Chapter.34
ရုံရှား ကြောင်စီစီဖြစ်သွားသည်။ဧကရာဇ်က သူ့ကို ဤမေးခွန်းမျိုး ရုတ်တရက် မေးမည်ဟု မထင်ထားပေ။ သူ ဧကရာဇ်ကို မကြည့်ဘဲ ပန်းဟွာကို မျက်လုံးထောင့်ကနေ ကြည့်လိုက်သည်။
သူမ မျက်နှာပေါ်တွင် ဘာမှမထူးခြားသော အပြုံးတစ်ခု ရှိနေပြီး မျက်လုံးများက သူ့အဖြေကို စောင့်ဆိုင်းနေသကဲ့သို့ သူ့ကို စိုက်ကြည့်နေသည်။
"အရှင်မင်းကြီး၊ ဒီအရာရှိမှာ ……. အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက် မရှိပါဘူး...."
"မင်းကို စိတ်ဝင်စားတဲ့မိန်ကလေးတွေ မြို့တော်မှာ အများကြီး ရှိတယ်လို့ ငါကြားတယ်၊မင်းရဲ့ နှလုံးသားကို ဘယ်သူကမှ မလှုပ်ခါနိုင်ဘူးလား"
ဧကရာဇ် ယွင်ချင် နားမလည်နိုင်ချေ။ ရုံရှား၏ အသွင်အပြင်၊ အဆင့်အတန်းကြောင့် အိမ်ထောင်ပြုရန် သူ့အတွက်လွယ်ကူသင့်သည်။သူ ရုံရှား အရွယ်တုန်းက တော်ဝင်မင်းသမီးလေးပင် မွေးဖွားခဲ့ပြီးခဲ့ပြီ။
ရုံရှား လေးလေးလေးနက်နက် ဦးညွှတ်သော်လည်း ဘာမှ မပြော။သူ့ပုံစံက ဇနီးမယား ယူလိုပုံမပေါ်သည်ကို မြင်လိုက်ရသဖြင့် ဧကရာဇ်ယွင်ချင် ဆက်မပြောလိုတော့။ သို့သော် သူ၏ အဖိုးတန်အရာရှိအား အိမ်ထောင်ဖက်မရှိသူအဖြစ် မမြင်လိုပေ။
"မင်းကြိုက်တဲ့မိန်းကလေးကိုတွေ့ရင် ငါ့ကိုပြောပါ၊ ငါကိုယ်တော် လက်ဆက် ပေးမယ်"
"ဒီအရာရှိက ကျေးဇူးတင်ရှိပါတယ်"
ယခင်မင်းဆက်ကို သာဓကယူသည့်အနေဖြင့်၊ သူ လိုက်နာကျင့်သုံးရမည့်အချက်မှာ လက်ထပ်ထိမ်းမြားခြင်းကို မျက်ကွယ်မပြုခြင်းပင်။
ယခင်မင်းဆက်၏(တယဲ့မင်းဆက် မဟုတ်)ဧကရီသည် အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရ၍ မလွှဲသာမရှောင်သာ ဧကရာဇ်မင်းမြတ်နှင့် လက်ဆက်ခဲ့ရသည်။ သို့သော်လည်း ခင်ပွန်းဖြစ်သူ ဧကရာဇ်က မချစ်မနှစ်သက်ဘဲ ပစ်ခွာထားတာကြောင့် တစ်သက်လုံး စိတ်ဆင်းရဲစွာ နေထိုင်ခဲ့ပြီး နိဂုံးချုပ်ခဲ့ရ၏။သူမ၏ အသိုင်းအဝိုင်းမှာ အင်အားကြီးမားသူများဖြစ်၍ ဧကရာဇ်အား အမျက်ထွက်ကာ အချို့သောမှူးမတ်များနှင့် ပုန်ကန်၍ တိုင်းပြည်မငြိမ်မသက်ဖြစ်စေခဲ့သည်။ နောက်ဆုံးတော့ ကျန်းမိသားစုကပင် အခြေအနေကို အခွင့်ကောင်းယူခဲ့၏။
အတိတ်မှ သင်ခန်းစာများက ဧကရာဇ် ယွင်ချင်၏ အတွေးအမြင်များကို ဆင်ခြင်တုံတရား ရှိစေခဲ့သည်။ တစ်ကယ်တော့ သူက ရုံရှား ကို ရှစ်မိသားစုက မိန်းကလေးနှင့် လက်ထပ်စေချင်ခဲ့တာပင်။သို့သော် အတိတ်က အဖြစ်ဆိုးများအား ပြန်တွေးပြီး ထိုအကြံကို ပြန်ရုတ်သိမ်းလိုက်သည်။ ရုံရှားသည် ထက်မြက်ပြီး အရည်အချင်းရှိသူဖြစ်၍ အိမ်ရှေ့စံအတွက် အရာရှိကောင်းတစ်ဦးဖြစ်နိုင်သည်။ အကယ်၍ သူတို့နှစ်ဦးသာ ဇနီးမယားယူခြင်းကြောင့် ဆွေမျိုးတော်စပ်လိုက်ပါက၊ရုံရှားသည် နောင်တွင် အိမ်ရှေ့စံအပေါ် ပိုမိုသစ္စာစောင့်သိနိုင်မည်ဖြစ်သည်။
အိမ်ရှေ့စံမင်းသမီး၏ ညီမ ရှစ်ဖေးရှန့်ကို ဧကရာဇ် အရင်ကတွေ့ဖူးသည်။ သူမသည် အရည်အချင်းရှိပြီး ရုပ်ရည်ကလည်း လှပ၍ ရုံရှားအတွက် ပြီးပြည့်စုံစွာ လိုက်ဖက်မည့်သူဖြစ်သည်။နောင်တစ်ချိန် သူတို့နှစ်ယောက် ပေါင်းစည်းမိသည့်အခါ၊ နှစ်ဖက်လုံး သဟဇာတဖြစ်ပြီး အကျိုးလည်းဖြစ်ထွန်းစေပေမည်။
သို့ရာတွင် ရုံရှားသည် အချစ်ရေးကို စိတ်ဝင်စားပုံမပေါ်ပေ။ထို့အပြင် သူ၏ ဒုတိယသားဖြစ်သူမှာလည်း ရှစ်ဖေးရှန့်အပေါ် စိတ်တိမ်းညွှတ်နေ၍ ထိုမင်္ဂလာကိစ္စအား ဆက်ပြော၍မရဖြစ်နေသည်။ရှစ်မိသားစုတွင် အိမ်ရှေ့မင်းသမီးတစ်ဦးရှိနေပြီဖြစ်သောကြောင့်၊နောက်ထပ် ရှဲ့မိန်းကလေး တစ်ယောက်က တော်ဝင်မိသားစုထဲသို့ ဝင်၍မရနိုင်တော့။ထို့ကြောင့် ရှစ်ဖေးရှန့် သည် ဒုတိယမင်းသားကို လက်ထပ်ဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့်လည်း ဒုတိယမင်းသားအတွက် ရှဲ့မိသားစု၏ ရှဲ့ဝမ်ယွီနှင့် လက်ဆက်ပေးလိုခြင်းပင်။
ကံကောင်းထောက်မစွာ၊ ရုံရှားက ထိမ်းမြားလက်ထပ်ခြင်း မပြုသော်လည်း အိမ်ရှေ့စံ နန်းတက်သောအခါတွင် အိမ်ရှေ့စံကို ကူညီရန် အစွမ်းကုန် ကြိုးစားမည့်သူပင်။
မဟာရွှေလမင်း နန်းတော်ထဲမှ ပြန်ထွက်လာရင်း ရုံရှားက ပန်းဟွာတို့ မောင်နှမကို လည်ပြန်ကြည့်သည်။
"ပန်းဟွာကျွင်းကျူးနဲ့ ရှစ်ကျစ် တွေ့တုန်းလေး စားသောက်ဆိုင်မှာ အတူညစာစားလို့ရမလား"
ပန်းဟမ်က ပန်းဟွာကို တစ်ချက်ကြည့်လိုက်သည်။ပန်းဟွာက ခေါင်းညိတ်ပြပြီးနောက် ပန်းဟမ်က
"ကျေးဇူးအများကြီးတင်ပါတယ် မြို့စားမင်း"
နန်းတော်မှ အတူတူထွက်သွားကြပြီးနောက် ပန်းဟွာက ရုံရှားကို အသံတိုးတိုးဖြင့် မေးသည်။
“ဘုရင်မင်းမြတ်က ဦးရီးတော် ချန်ချင်ဝမ် ကိစ္စကြောင့် ဒီနေ့ ကျွန်မတို့ကို ခေါ်တာလား”
ရုံရှားက စိတ်အားထက်သန်စွာပြောသည်။
"ကျွင်းကျူး ကိုယ်တို့နန်းတော်ကထွက်သွားပြီးရင် ဒီနေ့ဘာဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူ့ကိုမှမပြောပါနဲ့၊ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး"
ပန်းဟမ်နှင့် ပန်းဟွာက တညီတညွှတ်တည်း ခေါင်းညိတ်လိုက်သည်။ ပန်းဟမ်သည် မြင့်မားသော နန်းတော်နံရံများကို အကြည့်ရောက်သွား၍ ခေါင်းယမ်းပြီး သက်ပြင်းချလိုက်၏။
"တစ်ကယ် နားမလည်နိုင်ဘူး၊နန်းတော်ထဲမှာ ဘာလို့ ဒီလို တံတိုင်းအမြင့်ကြီး လုပ်ထားရတာလဲ"
ပန်းဟွာက "ဒီနန်းတော်ကြီးထဲမှာ သူများတွေ အိပ်မက်တောင် မမက်နိုင်တဲ့ စည်းစိမ်ဥစ္စာ၊ အလှတရားနဲ့ စွမ်းအားတွေ ရှိတယ်လို့ လူတိုင်းကို ပြချင်တာလေ"
လူတိုင်းက ရာဇပလ္လင်ပေါ် မထိုင်ချင်သူလို့ မရှိကြဘူးမလား...
သူမ၏အမြင်တွင် လူသားအားလုံးသည် အလိုလောဘကြီးကြသည်။တစ်ချို့က တပ်မက်ကြသည်၊တစ်ချို့က အလိုလောဘကြီးကြသည်၊ တစ်ချို့က အာဏာကို စွဲလမ်းကြသည်၊ တချို့က ကျော်ကြားမှုကို စွဲလမ်းကြ၏။ မည်မျှပင် အခေါ်အဝေါ်များ ပြောင်းနေစေကာမူ၊ အားလုံးက ကိုယ့်အတွက်ချည်းပင်။
ရုံရှားသည် ပန်းဟွာ၏ စကားအသုံးအနှုန်းကို ကြားသောအခါ သဘောကျမိသွား၏။
"ကျွင်းကျူး ဘာလို့ အဲ့ဒီလိုမျိုး ထင်တာလဲ"
ပန်းဟွာသည် ရုံရှားကို စိတ်ရှုပ်စွာကြည့်လိုက်သည်။
"လူတွေက သူတို့အသက်ရှင်နေခိုက်မှာ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကိုယ်စီရှိကြတယ်၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဆန္ဒမရှိသူတွေဆိုလည်း ဘုရားကျောင်းမှာရှိတဲ့ နတ်ဘုရားတွေပဲ ဖြစ်မှာ"
" ကျွင်းကျူးက ရှားရှားပါးပါး ဒီလိုမျိုး တွေးတတ်တာပဲ၊ မင်းရဲ့စကားတွေက အရမ်းကျိုးကြောင်းဆီလျော်ပါတယ်"
ထို့ကြောင့်လည်း ဧကရာဇ်က သူမကို အရေးပေးနေခြင်းဖြစ်နိုင်သည်။ သူမ၏ အဆင့်အတန်း၊ အသက်အရွယ်နှင့် လုပ်ရပ်များကို ဧကရာဇ် မနှစ်သက်ဘဲ မနေနိုင်လောက်ပေ။
ထိုစဉ် ပန်းဟမ်က ရုံရှားနှင့် ပန်းဟွာကို ကြည့်ကာ
"တစ်ခုခု ပျောက်နေသလို ခံစားရတယ်၊နည်းနည်းတော့ ထူးဆန်းတယ်"
"ဘာပျောက်လို့လဲ" ပန်းဟွာက နောက်ကို လှည့်ကြည့်လိုက်သည်။
"ချန်ချင်ဝမ် ဘယ်ရောက်သွားတာလဲ"
" မယ်တော်ဧကရီကို ဂါရဝပြုသွားတာပါ"
နန်းတော်ထဲမှ ထွက်ပြီးနောက် ရုံရှားနှင့် ပန်းမိသားစု၏ မောင်နှမသည် မြင်းကိုစတင်စီနှင်းလိုက်ကြ၏။
"ဒါဆို တို့ သူ့ကို စောင့်စရာ မလိုဘူးပဲ"
ချန်ချင်ဝမ်သည် မယ်တော်ဧကရီကိုလည်း လက်လွတ်မခံဘဲ တိုင်ကြားဦးမည်ဖြစ်သည်။ မယ်တော်ဧကရီသည် နူးညံ့သိမ်မွေ့သူဖြစ်သည်။ ချန်ချင်ဝမ် ၏မိဘများ အသက်ရှိခိုက်၊ သူတို့သည် ယခင်ဧကရာဇ်နှင့် မယ်တော်ဧကရီကိုများစွာကူညီခဲ့ကြသည်။ ထို့ကြောင့် မယ်တော်ဧကရီသည် ချန်ချင်ဝမ်ကို ဆန့်ကျင်မည့်သူမဟုတ်။မည်မျှပင် ဧကရာဇ်က စုံစမ်းလိုသည်ဖြစ်စေ၊ အပြောသာရှိပြီး ဤကိစ္စကို ထပ်ပြီးသံသယဝင်မှာမဟုတ်တော့။
အနည်းဆုံး၊ ချန်ချင်ဝမ်သည် ဧကရာဇ်အပေါ်ထားသော သူ၏သစ္စာစောင့်သိမှုကို ဆွဲဆောင်နိုင်မည်ဖြစ်၏။ချန်ချင်ဝမ် နှင့် လက်ရှိဧကရာဇ်သည် ဝမ်းကွဲညီအစ်ကိုမျှသာဖြစ်သော်လည်း တော်ဝင်မိသားစုက သူ့ကို တန်ဖိုးထားဆဲဖြစ်ကြောင်းကိုလည်း အခြားသူများ သိစေမည်ဖြစ်သည်။
မင်းဆက်နှစ်ဆက် ကြားမှ မငြိမ်မသက်မှုထဲမှာ အေးအေးဆေးဆေး နေထိုင်ခဲ့ကြသည့် ချန်ချင်ဝမ်တို့ အိမ်တော်သည် အပေါ်ယံအမြင်ကိုသာ အလေးပေးကြသည်။ထို့ကြောင့်လည်း ချန်ချင်ဝမ်၏ ဖခင်ဖြစ်သူသည် မိန်းကလေးတစ်ယောက်၏ ဝမ်းဗိုက်ထက်တွင် သေဆုံးသွားခဲ့ရသည်။မည်သို့ပင်ဆိုစေ၊သူ၏ သေဆုံးခြင်းက မိသားစုကို ဂုဏ်အသရေ ပျက်ပြားစေသည်။
"ချမ်အမ်မြို့စားမင်း၊ ပန်းဟွာကျွင်းကျူး၊ ပန်းဟမ်ရှစ်ကျစ်"
ရှစ်ကျင်းသည် မြင်းစီးနေစဉ် ပန်းဟွာနှင့် အခြားလူများကို တွေ့လိုက်ရ၍ မြင်းကို အရှိန်လျှော့ပြီး သူတို့ကို ဦးညွှတ်လိုက်သည်။
"သခင်လေးရှစ်" ရုံရှားသည် မြင်းကိုရပ်တန့်ရန် မြင်းလည်ပင်းကို ခပ်ဆတ်ဆတ် ပုတ်လိုက်သည်။ထို့နောက် ပန်းဟွာ၏မြင်းရှေ့မှ သူ့မြင်းကို ပိတ်ဆို့လိုက်သည်။ ပန်းဟွာလည်း သဘောပေါက်ကာ သူမ မြင်းကို နောက်သို့အနည်းငယ်ဆုတ်လိုက်၏။
ရှစ်ကျင်းက ရုံရှား အနောက်ကို တစ်ချက်ကြည့်လိုက်ပြီး
"မြို့စားမင်းတို့သုံးယောက် ဘယ်သွားမယ်ဆိုတာ ကျွန်တော် သိနိုင်မလား"
"ငါတို့ ညစာစားဖို့ရှိသေးတယ်"
ရုံရှားက ရှစ်ကျင်းကို ချိုသာစွာ ပြောနေသော်လည်း မဖိတ်ခေါ်ပါချေ။
ရှစ်ကျင်းသည် ဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်လိုက်ကာ သူ့လက်ကို မြှောက်ပြီး
"ညစာစားတာက သိပ်ကို အရေးကြီးတဲ့ ကိစ္စပဲ၊ကျွန်တော် မနှောင့်ယှက်တော့ပါဘူး...ဒါနဲ့ ပန်းဟွာကျွင်းကျူး ရက်ပိုင်းအတွင်း ကျွန်တော်တို့ ဧည့်ခံပွဲတစ်ခုကျင်းပမယ်လို့ တွေးထားတယ်၊ ဒီက လူကြီးမင်းအားလုံးရော၊ကျွင်းကျူးတို့ မိသားစုရော ကျွန်တော်တို့ကို ဂုဏ်ပြုကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ပန်းဟွာက မြင်းဖင်ကို တစ်ချက်ပုတ်ပြီး ရှစ်ကျင်းကို ကြည့်ရန် ရှေ့သို့ တိုးလာသည်။
"ကဗျာဖတ်ပွဲလား"
ရှစ်ကျင်းက "ကဗျာဖတ်ပွဲဆိုတာထက် အပျော်သက်သက်ပါ၊ အားလုံးပျော်ရအောင် ကစားပြီး အနားယူကြမယ်လို့ပြောရင် မှန်ပါတယ်"
ပန်းဟွာ စိတ်ဝင်စားသော်လည်း၊ရှစ်ဖေးရှန့်နှင့် မျက်နှာချင်းမဆိုင်လိုပေ။
"ကျွန်မကို လာခေါ်တာ ကျေးဇူးတင်ပါတယ်၊ကျွန်မ အချိန်ရရင် လာခဲ့ပါမယ်"
ရှစ်ကျင်းက ပြုံးပြီး "ကျွင်းကျူးရောက်လာတာကို ကိုယ် စောင့်နေပါမယ်"
"စောင့်စရာ မလိုပါဘူး၊လာဖြစ်ချင်မှလည်း လာဖြစ်မှာပါ"
"အဟမ်း" ထိုစဉ် ရုံရှားက ပြုံးပြီး ရှစ်ကျင်းကို "သခင်လေးရှစ်လည်း ဘေးကင်းကင်းနဲ့ပြန်ပါ၊ငါတို့လည်း သွားတော့မယ်"
ရှစ်ကျင်းက မျက်နှာမပျက်အောင် ထိန်းထားပြီး ရုံရှားကို ပြန်ပြောသည်။
"ဂရုစိုက်ပါ"
ရှစ်ကျင်း အဝေးကိုရောက်သွားချိန်မှာ ပန်းဟွာက ရုံရှားကို လေသံတိုးတိုးလေးနှင့် ပြောလိုက်သည်။
"ရှင်တို့နှစ်ယောက်က မတည့်ဘူးလား"
ရုံရှား၏ အပြုံးသည် ရုတ်တရက် အေးခဲသွားပြီး
"ဘာလို့ ဒီလိုပြောတာလဲ "
"မိန်းမတစ်ယောက်ရဲ့ စူးစမ်းမှုစွမ်းရည်ကို လျှော့မတွက်ပါနဲ့" သူမက ဂုဏ်ယူစွာဖြင့် မေးစေ့ကို ချီထားလိုက်ပြီး "ရှင့်မျက်လုံးထဲမှာ သူ့ကို သဘောမတွေ့ဘူးဆိုတာ ကျွန်မ မြင်နေရတယ်"
ရုံရှားက ညင်ညင်သာသာ ရယ်မောပြီး "မင်းမြင်တာမှားတယ်"
"ကျွန်မ သိပါတယ်၊ ရှင်တို့ ယောက်ျားတွေက ကျွန်မရဲ့မောင်လေးလို အကုန်အတူတူပါပဲ"
ထိုအခါ ပန်းဟမ်က သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်ပြီး
"အစ်မ ဘာလို့ ကျွန်တော့်ကိုပါ ထည့်ပြောနေတာလဲ"
"ဘာလို့လဲဆိုတော့ နင်က ငါနဲ့ ရင်းနှီးတဲ့ တစ်ဦးတည်းသော အသက်အရွယ်မတိမ်းမယိမ်း ယောက်ျားလေးမို့လို့ပေါ...ငါက နင့်ကို ဥပမာအနေနဲ့ မသုံးရင် ဘယ်သူ့ကို သုံးရမလဲ"
မကြာမီ သူတို့ သုံးယောက်သား ပိုင်ဝေ့ စားသောက်ဆိုင်သို့ ရောက်လာကြသည်။ တံခါးဝသို့ရောက်သောအခါ ခရမ်းရောင်ဝတ်စုံဝတ်ထားသည့် လူငယ်တစ်ဦး ထွက်လာသည်။ သူက ပန်းဟမ်နှင့် ပန်းဟွာကို တွေ့သော် အံ့ဩနေသည့်ပုံဖြင့်...
"မင်းတို့နှစ်ယောက်က ဘာလို့ဒီကို ရောက်နေတာလဲ"
ထိုလူငယ်နှင့် ပန်းဟမ်တို့သည် သူငယ်ချင်းကောင်းများဖြစ်သည်။
"မင်းတို့ အိမ်မှာ လူတစ်ယောက်က လက်ထပ်ခွင့်တောင်းဖို့ မလာဘူးလား"
"လက်ထပ်ခွင့်တောင်းတယ် ဟုတ်လား"
ပန်းဟမ် အံ့အားသင့်သွားပြီး ပန်းဟွာဘက်လှည့်ကာ "ဘယ်သူလဲ"
"မင်းတို့ နှစ်ယောက်က ခုချိန်မှာ ဘာလို့ စားဖို့ တွေးနေကြတာလဲ"
ထို့နောက် လူငယ်က ရုံရှားကို တစ်ချက်ဦးညွှတ်ပြီး တစ်ဖက်ပြန်လှည့်ကာ
"ယန်ကျန်းလေ..."
ပြီးလျှင် သူက ပန်းဟမ်ကို ဆွဲခေါ်ကာ ထောင့်တစ်နေရာကို လျှောက်သွား၍ တိုးတိုးလေးပြောလိုက်၏။
"သခင်လေးယန်က ဟိုတစ်ခါ အမဲလိုက်ပွဲမှာတုန်းက မင်းအစ်မရဲ့သူရဲကောင်းဆန်တဲ့ ပုံစံကို မြင်ပြီးကတည်းက သူမကို စွဲလမ်းပြီး အစာစားချင်စိတ် ပျောက်သွားတယ်တဲ့၊အခုဆို မစားနိုင်မသောက်နိုင် ဖြစ်လို့ ကိုယ်အလေးချိန်တောင် အများကြီး ကျသွားပြီဆိုပဲ"
ပန်းဟမ်က ခေါင်းကို အထပ်ထပ်အခါခါ ခါယမ်းလိုက်၏။
"သူက စာဂျပိုးပါ၊ဘာလို့ အမဲလိုက်ကွင်းကို လာတာလဲ၊ ငါ့အစ်မကို တွေ့သွားတယ် ဆိုတာ ဟုတ်ပါ့မလား၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီစာဂျပိုးက အမြဲတမ်း စာကြောင်းပေကြောင်းတွေချည်း တစ်နေကုန်ပြောနေတာ၊ ငါ့အစ်မကို သူ သည်းမခံနိုင်မှာမဟုတ်ဘူး"
ပြောပြီး သူက ပြန်လှည့်ထွက်ဖို့ ပြင်လိုက်ရာ..
"ဟေး ဟေး ဟေး… မင်းကလည်း ဒီလောက် မလောစမ်းပါနဲ့"
လူငယ်က ပန်းဟမ်ကို အမြန်တားလိုက်လေသည်။
"တကယ်တော့ ယန်ကျန်းက လူကောင်းတစ်ယောက်လို့ ငါလည်းထင်တယ်၊ သူက ရိုးသားဖြောင့်မတ်ပြီး စိတ်ထားကောင်းတဲ့သူပါ၊ နောက်ပြီး သူက မင်းအစ်မကို အရမ်းစွဲလမ်းနေတာ၊ မင်း အစ်မသာ သူနဲ့လက်ထပ်ရင် နစ်နာမှာမဟုတ်ဘူး"
"မင်းကလည်း သူကသာ ပညာတတ် လူကြီးလူကောင်းဆိုရင် ငါ့အစ်မကို ဘယ်လိုလုပ် ကြိုက်မှာလဲ...ငါ့အစ်မ ဒေါသကြီးတာကိုသာသိရင် ယန်ကျန်း သူမကို ဆက်ချစ်သွားလိမ့်မယ်လို့ မင်း ထင်နေတာလား"
လူငယ် ခဏတာ ဆွံ့အသွား၏။ပန်းဟမ် စကားက လုံးဝမှားသည်ဟုမဆိုသာချေ။
"ကျိုးချန်ရှောင်၊ ငါ့ကို ရိုးရိုးသားသားပြောစမ်း၊ ယန်ကျန်းကို မင်းက ကူညီနေတာလား၊မင်းအစ်ကိုက ယန်မိသားစုရဲ့ အကြီးဆုံးသမီးနဲ့ လက်ထပ်ခဲ့တာလေ..."
"ငါတို့က ညီအစ်ကိုလိုခင်ကြတာ မင်းသိပါတယ်၊ ငါက မင်းကို ဒီကိစ္စနဲ့ ပတ်သက်ပြီး လှည့်စားပါ့မလား" ထိုလူငယ်က သူ့ရင်ဘတ်ကို ပုတ်ပြရင်း
"မင်းအစ်မက ငါ့အစ်မပဲ၊ ငါ့အစ်မက်ို ငါက နစ်နာအောင် ဘယ်လုပ်ပါ့မလဲ"
"ဟင့်အင်း ငါ့အစ်မမှာ မင်းလို မောင်မျိုး မရှိဘူး"
ပန်းဟမ် သူနှင့် စကားပြောဖို့ ပျင်းလာ၍ ပန်းဟွာကို လှည့်ကြည့်ပြီး မကျေမနပ်ပြောလိုက်သည်။
"အပေါ်ထပ်တက်ပြီး ထမင်းသွားစားရအောင်"
"ယန်ကျန်းက ဘယ်သူလဲ"
ကျိုးချန်ရှောင်သည် ပန်းဟမ် နောက်မှ လိုက်လာ၍ ပန်းဟွာလည်းထိုအကြောင်းကို သိကာ ယန်ကျန်းဆိုသည့်လူကို စဉ်းစားပုံဖော်ကြည့်လေသည်။ပန်းဟမ် မျက်နှာက မည်းမှောင်နေကာ စကားလည်းတစ်ခွန်းမှ မပြော။
ကျိုးချန်ရှောင်က ရှက်ကိုးရှက်ကန်း ပြန်ဖြေသည်။
"သူက လက်ဝဲဝန်ကြီးချုပ် ယန်ဟွေ့ရဲ့ အငယ်ဆုံးသားပါ၊ ရိုးသားပြီး ထက်လည်း ထက်မြက်တယ်"
"သူက ရုပ်ချောလား"
ကျိုးချန်ရှောင် အံ့ဩသွားကာ ပန်းဟွာ ဘေးမှာ ရှိနေသော ရုံရှားကို တစ်ချက်ကြည့်လိုက်ရင်း
"သူက ရုပ်ချောလား ဆိုတော့...."
မူလက သူသည် ယန်ကျန်းက ရုပ်ရည်ချောမောသည်ဟု ဆိုချင်သည်။ သို့သော် မြို့စား၏ မျက်နှာကို မြင်လိုက်သောအခါတွင်၊ယန်ကျန်းကို ချောမောသည်ဟု ပြောဖို့ အနည်းငယ် အပြစ်ရှိသည်ဟု ခံစားမိသည်။
xxxx