Chapter.39
"မိန်းကလေးရှစ် မင်းနောက်နေတာလား"
ရုံရှား၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပျောက်ကွယ်သွားသည်။
"အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက အရမ်းအရေးကြီးတယ်၊ကိုယ်က ဘယ်လိုလုပ်ပြီး ဂရုမစိုက်ဘဲ နေမှာလဲ၊ပြီးတော့ ကိုယ်က ကျွင်းကျူးနဲ့ နှစ်ယောက်တည်းသွားမှာမဟုတ်ပါဘူး၊ ပန်းဟမ်ကလည်း ကိုယ်တို့နဲ့အတူရှိနေမယ်လေ၊ မိန်းကလေးရှစ်၊ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့"
ရှစ်ဖေးရှန့် မျက်နှာပျက်လျက်သားနှင့်။
"ကျွန်မ မှားသွားပါတယ်"
ပန်းဟွာ လှည့်ကြည့်လိုက်ရာ ရှစ်ဖေးရှန့်၏ အပြုံးက အေးခဲသွားသည်ကို မြင်လိုက်ရ၏။ ထို့နောက် သူမ ရုံရှားကို တစ်ချက်ကြည့်လိုက်လျှင်၊သူကလည်း သူမအား ကြည့်နေသည်ကို တွေ့လိုက်ရသည်။သူမ မျက်ခုံးပင့်ကာ တံခါးကို ဖြူဖွေးနူးညံ့သော လက်လေးဖြင့် လက်ညှိုးထိုးပြလိုက်သည်။
"နှုတ်ဆက်ပါတယ်"
ရုံရှားက ပြုံးပြီး ရှစ်မိသားစုကို နှုတ်ဆက်သည်။
"မင်းသမီး"
ထိုစဉ် ယန်ကျန်းသည် မဏ္ဍပ်ထဲမှ ပြေးထွက်လာသည်။ သူသည် ရှစ်မိသားစုအား နှုတ်ဆက်ကာ ရုံရှား နှင့် ပန်းဟွာ နောက်ကို လိုက်သွားခဲ့သည်။သူ့ပုံစံက အရူးအမူးချစ်နေသော စာဂျပိုးလေးနှင့်တူနေသည်။သူက စည်းကမ်းများကို ဂရုမစိုက် သူမ အထင်ကြီးလာစေဖို့သာ မျှော်လင့်လျက်ရှိသည်
ရှစ်ဖေးရှန့်သည် ယန်ကျန်းက ပန်းဟွာနောက်သို့ လိုက်သွားသည်ကို အေးစက်စွာကြည့်ရင်း
"ဘယ်လိုလူလဲ၊လူကြီးလူကောင်းလည်း မဆန်ဘူး၊မိန်းမလှလေးမြင်လိုက်တာနဲ့ သိက္ခာကိုမရှိတော့ဘူး"
ရှစ်ကျင်းက သူ့ညီမကို ကြည့်ပြီး
"ယန်ကျန်း ကို ပြောနေတာလားရုံရှား အကြောင်းပြောနေတာလား၊ ဘာပဲဖြစ်ဖြစ် အခုလေးတင် မြင့်မြတ်တဲ့ အသိုင်းအဝိုင်းက သခင်မလေးတစ်ယောက်အနေနဲ့ ညီမ ရုံရှားရှေ့မှာ အမှတ်တော့လျော့သွားပြီ"
ရှစ်ဖေးရှန့် မျက်နှာက မည်းမှောင်သွားသော်လည်း သူမ စိတ်သက်သာရာရသွားသည်။ အနည်းဆုံးတော့ သူ့အစ်ကိုရှေ့မှာ သူမက မြို့စားမင်းရုံကို ချစ်နေကြောင်း လျှို့ဝှက်ထားစရာ မလိုချေ။
"မြို့စားမင်းရုံက ညီမအတွက်ဆို အိမ်ထောင်ဖက်ကောင်း မဟုတ်လား"
"သူက မင်းနဲ့ မသင့်တော်ဘူး"
ရုံရှားက ရှစ်ဖေးရှန့်ကို ဂရုမစိုက်မှန်း ရှစ်ကျင်း သိသည်။ သို့သော် သူ့ညီမ၏မျက်လုံးထဲမှ ချစ်ခင်ရိပ်တို့ကို မြင်သောအခါ သူ့နှလုံးသားက ပျော့ပျောင်းလာသည်။
"ညီမက ပိုကောင်းတဲ့လူနဲ့ပဲ ထိုက်တန်တယ်"
"ပိုကောင်းတဲ့လူ ဟုတ်လား၊ ဒီကမ္ဘာပေါ်က သခင်လေးတွေထဲမှာ အစ်ကိုနဲ့ မြို့စားမင်းရုံကိုပဲ ငယ်ရွယ်ပြီး အရည်အချင်းတဲ့သူတွေလို့ ပြောနိုင်တယ်၊ကျန်တဲ့သူတွေက သိပ်ထည့်ပြောနေစရာမလိုတဲ့သူတွေပဲ၊ညီမက ဘယ်သူနဲ့ လက်ထပ်ဖို့ ဖြစ်နိုင်မှာလဲ"
ရယ်စရာအကောင်းဆုံးမှာ ရှစ်မိသားစုသည် အိမ်ရှေ့စံကို လုံးလုံးလျားလျား ထောက်ပံ့နိုင်စေရန်အတွက် သူမနှင့် ယန်ကျန်းကို လက်ထပ်ခွင့်ပြုရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ မထင်မှတ်ပဲ ယန်ကျန်း သည် စေ့စပ်ပွဲသုံးကြိမ် ဖြတ်တောက်ခံခဲ့ရသော အမျိုးသမီးတစ်ဦးကိုသာ ချစ်မိသွားခဲ့သည်။ ဝန်ကြီးချုပ် ယန်၏သားကိုပင် ဤကဲ့သို့ စွဲလန်းသွားအောင် ပြုစားနိုင်သော ပန်းဟွာကို သူမ နားမလည်နိုင်တော့။
"ညီမတို့မိသားစုဟာ ယန်မိသားစုနဲ့ လက်ထပ်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာကို မြို့တော်မှာရှိတဲ့ ဘယ်သူမှ မသိသေးတာကို ညီမ ဝမ်းသာရမှာလား"
သူမ လက်ထပ်တော့မည့် ယောက်ျားက တခြားမိန်းမနောက် လိုက်နေတာကြောင့် ရှက်စိတ်အတန်ငယ်သွားမိသည်။
"ဘာပဲဖြစ်ဖြစ် ညီမက အစ်မအကြီးဆုံးအတွက် အနစ်နာခံဖို့ မွေးလာတာပါပဲ"
"တစ်ကယ်လို့ အစ်မက သားတော်လေးတစ်ပါး မမွေးနိုင်ရင်လည်း ညီမကပဲ အိမ်ရှေ့စံရဲ့ ကိုယ်လုပ်တော်ဖြစ်လာပြီး သားလေး မွေးဖွားလာနိုင်ဖို့ ကူညီရဦးမှာလား"
ရှစ်ဖေးရှန့်၏ နှလုံးသားထဲတွင် ကြိုးထုံးတစ်ခု အမြဲရှိနေသည်။သူမတို့မိသားစုတစ်ခုလုံးသည် အိမ်ရှေ့စံမင်းသမီးဖြစ်လာသော သူမ၏အစ်မအကြီးဆုံးကိုသာ မျက်နှာသာပေးနေကြသည်။သူမကိုဆို ဂရုမစိုက်ကြချေ။သူတို့အတွက် ဒုတိယသမီးက ဘာလဲ...
သူမသည် အစ်မအကြီးဆုံးထက် အရည်အချင်းရှိပြီး ပိုလှသည်။ အကယ်၍ သူမသည် အစ်မဖြစ်သူထက် နှစ်အနည်းငယ် နောက်ကျမှ မမွေးဖွားခဲ့ဘူးဆိုလျှင်၊ သူမအစ်မအကြီးဆုံးကြောင့် သူမ၏ အိမ်ထောင်ရေးနှင့်ပတ်သက်၍ မိဘများစီစဉ်ပေးသည်ကို ငြိမ်ခံနေစရာအကြောင်းမရှိချေ။
ရှစ်ဖေးရှန့် ၏စကားကိုကြားသောအခါ ရှစ်ကျင်းမျက်နှာကလည်း မည်းမှောင်လာသည်။
"အစ်မအတွက်လည်း အရှေ့နန်းတော်မှာ လက်ထပ်ဖို့ဆိုတာ မလွယ်ကူပါဘူး၊ ငါတို့မိသားစုကပါ သူမကို ပြောဆိုနေရင် အစ်မစိတ်ထဲ ဘယ်လိုနေရှာမလဲ"
"သူမအတွက် မလွယ်ဘူး ဟုတ်လား၊ ဒါဆို သူမရဲ့ ဂုဏ်သိက္ခာအတွက် ညီမ အသက်ကိုတောင် စတေးရဦးမှာလား" သူမ၏ မျက်လုံးများ နီရဲလာသည်။
"ညီမလည်း ရှစ်မိသားစုရဲ့ သမီးတစ်ယောက်ပါ"
သူ့ညီမ ဝမ်းနည်းနေသည်ကိုမြင်လျှင် ရှစ်ကျင်း သက်ပြင်းချကာ ညင်သာစွာ နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့ ယန်ကျန်းနဲ့ ညီမကို လက်မထပ်ခိုင်းပါဘူး"
"အခုလောလောဆယ် သူက အရမ်းလှတဲ့ ပန်းဟွာကျွင်းကျူးကိုပဲ ကြိုက်နေတာပါ၊ညီမက သူ့ကို လက်ထပ်ချင်ရင်လည်း သူက ညီမကို လက်ထပ်မှာ မဟုတ်ဘူး၊ ဒါတွေအားလုံးက အရမ်းကို လှပတဲ့ မျက်နှာလေး မပိုင်ဆိုင်ရတဲ့ ညီမအပြစ်ပါပဲ"
"ပေါက်ကရတွေ...ငါတို့ နတ်သမီးလေးက မြို့တော်မှာ အလှဆုံးပဲ ညီမကို လက်ထပ်ချင်တဲ့သူတွေကလေ တန်းစီလိုက်ရင် မြို့ထိပ်ကနေ မြို့အောက်ခြေအထိ ရှိလိမ့်မယ်၊ ယန်ကျန်းလို စာဂျပိုးက တစ်ကယ့်အလှစစ်ကို မသိဘူးလေ"
"အစ်ကို့စိတ်ထဲမှာ ပန်းဟွာကျွင်းကျူးနဲ့ ညီမ ဘယ်သူက ပိုလှတယ်လို့ ထင်လဲ"
ရှစ်ကျင်းက သူမပုခုံးကို ပုတ်ပြီး လှည့်ထွက်လိုက်သည်။
"အစ်ကို့ရဲ့စိတ်ထဲမှာ ညီမ အလှဆုံးပဲ....သွားကြရအောင်... တခြားဧည့်သည်တွေ အကြာကြီးစောင့်နေလိမ့်မယ်"
ရှစ်ဖေးရှန့်က သူ့ကို ချိုချိုသာသာ ပြုံးပြီး
"တောင်းပန်ပါတယ် အစ်ကို... စောစောက အစ်ကို့ကို ညီမ ဒေါသမထွက်သင့်ဘူး"
"ငါက မင်းရဲ့အစ်ကိုပါ၊ငါ့ကို တောင်းပန်စရာမလိုဘူး"
ရှစ်ကျင်းသည် သူ့ညီမ၏ ခေါင်းထိပ်ကို ညင်သာစွာ ပုတ်လိုက်ရင်း စိတ်ထဲက ညစ်ညူးဖွယ် ခံစားချက်တစ်ချို့ကိုဖျောက်ဖျက်ပစ်လိုက်လေသည်။
"နောက်ဆုံးတော့ မွန်းကျပ်စရာကောင်းတဲ့ ပွဲကနေ ထွက်လာနိုင်ပြီကွ"
ပန်းဟမ်သည် အိမ်တံခါးမှ ထွက်လာရင်း ဦးညွှတ်နေသော အစေခံများကို တစ်ချက်ကြည့်လိုက်၏။
"ငါ ဒီနေ့ စိတ်ကောင်းဝင်နေတယ်၊ မင်းတို့ကို ငွေတုံးလက်တစ်ဆုပ်စာ လက်ဆောင်ပေးတယ်"
"ဟုတ်ကဲ့"
ပန်းဟမ်သည် ပျော်နေချိန်မှာ ဘေးနားက လူများကို ဆုလာဘ်ပေးတတ်သည့် အလေ့အထရှိမှန်း အစေခံတို့ သိထားတာကြောင့်၊ ငွေတုံးငွေစနှင့်ကြေးဒင်္ဂါးပြားများကို သူတို့နှင့်အတူတစ်ပါတည်း အမြဲဆောင်ထားလေ့ရှိသည်။ရှစ်ကျစ်က ဆုချသည်ဟု ပြောလိုက်လျှင် သူတို့က ပြောသည့်အတိုင်း ဆုလာဘ်များအား နှိုက်ယူရသည်။ အချိန်အတော်ကြာပြီးနောက်၊ သူ့အား တာဝန်ထမ်းဆောင်နေသော အစေခံများကို အိမ်တော်တွင် "လူချမ်းသာအစေခံများ" ဟူသော အမည်ပြောင်ကိုပင် ရရှိခဲ့သည်။
တစ်ကယ်တမ်းတွင်၊ တော်ဝင်နွယ်ဖွားစစ်စစ် မင်းသမီး၏ ကိုယ်ရေးကိုယ်တာ အစေခံများကိုမှ ထိုသို့ခေါ်ခွင့်ရှိကြတာပင်။ သို့ရာတွင်၊ ဧကရာဇ်၏ သမီးက အပေးအကမ်းရက်ရောသလို၊ စိတ်လည်းဆတ်၍ ပေါ်ပေါ်ထင်ထင် ဘယ်သူမှ မခေါ်ရဲကြ။
"ဘာတွေ အရမ်းပျော်နေတာလဲ"
ပန်းဟွာသည် သူမ၏ ဂါဝန်စကို မလိုက်ပြီး ထိုင်ခုံပေါ်တက်ကာ မြင်းလှည်းထဲသို့ ဝင်ရန် ပြင်ဆင်နေသည်။မောင်ဖြစ်သူက အစေခံများအား ပိုက်ဆံပေးနေသည်ကိုမြင်၍ စူးစမ်းချင်စိတ်နှင့် ရပ်ပြီး လှည့်ကြည့်လိုက်၏။
"ဘာမှမဟုတ်ပါဘူး"
ပန်းဟမ်က ပြုံးပြီး ပန်းဟွာနှင့် နီးကပ်လာကာ တိုးတိုးပြောသည်။
"ဒီလို လူကြီးလူကောင်းတွေနဲ့ စာဂျပိုးဆိုတဲ့ ကောင်တွေက အစ်မကို ဂရုတစိုက်လုပ်နေတော့ ကျွန်တော်လည်း မာန်တက်ချင်သွားတာ"
"ငါက ပစ္စည်းကြီးလား...သူတို့ သဘောကျသလို ကြည့်စမ်းပါစေ၊ ငါကတော့ လျစ်လျုရှုထားတယ်"
ပန်းဟွာက နဖူးကို လက်ညှိုးလေးနှင့် အသာဖိထောက်ထားရင်း
"ကောင်းပြီ၊ အမြန်သွားပြီး ငါ မြင်းလှည်းထဲရောက်ပြီလို့ မြို့စားမင်းရုံကို ပြောလိုက်"
"သတိထား အစ်မ "
ပန်းဟမ်က သူမ၏ ဂါဝန်အနားကို ဂရုတစိုက် ရုတ်သိမ်းလိုက်ပြီး
"ဒီဝတ်စုံက လှတယ်၊ ဒါပေမယ့် လမ်းလျှောက်ရတာ အရမ်းခက်တယ်နော်၊ မိန်းမတွေက အတော်ဒုက္ခရှာချင်တာပဲ"
သူ၏အစ်မသည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အလှအပနှင့်ပတ်သတ်၍ အလုပ်ရှုပ်ခံသလောက် သူကလည်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ညည်းညူနေတုန်းပင်။
"နင် ဘာသိလို့လဲ... လှနေတယ်ဆိုရင် အလုပ်ရှုပ်ခံရကျိုးနပ်တယ်"
ပန်းဟွာက မြင်းလှည်းပေါ်မှနေ၍ အောက်သို့ တွဲလောင်းကျနေသောာဝတ်စုံအနားစကို သေချာ လက်နှင့်သိမ်းထားလိုက်သည်။
ပန်းဟမ်သည် သူမနားက ကန့်လန့်ကာကို သေသေချာချာပိတ်ပေးလိုက်ပြီး မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။သူက ရုံရှားကို
" မြို့စားမင်းရုံ ကျေးဇူးပြုပြီး သွားကြရအောင်လား"
" ကောင်းပြီ ညီလေး"
ရုံရှားသည် တင်းကျပ်စွာ စေ့ထားသော ကန့်လန့်ကာကို ကြည့်ကာ မြင်းကျောပေါ်သို့ တက်၍ ဇက်ကြိုးကို ဆွဲလိုက်သည်။
ထိုစဉ် ယန်ကျန်းက အစေခံတစ်စုနှင့်အတူ ရောက်လာပြန်သည်။
"ကျေးဇူးပြုပြီး စောင့်ပါဦး"
ပန်းဟမ် ထိုလူကိုမြင်သောအခါ မျက်မှောင်ကြုတ်သွားမိပြီး မကြားချင်ယောင်ဆောင်ကာ မြင်းကိုစီးလာခဲ့သည်။ သို့သော် ယန်ကျန်းက ဇွဲမလျှော့ဘဲ သူ့မြင်းရှေ့အထိရောက်အောင် ပြေးနေ၍ မမြင်ဟန်ဆောင်၍ မရတော့။
"သခင်လေးယန်၊ ကိစ္စရှိသလား" ပန်းဟမ်သည် မြင်းဇက်ကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း မေးသည်။သူကသာ လက်ဝဲဝန်ကြီးချုပ်၏သားမဟုတ်လျှင်၊ ကြာပွတ်နှင့် ရိုက်မိမှာပင်။ယန်မိသားစုက စည်းကမ်းတင်းကြပ်တယ်မဟုတ်ဘူးလား... မိန်းကလေး တစ်ယောက်ကို ဒီအထိ နှောင့်ယှက်ဖို့ ဘယ်လို သင်ပေးထားတာလဲ။
"ကျွင်းကျူးကို ပြောစရာရှိပါတယ်၊ ကျွင်းကျူး၊ ကိုယ်နဲ့တွေ့ခွင့်ပြုပါ" ယန်ကျန်းသည် မြင်းလှည်းရှေ့သို့ လျှောက်သွားပြီး
"ကျွင်းကျူး၊ ကိုယ်က စကားကောင်းကောင်း မပြောတတ်ဘူး၊ မိန်းမတွေနဲ့လည်း ပြောဆိုမဆက်ဆံဖူးပေမယ့် ခုနက ကိုယ် ပြောခဲ့တာက လိမ်ညာတာ မဟုတ်ဘူး၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားကြည့်ပါ"
"သခင်လေးယန် ကျေးဇူးပြုပြီး ပြန်သွားပါ"
မြင်းလှည်းပေါ်မှ ပန်းဟွာ၏ အသံထွက်လာသော်ငြား၊ ကန့်လန့်ကာက မလှုပ်သဖြင့် ယန်ကျန်း မျက်လုံးများ မှိန်သွားသည်။သူမ တွေ့ခွင့်မရမှန်း သူ သိလိုက်သည်။
"ပြီးပြည့်စုံဖို့ခက်တဲ့ ကိစ္စတွေ လောကမှာ အများကြီးရှိပါတယ်၊ သခင်လေးယန်က အရမ်းထက်မြက်ပါတယ်၊ ရှင် တစ်ကယ်ချစ်တဲ့သူကို သေချာပေါက် ရှာတွေ့ပါလိမ့်မယ်၊ ကျွန်မက ရှင်နဲ့မလိုက်ဖက်ဘူး၊ ကျေးဇူးပြုပြီး ဒီကိစ္စကို ထပ်မပြောပါနဲ့ နှုတ်ဆက်လိုက်ပါတယ်"
"သခင်လေးယန်၊ ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ"
ပန်းမိသားစု၏ အစောင့်များသည် ယန်ကျန်းအား ယဉ်ကျေးစွာ ပြောဆိုသည်။ ထို့နောက် ယန်ကျန်းသည် သူ့ရှေ့မှ မြင်းလှည်းဖြတ်သွားသည်ကို ကြည့်ရင်း ကြေးခေါင်းလောင်းသံများ တချွင်ချွင်မြည်လာသည်နှင့်အမျှ သူ့နှလုံးသားကိုလည်း မြင်းလှည်းဖြင့် သိမ်းယူသွားသလို ခံစားလိုက်ရသည်။သူ ကြောင်စီစီနှင့်ရပ်နေမိပြီး အတော်ကြာမှ နောက်ကနေ တစ်ယောက်ယောက်က လှမ်းခေါ်သည်။
"သခင်လေးယန်"
ခန်းနင်ကျွင်းကျူးသည် ယန်ကျန်း အပြင်ဘက်လမ်းကို ကြောင်စီစီ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမက ပြုံးပြီး
"ဆောင်းဦးလေက အရမ်းအေးတယ်လေ၊ရှင် ဒီမှာ ဘာရပ်လုပ်နေတာလဲ"
"ခန်းနင်ကျွင်းကျူး" ယန်ကျန်း က ခန်းနင်ကို ဦးညွှတ်ကာ
"နှုတ်ဆက်ပါတယ်"
ခန်းနင်သည် ယန်ကျန်းပုံစံကြောင့် စိတ်ရှုပ်သွားသည်။ သူမ တစ်ဖက်ကို လှည့်ကြည့်လိုက်လျှင်၊ တံခါးနားက အစေခံများမှာ မူပျက်နေသည်ကို တွေ့လိုက်ရသည်။ သူမက သူတို့ထဲက တစ်ယောက်ကို မေးသည်။
"ခုနက ဘာဖြစ်သွားတာလဲ"
ထိုအစေခံက ခေါင်းကို ကမန်းကတန်း ငုံ့ပြီး
" ခွင့်လွှတ်ပါ ကျွင်းကျူး ၊ကျွန်မလည်း ဘာဖြစ်သွားမှန်း မသိပါဘူး "
လက်ဝဲဝန်ကြီးချုပ်ယန်၏ သားသည် စေ့စပ်ပွဲ သုံးကြိမ်တိုင်တိုင် ဖျက်ခံခဲ့ရသော ကျင့်ထင်နယ်စားမင်း၏ သမီး ပန်းဟွာကျွင်းကျူးကို စိတ်ဝင်စားခဲ့သည်။ဤသည်ကို ကျွင်းကျူးဘက်က ငြင်းဆန်ခဲ့သည်။သူမလည်း ဤကိစ္စကြောင့် အံ့ဩထိတ်လန့်မိသော်လည်း စကားတစ်ခွန်းမှ မပြောဝံ့ပေ။
အစေခံသည် အမှန်အတိုင်း မပြောလိုကြောင်း ခန်းနင် မြင်လိုက်ရ၍ စိတ်မချမ်းသာ ဖြစ်သွားသည်။သို့သော် ဤအစေခံသည် မင်းသားဟွေ့ အိမ်တော်၏ အစေခံမဟုတ်၍ မကျေနပ်လျှင်တောင် ပြော၍မရချေ။
“အဲဒါဆို ဘယ်သူ သိသလဲ"
တံခါးနားက အစေခံများ အားလုံး ခေါင်းငုံ့ပြီး စကားတစ်ခွန်းမှ မပြောကြ။ လေထုသည် ရုတ်တရတ်ကြီး အဆင်မပြေဖြစ်လာသဖြင့် ခန်းနင်က အတင်းပြုံးပြီး
"ဘယ်သူမှ မသိဘူးဆိုတော့ အဲဒါကို မေ့လိုက်ကြရအောင်"
မြင်းလှည်းပေါ်တက်ပြီးနောက် သူမ၏မျက်နှာက ညို့မှိုင်းသွားရသည်။ မြို့တော်ရှိလူတိုင်းက သူမကို အထင်သေးနေကြပြီ။ရှစ်မိသားစု၏ အစေခံများကလည်း ထို့အတူပင်။သူတို့ပိုင်ရှင်ကိုအားကိုး၍ သူမကို မထီမဲ့မြင်ပြုဝံ့ကြလေသည်။
အနှေးနဲ့အမြန်ဆိုသလို သူမ အလှည့် ရောက်လာတော့မှာပါ…
သူမ အံဆွဲထဲမှ မုန့်တစ်ထုပ်ကိုယူကာ အားလုံးကို အမှုန့်ဖြစ်အောင် ကြိတ်ချေသည်။ထိုမှသာ အနည်းငယ် စိတ်သက်သာလာခဲ့သည်။
ပန်းဟွာ၏ မြင်းလှည်းသည် ကျင့်ထင်နယ်စားမင်း အိမ်တော်ရှေ့တွင် ရပ်သွားသည်။ သူမ မြင်းလှည်းပေါ်မှ ဆင်းသောအခါ၊ ရုံရှား ရှိနေသည်ကို တွေ့လိုက်ရ၍ သူ့ကို တောက်ပစွာ ပြုံးပြလိုက်သည်။ ရုံရှားကလည်း သူမ၏အပြုံးကို မြင်ပြီး ပြန်ပြုံးပြလိုက်သည်။
"ကျွင်းကျူး ကိုယ် ပြန်တော့မယ်"
"နေပါဦး"
ပန်းဟွာ ရုတ်တရက် တစ်ခုခုကို တွေးပြီး မြင်းလှည်းပေါ်သို့ ပြန်တက်သွားသည်။တချောက်ချောက်အသံများ ထွက်ပေါ်လာပြီးနောက် သူမ ထွက်လာပြန်သည်။သူမက ဂါဝန်စကို အသာမ၍ တွန်းလှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။
"ဒီဟာက ရှင့်အတွက်ပါ"
ရုံရှားက ပန်းဟွာ ပေးသည့် ပစ္စည်းများကို ယူလိုက်သည်။
"ဒီဟာတွေက…"
"ဒီဟာတွေက ကျွန်မတို့မိသားစုမှာ အသုံးမဝင်ပါဘူး၊ ဓားကောင်းတစ်လက်ဟာ သူရဲကောင်းနဲ့မှ လိုက်ဖက်တယ်.. စာအုပ်ကောင်းတစ်အုပ်ဟာလည်း အရည်အချင်းရှိသူနဲ့ လိုက်ဖက်တယ်ဆိုတဲ့ စကားလိုပါပဲ.… ဒါအမှန်တရားပဲ မဟုတ်လား"
ရုံရှားသည် သူ့ရှေ့တွင် ပြုံးနေသော မိန်းကလေးကို တိတ်တဆိတ် ကြည့်နေသည်။စာအုပ်ကို သူ့ရင်ခွင်ထဲထည့်ကာ ပန်းဟွာကို ဦးညွှတ်လိုက်သည်။
"မင်းရဲ့ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်...ကျွင်းကျူး"
"ရပါတယ်"
ပန်းဟွာသည် တံခါးဆီသို့ ခြေလှမ်းနှစ်လှမ်း လျှောက်သွားလိုက်သည်။ယခုထိ ရုံရှားသည် နေရာတွင် ရပ်နေသေးသည်ကိုမြင်လိုက်ရ၍ သူမ ဂါဝန်စကို လွှတ်လိုက်ပြီး ရုံရှားကို လက်ပြနှုတ်ဆက်လိုက်၏။ထို့နောက် သူမလည်း တံခါးဝအနီးသို့ လျှောက်သွားသည်။
များမကြာမီတွင် သူမတို့မောင်နှမနှစ်ယောက်စလုံး အတွင်းထဲသို့ ဝင်သွားကြလေသည်။
ရုံရှားသည် သူ့လက်ထဲမှ အရာအား တင်းတင်းဆုပ်ထားပြီး တစ်ချက်ကြည့်လိုက်မိလေသည်။
xxxxxxx