလိကာက အရှင်မင်းကြီးရဲ့ ကြက်တူရွေးလို ရုပ်မလှဘူးလို့ ပြောလိုက်ပါတယ်၊သိပ်မကြာပါဘူး သာလိကာကြီးက 'ချန်ချင်ဝမ် အသက်ရှည်ပါစေ' လို့ အကျယ်ကြီး အော်ပြောပါတယ်"


 ဧကရာဇ် ယွင်ချင် ခေါင်းငုံ့ကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ 


 "အင်း ဘာဆက်ဖြစ်လဲ"


 "ပြီးတော့ ကျွန်မ အိမ်ပြန်ခဲ့ပါတယ်" 


ပန်းဟွာသည် ဧကရာဇ်မင်းဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။  


"အရှင်မင်းကြီး၊ ဒီကိစ္စကို သေသေချာချာ စုံစမ်းရပါမယ်၊ဒီလိုအမှုကို ကျူးလွန်တဲ့သူက  တော်တော် ဆိုးတဲ့လူပါ၊ အရင်က အရှင်မင်းကြီးရဲ့ ကြက်တူရွေးကို ကျွန်မ မြင်တော့  ဆော့ကစားဖို့ တစ်ကောင်ဝယ်ချင်စိတ်ဖြစ်ခဲ့မိပါတယ်၊ ဒါပေမယ့် အခုလို ဖြစ်တတ်တယ်ဆိုတာ သိသွားတော့  ကျွန်မလည်း ကြက်တူရွေးလို စကားပြောတတ်တဲ့ အကောင်မျိုး မမွေးတာ ပိုကောင်းမယ်လို့ တွေးမိပါတယ်"


  ဧကရာဇ် ယွင်ချင်သည် ဒေါသသံနည်းနည်း ပါလာသော ပန်းဟွာကိုကြည့်ပြီး အနည်းငယ် ရယ်ရယ်ပြုံးပြုံး ဖြစ်လာသည်။


  "မင်းလည်း မွေးသင့်ပါတယ်၊မင်းရဲ့ လစာနဲ့ မလောက်လို့လား"


"အရှင်မင်းကြီးကလည်း၊ ဘာလို့ဒီအကြောင်းကို ပြောနေတာပါလဲ..."


ပန်းဟွာက နှုတ်ခမ်းစူ၍ အလိုမကျဟန်‌ေပြာလိုက်သည်။ 


 "ဒါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကသာ ကျွန်မမှာ လစာမလောက်ငှခဲ့တာပါနော်၊အခုကျ ကျွင်းကျူးဖြစ်လာပြီဆိုတော့ နည်းနည်းတိုးလာပါပြီ၊ ဒီမှာ ချန်ချင်ဝမ်နဲ့ ဝမ်ကုန်းကုန်းလည်း ရှိနေတာကို ဘာလို့ ဒီအကြောင်း ပြောရတာလဲ" 


 "ကောင်းပြီ၊ ကောင်းပြီ၊ ငါ ဒီအကြောင်းမပြောတော့ဘူး"


 ဧကရာဇ် ယွင်ချင်သည် ဝမ်ကုန်းကုန်း ကို ကြည့်လိုက်သည်။ထိုအခါ ဝမ်ကုန်းကုန်း  အားကိုးရာမဲ့ ပြုံးပြကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။


 "ဒါဆို ငါ့ကိုပြောကြည့်၊ သမီးက ကြက်တူရွေးကို ဘာလို့ မမွေးရဲတာလဲ"


 "ဒါလည်း အရှင်မင်းကြီးရဲ့ အပြစ်ပဲအရှင်မင်းကြီးက ကျွန်မကို အမြဲတမ်း ဆုချပြီး ရာထူးတိုးပေးတယ်၊ဒီတော့ ကျွန်မကို မနာလိုတဲ့သူတွေ အများကြီးရှိလာတယ်၊တစ်နေ့မှာ တစ်ယောက်ယောက်က 'ပန်းဟွာကျွင်းကျူး အသက်ရှည်ပါစေ' လို့ပြောတဲ့ ကြက်တူရွေးတစ်ကောင် ဝယ်ပြီး လာပေးရင် ကျွန်မ ရာဇဝတ်သင့်သွားမှာပေါ့၊အခုလို အရှင်မင်းကြီးရဲ့ သမီးအရင်းလိုချစ်ပေးတဲ့ ချစ်ခြင်းမေတ္တာကို ရတာနဲ့တင် ကျွန်မ ကျေနပ်နေပါပြီ"


"ငါကိုယ်တော်ရဲ့ ဂရုစိုက်မှုနဲ့တင် မလုံလောက်သေးပါဘူး...မင်း လက်ထပ်ပြီးရင် မင်ရဲ့ခင်ပွန်းက မင်းကို ဂရုစိုက်မှာပါ....မင်းရဲ့အိမ်ထောင်ရေးကိစ္စတွေမှာ ငါကိုယ်တော် ဝင်မစွက်ဖက်ချင်ပါဘူး"


 "အရှင်မင်းကြီး၊ ချမ်အမ်မြို့စားမင်း လာပါပြီ"


 ထိုစဉ် အပြာရောင်ဝတ် မိန်းမစိုးတစ်ယောက် ဝင်လာပြီး အော်ပြောသည်။


 "သူ့ကို ဝင်ခွင့်ပြုလိုက်ပါ" 


ဧကရာဇ် ယွင်ချင်သည် သူ့လက်ကို ဝှေ့ယမ်းရင်း ပန်းဟွာကို ပြုံးလိုက်သည်။ 


 "အရှင်မင်းကြီးက ကျွန်မဘဝရဲ့ အကြီးမားဆုံး အားကိုးရာပါပဲ၊ အရှင်မင်းကြီးကို အချိန်တိုင်း အားကိုးပါရစေ"


ပန်းဟွာက တိုးတိုးပြောသည်။သူမ အသံက သိပ်မကျယ်သော်လည်း၊ ဧကရာဇ် ယွင်ချင် ကြားလောက်အောင် ကျယ်သည်။ ဧကရာဇ် ယွင်ချင်သည် ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။


 ထောင့်တွင်ရပ်နေသော ဝမ်ကုန်းကုန်းက ဝင်လာသော ချမ်အမ်မြို့စားမင်း ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ဘယ်ဘက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ခေါင်းကို အနည်းငယ်ညွှတ်ထားလိုက်သည်။


ချန်ချင်ဝမ်အား ငှက်ရောင်းသူကို စုံစမ်းသောအခါ ငှက်ရောင်းသူမှာ သေသွားပြီဖြစ်သည်။ထိုသူ သေဆုံးရခြင်းအကြောင်းရင်းမှာ အရက်အလွန်အကျွံသောက်ပြီး မြစ်ထဲသို့ ပြုတ်ကျကာ ရေနစ်သေဆုံးရခြင်း ဖြစ်သည်။ သူ့အနီးနားရှိလူတိုင်းကလည်း သာလိကာက ထိုသူ၏အိမ်မွေးတိရစ္ဆာန်ဖြစ်သည်ဟု ဆိုကြသည်။  သာလိကာမျိုးက ရှားပါးလှ၍ မည်သူ့ကိုမှ မပြသဘဲ ဖူးဖူးမှုတ်ထားသည်ဟုဆို၏။ 


 သို့သော် သာမာန်ငှက်ရောင်းသူသည် သာလိကာတစ်ကောင်အား "ချန်ချင်ဝမ် အသက်ရှည်ပါစေ" ဟူသောစကားမျိုးပြောတတ်အောင် မည်သို့ သွန်သင်ပေးနိုင်မှန်း တွေးမရပါချေ။


ချန်ချင်ဝမ် အိမ်မှာ နှစ်ရက်ကြာအောင် တွေးနေခဲ့ပြီးမှ ပန်းဟွာပြောခဲ့သည့်အတိုင်း ဖြစ်စဉ်ကို "ကြိုတင်တိုင်ကြားခြင်း" ကသာ ဘေးအကင်းဆုံးနည်းလမ်းမှန်း သူသိလိုက်ရ၏။ ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေပါက၊သူတို့မိသားစုအား အကောက်ကြံချင်သူ သူလျှိုများလက်ချက်ကြောင့် သူပါ ဘေးရာဇဝတ်သင့်နိုင်သည်။


နှုတ်ဆက်ပြီးနောက် ဧကရာဇ် ယွင်ချင်က ချမ်အမ်မြို့စားမင်းကို ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို မေးမြန်းခဲ့သည်။ ပန်းဟွာ ပြောသမျှ မှန်ကန်ကြောင်း အတည်ပြုပြီးနောက်၊ ဧကရာဇ်သည် ချန်ချင်ဝမ်အား ပြောသည်။


"တခြားလူတွေက မင်းကို အကောက်ကြံချင်လို့ ဒီလိုအကွက်ဆင်တာဖြစ်မယ်၊ စိတ်မပူပါနဲ့၊ ငါ လူလွှတ်ပြီး သေသေချာချာ  ဒီကိစ္စကို စုံစမ်းပြီး တရားမျှတမှု ရအောင် ရှာပေးမယ်"


 ဧကရာဇ် ယွင်ချင် စိတ်ထဲမှာ သံသယရှိသော်လည်း သူ့စိတ်က တစ်ယူသန်သဘောထားရှိသည်။တစ်ခုခုကို ယုံကြည်ပြီးသည်နှင့် တစ်သက်လုံးပုံ၍ ယုံတတ်သည်။ဥပမာ သူက လူတစ်ယောက်လို ယုံကြည်မိလျှင်လည်း ပန်းဟွာလိုမျိုး ဆုတော်လာဘ်တော်များချီးမြှောက်ကာ အလိုလိုက်ထားတတ်၏။သူ မကြိုက်နှစ်သက်သူဆိုလျှင်လည်း မည်မျှပင်ကောင်းစေကာမူ၊ပြန်လှည့်ကြည့်သူမဟုတ်။ယခုလည်း ဤကိစ္စ၏ နောက်ကွက်မှ ကြိုးကိုင်သူကို သူနှင့်အငြိုးရှိဖူးသူ  မင်းသားဟွေ့ဟုသာ သံသယဖြစ်နေပေတော့သည်။ 


 သူ့စိတ်ထဲမှာ ချန်ချင်ဝမ်သည် အတော်လေး ရိုးသားပြီး ယုံကြည်ရသည့် ဝမ်းကွဲညီတစ်ယောက်ပင်။ထိုကြောင့် ဤကိစ္စကို ရှင်းပြီးနောက်၊ ချန်ချင်ဝမ် နှင့် ပတ်သက်ပြီး အပျက်သဘောဆောင်သည့် ထင်မြင်ချက် တစ်စုံတစ်ရာ မရှိတော့ပေ။


 တကယ်တော့ သူ အားလုံးကို ယုံကြည်လို့ရတာပဲ...  တော်ဝင်မိသားစုမှ မင်းသားများနှင့် မင်းသမီးများအားလုံးကို သူ့လက်ဖဝါးအရွယ်မျှသာရှိသော မြို့တော်တွင် ပိတ်လှောင်ခြင်းခံထားရသည်။ အပြင်မှာဖြစ်ပျက်သမျှ စစ်ပွဲများအကြောင်း တစ်စက်မှ မသိဘဲ အိပ်လိုက်၊စားလိုက် အချိန်ဖြုန်း ပျင်းရိနေကြသူများသာ။


 ဧကရာဇ် ယွင်ချင်သည် ပန်းဟမ် အနားတွင် ရပ်နေသော ရုံရှားကို တစ်ချက်ကြည့်လိုက်သည်။ 


 "ရုံရှား ၊ မင်း အသက်က ဒီနှစ်ဆို ၂၃ နှစ်ရှိပြီ၊ နှစ်သစ်ကူးမတိုင်ခင် မင်းလက်ထပ်ဖို့ စဉ်းစားသင့်တယ်၊ မင်းကြိုက်တဲ့ မိန်းကလေး ရှိထားပြီလား"



xxxxxx