အပိုင်း၄၆
Viewers 5k


Chapter.46


"ကမ္ဘာကြီးရဲ့အဆုံးမှာ ကန့်သတ်ချက်ရှိတယ်၊ တောင်းတမှုတစ်ခုတည်းကသာ အဆုံးမရှိဘဲ....."


တုကျိုးသည် စိတ်ထဲမှနေ၍ ကဗျာရွတ်ပြီးသွားပြီးနောက် ရုံရှားကို သိမ်မွေ့နူးညံ့သောအမူအရာဖြင့် ကြည့်လိုက်သည်။ ကဗျာက အတော် စိတ်ဝင်စားဖို့ကောင်းလှ၏။


ရုံရှား၏ အိမ်မှာ ကျောက်ပိစုန့်ရေးဆွဲထားသည့် ပန်းချီကားစစ်စစ်တစ်ခု ရှိသေးတာကြောင့် ဤပန်းချီကားကို ဖွင့်ကြည့်လိုက်သည်နှင့် ကျောက်ပိစုန့်၏ လက်ရာအစစ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ပေသည်။ ထို့အပြင် ၎င်းသည် ကျောက်ပိကျုံး မသေဆုံးမီ နောက်ဆုံး ဆွဲခဲ့သောပန်းချီကားဟု ကောလဟာလများ ထွက်ပေါ်နေသည်။


 ဆောင်းဦးလသည် ပန်း၏စိတ်ဝိညာဉ်ကို မြှုပ်နှံထားရာ၊ အထီးကျန်ခြင်းနှင့် တမ်းတခြင်းတို့ကို အထင်းသားတွေ့နေရသည်။


ဤပန်းချီကားသည် အထီးကျန်ခြင်း ခံစားချက်ကို သယ်ဆောင်လာသော်လည်း မျှော်လင့်ချက်အနည်းငယ်၊ သေခြင်းတရားကို မျှော်လင့်ခြင်း၊ ကွယ်လွန်သူ၏ဇနီးနှင့် တွေ့ဆုံချင်သည့်မျှော်လင့်ချက်တို့လည်း ပါဝင်သည်။  သူ့မွေးရပ်မြေမှာ အနားယူခဲ့သည့် ကျောက်ပိစုန့်မှာ ​​အသက်ကြီးပြီး နွမ်းနယ် နေပြီဖြစ်သည့်အတွက် သေခြင်းတရားကသာ သူ့အတွက် အသင့်တော်ဆုံးဟုဆိုနိုင်သည်။


တုကျိုးက ရုံရှား ပန်းချီကားကို စိုက်ကြည့်နေတာကို မြင်ပြီး 


"မြို့စားမင်း...ဒီပန်းချီကားက ရှစ်ကျစ်က ပေးတာမဟုတ်ဘူး‌ဆိုရင်... ကျွင်းကျူးဆီက ဖြစ်နိုင်မလား"


 အိမ်ထောင်မရှိ ယောက်ျားတစ်ယောက်ကို မိန်းကလေးက လက်မထပ်ရသေးသော်လည်း၊ အဖိုးတန်သည့် ပန်းချီကားတစ်ချပ်ကို ပေးခဲ့ပြီး ပန်းချီကားပေါ်က ကဗျာကလည်း တစ်မျိုးထင်စရာပင်။ပန်းဟွာကျွင်းကျူး က ဆရာကြီးအပေါ် ခံစားချက်တွေ ရှိခဲ့တာလား...  မဟုတ်ရင် ဘယ်သူက ဒီလို လက်ဆောင်ကြီးကြီး ပေးမှာလဲ...


ပန်းဟွာ သည် ပန်းမိသားစုတွင် အလွန်အဆင့်အတန်း မြင့်မားကြောင်း သူ စတင်ယုံကြည်လာခဲ့သည်။  ဒီလိုမှမဟုတ်ရင် ဘယ်မိန်းကလေးက သူနဲ့မသက်ဆိုင်တဲ့ ယောက်ျားတစ်ယောက်ကို ဒီလိုရှားပါးတဲ့လက်ဆောင်မျိုးကို ပေးဝံ့မှာလဲ။


 "ဘယ်သူပေးတာလဲက အရေးမကြီးပါဘူး၊ မင်း အလုပ်ကောင်းကောင်းလုပ်ခဲ့တာပဲ" ရုံရှားက ပန်းချီကားကို ဘူးထဲပြန်ထည့်လိုက်သည်။


 "မြို့စားမင်း ကျွန်တော် တစ်ခုခုကို သတိရမိပါတယ်၊ လွန်ခဲ့တဲ့ ရက်ပိုင်းက ကလေး အမေတစ်ယောက်က ကျင့်ထင်နယ်စားမင်းရဲ့မြင်းလှည်းကို တားပါတယ်၊ သူမက ရွှယ်ကျိုးပြည်နယ်က ခရိုင်တစ်ခုက လာတာပါ၊ သူမရဲ့ ခင်ပွန်းကို တရားမ၀င် အပြစ်ပေးခဲ့လို့ ကျင့်ထင်နယ်စားမင်းဆီကို လာပြီး အသနားခံတာလို့သိရပါတယ်"


ရုံရှားသည် ပန်းချီကားကို အခန်း၏ ထောင့်‌နားမှာ ထားလိုက်၏။


 "ကျင့်ထင်နယ်စားမင်းရဲ့ မြင်းလှည်းကိုတောင် တားတယ်ဟုတ်လား၊သူမက တရားရုံးချုပ် ဒါမှမဟုတ် တရားရေးဌာနကို မသွားဘဲ၊ ဘာကြောင့် ကျင့်ထင်နယ်စားမင်းရဲ့ မြင်းလှည်းကိုမှ ရပ်လိုက်ရတာလဲ"


တုကျိုး ခေါင်းယမ်းလိုက်သည်။  


"ကျွန်တော်မသိပါဘူး၊ ကျင့်ထင်နယ်စားမင်းက တရားရုံးမှာ စစ်မှန်တဲ့ စွမ်းအားမရှိဘူးဆိုပြီး သူမကို မကူညီနိုင်ဘူးလို့ ပြောခဲ့ပါတယ်"


 ရိုးရိုးသားသားပြောရလျှင် ကျင့်ထင်နယ်စားမင်း စကားကိုကြားသောအခါ၊ ပန်းမိသားစု၏တွေးခေါ်ပုံမှာ သာမန်လူများနှင့် အနည်းငယ်ကွာခြားသည်ဟု တုကျိုး ခံစားမိသည်။


စစ်မှန်သည့် အဏာမရှိကြောင်း ဖခင်ဖြစ်သူက မဆိုင်းမတွ ပြောခဲ့ပြီး၊ သားဖြစ်သူကလည်း ဘာအလုပ်မှမလုပ်ဘဲ တောင်ပေါ်မှာ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများကို တကူးတက လာရောက်မြှုပ်နှံသလို၊ သမီးဖြစ်သူကလည်း ပိုက်ဆံနှင့် ဝယ်၍မရသည့် ပစ္စည်းကိုပင် သူစိမ်းယောကျ်ားအား လက်ဆောင်အဖြစ်ပေးခဲ့သည်။ ဤမိသားစုသည် အသုံးအဖြုန်းကြီးသူများ၏ စရိုက်ကိုပြသနေခြင်းပင်။


အခြားသော ဂုဏ်သရေရှိ မှူးမတ်မိသားစုများသည် မိန်းမကိစ္စ၊ လောင်းကစားနှင့် တခြားသူများအား အနိုင်ကျင့်ခြင်းကို နှစ်သက်ကြသည်။ ဤမိသားစုသည် အစားအသောက်နှင့် အဝတ်အစားကို တသားတနား ဂရုစိုက်ကြ၏။သို့သော်လည်း ဂုဏ်သိက္ခာရှိသော ကျင့်ထင်နယ်စားမင်းသည် ဇနီးဖြစ်သူ၏ ထိန်းချုပ်မှုအောက်တွင် နာခံစွာရှိပြီး သူ့ဘေးမှာလည်း ကိုယ်လုပ်တော်၊မယားငယ် စသည် တစ်ယောက်မျှမရှိချေ။သူ၏ သားဖြစ်သူကမူ အလုပ်မလုပ်သော်လည်း မိန်းကလေးများနှင့် ပရောပရည်လုပ်ခြင်း သို့မဟုတ် လောင်းကစားအိမ်မှာပါ သူ့ကိုမတွေ့ရပေ။နေ့တိုင်း သူသည် အစောင့်အနည်းငယ်ဖြင့် လမ်းပေါ်တွင် ရင်ခုန်စွာ လျှောက်သွားပြီး ပုရစ်တိုက်၊ကြက်တိုက်လုပ်ခြင်းပင်။ မိန်းကလေးများအား အနိုင်ကျင့်သူကိုလည်း ဆုံးမတတ်သည်။ သူ အနိုင်ကျင့်သည့် တစ်ဦးတည်းသောသူမှာ ရှဲ့မိသားစု၏ ဒုတိယသားဖြစ်သည်။ သို့သော်လည်း ဤမိသားစုနှစ်စုသည် မကျေနပ်ချက်များရှိခဲ့သောကြောင့် ၎င်းအား အနိုင်ကျင့်ခြင်းဟု မယူဆနိုင်ပေ။


အပေါ်ယံမှာ ဤမိသားစုသည် အကျင့်မကောင်းသလို၊ မြောက်ကြွကြွနှင့် အမြတ်ကတ်စရာ ကောင်းသော်လည်း  သေသေချာချာတွေးကြည့်ပါက၊သူတို့သည် ဘိုးဘေးများ ချန်ထားသော စည်းစိမ်ဥစ္စာများကို အေးအေးဆေးဆေးဖြုန်းတီးနေခြင်းသာ။ မှန်ကန်သောအကျင့်ကို မကျင့်သော်လည်း မကောင်းမှု တစ်စုံတစ်ရာကို မပြုခဲ့ပေ။ အပေါ်ယံလူကြီးလူကောင်းဖြစ်ပုံရသော်လည်း လက်မှာ သွေးစွန်းလျက်ရှိသော မိသားစုနှင့် နှိုင်းယှဉ်ပါက ဤမိသားစု၏စရိုက်သည် အကောင်းဆုံးဖြစ်သည်။


ဒါပေမယ့် လူတိုင်းက ပန်းမိသားစုလို့ ဆိုလိုက်တာနဲ့ အရမ်းပျင်းရိပြီး အသုံးမကျညံ့ဖျင်းတယ်ဆိုတဲ့ ပုံရိပ်တွေနဲ့ ပြည့်နှက်နေခဲ့တာ ဘာကြောင့်လဲ...


မြို့စားမင်းသည် ပန်းမိသားစုနှင့် ဆက်ဆံနေခြင်းကြောင့် မဟုတ်ပါက၊ တုကျိုးလည်း ပန်းမိသားစုကို ဂရုမစိုက်ပေ။ သို့သော် တိုက်ဆိုင်မှုအမျိုးမျိုးကြောင့် ပန်းမိသားစုကို သူ စတင်အာရုံစိုက်ခဲ့မိပြီး ဤမိသားစုသည် အမှန်တကယ်ပင် အကျင့်မဆိုးကြောင်း တွေ့ရှိခဲ့သည်။သူတို့မိသားစုမှာ ကောင်းသည့်အချက်များစွာရှိပေ၏။ ဤသည်မှာ မြို့စားမင်းသည် ပန်းမိသားစုနှင့် ဆက်ဆံလိုသော အကြောင်းရင်းဖြစ်နိုင်သည်။ရုံရှားက ပြတင်းပေါက်အပြင်ဘက်မှ နေရောင်ကို ကြည့်ပြီး


 "ရှစ်ကျစ်ရဲ့လက်ဆောင်က တကယ်တန်ဖိုးကြီးလွန်းတယ်၊ ငါကလည်း လက်ဆောင်တချို့ ပြန်ပေးသင့်တယ်" 


ဘဏ္ဍာစိုးက ရုံရှား ဂိုထောင်ကိုဖွင့်လိုကြောင်းကြားသောအခါ၊ အစေခံအနည်းငယ်နှင့်အတူ အလျင်အမြန်ပြေးကာ ဂိုထောင်ဖွင့်ရန် သော့တစ်ခုထုတ်လိုက်သည်။


ရုံမိသားစုတွင် ထင်ရှားသော မျိုးဆက်ပေါင်းများစွာ ရှိခဲ့သည်။ ရုံရှား၏ အဘိုးလက်ထက်သို့ရောက်သောအခါ ရုံမိသားစု၏ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့သည်။ လက်ရှိဧကရာဇ်ငယ်စဉ်က ရုံရှား၏ အဘိုးမှာ အိမ်ရှေ့စံ၏ ဧကရာဇ်ဆရာဖြစ်သည်။ဧကရာဇ် နန်းတက်ပြီး သိပ်မကြာခင်မှာ၊ သူ့အဖိုးက ဖျားနာပြီး ကွယ်လွန်သွားသော်လည်း၊ဧကရာဇ်က သူ့ကို ဆရာသမားအဖြစ် လေးစားနေဆဲပင်။


 ရုံမိသားစု၏ ဂိုထောင်တွင် ရုံမိသားစုဝင်များ၏ မျိုးဆက်များ ကျန်ရစ်ခဲ့သော ဥစ္စာပစ္စည်းများစွာရှိနေသည်။ ရုံရှားသည် စင်ပေါ်မှ ကျွန်းသေတ္တာကို ယူကာ ဖုန်မှုန့်များကို သုတ်လိုက်ပြီး အဖုံးဖွင့်လိုက်သည်။


 သေတ္တာအတွင်းတွင် သွေးနီရောင် ကျောက်စစ်စစ်ဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာ တစ်ဆင်စာရှိသည်။ ဆံထိုးများ၊ နားကပ်များ၊ လက်ကောက်များ၊ နဖူးသိုင်းဆွဲကြိုးများနှင့် ကျောက်စိမ်းဆွဲသီးများပါရှိသည်။ ရတနာတစ်ခုစီသည် သွေးကဲ့သို့ အနီရောင်ဖြစ်ကာ ဖော်မပြနိုင်သော အလှရှိသည်။


ရုံမိသားစု၏ ဘိုးဘေးတစ်ဦးမှာ ယခင်မင်းဆက်၏ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ပြီး တော်ဝင်မင်းသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ ထို့ကြောင့်၊ ရုံရှား၏အသွေးအသားထဲမှာ တော်ဝင်သွေးများစီးဆင်းနေသည်။သို့သော် ထိုဘိုးဘေးက မင်းသမီးနှင့် လက်ထပ်သောအခါ ယခင်မင်းဆက်သည် အထွတ်အထိပ်သို့ ရောက်နေချိန်မှာဖြစ်သည်။ ယခင်မင်းဆက် ဖျက်ဆီးခံရသောအခါ ရုံမိသားစုရှိ မည်သူမျှ တရားရုံး၌ တာဝန်မထမ်းဆောင်နေပေ။ ထို့ကြောင့် မင်းဆက်အသစ်ထူထောင်ပြီးနောက် ရုံမိသားစုသည် နန်းတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သော်လည်း ရုံမိသားစု၏ သစ္စာစောင့်သိမှုကို မည်သူမျှသံသယမ၀င်ခဲ့ကြပေ။ ထိုမျှမကသေး၊ ရုံမိသားစု၏ မျိုးနွယ်သည် မွန်မြတ်သည်ဟု သူတို့ ယူဆကြ၏။


 ဤသွေးရောင် ကျောက်စိမ်းရတနာတစ်ဆင်စာသည် ထိုမင်းသမီး၏ ခန်းဝင်ပစ္စည်းထဲမှ တစ်ခုဟု ဆိုကြသည်။ ရုံမိသားစုသည် ကဗျာနှင့် စာအုပ်များကို နှစ်သက်သော်လည်း သူတို့ကိုယ်တိုင် မနှစ်သက်ကြပေ။  ထို့ကြောင့် ဤဇိမ်ခံပစ္စည်းများကို သိုလှောင်ရုံထဲတွင် တံဆိပ်ခတ်ထားခဲ့သည်။


 ငယ်ငယ်တုန်းက ရုံရှားသည် အမေဖြစ်သူနှင့် ဂိုထောင်ထဲ လိုက်သွားသည့်အခါ ဤလက်ဝတ်ရတနာများက အတော်လှမှန်းသိခဲ့သည်။သို့ရာတွင် မိသားစုဝင် တစ်ယောက်မှ ဝတ်သည်ကို မတွေ့ဖူးချေ။ သေတ္တာကို ပိတ်ပြီးနောက်၊ သူသည် အခြားစင်တစ်ခုမှ မှင်ကျောက်တစ်ခုနှင့် အတူယူလာခဲ့သည်။


ကျင့်ထင်နယ်စားမင်း အိမ်တော်၌ ပန်းဟွိုက်သည် ယန်မင်နှင့် တွေ့ဆုံသည်။


ယန်မင်သည် တော်ဝင်မင်းသမီးကဲ့သို့ သူ့ကို ပန်းမိသားစုက အ‌တွေ့ခံမှာမဟုတ်ဟု ထင်ခဲ့သည်။ သို့သော် သူ မျှော်လင့်ထားသလိုမဟုတ်၊ ပန်းမိသားစုက သူ့ကို တွေ့ရုံသာမက လက်ဖက်ရည်ပူပူလည်း တိုက်သည်။ဤသည်က အခြေခံအကျဆုံး လူ့ကျင့်ဝတ်သာဖြစ်သော်လည်း၊သူ အလွန်စိတ်လှုပ်ရှားနေမိ၏။


 "သခင်လေးယန်" ပန်းဟွိုက်သည် အလွန်လေးနက်သောအမူအရာဖြင့် စားပွဲထိပ်တွင်ထိုင်ကာ


 "ဒီနေ့ ဘာလို့ဒီကိုရောက်လာတာလဲဆိုတာ မေးလို့ရမလား"


 "ကျွန်တော်က တောင်းပန်ဖို့ ဒီကိုရောက်လာတာပါ၊ကျွန်တော့် ညီနဲ့ အမေက မဆင်မခြင်နဲ့ နယ်စားမင်းနဲ့ ပန်းဟွာကျွင်းကျူးကို ဒုက္ခပေးခဲ့မိတယ်၊ ယန်မိသားစုမှာ အရမ်းအပြစ်ကြီးနေပေမယ့် ကျွန်တော့်အဖေက အပြင်းဖျားပြီး မထနိုင်လို့၊ ကျွန်တော်က မိသားစုကိုယ်စား တောင်းပန်ဖို့ ဒီကိုရောက်လာတာပါ"  


ယန်မင် လက်ဖက်ရည်ခွက်ကိုချပြီး အခန်းအလယ်တည့်တည့်သို့ လျှောက်သွားသည်။ ထို့နောက် ဝတ်စုံကိုအသာမကာ ဒူးထောက်ထိုင်ချလိုက်သည်။


 "မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သတင်းက အလွန်တန်ဖိုးရှိပါတယ်၊ကျွန်တော်တို့ မိသားစုက မဖွယ်မရာပြုမူမိတဲ့အတွက် ကျွင်းကျူးကို တောင်းပန်သင့်ပါတယ်"


ယောက်ျား တစ်ယောက်၏ ဒူးအောက်၌ ရွှေရှိသည်ဟု ဆိုရိုးစကားရှိသည်။ထို့ကြောင့် ယောက်ျားများသည် ကောင်းကင်၊ မြေကြီးနှင့် မိဘများထံမှာသာ ဒူးထောက်ခွင့်ရှိသည်။  သူတစ်ပါးကို ဒူးထောက်လျှင် အလွန်အရှက်ရတတ်သည်။ယန်မိသားစု၏ အကြီးဆုံးသားနှင့် ယန်မိသားစု၏ အနာဂတ်ကို ဆက်ခံသူအနေဖြင့် ယန်မင်သည် ပန်းဟွိုက်ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။ သူ၏ ကိုယ်ဟန်အနေအထားက ရိုကျိုးလျက်ရှိပေသည်။


ပန်းဟွိုက်သည် သူ့ရှေ့တွင် ဒူးထောက်နေသော ယန်မင်ကိုကြည့်ကာ လက်ဖက်ရည်ကို ဂရုတစိုက်သောက်ဟန်ဆောင်နေသော ပန်းဟမ်အား လှည့်ကြည့်လိုက်သည်။


ပန်းဟမ်သည် သူ့ခန္ဓာကိုယ်ကို ဘေးသို့ လှည့်လိုက်ပြီး ဘာမှမပြော။ခဏကြာမှ သူက လက်ဖက်ရည်ခွက်ကိုချကာ ယန်မင်၏ နံဘေးသို့ လျှောက်သွားသည်။


 "သခင်လေးယန်၊ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး"  


ပန်းဟမ်သည် မကြာသေးမီက ပန်းဟွာနှင့်အတူ သူ၏ ခန္ဓာကိုယ်ကို လေ့ကျင့်ထားခဲ့သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က သိပ်မသန်မာသေးသော်ငြား၊ခွန်အား နည်းနည်းတော့ တိုးလာသည်။ပျော့ညံ့သည့် အရာရှိ ယန်မင်ခမျာ သူ ဆွဲထူလိုက်သည်နှင့် ချက်ချင်း မတ်တပ်ရပ်လျက်သား ဖြစ်သွားတော့၏။


 “ပြောစရာရှိရင် ထိုင်ပြီး စကားပြောပါ"


ယန်မင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က ကောင်းကောင်းမအိပ်ခဲ့ရပေ။သူ့ကြည့်ရသည်မှာ အိုမင်းရင့်ရော်သွားကာ အရင်လိုနုပျိုမနေတော့။ 


 "နယ်စားမင်း ကျေးဇူးပြုပြီး ကျွန်တော့်ကို ပန်းဟွာကျွင်းကျူးနဲ့ တွေ့ခွင့်ပေးပြီး ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခွင့်ပြုပါ"


ပန်းဟွိုက်က " မလိုအပ်ဘူး"


 "အခု ကျွန်တော် တောင်းပန်စကား ဘယ်လောက်ပဲပြောပြော၊ကျွင်းကျူး ခံစားနေရတဲ့ နစ်နာမှုတွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာကို သိပါတယ်၊ကျွန်တော်တို့ကိုခွင့်လွှတ်ဖို့ ကျွင်းကျူးကို မတောင်းဆိုဝံ့တာအမှန်ပါ၊ ကျွင်းကျူးကို တွေ့ပြီး တောင်းပန်စကား ပြောရရင်ကို လုံလောက်ပါပြီ"


ပန်းဟွာသည် တံခါးအပြင်ဘက်တွင် ရပ်ကာ အိမ်အတွင်းမှ ထွက်လာသော ယန်မင်၏ ပင်ပန်းနွမ်းနယ်သော အသံကို နားထောင်ပြီးနောက် အစေခံမိန်းကလေးနှင့်အတူ ဝင်လာခဲ့သည်။


 "အကြီးဆုံးသခင်လေးယန်က ဘာကိစ္စရှိလို့လဲ"


လှည့်ကြည့်လိုက်ရာ ငေးမောမိသွား၏။ အနီရောင် မက်မန်းပွင့်များစီခြယ်ထားသော အနီရောင်တောက်တောက်ဝတ်စုံကိုဝတ်ဆင်ထားပြီး၊နဖူးပေါ်မှာ ကျောက်စိမ်း ဆွဲသီးလေးများအား ဆွဲထားသော မိန်းကလေးကို သူမြင်လိုက်ရသည်။ သူမ၏ ပုံစံသည် သက်ရှိအရာများအားလုံးကို သိမ်ငယ်သွားသလို ခံစားရစေသည်။


သူမ အခန်းထဲသို့ ၀င်လာစဉ် လမင်းကြီး ပတ်ပတ်လည်ရှိ ကြယ်များကဲ့သို့ အစေခံများစွာကလည်း သူမနောက်ကို လိုက်လာခဲ့သည်။ သူမ ခန္ဓာကိုယ်ကလည်း သင်းပျံ့အောင် မွှေးကြိုင်နေသည်။


 ဤသည်မှာ လက်အောက်ခံနိုင်ငံများမှ လက်ဆောင်ဆက်သထားသော အမွှေးအကြိုင်တစ်ခုဖြစ်သည့် မိုထော်နံ့သာဖြစ်သည်။ အရေအတွက် အလွန်နည်းသောကြောင့် ဧကရာဇ်က တော်ရုံလူဆို ဆုမချတတ်ပေ။


 "မင်္ဂလာပါ ကျွင်းကျူး"  


ယန်မင်သည် ပန်းဟွာအား တရိုတသေ ဦးညွှတ်လိုက်သည်။ သူ့ကိုယ်နေဟန်ထားက အလွန်စံနှုန်းကျလျက်ရှိပြီး တွန့်ဆုတ်မနေသလို၊ရှက်ရွံ့နေဟန်လည်းမရှိ။


 "အကြီးဆုံးသခင်လေးယန် ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး"  


ပန်းဟွာသည် ခပ်တည်တည်ဖြင့် အစေခံမိန်းကလေး ယူလာပေးသော လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။  ထို့နောက် နှုတ်ခမ်းနှင့်ထိရုံသာ သောက်၍ ပြန်ချထားလိုက်၏။ပြီးလျှင်  သူမလက်ထဲမှ ဘရိုကိတ်လက်ကိုင်ပုဝါ နှင့် နီရဲပြီး စိုစွတ်နေသော နှုတ်ခမ်းများအား သုတ်လိုက်သည်ကို ယန်မင် မြင်လိုက်ရလေ၏။ချက်ချင်း သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး ခေါင်းကို ပိုငုံ့ထားလိုက်၏။


"ကျွန်တော် ဒီနေ့ ကျွင်းကျူးကို တောင်းပန်ဖို့ လာခဲ့တာပါ"


 "တောင်းပန်တယ် ဟုတ်လား၊ ကျွန်မ အရင်က ပြောထားပြီးသားလေ၊ရှင်တို့ ယန်မိသားစုနဲ့ ကျွန်မ ညှိလို့မရဘူး၊ကျွန်မကို တောင်းပန်စရာ မလိုဘူး၊ ကျွန်မကလည်း စိတ်ထဲမထားပါဘူး"


ယန်မင် မျှော်လင့်ချက်မဲ့သွားကာ ပန်းဟွာအား လေးလေးနက်နက် ဦးညွှတ်လိုက်ပြန်၏။


 "ဒီကိစ္စက ကျွန်တော်တို့ဘက်က လုံးဝမှားမှန်း သိပါတယ်၊ ကျွင်းကျူးဆီက ခွင့်လွှတ်ဖို့ မတောင်းဆိုဝံ့ပါဘူး၊ ကျွင်းကျူး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး နုပျိုနေပါစေလို့ပဲ မျှော်လင့်ပါတယ်၊ ကောင်းကင်မှာ တောက်ပနေတဲ့ လမင်းလို လှပပြီး ဘဝတစ်လျှောက်လုံးပျော်ရွှင်မှုတွေပဲ ရပါစေလို့ မျှော်လင့်မိပါတယ်"


ပန်းဟွာက တခစ်ခစ်ရယ်ကာ မေးစေ့ကို လက်တစ်ဖက်နှင့် ထောက်ပြီး ယန်မင်ကို ကြည့်နေသည်။


 "အကြီးဆုံးသခင်လေးယန်က စကားပြောကောင်းလိုက်တာ၊ နည်းနည်းတော့ ထူးဆန်းတယ်နော်"


ယန်မိသားစုက တစ်ကယ်ကို စိတ်ဝင်စားဖို့ကောင်းသည်။သူတို့လုပ်က တစ်ခုနှင့်တစ်ခု ဆန့်ကျင်လျက်ရှိသည်။သူတို့ လုပ်ရပ်က မှန်သလား၊မှားသလား သူမ မသိတော့။ယန်မင်က စကားပြောကောင်းသော်လည်း၊ သူ့မိန်းမ သခင်မလေးချန်ကိုမူ ဘယ်လိုချော့ရမှန်းမသိရှာ။ သခင်မလေးချန် သည် ယောက္ခမဖြစ်သူကြောင့် ကိုယ်ဝန်ပျက်သွားသည်။ ထို့‌ကြောင့် သူ့က်ို ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့တာပင်။


 နှစ်အတော်ကြာ အိပ်ရာတစ်ခုတည်း အတူအိပ်ပြီးနောက် နောက်ဆုံးတွင် ခက်ခက်ခဲခဲ သန္ဓေတည်ခဲ့သော ကလေးခမျာ အဖတ်မတင်ခဲ့ချေ။  သခင်မလေးချန် အတွက် မည်မျှ နာကျင်ရမှန်း သူ သိဟန်မတူပေ။


ပန်းဟွာသည် ကျွင်းကျူးဖြစ်သဖြင့် ယန်မိသားစု၏ အကျပ်ကိုင်မှုကြောင့်၊သူတို့မိသားစုနှင့် လက်ထပ်ရန် မလိုအပ်သည့်အတွက် အလွန်ဝမ်းသာမိသည်။ သခင်မလေးချန်လို နူးညံ့သိမ်မွေ့သည့် မိန်းမတစ်ယောက်တောင် ယန်မိသားစု မှာ ကောင်းကောင်းမနေနိုင်ချေ။သူမသာ ဆိုလျှင်တော့...


ယန်မင်သည် ချစ်စရာကောင်းသော ပန်းဟွာအား ကြည့်နေမိ၏။သူမမျက်နာက ပျက်ယွင်းပြီး လေသံက နူးညံ့မှုမရှိလျှင်တောင် သူမကို ဒေါသထွက်နိုင်သူ ဘယ်သူမှ ရှိဟန်မတူချေ။ ဦးနှောက်မရှိသည့် ဒုတိယမင်းသားက ခြွင်းချက်ပင်။ယန်မင် သူမကို ငေးကြည့်နေမိပြီး စကားပြောဟန်ပြင်သောအခါ အိမ်တော်ထိန်းဝင်လာသည်။


 "နယ်စားမင်း၊ ချမ်အမ်မြို့စားမင်းရဲ့ အစောင့်က တွေ့ခွင့်တောင်းနေပါတယ်"



xxxxxxx