Chapter.47
ပန်းဟမ်က တံခါးကိုလှမ်းကြည့်လိုက်သည်။
ချမ်အမ်မြို့စားမင်းအိမ်တော်က ဘာကြောင့် ဒီအချိန်မှာ တစ်ယောက်ယောက်ကို စေလွှတ်တာလဲ... ယန်မိသားစု၏ သားကြီးဖြစ်သူက တောင်းပန်စကားဆိုရန် အိမ်သို့ ရောက်ရှိလာသည့်သတင်းသည် မြို့တော်အနှံ့ ပျံ့နှံ့နေပြီဖြစ်သည်။ဒီအချိန်မှာ ချမ်အမ်မြို့စားမင်းက တစ်ယောက်ယောက်ကို လွှတ်လိုက်တယ်ဆိုရင် ယန်မိသားစုက သူတို့ကို ဟာသလုပ်ဖို့လာတယ်လို့ ထင်မှာ မကြောက်ဘူးလား...
တုကျိုးသည် အိမ်တော်ထိန်းနောက်သို့ လိုက်ကာ ပင်မခန်းမထဲသို့ ဝင်သွားရာ မမျှော်လင့်ဘဲ ယန်မင်ကို တွေ့ရလေသည်။သူက ပန်းမိသားစုကို နှုတ်ဆက်ပြီးနောက် ယန်မင်ကိုပါ နှုတ်ဆက်လိုက်၏
တုကျိုးသည် ရုံရှား၏ ကိုယ်ရံတော် အစောင့်ဖြစ်သောကြောင့် ရုံရှားနှင့် ရင်းနှီးသူတိုင်းက သူ့အား သိသည်။ ယန်မင် သည် တုကျိုးကိုမြင်သောအခါ ပန်းမိသားစုထက်ပင် အံ့သြသွားခဲ့သည်။ သို့သော်၊ သူ ပထမဆုံးစဉ်းစားမိသည်မှာ ရုံရှားသည် ယန်မိသားစုသို့လာခြင်းမှာ သူ့အား လှောင်ပြောင်ဟားတိုက်ဖို့ လာခဲ့ခြင်းမဟုတ်ဘဲ ရုံရှားနှင့် ပန်းမိသားစုသည် ဆက်ဆံရေးရှိမှန်း အတပ်သိလိုက်သည်။
"ကျေးဇူးပြုပြီး ထိုင်ပါ"
ပန်းဟမ်က တုကျိုးလက်ထဲမှ သေတ္တာနှစ်လုံးကို ကြည့်လိုက်သည်။သေတ္တာများသည် ကြီးလည်း မကြီး၊ သေးလည်းမသေးပေ။ စာအုပ်များ၊ စက္ကူများနှင့် မှင်ကျောက်များကိုသာ သိမ်းဆည်းထားပုံရသည်။မနက်က အစ်မဖြစ်သူသည် ချမ်အမ်မြို့စားမင်း ဆီ သူ့နာမည်သုံး၍ လက်ဆောင်ပို့ခဲ့သည်။ မနက်ကမှ ပို့ထားတာမို့ အခုချက်ချင်း လက်ဆောင်ပြန်ပေးမည်ဟု သူ မထင်ထားချေ။
မှင်အိုးများ၊ စက္ကူ၊ မှင်ကျောက်များနှင့် အခြားအရာများ ပြည့်နှက်နေမည်ဟု တွေးပြီး သူ စိတ်ဝင်စားမနေတော့ချေ။ ကဗျာနဲ့ စာဖတ်ရတာကြိုက်တဲ့ သူ့အဖွားနဲ့ အမေကလွဲလို့ သူတို့မိသားစုမှာ ဘယ်သူက စာဖတ်လို့လဲ...
"ကျွန်တော် မထိုင်တော့ပါဘူး"
တုကျိုးသည် လက်ဝဲဝန်ကြီးချုပ်ယန်၏ သားဖြစ်သူ အကြီးဆုံးသခင်လေး ယန်မင်ပင် ရပ်နေသည်ကို မြင်လိုက်ရသောကြောင့် သူ့လို အစောင့်လေးက ဝင်မထိုင်ရဲချေ။
"အမွေဆက်ခံသူ ပေးလိုက်တဲ့ လက်ဆောင်က အရမ်းတန်ဖိုးကြီးတာပဲ၊ မြို့စားမင်းက အရမ်းဝမ်းသာနေပါတယ်၊ ဒါလေးကတော့ မပြောပလောက်တဲ့ လက်ဆောင်တွေပါ၊ ရှစ်ကျစ် ကြိုက်မယ်လို့ မျှော်လင့်ပါတယ်"
" မြို့စားမင်းရုံကလည်း ရက်ရောလိုက်တာ၊ကျွန်တော် ပေးလိုက်တာက အဖိုးမတန်ပါဘူး"
ပန်းဟမ်က အနာပါးနာဟန်ဖြင့် လက်ကိုယမ်းကာ ပြောလိုက်၏။
ထိုအခါ သေတ္တာကို ကိုင်ထားသည့် တုကျိုး၏လက်များ တုန်ရီလာသည်။
တန်ဖိုးမရှိတဲ့ ပစ္စည်းဆိုပါလား... အဲဒီ ပန်းချီက အရမ်း တန်ဖိုးကြီးတာလေ.. ငွေနဲ့တောင် အဖိုးမဖြတ်နိုင်တာပါ...
သူ့ကို ရုံမိသားစုက မွေးစားကတည်းက တုကျိုးသည် ရုံရှားဘေးမှာ အမြဲရှိနေခဲ့သည်။ထို့ကြောင့် ကောင်းပေ့ဆိုသည့် ပစ္စည်းများစွာကို သူ မြင်ဖူးသော်လည်း ပန်းမိသားစုကဲ့သို့ ပေါ့ပေါ့ပါးပါး တွေးခေါ်ပြောဆိုတတ်သည့် မိသားစုကို တစ်ခါမျှ မမြင်ဖူးချေ။
"ရှစ်ကျစ် လက်မခံရင် ကျွန်တော် အပြစ်ပေးခံရပါလိမ့်မယ်၊ ရှစ်ကျစ် ပို့လိုက်တဲ့ ပန်းချီကားကို မြို့စားမင်းက အတော်ကြိုက်နေတာပါ၊အဲ့ဒါကလေ ငွေနဲ့လဲလှယ်လို့မရတဲ့အရာတစ်ခုပါပဲ"
"အဟမ်း အဟမ်း ဪ ရပါတယ်"
ပန်းဟမ်က ပန်းဟွာကို မျက်လုံးထောင့်ကနေ ကြည့်လိုက်မိ၏။သူ့အစ်မက ရုံရှားကို ဘာပေးလိုက်တာလဲ...
ပန်းဟွာသည် ပန်းဟမ်ကို လျစ်လျူရှုပြီး တုကျိုးထံမှ လက်ဆောင်ကို လက်ခံရန် အိမ်တော်ထိန်းအား ပြောလိုက်သည်။ ဤသည်ကိုမြင်လျှင် ပန်းဟွာကျွင်းကျူးကသာ ပန်းချီကားကို အထူးတလည် ပေးပို့မှန်း တုကျိုး ပိုပိုပြီးခံစားလာရသည်။
တုကျိုးက လက်ဆောင်ကို ပြန်ပေးပြီးနောက် ချက်ချင်းပဲ ထွက်သွားသဖြင့်၊ တုကျိုးသည် လက်ဆောင် ပြန်ပေးရန်သာ ရောက်လာပြီး မိသားစုနှစ်ခုကြားမှာ သိပ်ရင်းနှီးပုံမပေါ်ဟု ယန်မင် တွေးလိုက်သည်။
လွန်ခဲ့သောရက်အနည်းငယ်က ပညာရှိ ရာထူးကြီးသူ များစွာရှေ့တွင် ရုံရှားက ပန်းဟွာကို ချီးကျူးခဲ့သည့်စကားအား သတိရမိသည်။နောက်ပိုင်း ရုံရှား၏စကားကြောင့် ယန်မိသားစု၏ ဂုဏ်သိက္ခာက လုံးဝပျက်စီးခဲ့သည်။ အစပိုင်းမှာ သူ ဒေါသထွက်ခဲ့သော်လည်း၊ ရက်အနည်းငယ်အကြ၌ သူ့အဖေ အပြင်းဖျားနေခိုက်၊ ရုံရှား ရာထူးတိုးခံရ၏။ထိုအခါမှ သူ ရုတ်တရက် နားလည်သွားသည်။ ရုံရှားသည် ပန်းမိသားစုအတွက် ကာဆီး၍ ပြောပေးခြင်းမဟုတ်၊ ဧကရာဇ်အား မြှောက်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့မိသားစုကို ဧကရာဇ်က သံသယရှိခဲ့ခြင်းဖြစ်သည်။
မဟုတ်ရင် ရက်ပိုင်းအတွင်း တရားရုံးမှာ ဘာကြောင့် ဒီလို ရုန်းရင်းဆန်ခတ် ဖြစ်သွားရမှာလဲ။ ယန်မိသားစုနှင့် ဆက်ဆံရေးကောင်းမွန်သော အရာရှိအများအပြား ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ အိမ်ရှေ့စံကို အလိုလိုက်အကြိုက်ဆောင်နေကြသည့် အရာရှိတစ်ချို့တောင် အပြစ်ပေးခံရ၏။ သူတို့မိသားစုသည် အိမ်ရှေ့စံအား နောက်ကွယ်မှ အမြဲလျှို့ဝှက်စွာ ပံ့ပိုးပေးခဲ့သည်။ ရှစ်မိသားစုတောင်မှ ဒီအကြောင်းကို မသိခဲ့တာ ဧကရာဇ်က ဘယ်လိုသိသွားတာလဲ...
ကြောက်စရာအကောင်းဆုံးမှာ ရုံရှားသည် သူတို့မိသားစုက အိမ်ရှေ့စံကို လျှို့ဝှက်ထောက်ခံနေမှန်း သိနေပေလိမ့်မည်။ ထို့ကြောင့် ယခုအခါတွင် သူသည် ပန်းဟွာကျွင်းကျူး၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ပြောပေးခြင်းမဟုတ်၊ သူတို့ယန်မိသားစုကို စော်ကားလိုခြင်းကြောင့် ဖြစ်သည်။
ရုံရှားကို လူကြီးလူကောင်းတစ်ယောက်ဟု လူတိုင်း ထင်နေခြင်းက ရယ်စရာကောင်းလှသည်။
ပန်းဟွာက ယန်မင်ကိုကြည့်ရင်း
"အကြီးဆုံးသခင်လေးယန် တောင်းပန်တာကို ကြားပြီးပြီ၊ ကျေးဇူးပြုပြီး ပြန်ပါတော့"
ယန်မင်၏ ပါးစပ်ထောင့်မှာ အနည်းငယ် လှုပ်ခါသွားသည်။သူ့ရှေ့က မိန်းမလှလေးကိုကြည့်ရင်း ဖျားနေသော ညီဖြစ်သူအား တွေးတောကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
“ဒါဆိုလည်း သွားပါတော့မယ်”
"သတိထားပြီးပြန်ပါ"
ယန်မင်သည် ကျင့်ထင်နယ်စားမင်းအိမ်တော် အပြင်ဘက်ကို လမ်းလျှောက်ထွက်လာရင်း လှည့်ပတ်သွားလာနေသည့် လူများကို ကြည့်လိုက်၏။ထိုအခါ သူ့စိတ်ထဲတွင် တုန်လှုပ်သွားသည်။ ဧကရာဇ်ဆီကနေ သံသယအဖြစ်ခံရတဲ့ သူတို့မိသားစု ရှေ့ဆက်ပြီး ဘာလုပ်ကြမလဲ...
သူ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ချန်မိသားစု၏ အကြီးဆုံးသားဖြစ်သူနှင့် ဆုံမိကြသည်။လွန်ခဲ့သောရက်အနည်းငယ်က ဤလူသည် သူ၏ ယောက်ဖဖြစ်ခဲ့သေးသော်လည်း ယခုအခါတွင် မိသားစုနှစ်စုသည် ဆွေမျိုးများမှ ရန်သူအဖြစ်သို့ ပြောင်းလဲသွားကြသည်။သူ့ယောက်ဖက သူ့ကိုကြည့်ပုံမှာ ကမ္ဘာပေါ်မှာ စက်ဆုပ်ရွံရှာဆုံးလူကို ကြည့်နေသလိုပင်။
"အစ်ကိုကြီး …"
"အကြီးဆုံးသခင်လေးယန် ကျေးဇူးပြုပြီး မခေါ်ပါနဲ့၊ ချန်မိသားစုက သေးငယ်တဲ့ မိသားစုဖြစ်လို့ မင်းရဲ့အစ်ကိုကြီးဖြစ်ဖို့ ငါနဲ့ မထိုက်တန်ပါဘူး"
ချန်မိသားစု၏ အကြီးဆုံးသား မျက်နှာက ပုပ်သိုးနေကာ ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်ဖို့လုပ်နေပြီဖြစ်သည်။
"အစ်ကိုချန်ရဲ့ ညီမ ဘယ်လိုနေပါသလဲ"
ယန်မင်သည် သခင်မလေးချန်ကို တွေးမိပြီး မေးလိုက်မိ၏။
"မင်းနဲ့ ဘာဆိုင်လို့လဲ"
သူ ချန်မိသားစု၏ အကြီးဆုံးသား နောက်ကျောကို စိုက်ကြည့်နေရင်းပူလောင်မောဟိုက်လာရတော့သည်။
ပန်းဟမ်သည် ချမ်အမ်မြို့စားမင်း ပေးလိုက်သော သေတ္တာနှစ်လုံးကို ပန်းဟွာရှေ့တွင် ချထားလိုက်သည်။ သေတ္တာတစ်လုံးတွင် မှင်ကျောက်တစ်လုံးပါရှိပြီး ကျန်သေတ္တာတစ်လုံးမှာ သွေးနီရောင်ရှိ လက်ဝတ်ရတနာများဖြင့် ပြည့်နေသည်။ဤကျောက်များမှာ ဘယ်ကလာမှန်း သူမသိ၊ ကြည်လင်တောက်ပနေကာ အညစ်အကြေးနည်းနည်းလေးမှ မရှိချေ။အနီရောင် သွေးများကဲ့သို့ ရဲရဲတောက် လှပသည်။
“ချမ်အမ်မြို့စားမင်းက အရမ်းသဘောကောင်းတပဲ"
အကြာကြီးစဉ်းစားပြီးမှ သူမ ဤစကားကိုသာ ပြောမိသည်။ ဤလက်ဝတ်ရတနာများသည် ငွေတုံများပုံပေးလျှင်တောင် အလွယ်တကူ ဝယ်၍ရမည်မထင်ပေ။ လက်မှုပညာက အတော်မြင့်မား၍ သာမန်လူများနှင့် သက်ဆိုင်သည့် အရာ မဟုတ်။
"အရမ်းလှတယ်"
ပန်းဟွာက လက်ကောက်တစ်ချောင်းကို ထုတ်ယူပြီး ဝတ်လိုက်သည်။သွေးနီရောင်ကျောက်စိမ်းက သူမ လက်ကို ပိုဖြူပြီး စိုစွတ်စေသည်။
ပန်းဟမ်က မှင်ကျောက်ကိုကြည့်ကာ တစ်ချက်မဲ့လိုက်ရင်း
“ဒီမှင်ကျောက်ကို နံပါတ်ရေတွက်ဖို့ သူ သုံးခဲ့တာဖြစ်မယ်”
ပစ္စည်းများပို့ဖို့ သူ့နာမည်ကိုသာ သုံးခဲ့ကြသော်လည်း၊သူ ပြန်ရတာက မှင်ကျောက်တစ်လုံးတည်းပင်။သူက စာရေးတာ မကြိုက်ဘူးလေ၊ ဘာလို့ ဒီဟာကို ပေးလိုက်တာလဲ။
ကျင့်ထင်နယ်စားမင်း၏ အမွေဆက်ခံသူအနေဖြင့် သူ့ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းခံရသည်ဟု ပန်းဟမ်ခံစားခဲ့ရသည်။သူ ဒေါသထွက်နေသော်လည်း၊ ထုတ်မပြဝံ့ချေ။
"နင် ဟိုတစ်ခါပြောတဲ့ တိုက်ကြက်ဖကို မဝယ်ချင်ဘူးလား"
ပန်းဟွာသည် ထိုကဲ့သို့ လှပသော လက်ဝတ်ရတနာများကို ရရှိပြီးနောက် စိတ်ကလည်းရက်ရောစိတ်ဖြစ်လာသည်။ချက်ချင်းပင် သူမ ငွေတုံးငါတုံးကို ပန်းဟမ်အားပေးလေသည်။
ထိုတိုက်ကြက်ဖကြီးသည် အလွန်အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားရှိသော ကြက်ဖကြီးဖြစ်သည်။
ပန်းဟမ် ချက်ချင်းပင် ပျော်ရွှင်လာကာ မှင်ကျောက်ကို ဂရုမစိုက်တော့ဘဲ အစ်မဖြစ်သူအား ကျေးဇူးတင်စကားဆိုရင်း ပိုချောကြောင်း၊ပိုလှကြောင်း ပြောလိုက်၏။ ထိုအခါ သူမက နောက်ထပ်ငွေတုံးတစ်တုံးကိုပင် ပေးလိုက်လေသည်။
သူတို့ မောင်နှမနှစ်ယောက် လျစ်လျူရှုထားသည့် မှင်ကျောက်သည် အပြင်တွင် အနည်းဆုံး ငွေတုံးရှစ်ရာ တန်ကြေးရှိသည်။ ကံမကောင်းစွာပဲ၊ တန်ဖိုးမသိကြသည့် သူတို့မောင်နှမနှင့်တွေ့မှ တန်ဖိုးမရှိဖြစ်သွား၏။
ငါးရက်အကြာတွင် ချန်မိသားစု၏ သားဖြစ်သူမှာ ရာထူးတိုးခဲ့၏။ နောက်လဝက်တွင် ယန်မိသားစု၏ လက်အောက်ခံ မှူးမတ်အများအပြား ရာထူးချခံခဲ့ရသည်။မကြာမီပင် လစ်လပ်နေသော ရာထူးများ လျင်မြန်စွာကို ပြည့်အောင် လူထပ်ထည့်ခဲ့သည်။ လက်ဝဲဝန်ကြီးဖြစ်သူ ယန်ဟွေ့၏ ရာထူးကသာ ထိခိုက်ခြင်းမရှိပေ။ ယန်မင် ကိုယ်တိုင်ကိုယ်ကျ ခွင့်လွှတ်ရန် ပန်းမိသားစုထံ သွားရောက်ပြီးနောက် သုံးရက်မြောက်သောနေ့တွင် ဧကရာဇ်သည် ယန်မိသားစုအား အချို့အရာများကိုပင် ပေးခဲ့ပြီး အားပေးစကားအချို့ကို ပြောကြားခဲ့သည်။
ဧကရာဇ်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်၍ ယန်ဟွေ့သည် ဖျားနာနေလျက်နှင့် တရားရုံးသို့လာကာ ဧကရာဇ်ထံ နုတ်ထွက်စာတင်ခဲ့သည်။
ဧကရာဇ် ယွင်ချင်က သဘောမတူဘဲ ယန်ဟွေ့ကို ပိုလို့တောင် စိတ်ပူနေခဲ့သည်။နောက်ဆုံးတွင် ယန်ဟွေ့သည် လက်ဝဲဝန်ကြီးရာထူးမှ နုတ်ထွက်ခြင်းမရှိပေ။ သို့သော်လည်း မြို့တော်တွင် တစ်ချိန်က သြဇာကြီးမားခဲ့သော ယန်ပါတီသည် ထိုကဲ့သို့ ပြိုကွဲသွားခဲ့သည်။ ထိုအချိန်မှစ၍ ယန်မိသားစု၏ ဂုဏ်သိက္ခာ ကျဆင်းသွားပြီး ဘုန်းအသရေအားလုံးကို ရှစ်မိသားစုက အစားထိုးခဲ့သည်။ တရားရုံးရှိ ၀န်ကြီးများသည် ရှစ်ချုံးဟိုင်ကို လက်ယာဝန်ကြီးချုပ်အဖြစ်ပို၍ အသိအမှတ်ပြုကာ လေးစားနေကြလေသည်။
ရက်များ အတန်ငယ်ကြာသော် ပထမဆုံး နှင်းကျလာပြီး မြို့တော်ကြီးတစ်ခုလုံး အဖြူရောင်ကမ္ဘာကြီးဖြစ်သွား၏။
ပန်းဟွာသည် သူမ လုပ်ထားသော မြေခွေးသားမွေးအင်္ကျီကို နောက်ဆုံးတွင် ဝတ်ဆင်ခွင့်ရသောကြောင့် စိတ်ပျော်ရွှင်နေရလေသည်။
သူမသည် ရိုးရိုး အနီးရောင်ပျိုနီပန်းထိုးဝတ်စုံ၊မြေခွေးမွေးကုတ်အင်္ကျီနှင့် ချမ်အမ်မြို့စားမင်း ပေးပို့သော သွေးနီရောင် ကျောက်မျက်ရတနာများကို ၀တ်ဆင်ထားသည်။ သူမသည် မှန်ရှေ့တွင်ထိုင်ကာ အကြာကြီး သူမကိုယ်သူမ ကြည့်နေသည်။
ကမ္ဘာပေါ်မှာ ဒီလောက်လှတဲ့ မိန်းကလေး ဘာလို့ ရှိနေတာပါလိမ့်...
ထိုစဉ် ပန်းဟမ်က ဝင်လာပြီးပြောသည်။
"အစ်မ တံခါးအပြင်ဘက်မှာ နှင်းတွေ အရမ်းကျနေတယ်၊ ကျွန်တော်တို့ အခုမထွက်သွားရင် အရမ်းနောက်ကျလိမ့်မယ်
ပန်းဟွာသည် သူမ၏ နဖူးပေါ်တွင် ပွင့်နေသော ကြာပန်းနီနီပုံကို ဆွဲလိုက်ရာ အနီရောင်ပုတီးစေ့ကဲ့သို့ လှပပြီး စွဲမက်ဖွယ်ကောင်းသွားတော့သည်။
ဆယ်နှစ့်လ မြောက်လ၏ ခြောက်ရက်မြောက်နေ့တွင် လက်ရှိဧကရာဇ်မွေးနေ့ဖြစ်သည်။ နန်းတွင်းဝန်ကြီးများ၊ တတိယအဆင့်နှင့်အထက် မှူးကြီးမတ်ရာများသည် ဧကရာဇ်၏ မွေးနေ့ပွဲကျင်းပရန် နန်းတော်သို့ ဝင်ရောက်ကြရသည်။ဤနေ့သည် ဧကရာဇ်အား လူသိရှင်ကြား လက်ဆောင်များ ပေးဆောင်ရန် အရာရှိများအတွက် နေ့ကောင်းနေ့ဖြစ်သည်။
ဧကရာဇ် ယွင်ချင်ထံမှ မျက်နှာသာပေးခြင်းခံရရန်အတွက် နိုင်ငံတစ်ဝှမ်းမှ အရာရှိများသည် ထူးဆန်းသောကျောက်တုံးများ၊ နတ်နဂါးအသွင်အပြင်နှင့် ထူးဆန်းသော သားရဲများကဲ့သို့သော နေရာတိုင်းမှ အံ့ဖွယ်ပစ္စည်းများ တိရစ္ဆာန်များကို ဖမ်းဆီးရယူထားကြသည်။သူတို့က ထိုပစ္စည်းများကို ဇာတ်လမ်းဆင်၍ ဧကရာဇ်အား မြှောက်ပင့်ပြောဆို၍ လက်ဆောင်ပေးကြမည်ဖြစ်သည်။
သို့သော် နှစ်စဉ်နှစ်တိုင်း မှော်ဆန်သော ပုံပြင်များကို နားထောင်ရသော ဧကရာဇ် ယွင်ချင်အတွက်တော့ ရိုးအီနေပေသည်။အဘယ်ကြောင့်ဆိုသော် ဤအရာများသည် ဒေသဆိုင်ရာ အရာရှိများက သူ့ကို မုသားဆို၍ မြှောက်ပင့်ပေးခြင်းဖြစ်ကြောင်း သူ့စိတ်ထဲတွင် သိနေသောကြောင့်ပင်။ ဘယ်သူမဆို ဇာတ်လမ်းကောင်းလေး ဖန်တီးပြီး သူ့ဆီလာကြမှာပင်။
ဇာတ်လမ်းများဖန်တီးသည့် အရာရှိများမှာ မငြီးသွေ့သော်လည်း၊ နားထောင်ရသူများကတော့ ငြီးငွေ့နေရပေပြီ။
"အရှင်မင်းကြီး၊ နှင်းတွေက စပါးရိတ်ဖို့ ကောင်းတဲ့နေ့ကို ညွှန်ပြပါတယ်၊ ဒီနေ့ဟာ အရမ်းကို ကောင်းတဲ့ နေ့လေးပါ"
ဝမ်ကုန်းကုန်းသည် အပြင်ဘက်မှ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ယနေ့ နှင်းများ ထူထပ်စွာကျဆင်းနေပြီး ဧကရာဇ်မင်းမြတ်ကို နှုတ်ဆက်ဖို့ နန်းတော်အတွင်းရော၊အပြင်မှာ အားလုံး ရပ်နေကြရသည်။အေးချမ်းသည့်ရာသီကြီးထဲမှာ ရပ်နေသူများအဖို့ သေချာပေါက် ကောင်းသောနေ့မဟုတ်ပေ။
ဧကရာဇ် ယွင်ချင်သည် အပြင်ဘက် ကောင်းကင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"ထွက်သွားပြီး ကြည့်ရအောင်"
"ဟုတ်ကဲ့..."
ဧကရာဇ်၏ အခွင့်ထူးခံ ပန်းဟွာကျွင်းကျူးသည် သူမသွားလေရာရာတိုင်း ဘယ်သူမဆို သူမအား အရေးပေး ဆက်ဆံကြရသည်။ ပန်းဟွာကျွင်းကျူး၏ မြင်းလှည်းသည် နန်းတော်တံခါးကိုဖြတ်သွားသောအခါ အစောင့်များသည် မြင်းလှည်းပေါ်ရှိ မိသားစုတံဆိပ်ကို မြင်ပြီး တားရန်ပင် မကြိုးစားခဲ့ပေ။ တလေးတစား ဦးညွှတ်ပြီး သူမ၏ မြင်းလှည်းကို လွှတ်လိုက်ကြသည်။
မြင်းလှည်းသည် နန်းတော်တံခါးကို ဖြတ်သွားပြီးနောက် ခဏကြာသော် ရပ်တန့်သွားခဲ့သည်။ နန်းတော်မှ လွှတ်လိုက်သည့် ကျေးကျွန်မိန်းကလေးများက အပြင်မှာ စောင့်နေပြီဖြစ်၏။
"ပန်းဟွာကျွင်းကျူးကို နှုတ်ဆက်ပါတယ်"
ပန်းဟွာကျွင်းကျူးကို ဧကရာဇ်က မည်မျှတန်ဖိုးထားကြောင်းပြသရန် ဧကရီနန်းတော်မှ အစေခံမိန်းကလေးနှစ်ဦးကို သူမအား စောင့်ကြိုဖို့စေလွှတ်ခဲ့သည်။
"အပင်ပန်းခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
ပန်းဟွာကျွင်းကျူး၏ ကိုယ်ရေးကိုယ်တာ အစေခံက အကြိုလာသူ အစေခံနှစ်ဦး၏ ပခုံးနှစ်ဖက်နှင့် ဆံပင်များပေါ်တွင် နှင်းများကို မြင်လိုက်ရသည်။ သူမက ထိုအစေခံနှစ်ယောက်ကို ဦးညွှတ်ပြီးနောက်၊တစ်ယောက်ကို အိတ်တစ်လုံးစီ ပေးအပ်ကာ
"မင်းတို့နှစ်ယောက်ကို အချိန်အကြာကြီး စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်"
"ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး"
အစေခံမလေးနှစ်ယောက်ကလည်း ပြာပြာသလဲ ဦးညွှတ်ပြီး မြင်းလှည်းး၏ကန့်လန့်ကာကို ရုတ်သိမ်းကာ ပန်းဟွာကျွင်းကျူးအား ကူညီရန် ပြင်ဆင်ကြသည်။
ကန့်လန့်ကာကို ရုတ်သိမ်းလိုက်သည့်အခိုက်တွင် အစေခံလေးနှစ်ယောက် တုန်လှုပ်သွားကြသည်။
လှလိုက်တာ....နှင်းလိုဖြူဖွေးနေတဲ့ ဝတ်စုံနဲ့ အဝတ်အစားနှင့် အနီရောင်ဆံထိုး.... အထူးသဖြင့် သူမ၏မျက်ခုံးကြားရှိ ကြာနီပန်းသည် မီးကဲ့သို့ တောက်ပနေ၏။နှင်းတောထဲမှာပွင့်လန်းနေသော မက်မန်းပွင့်လိုပင် မယှဉ်သာအောင် လှပလေသည်။
xxxxx