Chapter.42
"မင်းသား ချန်ချင်ဝမ်" ရုံရှားက မဖိတ်ကြားထားသည့် ဧည့်သည်ကို ကြည့်ပြီး လက်ဖက်ရည်တစ်ခွက်ကမ်းပေးလိုက်သည်။
"အရှင့်သား မထင်မှတ်ဘဲ ရောက်လာတာဟာ ကျွန်တော့်ရဲ့နိမ့်ကျတဲ့ နေရာကို လင်းလက်စေပါတယ်"
"ဟားဟား"
ချန်ချင်ဝမ် ရယ်မောကာ လက်ဖက်ရည်ကို သောက်လိုက်သည်။
"မင်းက ငါ့ကို မဖိတ်ထားဘဲ ရောက်လာတာမလို့ သဘောမတွေ့ဘူး ဖြစ်နေတာလား"
"အရှင့်သားက နောက်နေတာလား"
ရုံရှားက ချန်ချင်ဝမ်၏ ခွက်ထဲမှ လက်ဖက်ရည်တစ်ဝက်လောက် ကုန်သွားသည်ကို မြင်ပြီး ပြန်ဖြည့်ဖို့ ကူညီပေးသည်။
ရုံရှား၏လက်များသည် အလွန်ဖြူစင်ပြီး အဆစ်များကလည်း သေးငယ်နေသည်။ အကယ်၍ သူသည် စုတ်တံတစ်ခုကို ကောက်ယူပြီး ပန်းချီဆွဲလျှင် မရေမတွက်နိုင်သော လူများက သူ့ထံ စုပြုံလာကာ ရွှေတုံးတစ်ထောင်ခန့် ပေး၍ ဝယ်ကြပေမည်။ ချန်ချင်ဝမ်နှင့် ရုံရှားတို့သည် တစ်ဦးနှင့်တစ်ဦး နှစ်ပေါင်းများစွာ သိခဲ့ကြသော်လည်း သူတို့၏ ဆက်ဆံရေးမှာ ရင်းနှီးသည်ဟု မယူဆနိုင်ပေ။ ချန်ချင်ဝမ်သည် သူငယ်ချင်းများစွာကို ပေါင်းသင်းနိုင်သော်လည်း သူ့တွင် ရင်းနှီးသော သူငယ်ချင်းမရှိပေ။ ထို့ကြောင့် ရုံရှား ကို သူ သဘောကျလျှင်ပင် ခင်မင်ခြင်းမပါ၊ သဘောတွေ့သည်ဟု ဆိုနိုင်ရုံသာ။
"ကျင့်ထင်နယ်စားမင်း နဲ့ မင်းရဲ့ဆက်ဆံရေးက ကောင်းနေပုံရတယ်"
ချန်ချင်ဝမ်က သူ့ယပ်တောင်ကိုဖွင့်ပြီး တစ်ဖျပ်ဖျပ် ခတ်လိုက်၏။
ရုံရှားက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး
"ဟင်၊ ကျွန်တော်တို့ စကားနည်းနည်းပြောဖြစ်ကြတာပါ"
"ငါ ထင်တာက မင်းနဲ့ ကျွင်းကျူး တို့..." ရုံရှားက သူ့အား ပြုံးကြည့်နေသည်ကို သတိပြုမိပြီး
"ငါက နောက်နေတာပါ၊ အဲဒါကို အလေးအနက်မထားပါနဲ့"
"အရှင်မင်းကြီး၊ မိန်းကလေးတစ်ယောက်ရဲ့အိမ်ထောင်ရေးအကြောင်း ဟာသမလုပ်တာ ပိုကောင်းပါတယ်"
ရုံရှားက အဝေးကိုကြည့်ကာ လက်ဖက်ရည်ခွက်ကို သေချာအနံ့ခံပြီး ခွက်ကိုလှည့်နေကာ မသောက်သေးပေ။ ထိုစဉ် ချန်ချင်ဝမ်က သူ့ယပ်တောင်ကို ပိတ်ပြီး စားပွဲပေါ်ပစ်ချလိုက်၏။
"ငါတို့ ကျင်းမြို့တော်က ယောက်ျားနဲ့ မိန်းမကြားမှာ ဒီလိုကိစ္စတွေ ဘယ်တုန်းက ပြောကြလို့လဲ၊ ဒါ့အပြင် ပန်းဟွာကျွင်းကျူးနဲ့ လက်ဝဲဝန်ကြီးချုပ်မိသားစုရဲ့ သားအငယ်ဆုံးရဲ့ သတင်းက တောမီးလို ပျံ့ နေတာလေ၊အားလုံးသိနေကြပါပြီ"
ရုံရှား၏ လက်ဖက်ရည်တို့က အနည်းငယ် ယိမ်းယိုင်သွားသည်။သူက လက်ဖက်ရည်ခွက်ကို ချလိုက်သည်။
ရုံရှားသည် ယောက်ျားနှင့်မိန်းမကြားက သာမာန် အသေးအဖွဲကိစ္စများကို စိတ်မဝင်စားကြောင်း ချန်ချင်ဝမ် သိထားသော်လည်း သူကတော့ အတင်းအဖျင်းပြောချင်သူဖြစ်သည်။ ထို့ကြောင့် သူက လက်ဖက်ရည်သောက်ပြီး စကားစမြည်ဆက်ပြောသည် ။
"ယန်မိသားစု က သူတို့သားကို ဘယ်လို သွန်သင်ပေးထားမှန်း မသိဘူး၊မိန်းမလှလေး ပန်းဟွာကို မြင်တာနဲ့ မစားနိုင် မသောက်နိုင်ဘဲ အတင်း လက်ထပ်ဖို့ တောင်းဆိုတယ်တဲ့၊ ဒါပေမယ့် အဲဒီကောင်မလေးက တကယ်လှတယ်နော်၊ငါသာ သူ့ဦးရီးတော်ဟုတ်ရင် ငါလည်း....အဟမ်း အဟမ်း"
ယခုထိ ရုံရှား လက်ဖက်ရည်တစ်ငုံသောက်ပြီး စကားမပြောဖြစ်သေး။
" ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊မင်းသားလေးခမျာ အိပ်မက်တွေ မက်နေပေမယ့် နတ်ဘုရားမမှာ နှလုံးသားက မရှိဘူး၊ ယန်ကျန်းက ပန်းဟွာကျွင်းကျူးအပေါ် လေးနက်တဲ့ ခံစားချက်တွေ ရှိပေမယ့် ပန်းဟွာကျွင်းကျူးဟာ ယန်ကျန်းအတွက် ခံစားချက်မရှိဘူးတဲ့၊ ယန်ကျန်း အိမ်ပြန်ရောက်ပြီးတဲ့ နောက်မှာတော့ ဖျားနေပြန်တယ်၊ ဆေးကုလို့လည်း သူ့အတွက် မထူးဘူးလို့ ပြောနေကြတယ်၊ လက်ဝဲဝန်ကြီးချုပ်ရဲ့ အိမ်သားတွေကတော့ အရမ်းစိတ်ပူပြီး သူတို့ရဲ့သမီးကို လက်ထပ်ခွင့်ပေးဖို့ ပန်းမိသားစုကို ဒူးထောက် တောင်းပန်လုနီးပါးဖြစ်နေတယ်"
"ယန်ကျန်း နေမကောင်းဘူးလား" ရုံရှားက မျက်ခုံးပင့်လိုက်ပြီး
"လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ရှစ်မိသားစုရဲ့ အားလပ်ရက်ပွဲမှာတောင် တွေ့သေးတယ်၊ သူအခု နေမကောင်းဘူးလား"
ချန်ချင်ဝမ်က ခေါင်းခါလိုက်ပြီး
"ဒါနဲ့ ရှဲ့မိသားစုရဲ့ အားလပ်ရက်အိမ်က စိတ်ဝင်စားစရာ ကောင်းရဲ့လား၊ရှစ်မိသားစုက သူတို့ရဲ့မျိုးရိုးအမည်လိုပဲ စိတ်ဝင်စားစရာ မရှိဘူး၊ ဒါပေမယ့် ရှစ်ကျင်းက အရည်အချင်းရှိတဲ့ပုံပါပဲ..ဟုတ်သားပဲ...ငါ ယန်ကျန်း ရဲ့ရောဂါအကြောင်းပြောနေတာပဲ၊ အဲ မှတ်မိပြီ၊ ယန်မိသားစုက တော်ဝင်သမားတော်ကို ခေါ်ပေမယ့် သမားတော်က စိတ်ရောဂါဆိုတော့ ဆေးက အသုံးမဝင်ဘူးလို့ပြောသတဲ့"
"သနားစရာ ပန်းဟွာကျွင်းကျူးလေး၊ သူမဟာ အရမ်း လှပလွန်းတယ်၊ ဒါပေမယ့် ဒုက္ခအမြဲဖြစ်အောင် လုပ်တတ်တယ်၊ ဒီကမ္ဘာမှာ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုပဲ၊ ယန်ကျန်း လုပ်ပုံက ပန်းမိသားစုကို မီးရှို့လိုက်သလိုပဲ"
ချန်ချင်ဝမ်သည် ယန်ကျန်းကဲ့သို့ စာဂျပိုးကောင်ကို အထင်သေးနေပုံရသည်။
"ဒါကြောင့်မို့ ငါက သူ့လို စာအုပ်ပိုးကောင်တွေကို အမုန်းဆုံးပဲ၊ သူတို့လုပ်သမျှက စာဖတ်တတ်တာတစ်ခုပဲ၊ မိန်းမလှလေးတစ်ယောက်ကိုများ မြင်ရင် ဂရုမစိုက်ကြတော့ဘူး သီလ၊ သမာဓိ၊ သိက္ခာတွေ ဘေးဖယ်ထားပြီး အငမ်းမရဖြစ်ကြတော့တာ၊တစ်ဖက် မိန်းကလေးမှာတော့ သူတို့ကြောင့် ပြဿနာတက်ကြရတယ်"
အတင်းအဖျင်းပြောသူများသည် သူတို့က စိတ်လှုပ်ရှားစွာပြောစဥ် တစ်ဖက်လူက လုံးဝတုံ့ပြန်ခြင်းမရှိပါက အမုန်းဆုံးဖြစ်သည်။ ရံရှားသည် လျစ်လျူရှုနေဆဲဖြစ်သည်ကို ချန်ချင်ဝမ် မြင်လိုက်ရသည်။သူ စကားများများပြောလေ၊ ရုံရှားက စိတ်ဝင်စားမှုနည်းလေလေပင်။ နောက်ဆုံးတွင် သူ ထထွက်သွားတော့သည်။
ချမ်အမ်မြို့စားမင်း နေအိမ်မှ ထွက်ခွာပြီးနောက်၊ ချန်ချင်ဝမ် မျက်နှာကို မဲ့ရွဲ့လိုက်၏။အစက ရုံရှားမှာ ပန်းဟွာ အတွက် ခံစားချက်အချို့ရှိသည်ဟု သူထင်ခဲ့သည်။
အခုတော့ သူ အတွေးလွန်သွားပုံရသည်။ သာမာန် အမျိုးသားတစ်ယောက်က သူစိတ်ဝင်စားသည့် မိန်းကလေးကို တခြားယောက်ျားကသာ လိုချင်တပ်မက်နေသည်ဟု ကြားပါက၊ယခုလိုမျိုး တုံ့ပြန်မှာမဟုတ်။
သနားစရာ ပန်းဟွာကျွင်းကျူးသည် သူမကို အစွဲအလမ်းကြီးသော ယောက်ျားတစ်ယောက်ကြောင့် ကောလဟာ သတင်းတစ်ခု ထပ်ဖြစ်ပြန်သည်။ယခုလို အဖြစ်မျိုး ကြုံလာတိုင်း ကမ္ဘာပေါ်က လူတိုင်းက မိန်းကလေးကိုသာ သွေးဆောင် ဖြားယောင်းတတ်သည်ဟု အမြဲရှုံ့ချကြလိမ့်မည်။သို့ရာတွင်၊ ရုပ်ရည်သွင်ပြင်သည် ဘုရားသခင်က လူသားတို့အား ပေးသနားသော လက်ဆောင်ဖြစ်သည်။ တစ်ယောက်ယောက်က မိမိကို လာချစ်သည်ကိုပင် ၊ထိုလူက စိတ်ဓာတ်မခိုင်မာဘူးဟူ၍ မပြောနိုင်ပေ။
ချန်ချင်ဝမ်သည် ချောမောလှပသော အမျိုးသမီးများကို အမြဲတမ်း နှစ်သက်ခဲ့သည်။ ထို့ကြောင့် မိန်းမလှလေးများအား အပြစ်နေပြာဆိုနေကြသည်ကို သူ မကြိုက်ပေ။
ထိုအချိန်တွင် ယန်မိသားစုတစ်ခုလုံး အခြေအနေမကောင်းကြပေ။သခင်မယန်သည် အသက်ရှုခတ်နေသည့် သားဖြစ်သူကို ကြည့်ကာ ရှိုက်ကြီးတငင် ငိုလျက်ရှိသည်။ သူမ၏ မျှော်လင့်ချက်အတိုင်း ဘဝကိုမနေထိုင်သော သားဖြစ်သူအား ပြောဆိုမိသည်။ထို့အပြင် ပန်းဟွာကိုလည်း သူမစိတ်ထဲတွင် မုန်းတီးစက်ဆုပ်သည်။ သားဖြစ်သူအား သွေးဆောင်ခဲ့သော ထိုမိန်းမကို အမှုန့်ကြိတ်ပစ်ချင်သော်လည်း သားဖြစ်သူကြောင့် အကုန် မျိုသိပ်ထားခဲ့၏။
ယန်ကျန်း၏ အကြီးဆုံးအစ်ကိုနှင့် ဇနီးဖြစ်သူသည် သခင်မယန်အား ချော့မော့ဖြောင်းဖျနေကြသည်။ယန်ကျန်း၏ ကျန်းမာရေးကိုလည်း စိတ်ပူ၍ ဗျာများနေကြသည်။
ယန်မိသားစု၏ အကြီးဆုံးအစ်ကိုဖြစ်သူ ယန်မင်သည် လက်ရှိတွင် အခွန်ဝန်ကြီးဌာန၌ တာဝန်ကျနေသည်။အိမ်မှာ ကိစ္စတစ်ခုခုဖြစ်သည်ဟု အကြောင်းကြားလာ၍ အထက်လူကြီးများဆီကနေ ခွင့်တောင်းပြီးပြန်လာ၏။သူသည် အခွန်ဝန်ကြီးဌာနမှ ခွင့်ယူသွားသောအခါ၊ သူ၏ လုပ်ဖော်ကိုင်ဖက်များက သူ့ကို ထူးဆန်းစွာ ကြည့်နေကြသော်လည်း သူ မသိဟန်ဆောင်ကာ အမြန်ပြန်လာခဲ့သည်။
ဤကိစ္စမျိုးသာ အပြင်မှာ ပျံ့နှံ့သွားလျှင် သူတို့မိသားစုသာ မျက်နှာပျက်ရမှာပင်။ လောလောဆယ်လည်း မြို့တော်တစ်ခုလုံးမှာ သူတို့ကို လှောင်ပြောင်နေသူများ ရှိနေနိုင်၏။
မိန်းမတစ်ယောက်ကြောင့် သေကြောင်းကြံနေတဲ့ ကောင်လေးတစ်ယောက်အကြောင်းက ဟာသတစ်ခုလိုပဲ မဟုတ်လား…
ယန်မင်သည် သူ့မျှော်လင့်ချက်အတိုင်း အသက်မရှင်သည့်အတွက် ညီဖြစ်သူကို မုန်းတီးသော်လည်း ညီဖြစ်သူ၏ ဖြူဖျော့သောမျက်နှာနှင့် ဂျင်ဆင်းဟင်းရည်ကိုပင် မျိုမချနိုင်ဖြစ်နေပုံအား မြင်လိုက်ရသောအခါ သူ့နှလုံးသားတစ်ခုလုံး ပျော့ညွှတ်သွားသည်။ ဤသည်မှာ သူ့ရှေ့မှာတင် ကြီးပြင်းလာသော သူ့ညီလေးပင်။ တနေ့ထက်တနေ့ အားနည်းလာတာကို သူဘယ်လိုလုပ် ကြည့်ရက်မှာလဲ…
သို့ဖြစ်၍ သူက အချိန်အတော်ကြာ စဉ်းစားပြီး
"သမားတော်တောင်မှ မကုနိုင်ဘူးတဲ့လား...ဘာလို့လဲ...ဒါဆို ပန်းမိသားစုကို ထပ်ပြီး နားချပါလား၊ ပန်းဟွာကျွင်းကျူးကိုလက်ထပ်နိုင်ရင် ညီလေးရဲ့ ကျန်းမာရေးက သေချာပေါက် တိုးတက်လာမှာပါ"
"ဒါပေမယ့် ပန်းမိသားစုက လက်ထပ်တာကို သဘောမတူဘူး၊ပန်းဟွာကျွင်းကျူးသာ မငြင်းဆန်ရင် မင်းညီက ဒီလိုမျိုး ဘယ်လိုလုပ်ဖြစ်လာနိုင်မလဲ"
သခင်မယန်သည် သူမ၏မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး "ဒီကောင်စုတ်လေး နေကောင်းလာတဲ့အခါ ငါ သူ့ခြေထောက်တွေကို ချိုးပစ်လိုက်မယ်၊ ကမ္ဘာပေါ်မှာ လှပတဲ့မိန်းမတွေ အများကြီးရှိတယ်၊ မင်းသမီးကိုပဲ ဘာလို့ အရူးအမူးဖြစ်နေရသလဲ"
ယန်မိသားစု၏ ချွေးမဖြစ်သူ သခင်မလေးချန်သည် ခင်ပွန်းဖြစ်သူအနားတွင် ရပ်ကာ ဘာမှပြန်မပြောပေ။ ယောက္ခမနှင့် သူမ၏ ဆက်ဆံရေးက သိပ်မကောင်းသော်လည်း၊ချွေးမပီပီ ယောက္ခမ၏ လုပ်ရပ်နှင့်အပြောအဆိုတို့က်ို ခံနိုင်ရည်ရှိခဲ့၏။ သို့သော် သူမ စိတ်ထဲတွင် သခင်မယန် အတွက် ခံစားချက်များစွာ မရှိခဲ့ပေ။ ထို့ကြောင့် ပူပင်သောကရောက်နေသော ယောက္ခမဖြစ်သူအား နည်းနည်းလေးမှ စိတ်မပူပန်ပေ။သခင်မယန်က ပန်းဟွာကျွင်းကျူးအကြောင်း မကောင်းပြောသည်ကိုလည်း သိထဲက သဘောမတူချေ။ ကမ္ဘာပေါ်မှာ မိန်းမလှတွေ အများကြီးရှိပေမယ့် ပန်းဟွာကျွင်းကျူး လောက် တောက်ပနေတဲ့သူက ဘယ်နှယောက်များ ရှိလို့လဲ…
မတ်လေးပင် မဆိုထားနှင့်၊သူမလည်း ပန်းဟွာကျွင်းကျူး ကိုတွေ့လိုက်ရစဉ်က မတတ်နိုင်လောက်အောင်ပင် မှင်တက်သွားခဲ့သည်။ပန်းဟွာသည် ကဗျာနှင့် စာပေအရာတွင်လည်း တခြား သခင်မလေးများနှင့် တန်းတူမဟုတ်တောင်၊ ပညာအရည်အချင်းက အဆင့်သိပ်မနိမ့်ပေ။ သူမ၏ အဆင့်အတန်းသည် မွန်မြတ်သည်၊သူမ၏ ရုပ်ကလေးက မြင်သူတိုင်းငေးရအောင် လှပသည်။သူမ ဝတ်လိုက်တိုင်း အားလုံးကို ငေးမောနိုင်စွမ်းရှိ၏။ သူမ၏ ပင်ကိုယ်စရိုက်ကို ဘေးဖယ်ထားပါက၊ အပြစ်တစ်က်မှ ပြောစရာမရှိသူပင်။
မဟုတ်ရင် ပန်းဟွာကို မနာလိုတဲ့ မိန်းကလေးတွေ ဘာလို့ ဒီလောက်များနေပါ့မလဲ... မိန်းမတစ်ယောက်အနေနဲ့၊ ခင်ပွန်း ဒါမှမဟုတ် ချစ်သူကို တခြားမိန်းမတွေကို ကြည့်နေတာကို ဘယ်သူက ကြိုက်မှာလဲ... သူတို့ ယောကျ်ားများက မကောင်းမှန်း သူတို့ စိတ်ထဲတွင် သိကောင်းသိသော်ငြား မိန်းကလေးဘက်ကိုသာ မုန်းတီးကြသည်။
ယန်မင်က လက်မလျှော့သေး။
"ဘာလို့ လူတစ်ယောက်လွှတ်ပြီး သွားမပြောခိုင်းတာလဲ၊ ပန်းမိသားစု စိတ်ပြောင်းနိုင်တယ်"
"ဘယ်သူမှ သွားခွင့်မရှိဘူး!"
ယန်ဟွေ့ သည် အပြင်မှ ဝင်လာပြီး ကုတင်ပေါ်မှ သားငယ်ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။
"ယန်မိသားစုက အခုထိ အရှက်ကွဲတာ မလုံလောက်သေးဘူးလို့ မင်း ထင်နေတာလား"
"ရှက်လိုက်တာ...ရှက်စရာပဲ ဘာညာနဲ့ ရှင် အမြဲတမ်း ရှက်တဲ့အကြောင်းပဲ တွေးနေတာ၊ ကလေးကိုကျ ဘယ်လိုလုပ်မလဲ"
သခင်မယန်သည် နောက်ဆုံးတွင် သူမ၏ ခံစားချက်များကို ထိန်းမထားနိုင်တော့။
"သား သေတာကို ရှင် ကြည့်ချင်သလား"
"သူ့ဘာသူ ဖြစ်နေတာကို ဘယ်သူ့ကို အပြစ်တင်ရမှာလဲ၊ပန်းမိသားစုက သူတို့သမီးကို ငါတို့မိသားစုထဲ လုံးဝမထည့်ချင်ဘူး၊ ဒါကို မင်းသိသားနဲ့ ငါတို့က သူတို့ကို အတင်းအကြပ် သွားပြောရမလဲ"
"ဒါဆို ကျွန်မအသက်နဲ့ လဲခိုင်းရင် ဘယ်လိုလဲ၊ ကျွန်မ သေတာကို ရှင်မြင်ချင်နေတာလား...ကောင်းပြီ ရှင် သွားပြီးမပြောရင် ကျွန် သူတို့ကို သွားပြီး အသနားခံမယ် "
ယန်ဟွေ့သည် ဒေါသစိတ်များတက်လာတာကြောင့် မျက်နှာဖြူဖျော့သွားခဲ့သည်။
"မင်း၊ မင်း၊ ဒီနေ့ ဒီတံခါးကနေ ထွက်သွားဖို့ သတ္တိရှိရင် ငါ မင်းကို လမ်းခွဲမယ်!"
ယန်မင်က ယန်ဟွေ့ကို သွားဆွဲရသည်။ " အဖေ အရင်ထိုင်ပါဦး၊အဖေ ကိုယ့်ကိုယ်ကို သတိထားပါဦး"
သခင်မလေးချန်ကပါ၊ ယောက္ခမဖြစ်သူကို စည်းရုံးရန် သွားခဲ့သော်လည်း သခင်မယန်က သူမကို တွန်းထုတ်သည်။သူမလည်း အချိန်မီ မရှောင်နိုင်၍ ဘေးနားရှိ ဘွန်ဇိုင်းပင်ကို ထိမှန်၍ လဲကျသွားလေသည်။
"သခင်မလေး!"
သခင်မလေးချန်၏ အစေခံသည် အလွန်ကြောက်လန့်သွားပြီး သူမကို ကူညီရန် ခြေလှမ်းပြင်လိုက်သည်။
"ရပါတယ်" သခင်မလေးချန် သည် နာကျင်နေသော ဝမ်းဗိုက်အောက်ပိုင်းကို ပွတ်သပ်ကာ သခင်မယန် နောက်ကျောပြင်ကို ခပ်စိမ်းစိမ်းကြည့်လိုက်သည်။ထို့နောက် ယောက္ခထီးဘေးမှာထိုင်နေသည့် သူမ၏ ခင်ပွန်းကိုကြည့်ပြီး အေးစက်စက်လေသံနှင့်ပြောလိုက်၏။
"သမားတော် သွားခေါ်ပါ"
"သခင်မလေး၊ ဘာဖြစ်နေတာလဲ"
အစေခံခမျာ ထိတ်လန့်ပြီး မျက်နှာပျက်သွားသည်။ သခင်မလေးရဲ့ ရာသီလာချိန်က ဆယ်ရက်ကျော် နောက်ကျနေပြီ...ဒါဆို
"ဘာမှ မပြင်းထန်ပါဘူး၊ ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်တယ်"
သခင်မလေးချန် သည် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းမှ တစ်စုံတစ်ရာက စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်ရှိ အိမ်အကူများ၏ အာမေဋိတ်သံကိုကြားသော် သူမလည်း အနည်းငယ် စိတ်သက်သာရာရသွားသည်။ ထိုစဉ် ခင်ပွန်းဖြစ်သူက သူမဆီသို့ အမြန်လျှောက်လာသဖြင့် သူမ လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ပြီးလျှင် ခွန်အားရှိသမျှသုံးပြီး ခင်ပွန်းသည်ကို ပါးရိုက်လိုက်သည်။
"ဖြန်း...!"
ဖြန်းကနဲ ပါးရိုက်သံ ထွက်ပေါ်လာပြီး သခင်မလေးချန် ၏ သွေးစွန်းထင်းနေသည့် ဂါဝန်အောက်ပိုင်းသည် ပြင်းထန်သော သွေးနံ့များ ထွက်ပေါ်လာသည်။
လက်ဝဲဝန်ကြီးချုပ်၏ဇနီး ရောက်ရှိလာကြောင်း အစေခံအစီရင်ခံချက်ကို ပန်းမိသားစု ကြားလိုက်သောအခါ၊ အနည်းငယ်မျှ အံ့သြခြင်းမရှိပေ။
ပန်းဟမ်က သူ့အစ်မကို ကြည့်လိုက်သည်။ အစ်မဖြစ်သူသည် လက်ထဲတွင် အဖြူရောင်ကြွေလက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။ သူမတစ်ကိုယ်လုံးက အံ့သြစရာကောင်းလောက်အောင် လှပတင့်တယ်သည်။လက်ဝဲဝန်ကြီးချုပ်၏ဇနီး ရောက်ရှိလာသည်ကို သူမက ဂရုမစိုက်သလိုနှင့် မုန့်ပင် စားနေလိုက်သေးသည်။
ယင်းရှစ်က အေးစက်စွာ ရယ်မောရင်း "သူတို့သားက ဘာမှလည်း မဟုတ်ဘဲနဲ့ ငါ့ရဲ့ အဖိုးတန်သမီးလေးကို သူ့ကို လက်ထပ်ချင်ကြတယ်ပေါ့၊ ဘယ်လို မိသားစုမျိုးလဲ"
"ငါကိုယ်တိုင် မောင်းထုတ်မှာမလို့ မင်းတို့ စိတ်ပူစရာ မလိုပါဘူး"
ပန်းဟွိုက် က စားပွဲကိုရိုက်လိုက်ပြီး အစေခံကို ခေါ်တော့မည့်ဆဲဆဲ...
"မင်းဘာတွေကြောက်နေတာလဲ"
စားပွဲထိပ်တွင်ထိုင်နေသော အဘွားကြီးသည် နောက်ဆုံးတွင် စကားစပြောသည်။သူမက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး အဖုံးကို လက်သည်းထိပ်လေးနှင့် အသံတစ်ဆစ်ဆစ်မြည်အောင် ခေါက်လိုက်သေး၏။
"ဒီမင်းသမီးရှိနေရက်နဲ့ ဘယ်သူကများ ငါ့မြေးကို အတင်းလက်ထပ်ဖို့ လာပြောမယ်ဆိုတာ ကြည့်ချင်မိသေးရဲ့"
မင်းသမီးတော်ဝင်သည် လက်ဖက်ရည်ခွက်ကို အသံမြည်အောင် တမင်တကာ စားပွဲပေါ် ညင်သာစွာ ချထားလိုက်သည်။ သူမ၏စကားများသည် မိသားစုဝင်တိုင်းကို တည်ငြိမ်သော ခွန်အားတစ်ခု ပေးစွမ်းနေသလိုပင်။
"ဟွာဟွာက ဒီတော်ဝင်ရဲ့ မြေးတော်ပါ၊ တော်ဝင်သွေးတစ်ဝက်လောက်ဟာ သူမ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတာ၊ ယန်မိသားစုက သူမနဲ့ မထိုက်တန်ပါဘူး"
တော်ဝင်မင်းသမီး၏ မျက်နှာမှာ ဘာမှမထူးခြားနားပေ။ သူမက ပါးစပ်ထောင့်ကို ပိုးသားလက်ကိုင်ပုဝါဖြင့် ညင်သာစွာ သုတ်လိုက်ပြီး
"သူတို့ သားဘာသာ သေချင်၊မသေချင်သေ ငါတို့နဲ့ ဘာမှ မဆိုင်ဘူး...သေချင်ရင် သေလိုက်၊ ငါတို့ကို အပြစ်လာဖို့ဖို့တော့ မကြိုးစားနဲ့"
တော်ဝင်မင်းသမီး၏ အေးစက်သောအသံသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
xxxxxxxx