Chapter.38
ပန်းဟွာ ကြောင်စီစီဖြင့် ရုံရှားကို ကြည့်လိုက်သည်။
သူ့ကိုမြင်လိုက်သည်နှင့် လူတိုင်း၏ ရင်အစုံဝယ် ဗုံမောင်းသံများတီးခတ်သလို ရင်ခုန်အောင် ပြုစားနိုင်ပေသည်။ကောင်းကင်က ကြယ်တွေလို သူ့မျက်လုံးများက အရောင်တလက်လက်ဖြစ်နေသည်။သူ့မျက်နှာနှင့်လက်ကလေးများမှာလည်း ပလက်တီနမ်လို ဖြူဖွေးနေကာ သွေးကြောစိမ်းလေးများကလည်း ကျောက်စိမ်းတုံးလို စိမ်းညို့ညို့နှင့် ညှို့ယူဖွယ်ရာအတိပင်တည်း။
စာသိပ်မဖတ်ဖူးသော ပန်းဟွာသည် ဤစာကြောင်းသုံးကြောင်းကို ရုတ်တရက် စိတ်ထဲမှာ တွေးမိလိုက်သည်။ဝတ္ထုနာမည် သို့မဟုတ် စာရေးဆရာက မည်သူမှန်း သူမ မမှတ်မိသော်လည်း ရုံရှား ကို မြင်သောအခါ ထိုစာကြောင်းသုံးကြောင်းက စိတ်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့သည်။
သူမ ပြုံးပြီး ခေါင်းညိတ်ပြသည်။ ကဗျာစာကြောင်း တစ်ကြောင်း၊ နှစ်ကြောင်း ရွတ်ဆိုချင်သော်လည်း၊ယခုအခြေအနေက ကဗျာထရွတ်ဖို့မသင့်ပေ။
ပန်းဟွာက သူ့ကို သတိထားမိသည်ကို မြင်လိုက်၍ ရုံရှား မတ်တပ်ထရပ်ပြီး ပန်းဟွာနှင့် ယန်ကျန်းရှေ့ကို လျှောက်လာကာ
"မင်းတို့နှစ်ယောက် ပြန်ဖို့စီစဉ်နေတာလား"
တခြားလူများက ကဗျာရွတ်ဖတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ မြင်းစီးခြင်း၊စသည်ဖြင့် ကစားနေခိုက်၊သူနှင့် ကျွင်းကျူးတို့ စကားပြောနေသည်ကို ရုံရှား လာနှောင့်ယှက်မည်ဟု ယန်ကျန်း မထင်ထားခဲ့ချေ။ ရုံရှားက သူတို့ဆီသို့ လျှောက်လာသည်ကိုမြင်၍ သူ ခဏလောက် ကြောင်စီစီဖြစ်သွားပြီးမှ ရုံရှားကို ဦးညွှတ်လိုက်သည်။
"မြို့စားမင်းရုံ"
ယန်ကျန်းက ရုံရှားကို ထွက်သွားဖို့ပြောချင်သော်လည်း၊ ပါးစပ်မဟ,မိပေ။
"သခင်လေးယန်" ရုံရှားက ယန်ကျန်းကို ဦးပြန်ညွှတ်ကာ ပန်းဟွာ ဘက်လှည့်လိုက်သည်။
"ကျွင်းကျူး၊ ခဏလောက်နေပြီး ဆက်မကစားတော့ဘူးလား"
ပန်းဟွာက ခေါင်းခါလိုက်သည်။
"နောက်ကျနေပြီ ကျွန်မ ပြန်သင့်ပြီထင်တယ်"
ယန်ကျန်းက ကောင်းကင်ကို မော့ကြည့်၍ နေကိုကြည့်လိုက်သည်။အချိန်က နေ့လည် နှစ်စီချန်ပင် မထိုးသေး၍ နောက်မကျသေးချေ။ ပန်းဟွာကျွင်းကျူးသည် သူ့ကို စိတ်မဝင်စားမှန်း သူ နားလည်သွားသည်။
"ဒီအနီးနားမှာ အရမ်းကောင်းတဲ့ ရှုခင်းတစ်ခုရှိတယ်၊ ကျွင်းကျူး စိတ်၀င်စားတယ်ဆိုရင် ကိုယ် လိုက်ပို့နိုင်တယ်"
ရုံရှားသည် ထိုစကားကို ကြားပြီးနောက် တစ်ချက် တုန်လှုပ်သွားကာ လက်ကိုနောက်ပစ်ပြီး ပန်းဟွာ၏ စကတ်ကို ငေးကြည့်နေမိ၏။သူမ၏ ၀တ်စုံမှာ နေရောင်အောက်တွင် တောက်ပစွာထင်ဟပ်စေသည့် ဒေါင်းအမြီးပုံပန်းချီဖြင့် ချယ်လှယ်ထားသည်။ နေရောင်အောက်မှာ ရပ်နေသည့် သူမပုံက အလှကြောင့်မာနကြီးပြီး ယုံကြည်မှုအပြည့်ရှိသော ဒေါင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားသလိုပင်။
"မလိုအပ်ဘူးထင်တယ်" ပန်းဟွာသည် သူမ၏၀တ်စုံကို သပ်ရပ်စွာပြုပြင်ကာ...
"ကျွန်မ ဒီနေ့ဝတ်ထားတဲ့အဝတ်တွေက လမ်းလျှောက်လို့သိပ်မကောင်းဘူး"
ယန်ကျန်းသည် သူမကို စိုက်ကြည့်နေရင်း အံ့ဩသွားဟန်ဖြင့် ပြောသည်။
"မင်းက ဘယ်လိုနေနေ လှတာပါပဲ"
"ကျေးဇူးတင်ပါတယ်"
ပန်းဟွာသည် ဆံထိုးကို အနည်းငယ်တည့်အောင် ပြုပြင်ပြီး ချီးကျူးစကားကို လက်ခံလိုက်သည်။
“အဲဒါ…ကျွန်တော် လိမ်နေတာမဟုတ်ပါဘူး"
"ဟင်းဟင်း"
ဘယ်မိန်းကလေးက လှတယ်လို့ ချီးကျူးတာကို မကြိုက်ဘဲနေမလဲ...
"သခင်လေးယန် ကျွန်မကို ပြောစရာရှိသေးလား"
"ကျွန်တော်..." ယန်ကျန်းက ရုံရှား ဘက်ကိုကြည့်ကာ ဦးညွှတ်လိုက်သည်။
"မြို့စားမင်းရုံ ၊ ကျွန်တော် ကျွင်းကျူး ကို ပြောစရာရှိလို့ပါ... ကျေးဇူးပြုပြီး နည်းနည်း ဟိုနားလေးကို သွားလို့ရမလား"
ရုံရှားက ယန်ကျန်းကို ပြုံးပြီး ပန်းဟွာအား ပြောလိုက်သည်။
"ဪ တောင်းပန်ပါတယ်၊ ကျွင်းကျူး ကိုယ် သိပ်အဝေးမသွားဘူးနော်၊ဒီနားမှာပဲရှိမယ်"
ပန်းဟွာကလည်း ပြန်ပြုံးပြလိုက်၏။ ရုံရှားက သူမနှင့် ယန်ကျန်း တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေတာကြောင့် ယခုလို ပြောလာခြင်းဖြစ်နိုင်သည်။တခြားသူများအထင်က မှန်နေသည်။မြို့စားမင်းရုံသည် ရှားရှားပါးပါး လူကြီးလူကောင်းတစ်ဦးဖြစ်သည်။သူမအနီးနားမှာလည်း အစေခံမိန်းကလေးများ အနားမှာမရှိ၍ ရုံရှားထွက်သွားပြီးနောက် သူမက မေးလိုက်သည်။
"သခင်လေးယန် ကျေးဇူးပြုပြီး ပြောပါ"
ယန်ကျန်းက သူမအား ဦးညွှတ်ကာဖြင့် ပြောလေသည်။
"ကျွင်းကျူး၊ ကိုယ်တို့ဟိုတစ်ခါ အမဲလိုက်ကွင်းမှာ တွေ့ကတည်းက ကိုယ် ကျွင်းကျူး ရဲ့အလှကို ဘယ်တော့မှ မေ့လို့မရခဲ့ပါဘူး၊ဟိုလေ...ဒါကြောင့် လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက မစ္စကျိုး ပြောခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွင်းကျူး ဘယ်လိုထင်ပါသလဲ"
ပန်းဟွာက ဘေးဘက်သို့ ခြေတစ်လှမ်း ရွှေ့လိုက်ပြီး ယန်ကျန်း ဦီးညွှတ်လာသည်ကို ရှောင်လိုက်သည်။
"သခင်လေးယန် စကားက နည်းနည်းရိုင်းတယ်၊ ရှင်က မိန်းကလေး တစ်ယောက်ရှေ့ကို ရုတ်တရက် ပြေးလာပြီး 'မင်းကို နောက်ဆုံးအကြိမ် တွေ့ကတည်းက ငါက လက်ထပ်ချင်ခဲ့တာ... မင်းငါ့ကိုလက်ထပ်ဖို့ဆန္ဒရှိလား' လို့ ဘယ်ယောက်ျားလေးက ပြောကြလို့လဲ"
ယန်ကျန်း မချိတင်ကဲ ပြုံးလိုက်သည်။
"ဒီစကားတွေက အရမ်းရိုင်းတယ် ဆိုတာ ကိုယ်လည်း သိပါတယ်၊ ဒါပေမယ့် ဒီခံစားချက်က ဘယ်ကလာမှန်းမသိဘူး၊ကိုယ့် စိတ်ထဲမှာ ကျွင်းကျူးကို ဘယ်တော့မှ မမေ့ခဲ့ပါဘူးဆိုတာကတော့ ကိုယ့်ခံစားချက် အစစ် အမှန်ပါ"
"ကိုယ် ကျွင်းကျူးကို လက်ထပ်နိုင်ရင် ကျွင်းကျူးကို တစ်သက်လုံး ကောင်းကောင်းထားမှာပါ၊ကိုယ့်အတွက် ကိုယ်လုပ်တော်လည်း ထပ်မလိုတော့ပါဘူး၊ဟင့်အင်း ကိုယ် ကျွင်းကျူးကလွဲရင် တခြားမိန်းကလေးတွေဆို စေ့စေ့တောင်မကြည့်ပါဘူး၊ပြီးတော့ ကျွင်းကျူးကို တစ်သက်လုံး စိတ်ချမ်းသာအောင် ထားပါ့မယ်၊ ကျွင်းကျူး ကျေးဇူးပြုပြီး ကိုယ့်ကိုစဉ်းစားပေးပါ"
ယန်မိသားစု၏ အရှိန်အဝါကိုသုံး၍ သခင်လေးယန်သည် မိန်းကလေးတစ်ဦးအား ဤကဲ့သို့ ပြတ်ပြတ်သားသား ပြောမှန်း ယန်မိသားစုဝင်များသိလျှင် ယန်ကျန်းအား ဘိုးဘွားအုတ်ဂူများရှေ့တွင် ဒူးထောက်ခိုင်းပေလိမ့်မည်။ ဤအရာသည် အဓိပ္ပာယ်မဲ့လွန်းမှန်း သူသိသော်လည်း ယနေ့ သူမအား သူ့ခံစားချက်များကို မပြောလျှင် ပန်းဟွာက သူ့ကို ပြန်လှည့်မကြည့်တော့မှာ ကြောက်မိသည်။ထိုအခါဆို ပန်းမိသားစုသည် သူတို့မိသားစုနှစ်စုကြားမှ အိမ်ထောင်ရေးကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပေ။
ယန်ကျန်း၏ စကားကိုနားထောင်ပြီးနောက် ပန်းဟွာသည် လွန်ခဲ့သောရက်အနည်းငယ်က မြို့စားမင်းရုံက သူမအား အိမ်တော်သို့ပြန်ပို့စဥ်က၊ပြောပြသောပုံပြင်ကို သတိရသွားခဲ့သည်။ တိုင်းပြည်မှ စာပေတတ်ကျွမ်းသည့် သခင်လေးသည် အဆင့်တန်းမြင့်သောမိသားစု၏ သမီးဖြစ်သူကို လက်ထပ်ခွင့်တောင်းသောအခါကလည်း ယခုလိုပင် တစ်သက်တာလုံး ကောင်းမွန်စွာ ဆက်ဆံမည်ဟု ဆိုခဲ့သည်။ သို့သော်လည်း ထိုမိန်းကလေးက သားမမွေးနိုင်တာကြောင့် ယောက္ခမဖြစ်သူက သေသည်အထိ နှိပ်စက်ခဲ့သည်။နောက်ပိုင်း ထိုသခင်လေးက အဆင့်မြင့်အရာရှိကြီးတစ်ဦး၏သမီးနှင့် တစ်ဖန်လက်ထပ်ခဲ့သည်။ထိုမိန်းကလေးကို သေသည်အထိ နှိပ်စက်ခဲ့သော ယောက္ခမကလည်း ထိုအရာရှိ၏ သမီးကိုမူ သခင်မ ဘွဲ့ပေးခဲ့သည်။ ဤအချက်ကိုကြည့်၍ ယောက်ျားများ၏ကတိစကားများသည် မမှန်ကန်ကြောင်းကို တွေ့မြင်နိုင်၏။
"သခင်လေးယန်၊ ကျွန်မနားမလည်ဘူး"
ပန်းဟွာ အစေခံကောင်မလေး ရူရီလက်ကို ဆုပ်ကိုင်ပြီး ရုံရှား ရပ်နေသည့် အနီးနားက မဏ္ဍပ်တစ်ခုဆီ ဖြည်းညှင်းစွာ လျှောက်သွားသည်။
"ရှင်နဲ့ ကျွန်မက အရင်က မသိခဲ့ဘူး၊ ဒါပေမယ့် ရှင်က ဘာလို့ ကျွန်မနဲ့ တစ်သက်လုံး အတူရှိဖို့ သေချာနေတာလဲ"
"ကျွင်းကျူး မသိနိုင်ပေမယ့် မင်း အနီရောင်ဝတ်စုံဝတ်ပြီး မြင်းစီးလာပြီးတော့ အမဲလိုက်ကွင်းမှာ ပေါ်လာတဲ့ပုံစံလေးက ကိုယ့်ကိုလွှမ်းမိုးသွားခဲ့တာ၊မင်းသာ ကိုယ့်ကို လက်ထပ်မယ်ဆိုရင် ကိုယ် နောင်တတစ်စက်မှ မရဘဲ အကြိမ်တစ်သောင်း ကိုယ့်ကိုယ်ကို သတ်သေပြီး သက်ေသပြနိုင်ပါတယ်"
သူက သူမနောက်ကို လိုက်လာရင်း ဆက်ပြောသည်။
ရှင်သေမှတော့ ကျွန်မက ရှင့်ကို ဘာလို့လက်ထပ်ရမှာလဲ.. မုဆိုးမဖြစ်ဖို့လား...
ပန်းဟွာသည် လက်ဝတ်ရတနာများ တပ်ဆင်ထားသည့် ဖိနပ်ကိုမြင်အောင် ဂါဝန်ကို သေချာ ရုတ်သိမ်းလိုက်ပြီး အဖြူရောင် စကျင်ကျောက် လှေကားထစ်များပေါ် တက်လိုက်သည်။ထို့နောက် မဏ္ဍပ်အလယ်သို့ လျှောက်သွားကာ ထိုင်လိုက်ပြီး မေးထောက်ရင်း စင်္ကြံထောင့်ရှိ ရုံရှား ကို ကြည့်လိုက်သည်။ ရုံရှားကလည်း သူမကို ပြုံးကြည့်နေ၍ သူမက ပြန်ပြုံးပြလိုက်၏။သူမ တစ်ဖက်ကို လှည့်ကြည့်လိုက်လျှင်၊ ယန်ကျန်းသည် တောက်ပသော မျက်လုံးအစုံဖြင့် သူမအား ကြည့်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
"ရှင့်အမေက ကျွန်မကိုမကြိုက်လို့ နောက်ထပ် မိန်းမတစ်ယောက် ထပ်ယူခိုင်းရင် ရှင် ဘာလုပ်မှာလဲ"
"အမေက ဒီလိုမလုပ်ပါဘူး" ယန်ကျန်း က ခေါင်းခါပြပြီး "သူက ကိုယ့်ကို အရမ်းချစ်တာ"
"ကျွန်မက ကလေးမမွေးနိုင်ရင် ဘယ်လိုလုပ်မလဲ၊ဒါဆို ကျွန်မဘာလုပ်ရမလဲ"
ယန်ကျန်းက ခေါင်းခါနေဆဲပင်။
"မဟုတ်ဘူး၊ သူမက မင်းကို ဘာမှ မလုပ်နိုင်ပါဘူး"
ပန်းဟွာ တဟက်ဟက် ရယ်မောပြီး ယန်ကျန်းကို မကြည့်တော့ပေ။
"သခင်လေးယန်က ကျွန်မကို အကာအကွယ်ပေးမယ်၊ နည်းနည်းလေးမှ ကျွန်မ မနစ်နာစေရအောင် ကျွန်မ ရှေ့ကနေ ရပ်တည်ပေးမယ်လို့ ကျွန်မ ထင်ခဲ့တာ"
ယန်ကျန်း အံ့အားသင့်သွားသည်။ သူ့ဇနီးက သူ၏မိခင်နှင့် ရန်ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးဖူးပေ။သူ၏ မိခင်ဖြစ်သူသည် စိတ်သဘောထား အလွန်နူးညံ့သိမ်မွေ့ပြီး သဘောထားကြီးသူဖြစ်၏။အိမ်တော်၏ အစေခံအားလုံးကလည်း အကျင့်စာရိတ္တကောင်းမွန်ပြီး သူတို့၏သခင်များကို ဂရုတစိုက်အစေခံကြသည်။ ကျွင်းကျူးက ဘာလို့ ဒီလို ထင်ရတာလဲ။
ယန်ကျန်း၏ စိတ်ရှုပ်နေသော ပုံစံကိုကြည့်ပြီး သူ့ခမျာ ကလေးလေးလို မသိနားမလည်ရှာသေးပါလားဟု ပန်းဟွာ တွေးမိသည်။
"သခင်လေးယန်က ကျွန်မကို ကောင်းကောင်းနားမလည်ဘူးပဲ၊ ကျွန်မက ငယ်ငယ်လေးကတည်းက အကောင်းဆုံး အဝတ်အထည်တွေကို ၀တ်ဆင်ရတယ်၊ အိမ်မှာ ထမင်းချက်တဲ့ စားတော်ကဲကလည်း ဆယ်ယောက်ကျော်ရှိတယ်၊ သူတို့အားလုံးက ကျွန်မအတွက်ပဲ နေ့ဒဓူဝ အလုပ်လုပ်နေကြတာ၊ဈေးကြီးအဝတ်အစားတွေ၊ အစားအသောက်ကောင်းတွေကို ကျွန်မနေ့တိုင်းထိတွေ့ရတယ်၊ ဒါကို ကျွန်မလည်း သဘောကျမိတယ်၊ ကဗျာတွေဖတ်၊ သီချင်းတွေဆို၊ကိုယ်ကျင့်တရားတွေ ဟိတ်ဟန်ကြီးတွေနဲ့ ကျွန်မ မနေတတ်ဘူး"
ယန်ကျန်းသည် ကိုယ်ကျင့်တရားကောင်းပြီး မိန်မပီသသော မိန်းကလေးများကိုသာ တွေ့ဖူးသည်။ပန်းဟွာလို အကျင့်မျိုးရှိသူကို မတွေ့ဖူးသေးပေ။သူမ၏ ခပ်တည်တည်ခပ်တင်းတင်း ဟန်ပန်လေးကိုပင် သူ့မှာတော့ ကြည့်မဝဖြစ်နေရသည်။အကယ်၍ သူမက သူ့ကို ဒူးထောက်ကာ ဖိနပ်နှင့် ခြေအိတ်များ ချွတ်ခိုင်းလျှင်တောင် သူ ကျေကျေနပ်နပ် ခစားမိမှာပင်။သူမအတွက်ဈေးကြီးပေ့ဆိုသည့် အဝတ်အစား၊ စားကောင်းသောက်ဖွယ်၊ ရွှေ၊ ငွေ၊ ရတနာ အစရှိသော ပစ္စည်းများအလျှံပယ်ပေး၍ တစ်စက်မှ အလိုမကျမဖြစ်ရအောင် သူ ထားချင်မိသည်။သူ့ဘက်ကို တစ်ချက်သာ ကြည့်ပေးရုံနှင့်၊ သူမအတွက် အရာရာကို ဖြည့်ဆည်းပေးဖို့ စေတနာရှိနေသည်။
"ကိုယ် ကျေကျေနပ်နပ်ကြီး မင်းကို အကုန်ပေးမှာပါ၊ မင်းဖြစ်ချင်တာကို ကိုယ် အကုန်လုပ်ပေးမယ်"
ပန်းဟွာသည် မျက်နှာက သွေးကဲ့သို့နီရဲနေပြီး တဆတ်ဆတ်တုန်နေသည့် ယန်ကျန်းကိုကြည့်ကာ ရုတ်တရက် ပါးစပ်ကို အုပ်ပြီး ရယ်လိုက်မိသည်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် စိတ်မကောင်းပါဘူး၊ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်က မသင့်တော်ဘူးလို့ ထင်တယ်"
"ဘာလို့လဲ...မင်း ကိုယ့်ကို တောင်းဆိုသမျှ ကိုယ် တတ်နိုင်သလောက်ကြိုးစားပြီး မင်းအတွက် ကျေကျေနပ်နပ်ကြီးလုပ်ပေးမှာပါ"
"ကျွန်မ သိပါတယ်" ယန်ကျန်းသည် သူ့နှလုံးသားထဲမှ နှစ်နှစ်ကာကာ ကတိပေးနေမှန်း ပန်းဟွာ သိသော်လည်း သူက စည်းကမ်းတင်းကြပ်သော မိသားစုတွင် မွေးဖွားခဲ့သူဖြစ်သည်။ သူသည် မိန်းကလေးများနှင့်ပင် မရင်းနှီးဘဲ စာကိုသာ အာရုံစိုက်ခဲ့သည်။ မိဘများအမြင်တွင် သူသည် အရာအရာကို ကြိုးစားသော ကလေးဖြစ်သည်။တစ်ကယ်တမ်းမှာ သူမသည် သူ သိခဲ့ဖူးသော မိန်းကလေးများနှင့် တမူကွဲပြားနေတာကြောင့် သူမကို စွဲလမ်းပြီး မေ့မပစ်နိုင်ခြင်းပင်။ဤအရာက၊ ထမင်းစားနေကျသူသည် အနောက်တိုင်းဒေသမှ အသားကင်ကို ရုတ်တရက် စားလိုက်ရာ အသားကင်ကို အထူးအဆန်းဖြစ်၍ စွဲလန်းသွားပုံနှင့် ဆင်တူသည်။သူ့စိတ်ထဲမှာ ထူးခြားနေသော အသားကင်ကို နှစ်ခြိုက်သွား၏။သို့သော်၊ထမင်းစားနေကျလူတစ်ယောက်အဖို့ တစ်နေ့မှာ အသားကင်ကို ငြီးငွေ့လာပြီး ထမင်းအရသာကို လွမ်းဆွတ်လာနိုင်သည်။သူ့အတွက်၊ အသားကင်သည် အသစ်အဆန်းဖြစ်၍ နှစ်ခြိုက်စရာ အစားအသောက်တစ်ခုဖြစ်သော်လည်း ထမင်းကသာ သူ့အရိုးများထဲအထိ ထွင်းထားသောအစားအသောက်တစ်ခုဖြစ်သည်။
သူမ မတ်တပ်ရပ်ပြီး ယန်ကျန်းအား ဖြည်းညှင်းစွာ ဦးညွှတ်လိုက်သည်။
"သခင်လေးယန် ကျွန်မပြောတာကို ရှင် နားမလည်နိုင်ဘူးလား၊ တစ်နေ့တော့ ရှင် ကျွန်မကို တစ်ကယ်မချစ်မှန်း နားလည်လာလိမ့်မယ်၊ ရှင်က အသစ်အဆန်းတစ်ခုကို စွဲလမ်းနေမိတာပါ၊ကျွန်မမှာ ဒီလိုအရမ်းလှတဲ့ မျက်နှာသာ မရှိရင် ဒါမှမဟုတ် တခြားမိန်းကလေးတွေလို သိမ်သိမ်မွေ့မွေ့လေးပဲနေနေရင် ရှင် ကျွန်မကို သတိမထားမိနိုင်ပါဘူး"
"ရှင့်မှာ ကျွန်မအတွက် ဒီလိုအနစ်နာခံနိုင်တယ်ဆိုတာကို သိရလို့ ကျွန်မ အရမ်းကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် လက်မခံနိုင်တာကို ခွင့်လွှတ်ပါ၊ ရှင်နဲ့ လိုက်ဖက်ညီတဲ့ မိန်းကလေးကို ရှာတွေ့နိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်"
သူမ၏ စကားလုံးတိုင်းက သူ့နှလုံးသားထဲကို ဓားနှင့်မွှန်းသလို ယန်ကျန်း ခံစားရသည်။ အတော်နာကျင်ပြီး ခါးသီးရက်စက်လှသည်။သူက တခြားမိန်းကလေးများကို မကြိုက်ဘူးဟု ပြောချင်မိသည်။ သူ့မျက်လုံးထဲမှာ ကမ္ဘာပေါ်က ဘယ်မိန်းကလေးမဆို သူမနှင့် မယှဉ်သာကြောင်း ထုတ်ပြောချင်မိသည်။သို့ရာတွင် သူမ၏ အကြည့်တို့က စိမ်းသက်နေသလို၊သူ့ကို ပြုံးပြနေသည့်အပြုံးတို့ကလည်း သူစိမ်းတစ်ယောက်အား ပြုံးပြသလို အေးစက်လျက်ရှိသည်။
သူမက သူ့ကို မကြိုက်ဘူးပဲ၊ သူ့ကို လုံးဝမကြိုက်ဘူးပဲ...
"သွားတော့မယ်"
ပန်းဟွာ သည် ယန်ကျန်းနားမှ ဖြတ်ကာ လှေကားထစ်များအတိုင်း လျှောက်သွားခဲ့သည်။ထိုအခါ သူမဆီသို့ လျှောက်လာနေသော ရှစ်မောင်နှမကို တွေ့ရသည်။
"ကျွင်းကျူး"
ရှစ်ဖေးရှန့်က ပန်းဟွာကိုကြည့်ပြီး တစ်ဖန် မဏ္ဍပ်ထဲမှာရပ်နေသည့် ယန်ကျန်းကိုကြည့်လိုက်ရင်း တစ်ခုခုကို နားလည်သွားရသည်။ပန်းဟွာက သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြကာ
"သခင်လေးရှစ်၊ သခင်မလေးရှစ်...ရှင်တို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်၊ကျွန်မ ပြန်ပါဦးမယ်"
"ကျွင်းကျူး အကြာကြီးနေမှာ မဟုတ်ဘူးလား" ရှစ်ဖေးရှန့် ၏ စူးစမ်းသောအကြည့်များက ယန်ကျန်း အပေါ်ကို ရောက်သွားပြီး တစ်ဖန်ပန်းဟွာ ဘက်ကိုလှည့်ကာ
"ဒါမှမဟုတ် ကျွန်မတို့က ကျွင်းကျူးကို ကောင်းကောင်း ဧည့်မခံလို့များလား"
"မဟုတ်ပါဘူး"
ရှစ်ကျင်းက ပြုံးပြလိုက်သည်။
"ဒါဆို ကျွင်းကျူးကို အပြင်အထိ လိုက်ပို့ပါမယ်၊ ကျေးဇူးပြုပြီး ကိုယ့် နောက်ကို လိုက်ခဲ့ပါ"
ရှစ်ဖေးရှန့်သည် ပန်းဟွာအပေါ် တစ်မူထူးခြားနေသာ အစ်ကိုဖြစ်သူ၏ ပုံစံကြောင့် ကြောင်စီစီဖြစ်နေလေသည်။
"မလိုပါဘူး၊ ကျွင်းကျူးနဲ့ ကျွန်တော် အတူတူသွားလိုက်ပါမယ်…သခင်လေးရှစ်ကို ဒုက္ခမပေးချင်ပါဘူး"
ထိုအချိန်မှာ ရုံရှားက ပြုံးတုံ့တုံ့ဖြင့်အနားကိုလျှောက်လာ၍ ဆိုလိုက်၏။
"ဒါက ဘယ်ဖြစ်မလဲ၊ကျွင်းကျူးက ကျွန်တော်တို့ရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်ပဲလေ၊သူမကို လျစ်လျူရှုလို့ ဘယ်ဖြစ်မှာလဲ"
"မင်းရဲ့အိမ်မှာ ဧည့်သည်တွေ အများကြီးရှိတယ်မလား၊ မင်းသမီးနဲ့ ငါကြောင့် တခြားသူတွေကို ပစ်မထားသင့်ဘူးလေ"
ထိုသို့ပြောပြီးနောက် ရုံရှားသည် ပန်းဟွာဘက်သို့ လှည့်လိုက်သည်။
"ကျွင်းကျူး၊ သဘောမတူဘူးလား"
ပန်းဟွာက ကြောင်စီစီဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်၊ မြို့စားမင်းရဲ့စကားက ကျိုးကြောင်းဆီလျော်ပါတယ်"
ရှစ်ဖေးရှန့်ကလည်း
"ယောက်ျားနဲ့ မိန်းမဆိုတာ စည်းတစ်ခု ခြားထားသင့်တာပေါ့၊ ရှင်နဲ့ ကျွင်းကျူးနှစ်ယောက်တည်း ထွက်သွားရင် တခြားသူတွေက အတင်းအဖျင်းအပြောကြမယ် ထင်တယ် ၊ကျွန်မပဲ ကျွင်းကျူးကို လိုက်ပို့မယ်လေ"
xxxxxx