Chapter.40
"အစ်မ၊ မြို့စားမင်းရုံကို ဘာပေးခဲ့တာလဲ" ပန်းဟမ် သည် ပန်းဟွာနောက်မှ လိုက်သွားရင်း
"သူ့မျက်နှာကိုကြည့်ရတာ တစ်ခုခု ဖြစ်သွားသလိုပဲ"
“သူက ပညာရှင်မို့လို့ အရှားပါးဆုံး စာအုပ်တွေပေးတာလေ၊ 'ကျုံးချမ်လွင်' ရဲ့ လက်ရေးကော်ပီပါ၊စစ်ပွဲတွေကို သေချာရေးပြထားတော့ ငါလည်း စိတ်ဝင်စားစရာကောင်းတယ်လို့ မထင်ဘူး၊ ဒါကို အကောင်းဆုံးအသုံးချလိုက်ကြည့်တာလေ... ဘာပဲဖြစ်ဖြစ် တစ်ခုတည်းရှိတဲ့ ကော်ပီက ငါတို့ မိသားစုထဲမှာ ရှိနေပါသေးတယ်"
ပန်းမိသားစုသည် စစ်သူကြီးမိသားစုဖြစ်သည်။ သူတို့သည် ကျန်းမိသားစုဝင်ဖြစ်သည့် တည်ထောင်သူဧကရာဇ်နှင့် တိုက်ခိုက်သောအခါ၊ အလွန်ကောင်းသော အရာများစွာကို ရရှိခဲ့ကြသည်။ ပန်းမိသားစု၏ ဘိုးဘေးမှာ ပထမတန်းစား စစ်သူကြီးတစ်ဦးဟု ဆိုသော်လည်း သူ့ကံက သိပ်မကောင်းလှပေ။ အထက်အရာရှိများက ရရှိလာသော အရာများကို ဝေငှပေးသည့်အကြိမ်တိုင်း၊ အခြားလူများမှာ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ ရကြသော်လည်း ပန်းမိသားစု၏ဘိုးဘေးခမျာမှာတော့ အခြားဘယ်သူမှ မလိုချင်သော စာအုပ်များ၊ လက်ရေးလှစာအုပ်၊ ပန်းချီကားအချို့ကိုသာ ရနိုင်ကြသည်။ ငွေကြေးနယ်ပယ်တွင် အသာစီးရနေသော်လည်း၊ နိုင်ငံရေးနယ်ပယ်တွင် ရှုံးနိမ့်နေသောကြောင့် ကျန်းမိသားစုကို ထူထောင်ခဲ့သော ဧကရာဇ်နှင့် တိုက်ပွဲဝင်ခဲ့သည့် အခြားစစ်သူကြီးများ၏ မိသားစုများသည် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့သည်။ ပန်းမိသားစုသာလျှင် အတိတ်ကအတိုင်း ဂုဏ်သိက္ခာကို ထိန်းသိမ်းခဲ့သည်။
သို့သော် ထိုသိက္ခာတို့မှာ ပျောက်ကွယ်တော့မည် ဖြစ်ပေသည်။ပန်းမိသားစုသည် အခြားတည်ထောင်သူ စစ်သူကြီးများကဲ့သို့ နောက်ဆုံးတွင် ဆုတ်ယုတ်သွားကာ သမိုင်း မှတ်တမ်းထဲတွင် အမေ့လျော့ခံဖြစ်လာမည်ပင်။
"ဒါအမှန်ပဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မိသားစုထဲမှာရှိလည်း အသုံးမဝင်ဘူး၊အဲ့ဒီအစား စာဖတ်တာကြိုက်တဲ့သူကို ပေးလိုက်တာက ပိုကောင်းတယ်"
ပန်းဟွာ က လက်ခုပ်တီးပြီး
"ဟုတ်တယ်၊ရှေးခေတ်က မင်းကြီးတစ်ပါးက သူ့ဧကရီ ရယ်မောစေဖို့ မီးနဲ့တောင် ကစားပြသတဲ့၊ အခု ငါလည်း ငါ့ကြောင့် အရမ်းချောတဲ့ ကောင်လေး ပျော်သွားရှာပြီ၊ မိုက်တယ်မလား"
ပန်းဟမ်သည် ခဏမျှ အံ့အားသင့်သွားကာ စိတ်လှုပ်ရှားစိတ်ဖြင့် သက်ပြင်းလိုက်၏။
"တော်သေးတာပေါ့ အစ်မက ယောက်ျားလေးမဟုတ်လို့"
ပန်းဟွာက သူ့ကို တအံ့တသြ ပြန်ကြည့်သည်။
"အစ်မသာ ယောက်ျားဖြစ်ရင် အရမ်း ရိုမန့်တစ်ဆန်လိမ့်မယ်၊မကောင်းဘူး၊ မကောင်းဘူး"
ကံကောင်းထောက်မစွာ၊ မြို့စားမင်းရုံသည် သူ့အစ်မ၏စကားများကို မကြားခဲ့ရချေ။
'ကျုံးချမ်လွင်' သည် ယခင်မင်းဆက်၏ ကျော်ကြားသော ဝန်ကြီးတစ်ဦးမှ အနားယူပြီးနောက် ဇာတိမြို့သို့ ပြန်လာချိန်မှာ ရေးသားခဲ့သည်။ စာအုပ်ထဲတွင် ဝန်ကြီး၊ အုပ်ချုပ်သူနှင့် စစ်သူကြီးများ ကျင့်သုံးအပ်သည့် အခြေခံမူများပါရှိသည်။၎င်းသည် ယခင်မင်းဆက်၏ မရေမတွက်နိုင်သော ပညာရှိများ၏ အသိပညာအကျဉ်းချုပ်ဖြစ်သည်။ ယခင်မင်းဆက် ပြိုကွဲပြီးနောက် ဤစာအုပ်သည် စစ်ပွဲထဲတွင် ပျောက်ဆုံးသွားသည်ဟု ဆိုကြသည်။ ဤစာအုပ်ကို ရသွားသူကတော့ ကံကောင်းသည်ဟုဆိုနိုင်သည်။ယခုထိလည်း စာဖတ်သူအများအပြားက ဤစာအုပ်ကို ရှာဖွေနေကြပြီး ရတနာကဲ့သို့ တန်ဖိုးထားကြသည်။မထင်မှတ်ပဲ… ဤစာအုပ်က ပန်းမိသားစု မှာ ရှိခဲ့တာပင်။
ပန်းမိသားစုရဲ့ဘိုးဘေးက အရင်တုန်းက ဘာလုပ်ခဲ့တာလဲ… အဖိုးတန်စာအုပ်တွေကို ဘာလို့ စုဆောင်းထားတာလဲ...
ရုံရှားသည် လက်ကို ဆေးကြောပြီး စာအုပ်အား သေချာဖွင့်လိုက်သည်။ သူ စာပိုဒ်တစ်ပိုဒ်ကိုဖတ်ပြီးနောက်၊မတ်တပ်ထရပ်၍ လက်ခုပ်တီးမိပြီး စာအုပ်ကို မချီးမွှမ်းဘဲမနေနိုင်တော့။ စာကြောင်းတိုင်းသည် အနှစ်သာရရှိပြီး စာပိုဒ်တိုင်းက လူတစ်ယောက်အတွက်ဘဝဒဿနကို ရည်ညွှန်းသည်။ မရေမတွက်နိုင်သည့် ထူးချွန်ပြောင်မြောက်သူများ၏ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများအား အကျဉ်းချုပ်ရေးထားခြင်းဖြစ်၍ တန်ဖိုးရှိလှသည်။
အုပ်စိုးရှင်ဖြစ်ရန်နည်းလမ်း၊ စစ်သူကြီးဖြစ်ရန်နည်းလမ်း..ဝန်ကြီးကောင်းတစ်ဦးဖြစ်ရန် နည်းလမ်း...စသည်ဖြင့်...
ပန်းမိသားစု၏ မျိုးဆက်တိုင်းလိုလိုတွင် ကျော်ကြားသော စစ်သူကြီးတစ်ဦးမွေးထုတ်သည်။ ဒါက ဒီစာအုပ်နဲ့ ဆက်စပ်မှုရှိတာလား...သို့သော် စာအုပ်၏ စာမျက်နှာအချို့တွင် ကပ်နေသော မုန့်အကြွင်းအကျန်များကို တွေ့ရှိသောအခါ၊စာမျက်နှာတစ်ခုတွင် ကလေးတစ်ယောက်ဆွဲထားဟန်တူသော လိပ်ပုံကို တွေ့ရသောအခါဝယ်... မရေမတွက်နိုင်သော ပညာရှိများက ထူးချွန်အပြောင်မြောက်ဆုံး လက်ရာတစ်ခုအဖြစ် ချီးကျူးခံရသော << ကျုံးချမ်လွင် >> သည် ချက်ချင်းပင် ဖတ်ရသည်မှာ လျှို့ဝှက်ဆန်းကြယ်မှု နည်းပါးလာသလို ခံစားရသည်။
သူ နားမလည်နိုင်ဆုံးအရာမှာ ပန်းဟွာ က ဤစာအုပ်ကို လွယ်လွယ်ကူကူ ပေးခဲ့ခြင်းပင်။ ကျောက်ခဲ သို့မဟုတ် ပန်းတစ်ပွင့်ကို လူတစ်ယောက်အားခပ်ပေါ့ပေါ့ပေးလိုမျိုးပင်။ သူမ အမူအရာက ပေါ့ပေါ့ပါးပါးဖြစ်နေ၍ သူ့ကို သံသယဖြစ်စေသည်။ ဒါက တကယ်ပဲ 'ကျုံးချမ်လွင်' လား...
ရုံရှား၏အိမ်တွင် ဤစာအုပ်ထဲမှ စာသားတစ်ချို့အား ကူးရေးထားသော စာအုပ်ရှိသည်။ထို့ကြောင့် ပန်းမိသားစု၏ သဘောထားကိုကြည့်ပြီး ဤစာအုပ်အစစ်မဟုတ်ကြောင်း ထင်စေနိုင်သော်လည်း၊ ၎င်းသည် စာအုပ်အစစ်ဖြစ်ကြောင်း ဝန်ခံရမည်။
စာမျက်နှာတစ်ချို့၏ ကွက်လပ် နေရာများတွင် ရေးဆွဲထားသော ရုပ်ဆိုးအကျည်းတန်သော လိပ်ငယ်လေးက သူတို့ မောင်နှမနှစ်ယောက်ထဲက ဘယ်သူဆွဲထားသလဲ..
ရုံရှားသည် အိမ်ထဲတွင် တစ်နေကုန်နေခဲ့ပြီး စာကြည့်ခန်းထဲမှာတောင် ထမင်းစားသည်။ ယင်းကြောင့် သူ့အား တာဝန်ထမ်းဆောင်နေသော သက်တော်စောင့်များနှင့် အစေခံအချို့က အလွန်စိုးရိမ်သွားခဲ့သည်။
"တုကျိုး မြို့စားမင်းရုံ ဘာဖြစ်သွားတာလဲ"
သူတို့ ပေးပို့သော အစားအသောက်များကို ထိပင်မထိရသေးသည်ကို မြင်၍ အစေခံက တုကျိုးကို စိုးရိမ်တကြီး မေးသည်။
"ဒီနေ့ အများကြီးမစားဘူးပဲ"
မြို့စားမင်းရုံ နှင့် ပန်းဟွာကျွင်းကျူး လမ်းခွဲမခွဲခင်မှာ ကျွင်းကျူးက မြို့စားမင်းရုံကို တစ်ခုခု ပေးခဲ့သည်ကို တုကျိုး သတိရမိ၏။ သူတို့နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ခံစားချက်တွေ ရှိနေကြလို့ အချင်းချင်း ကဗျာတွေရေးတာလား ဒါပေမယ့် ပန်းဟွာကျွင်းကျူး က ကဗျာရေးတာ မကျွမ်းကျင်ဘူးဆိုတာ မြို့တော်တစ်ခုလုံးမှာ ဘယ်သူက မသိလို့လဲ...
"မြို့စားမင်းရုံမှာ သူ့အစီအစဥ်တွေရှိတယ်၊ စိတ်ပူစရာ မလိုဘူး"
တုကျိုး စကားကြောင့် အစေခံက စိတ်ထဲမှာ ပူပန်မှုများကို မျိုသိပ်ပြီး စားစရာနှင့်အတူ ပြန်ထွက်သွားသည်။
ထိုညတွင် စာကြည့်ခန်း၏ မီးအိမ်သည် အချိန်အတော်ကြာအောင် ထွန်းထားခဲ့သည်။ ညသန်းခေါင်ကျော်မှ စာသင်ခန်းထဲက လူများက ဖယောင်းတိုင်မီးကို မှုတ်ကြသည်။
တုကျိုးသည် သစ်ပင်အောက်တွင် ရပ်နေရင်း စာသင်ခန်းမှာ နောက်ဆုံးတွင် မည်းမှောင်သွားသည်ကို တွေ့လိုက်ရမှ လှည့်၍ သူ့အိမ်သို့ ပြန်လာခဲ့သည်။ မြို့စားမင်းရုံသည် ညဘက်စာဖတ်ခြင်းကို မကြိုက်ပေ။ညဘက်စာဖတ်ခြင်းက သူ့မျက်လုံးကို အန္တရာယ်ဖြစ်စေသည်ဟုဆို၏။ သို့သော် ယနေ့တွင်မူ သူ၏စံနှုန်းကို ချိုးဖျက်ခဲ့သည်။
ပန်းဟွာကျွင်းကျူးက မြို့စားမင်းရုံ ကို ဘာလုပ်ခဲ့တာများလဲ...
ထိုညတွင် ယန်မိသားစုလည်း အိပ်မပျော်ခဲ့ကြ။
ရှစ်မိသားစု၏အားလပ်ရက်ပွဲတော်မှ သူ့သားအငယ်ဆုံး ယန်ကျန်းသည် ပြန်လာပြီးကတည်းက သူ့တစ်ကိုယ်လုံး ချုံးချုံးကျ၍ စိတ်ဓာတ်ကျသွားမှန်း သခင်မယန် တွေ့ခဲ့သည်။ သူ့သားအငယ်လေးမှာ ယခင်ကဆို စကားပြောသေးသော်လည်း၊ ယခုတော့ ပုပ်နေသည့် သစ်သားပိုင်းတစ်ခုလို မတုန်မလှုပ် ဖြစ်သွားသည်။ သူမ တစ်ညလုံး အိပ်မပျော်ခဲ့သလို၊ သူမနှင့်အတူအိပ်သော ယန်ဟွေ့ လည်း မအိပ်ရ။
"မင်းစိတ်ထဲဘာတွေ စိတ်ပူနေတာလဲ"
ယန်ဟွေ့ သည် သခင်မယန် ၏ ညှဉ်းပန်းမှုကြောင့် နိုးလာပြန်သည်။ သူ ဆက်ပြီးအိပ်ချင်ယောင်ဆောင်၍ မရတော့။
"တစ်ခုခုရှိရင် မင်း ခင်ပွန်းကို ပြောလို့ရတယ်၊တစ်ယောက်အားနဲ့ဆို မပြီးဘူး နှစ်ယောက်စဉ်းစားတော့ အလုပ်မပြီးနိုင်ဘူးလား"
သခင်မယန်သည် ခင်ပွန်းဖြစ်သူ နိုးလာသည်ကို မြင်သောအခါ အနည်းငယ် စိတ်မကောင်းဖြစ်သွားရသည်။သို့သော် သားဇောကြီးနေ၍ ခင်ပွန်းဖြစ်သူအား ပြောပြလိုက်သည်။
"ဒီကလေးက ပန်းမိသားစုက မိန်းကလေးကို သိပ်တန်ဖိုးထားမယ်လို့ မထင်ခဲ့ဘူး"
သခင်မယန်၏ နှလုံးသားသည် ခါးသီးမှုများဖြင့် ပြည့်နှက်သွားသည်။
"ပန်းမိသားစုက မိန်းကလေးရဲ့ အိမ်ထောင်ရေးက သုံးကြိမ် ပျက်ထားတော့ ကျွန်မတို့ မိသားစုက လက်ထပ်ဖို့ပြောရင် ချက်ချင်း တန်းသဘောတူမယ်လို့ ထင်ခဲ့တာ"
ဘာလို့ ပန်းမိသားစုက ဒီလောက် ပြတ်ပြတ်သားသား ငြင်းခဲ့တာလဲ၊ ယန်မိသားစုကို လက်ထပ်ဖို့တောင် မစဉ်းစားခဲ့ပုံရတယ်...
သူမ၏ သားဖြစ်သူက ရုပ်ချောပြီး စာတော်သလို စာရိတ္တကောင်းသည်။ သို့သော် ပန်းမိသားစုသည် အလွန်လိမ္မာပါးနပ်သည့် သားဖြစ်သူကို အလွန်ဝမ်းနည်းစေခဲ့သည်။ တကယ်ပဲ…
"မဒမ်၊ ပန်းမိသားစုမှာ အာဏာအစစ်အမှန် မရှိပေမယ့်၊ ပန်းဟွာကျွင်းကျူး ရဲ့ ခန္ဓာကိုယ်ထဲမှာ တော်ဝင်သွေးတွေ စီးဆင်းနေတာ၊သူမရဲ့ အဆင့်အတန်းက မြင့်တယ်လေ၊ သူမကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စေ့စပ်ပွဲဖျက်ခဲ့ကြသူတွေလည်း ရှိပေမယ့် မရေမတွက်နိုင်တဲ့ ယောက်ျားတွေကလည်း ကမ်းလှမ်းနေကြတာပါ၊ မိန်းကလေးကောင်းကို မိသားစုတိုင် ရှာနေကြတာပဲ၊ ပန်းဟွာကျွင်းကျူးက မိန်းကလေးကောင်း တစ်ယောက်မဟုတ်ပေမယ့်လည်း မျိုးရိုးက မြင့်မြတ်တယ်လေ"
ယန်ဟွေ့သည် ရှင်းရှင်းလင်းလင်းတွေးထားသည်။
" ပန်းမိသားစုက သူတို့သမီးကို ငါတို့သားနဲ့ လက်ထပ်ခွင့်မပြုချင်ကြဘူး... ဆိုလိုတာက သူတို့နှစ်ယောက်ကိုက ကံမပါတာပါ၊ အတင်းအကြပ်လုပ်စရာမလိုဘူး "
"ကျွန်မလည်း အတင်းမတိုက်တွန်းချင်ပေမယ့် သားလေးမှာလေ......" သခင်မယန်၏ ပါးစပ်သည် ခါးသီးမှုများ ပြည့်နှက်နေသည်။
"ဒီကလေးရဲ့ နှလုံးသားက အဲ့ဒီအတားအဆီးထဲကနေ ရုန်းမထွက်နိုင်တော့မှာကို ကျွန်မ ကြောက်တယ်"
"ငါ့သားလေးက မိန်းမတစ်ယောက်ကြောင့် ဘယ့်နှယ့် စိတ်ဓာတ်ကျရမှာလဲ... ယောက်ျားကောင်းတစ်ယောက်ဟာ မယားမရှိလို့ စိတ်ပူနေစရာမလိုပါဘူး၊ ဒီလိုမျိုး ဖြစ်စရာမလိုဘူး"
သခင်မယန်က ခင်ပွန်း၏သဘောထားကို မြင်ပြီး စကားမပြောချင်တော့ဘဲ သူ့ကို လျစ်လျူရှုလိုက်သည်။
ယန်ဟွေ့ သက်ပြင်းချကာ အားကိုးရာမဲ့သွား၏။
"မင်းကိုကြည့်စမ်း၊ စိတ်မပူနဲ့...မနက်ဖြန် တရားရုံးအစည်းဝေးရှိတယ်၊ငါ ပန်းဟွိုက်ကို သွားတွေ့ကြည့်ဦးမယ်"
မိဘတစ်ယောက်အနေနှင့် သူသားသမီးကို အမြဲပျော်ရွှင်စေချင်သည်။ ပန်းမိသားစုကလည်း အိမ်ထောင်ဖက်အနေနှင့်ဆို မဆိုးဘူးဟု ပြောနိုင်သည်။ အနည်းဆုံး … ရှစ်မိသားစုထက် ပိုကောင်းပါတယ်လေ…
တုကျိုးသည် တံခါးဝတွင် ရပ်နေရင်း မြို့စားမင်းရုံ ရွှင်လန်းစွာ ထွက်လာသည်ကို မြင်လိုက်သည်။
"မြို့စားမင်း မြင်းတွေ အဆင်သင့်ဖြစ်ပါပြီ"
"အင်း"
ရုံရှားက တုကျိုးကို ခေါင်းညိတ်ပြလိုက်ရင်း ဝတ်စုံကို ပြင်ဆင်ကာ ထွက်လာခဲ့သည်။ မြို့စားမင်းသည် စိတ်ရွှင်နေပုံရသည်ကို တုကျိုး သတိပြုမိကာ ကမန်းကတန်း လိုက်လာခဲ့သည်။
ရာဇပလ္လင်ထားရာအခန်း၏ တံခါးများအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားကြသည်။ တံခါးပေါက်ဝမှ အရာရှိများ အပြုံးမပျက် ဝင်လာကြ၏။အရာရှိများနှင့် စစ်သူကြီးများကြားတွင် သဘာဝအလျောက် ကွာဟမှု ခံစားချက်မျိုး ရှိနေပုံရသည်။သူတို့ အသီးသီးက ကိုယ့်အကြောင်းကိုယ်သာ ပြောကြ၏။
ပန်းဟွိုက်၏ အနေအထားက အတော်လေး အဆင်မပြေပေ။သူသည် စစ်သူကြီးရာထူးကို အမွေဆက်ခံခဲ့သော်လည်း သူရခဲ့သောရာထူးမှာ ပျင်းရိစရာဖြစ်သည်။ သူပါဝင်နေသော အသိုင်းအဝိုင်းသည် အရပ်ဘက်အရာရှိများ၊ စစ်သူကြီးများနှင့် ကွဲပြားသည်။ သူသည် အင်ပါယာနန်းတွင်းရှိ တတိယအုပ်စုဝင်ဖြစ်ပြီး ပျင်းရိဖွယ်ကောင်းသော မှူးမတ်အုပ်စုငယ်ထဲမှာ ပါသည်။
တခြားအရာရှိများသည် ဤအဖွဲ့ငယ်နှင့် ပတ်သက်၍ အလွန်ရှုပ်ထွေးစွာ ခံစားခဲ့ကြရသည်။သူတို့ကို နှိမ့်ချလိုစိတ်ရှိသော်လည်း မစော်ကားဝံ့ပေ။ ဤလူအုပ်စုသည် တော်ဝင်မိသားစုနှင့် ဆက်စပ်နေ၍ သွားထိလို့တော့ မရချေ။
"ကျင့်ထင်နယ်စားမင်း ဘာတွေ လုပ်နေတာလဲ"
ယန်ဟွေ့သည် ပန်းဟွိုက်ကို မှူးမတ်များကြားတွင် တွေ့ပြီး စကားစပြောခဲ့သည်။
လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောနေသည့် ပန်းဟွိုက် အကြည့်က ရုတ်တရက် အံ့ဩသွားသလို ဖြစ်သွားသည်။သူက ယန့်ဟွေ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ဘာဖြစ်သွားတာလဲ… ဂုဏ်သိက္ခာရှိသော လက်ဝဲဝန်ကြီးချုပ်ယန်သည် သူနှင့် စကားပြောရန် အစပြုခဲ့လေသည်။
ဤသည်ကို တခြားမှူးမတ်များ မြင်သည့်အခါ သူတို့အားလုံး ဘေးဘက်ကို ခြေလှမ်းအနည်းငယ် ရွှေ့လိုက်ကြသည်။ ယန်ဟွေ့ကဲ့သို့ ထက်မြက်သော အရာရှိတစ်ဦးနှင့် သူတို့ စကားမပြောချင်ပေ။သူတို့၏ အားနည်းချက်များအား ထုတ်ပြမိမှာကြောက်သည်။
ပန်းဟွိုက်က ယန်ဟွေ့ကို လက်ဆွဲနှုတ်ဆက်သည်။
"ဝန်ကြီးချုပ်ယန်၊ ကိစ္စရှိလို့လား"
ငါ့ကို အရင်လာပြီး စကားရောဖောရော လာမလုပ်နဲ့၊ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာပြော...
ယန်ဟွေ့ စိတ်ထဲတစ်ချက်အိုးတိုးအမ်းတမ်းဖြစ်ကာ အလိုလိုနေသည့် သူ့ဝတ်စုံအား ဟိုသည်ပြင်ကြည့်လိုက်သည်။
"ပွဲပြီးရင် နယ်စားမင်း အားလပ်ချိန်ရှိသလား၊ကျွန်တော် နယ်စားမင်း ကို လက်ဖက်ရည်ကြမ်းတစ်ခွက်သောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်"
ပန်းဟွိုက်၊ "…"
သူ ချက်ချင်းကြီးစိတ်ထဲမှာ ထင့်သွားသလို ဖြစ်သွားရကာ...
"လက်ဖက်ရည်သောက်စရာ မလိုပါဘူး"
ပန်းဟွိုက် ရိုးသားစွာနှင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဝန်ကြီးချုပ်ယန်၊ပြောစရာရှိရင် ပြောသာပြော၊ ကျွန်တော်က ဟိတ်ကြီးဟန်ကြီးနဲ့မနေတတ်ပါဘူး၊ဒီလို အလကားအချိန်ကုန်တာတွေကို ကျွန်တော် သိပ် ဂရုမစိုက်ဘူး"
ယန်ဟွေ့ ဘာပြောရမှန်းမသိတော။ တခြားသူများရှေ့မှာ သူ၏ သားဖြစ်သူက ပန်းဟွိုက်၏ သမီးအား စွဲလန်းနေသည်ကို မပြောလိုပေ။ မင်းရဲ့သမီးကို ငါ့သားနဲ့လက်ထပ်ဖို့ မေးချင်တာ...ဒါပေမယ့် လူကြားထဲမှာမေးရင် မသင့်တော်သလို မိုက်ရိုင်းလွန်းတယ်လို့ မထင်နိုင်ဘူးလား။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ပန်းဟွိုက် သည် တစ်ဖက်လူ၏ မျက်လုံးများတွင် ချီတုံချတုံဖြစ်နေဟန်နှင့် ဇွဲနပဲကို မြင်နေရပြီး သူ့စိတ်ထဲတွင် သံသယစိတ်များ နက်ရှိုင်းလာသည်။တရားရုံး၏ လက်ဝဲဝန်ကြီးသည် သူ့လို ဆန်ကုန်မြေလေးအား စကားစ,ပြောရလောက်အောင် ဘယ်လိုအရာမျိုးကများ စေခိုင်းလိုက်တာလဲ... တွေးလိုက်ရင် ကြောက်စရာကြီး။
ရုံရှားသည် ခန်းမကြီးထဲသို့ လျှောက်သွားကာ လူအုပ်ထဲကို စိုက်ကြည့်နေသည်။ ထိုအခါ ယန်ဟွေ့နှင့် ပန်းဟွိုက်တို့ ထောင့်တွင် ရပ်နေသည်ကို သူမြင်လိုက်ရသည်။
ယန်ဟွေ့ နဲ့ ပန်းဟွိုက် က ဘယ်တုန်းက ရင်းနှီးသွားကြတာလဲ...
သူ့မျက်ခုံးများ တွန့်ချိုးသွားကာ ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ သူ့ခြေလှမ်းများက ပန်းဟွိုက်ဆီသို့ မသိစိတ်ဖြင့် လျှောက်လာခဲ့သည်။
"နယ်စားမင်း" ရုံရှားက ပန်းဟွိုက်အား ပြုံးပြပြီး သေသေချာချာဦးညွှတ် နှုတ်ဆက်လိုက်သည်။
"အချိုပွဲ ချက်နည်းကို ကျွန်တော့်ကို ပေးတဲ့အတွက် နယ်စားမင်းကို အရမ်းကျေးဇူးတင်ပါတယ်၊တကယ်ကို အရသာရှိပါတယ်"
ပန်းဟွိုက်သည် ရုံရှား ဝင်လာသည်ကိုမြင်ပြီး အတွင်းစိတ်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"မြို့စားမင်းရုံ က ယဉ်ကျေးလွန်းနေပါပြီ... ဒါက ကိစ္စသေးသေးလေပါ "
ရုံရှား ပြုံးလိုက်ပြီး ယန်ဟွေ့ ဆီသို့ ဦးညွှတ်လိုက်သည်။
"မင်္ဂလာပါ ဝန်ကြီးချုပ်ယန်"
" မြို့စားမင်းရုံ " ယန်ဟွေ့ က နှုတ်ဆက်ပြီး ပန်းဟွိုက်ဘက်သို့ လှည့်လိုက်သည်။
"အစည်းအဝေးပြီးရင်၊ ဒါကို နယ်စားမင်း နဲ့ ဖြည်းဖြည်းချင်း ဆွေးနွေးပါမယ်"
ပန်းဟွိုက် မတတ်သာ၍ ပြုံးပြသော်လည်း သူ့နှလုံးသားကမူ ခါးခါးသီး ဆန့်ကျင်နေသည်။
မဟုတ်ဘူး၊ ငါ မင်းနဲ့ မဆွေးနွေးချင်ဘူး...
xxxxxx