Chapter. 36
"ပန်းမိသားစုက သူတို့သမီးကို အရမ်း အလိုလိုက်ထားကြတာပါ၊ ဒါကို သခင်မယန် အရင်က ကြားဖူးမယ်ထင်တယ်"
မစ္စကျိုးသည် ယန်ကျန်း၏ ပူလောင်နေသောအကြည့်ကို ရှောင်ရှားရင်း ပြောလိုက်သည်။
"ပန်းမိသားစုက ပြတ်ပြတ်သားသား မငြင်းပါဘူး၊သူတို့ က ကလေးနှစ်ယောက်ရဲ့ အတွေးကို ထည့်စဉ်းစားဖို့ ပြောလိုက်ပါတယ်"
အပြောလေးက နားထောင်ကောင်းသော်လည်း ပန်းဟွာဘက်မှ သဘောတူခြင်း ရှိ၊ မရှိ သိနိုင်ပေသည်။မစ္စကျိုး သည် ယန်မိသားစုနှင့် မျက်နှာမပျက်ချင်သောကြောင့် ဘာမှ သိပ်ရှင်းရှင်းလင်းလင်း မပြောခဲ့ခြင်းပင်။ ကံကောင်းထောက်မစွာ၊ အခန်းထဲက လူတိုင်းသည် ထက်မြက်သူများဖြစ်၍ အဓိပ္ပါယ်ကို နားလည်ခဲ့ကြသည်။
ပန်းမိသားစုသည် ယန်မိသားစုကို လက်ထပ်ရန် ရည်ရွယ်ချက်မရှိမှန်း သခင်မယန် ကြားသောအခါ၊သူမ ဒေါသစိတ်တို့ ဖြစ်လာရတော့သည်။ သားဖြစ်သူနှင့် ထိုမိန်းကလေးမျိုး လက်ထပ်ခွင့်မပေးရသည့်အတွက် ဝမ်းသာမိသော်လည်း၊ ပန်းမိသားစု၏ ပြောင်ပြောင်တင်းတင်းနိုင်လှသော သဘောထားကိုလည်း သူမ နားလည်သည်။မြို့တော်မှ လူတိုင်း သူမတို့ ရန်မိသားစုနှင့် ရင်းနှီးချင်ကြသည်။တော်ဝင်ဆွေမျိုးများပင်လျှင် သူတို့ မိသားစုအပေါ် ယဉ်ကျေးစွာ ဆက်ဆံကြရသည်။ထို့ကြောင့် ပန်းမိသားစု၏လုပ်ရပ်က အတော် ရိုင်းစိုင်း၏။
ယန်ကျန်းက မစ္စကျိုးကို လှမ်းကြည့်သည်။
"မစ္စကျိုး...ပန်းဟွာကျွင်းကျူးက ကျွန်တော့်ကို လက်ထပ်ဖို့ ဆန္ဒရှိနေသရွေ့ ကျင့်ထင်နယ်စားမင်းနဲ့ နယ်စားမင်းကတော်တို့ကလည်း ဒီအိမ်ထောင်ရေးကို သဘောတူမယ်လို့ ပြောချင်တာပါလား"
မစ္စကျိုး ပြုံးလိုက်သည်။
"သခင်လေးယန်ရဲ့ အချိန်အများစုကို စာကျက်ရင်း ကုန်ဆုံးနေတာနဲ့တူပါတယ်၊ ပန်းမိသားစုက သူတို့သမီးကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ သခင်လေး မသိပါဘူး၊မိဘတွေအတွက်၊ သူတို့ကလေးတွေရဲ့ တစ်သက်တာပျော်ရွှင်ဖို့က အရေးကြီးဆုံးပဲ... သခင်လေးသာ ကျွင်းကျူး ရဲ့အချစ်ကို ရနိုင်မယ်ဆိုရင် ဘာကိုမှ စိတ်မပူစရာမလိုဘူး မလား"
“ဒါပေမယ့် ဘိုးဘွားတွေရဲ့ စည်းမျဥ်းအတိုင်း မိဘရဲ့ အမိန့်နဲ့ အောင်သွယ်ရဲ့ စကားနဲ့မှ အိမ်ထောင်ရေးတစ်ခု ဖြစ်လာသင့်တယ်”
သခင်မယန် မျက်မှောင်ကြုတ်ကာဆိုလိုက်သည်။ ပန်းမိသားစုက ရှေးထုံးကိုပယ်နေသည်ဟု သူမ ခံစားမိသည်။
"သားသမီးကို အရမ်းအလိုလိုက်ချင်ရင်တောင် စည်းကမ်းကို စောင့်ထိန်းသင့်တယ်လေ"
မစ္စကျိုးက ပြုံးပြသော်လည်း ဘာမှပြန်မပြော။သူမ စိတ်ထဲတွင်တော့ တစ်ဖက် မိဘများက ထုံးတမ်းကို ပယ်ချနေတာကြောင့်၊လက်လျှော့ကာ သားဖြစ်သူအား အခြားမိန်းကလေးတစ်ယောက်ကို ရှာပေးသင့်သည်ဟု တွေးမိသည်။ ပန်းမိသားစုရဲ့သမီးကိုမှ လက်ထပ်ဖို့ ဘာလို့ စိတ်အားထက်သန်နေရတာလဲ၊နှုတ်က ဘယ်လောက်ပဲပြောပြော တစ်ဖက်က လက်ထပ်ပွဲဖျက်လိုက်တာကိုတော့ မခံချင်ဖြစ်နေတာပဲ မလား…
သူမ၏ခင်ပွန်းနှင့်လက်ဝဲဝန်ကြီးချုပ် ယန်တို့သည် နှစ်ပေါင်းများစွာ သူငယ်ချင်းကောင်းတွေဖြစ်ခဲ့၍သာ ဤကိစ္စအတွက် ကူညီပေးမိတာပင်။သို့သော် သူမက သခင်မယန်နှင့် ကောင်းမွန်သော ဆက်ဆံရေးမရှိချေ။ သခင်မယန်သည် စည်းမျဥ်းစည်းကမ်းများကို လိုက်နာသူဖြစ်သည်။သူမသည် အစေခံများကို တင်းကြပ်ရုံသာမက မိသားစုကိုလည်း စည်းကမ်းတင်းကြပ်ထားသည်။ သူမကိုယ်တိုင်ပင် စည်းကမ်းကြီး၍ တက်တက်ကြွကြွဟူ၍ မရှိတော့။
"ရှစ်မိသားစုက နှစ်ရက်အတွင်း ပွဲကျင်းပမှာပါ၊ ပန်းဟွာကျွင်းကျူးလည်း အဲဒီမှာပဲ ရှိမယ်လို့ ပြောပါတယ်" မစ္စကျိုး ပြောပြောဆိုဆိုမတ်တပ်ရပ်လိုက်သည်။
"ကျွန်မလည်း ပြောပြီးပြီဆိုတော့ အခုပဲ ထွက်သွားသင့်နေပြီထင်ပါတယ်"
သခင်မယန်က သူမအား ညစာစားသွားဖို့ ထပ်ခါတလဲလဲ ဖိတ်ကြားသော်လည်း၊ မစ္စကျိုး ငြင်းဆန်လိုက်သည်။သူမသည် ယန်မိသားစုအိမ်မှ ထွက်သွားပြီးနောက် သက်ပြင်းချကာ ခေါင်းကိုသာ အကြိမ်ကြိမ်ခါယမ်းမိသည်။ထိုသို့သောမိခင်မျိုး ပိုင်ဆိုင်ထားရသည့် သခင်လေးယန်ခမျာ သူ့အိပ်မက်ကို အကောင်အထည်ဖော်ရန် ခက်ခဲပေလိမ့်မည်။သူမ မြင်းလှည်းပေါ်ထိုင်ရင်း ထိုအကြောင်းကို ပိုတွေးလေလေ၊ အောင်မြင်ရန် ခက်ခဲမှန်းသိလာရ၏။
သူမ ပြတင်းကန့်လန့်ကာကို ဟကြည့်လိုက်ရာ၊ရှေ့တွင် ယောက်ျားနှင့် မိန်းမတစ်ယောက်သည် မြင်းစီး၍ မျက်နှာချင်းဆိုင်မှလာနေသည်ကို တွေ့လိုက်ရသည်။ သူတို့နောက်မှာလည်း သက်တော်စောင့်များရှိသည်။ သူတို့ပုံစံက လမ်းကြုံ၍ နှုတ်ဆက်ခြင်းမျိုးမဟုတ်ဘဲ ရင်းရင်းနှီးနှီး မိတ်ဆွေအရင်းလို ပြောဆိုနေကြခြင်းပင်။ ထိုမျှမကသေး၊ ယောက်ျားဖြစ်သူ၏ မျက်နှာကလည်း သာမာန်ထက်လွန်ကဲစွာ နူးညံ့လျက်ရှိသည်။
ချမ်အမ်မြို့စားမင်း နဲ့ ပန်းဟွာကျွင်းကျူးက အသိအကျွမ်းတွေလား။ ဒီအကြောင်းကို သူမလည်း အရင်က မကြားခဲ့ဖူးပါဘူး…သူမ ခဏလောက်စဉ်းစားပြီးမှ မြင်းလှည်းအပြင်ဘက်က အစေခံကို ပြောလိုက်သည်။
“လမ်းကြောင်းပြောင်းပြီး မောင်းပါ”
ပန်းဟွာ နားမလည်နိုင်စွာဖြင့် ရုံရှား၏ ဇာတ်လမ်းကို မေးလျက်ရှိသည်။
"မဟုတ်သေးပါဘူး၊ အဘွားကြီးက ဘာလို့ သူ့ချွေးမကို မကြိုက်တာလဲ၊သူ့ချွေးမက မိသားစုထဲကို ဝင်လာတာမလား"
ရုံရှားက ခဏလောက်စဉ်းစားပြီး
"သူ့စိတ်ထဲမှာတော့ သူ့ချွေးမက သူ့သားကို သိမ်းသွားတဲ့ အဓိကတရားခံလို့ တွေးနေတာ ဖြစ်မှာပေါ့...တောင်းပန်ပါတယ်...မင်း မေးခွန်းကို ကိုယ် ကောင်းကောင်းမဖြေနိုင်ဘူး"
ပန်းဟွာသည် ရုံရှားခမျာ မိသားစု ဆုံးရှုံးထားရသူမှန်း သတိရသွားကာ သူမ၏မေးခွန်းက ခက်ခဲလွန်းမှန်း ခံစားမိသည်။
"ဟုတ်တယ်နော်၊ရှင်ကလည်း ယောက္ခမ မဖြစ်ဖူးဘူး ဆိုတော့ ဘယ်နားလည်ပါ့မလဲ"
သူမ၏ အဖွားနှင့် မိခင်ဖြစ်သူသည် ဆက်ဆံရေး အလွန်ကောင်းသည်။ သူမတို့နှစ်ယောက်က သားအမိအရင်းဖြစ်ပြီး ဖခင်ဖြစ်သူကပင် မွေးစားသားလို ဘေးရောက်လျက်ရှိနေသည်။ ထို့ကြောင့် သူမလည်း ထိုစာဂျပိုးဆိုသည့်လူနှင့် လက်ထပ်ပြီးပါက၊ ယောက္မဖြစ်သူနှင့် သူမ ဘယ်လိုပေါင်းသင်းရမှန်း မတွေးကြည့်ရဲသလောက်ပင်။သူမသည် ငယ်စဉ်ကလေးဘဝကတည်းက မိသားစုများထံမှ အလိုလိုက်အချစ်ခံကာ ကြီးပြင်းလာရသူပင်။
"လက်ဝဲဝန်ကြီးချုပ်ယန်ရဲ့ ဇနီးသည်က မြင့်မြတ်တဲ့မိသားစုက ဆင်းသက်လာတယ်လို့ ပြောတယ်၊ သူမရဲ့အဖေကလည်း အရမ်းနာမည်ကြီးတဲ့ ပညာရှိ တစ်ယောက်တဲ့၊ ဒီတော့ သူမက ဆက်ဆံရေးပြေပြစ်ပြီး ပေါင်းသင်းရလွယ်ကူသူပဲ ဖြစ်မှာပါ"
“ပညာရှိ"ဟူသော စကားလုံးသုံးလုံးကိုကြားသော်၊ ပန်းဟွာသည် ရူးကြောင်ကြောင်အတွေးများတွေးပြီး ကျင့်ဝတ်သိက္ခာများနှင့် ပြည့်နှက်နေသော ပညာရှိကြီးများအား တွေးကြည့်မိသည်။ထိုသူများသည် ရှေးရိုဆန်ပြီး စိတ်ဆတ်တတ်သည်။အထူးသဖြင့် မိသားစုဝင် မိန်းကလေးများအား အထူးတင်းကြပ်ထားကြသည်။သမီးမိန်းကလေးများဆိုလျှင်လည်း အိမ်ပြင်ကို ပေးမထွက်ကြ။သမီးမိန်းကလေးများအား လက်မထပ်မီ အပိုင်ချုပ်ခြယ်ကြပြီး လက်ထပ်ပြီးမှသာ ခင်ပွန်းလက်ထဲ ဝကွက်အပ်လိုက်ကြသည်။
မြို့တော်မှ ကောလဟာလများကလည်း ပျံ့နှံ့လျက်ပင်။ မြို့တောင်ပိုင်းရှိ ပညာရှိအချို့ကလည်း အမျိုးသမီးများသည် ခင်ပွန်းသည်နှင့်အတူ အတူသင်္ဂြိုဟ်ဖို့ ခိုင်းစေကြသည်ဟုပင် ကြားသိရသည်။မုဆိုးမတစ်ယောက် နောက်အိမ်ထောင်ပြုပါကလည်း၊ထို ပညာရှိတို့က ကျိန်ဆဲပြီး အရှက်ခွဲခံမည်ဖြစ်သည်။
ပိုလို့တောင် ရယ်စရာကောင်းတာက ဒီပညာရှင်တွေက အမျိုးသမီးတွေကို ဒီလိုလုပ်စေချင်တယ်လို့ အမြဲပြောနေပေမယ့် သူတို့ရေးတဲ့ စာအုပ်တွေထဲမှာ အဲဒီမြေခွေးမသေနိုင်တဲ့ မိန်းမပျိုလေးတွေက အမြဲတမ်း လှပပြီး ချမ်းသာတဲ့ နေရာကချည်းပဲလေ... ဆင်းရဲနွမ်းပါးပြီး ရုပ်လှသည့် မိန်းကလေးကို ထိုပညာရှိဆိုသူများကပင် အစေခံပင်ဖြစ်ရဖြစ်ရဟူ၍ ဝပ်တွားခယနေကြ၏။
အဲ့ဒီ ပညာရှိတွေဟာ အရှက်ကင်းမဲ့ပြီး စိတ်ကူးယဉ်ဆန်လွန်းတယ်....သူတို့ ဘာကြောင့် အင်ပါယာ စာမေးပွဲတွေကို ဖြေဆိုနိုင်ကြတာလဲ… တဲထဲမှာပဲ လှဲလျောင်းပြီး တစ်နေ့လုံး အိပ်မက်ပဲ မက်နေလိုက်ပါလား…
ဤအရာများကြောင့် သခင်မယန်သည် ပညာရှိကြီးတစ်ဦး၏သမီးဖြစ်ကြောင်း ရုံရှားထံမှ ကြားသိရသဖြင့် ပန်းဟွာ သည် ယန်မိသားစု၏ သခင်လေးကို မတွေ့ဆုံခင်ကတည်းက စိတ်ဝင်စားမှုပျောက်ဆုံးသွားခဲ့သည်။ သူမသည် မရေမတွက်နိုင်သော ရွှေ၊ ငွေ၊ ရတနာများဖြင့် ဂုဏ်သိက္ခာရှိသော ကျွင်းကျူးတစ်ဦးဖြစ်သည်။ ခေါင်းတောင်မထောင်နိုင်တဲ့ ဘဝကို သူမ ဘာကြောင့် ရှင်သန်ရမလဲ...သူမမှာ ဦးနှောက်ရောဂါ မရှိပါဘူး...
သူတို့နှစ်ယောက် စကားပြောပြီး ရယ်မောရင်း ကျင့်ထင်နယ်စားမင်း အိမ်တော် တံခါးဝကို ရောက်သွား၏။ရုံရှားသည် အိမ်တော်တံခါးဝရှိ ကမ္ဗည်းပြားကို ကြည့်ကာ ပန်းဟွာထံသို့ ဦးညွှတ်လိုက်သည်။
"ကျွင်းကျူး၊ ကိုယ် သွားပါတော့မယ်"
"ခဏနေပါဦး" ပန်းဟွာက ရုံရှားကို တားလိုက်သည်။
"ချွေးမဖြစ်သူ သတ်သေပြီးတဲ့နောက် ယောက္ခမကြီးလည်း လက်စားချေခံရလား"
ရုံရှား၏ အကြည့်သည် ပန်းဟွာ၏ ဆံပင်ထက်ရှိ ရွှေရောင်သရဖူကို စိုက်ကြည့်ရင်း ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
"ဟင့်အင်း...အဲ့ဒီ ဇာတ်လိုက်ပညာရှိက ကံကောင်းသွားတာ၊သူက နောက်ပိုင်းမှာ အရာရှိကြီးတစ်ယောက်ရဲ့ သမီးနဲ့ လက်ထပ်ခဲ့တယ်၊သူ့အမေကလည်း သခင်မဘွဲ့ကို အပ်နှင်းခံရပြီး ဘဝကို သက်တောင့်သက်သာနဲ့ နေထိုင်သွားခဲ့တယ်"
ပန်းဟွာက နှုတ်ခမ်းကို မဲ့လိုက်သည်။
"ဒီဇာတ်လမ်းက မကောင်းပါဘူး၊အရင်တစ်ခါက ဇာတ်လမ်းကမှ ပိုစိတ်ဝင်စားဖို့ကောင်းတာ"
"မင်း မကြိုက်ရင် မင်းစိတ်ဝင်စားတဲ့ ဇာတ်လမ်းတချို့ကို ကိုယ် ရှာပေးမယ်လေ...ကိုယ်လည်း ဒီဇာတ်လမ်းရဲ့အဆုံးသတ်က အဆင်မပြေဘူးလို့လည်း ထင်မိတယ်"
ရုံရှားသည် သူမနှင့် စိတ်သဘောထားချင်း တူညီနေကြောင်းကို မြင်လိုက်ရသဖြင့် ပန်းဟွာ ပျော်လာသလိုရှိသည်။
တုကျိုးက ပန်းမိသားစု၏။အိမ်တော် တံခါးမှ ထွက်သွားပြီးနောက် စကားပြောလေသည်။
"မြို့စားမင်း ပြောတာ မှားနေပြီ"
"ဘာမှားလို့လဲ"
“အဲဒီအဘွားကြီးဟာ သခင်မ ဘွဲ့ကို မရခဲ့ပါဘူး၊သူ့ချွေးမကို သေတဲ့အထိ ညှဉ်းပမ်းနှိပ်စက်တဲ့အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်၊အဲဒီ့အတွက်ကြောင့် သားဖြစ်သူရဲ့ အသက်မွေးဝမ်းကြောင်းကလည်း မချောမွေ့ခဲ့ပါဘူး၊နောက်ပိုင်း သူကလည်း အရက်စွဲပြီး ဘဝပျက်သွားခဲ့တာပါ"
တုကျိုး ခြောက်ကပ်စွာ ချောင်းဆိုးသည်။
"ဒီဇာတ်လမ်းရဲ့ မူရင်းဇာတ်သိမ်းကို ပန်းဟွာကျွင်းကျူးက ပိုကြိုက်လိမ့်မယ်လို့ ကျွန်တော် ခံစားရပါတယ်"
"ဟုတ်လား...." ရုံရှား က ခပ်ဖျော့ဖျော့ပြုံးပြီး မြင်းခေါင်းကို ပုတ်လိုက်သည်။
"ဟုတ်တယ် ဇာတ်သိမ်းက အရမ်းကောင်းမယ်ထင်တယ်"
သုံးရက်လောက်ကြာသော်...
ပန်းဟွာ မှန်ရှေ့မှာထိုင်ပြီး သေသေချာချာ ဝတ်စားဆင်ယင်လျက်ကှိသည်။ပန်းဟမ်က သူမနောက်မှ စားပွဲမှာထိုင်ပြီး ပုလဲလည်ဆွဲနှင့် ကစားနေသည်။
"အစ်မ၊ ဒီနေ့ ယန်ကျန်းကို ငြင်းဖို့ သွားတာမဟုတ်ဘူးလား၊ဘာလို့ အစ်မ ကိုယ့်ကိုယ်ကို ပိုရုပ်ဆိုးအောင် မလုပ်သွားတာလဲ၊ ဒါမှ ဟိုက စိတ်ပျက်မှာပေါ့"
"သူ့ကို ငြင်းတာက ငါ့အလုပ်ပါ၊သူလက်လျှော့၊ မလျှော့လျှော့ ငါနဲ့မဆိုင်ဘူး၊သူ့လို အရေးမကြီးတဲ့လူတစ်ယောက်ကြောင့် ငါ့ကိုယ်ငါ ဘာလို့ ရုပ်ဆိုးအောင်လုပ်ရမှာလဲ"
ပန်းဟွာသည် နှုတ်ခမ်းနီကို လက်ဖြင့် ဖိ၍ ဆိုးလိုက်ရာ ပန်းနုရောင်ဖြစ်လာပြီးနောက် လက်ချောင်းများကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။
"မိန်းမတစ်ယောက်ရဲ့ အလှက ရွှေထက် ပိုတန်ဖိုးကြီးတယ်၊ငါ အထင်မကြီးတဲ့ ယောက်ျားတစ်ယောက်ကို ငြင်းရုံနဲ့ ဘာကိစ္စ ငါ့ကိုယ်ငါ နှိမ့်ချရမှာလဲ"
"ယန်ကျန်း ၊အစ်မကိုချစ်တဲ့စိတ်ကြောင့် သူ အစ်မကို မုန်းသွားမယ်ထင်တယ်"
ပန်းဟမ်သည် သူ့အစ်မ၏ အလှအပကို စွဲလမ်းနေသော အလေ့အထကို စိတ်မရှည်တော့။သူတို့မိသားစုမှလွဲ၍ တစ်ကမ္ဘာလုံးတွင် သူမသည် အလှအပကို အလွန်အမင်း စွဲလမ်းနေမှန်း မသိနိုင်ချေ။သူမ၏ ညအိပ်ဝတ်စုံကိုပင် အနည်းဆုံးပုလဲလုံးကလေးများဖြင့် သီချုပ်ဝတ်တတ်သည်။ထိုကဲ့သို့ ခမ်းနားသော ညအိပ်ဝတ်စုံနှင့်အိပ်မှ သူမ အိမ်မက်လှလှမက်မည်ဟု ပြောလေသည်။
အိပ်တဲ့အခါကျမှ ဘာလို့ တခမ်းတနားကြီးအိပ်မှာလဲ၊နေဦး...အခု သူမ လှနေတာက ဘယ်သူ့အတွက်လဲ... သူမ ဘယ်သူ့အတွက် လှအောင်နေနေတာလဲ!
“ဟင့်အင်း”
ပန်းဟွာ မှန်ရှေ့မှာ ထရပ်လိုက်သည်။သူမ၏ ရှုပ်ထွေးပြီး တလက်လက်ဖြစ်နေသော ဝတ်စုံသည် ညကောင်းကင်ယံတွင် တောက်ပနေသော ကြယ်ပွင့်များလို လက်လက်ထလျက်ရှိသည်။လှပလွန်း၍ တခြားသူများ သူမကို အကြည့်ခွာနိုင်မှာမဟုတ်တော့။
"မြို့တော်တစ်ခုလုံးမှာ ငါ့ကိုမုန်းတဲ့ ယောက်ျားတွေ ၊မိန်းမတွေ အများကြီးပဲ၊သူလည်း ငါ့ကိုမုန်းချင်ရင် နောက်ကနေ ဖြည်းဖြည်းချင်း တန်းစီလိုက်"
မည်သို့ပင်ဆိုစေကာမူ သူမသည် လာမည့်ငါးနှစ်အတွင်း ကိုယ့်အသက်ကိုပင် ရှင်သန်နိုင်မည်မဟုတ်ပေ။ ဒီလူတွေရဲ့ အတွေးကို သူမဘာကြောင့် ဂရုစိုက်နေရမလဲ။ ရယ်စရာကောင်းလိုက်တာ...
ပန်းဟမ်သည် သူ့အစ်မကို ကြောင်တက်တက်ဖြင့် ကြည့်နေသည်။ သူမရဲ့ အလှကို အသုံးချပြီး အိမ်ထောင်မပြုရင်၊ အနာဂတ်မှာ သူမက ဘာလုပ်ဖို့ တွေးထားတာလဲ။
"ဘာလို့ ကြောင်စီစီဖြစ်နေတာလဲ" ပန်းဟွာသည် သူမ၏ အင်္ကျီကို ကြည့်ကောင်းအောင် ပြင်ဆင်ရင်း ပြောသည်။ "သွားကြရအောင်"
"အစ်မ၊ဟိုကျရင် ပိုလိုမကစားဘူးလား၊"
"အရူး" ပန်းဟွာက ပန်းဟမ်၏နဖူးကို ညင်သာစွာ ပုတ်လိုက်သည်။
" ရှစ်ဖေးရှန့်နဲ့ ငါ့ရဲ့ဆက်ဆံရေးက အမြဲတမ်းအေးစက်နေခဲ့တာ၊ငါ ပိုလိုကစားချင်ပေမယ့်လည်း သူမနဲ့ဆို မကစားချင်ဘူး"
"ဒါဆို ဒီနေ့ ကျွန်တော်တို့မကစားရဘူးလား" ပန်းဟမ် ခေါင်းခါလိုက်သည်။
"ဒါပေမယ့် ရှဲ့မိသားစုရဲ့ မိန်းကလေးတွေနဲ့ နီးစပ်တဲ့ မိန်းမပျိုလေးတွေကလည်း တစ်ကယ်ကို သိမ်သိမ်မွေ့မွေ့လေးနေကြတာလေ၊တော်ကြာနေ သူတို့နဲ့ဆော့ရင် သူတို့ ငိုသွားမှာ"
သူမနှင့် ရင်းနှီးသော မိန်းကလေးအများစုမှာ စစ်တပ်အရာရှိများ၏ သမီးများ ဖြစ်သည်။ကံမကောင်းစွာပင်၊ ထိုသူများအချို့သည် ရာထူးတက်ရန်အတွက် မိသားစုများနှင့်အတူ အခြားနေရာများသို့လိုက်သွားခဲ့ကြသည်။ တချို့ကလည်း အိမ်ထောင်ကျပြီးသားဖြစ်၍ သူတို့နှင့် ကစားချင်စိတ် မရှိ။
ကျွင်းကျူးတစ်ယောက်အနေနှင့် ပန်းဟွာမှာ ကိုယ်ပိုင်မြင်းလှည်းရှိသည်။ သူမ၏ အစေခံများနှင့် မြင်းများအားလုံးကို ပြည်ထဲရေးဝန်ကြီးဌာနမှ စီစဉ်ပေးခဲ့သည်။ကျွင်းကျူးရာထူးချင်တူလျှင်တောင် ဧကရာဇ်မှ အထူးအရေးပေးခံရသည့် ကျွင်းကျူးများမှာ တမူထူးခြားသည်။သူတို့ကို မြင်ရုံဖြင့် ဘယ်သူက ဧကရာဇ်၏ အချစ်တော်မှန်း ပြောပြနိုင်ပေ၏။
ဥပမာအားဖြင့်၊ ပန်းဟွာ၏မြင်းလှည်းကို မြင်းခြောက်ကောင် ဆွဲသည်။မြင်းတိုင်းသည် ခံ့ညားပြီး သန်မာသည်။ ပြည်တွင်းရေးရာဝန်ကြီးဌာနက သေချာရွေးချယ်ထားခြင်းပင်။ရထားကိုလည်း သပ်သပ်ရပ်ရပ် လုပ်ထားပြီး ရထား၏အရောင်သည် ကျွင်းကျူးတစ်ယောက်အတွက် ချမှတ်ထားသော စံနှုန်းထက် မကျော်လွန်သော်လည်း အသုံးပြုသည့်ပစ္စည်းများနှင့် အလှဆင်ပစ္စည်းများမှာ တော်ဝင် မင်းသမီးတစ်ပါးနှင့် ဆင်တူသည်။
သို့သော်ငြားလည်း ပန်းဟွာ မကျေနပ်မှာကို ပြည်တွင်းရေးရာ ဝန်ကြီးဌာနက စိုးရိမ်နေသေးသည်။မြင်းလှည်းအတွင်းပိုင်း၌ အလွန်လှပသော ကျောက်မျက်ရတနာအချို့ကိုပင် မြှုပ်နှံထားပြီး အနူးညံ့ဆုံးကူရှင်များကို လည်း ခင်းထားသည်။သူတို့သည် ပန်းဟွာထံမှ ချီးမွမ်းစကားတစ်ခွန်း လိုချင်တာကြောင့် အသေးစိတ်လုပ်ထားတာပင်။
ခန်းနင်သည်လည်း ကျွင်းကျူးဖြစ်၍ ပန်းဟွာ ၏မြင်းလှည်းနှင့် အတူတူပင်။ သို့သော်လည်း ရှစ်မိသားစု ၏ နေအိမ် အဝင်ဝမှာ မြင်းလှည်းနှစ်စင်း ပေါ်လာတသည့်အခါ သူတို့ နှစ်ယောက်ထဲက ဘယ်သူက ပိုပြီး အဆင့်မြင့်၍ အလေးပေးခံရသူမှန်း သိသာသွားသည်။ ရှစ်မိသားစု၏ကျေးကျွန်များကလည်း ပန်းဟွာကို ပို၍ရိုသေစွာ ဆက်ဆံကြသည်။
တော်ဝင်စာမေးပွဲတွင် တတိယဆုရရှိခဲ့သူကိုပင် ရာထူးမှ ရပ်စဲစေကာ၊သူမကသာ ကျွင်းကျူးအဖြစ် ရာထူးတို့ခြင်းခံရအောင် ထက်မြက်သော တော်ဝင်မိသားစု၏ အချစ်တော်လေးအား ဘယ်သူကမှ မစော်ကားဝံ့ကြပေ။
xxxxxx