အပိုင်း၄၄
Viewers 4k


Chapter. 44


ခန်းမကြီးသည် အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။


 ဧကရာဇ်ယွင်ချင်သည် ရုံရှားကို ကြည့်လိုက်သည်။ ရုံရှားသည် သူ့နေရာတွင် လေးလေးစားစား မတ်တတ်ရပ်လျက်ရှိ၏။


 "မြို့စားမင်းရုံ" ဧကရာဇ် ယွင်ချင် ခဏမျှ တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် ဆက်ပြော၏။


 "မင်းက ငါကိုယ်တော်ကို စိတ်ပျက်စေမှာ မဟုတ်ဘူးဆိုတာ သိတယ်"


သူသည် ယန်ဟွေ့ကို လက်သပ်မွေးထားသော်လည်း မကြာသေးမီနှစ်များအတွင်း ယန်ဟွေ့က သူ့အား နာခံမှု နည်းပါးလာသည်။ယန်ဟွေ့သည် သူ့ဆွေမျိုးများကိုပင် ပြည်သူပိုင်မြေယာများ သိမ်းပိုက်ရန် ခွင့်ပြုခဲ့သလို၊ တရားဝင်ရာထူးများကိုပင် ငွေကြေးနှင့်ရောင်းချခဲ့သည်။ သို့သော်လည်း ဝန်ကြီးချုပ်ယန် မိသားစုကို မပြောလို၍ မသိဟန်ဆောင်ခဲ့သည်။သို့သော် ထို့အတွက်ကြောင့် ယန်ဟွေ့သည် တော်ဝင်မိသားစု၏အရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းကို ငြိမ်ခံနေမည်ဟု မဆိုလိုချေ။


အိမ်ရှေ့စံသည် ပြတ်သားသော်လည်း ကြင်နာတတ်သော သဘောရှိသည်။ နောင်တွင် ထီးနန်းဆက်ခံသောအခါ၊ ညီအစ်ကိုမောင်နှမများကို ကောင်းမွန်စွာ ဆက်ဆံနိုင်သူဖြစ်သည်။ သို့သော် ယန်ဟွေ့သည် ဒုတိယမင်းသားနှင့် အိမ်ရှေ့မင်းသားအား ရန်တိုက်ပေးခဲ့သည်။သူကိုယ်တိုင်က ဧကရာဇ်ဖြစ်ဖို့ ညီအစ်ကိုမောင်နှမများအား သတ်ပစ်ခဲ့သော်လည်း ဤလုပ်ရပ်ကို သည်းမခံနိုင်ပေ။


 "မင်းက ငယ်လွန်းတာတော့ နှမြောမိတယ်၊ မဟုတ်ရင် မင်းကို လက်ဝဲဝန်ကြီးချုပ်ရာထူး ပေးရင် ငါလည်း စိတ်သက်သာရာ ရသွားမှာ သေချာတယ်"


ရုံရှားက ပြောလေသည်။


 "အရှင်မင်းကြီး၊ကျွန်တော်က ဘုရင်မင်းမြတ်အတွက် အလုပ်လုပ်နေတာပါ၊ပြီးတော့ ပြည်သူတွေအတွက်လည်း အလုပ်လုပ်နေတာပါ၊ ဒီကိစ္စက အရေးမကြီးပါဘူး"


 ဧကရာဇ်ယွင်ချင်က အသံတိုးတိုးလေးနှင့်ရယ်ပြီး


 "ဟားဟား မင်းက မိန်းမတွေကိုလည်း မတပ်မက်ဘူး၊ ရာထူးအာဏာကိုလည်း မမက်ဘူး၊ မင်းဘဝက ဘုန်းကြီးတစ်ပါးနဲ့ ဘာကွာခြားလို့လဲ"


 “အရှင်မင်းကြီး၊ ကျွန်တော့်မှာ အဝတ်အစားကောင်းတွေလည်း အများကြီးရှိတယ်၊ အစေခံတွေကလည်း များပါတယ်...ဒီတော့ ဘုန်းကြီးနဲ့ မတူပါဘူး"


ဧကရာဇ် ယွင်ချင်က စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။


 "လူတွေဟာ ဘဝမှာ လိုအင်ဆန္ဒတွေ ရှိသင့်တယ်၊ မင်းက ငါ့ရဲ့သားမဟုတ်ပေမယ့် ငါ့အတွက် မင်းက သားတော်တစ်ယောက်လိုပါပဲ"


ရုံရှားက လေးလေးနက်နက် ဦးညွှတ်ပြီး ပြောလေသည်။


"အရှင်မင်းကြီး၊ ကျွန်တော်နဲ့ မထိုက်တန်ပါဘူး"


 ထောင့်မှာရပ်နေသည့် ဝမ်ကုန်းကုန်းက သူ့ဖိနပ်ထိပ်ကို ငုံ့ကြည့်ရင်း ငြိမ်နေသည်။ ဘုရင်မင်းမြတ်သည် သူ သဘောကျသူများကိုဆို တရင်းတနှီးဆက်ဆံပြီး ဆုချ၍ဆက်ဆံတတ်သည်။ သို့သော် သူ၏ကိုယ်ပိုင်သားသမီးများကိုတော့ ထိုမျှလောက် မနှစ်သက်ပေ။


 ဧကရာဇ် ယွင်ချင်က သူ့ပုခုံးကို ပုတ်ကာ


 "လာ၊ငါနဲ့အတူ လမ်းလျှောက်ပြီး လေကောင်းလေသန့် ရှူရအောင်"


ရုံရှားသည် ဧကရာဇ်နှင့်အတူ ဥယျာဉ်ထဲသို့ လိုက်သွားခဲ့သည်။ သူသည် ဧကရာဇ်နှင့်အတူ ဥယျာဉ်ထဲမှာ အကြိမ်များစွာ လျှောက်ခဲ့ဖူးသည်။သူ့အတွက်၊ ဤနေရာနှင့် ပတ်သက်၍ အထူးအဆန်းမဖြစ်သလို၊အပြင်မှာ ရေးထားသည့် ပုံပြင်များကဲ့သို့ မှော်ဆန်သည်ဟု ခံစားရခြင်းမရှိပေ။


 "ငါက အသက်ကြီးလာပါပြီ၊ ဒီတရားရုံးတွေကလည်း ပိုပိုပြီး ဒုက္ခများလာတယ်"  


ဧကရာဇ်သည် ကြာပန်းကန်ဘေးတွင် ရပ်ကာ ရေကန်၏ လှိုင်းထနေသော မျက်နှာပြင်ကို ကြည့်နေသည်။ 


 "အခု ငါဒီမှာရှိနေတုန်းတောင် သူတို့က ဒီလိုမျိုး ဖြစ်နေတာ၊ နောက် အနှစ် 100 ကြာရင် ဒီတရားရုံးက ဘယ်လိုများဖြစ်လိမ့်မလဲ"


 ဆောင်းဦးရာသီနှောင်းပိုင်းတွင် ကြာကန်၌ ပန်းဟူ၍မရှိတော့ပေ။ နန်းတော်တွင်းရှိ မိန်းမစိုးများသည် ကြာပန်းအရွက်ခြောက်များအားလုံးကို ဆယ်ယူပြီးဖြစ်၍ ယခုအချိန်တွင် ကြာပန်းကန်ထဲတွင် ရေကလွဲ၍ ဘာမှမရှိ။ရေကိုသာ ကြည့်နေရသည်မှာ အလွန်ကျောချမ်းစရာကောင်းပြီး အေးစက်ကာ ခံစားချက်မဲ့နေသလိုပင်။ 


 "အရှင်မင်းကြီးဟာ အခု ဘဝရဲ့ အထွဋ်အထိပ်မှာ နေနေရတာပါ၊ ဘာလို့ ဒီလိုမကောင်းတဲ့အတွေးမျိုး တွေးရတာပါလဲ၊


ရုံရှားက ဧကရာဇ်အား တအံ့တသြနှင့် ထိတ်လန့်စွာ ကြည့်နေသည်။  


 ဧကရာဇ် ယွင်ချင် မျက်မှောင်ကြုတ်လိုက်သည်။ 


 "သူများတွေက ငါ့ကို အသက်ရှည်ပါစေလို့ ဆုတောင်းနေကြတာဆိုတော့ ငါက နောက်အနှစ်တစ်သောင်းလောက်အထိ မသေနိုင်တော့ဘူး မလား...ဟားဟား"


"အရှင်မင်းကြီး" 


ရုံရှားသည် နောက်ပြန်ဆုတ်ကာ ဧကရာဇ်အား လေးနက်စွာ ဦးညွှတ်လိုက်သည်။ 


"ကျေးဇူးပြုပြီး အရှင်မင်းကြီး၊ ဒီလိုစကားမျိုး မပြောပါနဲ့၊ ဒီစကားကိုကြားရတာ ကျွန်တော် ရင်နာရပါတယ်၊ကျွန်တော့်မိဘတွေက ငယ်ငယ်လေးကတည်းက သေဆုံးသွားခဲ့တာ၊ဒီနှစ်တွေမှာ ကျွန်တော့်ကို ပြုစုစောင့်ရှောက်ခဲ့သူက အရှင်မင်းကြီးပါ၊ အရှင်မင်းကြီး ကျွန်တော့် ဘဝအတွက် ကောင်းကင်ကြီးပါ ၊ကျွန်တော့်စိတ်ထဲမှာ အရှင်မင်းကြီးကို ဘုရင်အဖြစ်လည်း လေးစားရသလို၊အဖေလိုလည်း ချစ်ခင်ရပါတယ်၊ ကျွန်တော့် အဖေလို့ ပြောဖို့ ကျွန်တော်က နိမ့်ကျတယ်ဆိုတာ သိပါတယ်...ဒါပေမယ့် ကျွန်တော် မျှော်လင့်မိတာက အရှင်မင်းကြီး ကျန်းမာချမ်းသာပြီး ဖျားနာကင်းစေဖို့ပါ"


ဤစကားကိုကြားသော် ဧကရာဇ်ယွင်ချင် တုန်လှုပ်သွားရ၏။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ချမ်အမ် မြို့စားမင်းသည် ဘုရားကျောင်းတွင် တစ်စုံတစ်ယောက်အတွက် အသက်ရှည်စေသည့် အဆောင်ကျောက်တိုင်တစ်ခုအား ဆောက်လုပ်ခဲ့ကြောင်း သူ့အား တစ်ယောက်ယောက်က လာပြောပြသည်ကို သတိရမိသည်။ နောက်ပိုင်းတွင် ထိုသူက ၎င်းအဆောင်ကျောက်တိုင်ကို စစ်ဆေးခဲ့ရာ ကျောက်တိုင်တွင် သူ၏ အမည်ပါရှိကြောင်း တွေ့ရှိခဲ့သည်။ ဧကရာဇ်၏အမည်ကို မဆင်မခြင် အသိမပေးဘဲ လက်လွတ်စပယ် ရေးသားခြင်းမှာ ဧကရာဇ်ကို မလေးမစားလုပ်သည်ဟုဆိုနိုင်သည်။ ထို့ကြောင့် ချမ်အမ်မြို့စားမင်းသည် ဤကိစ္စကို အလွန်သတိထား၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သိရှိခွင့်မပြုရဲပေ။


ယခု ရုံရှားပြောသော စကားတို့အား တခြားသူက သူ့ကို လာပြောမည်ဆိုလျှင် မြှောက်ပင့်ပြောဆိုနေသည်ဟု ယွင်ချင် ခံစားရပေလိမ့်မည်။ သို့သော်လည်း ရုံရှားကတော့ မတူပေ။သည်ကလေးက သူ့ကို လူကြီးတစ်ယောက်အနေနှင့် ဆက်ဆံပြီး ဂရုစိုက်မှန်း သူသိသည်။အမြဲတမ်း ကြော့ရှင်းပြီး ကျက်သရေရှိရှိနှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်တတ်သူက လွန်ခဲ့သည့် နှစ်နှစ်လောက်က ထိုကဲ့သို့ ခိုးကြောင်ခိုးဝှက် လုပ်ရပ်ကို လုပ်ခဲ့ခြင်းက သက်သေပင်။


 နောက်ပိုင်းတွင်လည်း၊အခြားပညာရှိတစ်ဦးက သူ့အား မထီမဲ့မြင်ပြုပြောဆိုခြင်းကြောင့် ချမ်အမ်မြို့စားမင်းသည် ထိုသူနှင့် ဆယ်ကြိမ်တိုင်တိုင် ကဗျာရွတ်ပြိုင်ခဲ့ကြောင်း သူလျှိုထံမှ အစီရင်ခံချက်ကြားရသည်။ ထိုပြိုင်ဖက်၏ ဂုဏ်သတင်းမှာ တိမ်မြုပ်သွားခဲ့ပြီး မြို့တော်၌ မျက်နှာမပြနိုင်တော့ပေ။ရုံရှားသည် သူက တစ်ခုခုလုပ်ခိုင်းလျှင် လေးလေးနက်နက်လုပ်တတ်ပြီး ဆုလာဘ်ကိုလည်း မက်မောတတ်သူမဟုတ်။ သူ့စကားတစ်ခွန်းတည်းဖြင့် အရိုး‌ကြေကြေ အရေခန်းခန်း အသက်စွန့်မည်ပင်။


 တရားရုံးတွင် အရည်အချင်းပြည့်မီသော မှူးမတ်များစွာရှိသော်လည်း သူ့အတွက် စိတ်နှလုံးအကြွင်းမဲ့တာဝန်ကျေပြီး သူ့အား မကောင်းကြံဖို့  ဘယ်သောအခါမှ မကြိုးစားသော ရုံရှားလိုလူစားမျိုး လက်တစ်ဆုပ်စာမျှသာ ရှိသည်။


 ဧကရာဇ် ယွင်ချင်သည် ရုံရှား၏ ပခုံးကို ထပ်မံပုတ်လိုက်သည်။ယခုဆို သူ့စိတ်အခြေအနေက တဖြေးဖြေး တိုးတက်လာသည်။


 "ကောင်းပြီ ငါ ဒီအကြောင်း မပြောတော့ဘူး"


ရုံရှား၏ မျက်နှာအမူအရာက အနည်းငယ် ပြေလျော့သွားသည်။သူသည် ဧကရာဇ် ယွင်ချင်နောက်တွင် ရပ်နေကာ ယဉ်ကျေးသိမ်မွေ့စွာ ခစားလျက်ရှိ၏။


 "လွန်ခဲ့တဲ့ နှစ်ရက်က လက်ဝဲဝန်ကြီးချုပ်ယန်ကို ပညာရှင်တော်တော်များများရှေ့မှာ မင်းမကောင်းကြောင်းပြောနေတာ ငါကြားတယ်"


 "အရှင်မင်းကြီး၊ ကျွန်တော် အမှန်အတိုင်း ပြောတာပါ၊ ပန်းဟွာကျွင်းကျူးက အရှင်မင်းကြီးရဲ့ တူမပါ၊ အပြင်လူတွေက သူမကို အနိုင်ကျင့်တာကို အရှင်မင်းကြီး ခွင့်မပြုသင့်ပါဘူး" 


 ဤစကားများသည် ဧကရာဇ်ယွင်ချင် ၏နားထဲသို့ ရောက်သောအခါ၊ အဓိပ္ပါယ်တစ်မျိုးဖြစ်လာသည်။ကျွန်တော်က အရှင်မင်းကြီးရဲ့ဆွေမျိုးကို တခြားသူတွေ အနိုင်ကျင့်တာကို ဘယ်လိုလုပ် ခွင့်ပြုချင်ပါ့မလဲ...ဟူ၍ပင်။ 


 ဤရှင်းပြချက်ကို ဧကရာဇ် ယွင်ချင် ကြားသောအခါ၊ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသော သံသယစိတ်များ ချက်ချင်းပင် ပြေလျော့သွားသည်။  


 "ယန်ဟွေ့က ဒီလောက်မိုက်မဲတဲ့ လုပ်ရပ်မျိုး လုပ်မယ်လို့ မထင်ထားဘူး၊ မင်းပြောတာ မှန်တယ်၊ ငါ့တူမလေးက လှတယ်၊ အဲဒါ ကောင်းကင်က ပေးတဲ့ လက်ဆောင်ပဲ၊ ယန်မိသားစုကသာ သူမကို သူတို့မိသားစုထဲ ဝင်ခိုင်းဖို့ အတင်းငိုယိုပြီး စိတ်အနှောင့်အယှက်ဖြစ်စေတာလေ" 


သူ လှည့်ပြီး ရုံရှားကို ကြည့်လိုက်သည်။


 "ပန်းဟွာကို မင်းက စိတ်မဝင်စားတာ ဆိုးတာပဲ၊  မဟုတ်ရင် မင်းရဲ့ တည်ငြိမ်ရင့်ကျက်တဲ့ စိတ်ထားနဲ့ဆို မင်း သူမကို လက်ထပ်လိုက်တာ ကောင်းလိမ့်မယ်"


ရုံရှား ခဏမျှ တိတ်ဆိတ်သွားကာ ခေါင်းမော့ပြီး ဧကရာဇ် ယွင်ချင် ကိုကြည့်သည်။


 "ပန်းဟွာကျွင်းကျူးက နတ်သမီးလေးလို လှပါတယ်၊ သူမဟာ မွေးကတည်းက ထူးချွန်ပြီး ဥာဏ်ထက်သူပါ၊ ကျွန်တော်က သူမနဲ့ မထိုက်တန်ပါဘူး"


ရုံရှားက စကားလုံးတိုင်းကို ဖြည်းညှင်းစွာပြောသည်။တာဝန်ဝတ္တရားကို ရှောင်လွှဲဖို့ ကြိုးစားနေပုံမပေါ်ဘဲ အဖြစ်မှန်ကို ဖော်ပြနေသလိုပင်။  သို့သော် ဧကရာဇ်ယွင်ချင်သည် ဤကိစ္စကို အတည်ပြောခြင်း မဟုတ်ခဲ့ပေ။ သူက ရယ်မောရင်း စကားအနည်းငယ်ပြောပြီးနောက် ရုံရှားကို ပြန်လွှတ်လိုက်သည်။


 တစ်ဖက်တွင်၊ ဧကရာဇ် ယွင်ချင် နောက်တွင် ရပ်နေသော ဝမ်ကုန်းကုန်းသည် မယုံနိုင်စရာ တစ်စုံတစ်ရာကို ကြားလိုက်ရသကဲ့သို့ အနည်းငယ် လှုပ်ရှားသွားသည်။


 "ဆောင်းဦးညက အရမ်းရှည်တယ်၊ အစ်မ မအိပ်ချင်ရင်လည်း နေလေ၊ ကျွန်တော့်ကို ဘာလို့ ဒီကို ဆွဲခေါ်လာတာလဲ"  


ပန်းဟမ်သည် ထူထဲသော ဝတ်ရုံကြီးတစ်ခု ဝတ်ဆင်ထားကာ ဆောင့်ကြီးအောင့်ကြီး လိုက်လာသည်။ 


"လကိုကြည့်မလို့ပေါ့"


ပန်းဟွာက ကောင်းကင်မှာ တောက်ပနေသည့် လမင်းကြီးကို ကြည့်လိုက်ပြီး ကူရှင်ခင်းထားသည့် ကျောက်ခုံတန်းလျားလေးပေါ်မှာ ထိုင်ချလိုက်သည်


 "ငါတစ်ယောက်တည်း ပျင်းနေလို့ နင့်ကို အဖော်လိုက်ဖို့ပဲ တောင်းဆိုတာပါ"


 "ဒီလောက်အေးတဲ့နေ့မှာ ဘာလို့ လမင်းကြီးကို ကြည့်ချင်ရတာလဲ" ပန်းဟမ်က လက်ဆွဲပြီး ပန်းဟွာ၏ နဖူးကို ထိလိုက်ကာ "အစ်မ ဦးနှောက်က တစ်ခုခု မှားနေပြီလား"


"နင့် ဦးနှောက်မှာသာ ရောဂါဖြစ်ချင်ဖြစ်မှာ...ငါ့ဦးနှောက်ကတော့ အကောင်းကြီးပဲ...နေ့လည်က အကြာကြီး အိပ်ထားလို့ အခု အိပ်လို့ မရဘူးဖြစ်နေတာ"


ပန်းဟွာသည် ဤရက်ပိုင်း အိမ်ထဲမှာနေပြီး တံခါးအပြင်ကိုတောင် မထွက်ရဲ ဖြစ်နေ၍ ပန်းဟမ်က စာနာစိတ်ဖြစ်သွားကာ


"အင်း ကျွန်တော်လည်း ခဏထိုင်မယ်"


လကို ခဏလောက်ကြည့်ပြီးနောက် ပန်းဟွာက ကောင်းကင်ကို လက်ညှိုးထိုးပြပြီး


 "မောင်လေးဟမ်...ချန်အဲ(T/Nချန်အဲ-လနတ်ဘုရားမ) ဝတ်ထားတာကို နင် ဘယ်လိုထင်လဲ၊ သူ့ဆံပင်ကရော ဘယ်လိုနေလဲ"


 "စကတ် ဝတ်ထားတာမလား" 


ပန်းဟမ်သည် အမျိုးသမီး အဝတ်အစားများကို သိပ်စိတ်မဝင်စားပေ။သူ စိတ်ဝင်စားသည်က ဝူကန်း၊ ဟိုရီနှင့် ချန်အဲတို့ကြားက ဆက်ဆံရေးကိုသာ စိတ်ဝင်စား၏။ 


"ကွမ်းဟန် နန်းတော်မှာ အရမ်းအေးရင် ဘယ်လို လက်ဖက်ရည်သောက်ပြီး ချက်ပြုတ်ကြမလဲ၊ တွေးကြည့်တော့ သူတို့ နေရတာ အဆင်ပြေမှာမဟုတ်ဘူးပဲ" 


 "မသေမျိုးတွေက စားဖို့ လိုလို့လား... ကွမ်းဟန် နန်းတော်မှာ တစ်ယောက်မှမရှိရင် သူမရဲ့ အဝတ်အစားလှလှလေးတွေကို ဘယ်လိုလုပ် သူများမြင်အောင် ပြလို့ရမှာလဲ"


 "အစ်မ၊ ကျွန်တော်တို့ စကတ်အကြောင်း မပြောလို့မရဘူးလား... အစ်မတို့ မိန်းမတွေက တယ်လည်းစကားများတာပဲ... မပင်ပန်းဘူးလား"


ပန်းဟွာက အော်ဟစ်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။အစ်မဖြစ်သူက ဒေါသထွက်နေပုံပေါက်နေ၍ ပန်းဟမ်က သူ့ကို ပြုံးပြီး ချော့သည်။


"အစ်မ အပြင်က ပညာရှိတွေက အစ်မကို ချီးမွမ်းနေကြတာ၊ အစ်မက အရမ်းလှတယ်၊ထက်မြက်တယ် ရဲရင့်တယ်လို့ ပြောကြတယ်၊ဘာဖြစ်နေတာလဲ ဆိုတာ မသိချင်ဘူးလား"


 "ဘာတွေဖြစ်နေတာလဲ"  ပန်းဟွာ အနည်းငယ် အံ့သြသွားပြီး 


"အပြင်ကလူတွေက ငါ့ကို ချောတယ်လို့ ပြောလိမ့်မယ်လို့ အစကတည်းက ထင်ထားတာပါ"


ပန်းဟမ်က နှုတ်ခမ်းမဲ့ပြီး.. " မြို့စားမင်းရုံ က အစ်မကို ချီးကျူးလို့ အရင်က ကောလဟလတွေက ပြောင်းသွားတာလေ"


 "မြို့စားမင်းကလား...သူ ငါ့အတွက်ပြောပေးတာလား"


 "သူက အစ်မ အတွက်တင်မကဘဲ လက်ဝဲဝန်ကြီးချုပ်ယန်ကိုလည်း ဝေဖန်တယ်၊ မြို့စားမင်းရုံက အရမ်းစိတ်ထားကောင်းတာပဲ..ပညာတတ်အသိုင်းအဝိုင်းထဲမှာ သူ့လိုလူမျိုး ခပ်ရှားရှားပဲ" 


"အင်း၊ မှူးမတ်အရာရှိတွေရှေ့မှာ ကျွန်တော်တို့ကို ချီးမွမ်းတာ‌ဆိုတော့ သူက တစ်ကယ့်ကို ဖြူစင်တယ်လို့ ‌ဆိုနိုင်တယ်...သာမန်လူတွေဆို ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး"  


ပန်းဟွာ ခေါင်းညိတ်လိုက်သည်။  အများအားဖြင့်တော့ ပညာရှိများက သူမကို ချီးမွမ်းသံ မကြားဖူးပေ။  ရုံရှား သာလျှင် ပညာရှိများအပေါ် သြဇာကြီးမား၍ ပန်းမိသားစုအပေါ်ရှိနေသည့် မလိုမုန်းထားမှုများကို စွန့်လွှတ်စေကာ ပန်းမိသားစုအတွက် စကားပြောခဲ့သည်။သူမ အတန်ကြာမှ အရေးကြီးသောအချက်ကို တွေးမိသွား၏။


 "လက်ဝဲဝန်ကြီးချုပ်က သူ့ကို စိတ်ဆိုးမှာ မကြောက်ဘူးလား၊လက်ဝဲဝန်ကြီးချုပ်က ဧကရာဇ်တရားရုံးမှာ ရာထူးမြင့်တာ ဆိုတော့ သူ့ကို ဒုက္ခပေးနေမလား မသိဘူး"


 " မြို့စားမင်းရုံက အရမ်းထက်မြက်တာလေ၊ သူ့ကိုယ်သူ အခက်အခဲဖြစ်အောင်လုပ်မှာ မဟုတ်ဘူး...ဘယ်လိုလဲ... ကျွန်တော် တစ်ယောက်ယောက်ကို လွှတ်ပြီးမေးခိုင်းရမလား"


 “ကောင်းပြီ၊ မနက်ဖြန်မှ စုံစမ်းမေးမြန်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်” 


ပန်းဟွာက ကျွန်မိန်းကလေး ယူလာပေးသော လက်ဖက်ရည်ပူပူကို လှမ်းယူကာ... 


“သူ့အကြိုက်ကို လက်ဆောင်ပေးရတာ တန်တယ်လို့ပြောရမယ်၊အခုဆို သူက လက်ဆောင်ကြောင့် ငါ့အတွက် ပြောပေးနေပြီလေ" 


ပန်းဟမ် က ပန်းဟွာကို စိတ်ရှုပ်ထွေးစွာကြည့်ရင်း


 "အင်...အစ်မက ဘာပေးလိုက်သေးလို့လဲ"


 "ပြီးခဲ့တဲ့အခေါက်က အဖေက ချမ်အမ်မြို့စားမင်းကို လက်ဆောင်ပေးတုန်းက စာအုပ်နည်းနည်း ထည့်ပေးလိုက်တယ်…အဲ့ဒီတုန်းက 'ကျုံးချမ်လွင်' စာအုပ်ကို ရှာမတွေ့လို့ အရင်ရက်ကပဲ ပေးဖြစ်လိုက်တယ်"

 

 "ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မိသားစုက မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ အာဏာကျသွားတော့မယ်လေ၊ သူများတွေ ကျွန်တော်တို့ပစ္စည်းတွေကို ခိုးတာထက် ကိုယ်ကြိုက်တဲ့သူကို ပေးလိုက်တာ ပိုကောင်းပါတယ်၊ စာအုပ်က အရှေ့၊တောင်၊အနောက်၊ အနောက်နဲ့ အလယ်ပိုင်းလား"  


ပန်းဟမ်သည် စာအုပ်ငါးအုပ်၏ အမည်များကို မမှတ်မိတော့။ သူ မှတ်မိတာတစ်ခုက စာအုပ်ငါးအုပ်ကို အရှေ့၊ တောင်၊ အနောက်၊ အနောက်နဲ့ အလယ်ပိုင်းဟူ၍ ခွဲထားခြင်းပင်။ဤရှုထောင့်မှကြည့်လျှင် ယခင်မင်းဆက်၏ ပညာရှိများသည် ဤမင်းဆက်၏ ပညာရှိများထက် ပို၍စွမ်းဆောင်နိုင်သည်ဟု ခံစားမိသည်။ အနည်းဆုံး သူတို့ပေးခဲ့သည့် စာအုပ်နာမည်များက မှတ်မိလွယ်သည်။သူ့လိုငတုံးတောင် မှတ်မိနေသေး၏။သူက ရုံရှား၏ အကျင့်စရိုက်အပေါ် ယုံကြည်ချက်များစွာရှိနေသည်။


 "ဒါပေမယ့်... မြို့စားမင်းရုံက လက်ဆောင်တစ်ခုရတာနဲ့ ဘက်လိုက်တတ်တဲ့ လူမျိုး မဟုတ်ဘူး၊အစ်မက မိန်းကလေးစိတ်နဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့စိတ်ထားကို တိုင်းတာနေတာပဲ"


ပန်းဟွာသည် သူမ၏ပါးပြင်ကို ထိလိုက်ကာ


 "ဒါဆို သူက ငါ့အလှကို ကြိုက်တာဖြစ်နိုင်မလား"


 "မဟုတ်ဘူး...အစ်မက သူ့ကို လက်ဆောင်ပေးလို့များ ဖြစ်မလား "


 သူမ ပန်းဟမ်၏ နားကို လိမ်လိုက်ရင်း ဒေါသတကြီး ရယ်မောရင်း 


"ကောင်စုတ်၊ စကားမပြောတတ်ရင် အရိုက်ခံရတတ်တယ်ဆိုတာ နင် မသိဘူးလား"


ပန်းဟွာက သိပ်နာနာမဆွဲသော်လည်း..ပန်းဟမ်က ဟန်လုပ်၍ အားကနဲအော်လိုက်သည်။


“အား....အစ်မ ကျွန်တော် မှားပါတယ်၊ ကျွန်တော်ပြောချင်တာက မြို့စားမင်းရုံ က ​​မိန်းမလှလေးကိုမြင်ရင် တပ်မက်တဲ့လူမဟုတ်ဘူးလို့ပြောတာ၊ အစ်မ  မလှဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး"


ပန်းဟွာက လက်ကိုလွှတ်လိုက်ပြီး စားပွဲကိုရိုက်လိုက်သည်။


"ကိစ္စမရှိပါဘူး၊ သူ့အလှကို ငါက သဘောကျတာပဲဟာ"



xxxxxx