Chapter 35
"မဆိုးပါဘူး"
ပန်းဟွာသည် ကျိုးချန်ရှောင်ကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။ မြို့တော်ရှိ ရုပ်ရည်ချောမောသော ယောက်ျားများကို သူမ အားလုံးသိသည်။ဒါဆို သူပြောတဲ့ ယန်ကျန်းဆိုတဲ့သူက ရုပ်မချောဘူးလို့ ပြောချင်တာလား…
"အဲဒါအမှန်ပါပဲ" ပန်းဟွာက သူ့ကို မယုံမှာစိုး၍ သူ့မျက်နှာကို လက်ညှိုးထိုးပြပြီး
"သူက ကျွန်တော့်ထက် ရုပ်ချောတယ်"
"နင့်ထက် ရုပ်ချောတဲ့သူက မြို့တော်မှာ အများကြီးရှိတယ်လေ"
ကျိုးချန်ရှောင်သည် ပန်းဟွာ၏ အထင်အမြင်သေးစကားကို စိတ်ဆိုးခြင်းမရှိပေ။ မည်သို့ပင်ဆိုစေ၊ မိန်းမလှလေးတစ်ယောက်နှင့် စကားပြောရခြင်းက သူ့အတွက် ပျော်စရာကောင်းသည်။
"ဒါပေမယ့် ကျွန်တော်လည်း ရုပ်ချောပါတယ်"
သူ့စကားကြောင့် ပန်းဟွာ မပြုံးဘဲ မနေနိုင်ဖြစ်ကာ ရုံရှားကို လက်ညှိုးထိုးပြလိုက်သည်။
"ယန်မိသားစုရဲ့ သခင်လေးက မြို့စားမင်းရုံ နဲ့ ယှဉ်နိုင်လား"
ကျိုးချန်ရှောင် စိတ်ထဲ ကူကယ်ရာမဲ့ဖြစ်သွားရသည်။မြို့တော်တစ်ခုလုံးကို ကြည့်လိုက်ရင်တောင် ချမ်အမ်မြို့စားမင်း လိုလူမျိုးကို ဘယ်သူက ယှဉ်နိုင်မှာလဲ… ယန်ကျန်းသည် ချမ်းသာသော သခင်လေးများကြားတွင် တစ်ရာလျှင် တစ်ယောက်ဆိုသလို အရည်အချင်းက သုံးစားရသော်ငြား ချမ်အမ်မြို့စားမင်း ရှေ့တွင်မူ မနှိုင်းယှဥ်နိုင်ချေ။
အဆင့်အတန်း၊ ရုပ်ရည်၊ အရည်အချင်း မည်မျှပင်ရှိသည်ဖြစ်စေ ယန်ကျန်းသည် ချမ်အမ်မြို့စားမင်း နှင့် မနှိုင်းယှဉ်နိုင်ပေ။
"အဲ့ဒီလောက်တော့ မချောဘူးပေါ့"
ကျိုးချန်ရှောင်သည်... အထူးသဖြင့် သူငယ်ချင်းများနှင့် ပတ်သက်သောအခါ အလွန်ရိုးသားသူဖြစ်သည်။
"မြို့စားမင်းရုံက ရုပ်ရည်ပြေပြစ်ပြီး အရည်အချင်းလည်း ရှိတယ်၊သိက္ခာလည်း ရှိတယ်၊မြို့တော်က လူနည်းနည်းကပဲ သူနဲ့ ယှဉ်နိုင်တာပါ"
ဒါပေမယ့် အစ်မက ဘာလို့ ချမ်အမ်မြို့စားမင်း နဲ့သွားပြီး သခင်လေးယန်ကို နှိုင်းယှဉ်ရတာလဲ... ချမ်အမ်မြို့စားမင်းက အစ်မကို လက်ထပ်မှာလည်း မဟုတ်ဘူးလေ…
ကျိုးချန်ရှောင် သူ့ရင်ထဲမှာ ပြောမိသော်လည်း၊အပြင်မှာတော့ ထုတ်မပြောဝံ့ပေ။သူတို့မောင်နှမကို ကြောက်မိသည်။
ပန်းဟွာ ခေါင်းညိတ်လိုက်သည်။ ယန်ကျန်း၏ ရုပ်ရည်ပုံပန်းသွင်ပြင်သည် ရုံရှားလို ကြည့်မကောင်းကြောင်း သူမ မှန်းဆမိသည်။သူမသည် မြို့တော်ရှိ ရုပ်ရည်ချောမောသော ယောက်ျားများကို မြင်ဖူးသူဖြစ်၍၊ ရုံရှားထက် ထူးထူးခြားခြား သာလွန်သူ ဘယ်သူမှ မရှိမှန်းသိပေ၏။
တစ်ကယ်တမ်းတွင်၊ ရှန်းယွီ စေ့စပ်ပွဲက ဖြတ်တောက်ပြီးသည့်နောက် ပန်းမိသားစုနှင့် လက်ဆက်ဖို့အကြောင်းကို မိသားစုတော်တော်များများက မေးမြန်းလာကြသည်။သို့သော်လည်း ပန်းဟွာက တစ်ယောက်ကိုမှ လက်မခံ၍ သူတို့လက်လျှော့သွားသည်က များသည်။
ဧကရာဇ်၏သမီးတော်သည် အိမ်ထောင်ရေးနှင့်ပတ်သက်၍ စိတ်ပူစရာမလိုသလို၊တော်ဝင်မင်းသမီး၏ မြေးတော်အတွက်လည်း ခင်ပွန်းမရှားပေ။ ပန်းမိသားစုသည် အဆင့်အတန်းနိမ့်ကျသူများကို စဉ်းစားမည့်သူမဟုတ်။ပန်းမိသားစုအတွက်၊ အားကိုးရသူမျိုးသာမဟုတ်ပါက၊သူမ တစ်သက်လုံး အိမ်ထောင်မပြုဘဲ နေထိုင်သွား၍ရပေသည်။ ပြင်ပက ကောလဟာလတွေကြောင့် သူတို့ သမီးလေးကို အလျင်စလ်ို လက်ထပ်ဖို့ လိုလို့လား...,
ယင်းရှစ်သည် လက်ဝဲဝန်ကြီးချုပ်မိသားစု၏ အောင်သွယ်တော်များ ပြောနေသည့် အဆုံးမရှိသော ချီးမွမ်းသံကို တိတ်တဆိတ်နားထောင်ရင်း ထိုင်ခုံတွင်ထိုင်လျက်ရှိသည်။သို့သော် သူမ မျက်နှာတွင် ပျော်ရွှင်ရိပ်ယောင် တစ်စုံတစ်ရာ မရှိခဲ့ပေ။
အောင်သွယ်တော်သည် ယင်းရှစ်၏ အမူအရာကို တစ်ချက်ကြည့်ပြီးနောက် ကျင့်ထင်နယ်စားမင်းကို ကြည့်လိုက်သည်။ ပန်းမိသားစု၏ သားသမီးများ၏ အိမ်ထောင်ရေးကို ကျင့်ထင်နယ်စားမင်းကသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း သူမ သိသည်။
"ငယ်ငယ်ကတည်းက သခင်လေးယန်က စာပေလိုက်စားတာပါ၊ ဒီနှစ်တွေမှာ သူက အကယ်ဒမီမှာ ကျောင်းတက်နေတော့ လူရှေ့မှာ ခဏခဏ ပေါ်မလာတတ်ပါဘူး၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ သခင်လေးက အရမ်းချောမောပြီး မိန်းကလေး ကိစ္စလည်း ကင်းရှင်းပါတယ်၊သူ့အကျင့်ကလည်း အရမ်းရိုးသား ဖြောင့်မတ်တယ်၊ ပန်းဟွာကျွင်းကျူးသာ သူနဲ့ လက်ထပ်ဖို့ ဆန္ဒရှိရင် သူမအတွက် လုံးဝ နစ်နာမှာမဟုတ်ဘူး"
ယင်းရှစ်က လက်ကိုမြှောက်ပြီး အစေခံအား အောင်သွယ်တော်အတွက် လက်ဖက်ရည်ထည့်ခိုင်းသည်။
အောင်သွယ်တော် နှင့်အတူ လိုက်ပါလာသူက ဝန်ကြီးလင်း၏ဇနီး မစ္စကျိုး ဖြစ်သည်။ ကျိုးမိသားစုသည် ပန်းမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသောကြောင့် သူမအား ယနေ့ဧည့်သည်များနှင့်အတူ လိုက်ပါရန် သခင်မယန်က ဖိတ်ကြားထားခဲ့ခြင်းပင်။
မစ္စကျိုးသည် ယင်းရှစ် နှင့် ခင်မင်သူဖြစ်သည်။ ယင်းရှစ်၏ မျက်နှာအမူအရာကိုမြင်သောအခါ၊ မိသားစုနှစ်စုကြားရှိအိမ်ထောင်ရေးသည် အောင်မြင်မည်မဟုတ်ကြောင်း သူမ သိလိုက်သည်။ သူမသည် ယန်မိသားစုအား စေတနာထားပြီး ကူညီရန်အတွက်သာ ဤနေရာသို့ ရောက်လာခြင်းဖြစ်သောကြောင့် ယင်းရှစ် စိတ်မချမ်းသာစေမည့် ကိစ္စကို မပြောလိုပေ။ထို့ကြောင့် သူမသည် နှစ်ဖက်လုံး အနေမခက်စေရန်အတွက် စိတ်ဝင်စားစရာအကြောင်းများကိုသာ ပြောဆိုလေသည်။
"နယ်စားမင်းနဲ့ နယ်စားမင်းကတော်ကရော ဘယ်လိုထင်ပါသလဲ"
အောင်သွယ်တော်မှာ ယခုဆို လက်ဖက်ရည် သုံးခွက်အထိသောက်ပြီးဖြစ်သည်။ သူမ လည်ချောင်းက အငွေ့များ ထွက်လာလုမတတ်ပင် ပြောဆိုရနေသေးသည်။
"ပန်းမိသားစုကနေပြီးတော့ သခင်မယန်ရဲ့ ချစ်ခြင်းမေတ္တာကို ခံယူခွင့်ရတဲ့အတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်၊ သမီးလေးရဲ့ကိုယ်စားလည်း ကျေးဇူးတင်ပါတယ်၊ သမီးက ငယ်ငယ်လေးကတည်းက ဒေါသကြီးတတ်တာ၊ ဒါကြောင့် သခင်လေးယန်နဲ့ အဆင်ပြေမယ်မထင်ပါဘူး"
ယင်းရှစ်က လက်ဖက်ရည်ခွက်ကို ချလိုက်ရာ၊ သူ့ဘေးနားမှ ကောင်မလေးက ပိုက်ဆံအိတ်ကို အောင်သွယ်တော်အား ပေးလိုက်သည်။
" လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
အောင်သွယ်တော် စိတ်ထဲတွင် တိတ်တဆိတ် ညည်းညူလိုက်သည်။ ယန်မိသားစု၏ သခင်လေးကို သူမ တွေ့ဖူးသည်။ သူ့ခမျာ ပန်းဟွာကျွင်းကျူးကို စွဲလမ်း၍ ကိုယ်အလေးချိန် အများကြီး ကျဆင်းသွားခဲ့သည်။အခု ပန်းမိသားစုကပါ၊ ဒီကိစ္စကို မပြောချင်တော့ဘူးဆိုတော့ ဝန်ကြီးချုပ်ရဲ့ မိသားစုကို သူမ ဘယ်လိုရှင်းပြရမလဲ။
ထိုကိစ္စကိုတွေးပြီး သူမ မစ္စကျိုးကို စစ်ကူတောင်းလိုက်သည်။ထိုအခါ မစ္စကျိုးက နူးညံ့သိမ်မွေ့စွာပြောလေသည်။
"အစ်မ၊ ဒီကိစ္စကို အလျင်စလိုလုပ်စရာလိုမယ် မထင်ပါဘူး၊ ရှစ်မိသားစုက ရက်ပိုင်းအတွင်း ပေယွမ်မှာ ပွဲလုပ်မယ်လို့ ကြားတယ်၊ နှစ်ဖက်လုံး တစ်ခါလောက်ဆုံကြည့်ကြပါ၊ အောင်မြင်မြင်၊ မမြင်မြင် ဟွာဟွာ သဘောထားအတိုင်း လုပ်ကြည့်ပါနော်"
သူမ၏အမြင်အရ ယန်ကျန်းသည် ပန်းဟွာ၏ ဘဝအတွက် အပ်နှင်းခံထိုက်သူဖြစ်သည်။ သို့သော်လည်း ပန်းမိသားစု၏ သမီးဖြစ်သူအပေါ် ထားသည့် သဘောထားကို သူမ မြင်ဖူးသည်။ ထို့ကြောင့် ဤကိစ္စ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ပန်းဟွာ၏ ထင်မြင်ယူဆချက်ပေါ်တွင် အမှန်တကယ်မူတည်လျက်ရှိသည်။အောင်သွယ်တော် ဘယ်လောက်ပဲ ပြောနေပါစေ၊ပန်းမိသားစုအတွက် အဓိပ္ပါယ်မရှိတော့သည်မှာ သေချာ၏။
"ညီမ ပြောတာမှန်ပါတယ်”ယင်းရှစ်က ခေါင်းညိတ်သည်။
"ဒါပေမယ့် ညီမတို့ ဒီပစ္စည်းတွေကို အရင်ပြန်ယူသွားသင့်တယ်၊ဒါတွေကို ဒီမှာ ထားခဲ့ဖို့ မသင့်တော်ပါဘူး"
“ဒါက…” အောင်သွယ်တော် စကားမပြောခင် သူမကို မစ္စကျိုးက ကြားဖြတ်၍ ဝင်ပြော၏။
"အစ်မက အရမ်းစဉ်းစားတတ်တာပဲ...ဟုတ်ပါတယ် ပစ္စည်းတွေကို ပြန်ယူသွားလိုက်မယ်"
ဤလက်ဆောင်များသည် အိမ်ထောင်ရေးရာ စည်းကမ်းအရ ပေးကမ်းရသော လက်ဆောင်များဖြစ်သည်။ လက်ဆောင်များကိုတောင် လက်မခံချင်ကြ၍ ယန်မိသားစုနှင့် အိမ်ထောင်ရေးအပေါ် ယင်းရှစ်၏ သဘောထားက အလွန်အေးစက်သည်ကို တွေ့မြင်နိုင်၏။
ပန်းမိသားစု၏ နောက်ခံအင်အား တောင့်တင်းမှုကြောင့်၊ယန်မိသားစု၏ မိသားစုတစ်ခုလုံးထံမှ ဩဇာအာဏာ လုပ်ပိုင်ခွင့်တို့ကို လွှဲပြောင်းယူလိုက်လျှင်ပင် ပန်းမိသားစု၏ သဘောထားမှာ ပျော့ပျောင်းလာမည်မဟုတ်ပေ။ ယန်မိသားစုသည် ယခုအချိန်တွင် အတော်လေး အားကောင်းနေသော်လည်း အသေအချာ တွက်ချက်ကြည့်မည်ဆိုလျှင်၊ ဤအိမ်ထောင်ရေးသည် ယန်မိသားစုအတွက် လှေကားထစ်တစ်ဆင့် တက်ဖို့လုပ်ခြင်းဖြစ်သည်။
"သူက ဝန်ကြီးချုပ်ဖြစ်ဖြစ်၊ မင်းသားဖြစ်ဖြစ် ဘာလား ငါ ဂရုမစိုက်ဘူး"
ပန်းဟမ်က ဝိုင်ဖန်ခွက်ကို စားပွဲပေါ်ပစ်ချလိုက်ပြီး တင်းမာသောလေသံဖြင့်ပြောသည်။
"အစ်မ သူ့ကို မကြိုက်ရင် ငါလည်း လက်ထပ်ဖို့ခွင့်မပြုဘူး"
ပန်းဟွာက သူ့ဆီ လက်ကိုင်ပုဝါတစ်ထည်ကို ပစ်ပေါက်၍ ပေးလိုက်သည်။
"နင့်လက်ကို သုတ်လိုက်၊ဖန်ခွက်ကို မကွဲစေနဲ့"
ပန်းဟမ် ချက်ချင်းပင် ဒေါသပြေသွားရ၏။ ကျိုးချန်ရှောင်က သူ့ကို ဝိုင်တစ်ခွက်အပြည့် ထည့်ပေးပြီး ပြောလေသည်။
"အစ်မပန်းဟွာ ၊ ပန်းဟမ် ၊ စိတ်ဆိုးမနေနဲ့ ၊ နောက်တစ်ခါ မင်းတို့ရှေ့မှာ ဒီကိစ္စကို ငါ မပြောတော့ဘူး ဟုတ်ပြီလား"
ပန်းဟမ်သည် သူငယ်ချင်းဖြစ်သူ၏ စကားကြောင့် စိတ်ပြန်ပြေလာသလိုရှိကာ... "ငါ ထင်ခဲ့တာက…"
အမှန်တိုင်းဆိုလျှင်၊ မစားမသောက်ဘဲ ပိန်ချုံးသည်အထိ သူ့အစ်မအကြောင်း နေ့တိုင်း တွေးနေသည့် လူတစ်ယောက်ကို တွေးကြည့်ရင်း သူ့စိတ်ထဲမှာ အနည်းငယ် ရွံရှာစိတ်ဖြစ်သွားသည်။သို့သော်လည်း၊ သူ့အစ်မရှေ့မှာတော့ ဤစကားကို မပြောနိုင်သေး။
ဆောင်းဦးအမဲလိုက်ပွဲ ပြီးဆုံးသွားသည်က တစ်လနီးပါးရှိပြီ။ ယန်ကျန်းသည် သူ့အစ်မကို စိတ်ဝင်စားပါက၊ ဖြေရှင်းရန် နည်းလမ်းများစွာရှိသည်။ သို့သော် သူက ယောကျ်ားပီပီ ထိပ်တိုက်မတွေ့ဘဲ ယခုလို အသနားခံသည်။
သူ့မိဘတွေကို အားကိုးပြီး လက်ထပ်ဖို့ကို ဖိအားပေးချင်နေတာမလား... ဒီကိစ္စက ပြန့်နှံ့သွားရင် တခြားလူတွေက ပန်းဟွာကို ဘယ်လိုမြင်ကြမလဲ ဆိုတာကို သူတွေးရဲ့လား...မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ အရမ်းအရေးကြီးတာ သူ မသိဘူးလား…ရာရာစစ
ပန်းမိသားစုကိုများ သူနဲ့ သဘောတူဖို့ အတင်းအကြပ်ကြိုးစားနေတာလား…မင်းဘာသာမင်း သေချင်ရင် ဝေးဝေးမှာသွားသေ...သူ့အစ်မကိုတော့ အပြစ်လွဲချဖို့ မကြိုးစားနဲ့...
"သခင်လေးယန် ဒါက နည်းနည်းတော့ အဆင်မပြေမှာ မဟုတ်ဘူး" အစမှအဆုံး စကားဝင်မပြောသည့် ရုံရှားသည် ပန်းဟွာကိုကြည့်ကာ စပြောလာသည်။
"ဒီကိစ္စက ကျွင်းကျူးကို ထပ်ပြီးအဆင်မပြေဖြစ်မှာကို စိုးမိတယ်"
ပန်းဟွာသည် ပန်းဟမ် လက်ထဲမှ ဝိုင်ခွက်ကိုဆွဲယူကာ၊ စွပ်ပြုတ်ပန်းကန်အား အစားထိုး၍ ပြန်ထည့်ပေးလိုက်သည်။
"ကျွန်မအတွက်တော့ လူတွေရဲ့အမြင်က ကိစ္စမရှိပါဘူး"
နောက်ငါးနှစ်ကြာရင် သူမအသက်ကိုတောင် ပိုင်ဖို့ မဖြစ်နိုင်တော့တာ၊ လောကကြီးက သူမကို ဘယ်လိုထင်နေလဲဆိုတာ ဘာလို့ ဂရုစိုက်မှာလဲ။
သူမစကားကိုကြားသော် ရုံရှားသည် သူ့နှလုံးသားကို တစ်စုံတစ်ခုက ထိုးဖောက်သွားသလို ခံစားမိသည်။ထိုခံစားချက်က နူးညံ့သိမ်မွေ့ပြီး အလွန်အမင်း မနာကျင်သော်လည်း ဖော်မပြနိုင်သော ခံစားချက်တစ်ခုဖြစ်ထွန်းစေ၏။
ထမင်းစားပြီးနောက် ရုံရှားသည် မြင်းပေါ်တက်ကာ ပန်းဟွာအား ပြောလိုက်သည်။
"ကျွင်းကျူး ရက်ပိုင်းအတွင်း ရှစ်မိသားစုရဲ့ ပွဲကို သွားမှာလား"
ပန်းဟွာက ခေါင်းခါလိုက်ပြီး
"မသိဘူး၊ ဖြစ်နိုင်ရင် သွားရမှာပေါ့"
"နားလည်ပါပြီ၊ကျွင်းကျူးက ကိုယ့်ကို အရင်တစ်ခါက အိမ်ပြန်ပို့တယ်မလား၊ဒီနေ့ မင်းကို အိမ်ပြန်ပို့ပေးရမလား၊ မကြာသေးခင်က ဝတ္ထုဇာတ်လမ်းတစ်ပုဒ် ကိုယ် ဖတ်ပြီးသွားတာလေ၊ ကျွင်းကျူး နားထောင်ချင်လား"
"ကောင်းပြီလေ...ပြောပြ" ပန်းဟွာ ရှည်ရှည်ဝေးဝေးမတွေးဘဲ သဘောတူလိုက်သည်။
"ပန်းဟမ်...."
ထိုအချိန်မှာ ကျိုးချန်ရှောင်က မြင်းစတင်စီးဖို့ ပြင်နေသည့် ပန်းဟမ်ကို ပြန်ဆွဲလိုက်ပြီး ရုံရှားကို တိတ်တဆိတ် လက်ညှိုးထိုးပြကာ မေးလေသည်။
"ချမ်အမ်မြို့စားမင်းက မင်း အစ်မအပေါ် ခံစားချက်ရှိနေတာလား"
"ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ပန်းဟမ် သံသယစိတ်ဖြင့် ခေါင်းယမ်းလိုက်သည်။ လွန်ခဲ့သော လေးနာရီက ဧကရာဇ်သည် မြို့စားမင်းရုံအား ဘယ်သူ့အပေါ် ခံစားချက်ရှိမရှိ ဆိုသည်ကို မေးမြန်းခဲ့သည်။မြို့စားမင်းရုံကလည်း မရှိပါဟုဖြေဆိုခဲ့သလို၊ သူ့အစ်မအပေါ် ခံစားချက်တစ်စုံတစ်ရာရှိနေပုံကို သူပါ မမြင်တွေ့ခဲ့ရပေ။
"သူက ဒီတိုင်း မျက်နှာပျက်မှာစိုးလို့ ပြောပေးတာပါ"
"ဘာကို မျက်နှာပျက်ရမလဲ" ကျိုးချန်ရှောင် နားမလည်နိုင်ပေ။
ပန်းဟမ် ဟိုသည် လှည့်ကြည့်ပြီး ဘယ်သူမှ မရှိသည်ကို မြင်မှ၊ မြင်းပေါ်မှ ခုန်ဆင်းပြီး ရုံရှားက သူ့အစ်မကို အိမ်ပြန်ပို့သည့်အကြောင်းအား နှုတ်ပိတ်ရသည်။
“မင်း ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့”
"စိတ်မပူပါနဲ့၊ငါက နှုတ်လုံပါတယ်၊ ဘယ်သူ့ကိုမှ မပြောဘူး" ကျိုးချန်ရှောင်က သက်ပြင်းချရင်း
"အစ်မက အရမ်းတော်ပါတယ်၊ ချမ်အမ်မြို့စားမင်းကလည်း အကျင့်သိက္ခာနဲ့ပြည့်စုံတဲ့သူလေ"
"ကောင်းပြီလေ၊သေချာတာကတော့ ငါတို့မိသားစုက ယန်မိသားစုနဲ့ လက်ထပ်တာကို သဘောတူမှာ မဟုတ်ဘူး၊မင်း ပြန်သွားပြီး ယန်ကျန်းကို လက်လျှော့ဖို့သာ ပြောပေတော့"
ကျိုးချန်ရှောင် ခေါင်းယမ်းကာ ပြုံးလိုက်သည်။ တစ်ကယ်တမ်း၊ဘာကြောင့် ယန်ကျန်း ယခုလို ဖြစ်နေမှန်း သူလည်း နားမလည်တော့ချေ။ပန်းမိသားစုနှင့် ယန်မိသားစုတို့၏ အိမ်ထောင်ရေး အောင်မြင်လျှင်တောင်မှ ပန်းဟွာကို ယောက္ခမဖြစ်သူက သဘောကျမှာမဟုတ်။
သူ့လို ဆန်ကုန်မြေလေးတောင် ဒါကို တွေးနိုင်ရင် ယန်ကျန်းက ဘာလို့ အဲဒါကို မစဉ်းစားမိတာလဲ…
လောလောဆယ် ယန်မိသားစုမှာ အခြေအနေမကောင်းပေ။သားဖြစ်သူသည် ဆောင်းဦးအမဲလိုက်ပွဲမှ ပြန်လာကတည်းက၊ပန်းမိသားစု၏ သမီးကို လက်ထပ်လိုသည်ဟု ပြောသောအခါ၊ သခင်မယန် စိတ်ညစ်ရတော့သည်။သူမဘက်က မည်သို့ပင်ဖြစ်စေ သဘောမတူနိုင်ပေ။ သို့သော် သားဖြစ်သူက အတော် ခေါင်းမာသည်။ ပန်းဟွာကြောင့် နေ့ရောညပါ မအိပ်သလို၊အစားလည်း ကျွေး၍မရတော့။
သူမနှင့် ဝန်ကြီးချုပ်သည် သားဖြစ်သူအတွက် သနားမိသောကြောင့် စေ့စပ်ကြောင်းလှမ်းရန် အောင်သွယ်တော် နှင့် မစ္စကျိုး ကိုသာ အကူအညီ တောင်းခဲ့ရသည်။ ပန်းမိသားစုက သဘောတူလျှင် တရားဝင်လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ပေးမည်ဖြစ်သည်။
သို့ရာတွင်၊ ပန်းဟွာလို မောက်မာပြီး ညံ့ဖျင်းထုံထိုင်းသော မိန်းမက သူ့ချွေးမဖြစ်လာမည်ဟု တွေးမိသည့်အခါ၊ သူမ ရင်ဘတ်ထဲက ဒေါသကို မျိုမချနိုင်တော့။သူမ၏ အဖိုးတန်သားလေးသည် ငယ်ငယ်လေးကတည်းက စာအုပ် အတော်ဖတ်သူပင်။အရာအရာကို ချင့်ချိန်နိုင်ပြီး ဉာဏ်ရည်ကလည်းထက်မြက်၏။ ဒီလိုမိန်းမမျိုးကို သူဘယ်လိုလုပ် ချစ်မိသွားတာလဲ။ သူ ယခုလိုဖြစ်လာမယ်ဆိုတာ သူမ သိခဲ့ရင် အစောပိုင်းနှစ်တွေမှာ သူ့ကို စည်းကမ်းတင်းကြပ်ထားမှာ မဟုတ်ဘူး...အရင်က မိန်းမတွေနဲ့ ရင်းနှီးခွင့် မပေးမိလို့ ပန်းဟွာလို မိန်းကလေးကို အတင်းအငမ်းမရ စိတ်ဝင်စားသွားတာ မဟုတ်ပါလား…
"သခင်မ မစ္စကျိုး ရောက်ပါပြီ"
"သူမကို ခေါ်လာပါ"
သခင်မယန် သည် အဝတ်အစားများကို သပ်ရပ်စွာ ပြင်ဆင်လိုက်ပြီး ခပ်မြန်မြန် ပြုံးရလေသည်။ထို့နောက် သူမသည် အစေခံတစ်ဦး၏အကူအညီဖြင့် အဆောင်ဝင်းထဲမှ ထွက်လာခဲ့သည်။ ခန်းမဆောင်ကြီးမှ ထွက်လာသည်နှင့် တပြိုင်နက် သူမ နောက်မှ ခြေသံများ ကြားလိုက်ရ၍ လှည့်ကြည့်ရာ အဖိုးတန်သားလေးအား တွေ့ရလေသည်။
"အမေ၊ မစ္စကျိုး ရောက်နေတာလား"
ယန်ကျန်း၏ ခန္ဓာကိုယ်သည် အနည်းငယ် အားနည်းနေသဖြင့် ဤမျှ လမ်းလျှောက်ရသည်ကိုပင် အလွန် မောပန်းနေပြီဖြစ်သည်။
သခင်မယန်က ပြုံးပြီး
"သားလေး၊ မစ္စကျိုးကို တွေ့ဖို့ ဒီလိုကြီးကတော့ မကောင်းသေးဘူးလေ.... သား အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ပါဦးကွယ်"
ထိုမှသာ ယန်ကျန်းသည် သူ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို သတိပြုမိလိုက်သည်။ သူ့အဝတ်အစားများကို အလျင်စလို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်သည်။ယခုထိ သူ့မိခင်၏ မျက်လုံးထဲမှ ဒေါသစိတ်ကို သူ မမြင်လိုက်ရချေ။
သခင်မယန် ပင်မခန်းမထဲကို ဝင်လိုက်သည်နှင့်၊ သူမ ပြင်ဆင်ပေးလိုက်သော လက်ဆောင်များ ပြန်ပါလာသည်ကို တွေ့လိုက်ရသည်။သူမ စိတ်ထဲမှာတော့ အခြေမနေမကောင်းမှန်းသိ၍ သားဖြစ်သူကို လှည့်ကြည့်လိုက်သည်။ သားဖြစ်သူခမျာမှာလည်း အသားအရည်က ဖြူဖျော့နေပြီး ထိတ်လန့်တကြားဖြစ်နေလေသည်။သူ့ကို ထိန်းထားသည့် အစေအပါးကြောင့်သာ မဟုတ်လျှင် သူ ချက်ချင်းလဲကျသွားနိုင်သည်။ သူမ၏ အချစ်ဆုံးသား လေးအား ယခုလို ပုံစံမျိုး မြင်လ်ိုက်ရ၍၊ ရင်ထဲ နာကျင်သွားသည်။
"အမေ၊ ကျွန်တော်နေကောင်းပါတယ်"
ယန်ကျန်းသည် အစေခံကို ဘေးသို့တွန်းလိုက်ပြီး မစ္စကျိုးအား ဦးညွှတ်လိုက်သည်။
မစ္စကျိုး စိတ်ထဲမှာလည်း မချိတင်ကဲခံစားနေရကာ ယဉ်ကျေးသော သခင်လေးအား ချီးကျူးမိ၏။
" သခင်လေးယန်က အရမ်းချောမောတာပဲ၊ ထိုင်ပါ သခင်လေး"
ယန်ကျန်း ထိုင်ပြီးနောက် “ကျင့်ထင်နယ်စားမင်းက ဘာပြောလိုက်တာပါလဲ"
သူ ကြမ်းပြင်ပေါ်က လက်ဆောင်များကို မကြည့်ဘဲ မျှော်လင့်ချက်အလင်းရောင်ကို ရှာနေသကဲ့သို့ မစ္စကျိုးကိုသာ တစိုက်မတ်မတ် ကြည့်လျက်ရှိသည်။
xxxxxxx