Chapter.37
ပန်းဟွာသည် သူမကို ကြောက်နေသူများအား မြင်တိုင်း စိတ်မချမ်းသာပေ။သူမကိုယ်တိုင်ကအားနည်းသူများကို အနိုင်ကျင့်နေသလို ခံစားရစေသည်။ ရှစ်မိသားစု၏ အစေခံများ၏ ရိုကျိုးသောပုံစံကိုကြည့်ပြီး သူမ ဂုဏ်ယူစိတ်မဖြစ်ပေ။ထို့ကြောင့် သူမ ဘေးနားက အစေခံများကို ငွေတုံးလက်တစ်ဆုပ်စာ ဆုချပြီး အစေခံတစ်ယောက်၏ လက်ကိုတွဲစေလျက် ခြံဝင်းထဲကို လျှောက်သွားသည်။
ခန်းနင်သည် ပန်းဟွာကိုမြင်သောအခါ၊ ရည်ရွယ်ချက်ရှိရှိ ခြေတစ်လှမ်း နောက်ပြန်ဆုတ်လိုက်သည်။ ပန်းဟွာ ရထားပေါ်မှ ဆင်းပြီးနောက်မှ သူမလည်း မြင်းလှည်းမှ ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။ထို့နောက် တံခါးဝမှ အစေခံများက ပန်းဟွာအား ရိုကျိုးနေပုံကို အေးစက်စွာကြည့်နေမိ၏။ယခုထိ သူမ မျက်နှာက တည်တံ့လျက် ဘယ်လိုအမူရာမျိုးမှ ဖြစ်မနေပေ။
တံခါးစောင့်သည် ဆုချခံရ၍ ဝမ်းသာနေခိုက် လှည့်ကြည့်လိုက်ရာ မင်းသမီး ခန်းနင် တံခါးဝမှာ ရပ်နေသည်ကို တွေ့လိုက်ရ၏။သူ လန့်သွားပြီး ငွေတုံးများအား အိတ်ထဲအမြန်ထည့်၍ ခန်းနင် အား "မင်္ဂလာပါ ကျွင်းကျူး ပွဲကို ခြံဝင်းထဲမှာ ကျင်းပပါမယ်၊ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပါ"
" အလျင်စလိုလုပ်စရာ မလိုပါဘူး၊ ဒီနေ့က ဧည့်သည်တွေ အများကြီးပဲ၊ သူတို့ကို သွားဂရုစိုက်လိုက်"
ခန်းနင်သည် အစေခံ၏ ပြာယာခတ်နေပုံကိုမြင်ပြီး မသက်မသာ ပြုံးလိုက်သည်။
"ငါ ဒီကို ခဏခဏရောက်ဖူးတယ်၊ မင်းလမ်းပြဖို့ မလိုဘူး၊ ငါကိုယ်တိုင်သွားမယ်"
အစေခံခေါင်းဆောင်ကလည်း ခန်းနင်ကို တစ်ယောက်တည်း ဝင်ခွင့်မပေးရဲပေ။ သူမက ကမန်းကတန်း ကြားဝင်တောင်းပန်ပြီး ခန်းနင်ကို အထဲ ခေါ်သွားသည်။အိမ်အကူအိုကြီး၏ ရိုသေလေးစားသော ဟန်ပန်ကို မြင်လိုက်ရသဖြင့် ခန်းနင်သည် အစေခံများက ပန်းဟွာကို ရိုကျိုးစွာဝိုင်းရံထားသော်လည်း၊သူမကိုမူ ဘာမှမဖြစ်သလို ဆက်ဆံသည့်အတွက် စိတ်ထဲ ရှတတဖြစ်နေမိလေသည်။
တစ်ယောက်က ဧကရာဇ်က အရေးပေးထားသော ကျွင်းကျူး ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဧကရာဇ်မင်းမြတ်၏ အမျက်တော်ရှခြင်း ခံနေရသော ကျွင်းကျူး တစ်ယောက်ပင်။ ဘယ်သူက ပိုအရေးကြီးမှန်း မြို့တော်ရှိ မှူးမတ်များပင်မဆိုထားနှင့်၊အစေခံများပင် သိသည်။
ကျုံးဖျင်နယ်စားမင်း ၏ သမီးတော်သည် ဒုတိယမင်းသားနှင့်လက်ထပ်တော့မည်ဖြစ်သော်လည်း ရှဲ့မိသားစု၏အကြီးဆုံးသားကိုအကျဉ်းချထားဆဲဖြစ်သည်။ အကြောင်းရင်းက သူ့လက်အောက်ငယ်သားများကို သာမန်ပြည်သူတို့အား အနိုင်ကျင့်စေတာကြောင့်ပင်။ပြစ်မှုပြင်းထန်ပါက ခေါင်းဖြတ်ခံရနိုင်သည်။ ရာဇ၀တ်မှု ပေါ့ပါးပါက သာမန်ပြည်သူလူထုကို စော်ကားသော သူ၏လက်အောက်ငယ်သားများကိုသာ အပြစ်ပေးနိုင်သည်။ သို့သော်လည်း ဧကရာဇ်မင်းသည် ဤကိစ္စကို နှောင့်နှေးထားခဲ့သဖြင့်၊ ရှဲ့မိသားစု၏ အကြီးဆုံးသားမှာ ထောင်ကျနေဆဲဖြစ်သည်။
အချိန်ဆွဲရခြင်း အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်းမှာ ဧကရာဇ်သည် မကြာသေးမီက အတော်လေး ဇောင်းကြွ၍ ပမာမခန့်လုပ်နေသော ဒုတိယမင်းသားကို နှိမ်နှင်းလိုခြင်းကြောင့် ဖြစ်နိုင်သည်။အကြောင်းရင်း၏နောက်ထပ်တစ်စိတ်တစ်ပိုင်းမှာ ပန်းမိသားစုကြောင့်ပင် ဖြစ်သည်။
ရှစ်ဖေးရှန့်၏ အစ်မဖြစ်သူသည် အိမ်ရှေ့စံမင်းသမီးဖြစ်ပြီး အနာဂတ်ဧကရီဖြစ်သည်။ သို့သော် ရှစ်ဖေးရှန့်သည် ပန်းဟွာကို မလေးစားမပြုဝံ့ပေ။အကြောင်းရင်းမှာ ဧကရာဇ်နှင့် ဧကရီတို့သည် ပန်းဟွာကို မျက်နှာသာပေးသောကြောင့်ပင်။ အိမ်ရှေ့စံ ကိုယ်တိုင်ကပါ ပန်းမိသားစုနှင့် အလွန်နီးစပ်သောကြောင့် ဖြစ်သည်။ အိမ်ရှေ့စံမင်းသမီးနှင့် အိမ်ရှေ့မင်းသားကို ပြဿနာမတက်စေချင်ဘူးဆိုလျှင် ပန်းဟွာကို ရှစ်မိသားစုက ကောင်းကောင်းဆက်ဆံရပေမည်။
တစ်ဖက်တွင်၊ ရှစ်မိသားစုနှင့် ယန်မိသားစုကြား ဆက်ဆံရေးသည် အဆင်ပြေသည်ဟုဆိုင်နိုင်၏။တစ်ယောက်က လက်ဝဲဝန်ကြီးချုပ်ဖြစ်ပြီး ကျန်တစ်ယောက်က လက်ယာဝန်ကြီးချုပ်ဖြစ်သည်။အချင်းချင်း အလွန်အမင်း ရင်းနှီးနေကြတာလည်းမဟုတ်ပေ။ အကယ်၍ သူတို့အချင်းချင်းသာ သူငယ်ချင်းကောင်းများဖြစ်လျှင် ဧကရာဇ်ကိုယ်တိုင်က သူတို့ကို ဘယ်ညာ ၀န်ကြီးချုပ်များအဖြစ် ခန့်အပ်မည်မဟုတ်။ ရှစ်မိသားစုနှင့် ယန်မိသားစုတို့သည် လူငယ်များစုဝေးပွဲကို တက်ရောက်လေ့ရှိသော်လည်း အချင်းချင်း သိပ်ခေါ်ပြောမလုပ်ကြပေ။
သို့သော် ယနေ့အခြေအနေမှာ အနည်းငယ်ထူးဆန်းနေသည်။ ဝန်ကြီးချုပ်ယန်၏ အချစ်ဆုံးသားသည် ရှစ်မိသားစု၏ အိမ်တော်အဝင်ဝတွင် နံနက်စောစောကတည်းက ပေါ်လာသည်။ တက်ကြွနေသော သူ့ပုံစံကြောင့် ရှစ်မိသားစုပင် အံ့ဩဘနန်းဖြစ်နေရလေသည်။သို့သော် အပြင်ပန်းကမူ ဧည့်ဝတ်ကျေပွန်ရပေမည်။ လက်ဖက်ရည်ကောင်းကောင်းတိုက်ကာ အဆာပြေကျွေးရသည်။သူ့ကို ဧည့်ခံဖို့ သီးသန့်အစေခံတစ်ယောက်ပင် ထားပေးသည်။ ဤသည်မှာ ရှစ်မိသားစုက ကျင့်ဝတ်ကို မသိမနားလည်ကြောင်း ကောလာဟလများ မပြန့်ပွားစေရန် တားဆီးရန်ဖြစ်သည်။
"သခင်လေးယန်...ရောက်လာပြီလား!"
ဧည့်သည်များနှင့်အတူလိုက်ပါလာသော သခင်လေးယန်သည် နှုတ်ဆက်နေသော ရှစ်ကျင်းကိုတွေ့လျှင် သက်ပြင်းတစ်ချက်ချကာ ဦးညွှတ်ရန် ကမန်းကတန်းထရပ်လိုက်သည်။
"မင်္ဂလာပါ သခင်လေးရှစ်"
ရှစ်ကျင်း သူ့ဓားကို နောက်မှအစေခံအား ပေးလိုက်ကာ ခန်းမထဲသို့ လျှောက်သွားပြီး ယန်ကျန်းကို နှုတ်ဆက်သည်။ နှစ်ယောက်သား အတူတူထိုင်ပြီး စကားသိပ်မပြောကြ။ ယန်ကျန်းသည် အနည်းငယ် ဂနာမငြိမ်ဖြစ်နေသည်ကို ရှစ်ကျင်း သတိထားမိသည်။တစ်စုံတစ်ယောက် ပေါ်လာဖို့ စောင့်နေသလိုမျိုး ရံဖန်ရံခါ အပြင်ကို လှမ်းကြည့်နေတော့သည်။
"သခင်လေးယန်၊ အရေးကြီးတဲ့ ဧည့်သည်ကို စောင့်နေတာလား"
သူ့မေးခွန်းကြောင့် ယန်ကျန်း၏ ပါးပြင်များ နီရဲလာသည်။သူက အစေခံများမှလွဲ၍ အခြားမည်သူမျှ အခန်းထဲတွင် မရှိသည်ကို မြင်လိုက်ရမှ
"သခင်လေးရှစ် ကျွန်တော့်ကို မရယ်ပါနဲ့၊ ကျွန်တော် ဧည့်သည်ကို စောင့်နေတာ အမှန်ပါပဲ"
ယန်ကျန်း၏ မျက်နှာပေါ်က မျှော်လင့်ချက်နှင့် ရှက်ရွံ့စိတ်ကို မြင်ပြီး အမျိုးသမီးတစ်ဦးကို စောင့်နေသည်ဟု ရှစ်ကျင်း မှန်းဆလိုက်သည်။ထိုမိန်းကလေး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ရှစ်ကျင်းက ဘယ်သူ့ကိုစောင့်နေသလဲဟု မမေးခဲ့ပေ။
"သခင်လေးယန် ခြံအပြင်ဘက်မှာ ယာယီအဆောင်လေး ဆောက်ထားတယ်၊ အဲဒီမှာထိုင်ပြီး လက်ဖက်ရည်တစ်ခွက်သောက်ပြီး ရှုခင်းကို ခံစားလို့ရတယ်၊ အရမ်းပျော်ဖို့ကောင်းတယ်"
ယန်ကျန်းက သူ့ကို ကျေးဇူးတင်စွာ ပြုံးပြသည်။
"ဒါဆို ကျွန်တော် သခင်လေးရှစ်ကို ဒုက္ခပေးရတော့မှာပဲ"
သို့နှင့် နှစ်ယောက်သား ခြံအပြင်ဘက်ရှိ အဆောင်လေးဆီသို့ သွားကြပြီး ခြံ တံခါးကို မျက်နှာမူ၍ ထိုင်လိုက်၏။သို့မှသာ တစ်ယောက်ယောက် ရောက်လာလျှင် တန်းပြီးမြင်နိုင်မှာပင်။သူတို့ ထိုင်ပြီး သိပ်မကြာခင်မှာပဲ ဧည့်သည်များတစ်ယောက်ပြီး တစ်ယောက် လာကြသည်။ များမကြာမီ ခြံဝင်းတစ်ခုလုံး အသက်ဝင်လာသည်။
သို့သော်လည်း ယန်ကျန်းသည် အပြင်သို့ကြည့်နေဆဲဆိုသည်ကို ရှစ်ကျင်း မြင်လိုက်ရသည်။ ထို့ကြောင့် သူစောင့်နေသည့်လူ မရောက်သေးမှန်း သိလိုက်၏။
မြို့တော်ရှိ ထင်ရှားကျော်ကြားသော အရည်အချင်းရှိ အမျိုးသမီးငယ်များ ရောက်လာသော်လည်း မတုန်လှုပ်သေးကြောင့် ယန်ကျန်း၏ ချစ်သူကို သူလည်း ပို၍ပင် သိချင်လာသည်။ သူလည်း ယန်ကျန်း နှင့်အတူ စောင့်မျှော်နေမိတော့သည်။
" မြို့စားမင်း ကြွလာပါပြီ "
"အစ်ကိုရုံ"
"အစ်ကို ကျောက်"
ရှစ်ကျင်းသည် ရုံရှားကိုမြင်သောအခါ အံ့သြသွားခဲ့သည်။ ဒီနေ့ ဘယ်လိုနေ့မျိုးလဲ။
ယန်မိသားစုရဲ့ သခင်လေးကလည်း နံနက်စောစောကတည်းက ရောက်လာတယ်၊အခုလည်း ပျော်ပွဲရွှင်ပွဲဆို သိပ်မပါလေ့ရှိတဲ့ ချမ်အမ်မြို့စားမင်းလည်း ရောက်လာတယ်။ ရှစ်မိသားစုရဲ့ ဂုဏ်သတင်းက အရမ်းကြီးမားပါလား...
"မြို့စားမင်းရုံ"
"သခင်လေးရှစ်"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဦးညွှတ်လိုက်ကြသည်။ပတ်ဝန်းကျင်ကလူများကို နှုတ်ဆက်ပြီးနောက်၊ ရုံရှားက ရှစ်ကျင်း၏ ညာဘက်မှာ ထိုင်လိုက်သည်။
"သခင်လေးယန်၊ မင်း ကိုယ်အလေးချိန် နည်းနည်းကျသွားပုံရတယ်"
"ဟုတ်လား" ယန်ကျန်းက ရှက်ကိုးရှက်ကန်းနှင့် သူ့အင်္ကျီကို ဆွဲဖုံးလိုက်ရင်း ကြည့်မကောင်းမှာကို တွေးပူမိသွားသည်။
"ဒီရက်ပိုင်း ကျွန်တော် နည်းနည်း နေမကောင်းလို့ပါ မြို့စားမင်းရုံ အဆင်မပြေဖြစ်ရင် တောင်းပန်ပါတယ်"
"သခင်လေးယန် ဒီလို မပြောသင့်ဘူး… မွေးကတည်းက မဖျားဘူးတဲ့သူ ဘယ်ရှိမလဲ၊ ကိုယ့်ကိုကိုယ် ရှက်နေစရာ မလိုဘူး"
ရုံရှားသည် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်သည်။
"ဒီနေ့ သခင်လေးယန်က ခါတိုင်းလို ချောမောသန့်ပြန့်မနေလို့ မေးလိုက်တာပါ၊ ကိုယ့်ကို တစ်မျိုးမမြင်ပါနဲ့"
ယန်ကျန်း သူ့မျက်နှာကို ထိမိရင်း အနည်းငယ် တုန်လှုပ်သွားသည်။သူ့အသားအရည်က အရင်ကလောက် မကောင်းတာတော့ာအမှန်ပဲ...ပန်းဟွာကျွင်းကျူးကသာ သူ့အသားအရည် မကောင်းတာကို မြင်ရင် ဘယ်လိုလုပ်မလဲ။သူမ သူ့ကို မကြိုက်ရင် ဘာလုပ်ရမလဲ။
ရှစ်ဖေးရှန့်သည် အိမ်နောက်ဖေးသို့ လျှောက်လာရာ ချမ်အမ်မြို့စားမင်းက သူ့အစ်ကိုအနားတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမ မနေနိုင်ဘဲ ခြေလှမ်းကို အမြန်လှမ်းမိ၏။ဧည့်သည်များကြားသို့ ရောက်ခါမှ စိတ်လှုပ်ရှားမိသည်ကို မထိန်းမနိုင်ဘဲ ရှစ်ကျင်းထံသို့ ပုံမှန်အရှိန်ဖြင့် လျှောက်သွားခဲ့သည်။ထို့နောက် သူမက ဖြည်းညှင်းစွာ ဦးညွှတ်ပြီး
"မင်္ဂလာပါ အစ်ကိုကြီး... မင်္ဂလာပါ မြို့စားမင်းရုံ"
သူတို့လေးယောက်သား အပြန်အလှန် နှုတ်ဆက်နေသဖြင့် တံခါးဝသို့ လူတစ်ယောက်ရောက်ရှိလာသည်ကို မည်သူမျှ သတိမထားမိလိုက်ပေ။
"ခလွမ်း...."
ထိုစဉ် ယန်ကျန်း ကမန်းကတန်း ထရပ်လိုက်၍ သူ့အင်္ကျီပေါ် လက်ဖက်ရည်များ ဖိတ်ကျသွားသည်။သို့သော် သူဘာမှ မတုံ့ပြန်ဘဲ တံခါးဝကိုသာ စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲမှာ တခြားဘာမှ မရှိတော့။
ရှစ်ကျင်းလည်း အံ့ဩသွားကာ လှည့်ပြီး တံခါးကို လှမ်းကြည့်မိ၏။
သူမ၏ နူးညံ့သိမ်မွေ့သော ခြေလှမ်းများသည် ကမ္ဘာပေါ်တွင် ဘယ်သူနှင့်မှ တုနှိုင်းမယှဉ်နိုင်ချေ။
ဟိုးယခင်က ကမ္ဘာမှာ ဘာနှင့်မှ ယှဉ်လို့မရသည့်အရာများကို သူနားမလည်ခဲ့။ သို့သော် ယနေ့တွင်၊ ဤသည်မှာ သူတို့ဆီသို့ လျှောက်လာနေသော မိန်းမပျိုလေးအား ဖော်ပြရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု သူ ခံစားခဲ့ရသည်။
ရုံရှားက လက်ဖက်ရည်ခွက်ကို ကျောက်စားပွဲပေါ်တင်လိုက်ပြီး တောင်းပန်စကားဆိုသည်။
"တောင်းပန်ပါတယ် ကျွန်တော် လက်ချော်ပြီး အားလုံးကို အနှောင့်အယှက်ပေးမိသွားတယ်"
မြို့စားမင်းမြို့စားမင်းရုံက အတော်အရိပ်အခြည်နားလည်သူပင်။သူက သခင်လေးများ ဣန္ဒြေမပျက်စေရန် ဤအခွင့်အရေးကို အသုံးချလိုက်ခြင်းပင်။
"ပန်းဟွာကျွင်းကျူး"
ယန်ကျန်းသည် ပန်းဟွာ နှင့် ပန်းဟမ်ဆီသို့ လျှောက်သွားကာ ပန်းဟွာအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
ပန်းဟွာသည် ဘယ်နေရာက ရောက်လာမှန်းမသိ ရောက်လာသော ယန်ကျန်းကို ကြည့်လိုက်သည်။သူသည် ခရမ်းရောင် ၀တ်စုံကို ဝတ်ထားပြီး အနည်းငယ်ပိန်သည်။ သူ့ရုပ်ရည်က မဆိုး၊ သို့သော်လည်း ဘဲအုပ်ထဲက အပြေးထွက်လာသည့် ငန်းတစ်ကောင်လိုပင်။သူမလည်း အဆင်ပြေပြေ နှုတ်ပြန်ဆက်ကာ ခြေနှစ်လှမ်းဆုတ်ပြီး မေးလိုက်၏။
“ရှင် ဘယ်သူလဲဆိုတာ ကျွန်မ သိနိုင်မလား”
ယန်ကျန်း အံ့အားသင့်သွားသည်။ ဒါဆို သူဘယ်သူလဲဆိုတာတောင် သူမက မသိခဲ့ဘူးလား…
"အစ်မ ခြေလှမ်းကို သတိထားပြီး လှမ်းနော်"
ပန်းဟမ်သည် ယန်ကျန်းကို သိသော်လည်း၊မသိဟန်ဆောင်ကာ လူအများရှေ့တွင် သူ့အစ်မကို အလွန်ချစ်ခင်ဟန်ဆောင်လိုက်သည်။
"ကောင်းပြီ"
ပန်းဟွာကလည်း မောင်ဖြစ်သူလက်ကို ပြန်တွဲကာ ယန်ကျန်းကိုဖြတ်လျှောက်လာပြီး လူအုပ်ကြီး၏အလယ်ကို သွားလိုက်သည်။
ထိုစဉ် ရှစ်ကျင်းက မတ်တပ်ထရပ်ပြီး
" ကျွင်းကျူး ကျေးဇူးပြုပြီး ထိုင်ပါ"
"ကျေးဇူးတင်ပါတယ်ရှင် သခင်လေးရှစ်"
ပန်းဟွာသည် လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် လီရှောင်ရူ နှင့် မနီးမဝေးတွင် ထိုင်လိုက်သည်။ လီရှောင်ရူကတော့ ပန်းဟွာကို အလွန်အမင်း ကြောက်လန့်နေလေသည်။ သူမ ရောက်လာသည်ကို မြင်မြင်ချင်း ကျောကိုမတ်မတ်ထိုင်ပြီး ခြေထောက်ကိုပါ ပူးကပ်ထိုင်မိလျက်သားဖြစ်နေသည်။
"မစ္စလီ" ပန်းဟွာက လီရှောင်ရူကို အနည်းငယ် ခေါင်းညွှတ်လိုက်သည်။
"ကျွင်းကျူး ကျွင်းကျူး ..."
လီရှောင်ရူ ထိုင်ခုံမှထကာ ပန်းဟွာကို စိတ်လှုပ်ရှားနေဟန်ဖြင့် ဦးညွှတ်လိုက်သည်။ ဒီပန်းဟွာကျွင်းကျူးက သူမကို ဘယ်သူလဲဆိုပြီး နှစ်ကြိမ်ဆက်တိုက်မေးခဲ့ဖူးတာမလား ၊အခုတော့ သူမကို မှတ်မိသွားပြီပဲ...
ပန်းဟွာကို ချစ်ခင်နှစ်သက်သူ အတော်များသည်။ မိန်းကလေးတော်တော်များများက သူမကို မကြိုက်ကြသော်လည်း၊တစ်ချို့တစ်လေကတော့ သဘောကျကြသည်။
ပန်းဟွာက သူ့ကို ယခုထိ အဖက်မလုပ်သေးတာကြောင့် ယန်ကျန်း ကြောင်စီစီကြီး ပြန်ထိုင်လိုက်သည်။သူ့အား တခြားသူများ စကားလာပြောနေသည်ကိုပင် နားထောင်ချင်စိတ်လည်း မရှိတော့။
ရုံရှားကလည်း သခင်လေးယန်ကို ဂရုမစိုက်။ယန်ကျန်း ဖြစ်နေပုံကိုမြင်သည့် ပန်းဟွာ စိတ်ထဲမှာ လက်ခုပ်တီးကာ ရယ်ချင်လာသည်။
နေ့လယ်စာစားပြီးနောက် အချို့က ပိုလိုကစားကြပြီး အချို့က ကဗျာရွတ်ဆိုကြသည်။ လူတိုင်းကို အံ့အားသင့်စေသော ပန်းဟွာသည် အိမ်ရှင်အား နှုတ်ဆက်တော့မည့်ဆဲဆဲ မထင်မှတ်ပဲ တစ်စုံတစ်ယောက်က သူမကို ခေါ်သွားသည်။
"ကျွင်းကျူး"
ပန်းဟွာ ထိုလူကို သေချာကြည့်လိုက်သည်။ ဟင်…စောစောက ခရမ်းရောင်ဝတ်စုံနဲ့ ငန်းကောင်ပဲလား...သူမ ခေါင်းကို ချာကနဲလှည့်လိုက်သည်နှင့် ပခုံးပေါ် ကျနေသော ဆံထိုးက အနည်းငယ် ယိမ်းနွဲ့သွားသည်။
"မင်းသမီး၊ကိုယ့်နာမည်က ယန်ကျန်းပါ...မင်းကို အထင်သေးမိတာ ခွင့်လွှတ်ပါ"
ယန်ကျန်းသည် ပန်းဟွာ၏ ခေါင်းစောင်းက လှပသည်ဟုသာ ခံစားမိသည်။ သို့သော် ထိုအလှထက် ရှက်စိတ်ကသာကြီးစိုးနေသဖြင့် သူမျက်ရည်များကျပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
"ကိုယ်....…"
"ဪ ရှင်က ယန်ကျန်းလား"
ပန်းဟွာက တစ်ဖက်လူ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။သူက အိမ်မှာ အစာငတ်ခံ ဆန္ဒပြနေပုံရ၏။
ပန်းဟွာက သူ့နာမည်အား သိနေသဖြင့် ယန်ကျန်း စိတ်လှုပ်ရှားသွားရသည်။
"ကျွန်တော့်ကို ကျွင်းကျူး...သိနေတာလား"
"သခင်လေးယန် ဘာကိစ္စရှိလို့လဲ"
သခင်လေးယန်သည် နတ်သမီးကဲ့သို့ လှပသော သူ့ရှေ့မှ မိန်းကလေးကို ကြည့်လိုက်သည်။သူ့နှလုံးသားမှာ ထောင်ပေါင်းများစွာသော ခံစားချက်များ ပြည့်နှက်နေသော်လည်း၊ ဘာပြောရမှန်းမသိ။
"တောင်းပန်ပါတယ်၊ မင်းတို့နှစ်ယောက်ကို နှောင့်ယှက်မိသွားလား"
ရုံရှားသည် စင်္ကြံအောက်တွင် ရပ်နေပြီး အနီရောင်တိုင်လုံးကို မှီကာ ပြုံးကြည့်နေသည်။ နေရောင်ခြည်နွေးနွေးသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး ဆောင်းဦးလေက ရုတ်တရက် တိုက်ခတ်လာသဖြင့် သူ့ကိုယ်ရောင်ကိုယ်ဝါကို တဖိတ်ဖိတ် လင်းလက်စေလေသည်။
xxxxxx