Chapter. 45
မောင်နှမနှစ်ယောက်သည် အပြင်ဘက်အဆောင်တွင် တစ်နာရီကျော်ကြာ ထိုင်ကြသည်။ နောက်ဆုံးတွင် ပန်းဟမ်က
"အစ်မ၊ ပြန်ကြရအောင်၊ ဒီမှာ အရမ်းအေးနေပြီ"
ညချမ်း၏ လေညှင်းက သူ့မျက်နှာကို ဟပ်နေ၍ မျက်နှာကို ဓားနှင့်ခြစ်သလို ခံစားလိုက်ရသည်။
"ကောင်းပြီလေ"
ပန်းဟမ်က သနားစရာကောင်းသော ခွေးကလေးကဲ့သို့ ကိုယ်လုံးလေး ကျုံ့သွားသည်ကို မြင်လိုက်ရ၍ ပန်းဟွာ ရယ်မောကာ ပြောလိုက်သည်။
ပန်းဟမ် မတ်တပ်ရပ်ဖို့ မစောင့်နိုင်တော့ဘဲ ကမန်းကတန်း ထထွက်ခါနီးတွင် ပန်းဟွာက ထိုနေရာတွင် ထိုင်နေသေးသည်ကို မြင်လိုက်ရသည်။ သူက သူမကို ချီတုံချတုံနှင့် ကြည့်ရင်း
"အစ်မ စိတ်ဆိုးနေတာလား"
ပန်းဟွာက သူ့ကို မျက်စောင်းထိုးလိုက်သည်။
"ငါ စိတ်ဆိုးနေတယ်လို့ နင်က ဘာလို့ မြင်နေရတာလဲ"
ပန်းဟမ် ပြန်ထိုင်ပြီး နွေးထွေးနေဆဲ လက်ဖက်ရည်ခွက်ကို ကိုင်လိုက်၏။
"ဒါဆို ကျွန်တော်လည်း အစ်မနဲ့ ခဏလောက်နေလိုက်ဦးမယ်"
"ဟင့်အင်း ငါလည်း အဆောင်ထဲကို ပြန်တော့မယ်"
ပန်းဟွာက မတ်တပ်ထရပ်ပြီး မောင်ဖြစ်သူ၏ ခေါင်းလေးကိုခပ်ဖွဖွပုတ်လိုက်၏။
"နင်လည်း ပြန်တော့"
"ဒါဆို ကျွန်တော်ပြန်လိုက်မယ်"
ပန်းဟမ်က ခြေလှမ်းနှစ်လှမ်းခန့် ပြေးပြီးနောက် တစ်ဖန် ပန်းဟွာဘက် လှည့်ကြည့်ကာ "တကယ် ပြန်တော့မယ်နော်"
ပန်းဟွာ သည်းမခံနိုင်တော့ဘဲ သူ့တင်ပါးကို အသာအယာ ခြေဖြင့်ကန်ထုတ်လိုက်ပြီး
"ပြန်မယ်ဆို ပြန်လေ၊ဒီမှာနေပြီး လေအေးအတိုက်ခံနေရလား"
ပန်းဟမ်က သူ့တင်ပါးကို ပုတ်ပြီးကြိုးဖြေပေးလိုက်သည့် ခွေးကြီးလို ပြုံးပျော်ရွှင်မြူးပြီး ပြေးသွားတော့သည်။ပန်းဟွာ သူ့နောက်ကျောကို ကြည့်ပြီး ပြုံးရင်းခေါင်းကိုသာ ယမ်းမိတော့သည်။
အရူး ကောင်လေး...
သူမ အိမ်မက်များ တစ်ကယ်ဖြစ်လာဖို့ပဲ မျှော်လင့်မိသည်။သူမသည် မြေခွေးသားမွေးကုတ်အင်္ကျီကို ၀တ်ဆင်ထားရင်း သေဆုံးသွားမည်ဖြစ်ကာ မိသားစုကိုလည်း စောင့်ရှောက်မည့်သူ ရှိလေသည်။ ဒါဆို သူမရဲ့ မောင်လေးက အနာဂတ်မှာ ဘာဖြစ်သွားမှာလဲ။
နောက်နေ့မနက်မှာ ပန်းဟွာသည် မနေ့ညက ညစာ အလွန်အကျွံစားတာကြောင့် အိပ်မပျော်ခဲ့မှန်း ပန်းဟမ် သိလိုက်ရသည်။သူ့မှာတော့ သူမ အိပ်မပျော်တာဘာကြောင့်လဲဆိုပြီး အဆောင်ကိုပြန်ရောက်တာတောင် အိပ်မပျော်ဖြစ်ခဲ့ရတာ…
ထို့နောက် သူ့သူငယ်ချင်းတချို့နှင့် တွေ့သောအခါ မောပန်းနွမ်းနယ်နေသည့် သူ့ကို ကြည့်ပြီး အပေါင်းအသင်းများက မေးမြန်းကြလေသည်။
"မနေ့ညက လက အရမ်းလှတယ်လေ၊ကြည့်ရတာ မင်းက အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်နဲ့ လကို အတူတူကြည့်နေခဲ့တာဖြစ်မယ်"
ကျိုးချန်ရှောင်က ပန်းဟမ်၏ လည်ပင်းကို ဖက်ထားရင်း ပြောလေသည်။
"ငါ ပြောတာ မှန်တယ်မဟုတ်လား"
ပန်းဟမ်က သူ့လက်ကို ပုတ်ထုတ်လိုက်ကာ
"အေး လမင်းကြီးကို လက်ဖက်ရည်ခွက်လေးကိုင်ပြီး ကြည့်နေခဲ့တာတော့ အမှန်ပဲ၊ ဒါပေမယ့် ငါက မိန်းမလှလေးတစ်ယောက်နဲ့ ထိုင်တာမဟုတ်ဘူး၊ငါ့အစ်မနဲ့…"
"ဟာ ငါသာ မင်းအစ်မလို မိန်းမလှလေးနဲ့များ လမင်းကြီးကို ထိုင်ကြည့်ခွင့်ရရင် တစ်ညလုံးတောင်မအိပ်ပဲနေဦးမယ်…အုံ့ဆိုင်းနေတဲ့ လရောင်အောက်မှာ အရမ်းလှတဲ့ ဝတ်စုံလေးကို ဝတ်ထားတဲ့ နတ်သမီးလေးကို တစိမ့်စိမ့်ထိုင်ကြည့်နေရတာ ကမ္ဘာပေါ်မှာ အလှပဆုံးရှုခင်းပဲကွာ"
"ပါးစပ်ပိတ်ထား!" ပန်းဟမ်သည် သူ့အစ်မအကြောင်း တခြားသူများက ကျီစယ်နောက်ပြောင်ကြသည်ကို မကြိုက်ပေ။
"ငါ ဒီနေ့ မင်းကို မေးစရာရှိလို့လာတာ"
"ဘာလဲ" ကျိုးချန်ရှောင်နှင့် အခြားသော သခင်လေးများက ရုတ်တရက် နားစွင့်နေကြသည်။
"ငါတို့ ရှဲ့ချီလင်းကို ဂုန်နီအိတ်ထဲ ထည့်ရမှာလား ဒါမှမဟုတ် ရှန်းယွီကို သင်ခန်းစာပေးမှာလား"
ပန်းဟမ် "…"
"မဟုတ်ပါဘူး...အရင်က ငါတို့မိသားစုအတွက် မြို့စားမင်းရုံက စကားနည်းနည်းမှ မပြောပေးဖူးဘူးမလား...အခု သူက လက်ဝဲဝန်ကြီးချုပ်ယန်ကိုပါ စော်ကား ပြောဆိုလိုက်တော့ တရားရုံးမှာ သူ အခက်တွေ့မှာကို စိုးရိမ်မိတယ်၊ ဒါကြောင့် မင်းတို့ကို ကူညီခိုင်းချင်တာ"
ကျိုးချန်ရှောင်က ပန်းဟမ်ကို တအံ့တသြကြည့်လိုက်သည်။
"မင်းမသိသေးဘူးလား၊ ယန်မိသားစုက အခု သူတို့ရဲ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်၊ မြို့စားမင်းရုံအတွက် အခက်အခဲတွေ ဖြစ်အောင် လုပ်ဖို့ အချိန်ရှိပါ့မလား"
"ယန်မိသားစုက ဘာဖြစ်သွားတာလဲ"
ပန်းဟမ်က ကျိုးချန်ရှောင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်ရင်း မေးမြန်းလိုက်ရာ၊သူ့သူငယ်ချင်းများက သူ့ကို အရူးတစ်ယောက်လို ကြည့်နေကြလေသည်။
"ယန်မိသားစုက ပြစ်မှုကျူးလွန်ပြီး ဘုရင်မင်းမြတ်ကို အမျက်ထွက်စေခဲ့တာ၊ လက်ဝဲဝန်ကြီးချုပ်ယန်က အခုဆို နေမကောင်းလည်းဖြစ်နေတယ်၊အိမ်မှာပဲ တံခါးပိတ်နေပြီး သူ့ရဲ့အမှားတွေကို ပြန်သုံးသပ်နေတယ်"
ယန်ဟွေ့သည် နေမကောင်းဟုဆိုခြင်းမှာ အကြောင်းပြချက်ပေးခြင်းမဟုတ်။သူ တစ်ကယ် နေမကောင်းဖြစ်နေတာပင်။ဇနီးဖြစ်သူ သခင်မယန်သည် ကျင့်ထင်နယ်စားမင်းထံ ပြေးသွားပြီး တောင်းပန်ခယသော်လည်း တော်ဝင်မင်းသမီး၏ အစေခံများက နှင်ထုတ်လိုက်၍ ရှက်စိတ်မွှန်ကာ နေမကောင်းဖြစ်ခဲ့ခြင်းပင်။သခင်မလေးချန် ရုတ်တရက် ကိုယ်ဝန်ပျက်မကျသွားပါက၊သူသည် သခင်မယန်ကို တားရန် လူများစေလွှတ်လိုက်မည်ဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့်…
သူ မတတ်သာဘဲ ဧကရာဇ်ဆီ ရောက်အောင်သွားသည်။ ဧကရာဇ်သည် ဘယ်လိုလူစားမှန်း အခြားသူတို့ထက် သူက ပို၍သိသည်။
မယုံသင်္ကာဖြစ်တတ်တယ်၊ ရန်လိုတတ်သလို၊သေရမှာကြောက်ပြီး အသက်ရှည်ရှည်နေချင်တဲ့သူ...
သူသည် ဧကရာဇ်၏ ယုံကြည်ကိုးစားမှုကို ရရှိရန်အတွက် အားထုတ်မှုနှင့် ခွန်အားများစွာကို သုံးစွဲခဲ့သည်။ ယခုမူ ထိုကိစ္စသည် ဧကရာဇ်၏ သံသယနှင့် မကျေနပ်မှုများကို မလွဲမသွေ နှိုးဆွမိပေလိမ့်မည်။
သခင်မလေးချန်သည် သူ့သားအကြီးဆုံးနှင့် ကွာရှင်းခဲ့ပြီး သားထွေးသည်လည်း သတိမေ့သွားကာ ဧကရာဇ်ကပါ သူတို့မိသားစုကို ငြင်းပယ်ခဲ့သည်။ ယန်မိသားစု... အနာဂတ်တွင် ယန်မိသားစု ဘာဆက်ဖြစ်မည်ကို သူ မတွေးဝံ့ပေ။
ယန်ဟွေ့ ကုတင်ခေါင်းရင်းကိုမှီပြီး ချိနဲ့နဲ့ပြောသည်ယ
"မင်း မဟာတော်ဝင်ဆောင်ကိုသွား ဂါရဝပြုပြီး တောင်းပန်ဖို့ ဒူးထောက်တာပဲဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ် အကုန်လုပ်ပါ၊မင်း တော်ဝင်မင်းသမီးကို ဝန်ချတောင်းပန်ရမယ်၊သူမက မင်းကိုတွေ့ချင်လာဖို့ လုပ်ရမယ်"
"အဖေ၊ ကောင်းကောင်း အနားယူပါ ကျွန်တော် ခွင့်လွှတ်ပေးဖို့ တော်ဝင်မင်းသမီးဆီ သွားပါ့မယ်"
ယန်မင်က သူ့မျက်လုံးထောင့်မှ မျက်ရည်စတို့ကို သုတ်လိုက်ပြီး စူးရှသော အသံဖြင့် ပြောလိုက်သည်။
ယန်ဟွေ့ တုန်ယင်မောပန်းစွာဖြင့် ယန်မင်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး
"မင်းကို ကောင်းကောင်းမသွန်သင်ခဲ့တာ အဖေပဲ၊ တော်ဝင်မင်းသမီး ဘာပဲပြောပြော မင်း ရိုးရိုးသားသား တောင်းပန်ရမယ်၊ ဒါက ငါတို့မိသားစုရဲ့ အပြစ်ပါပဲ၊ အဖေက မင်းကို ဟန်ဆောင်ခိုင်းတာမဟုတ်ဘူး၊စိတ်ထဲက ရိုးရိုးသားသားတောင်းပန်ရမယ်... မင်းနားလည်လား"
ယန်မင်သည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကိုယ်အလေးချိန်များစွာကျခဲ့ပြီး သူ့အဝတ်အစားများသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ချောင်ကျသွားခဲ့၏။
"တော်ဝင်မင်းသမီး မင်းကိုမတွေ့ချင်ရင် ကျင့်ထင်နယ်စားမင်း အိမ်တော်ဆီသွားပြီး ပန်းဟွာကျွင်းကျူးကို တောင်းပန်ပါ"
ယန်ဟွေ့ လည်ချောင်းထဲက သွေးထွက်လာသည့်အထိ ချောင်းဆိုးလိုက်သည်။
"ပန်းမိသားစုက သားသမီးတွေကို တန်ဖိုးထားတယ်၊ပန်းဟွာကျွင်းကျူးကသာ ငါတို့မိသားစုကို ခွင့်လွှတ်ဖို့ ဆန္ဒရှိရင် ကြိုးစားအားထုတ်မှုတစ်ဝက်လေးနဲ့ ရလဒ်ကတော့ နှစ်ဆပြန်ရလိမ့်မယ်"
"ပန်းဟွာကျွင်းကျူး...သူမက မိန်းမပဲ၊ ပြီးတော့ ကျွန်တော့်ထက်လည်း အများကြီးငယ်ပါတယ်"
"မင်းအမေက ပန်းဟွာကျွင်းကျူးကို သားငယ်နဲ့ လက်ထပ်ဖို့ အတင်းမတောင်းဆိုရဲတာလဲ မင်းသိလား.... ပန်းမိသားစုက ဒီသမီးလေးကို အရမ်းတန်ဖိုးထားလို့ပဲ....ပန်းဟွာကျွင်းကျူးက အရမ်းဆိုးတယ်လို့ လူတိုင်းပြောကြတယ်၊ ဒါပေမယ့် တကယ်သာ သူမက ဦးနှောက်မရှိတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် တော်ဝင်မိသားစုက သူမကို ဒီလောက်အထိ မျက်နှာသာပေးမှာတဲ့လဲ"
ယန်ဟွေ့သည် မျက်လုံးများကိုမှိတ်ကာ ဖြည်းညင်းစွာပြောသည်။
"တော်ဝင်မိသားစုနဲ့ ပတ်သက်ပြီး အခုထိ ကောင်းကောင်းမွန်မွန် နေကြသူတွေအားလုံးက ရူးနေကြတာမဟုတ်ဘူး"
"မင်းသမီး၊ ဒါကို စားကြည့်ချင်လား"
"မစားချင်ဘူး"
ပန်းဟွာက သူ့လက်ကို ဝှေ့ယမ်းပြီး စားပွဲပေါ် မှာ မှောက်အိပ်လိုက်သည်။ အပြင်ထွက်လေ့ရှိသည့် တော်ဝင်မိသားစု၏ သမီးတော်တစ်ယောက်အနေနှင့် အိမ်မှာ ရက်အတော်ကြာအောင် ဆက်တိုက်နေပြီး အပြင်တောင်မထွက်နိုင်သည်က ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပင်။
ယခုမူ သူမ၏အဖွားကဲ့သို့ပင် ယန်မိသားစုကို ဒေါသထွက်နေရတာကြောင့် ဖျားနေခဲ့သည်။ထုံးစံအတိုင်း ဖျားနေချိန်မှာ အပြင်ထွက်ချင်စိတ်လည်း မရှိတော့။
"ဒါ ကျွင်းကျူးအကြိုက် သရေစာမုန့်ပါ" ရူရီက မုန့်ကို ပန်းဟွာရှေ့မှာချထားလိုက်ပြီး "ကျွင်းကျူး တစ်ကယ်မစားတော့ဘူးလား"
"မစားဘူး၊ ငါ သူ့များကိုပဲ ပေးလိုက်မယ်!"
"ဘယ်သူ့ကိုပေးမှာလဲ၊ ဒါဆို ကျွန်မက တစ်စုံတစ်ယောက်ဆီ ပို့ပေးဖို့ စီစဉ်ပေးမှာပါ"
"ချမ်အမ်မြို့စားမင်းအိမ်တော်ကို ရှစ်ကျစ်က ပို့တယ်လို့ ပြောပြီးပို့ပေးလိုက်"
ရုံရှားက သူမကို အများကြီး ကူညီပေးခဲ့သော်လည်း၊ ကျေးဇူးတင်စကားတောင် မပြောဖြစ်သေးပေ။
"ခဏနေဦး... ငါ စာကြည့်ခန်းထဲက တစ်ခုခုသွားယူလိုက်ဦးမယ်၊ ပြီးမှ အစောင့်တွေကို ပို့ပေးခိုင်းကြမယ်"
ပန်းမိသားစုသည် ရှားပါးစာအုပ်များ၊ လက်ရေးလှနှင့် ပန်းချီကားများ ပေါလှသည်။ထို့ကြောင့် ယခုတစ်ခေါက်တွင် ပန်းဟွာသည် ပန်းချီကားတစ်ချပ်ကို ပေးပို့မည်ဖြစ်သည်။ ရှေးနှစ်ပေါင်းရာနှင့်ချီသော ပန်းချီဆရာကြီးများ၏ လက်ရာအစစ်အမှန်တစ်ခုဟု အများက ဆိုကြသည်။ အစစ်ဟုတ်မဟုတ် မသိကြသော်လည်း ပန်းချီကားသည် အလွန်လှပပြီး အနုပညာမြောက်သည်။ ယခုအချိန်အထိ သူမလည်း ပန်းချီက ဘာကိုဆိုလိုမှန်း နားမလညချေ။
တုကျိုးက ရုံရှားရှေ့မှာ စာတစ်စောင်တင်ထားလိုက်ပြီး
"မြို့စားမင်း၊ ဒါက နယ်စပ်က သတင်းပါ..."
ရုံရှားသည် စာအိတ်ကို ကောက်ယူ၍ ဖွင့်လိုက်ပြီး ဖယောင်းတိုင်မီးတွင် မီးရှို့လိုက်သည်။
"ယန်မိသားစု ဘာလုပ်နေတာလဲ"
"လွန်ခဲ့တဲ့ နှစ်နာရီက ယန်မင်က ခွင့်လွှတ်ပေးဖို့ မဟာတော်ဝင်ဆောင် ကိုသွားခဲ့ပေမယ့် တော်ဝင်မင်းသမီးက သူ့ကို ထွက်မတွေ့ခဲ့ပါဘူး၊ယန်မိသားစုကတော့ မျက်နှာထားစရာတောင်မရှိတော့ဘူး"
"ငါက ယန်မင်ဆိုရင် ငါပထမဆုံးတွေ့မယ့်လူက တော်ဝင်မင်းသမီးမဟုတ်ဘဲ ပန်းဟွာကျွင်းကျူးဖြစ်မှာ"
ရုံရှားက စာရွက်ကိုကြည့်ပြီး အေးစက်စွာပြောလေသည်။
"ပန်းဟွာကျွင်းကျူးက အဓိကပဲ၊ ကျင့်ထင်နယ်စားမင်းတို့ တစ်အိမ်သားလုံးက ပန်းဟွာကျွင်းကျူးကြောင့် ဒေါသ ထွက်နေကြတာ"
တုကျိုးက ချီတုံချတုံနှင့် "တော်ဝင်မင်းသမီးက ပန်းမိသားစုမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့သူပဲ၊ တော်ဝင်မင်းသမီးကို တောင်းပန်တာက ပ်ိုမှန်သင့်တယ်မဟုတ်ပါလား"
ရုံရှားက ဘာမှမပြော။ ယခင်က သူသာ ပန်းမိသားစုနှင့် မဆက်ဆံခဲ့လျှင် ယန်မိသားစုလိုပင် တွေးမိပေမည်။သို့သော်ငြား ပန်းမိသားစု၏ အကျင့်စရိုက်ကို မြင်ပြီးနောက်မှာ သူတို့မိသားစုကို သာမာန်မှူးမတ်တို့လိုသာ တွေးပြီးပေါင်းသင်းဆက်ဆံ၍ မရဘူးဆိုတာပင်။
"မြို့စားမင်း ကျင့်ထင်နယ်စားမင်းအိမ်တော်ရဲ့ ဘဏ္ဍာစိုးက လာတွေ့ပါတယ်၊မြို့စားမင်းကို ကျေးဇူးတင်တဲ့ အနေနဲ့ ရှစ်ကျစ်က လက်ဆောင်တစ်ခုပို့လိုက်တယ်လို့ ဆိုပါတယ်"
ရုံရှားသည် ဖယောင်းတိုင်မီးကို မှုတ်လိုက်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။
“သူ့ကို ဝင်ခွင့်ပြုလိုက်ပါ”
ပန်းမိသားစုမှ စေလွှတ်လိုက်သော ဘဏ္ဍာစိုးသည် မျက်နှာသွင်ပြင်က တည်ကြည်ခန့်ညားပြီး သန့်ရှင်းသပ်ရပ်သော ဘဏ္ဍာစိုးအ၀တ်များကို ၀တ်ဆင်ထားသည်။ ပထမတစ်ချက်ကြည့်လိုက်ရုံနှင့် သူသည် အိမ်က သာမာန် အစေခံတစ်ယောက်လို မဟုတ်မှန်းသိနိုင်သည်။
"မင်္ဂလာပါ ချမ်အမ်မြို့စားမင်း"
ရုံရှားက ဘဏ္ဍာစိုးကို ကြည့်ပြီး
"အရမ်း ယဉ်ကျေးနေဖို့ မလိုပါဘူး၊ ရှစ်ကျစ်က ဘာလို့ ငါ့ကို ကျေးဇူးတင်ကြောင်း လက်ဆောင် ပေးလိုက်တာလဲ"
"ရှစ်ကျစ်က မြို့စားမင်း အတွက် စကားပါးလိုက်ပါတယ်၊ နယ်စားမင်း၊ နယ်စားမင်းကတော် နဲ့ ရှစ်ကျစ်က မြို့စားမင်းကို အရမ်းကျေးဇူးတင်တယ်တဲ့၊ ရှစ်ကျစ်က မြို့စားမင်းက ဘယ်လိုလူစားမှန်းသိနေတော့ ရွှေငွေလို သာမာန်အရာတွေကို မကြိုက်ဘူးဆိုတာ သိနေပါတယ်...ဒါကြောင့် လက်ဆောင်လေးတစ်ခုပဲ ပြင်ဆင်ထားတယ်၊ မြို့စားမင်း ကျေးဇူးပြုပြီး လက်ခံပေးပါ"
ဘဏ္ဍာစိုးသည် စားစရာဗူးတစ်ခုနှင့် အစေခံတစ်ဦးထံမှ ပုံတစ်ပုံကို ယူကာ တုကျိုးအား ပေးလိုက်သည်။
"ရှစ်ကျစ်က ယဉ်ကျေးသိမ်မွေ့လွန်းနေပါပြီ၊ ငါက အမှန်အတိုင်းပြောတာပါ၊သူတို့ ကျေးဇူးနဲ့ ငါက မထိုက်တန်ပါဘူး"
ဘဏ္ဍာစိုးက ရုံရှားကို လေးလေးနက်နက် ဦးညွှတ်ပြီး
"ကမ္ဘာပေါ်မှာ လူတော်တော်များများက အမှန်တရားကို သိကြပေမယ့် လူတိုင်းက မပြောဝံ့ကြပါဘူး၊ ကျွန်တော် မြို့စားမင်း အနားယူနေတာကို မနှောင့်ယှက်ဝံ့ပါဘူး၊ သွားပါတော့မယ်"
ဘဏ္ဍာစိုး ထွက်သွားပြီးနောက် တုကျိုးသည် ပစ္စည်းနှစ်ခုကို ရုံရှားရှေ့မှာ ချထားလိုက်သည်။ ပန်းမိသားစုသည် ချမ်းသာပြီး သဘောထားကြီး၍ လက်ဖွာသည်ဟု ဆိုကြသော်လည်း လက်ဆောင်နှစ်ခုသာပေး၏။ အတော်ကပ်စေးနှဲကြသည်။
ရုံရှားသည် အစားအသောက်ဗူးကို ဖွင့်လိုက်သည်။ အထဲမှာ မုန့်နှစ်ပန်းကန်ရှိပြီး အစိမ်းဖျော့ဖျော့မုန့်ကလေးများသည် အလွန်ဆွဲဆောင်မှုရှိသည်။ သူ မပြုံးနိုင်ဘဲ မနေနိုင်တော့။ချက်ချင်း မုန့်များအား ကောက်ကိုင်လိုက်ပြီး သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"မြို့စားမင်း"
တုကျိုး အံ့သြသွားသည်။ ဒါကို မြို့စားမင်း ချက်ချင်းစားလို့ဘယ်ဖြစ်မလဲ.. အဆိပ်သင့်ရင် ဘယ်လိုလုပ်မလဲ
ရုံရှား သူ့လက်ကို ဝှေ့ယမ်းပြပြီး ရုပ်ပုံကားချက်ကို ဖွင့်ဖို့ပြင်လေသည်။
ရုံရှား:မြို့စားမင်းက ချက်ချင်း ကိတ်မုန့်စားပြီး ပန်းချီကားကိုလည်း ဖွင့်နေပြန်ပြီ၊ ဟိုပန်းမိသားစုက မြို့စားမင်းကို ဘယ်လိုများ လွှမ်းမိုးထားတာလဲ…
မြို့စားမင်းသည် ဘယ်သူ့ကိုမဆို
စိတ်ရင်းနှင့်ပင် လူအများကိုပေါင်းသင့်တတ်သည်ဟု ဆိုကြသည်။ဤစကားများက မှန်နေပုံရ၏။
ပန်းချီကား၏ အဖုံးကိုဖွင့်လိုက်ပြီး ရုံရှားသည် အနည်းငယ်ဝါနေသောပန်းချီကားကို ဂရုတစိုက်ထုတ်ကာ ဖြည်းညှင်းစွာဖွင့်လိုက်သည်။
"ဟန်တောင်ကို မျှော်ကြည့်နေတဲ့ လမင်း ပုံတူပန်းချီပါလား"
တုကျိုးသည် ပန်းချီကားကို ထိတ်လန့်စွာကြည့်ကာ ဆွံ့အလုနီးပါးဖြစ်ခဲ့သည်။ ဒါက တစ်ကယ်ကြီး "ဟန်တောင်ကို မျှော်ကြည့်နေတဲ့ လမင်း" ဆိုတဲ့ ပန်းချီကားကြီးပါလား...
ဟန်တောင်ပုံပန်းချီကားကို လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက နာမည်ကျော် ပန်းချီဆရာ ကျောက်ပိစုန့်က ဖန်တီးခဲ့သည်။ ဤပန်းချီကားက သူ မသေခင် ဖန်တီးခဲ့သော ပန်းချီကားတစ်ချပ်ဟု ပြော၍ရသည်။သူ၏ ကွယ်လွန်သူ ဇနီးသည်ကို တမ်းတလွမ်းဆွတ် နေသည့် သူ့ခံစားချက်များအား ရေးဆွဲထားသည်။
ထင်ရှားကျော်ကြားသော ပန်းချီကားများကို နှစ်သက်သော သူ၏အနှစ်သက်ဆုံး ကိုယ်လုပ်တော် စိတ်ကျေနပ်စေရန်အတွက် ယခင်မင်းဆက်၏ ဧကရာဇ်သည် ဤပန်းချီကား၏ တည်နေရာကို မေးမြန်းရန် နေရာတိုင်းသို့ လူများကို စေလွှတ်ခဲ့သော်လည်း မူရင်းပန်းချီကားကို ရှာမတွေ့ခဲ့ပေ။
အဲဒီတော့ ဒီပန်းချီကားက ဘာလို့ ဒီမှာ ရှိနေတာလဲ။ မဟုတ်ဘူး၊ ပန်းမိသားစု က ဘာလို့ ဒီပန်းချီကားကို မြို့စားမင်းကို ပေးရတာလဲ။
ပန်းမိသားစုအား ကပ်စေးနှဲသည်ဟူ၍ မထီမဲ့မြင်မပြုသင့်ပေ။သူတို့မိသားစုက အတော်လေး စေတနာအရမ်းရှိပြီး ရက်ရောလှ၏။မိသားစု အမွေခံပစ္စည်းအဖြစ် အသုံးပြုခဲ့တဲ့ အရာတွေကို ဘယ်သူက သူများကို လွယ်လင့်တကူ လက်ဆောင်ပေးမှာလဲ။
သူသည် ပန်းမိသားစု၏ အစေခံမဟုတ်သော်လည်း၊ တုကျိုးက ပန်းမိသားစု၏ ညံ့ဖျင်းမှုအတွက် စိတ်မကောင်းဖြစ်နေမိသည်။
"ပန်းမိသားစုရဲ့ တစ်ဦးတည်းသော သားကလည်း ကျွန်တော် မမျှော်လင့်ထားဘူး...ဒီလက်ဆောင်က တကယပဲ…"
ရုံရှားသည် ပန်းချီကားကို ကြည့်ကာ သူ့မျက်နှာပေါ်ရှိ အပြုံးက ပိုမိုပီပြင်လာသည်။
"အဲဒါ သူ မဟုတ်ဘူး"
xxxxxxz