Chapter 41
ယန်ဟွေ့ ထွက်သွားပြီးနောက် ပန်းဟွိုက်က ရုံရှားကို ပြုံးပြသည်။
"ကျေးဇူးအများကြီးတင်ပါတယ် မြို့စားမင်းရုံ"
ပန်းဟွိုက် သိပ်ဉာဏ်မပြေးသော်လည်း၊ ရုံရှားသည် သူ့အခက်အခဲမှ လွတ်မြောက်ရန် တမင်တကာ ရောက်လာမှန်း သိပေသည်။ သူက ဘေးဘီကို အလျင်အမြန် လှည့်ကြည့်လိုက်ပြီး ရုံရှားကို တိုးတိုးလေးပြောသည်။
"ငါ့သမီးအကြောင်းပါ"
ပထမတော့ ရုံရှား နားမလည်သော်လည်း၊ ယန်ဟွေ့က ဆက်တိုက် စကားပြောလာတာကြောင့် သူလည်း နားလည်သွားသည်။ ဒါပေမယ့် သူ့ကို ပြောတော့ရော ဘာထူးမှာလဲ..သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်မှ မရှိတာ...
မိသားစုကိစ္စနှင့် ပတ်သက်လာ၍ ပန်းဟွိုက်က ရုံရှားကို အပေါ်ယံသာ ပြောပြလိုက်သည်။သူ့သမီးက မည်မျှအဖိုးတန်ကြောင်းဆိုတာကိုပင်။ တရားရုံးမှာ အာဏာပိုရှိသည့် လက်ဝဲ၀န်ကြီးချုပ်ယန်၏ သားဖြစ်သူက သူ့သမီးအား လက်ထပ်ခွင့်တောင်းတာတောင်မှ တုန်လှုပ်မှာ မဟုတ် ဆိုသည့်အကြောင်း စသည်ဖြင့်...
ယခုအချိန်တွင်၊ သူ့ကိုယ်သူ နှိမ့်ချနေထိုင်တတ်ပြီး ရိုးသားဖြောင့်မတ်သော သခင်ကြီးတစ်ယောက်လို ခံစားရသည်။ အာဏာပါဝါထက် ဂုဏ်သိက္ခာကို အမြတ်တနိုးကာကွယ်နေသည့် ဖြောင့်မတ်သော အရာရှိတစ်ယောက်လိုပင်။
ယင်းရှစ်သည် ယန်ဟွေ့၏ဇနီးသည်က ပေါင်းသင်းရန် မလွယ်ကူသော မိန်းမကြီးဖြစ်ကြောင်း သူ့အား ပြောထားပြီးဖြစ်သည်။ တစ်ကယ်လို့ သူ့သမီးက ယန်မိသားစုကကောင်လေးနဲ့ အိမ်ထောင်ကျပြီးရင် ယောက္ခမဖြစ်သူက သူမကို နှိပ်စက်ရင် ဘယ်လိုလုပ်မလဲ...
ထိုသို့ဖြစ်ခဲ့လျှင် ယင်းက သမီးဖြစ်သူ၏ အိမ်ထောင် ရေးသာဖြစ်၍ သူက ဝင်စွက်ဖက်ပြီး သခင်ယန်ကို ရိုက်နှက်ဆုံးမ၍မရပေ။ထိုအခါမျိုးမှာ ဧကရာဇ်တောင်မှ သူ့ကိုကူညီမှာမဟုတ်ပေ။
ယောက်ျားတစ်ယောက်နှင့် လက်ထပ်လိုက်ရပြီး၊ ယောက္ခမဖြစ်သူနှင့် မတည့်မရှုဖြစ်နေပါက လိမ္မာယဉ်ကျေးသည့် သူ့သမီးအတွက် နစ်နာဆုံးရှုံးရမည်ဖြစ်သည်။ သားသမီး ဝတ္တရားဆိုသည့် စကားလုံးကြောင့် သမီးဖြစ်သူမှာ ကျဉ်းထဲကြပ်ထဲသို့ ရောက်နေနိုင်၏။သူ့ဇနီးကိုလည်း သူတို့မိသားစုထဲသို့ဝင်လာပြီးနောက် ထိုကဲ့သို့ နှိပ်စက်ကလူမပြုခဲ့ပေ။ဘာကြောင့် သူ့သမီးကို ယန်မိသားစုဝင်နဲ့ လက်ထပ်ခွင့်ပေးရက်မှာလဲ..
ပန်းဟွိုက်သည် ဤအိမ်ထောင်ရေးကို သဘောမတူကြောင်း ရုံရှား သိသွားသည်။
"ဦးရီးတော် တရားရုံးက အစည်းအဝေးပြီးရင် လက်ဝဲ ၀န်ကြီးချုပ်နဲ့ သေချာ စကားပြောသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်…အနည်းဆုံးတော့ မလိုအပ်တဲ့ နားလည်မှုလွဲမှားတာမျိုးတွေ မဖြစ်ရအောင် ရှင်းရှင်းလင်းလင်း လုပ်ထားလိုက်ပါ"
ပန်းဟွိုက်က ခေါင်းညိတ်ပြပြီး
"မင်းပြောတာမှန်တယ်၊ ရှင်းအောင်ပြောလေ၊ သူတို့မိသားစုက မြန်မြန်လက်လျှော့လေလေပဲ"
မင်းတို့သားက ဒီလောက်တောင် အိမ်ထောင်ပြုချင်နေရင်လည်း တခြားမိန်းကလေးတစ်ယောက်နဲ့ပြုလိုက်...
ရုံရှား ပြုံးပြီး သူ့ထိုင်ခုံဆီသို့ပြန်သွားလိုက်သည်။ သူသည် အားလုံးနှင့် သင့်မြတ်သည်ဖြစ်၍ အခြားသော မှူးမတ်ကြီးများနှင့် နှုတ်ဆက်စကားပြောရမည်ဖြစ်သည်။
ဧကရာဇ်ရောက်လာပြီးနောက် တရားရုံးအစည်းအဝေးသည် ချောမွေ့စွာ လည်ပတ်ခဲ့သည်။ ရှဲ့ကျုံးကျင်း၏ တာဝန်ပျက်ကွက်မှုကို ယခင်တစ်ခါက်က စုံစမ်းစစ်ဆေးရေးအရာရှိက ဖော်ပြခဲ့မှသာလျှင် တရားရုံးအတွင်း တင်းမာမှုများ ပြန်လည်မြင့်တက်လာခဲ့သည်။
"အရှင်မင်းကြီး၊ ကျွန်တော် ထင်တာကတော့ သခင်လေးရှဲ့ဟာ သူ့တပည့်တွေကိုဆုံးမရာမှာ အရည်အချင်းမပြည့်မီဘူးလို့ သံသယရှိပါတယ်... ဒါပေမယ့် သူ့မှာ အပြစ်မရှိပါဘူး... ကျေးဇူးပြုပြီး ပြန်စဉ်းစားတော်မူပါ"
ဤအရာရှိသည် ဒုတိယမင်းသား၏ လူဖြစ်သည်။ သူသည် ဒုတိယမင်းသား၏ဇနီးလောင်းကို ကူညီရန်နှင့် ဇနီးလောင်း၏ မိသားစုကို စွမ်းအားမြှင့်တင်ရန် ရှဲ့ကျုံးကျင်း ဘက်မှ ပြောဆိုနေခြင်းဖြစ်သည်။
"အရှင်မင်းကြီး၊ ကျွန်တော်တို့နန်းတွင်းက အရာရှိတွေကသာ လက်အောက်ငယ်သားတွေရဲ့ လုပ်ရပ်ကို မျက်ကွယ်ပြုထားရင် ပြည်သူကို ဘယ်လို ဂရုစိုက်ကြမှာလဲ"
စုံစမ်းစစ်ဆေးရေးအရာရှိက ပြင်းပြင်းထန်ထန်ပြောလိုက်ေလသည်။
“တာဝန်ရှိသူက ပြည်သူတွေအတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုးမချရင် အိမ်ပြန်ပြီး သူ့အမေနားမှာပဲ ဝတ်ကြီးဝတ်ငယ် ပြုစုနေလိုက်တာက ပိုကောင်းမယ်"
ဤစုံစမ်းစစ်ဆေးရေးအရာရှိ၏ အပြောအဆိုပုံစံသည် အထိန်းအကွပ်မရှိလှပေ။
"ကျွန်တော်လည်း သဘောတူပါတယ်"
"အရှင်မင်းကြီး"
"အရှင်မင်းကြီး..."
ဧကရာဇ် ယွင်ချင်သည် မင်းမှုထမ်းများ၏ ငြင်းခုံမှုကြောင့် ခေါင်းကိုက်လာကာ စိတ်မရှည်စွာပြောလိုက်သည်။
"ရှဲ့ကျုံးကျင်း ကြီးကြပ်မှု ညံ့ဖျင်းလို့ သူ့လက်အောက်ငယ်သားတွေက ပြည်သူတွေကို လုယက်ကြတာ...သူ့ရာဇ၀တ်မှုက ခွင့်မလွှတ်နိုင်စရာပဲ...ဒါပေမယ့် သူ လုပ်တာမဟုတ်ဘဲ သူ့လက်အောက်ငယ်သားတွေက လုပ်တာဆိုတော့ ခွင့်လွှတ်နိုင်ပါတယ်...ဒါဆို သူ့ကို ရာထူးက ထုတ်ပယ်ပြီး အိမ်ပြန်ခွင့်ပြုလိုက်မယ်...တခြားပြစ်ဒဏ်ကနေတော့ ကင်းလွတ်ခွင့် ပေးလိုက်မယ်"
ရှဲ့ကျုံးကျင်းကို ရာထူးက ဖယ်ရှားမှာလား။
ကျုံးဖျင်နယ်စားမင်းတွင် သားနှစ်ယောက်သာရှိသည်။ သားအကြီးဆုံးကို ရာထူးက ဖယ်ရှားလိုက်သည်။ဒုတိယသားကလည်း မျက်လုံးတစ်ဖက် ကန်းနေ၍ တရားရုံးကို ဝင်ခွင့်မရတော့။ သူတို့ ရှဲ့မိသားစု၏ မျိုးဆက်သစ်များမှာ ဆုံးရှုံးနစ်နာရလေသည်။
"အရှင်မင်းကြီး"
ကျုံးဖျင်နယ်စားမင်းက မြေပြင်ပေါ်တွင် ဒူးထောက်ပြီး ဧကရာဇ် ယွင်ချင်ကို ဦးညွှတ်လိုက်သည်။
"အရှင်မင်းကြီးကျွန်တော်မျိုးရဲ့ သားတော်ကို အပြစ်ကနေ သက်ညှာပေးတော်မူပါ"
"ငါက သူ့ရဲ့ရာဇ၀တ်မှုကို ဒီလောက်ပဲ လျှော့ပေးနိုင်မယ်"
ဧကရာဇ် ယွင်ချင်က စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းလိုက်ပြီး
"မင်းပြောစရာတောင် မလိုဘူး၊ မင်းသာ ငါ့ရဲ့ ဆွေမျိုးမဟုတ်ရင် ရှဲ့ကျုံးကျင်းကို နယ်စပ်ကို ပို့လိုက်မိမှာ... အနည်းဆုံး ငါးနှစ်ကြာတဲ့အထိ ပြန်မလာနိုင်အောင် လုပ်ပစ်မှာပဲ”
ကျုံးဖျင်နယ်စားမင်း၏ မျက်နှာသည် ချက်ချင်းဖြူဖျော့သွား၏။ခဏအကြာတွင်၊ သူသည် ဧကရာဇ် ယွင်ချင်အား
"ကျွန်တော်မျိုးက... အရှင်းမင်းကြီးရဲ့ သနားညှာတာမှုအတွက် ကျေးဇူးတင်ပါတယ်"
ဧကရာဇ်သည် သူ့မျက်နှာကိုတောင် တစ်စက်မှ မထောက်ထားပေ။ နောင်တစ်ချိန် သူ၏သမီးငယ်သည် ဒုတိယမင်းသားနှင့် အိမ်ထောင်ပြုသောအခါ၊ သူမလည်း နစ်နာရလိမ့်မည်။
ကြီးကျယ်သော အမှုတော်ဆောင်အရာရှိများသည် အရေးကြီးသောကိစ္စမဟုတ်ပါက ဒူးထောက်ရန် မလိုအပ်ပေ။ ကျုံးဖျင်နယ်စားမင်းသည် နန်းတွင်းတစ်ခုလုံးရှေ့တွင် ဧကရာဇ် ယွင်ချင်ကို ဒူးထောက်လိုက်သည်။ ယခုလိုလုပ်ဖို့ကလွဲ၍ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။ သို့သော်လည်း ဧကရာဇ်သည် ရှဲ့ကျုံးကျင်း၏ ပြစ်ဒဏ်ကို မလျှော့ခဲ့ပေ။
တရားရုံးမှ အစည်းအဝေးပြီးနောက် ကျုံးဖျင်နယ်စားမင်းသည် ပန်းဟွိုက် ဆီသို့ တည့်တည့် လျှောက်သွားသည်။ သူ့မျက်နှာမှာ နီရဲနေပြီး မုန်းတီးမှုအပြည့်နှင့်ပင်။
"ပန်းဟွိုက်၊ မင်းနဲ့ငါ ဇာတ်လမ်းပြတ်ပြီ... ရှဲ့မိသားစုက မင်းပေးတဲ့လက်ဆောင်ကို သေချာပေါက် မှတ်ထားမှာပါ"
လမ်းလျှောက်နေကြသော အရာရှိများက အဝေးမှ စောင့်ကြည့်ရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို မြင်ပြီး အရှိန်လျှော့လိုက်ကြသည်။ သူတို့နှစ်ယောက်ကို မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်ရင်း အပျော်ပွဲတစ်ခုလို ကြည့်ဖို့ စောင့်နေကြ၏။
"ဘယ်လောက်ရယ်စရာကောင်းသးလိုက်သလဲ... မင်းသားရဲ့ ပြစ်မှုက ငါနဲ့ ဘာဆိုင်လဲ"
ပန်းဟွိုက်သည် ကျုံးဖျင်နယ်စားမင်းကို မကြောက်ဘဲ ဒေါသထွက်လာခဲ့သည်။
"ငါက ဒီအမှုကို စုံစမ်းတဲ့သူ မဟုတ်ဘူး၊သူ့ကိုလည်း မစွပ်စွဲဘူး၊ ဒါပေမယ့် မင်းက ငါ့ကို ဒေါသထွက်နေတာလား... ငါ့မှာ အာဏာမရှိလို့ အနိုင်ကျင့်ရတာ လွယ်တယ်လို့ ထင်နေတာမဟုတ်လား"
ထိုစကားကို ကြားသောအခါ မှူးမတ်တို့သည် ကျယ်လောင်စွာ ရယ်မောကြသည်။ ဒီလိုမျိုးကြီး ဘာလို့ပြောရတာလဲ... ဒီနယ်စားမင်းက တကယ်ကို အရှက်မရှိဘူးပဲ...
ပန်းဟွိုက် ယခုလိုပြောမည်ဟု ကျုံးဖျင်နယ်စားမင်း မမျှော်လင့်ထား၍ သူ့မျက်နှာမှာ နီရဲသွားသည်။
"ပန်းဟွိုက်၊ မင်း စကားကို လျှောက်ပြောပြီး ငါ့ဘက်ကို မြှားဦးမလှည့်လာနဲ့"
"မနက်ကစလို့ အခုချိန်ထိ ငါ စကားတစ်ခွန်းမှ မပြောရသေးဘူး၊ ဒါကို မင်းငါ့ကို ဒုက္ခပေးတယ် ဟုတ်လား...၊ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တာ မင်း လုပ်တတ်တာပဲလား"
ပန်းဟွိုက် သူ့အဝတ်အစားပေါ်က ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။
"အဲဒါက စုံစမ်းစစ်ဆေးရေးအရာရှိ ကပြောတာလေ...အရာရှိက ပြည်သူတွေအတွက် မရပ်တည်ဘူး ဆိုရင် ပြည်သူတွေအတွက် ဘာကိုအသုံးတည့်မလဲ၊ မင်းသားက တကယ်မှားနေတာမဟုတ်ဘူးလား…မင်းတို့မိသားစုက တော်ဝင်မိသားစုထဲကို ဝင်ရပြီလို့ ထင်လို့ ခုလို မောက်မာချင်တာမလား... ဧကရာဇ်က အနှစ်တစ်ထောင်မှာ ရှားရှားပါးပါး ပေါ်လာခဲတဲ့ ပညာရှိဧကရာဇ်တစ်ပါးဆိုတာ မင်းသိထားသင့်တယ်၊ မင်းရဲ့သမီးက တော်ဝင်မင်းသားရဲ့ ဇနီးဖြစ်လာမယ်ဆိုတာနဲ့ပဲ အရာရာကို မင်းစိတ်တိုင်းကျဖြစ်အောင် ဘယ်လုပ်လို့ ရမှာလဲ...မင်းတို့ ရှဲ့မိသားစုက မှားတယ်၊ အရမ်းမှားတယ်"
ထိုစိတ်အားထက်သန်သောစကားများပြောပြီးနောက် ပန်းဟွိုက်သည် ခေါင်းမော့ကာ ခန်းမထဲမှ ထွက်လာခဲ့သည်။
တရားရုံးမှာ ရှဲ့ကျုံးကျင်းကို ဝေဖန်ခဲ့သည့် စုံစမ်းစစ်ဆေးရေးအရာရှိက သူ့ကို ပန်းဟွိုက်မှ ချီးမွမ်းမှန်း သိလိုက်သည်။သို့ရာတွင် သူ့စိတ်က အနည်းငယ်ရှုပ်ထွေးသွားရ၏။သူ့အယူအဆအား ချီးမွှမ်းပြီး သဘောတူသည်ကို ပျော်သော်လည်း၊ထိုသူက သူ့တရားရုံးမှာ နာမည်ကြီးတဲ့ လူဖျင်းလေး ဖြစ်နေသောအခါ.... သို့သော် ကျင့်ထင်နယ်စားမင်း သည် အမှားအမှန်ကို ကောင်းကောင်းသိနေသေးသည်။
လူရှုပ်သည့် လမ်းမှာ လမ်းလျှောက်နေရင်း ပန်းဟမ် က ရှေ့ကို ညွှန်ပြပြီး
"အစ်မ ဒါ အဖေနဲ့ လက်ဝဲ ၀န်ကြီးချုပ်ယန် မဟုတ်ဘူးလား၊ လက်ဖက်ရည်ဆိုင်မှာ ဘာလုပ်နေကြတာလဲ"
ရုတ်တရက် သူ့အမူအရာ ပြောင်းသွားကာ ချက်ချင်း ပန်းဟွာ ဘက်လှည့်ပြီး
"အဖေက ယန်ကျန်း နဲ့ အစ်မရဲ့အိမ်ထောင်ရေးကို ဆွေးနွေးမှာတော့ မဟုတ်ပါဘူးနော်... ဟုတ်တယ်မလား"
ယန်ကျန်း ကဲ့သို့သော စာဂျပိုးက သူ့အစ်မနဲ့ ဘယ်လိုလုပ် ထိုက်တန်မလဲ... မူလက ယနေ့ သူ့အစ်မနှင့်အတူ ပစ္စည်းဝယ်ဖို့ အပြင်ထွက်လာရင်း ယခူလိုမျိုး တွေရမည်ဟု မမျှော်လင့်ထားပေ။
"သွားကြစို့၊ ငါတို့ သူတို့နောက်ကို လိုက်ကြမယ်"
ပန်းဟမ် စိတ်မပူဘဲမနေနိုင်။ ယန်ဟွေ့သည် လက်ဝဲဝန်ကြီးချုပ်ဖြစ်၍ သူ့ဦးနှောက်သည် အလွန်ထက်မြက် နေနိုင်သည်။ဖခင်ဖြစ်သူကို အရက်မူးအောင်တိုက်ပြီး ရန်မိသားစုမှာ သူ့အစ်မကို လက်ထပ်ဖို့ သဘောတူခဲ့ရင်ကော။
ပန်းဟွာ လုံးဝမစိုးရိမ်ဘဲ
"နားထောင်စရာ ဘာလို့ရှိလဲ၊ အဖေက ငါ့ကို ယန်မိသားစုနဲ့ လက်ထပ်ခွင့်ပေးမှာ မဟုတ်ပါဘူး"
"သူ သဘောမတူဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် ၀န်ကြီးချုပ်ယန်က နည်းဗျူဟာကောင်းတယ်၊ အဖေက သူ့ထောင်ချောက်ထဲ ကျသွားမှာကို စိုးရိမ်မိတာ"
ပန်းဟမ် က သူ့ဖခင်၏ ဉာဏ်ရည်ဉာဏ်သွေးကို သံသယဝင်နေသော်လည်း သားတစ်ယောက်အနေဖြင့် ထုတ်ပြောဖို့ မသင့်ပေ။
"အစ်မ ကျွန်တော်နဲ့လိုက်ခဲ့"
ပန်းဟမ် နှင့် ပန်းဟွာ တို့သည် လက်ဖက်ရည်ဆိုင်ထဲသို့ ခိုးဝင်သွားသည်ကို လက်ဖက်ရည်ဆိုင်ကို စောင့်ကြပ်နေသည့် မိသားစုအစောင့်များက မသိဟန်ဆောင်ကာ စောင့်ကြည့်နေခဲ့သည်။ ပန်းဟမ် သည် ဤအရေးကြီးသောဖြစ်ရပ်ကို ခိုးနားထောင်ရန် စားပွဲထိုးအား ပိုက်ဆံပေး၍ သူတို့ကို နောက်ခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ပန်းဟမ်၏ လုပ်ရပ်သည် အနည်းငယ် ငြီးငွေ့ဖွယ်ကောင်းသည်ဟု ပန်းဟွာ ခံစားမိသော်လည်း မောင်ဖြစ်သူအလိုကိုလိုက်ပြီး သူ့နောက်လိုက်ခဲ့၏။ သူမသည် ပန်းဟမ်လိုပင် ခန်းဆီးစနားမှာ နားစွင့်ထားသည်။ ယန်ဟွေ့ နှင့် ပန်းဟွိုက် တို့သည် သူတို့နှစ်ယောက် ခိုးနားထောင်နေမှန်း မသိခဲ့ကြပေ။ နှစ်ယောက်သား ကြည်နူးစရာစကားများ ဖလှယ်ပြီးနောက်မှာ အဓိကအကြောင်းအရာအကြောင်း ပြောလာကြသည်။
"ကျင့်ထင်နယ်စားမင်း၊ ကျွန်တော့်သားနဲ့ ခင်ဗျားရဲ့သမီး..."
"ဝန်ကြီးချုပ်၊ ကျွန်တော့်သမီးက လက်မထပ်ရသေးတဲ့ မိန်းကလေးပါ၊ ခင်ဗျားရဲ့သားနဲ့ ဘာမှမဆိုင်ဘူး" ပန်းဟွိုက်က လက်ဖက်ရည်သောက်ရင်း ခေါင်းခါပြီး
"ဝန်ကြီးချုပ်မသိပေမယ့် ကျွန်တော်သမီးက သူ့အမေက အရမ်းအလိုလိုက်ထားတာ၊ဆိုးလည်းဆိုးတယ်…သူမက ယန်မိသားစုရဲ့ ချွေးမတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ပါဘူး...ဝန်ကြီးချုပ်၊ ကျေးဇူးပြုပြီး ဒီကိစ္စကို ထပ်မပြောပါနဲ့"
"ကျွန်တော့်သားက ခင်ဗျားရဲ့သမီးကို ကောင်းကောင်း ထားမပေးနိုင်ဘူးလို့ နယ်စားမင်းက ထင်နေတာလား....နယ်စားမင်းရဲ့သမီးလေးကို ကျွန်တော့်သားနဲ့ လက်ထပ်ခွင့်ပေးရင် ကျွန်တော့်တို့ အိမ်တော်က နယ်စားမင်းရဲ့သမီးကို နည်းနည်းလေးမှ လျစ်လျူရှုမှာမဟုတ်ဘူး"
"ဒါက လျစ်လျူရှုတာ မရှုတာကို ပြောတာမဟုတ်ပါဘူး…ဝန်ကြီးချုပ်၊ အိမ်ထောင်ရေးမှာ အပြန်အလှန် သဘောတူညီမှု လိုအပ်တယ်၊ ကျွန်တော့်သမီးက ခင်ဗျားရဲ့သားနဲ့ ရေစက်မရှိလို့ အတင်းအကြပ်လုပ်စရာ မလိုတော့ဘူး"
ပန်းဟွိုက်က သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ငြင်းပယ်မည်ဟု ယန်ဟွေ့ မထင်ထားခဲ့ပေ။ ငါ့သမီးက မင်းရဲ့သားကို မကြိုက်ဘူး၊ ဒါကြောင့် ငါ့သမီးက မင်းရဲ့သားကို လက်ထပ်မှာမဟုတ်ဘူး ဟားဟား...
တခြားတစ်ယောက်ယောက်ကသာ သူ့ကိုဒီလိုပြောရင် လွှတ်ထားမှာ မဟုတ်ပေ။သို့သော် ပန်းဟွိုက်သည် မြို့တော်မှာ ကျော်ကြားသည့်လူတစ်ယောက်ပင်။တစ်ကယ်တော့ ပန်းဟွာကလွဲ၍ တခြားဘယ်သူနှင့်မှ လက်မထပ်ချင်သည့် သူ့သားအငယ်ဆုံးကလည်း အလွန်မိုက်မဲလှသည်။ဤစကားဝိုင်းကို ဆက်၍မရတော့။ ယန်ဟွေ့သည် သူ့မျက်နှာပေါ်ရှိ အပြုံးကို ပျောက်မသွားအောင် ပြုံးနေရင်း မတ်တပ်ထရပ်ပြီး...
"ဒါဆိုရင် ကျွန်တော်သွားတော့မယ်"
ဒီလို အဓိပ္ပါယ်မဲ့တဲ့လူက ဘာလို့ ဒီလို ချောမောလှပတဲ့ သမီးလေးကို မွေးထားရတာလဲ...သူက အလကား လူတွေကို လိုက်ဒုက္ခပေးနေတာပဲမလား...
"ဂရုစိုက်ပါ"
ပန်းဟွိုက် က မတ်တပ်ထရပ်ပြီး ယန်ဟွေ့ မပျော်မရွှင်ဖြစ်သွားသည်ကို မမြင်သလိုဟန်ဆောင်ကာ ဦးညွှတ်လိုက်၏။ ယန်ဟွေ့ ထွက်သွားပြီးနောက် သူသည် သီချင်းအနည်းငယ် တိုးတိုးလေးဆိုရင်း ခွက်ထဲက လက်ဖက်ရည်တစ်ဝက်ကို တစ်ကျိုက်တည်း သောက်လိုက်သည်။ ထိုပညာတတ်ပြီး ဉာဏ်ထက်မြက်သောလူများသည် အလွန်ထူးခြားသည်။ လက်မအရွယ် လက်ဖက်ရည်ခွက်ထဲမှာ ပုရွက်ဆိတ်တောင် မနစ်နိုင်သည့် လက်ဖက်ရည်ပမာဏကိုသာထည့်ထားပေးကြသည်။
"အဖေ"
ထိုစဉ် အခန်းတံခါးမှ အသံထွက်လာပြီး ပန်းဟွာ နှင့် ပန်းဟမ်တို့ဝင်လာကာ သူ့ဘေးမှ ဝင်ထိုင်လိုက်သည်။
"မင်းတို့နှစ်ယောက်က ဘာလို့ဒီကိုရောက်နေတာလဲ"
သူသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး လက်ဖက်ရည်အိုးကို ကောက်ကိုင်ကာ အားရပါးရသောက်လိုက်သည်။ မနက်က သူစားထားသည့် အသားပြားများကြောင့် ရေငတ်နေရ၏။
"အခုပဲ အဖေနဲ့ ၀န်ကြီးချုပ်ယန် ဒီကိုလာတာတွေ့လို့ အစ်မနဲ့ကျွန်တော်လိုင်လာတာ"
ပန်းဟမ်က သူ့ရှေ့မှ လက်ဖက်ရည်ခွက်သေးသေးလေးကို ဘေးနားကို ရွှေ့လိုက်သည်။
"အဖေ ဝန်ကြီးချုပ်ယန်ကို ငြင်းလိုက်တာ ကျွန်တော်တို့ နှစ်ယောက်လုံး ကြားတယ်...အဖေကတော့ ဒါပဲ"
ပြောရင်း သူက ပန်းဟွိုက်ကို လက်မထောင်ပြသည်။
ပန်းဟွိုက်က ကျောကို မတ်မတ်ထားပြီး ပန်းဟွာဘက်လှည့်ကာ
"စိတ်မပူပါနဲ့ သမီးရယ်၊ အဖေက သမီးလက်မထပ်ချင်တဲ့ယောက်ျားကို အတင်းအကြပ်လက်ထပ်ခိုင်းမှာမဟုတ်ဘူး"
ပန်းဟွာက အဖေဖြစ်သူကို ချိုချိုသာသာ ပြုံးပြသည်။သူမိ၏ မိဘများက သူမနှင့် ဘယ်သူ့ကိုမှ ပေါ့ပေါ့ဆဆ လက်ထပ်ခွင့်မပေးမှန်း သိသည်။
ပန်းဟွိုက်က သူ့ကို ပယ်ပယ်နယ်နယ်ကြီး ငြင်းပယ်လိုက်သောကြောင့် ယန်ဟွေ့ သည် လက်ဖက်ရည်ဆိုင်မှ ထွက်လာသောအခါ သူ့မျက်နှာက မှုန်သုန်လျက်သားပင်။ သူ ဝေါယဉ်ပေါ် ထိုင်ဖို့ ပြင်နေခိုက် ရုံရှား သည် သူ့မြင်းပေါ်မှ ဆင်းလာသည်။သူ မတ်တပ်ထရပ်ပြီး ရုံရှား သူ့ဆီရောက်လာတာကို စောင့်နေလိုက်၏။
"ဝန်ကြီးချုပ်ယန်"
ရုံရှားသည် မြင်းပေါ်မှ ခုန်ဆင်းကာ ယန်ဟွေ့ အား ဦးညွှတ်လိုက်သည်။
"ကျင့်ထင်နယ်စားမင်းနဲ့ မဆွေးနွေးကြဘူးလား…ဘာလို့လဲ...မျက်နှာသိပ်မကောင်းဘူး"
"ဆွေးနွေးစရာမရှိဘူး"
ထိုအခါ ရုံရှားက ပြုံးပြီး ယန်ဟွေ့ စကားကို မတုံ့ပြန်ဘဲ ဘေးမှာ ရပ်လိုက်သည်။
ယန်ဟွေ့ သည် သူနှင့်မသက်ဆိုင်သူကို ဒေါသမထွက်သင့်ကြောင်းကို သဘောပေါက်သည်။သူက ရုံရှား ကို အလျင်စလို ဦးညွှတ်ပြီး ဝေါယာဉ်ပေါ်မှာ ထိုင်လိုက်၏။
"ဂရုစိုက်ပါ ဝန်ကြီးချုပ်ယန်"
ရုံရှားသည် နောက်သို့ ခြေလှမ်းပြန်ဆုတ်ကာ လေးလေးစားစား ဦးညွှတ်လိုက်သည်။ ယန်ဟွေ့ သည် ဝေါယာဉ်ပေါ်တွင်ထိုင်ကာ ရုံရှားက လေးစားစွာ ဦးညွတ်နေပုံကို အသာကြည့်နေရင်း သူ့စိတ်က ချက်ချင်း ငြိမ်သက်သွားသည်။ ဤမြို့တော်တွင် မြို့စားမင်းရုံကဲ့သို့ လူယဉ်ကျေးများ ပိုများလာဖို့ကောင်းသည်။
အဲဒီ အစုတ်ပလုတ် ပန်းဟွိုက် ... ဟင်း!
တုကျိုးသည် မြို့စားမင်းရုံက မြင်းပေါ်တက်ကာ ထွက်ခွာရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရလျှင်
"မြို့စားမင်းရုံ၊ လက်ဖက်ရည်မသောက်ချင်ဘူးလား"
"သောက်စရာ မလိုဘူး အိမ်တော်ကို ပြန်သွားရအောင်"
ရုံရှားသည် လက်ဖက်ရည်ဆိုင်၏ ဒုတိယထပ်ကို လှမ်းကြည့်ပီး မြင်းဇက်ကြိုးကိုဆွဲကာ သူ့အိမ်တော်ဘက်သို့ လှည့်လိုက်သည်။
xxxxxxx