Chapter.48
အခြားသူများက သူမကို တအံ့တသြကြည့်ကြသောအခါ ပန်းဟွာ သဘောကျသည်။ထိုအပြုအမူက သူမကို အကောင်းဆုံး ချီးကျူးခြင်းပင်။
သူမသည် လှပနုနယ်သော လက်လေးအား အထိန်းတော်ဆီ ကမ်းကာ အနီရောင်သစ်သား ခုံပုပေါ် နင်း၍ မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်။ထို့နောက် သူမအား ဦးညွှတ်ပြနေသော နန်းတော် အစေခံတို့အား ခေါင်းညိတ်ပြကာ လမ်းပြဖို့လာသူ အစေခံအား
"ဒီနှစ် ဧကရာဇ်ရဲ့ မွေးနေ့ပွဲကို ကျောက်ယန်ခန်းမ မှာ ကျင်းပမှာပဲလား"
"ကျွင်းကျူး၊ ဟုတ်ပါတယ်"
အစေခံက သူမ လက်ကိုလွှတ်လိုက်ပြီး ဘေးကိုရပ်ကာ ဦးညွှတ်လေသည်။
"ကျွန်မက ဧကရီရဲ့အမိန့်အရ ကျွင်းကျူးကို လာကြိုတာပါ"
ပန်းဟွာက စိတ်ချမ်းသာစွာ ပြုံးလိုက်ကာ..
"ဧကရီက ငါ့ကို အမြဲကောင်းပေးတာပဲ...ဒါဆို မြန်မြန်သွားကြရအောင်၊ ငါလည်း ဧကရီကိုတွေ့ချင်တယ်"
နှင်းများဘယ်လောက်ပဲ ထူထပ်နေပါစေ၊ နန်းတော်၏ အရာရှိအရာခံများ ဖြတ်သွားသည့် နေရာအားလုံးက သန့်ရှင်းသွားပြီဖြစ်သည်။ ပန်းဟွာ၏ စကတ်ရှည်သည် မြေပြင်ပေါ်တွင် တရွတ်တိုက်လာသည်။သူမ နောက်က လိုက်လာသည့် အစေခံမိန်းကလေးများအားလုံးကတော့ ခေါင်းငုံ့ပြီး ငြိမ်နေကြသည်။ သူမ လျှောက်လှမ်းလာပုံက ဩဇာအပြည့်ရှိနေပေသည်။ပညာရှိတစ်ဦး၏ ဂုဏ်သိက္ခာကဲ့သို့အရာမျိုးကို မျက်စိနှင့် မမြင်နိုင်သလို၊ထိတွေ့၍လည်း မရဟု ပညာရှိများက ပြောခဲ့ဖူးသည်။သို့သော် အစေခံ ခြွေရံသင်းပင်းများ၊ အဝတ်ကောင်းစားလှများနှင့် အစားအသောက်ကောင်းများသည် ဘေးလူများအပေါ် အရှိန်အဝါတစ်မျိုး သက်ရောက်စေမည်ဖြစ်သည်။
လူသွားစင်္ကြံပေါ်ရှိ အစေခံလေးသည် ပန်းဟွာ ပေါ်လာသည်ကို တွေ့လိုက်ရပြီး လမ်းမထက်မှ ဖယ်လိုက်ပြီး ခေါင်းကိုသာ ငုံ့ထားတော့သည်။
"ဟမ်"
ပန်းဟွာက ရုတ်တရက် ရပ်လိုက်ပြီး စင်္ကြံမှာ ရပ်နေသည့် အစေခံလေးကို ကြည့်လိုက်သည်။သူသည် မီးခိုးရောင် နန်းတော် အစေခံဝတ်ရုံကို ၀တ်ထားသည်။သူ့တစ်ကိုယ်လုံးက ပိန်ကပ်နေကာ ဝမ်းဗိုက်ရှေ့မှာ ကပ်ထားသော လက်များကလည်း နီရဲပြီး ရောင်ရမ်းနေသည်။ ပိန်ပိန်သေးသေး လက်ကောက်ဝတ်နှင့် လုံးဝ မလိုက်ဖက်ချေ။
"ကျွင်းကျူး၊ ဒါက နန်းတော်က အဆင့်နိမ့်အစေခံပါ၊ သူတို့မိသားစုက ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့လို့ ရာဇ၀တ်ကောင်တွေအဖြစ် နန်းတော်ထဲကို ပို့လိုက်ကြတာပါ"
ပန်းဟွာသည် နောက်လာမည့်ငါးနှစ်အတွင်း ဖြစ်လာမည့် ပန်းမိသားစုအကြောင်း စဉ်းစားကြည့်ပြီး
"ကလေးလေးနဲ့တူတယ်"
"ဟုတ်ပါတယ်"
ကျွင်းကျူးက သနားကြင်နာပြီး အစေခံလေးအား ပြန်အနားယူခိုင်းဖို့ အခွင့်အာဏာ အသုံးပြုမည်ဟု အစေခံတို့ တွေးမိကြသည်။သို့သော် ယခုထိ ကျွင်းကျူးက ထိုကိစ္စကို ထုတ်မပြောပေ။ယင်းအစား သူမသည် အစေခံလေးကို လက်ယပ်ခေါ်လိုက်သည်။
"ကလေး၊ ဒီကိုလာ"
အစေခံလေးသည် အလွန်အေးစက်နေပေလိမ့်မည်၊ အကြောင်းမှာ သူရပ်နေချိန်တွင် ခြေထောက်များက တုန်ယင်နေကာ၊သူ့ကို ခေါ်လိုက်တာကြောင့် ထိတ်လန့်ပြီး နှင်းထဲသို့ ဒူးထောက်လဲကျလုနီးပါးပင်။ သူ့စိတ်ထဲမှ ကြောက်ရွံ့မှုကို တွန်းလှန်ဖို့ ခွန်အားရှိသမျှ အသုံးပြုပြီး ထိုဝတ်ကောင်းစားလှများဝတ်ထားသည့် မိန်းမပျိုရှေ့ကို ခစားလိုက်လေ၏။သူမကို အမြင်မတော်အောင် သူ တစ်ခုခုများလုပ်မိလို့လား၊သူ့အလုပ်တာဝန် လစ်ဟင်းလို့လား…
"ခေါင်းမော့ပြီး ကျွင်းကျူးကို ကြည့်ပါဦး"
သူ့သွားများတောင် တဆတ်ဆတ်တုန်လာသလို ခံစားလိုက်ရသော်လည်း၊မလွန်ဆန်ဝံ့ဘဲ ညစ်ပတ်ပေရေနေသည့် သူ့မျက်နှာလေးအား မော့ပြလိုက်သည်။။
"မင်းက အရမ်းချစ်စရာကောင်းတယ်"
ပန်းဟွာက ရယ်မောပြီး ဦးဆောင်ခေါ်လာသည့် အစေခံကို
"သူ့မျက်နှာကို ကြည့်လိုက်...သူ ကြီးလာရင် ဘယ်လိုပုံစံဖြစ်မယ်ထင်သလဲ"
အစေခံက သေသေချာချာကြည့်ကာ ခေါင်းခါလိုက်သည်။
"မသိပါဘူး"
"ဘုရင်မင်းမြတ်ရဲ့ ငှက်အိမ်ထဲက ယွမ်ယွမ်လို့ခေါ်တဲ့ ကြက်တူရွေးနဲ့ သူက သိပ်တူတယ်၊သူ့မျက်နှာက ပိုပြည့်လာရင် ပိုတောင်တူနေလိမ့်မယ်"
ထို့နောက် ပန်းဟွာ တစ်ခုခုကို တွေးနေပုံရပြီး မျက်နှာက မည်းမှောင်သွားကာ အနည်းငယ် စိတ်မချမ်းသာဖြစ်သွားပုံရသည်။
လွန်ခဲ့သည့် သုံးနှစ်ခန့်က ဧကရာဇ်၏ ငှက်အိမ်တွင် ယွမ်ယွမ်ဟုခေါ်သည့် ယွမ်ဂျယ်တစ်ဦး ရှိသည်ကို လမ်းပြခဲ့သော နို့စို့ကလေးက ရုတ်တရက် သတိရသွားသည်။ ပန်းဟွာကျွင်းကျူးကလည်း အလွန်ကြိုက်နှစ်သက်သည်။ ဧကရီသည် ထိုအကြောင်းကိုသိသွားပြီး ကြက်တူရွေးကို ကျင့်ထင်နယ်စားမင်း အိမ်တော်သို့ ပို့ပေးမည်ဟု ပြောခဲ့သည်။သို့သော်လည်း ထိုငှက်လေးက ဖျားနာပြီး သေသွား၏။ထိုအချိန်မှစ၍ ကျွင်းကျူးသည် ငှက်လှောင်အိမ်သို့ မကြာခဏ မသွားဖြစ်တော့ပေ။
လမ်းပြသည့် အစေခံကလည်း ထိုငှက်၏ရုပ်ကို မမှတ်မိပေ။ထို့အပြင် မည်သူမဆို ဘုရင်မင်းမြတ်၏ ငှက်အိမ်ထဲသို့ မဝင်ရောက်နိုင်၍ အစေခံလေးက ကြက်တူရွေးနှင့်တူသလား၊ မတူဘူးလား ဆိုသည်ကို မသိချေ။အရေးကြီးသည်က ကျွင်းကျူးက ဤအစေခံလေးနှင့်တူသည်ဟု ပြော၍ တစ်ကယ်တူနိုင်သည်။
"ကျွင်းကျူး မပြောပြရင် ကျွန်မလည်း မှတ်မိမှာ မဟုတ်ပါဘူး၊ သေသေချာချာကြည့်ရင် သူနဲ့ ခပ်ဆင်ဆင်တူပေမယ့် သူ့မျက်နှာက နည်းနည်းပိန်ပါတယ်"
"မှန်ပါတယ် သူနဲ့တူမယ်ထင်တယ်"
ပန်းဟွာလည်း ပျော်သွားရသည်။သူမက အနွေးအိတ်ကိုထုတ်ပြီး အစေခံလေးကို ပေးလိုက်သည်။
အနွေးအိတ်မှာ အလှသိပ်မဆင်ထားပေ။ကြည့်ရသည်က ကျွင်းကျူး၏ အစေခံများသုံးထားပုံရသည်။လမ်းပြပေးသူက ပြုံးနေသည့် သူမကိုကြည့်ပြီး
"ဒီအစေခံလေးက ကြက်တူရွေးနဲ့ ရေစက်ပါတယ်လို့ ထင်ပါတယ်၊ သူ့ကို ငှက်လှောင်အိမ်ကိုပို့ပြီး အလုပ်ကြမ်းလုပ်ခိုင်းရင် ဘယ်လိုပါလဲ…ငှက်လှောင်အိမ်ထဲက ငှက်တွေကို စောင့်ရှောင်လို့လည်းရတာပေါ့"
အစေခံလေးသည် လက်ကို ပိုမိုနွေးထွေးအောင် အနွေးအိတ်ကို ဆုပ်ကိုင်ထားကြည့်ရာ၊ သူ၏ ခြေလက်နှင့် အရိုးများ အသက်ရှင်လာသလို ခံစားလိုက်ရသည်။သူ့ရှေ့က မိန်းမပျိုလေးမှာ အတော်လှသည်။သူမသည် နန်းတော်ထဲရှိ မောင်းမမိဿံများထက်ပင် ပိုလှသည်။
သူမသည် မြင့်မြတ်သော မိသားစုက လာသလား မသိပေ။ ဧကရီ၏ ကျွန်များပင်လျှင် သူမအပေါ် ယဉ်ကျေးသိမ်မွေ့လွန်းလှသည်။ အဆင့်အနိမ့်ဆုံး အစေခံအတွက်၊ သူ အသက်ရှင်ရပ်တည်ရန် ပထမဆုံးလုပ်ဆောင်ရမည့်အရာမှာ ထက်မြက်သောအမြင်ရှိရန်ဖြစ်သည်။ ဧကရီ၏ နန်းတော်အစေခံများသာ ဝတ်ဆင်နိုင်သော အ၀တ်အစားများအား ဆင်မြန်းထားသည့် အစေခံနှစ်ယောက်ကိုကြည့်၍ ထိုသို့ပြောနိုင်ခြင်းပင်။
သူသည် ခေါင်းငုံ့လျက် ရပ်နေလိုက်၍ နှင်းတောထဲကို တွဲကျနေသော နီနီရဲရဲ ဝတ်စုံ၏ အောက်နားစမှ ပျိုနီပန်းပွင့်များကိုသာ မြင်နေရသည်။
"နှုတ်ဆက်ပါတယ် သခင်မလေး"
ထိုမိန်းမပျို ထွက်သွားသောအခါ သူ ခြေတစ်လှမ်းဆုတ်ပြီး လူအုပ်ကို ဦးညွှတ်လိုက်၏။လူအုပ်ကြီး ပျောက်သွားသောအခါ အနွေးအိတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့နောက်မှ နှင်းများကို လှည့်ကြည့်လိုက်သည်။ နှင်းများကို ရှင်းရမှာဖြစ်သော်လည်း ယခုထိတော့ အလုပ်လုပ်ဖို့ ချမ်းနေသေးသည်။ထိုစဉ် ဘဏ္ဍာစိုးရောက်လာ၍ အိတ်ကပ်ထဲသို့ အနွေးအိတ်ကို ထည့်လိုက်၏။သူ နောက်တစ်ကြိမ် အပြစ်ပေးခံရမည်ဟု ထင်ထားသော်လည်း ၊ဘဏ္ဍာစိုးက ပြုံးပြီး အနားယူဖို့ သူ့အခန်းထဲကို ပြန်သွားခိုင်းလေသည်။
"မင်းကံကောင်းလိုက်တာ"
ဘဏ္ဍာစိုးက ထိုသို့ပြောလေသည်။
"ကျွင်းကျူး ကျေးဇူးပြုပြီး ဒီကိုလာပါ"
လှေကားအောက်ခြေအထိ လိုက်ပို့ပေးပြီးနောက် လမ်းပြပေးသူ အစေခံများက ပြောလေသည်။
"ကျွန်မတို့ရဲ့ အဆင့်အတန်းက နိမ့်ပါးတော့ အပေါ်ကိုတက်လို့မရပါဘူး… ကျေးဇူးပြုပြီး ကျွင်းကျူး တက်သွားလိုက်ပါ"
"ကျေးဇူးတင်ပါတယ်"
ပန်းဟွာက သူတို့နှစ်ယောက်ကို ပြုံးပြပြီး လှေကားထစ်ကို လှမ်းတက်လိုက်သည်။
"နှုတ်ဆက်ပါတယ် ကျွင်းကျူး"
အစေခံမလေးနှစ်ယောက်က ကျောက်စိမ်းလှေကားပေါ်မှ သပ်သပ်ရပ်ရပ်ဝတ်စားထားသည့် ကျက်သရေရှိသော ကျွင်းကျူးကိုကြည့်ကာ ငေးမောမိနေကြလေတော့သည်။
ကျောက်ယန်ခန်းမ အပြင်ဘက်ရှိ ကျောက်လှေကားများသည် အဖြူရောင်ဖြစ်နိုင်ကြောင်း ပန်းဟွာ တွက်ချက်ထားပြီးဖြစ်သည်။အဖြူရောင် ကျောက်လှေကားထစ်ပေါ်ကို အနီဝတ်စုံဝတ်၍ သူမ တက်လိုက်ပါက၊ အတော်လေး လှပနေမှာသေချာသည်။
နှင်းပွင့်လေးများက တဖြုတ်ဖြုတ် မြေပြင်ပေါ်သို့ ကြွေကျသွားသည်။အဖြူရောင်နှင်းထုနှင့်အဖြူရောင်လှေကားတို့ပေါ်မှာ အနီရောင်ပျိုနီပန်းလို လှပသော သူမပုံစံက အခမ်းနားဆုံးဖြစ်သည်။
ရှစ်ကျင်းသည် ကျောက်လှေကားထိပ်တွင် ရပ်ကာ ထိုဝတ်စုံအနီနှင့် မိန်းကလေး တစ်ဆင့်ပြီးတစ်ဆင့် တက်လာသည်ကို ကြည့်လိုက်သည်။ သူ့ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။မကြာမီ သူ့မျက်လုံးထဲသို့ မျက်တောင်မခတ်တာ ကြာပြီဖြစ်၍ နှင်းပွင့်အချို့ ကျဆင်းသွားသည်။ ထိုအခါမှ သူ မျက်တောင်ခတ်လိုက်မိသည်။ သူ့အမြင်အာရုံက မှုန်ဝါးနေသေးသော်ငြား၊ ကျောက်လှေကားပေါ်က မိန်းကလေး၏ပုံရိပ်သည် သိသိသာသာ ကြည်လင်နေလေသည်။
နန်းတော်ဝတ်စုံပေါ်မှာ ပျိုနီပန်းကို ခြယ်သထားတာလား...
ပျိုနီပန်းသည် အဆင့်နိမ့်ပန်းဖြစ်သည်။ သို့သော် မြင့်မြတ်သောအမျိုးသမီးအနည်းငယ်သည် သူတို့၏ အဝတ်အစားပေါ်တွင် ခြယ်သရန်ပျိုနီပန်းကိုအသုံးပြုကြသည်။သို့သော်လည်း ပျိုနီပန်းကြောင့် သူတို့ပေါ်လွင့်သင့်သလောက် မပေါ်လွင်ပေ။လူအများကလည်း လှပသည်ဟုမချီးမွမ်းကြချေ။
ရှစ်ကျင်းသည် ကမ္ဘာပေါ်တွင် ပျိုနီပန်းနှင့် အလွန်လိုက်ဖက်သော မိန်းကလေးတစ်ဦးရှိမည်ဟု မထင်ထားခဲ့ပေ။ သူမက အရမ်းတောက်ပတယ်၊ လှပတယ် ပြီးတော့ ကျက်သရေရှိတယ်…
သူ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ရာ ကျောက်စိမ်းလှေကားပေါ်ရှိ မိန်းကလေးက ခေါင်းမော့ကြည့်လာသည်။သူ ချက်ချင်းပင် တိတ်တဆိတ် နောက်ပြန်ဆုတ်သွားကာ ခေါင်းငုံ့ပြီး သူမကို ဦးညွှတ်လိုက်သည်။
မကြာမီ ခြေသံများ ပိုမိုနီးကပ်လာပြီး ပတ္တမြားများ မြှုပ်ထည့်ထားသော ဖိနပ်တစ်ရံကို မြင်လိုက်ရသည်။ဖိနပ်လေးက ချစ်စရာကောင်းနေကာ သူမနှင့် အလွန်လိုက်ဖက်သည်။
ခြေသံများက သူ့ရှေ့တွင် ရပ်တန့်သွားသဖြင့် သူမ၏ ဝတ်စုံထက်က ပျိုနီပန်းပွင့်ကို သူ ရှင်းလင်းစွာမြင်ခဲ့သည်။ ပျိုနီပန်းက သူမ၏ ဝတ်စုံပေါ်မှာ လှပစွာ ချယ်လှယ်ထားပုံက တစ်ကယ့် ပျိုနီပန်းပွင့်နေသကဲ့သို့ပင်။အရောင်က နီရဲလွန်းသဖြင့် သူ့နှလုံးသားကို ထိုးဖောက်သွားသည်။
လေတိုက်သံများနှင့် နှင်းပွင့်များ ကြွေကျသံကို သူကြားလိုက်ရသလို သူ့နှလုံးခုန်သံကိုလည်း ကြားရသည်။
"သခင်လေးရှစ်"
"သခင်လေးရှစ်"
သူ ခေါင်းကို မော့လိုက်သည်။သူ့အကြည့်က သူမ၏နှုတ်ခမ်းများကို ရှောင်ပြီး နဖူးပေါ် မှ ကြာပန်းပွင့်လေးပေါ် ကျသွားသည်။သူမ ဆွဲထားသော ကြာပန်းနီနီက မီးလျှံတစ်ခုလို တောက်ပလျက်ပင်။ သူမ အသားအရေက ဖြူနေလို့ပဲလား၊ ဒါမှမဟုတ် ကြာပန်းနီကပဲ သူမအသားအရည်ကို ဖြူစေလို့လား
"ပန်းဟွာကျွင်းကျူးကို နှုတ်ဆက်ပါတယ်"
သူ့အသံက မြေပြင်ပေါ်မှ နှင်းများလို တုန်လှုပ်ခြောက်ခြားမှု မရှိဘဲ တည်ငြိမ်နေ၏။
"ရာထူးတိုးပြီးပြီလား"
ရှစ်ကျင်းသည် အစောင့်တပ်မှူးအဖြစ် စတင်အမှုထမ်းခဲ့ကြောင်း ပန်းဟွာ သတိရမိသည်။ ယခု သူသည် ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသောကြောင့် ရာထူးတိုးခံရပုံရသည်။
"ဟုတ်ပါတယ် ကျွင်းကျူး...ကျွန်တော်က အခု ဧကရာဇ်အစောင့်တပ်ရဲ့ ဒုတိယတပ်မှူးဖြစ်နေပါပြီ"
ပန်းဟွာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ စိတ်ထဲမှနေ၍ ဧကရာဇ်အစောင့်တပ်၏ ဒုတပ်မှူးရာထူးကို တွက်ကြည့်သည်။ တစ်ဖန်သူမ ရှစ်ကျင်းကို မော့ကြည့်လိုက်သည်။ သူ့ကိုယ်ဟန်အနေအထားက အရပ်ရှည်ပြီး တည်ကြည်ခိုင်ခံ့နေကာ လူကြီးလူကောင်းဆန်၏။ငွေရောင် ချပ်ဝတ်တန်ဆာနှင့် သူက အလွန်ကြည့်ကောင်းသည်။ သူမ မထိန်းနိုင်ဘဲ သူ့အား ခပ်ကြာကြာ ငေးကြည့်နေမိသည်။
"ကျွင်းကျူး"
ရှစ်ကျင်းသည် ပန်းဟွာက ခန်းမအပြင်ဘက်တွင်သာ တောင့်တောင့်ကြီး ရပ်နေ၍ သူမ စိတ်ပူနေသည်ဟု ထင်လိုက်သည်။
"တော်ဝင်မင်းသမီး၊ နယ်စားမင်း၊ နယ်စားမင်းကတော်နဲ့ ရှစ်ကျစ်တို့ အားလုံးရောက်ပါပြီ"
သူ တိုးတိုးလေးပြောလိုက်သည်။ တစ်ဖန် ခဏလောက်တွေးပြီး
“အချိန်နီးနေပါပြီ”
နန်းတွင်းရှိ မှူးမတ်အများစုလည်း ရောက်နှင့်နေပြီဖြစ်၍ သူမ ရောက်လာချိန်က နည်းနည်းနောက်ကျသွားသည်ထင့်။
"ကျေးဇူးတင်ပါတယ်"
ရှစ်ကျင်းက သူမကို သတိပေးနေ၍ သူမ သူ့ကို ဦးညွှတ်လိုက်၏။
"ခန်းမအပြင်မှာ အရမ်းအေးတယ်…သခင်လေးရှစ်၊ ကျေးဇူးပြုပြီး သတိထားပါ"
ရှစ်ကျင်းသည် ပန်းဟွာအား အလေးပြုလိုက်သည်။ ပန်းဟွာ ထွက်သွားသည်အထိ သူ ခေါင်းမထောင်သေးပေ။ သူ ခေါင်းပြန်မော့သည့်အခါ မြင်လိုက်ရတာက ခန်းမတံခါးဝမှာ လွင့်နေသည့် သူမ၏ ဝတ်စုံနီနီလေးပင်။ပျိုနီပန်းကလေး ပွင့်လန်းနေပုံက စောစောက သူမ အပြုံးလိုပင် ချစ်စရာကောင်းလှပေ၏။
"မင်းအစ်မ ဘာလို့မလာသေးတာလဲ" ပန်းဟွိုက် က ပန်းဟမ်ကို တိုးတိုးပြောသည်။
"မင်းတို့ နန်းတော် အတူတူ ဝင်လာတာမဟုတ်ဘူးလား"
"အစ်မကို ဧကရီနန်းတော်က အစေခံတွေ လာခေါ်သွားတာပါ၊ သူမ အဆင်ပြေမှာပါ" ပန်းဟမ်က ခန်းမအ၀င်ဝကို လှမ်းကြည့်လိုက်ပြီး
"ဒီနေ့ သူမ ဝတ်ထားတာက အရမ်းသွားလာရခက်တဲ့ ဝတ်စုံကြီး၊ သူမ မြန်မြန်လမ်းလျှောက်နိုင်မှာ မဟုတ်ဘူး"
"သူမ လာပြီ"
ပန်းဟွိုက်သည် ခန်းမအ၀င်ဝတွင် ပေါ်လာသော သူ့သမီးကို ကြည့်လိုက်သည်။ သူက ပြုံးပြီး သူ့ကိုယ်သူ တွေးလိုက်သည်။
"သူက တစ်ကယ့် ငါ့သမီးပဲ... အရမ်းလှတယ်"
ဖခင်တစ်ယောက်အနေဖြင့် ပန်းဟွိုက် သည် သူ့သမီးကသာ ကမ္ဘာပေါ်တွင် အလှဆုံးမိန်းကလေးဟု တွေးမိ၏။ တခြားမိန်းကလေးများက သူမနှင့်ယှဉ်နိုင်သည်ဟူ၍ မထင်ပေ။ တော်ဝင်မိသားစုထဲက မင်းသမီးလေးတောင် သူ့သမီးနှင့် မယှဉ်သာချေ။
ငယ်ငယ်ကတည်းမှစ၍၊ ပန်းဟွိုက်သည် သူ့သမီးလေးက လှပြီး ချစ်ဖို့ကောင်းသည်ဟု မြင်သူတိုင်းကိုကြွားသည်။ မြို့တော်တစ်ခုလုံးတွင် ဘယ်သူမှ သူမနှင့်မယှဉ်နိုင်ကြောင်း တဖျစ်ဖျစ်ပြောဆိုလျက်ရှိ၏။ပန်းဟွာ ကြီးပြင်းလာပြီးနောက်မှာတောင် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိစွာ ကြွားဝါဆဲပင်။ထို့ကြောင့်လည်း အစ်မဖြစ်သူသည် ယခုလို ယုံကြည်မှုရှိနေရသည်ဟု ပန်းဟမ် အမြဲတွေးမိသည်။
"အလှတရားအစစ်ဆိုတာ အပေါ်ယံအလှနဲ့မဆိုင်ပါဘူး... ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေနုအေးလေးဟာ ပုလဲနဲ့ ကျောက်စိမ်းတို့ရဲ့ရနံ့ကို ယူဆောင်လာ...လာ...."
ရုံရှား သည် သူ့ဘေးနားရှိ အရာရှိက ရုတ်တရက် ကဗျာတစ်ပုဒ်ရွတ်ဆိုသံကို ကြားလိုက်ရသည်။ သူ ဆိုနေသည့် တစ်ပုဒ်လုံးမဟုတ်၊ကြားဖြတ်၍ ဆိုနေခြင်းပင်။သူလည်း ထိုအရာရှိကို ပြုံးကြည့်လိုက်သည်။ သို့သော် ထိုသူက တံခါးဝကို ငေးစိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။
သူလည်း သိချင်ဇောဖြင့် တံခါးကို စူးစူးဝါးဝါး ကြည့်လိုက်ရာ အလွန်ခမ်းနားသော အဝတ်အစားများ ဝတ်ထားသည့် မိန်းကလေးတစ်ယောက်သည် ခန်းမအဝင်ဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ အနီရောင်ဝတ်စုံ၊အနီရောင် လက်ဝတ်ရတနာများ၊ ကျောက်စိမ်းများ၊ ပုလဲများ၊ ဇိမ်ခံအဝတ်အစားများနှင့် သိမ်မွေ့သောခြေလှမ်းများ...
ရုံရှား၏ မျက်နှာပေါ်ရှိ အပြုံးက အနည်းငယ် တောင့်တင်းသွားသည်။ ခန်းမထဲသို့ ဖြည်းညှင်းစွာ လျှောက်လာနေသော မိန်းကလေးကို သူကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် အနီရောင်များဝတ်ထားသော သူမ၏ အလှကြောင့် အံ့ဩသွားမိသည်။
သူ ပိုင်ဆိုင်သော သွေးနီရောင် ကျောက်မျက်ရတနာများကို တစ်ယောက်ယောက် ဝတ်ဆင်ထားပါက၊ မည်သို့မည်ပုံ ဖြစ်မည်ကို သူ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့သော် သူမည်ကဲ့သို့တွေးပါစေ၊ထိုရတနာများနှင့်လိုက်ဖက်သော မျက်နှာတစ်ခုကို သေသေချာချာ မတွေးနိုင်ပေ။
အဲဒါက သူမပါပဲ။သူမသာလျှင် ထိုကဲ့သို့ လှပသော လက်ဝတ်ရတနာများနှင့် ထိုက်တန်ေပသည်။
ရုံရှား သူ့နှလုံးသားထဲမှာ ပြည့်နေသလို ခံစားရသည်။ငယ်ငယ်တုန်းကလိုပင် သူ တစ်ခုခုလိုချင်တိုင်း၊ ချက်ချင်းမရခဲ့သော်လည်း နောက်ဆုံးမှာ ရလာသည့်အခါ သူ မျှော်လင့်ထားတာထက်ပင် ပိုကောင်းသည့်အရာမျိုး ရရှိခဲ့ဖူးသည်။
ခန်းမထဲက အသံများမှာ ပိုကျယ်လောင်လာသည်။ ဣန္ဒြေပျောက်ပြီး ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေသော အရာရှိသည်ပင် တံခါးဝမှ ဝင်လာသော မိန်းကလေးကို တွေ့လိုက်သည်နှင့် စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားခြင်းကို ဖုံးကွယ်ရန် လက်ထဲက အရက်ခွက်ကို ကယောင်ကတမ်းမော့လိုက်၏။
တစ်ခြားအရာရှိတို့သည် သူမကို မကြည့်ခဲ့ကြသော်လည်း၊ နှလုံးသားထဲမှာတော့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေးကြည့်နေကြလေသည်။
ရုံရှား ဝိုင်ခွက်ကို ပန်ဟွာဆီ မြှောက်လိုက်ပြီး သူမအားကြည့်ရင်း မော့သောက်လိုက်သည်။ထိုအခါ သူ့ကိုမြင်သွားသော ပန်းဟွာက ပြန်ပြုံးပြသည်။
xxxxx