Chapter 43
သခင်မယန်သည် ပန်းမိသားစု တံခါးကို ဖြတ်လျှောက်လာသောအခါ အစေခံများ၏ မျက်နှာထားက တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူမ သတိမထားမိခဲ့ပေ။ပန်းမိသားစုက တိတ်ဆိတ်လွန်းသည်ဟုသာ သူမ ခံစားမိသည်။ ကျင့်ထင်နယ်စားမင်း၏ ပင်မခန်းမဆီသို့ အစေခံတစ်ဦးမှ သူမအား ဦးဆောင်ခေါ်သွားမှသာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူမ သတိပြုမိသည်။
ခန်းမတံခါးရှေ့တွင် ကမ္ပည်းပြားတစ်ခု ချိတ်ဆွဲထားသည်။ ထိုအပေါ်မှာ ' ကောင်းချီးဂျူဗလီဟော' ဆိုသည့် စကားလုံးကို ရေးထားသည်။၎င်းကို ယခင်ဧကရာဇ်မင်း ကိုယ်တိုင်ရေးခဲ့ပြီး ယခင်ဧကရာဇ်၏ ကိုယ်ပိုင်တံဆိပ်ကိုပင် အသုံးပြုထားခဲ့သည်။အကြီးဆုံးမင်းသမီးသည် သားဖြစ်သူနှင့်အတူ နေထိုင်ခြင်းမရှိသော်လည်း ပန်းမိသားစုက တော်ဝင်မင်းသမီးအား လေးစားကြောင်းပြသရန် ပင်မခန်းမကို ဖွင့်ထားဆဲဖြစ်သည်ဟု ဆိုသည်။ ယခု အစေခံက သူမကို ပင်မဆောင်ကို ခေါ်သွားသည်။
ဒါဆို…
သခင်မယန်၏ လက်ဖဝါးများ အနည်းငယ် တုန်ခါသွားပြီး ချွေးပင် စို့လာရသည်။ခန်းမတံခါးကို လှမ်းကြည့်လိုက်ရာ ခန်းမဆောင်၏ ခေါင်းရင်းမှာ ထိုင်နေသည့် အဘွားကြီးကို တွေ့လိုက်ရသည်။
အဘွားကြီးသည် ရွှေရောင်နှင့်ခရမ်းရောင် ရောထားသော ပိတ်စပေါ်၌ ဖီးနစ်ပုံ ဆွဲထားသည့် ၀တ်စုံနှင့် ဖီးနစ်ငှက်ပုံဆံညှပ်ကို ပန်ဆင်ထားသည်။ သူမသည် စားပွဲ ထိပ်တွင် ခပ်တည်တည်သာ ထိုင်နေ၏။
ထိုအခါ သူမ၏ ပျောက်ဆုံးသွားသည့် အကြောက်တရားတို့က ဒီရေလို ပြန်ပေါ်လာသည်။လွန်ခဲ့သော အနှစ်နှစ်ဆယ်က သူမသည် အဆင့်ငါးရှိသူအဖြစ်သာ ရှိနေသေးသည်။သူမသည် တော်ဝင်မင်းသမီးရှေ့တွင် တလေးတစား ခေါင်းမထောင်ဝံ့ဘဲ ရပ်ခဲ့ဖူးသည်။အနှစ်နှစ်ဆယ်ကြာသွားသောအခါလည်း၊ ထိုအချိန်က ကြောက်ရွံ့မှုကို သူမ ထပ်မံခံစားခဲ့ရပြန်သည်။
“တော်ဝင်မင်းသမီးကို နှုတ်ဆက်ပါတယ်"
သူမ နဖူးပေါ်မှ ချွေးများ ထွက်လာသည်ကို ခံစားလိုက်ရသည်။သို့သော် သုတ်မပစ်ဝံ့သလို၊ တော်ဝင်မင်းသမီးကိုတောင် မကြည့်ဝံ့သေး။
"ခွမ်း"
လက်ဖက်ရည်ခွက်ကို ဆောင့်ချသံ ထွက်ပေါ်လာ၏။
ပေါက်....ပေါက်.. ပေါက်
ကြမ်းပြင်ပေါ်သို့ကျသွားသည့် လက်ဖက်ရည်အသံကို သူမ ကြားလိုက်ရသည်။ အအေးဓာတ်က အခန်းတံခါးမှ တစ်ဆင့်ဝင်လာရာ ခန်းမကြီးတစ်ခုလုံး အေးခဲသွားသည်။ သခင်မယန် မထိန်းနိုင်ဘဲ တုန်တုန်ယင်ယင် ဖြစ်နေတော့သည်။
တော်ဝင်မင်းသမီး၏ အသံမှာ အလွန်ပျင်းရိအေးစက်ကာ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည်။
"နင်က ဒီမင်းသမီးရဲ့ မြေးမလေးကို တောင်းပန်ဖို့ ဒီနေ့ လာခဲ့တာလား"
“အရှင်မင်းကြီး၊ ကျွန်မ…”
သခင်မယန်သည် သူမ၏ အိပ်ယာပေါ်ရှိ သားဖြစ်သူကို သတိရပြီး ခေါင်းကို မော့ကာ သတ္တိကို စုဆောင်းခဲ့သည်။ သို့သော် တော်ဝင်မင်းသမီး၏ မျက်လုံးများကို တွေ့လိုက်သည့်အခိုက်တွင် ဂွမ်းလုံးကြီးတစ်ခုက သူမ လည်ချောင်းထဲသို့ ဖိသိပ်ထားသလိုမျိုး စကားတစ်ခွန်းမှ မပြောနိုင်ပေ။
"လူတိုင်းက ယန်မျိုးရိုးက စည်းကမ်းတင်းကြပ်တယ်လို့ ပြောကြပေမယ့် နင့်ရဲ့သားက ငါ့ရဲ့ မြေးတော်ကို ဒီလိုလုပ်မယ်လို့ မထင်ထားခဲ့ဘူး၊ငါ မြင်လိုက်ရတာကတော့ နင်တို့မိသားစုက နာမည်ကျော်ကြားဖို့အတွက် လုပ်နေကြတယ် ဆိုတာပဲ"
တော်ဝင်မင်းသမီးသည် ရုတ်တရက် ထရပ်ကာ သခင်မယန်၏ခြေရင်းသို့ လက်ဖက်ရည်ခွက်ကို ပစ်ချလိုက်၏။
"နင်တို့ မိသားစုက သားသမီးကို ဒီလောက် မိုက်မဲအောင် ဘယ်လိုများ ပြုစုပျိုးထောင်ခဲ့တာလဲ၊ နင် ဘယ်လောက်ပဲ ရူးပါစေဦးတော့၊ နင့်သားကိုတောင် အသုံးချရဲသေးတယ်ပေါ့"
သခင်မယန် တော်ဝင်မင်းသမီးရှေ့တွင် ဒူးထောက်၍ နေလေသည်။
"အရှက်မရှိဘူး၊ လောဘလည်းကြီးတယ်"
တော်ဝင်မင်းသမီး၏ အသံက သူမ နှလုံးသားကို ဖောက်ထားသည့် အေးစက်သော အပ်တစ်ချောင်းလိုပင်။ သူမ ခန္ဓာကိုယ်ကြီးက ယိမ်းယိုင်သွားကာ နောက်ဆုံးမှာ မထိန်းနိုင်တော့ဘဲ ဒူးများပျော့သွားပြီး မင်းသမီးရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။
" မင်းသမီး..ကျွန်မက အရည်အချင်းမပြည့်မီတဲ့အတွက် ကလေးတွေကို ကောင်းကောင်းမသင်ပေးမိပါဘူး၊ ဒါပေမယ့် ကျွန်မမှာ သားနှစ်ယောက်ပဲရှိပါတယ်၊ သူတို့ဟာ ကျွန်မရဲ့ အသက်ပါပဲ၊ ကျွန်မမှာ တခြားနည်းလမ်းမရှိလို့ပါ"
"မင်းသမီးကလည်း မိခင်တစ်ယောက်ပါပဲ၊မင်းသမီး ကျင့်ထင်နယ်စားမင်း အတွက် နယ်စားမင်းကတော်နဲ့ လက်ထပ်ပေးတာကလည်း သားဖြစ်သူကို ချစ်တဲ့စိတ်ကြောင့်ပဲ မဟုတ်ပါလား....ကျွန်မဟာလည်း မိခင်တစ်ယောက်ဖြစ်ပါတယ်၊ဒါကြောင့် မင်းသမီးကို ကျွန်မရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ပဲ တောင်းဆိုချင်ပါတယ်"
ထိုစဉ် ယင်းရှစ်က အေးစက်စွာ ရယ်မောလိုက်သည်။
"သခင်မယန် ၊ ရှင့်စကားတွေက မှားနေပြီ ၊ကျွန်မ ကျင့်ထင်နယ်စားမင်း ကို လက်ထပ်ဖို့ ဆန္ဒရှိတယ်ဆိုတာက ယောက္ခမရဲ့ အကြင်နာတရားကြောင့်ပါ၊နယ်စားမင်းကို လက်ထပ်တာကလည်း ကျွန်မကို ယောက္ခမက လိုလိုချင်ချင် သဘောတူခဲ့လို့ပါ၊ အခု ရှင်တို့ မိသားစုလုပ်ပုံကို ကြည့်ဦး"
"လက်ဝဲဝန်ကြီးချုပ်ယန်က အာဏာရှိနေတယ်လို့ ရှင်က ထင်နေတာလား၊ အခု ကျွန်မတို့ကိုတောင် တော်ဝင်မိသားစုရဲ့ ဆွေမျိုးတွေလို့ မမြင်ပေးဘူးမလား၊ရှင်တို့ ယန်မိသားစုက တော်ဝင်သွေးပါတဲ့ ကျွင်းကျူးကိုတောင် အိမ်ထောင်ဖက်အဖြစ် ရွေးချယ်နိုင်မယ်လို့ ထင်နေတာလား"
ထို့နောက် ပြောပြောဆိုဆို သခင်မယန် ၏မျက်နှာရှေ့ကို ယင်းရှစ် က တံတွေးတစ်ချက်ထွေးလိုက်သည်။
"ထွီ.... ရှင်တို့ လုပ်ပုံက်ိုကြည့်ပါဦး...ဂုဏ်သိက္ခာရှိတဲ့ ကျွင်းကျူးကို လက်ထပ်ဖို့ သတ္တိရှိနေလိုက်တာ၊ ရှင့်ရဲ့သားက လက်ရှိ မင်းဆက်ရဲ့ သမီးကို သဘောကျရင်တောင် ဧကရာဇ်ဆီကို သွားပြီး လက်ထပ်ဖို့ တောင်းဆိုကြဦးမှာလား ၊ ရှင့်သားက လက်မထပ်ရရင် သေသွားမှာတဲ့လား၊ ရှင့်သားဘာသာ သေချင်သေ ကျွန်မမိသားစုနဲ့ ဘာဆိုင်လို့လဲ"
တော်ဝင်မင်းသမီးက သခင်မယန်ကို ဝင်ပြောသည်။
"ပြန်သွားတော့၊ ဒီနေ့ နင့်ကို ငါရှင်းအောင်ပြောမယ်၊ ငါ့မြေးလေးကို နင်တို့ ယန်မိသားစုဝင်ကို လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ နင့်ဘာသာ သေချင်သေ၊ မသေချင်နေ ငါနဲ့ဘာမှမဆိုင်ဘူး"
" မင်းသမီး"
“ထွက်သွားလို့ ပြောနေတယ်နော်၊ ဒီနေ့ကစပြီး မဟာတော်ဝင်ဆောင် နဲ့ ပန်းမိသားစုက ယန်မိသားစုကို အိမ်တော်ထဲ ဝင်ခွင့်မပြုဘူး၊နင်တို့ အဆင့်အတန်းနဲ့ ငါ့မြေးကိုလက်ထပ်ချင်တယ်ဆိုတာ လုံးဝ မဖြစ်သင့်ဘူး"
သခင်မယန် ၏ ကောက်ရိုးမျှင်ကလေး နောက်ဆုံးပြတ်ကျသွားသည်။ သူမ တော်ဝင်မင်းသမီးကို မယုံနိုင်စွာ ကြည့်လိုက်သည်။ သူမ၏ မိသားစုသည် ဝန်ကြီးချုပ်အိမ်တော် ဖြစ်သည်။ဒါကိုတောင် တော်ဝင်မင်းသမီးက သူမတို့ မိသားကို နှိမ့်ချပြီး ပြောခဲ့တာလား...
နောက်ဆုံးတွင်၊ သခင်မယန်ကို တော်ဝင်မင်းသမီး၏ အထိန်းတော်တို့က လက်မောင်းမှ ဆွဲထုတ်သွားလေသည်။
"အတင့်ရဲလိုက်တာ"
"မျက်နှာပြောင်ချက်ကတော့ ..."
ပန်းမိသားစု၏ အစေခံများကလည်း ဤသို့ဤနှယ် တစ်ယောက်တစ်ခွန်း ပြောလျက်ရှိသည်။ သခင်မယန်သည် အစေခံများ၏ လက်မှ လွတ်မြောက်ဖို့ ရုန်းကန်ချင်သော်လည်း လုံးဝမလှုပ်ရှားနိုင်ပေ။
“ကျွန်မ ပြောချင်တာကတော့ ဝန်ကြီးချုပ်ကတော် သိပ်မရုန်းပါနဲ့ ဆိုတာပဲ"
နက်မှောင်သော ၀တ်စုံကို ဝတ်ဆင်ထားသော အစေခံက လှောင်ပြောင်၍ပြောသည်။
"ကျွန်မက ကြမ်းတမ်းတဲ့ အလုပ်တွေကို လုပ်လာတာ၊ မတော်တဆ ရှင့်လက်ကို လိမ်ချိုးလိုက်မိရင် မကောင်းဘူး ဖြစ်သွားမယ်"
သခင်မယန်ကလည်း အေးတိအေးစက် ပြောလေသည်။
"တော်ဝင်မင်းသမီးက ယန်မိသားစုကို တစ်ကယ် အထင်သေးနေတာပဲ"
အထိန်းတော်တို့က သခင်မယန်ကို ပန်းမိသားစု၏ ဝင်ပေါက်မှ တွန်းထုတ်ပြီး ဆဲဆိုကြိမ်းမောင်းလိုက်၏။
"ဝန်ကြီးချုပ်ကတော် ဘာကိုဆိုလိုတာလဲ၊ ရှင်ကပဲ အရင် ပန်းမိသားစုကို မထီမဲ့မြင်ပြုပြီး ပန်းဟွာကျွင်းကျူး နဲ့ ရှင့်သားကို အတင်းလက်ထပ်ခိုင်းတာ၊ ဒါကြောင့် တော်ဝင်မင်းသမီး ဒေါသအရမ်းထွက်တာလေ"
"ဘာ…"
"တစ်ယောက်ယောက် လာကြစမ်း! တော်ဝင်မင်းသမီး မူးလဲသွားပြီ၊သမားတော် အမြန်ခေါ်ပါ"
"သခင်မယန် ရှင်တော့ သွားပြီ"
ကျင့်ထင်နယ်စားမင်းအိမ်တော် တည်ရှိရာလမ်းသည် အဆင့်အတန်းမြင့်၍ ရာထူးကြီးသောသူများသာ နေထိုင်ကြသည်။ထို့ကြောင့် ဤနေရာ၌ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြားလိုက်ရသဖြင့် အိမ်အများအပြား၏ တံခါးစောင့်များသည် အခြေအနေကို စူးစမ်းရန် ခပ်သုတ်သုတ်ပြေးလာကြသည်။
ပန်းမိသားစု၏ ဝင်ပေါက်ရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဝန်ကြီးချုပ်ယန် ၏ မိသားစုတံဆိပ်ပါသည့် ရထားတွဲက အပြင်ဘက်တွင် ရပ်ထားသည်ကို မြင်လိုက်ရသောအခါ၊ အားလုံး သဘောပေါက်သလို ဖြစ်သွား၏။သူတို့လည်း အဝေးမှာ ရပ်ပြီး စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။အနီးကပ်ကြည့်ချင်သော်လည်း သူတို့မှာလည်း ဂုဏ်သိက္ခာရှိသေးသည်။ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို ကြည့်ချင်သော်ငြား အနီးကပ် မကြည့်ဝံ့ကြ။
"သခင်မယန်!"
ပန်းဟွာသည် အနီရောင်ဝတ်စုံကိုဝတ်ကာ ထွက်လာခဲ့သည်။သူမက ဝင်ပေါက်တံခါးရှေ့တွင် ရပ်လိုက်ပြီး
"ရှင်တို့မိသားစုကို ကျွန်မ ဘာအပြစ်တွေများ ကျူးလွန်မိခဲ့လဲ မသိဘူး၊ ဒါပေမယ့် ဒီနေ့ ရှင်ပြောခဲ့တဲ့ စော်ကားတဲ့ စကားတွေ၊ ကျွန်မအဖွားကို စိတ်ဆိုးစေခဲ့တဲ့ စကားတွေကို ကျွန်မ မှတ်ထားမှာပါ၊ ဒီကမ္ဘာမှာ ယောက်ျားတစ်ယောက်မှ မရှိတော့ဘူးဆိုရင်တောင်.... ဒီကမ္ဘာမှာ ဘယ်သူကမှ ကျွန်မကို လက်ထပ်ဖို့ ဆန္ဒမရှိရင်တောင် ယန်မိသားစုဝင်ကို လက်ထပ်တာထက် သီလရှင်တစ်ပါးဖြစ်ရတာ ပိုကောင်းမယ်လို့ ကျွန်မ ဆုံးဖြတ်မိတယ်"
ဘေးမှ ရပ်ကြည့်သူများက ယန်မိသားစုသည် အတော်လွန်လွန်းသည်ဟု ထင်ကြသည်။ယန်မိသားစုသည် ဂုဏ်သိက္ခာရှိသည့် ကျွင်းကျူးကို အတင်း လက်ထပ်ခိုင်းပြီး တော်ဝင်မင်းသမီးကိုတောင် နေမကောင်းဖြစ်အောင် လုပ်ကြသည်။ဤပန်းဟွာကျွင်းကျူးသည် သွေးပူသော အမျိုးသမီးဖြစ်သည်။ သို့သော် တော်ဝင်မင်းသမီးကို ထောက်၍ ဤစကားမျိုးပြောခဲ့ခြင်းသာ။သို့မဟုတ်ပါက သည့်ထက် အခြေအနေဆိုးနိုင်၏။
ပန်းမိသားစုက လိမ်နေသည်ဟုပင် သူတို့ မထင်ကြချေ။ နေ့ခင်းကြောင်တောင်ကြီးမှာ ပန်းဟွာကျွင်းကျူးက ဝန်ကြီးချုပ်ကတော်ရှေ့မှာ အခုလို ပြောနေတာဆိုတော့ အမှားတော့ မဖြစ်နိုင်ဘူးလေ…
နာရီဝက်အကြာတွင် လက်ဝဲဝန်ကြီးချုပ်ကတော်သည် ပန်းဟွာကျွင်းကျူးအား လက်ထပ်ရန် အတင်းအကြပ်ခိုင်းစေသဖြင့် တော်ဝင်မင်းသမီးအား ဒေါသကြောင့် မူးလဲသွားသည့် သတင်းမှာ မြို့တော်အနှံ့ ပျံ့နှံ့သွားသည်။
ယန်ဟွေ့ ၏ဘဝသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ချောမွေ့စွာဖြတ်သန်းခဲ့ရပြီး ရာထူးတိုးခြင်းခံရသည်မှာလည်း မကြာခဏဆိုသလိုပင်။ သို့ဖြစ်၍ သူ့ကို လူအများ မနာလိုဖြစ်ခဲ့ကြသောကြောင့် ကောလဟာလ အမျိုးမျိုးရှိခဲ့သည်။ ပန်းမိသားစုသည် သခင်လေးယန်ကို တမင်သက်သက် နှိပ်စက်နေသည်ဟု လူအချို့က ပြောကြသည်။ သူတို့သမီးလေးကို ယန်မိသားစုမှာလက်ထပ်ခွင့်ပေးတာထက် သခင်လေးယန် ဖျားနာသေဆုံးသွားသည်ကို သူတို့ စောင့်ကြည့်ချင်ကြပုံရ၏။ထိုကြောင့် ပန်းမိသားစုကို မကောင်းမြင်သူများလာသည်။ ယန်မိသားစု၏ပုံစံသည် စည်းကမ်းတင်းကျပ်ပြီး စိတ်ထား ဖြူစင်သော မိသားစုဖြစ်သည်။
ယန်မိသားစုမှာ လက်ထပ်ဖို့က ပန်းဟွာကျွင်းကျူးအတွက် အရမ်းကို သင့်တော်တာမဟုတ်လား...သူမနဲ့ စေ့စပ်ကြောင်းလမ်းပြတ်စဲခဲ့တဲ့ ရှန်းယွီဆိုရင် ယန်မိသားစုလို နောက်ခံ မကောင်ဘူးမလား...
ယန်မိသားစု၏ လုပ်ရပ်သည် အနည်းငယ် အရှက်မရှိဟုလည်း အချို့က ယူဆကြသည်။ သူတို့သား မသေဖို့ အတွက် ပန်းဟွာကျွင်းကျူးကို လက်ထပ်ခိုင်းဖို့ သူတို့ ဘယ်လိုလုပ် တွန်းအားပေးရသလဲ....ပြတ်ပြတ်သားသားပြောရမယ်ဆိုရင် ပန်းမိသားစု မှာ စစ်မှန်တဲ့ စွမ်းအားမရှိတာကို အခွင့်ကောင်းယူတာပဲ မဟုတ်လား… ပန်းဟွာကျွင်းကျူး က အရမ်းလှတော့ သူမကို စွဲလန်းတဲ့သူက ယန်ကျန်း တစ်ယောက်တည်းမှ မဟုတ်တာ...ဒါဆို တခြားမိသားစုတွေက ပါးစပ်မဟကြတာကို...ယန်မိသားစုက ဘာလို့ လက်ထပ်ဖို့ ပြောရသလဲ....
တစ်ကယ်တော့ ယန်ဟွေ့က လက်ဝဲဝန်ကြီးချုပ်ဖြစ်ပြီး အင်ပါယာတရားရုံးမှာ အာဏာရှိလို့ မဟုတ်လား…ဒါကြောင့်ပဲ အခုလို အရှက်ကင်းမဲ့တဲ့ကိစ္စကို သတ္တိရှိရှိ ကျူးလွန်ခဲ့တာလေ…
ရုံရှား မပြောမချင်း ပညာရှင်အများအပြားက သူတို့ အတွေးကို အခြေခံ၍ ဤကိစ္စနှင့်ပတ်သက်၍ အဆုံးမရှိ ငြင်းခုံခဲ့ကြသည်။
"ပန်းဟွာကျွင်းကျူး က အရမ်းဖြူစင်ပြီး သိက္ခာတရားရှိတဲ့သူပါ၊ သူမလုပ်ရပ်က မများပါဘူး၊ သခင်လေးယန်က သူမကို ရဖို့အတွက် သေမယ်ဆိုတာကြီးနဲ့ ခြိမ်းခြောက်တာကမှ မကောင်းတာပါ၊ ပန်းဟွာကျွင်းကျူး ဟာ အရမ်းလှပေမယ့် ဒီလို ယောက်ျားမျိုးနဲ့ တွေ့ရတာက သူမအတွက် နှမြောစရာပါပဲ၊ ကမ္ဘာပေါ်က ယောက်ျားတိုင်းကသာ မိန်းကလေး တစ်ယောက်ကိုကြိုက်ရင် ဘာမှမစားမသောက်ဘဲ လက်ထပ်ဖို့ ဖိအားပေးနေကြရင် ဘယ်လိုလုပ် လူကြီးလူကောင်းဆိုတာ ရှိတော့မလဲ..လူကြီးလူကောင်းဆိုတာ စောင့်ထိန်းနိုင်ပြီး ကျင့်ဝတ်ရှိရမယ်မဟုတ်လား"
ဤစကားကို သူသည် မရေမတွက်နိုင်သော ပညာရှိတို့ရှေ့တွင် ရုံရှား က ပြောခဲ့ခြင်းဖြစ်သည်။
ပညာရှိအားလုံးကလည်း ရုံရှားစကားကို ခြွင်းချက်မရှိ ထောက်ခံခဲ့ကြ၏။
ချမ်အမ်မြို့စားမင်းသည် ပန်းမိသားစုဝင် တစ်ယောက်ယောက်အတွက် ယခင်က တစ်ခါမှ ကာဆီးမပြောဖူးပေ။ သို့သော် ယခုမူ တရားမျှတမှုနှင့် ဖြောင့်မတ်မှုဘက်တွင် သူရပ်တည်ခဲ့သည်။ ထိုသို့သော စကားများပြောခြင်းက၊ယန်မိသားစုကို စော်ကားရာရောက်ကာ နန်းတွင်း၌ ယန်မိသားစု၏ ဝိုင်းပယ်ခြင်းကို ခံရနိုင်သည်။
ဒါက ဘယ်လို စိတ်ဓာတ်မျိုးလဲ...သူ့စိတ်ဓာတ်က သမာသမတ်ကျပြီး မကြောက်မရွံ့စိတ်ဓာတ်၊လူကြီးလူကောင်းတစ်ယောက်ရဲ့ အကျင့်စရိုက်အစစ်အမှန်လည်း ဖြစ်သလို၊ပညာရှိတစ်ယောက်ရဲ့ စံပြစိတ်ဓာတ်ပဲ... ဘက်လိုက်မှုမရှိ၊ ချမ်းသာပြီး တန်ခိုးကြီးသူကို မကြောက်တတ်သော လူကြီးလူကောင်းမျိုးသည် ရုံရှားလို စိတ်မျိုးသာ ဖြစ်သင့်သည်။
လျင်မြန်စွာပင်၊ မြို့တော်ရှိလူထု၏အမြင်သည် လေပြင်းတိုက်ခတ်သလို တစ်စုတစ်စည်းတည်းဖြစ်ခဲ့သည်။မရေမတွက်နိုင်သောလူများက ပန်းဟွာကျွင်းကျူးကို စိတ်သဘောထား ဖြူစင်ပြီး နတ်သမီးကဲ့သို့ လှပသည့်အတွက် ချီးကျူးခဲ့ကြသည်။ သူမ၏ မကောင်းသတင်း ကောလာဟလများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ တစ်ဖက်တွင်မူ ယန်မိသားစု၏ ဂုဏ်သတင်း ကျဆင်းသွားခဲ့သည်။ သူတို့၏သားများအားလုံးကို အရှက်မရှိသူများဟု အပြစ်တင်ကြသည်။
ဤကိစ္စက အဆုံးသတ်မည်ဟု လူတိုင်းက ထင်နေချိန်မှာပင်၊ ယန်မိသားစုအတွက် ကိစ္စ ကြီးကြီးမားမား တစ်ခု ဖြစ်သွားခဲ့သည်။
ယန်မိသားစု၏ ခမည်းခမက် ချန်မိသားစုသည် ယန်မိသားစု၏ အကြီးဆုံးသားကို လူအင်အားသုံး၍ အခွန်ဝန်ကြီးဌာန အဝင်ဝတွင် ရိုက်နှက်ခဲ့သည်။ ချန်မိသားစု၏ အကြီးဆုံးသားက ယန်မိသားစု၏ အကြီးဆုံးသားကို ရိုက်ပြီးသည့် ငိုကြွေး၍ အကြောင်းစုံကို ပြောလေသည်။သူပြောခဲ့သည့်အကြောင်းက...လက်ဝဲဝန်ကြီးချုပ်၏ ဇနီးဖြစ်သူက သူ၏ ညီမဖြစ်သူကို နှိပ်စက်ညှဉ်းပန်းပြီး ကိုယ်ဝန်ပျက်ကျအောင်လုပ်သည်ဟု ဆို၏။
လူတိုင်းသည် သက်ကြီးသူကို သက်ငယ်သူက ရိုသေလေးစားရမည်ဆိုသည်က်ို အလေးထားကြသော်လည်း 'ကရုဏာ' ဟူသော စကားကိုလည်း အာရုံစိုက်ကြသည်။ထို့ကြောင့် အသက်အရွယ်ကြီးသူ သခင်မယန်သည် ငယ်ရွယ်နုနယ်သော သခင်မလေးချန်အား ကိုယ်ဝန်ပျက်အောင် တွန်းပစ်သည်။ ဒီလိုယောက္ခမမျိုးက မဆိုးရင် ဘယ်သူက ဆိုးမလဲ…
ချန်မိသားစုသည် ယန်မိသားစု၏ အကြီးဆုံးသားကို ရိုက်နှက်ပြီးနောက် ယန်မိသားစု၏ အိမ်ရှေ့တံခါးဆီသို့ ပြေးသွားကြသည်။ နောက်ဆုံးတွင် ချန်မိသားစုသည် ကျွန်များကို ခေါ်ဆောင်ကာ ယန်မိသားစု၏ ခြံဝင်းထဲသို့ ကျူးကျော်ခဲ့လေသည်။ထို့နောက် ဖြူဖပ်ဖြူလျော်နှင့်ပိန်ကပ်နေသော သခင်မလေးချန်ကို ယန်မိသားစုထဲက ခေါ်ထုတ်သွားကြလေသည်။
မကြာခင် ချန်မိသားစုနှင့် ယန်မိသားစု ကွာရှင်းတော့မည်ဆိုသော သတင်းက ပျံ့နှံ့သွားခဲ့သည်။
ချန်မိသားစုနှင့် ယန်မိသားစုတို့၏ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပေါ်ပြီးနောက် တခြားသူများသည် ပန်းမိသားစုနှင့် ယန်မိသားစုကြားမှ ရန်ငြိုးထားမှုများကို ဂရုမစိုက်တော့ပေ။ ချန်မိသားစုသည် ယန်မိသားစု၏ အိမ်ရှေ့တံခါးသို့ လူလွှတ်၍ ကျိန်ဆဲနေကြသည်ကို သူတို့ နေ့တိုင်းကြည့်ရှုကြသည်။ မထင်မှတ်ပဲ၊သူတို့မပျင်းစေဖို့ ကိစ္စတော်တော်များများ သိခဲ့ရလေသည်။
ချန်မိသားစုသည် မြို့တော်တွင် ထင်ရှားသောမိသားစုတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး မြို့တော်ရှိ အာဏာရှိ မိသားစုများစွာနှင့် ဆက်ဆံရေးကောင်းမွန်သည်။ ထို့ကြောင့် မိသားစုနှစ်စု ရန်ဖြစ်သည့်သတင်းက ဧကရာဇ် ယွင်ချင်၏ နားထဲသို့ မရောက်ခဲ့ပေ။
မဟာရွှေလမင်းနန်းတော်တွင်.... ဝမ်ကုန်းကုန်း သည် စားပွဲတွင်ထိုင်ကာ စာဖတ်နေသည့် ဧကရာဇ် ယွင်ချင် အနားသို့ လျှောက်သွားကာ တိုးတိုးလေးပြောသည်
"မင်းကြီး၊ ချမ်အမ်မြို့စားမင်းက တွေ့ဖို့တောင်းဆိုပါတယ်"
ဧကရာဇ် ယွင်ချင်က သူ့မျက်လုံးကို ပွတ်သပ်ပြီး "သူ့ကို ဝင်ခွင့်ပြုလိုက်ပါ"
မကြာသေးမီက သူ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ တန်ဖိုးထားရသော အရာရှိမိသားစုက သူ့တူမအား အတင်း လက်ထပ်ခိုင်းခြင်းကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် သူ့အရီးတော်ခမျာ ဒေါသဖြစ်လွန်းတာကြောင့် မူးလဲသွားခဲ့သည်။
နှစ်ဖက်စလုံးက သူနှင့်မကင်းရာမကင်းကြောင်းများဖြစ်သော်လည်း အနည်းနှင့်အများက ကွာသေးသည်။ ထို့အပြင် ၎င်းသည် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာပိုင်းနှင့် ပတ်သက်သောကြောင့် ဘာမှမဖြစ်ခဲ့သလို သူ့မှာမသိဟန်ဆောင်၍မရပေ။
xxxx