အပိုင်း၄၉
Viewers 4k


Chapter.49


လူတိုင်းတွင် စိတ်ခံစားမှု ခုနစ်မျိုးနှင့် တပ်မက်မှု ခြောက်မျိုးရှိကြပြီး မနာလိုခြင်းသည် ၎င်းခံစားချက်တို့အနက်မှ တစ်ခုဖြစ်သည်။ 


ရှစ်ဖေးရှန့်သည် ရုံရှားက ပန်းဟွာဆီသို့ ဝိုင်ခွက်အား မြှောက်လိုက်သည်ကို မြင်သောအခါ၊ သူမ စိတ်ထဲမှာ ရှာလကာရည်တစ်ဘူး သောက်လိုက်သကဲ့သို့ ချဉ်စူးသွားရ၏။သူမ ဘေးမှာထိုင်နေသည့် မဒမ်ရှစ်က သူမနောက်ကျောကို ညင်သာစွာ ပုတ်လိုက်ပြီး "ဖေးရှန့်၊ ဘာဖြစ်နေတာလဲ"


 "သမီး အဆင်ပြေပါတယ်" ရှစ်ဖေးရှန့် က ခန်းမအပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး "အပြင်မှာ နှင်းတွေကျနေပြီ၊ အစ်ကိုအေးနေပြီလားလို့ တွေးမိတာပါ"


မဒမ်ရှစ်က သမီးဖြစ်သူသည် သူ့အစ်ကိုအား စိတ်ပူနေသဖြင့် ပြုံးပြီး


 "ဧကရာဇ်အတွက် အလုပ်လုပ်ရတာဟာ ငါတို့ရှစ်မျိုးနွယ်ရဲ့ ဂုဏ်ယူစရာပဲ...စိတ်မပူပါနဲ့ သမီးအစ်ကိုအတွက် အနွေးထည်လေးလုပ်ခိုင်းပြီး ပေးထားတယ်၊  အရမ်းမအေးလောက်ပါဘူး"


ရှစ်ဖေးရှန့်က အတင်းပြုံးပြီး "ကောင်းပါတယ်"


မဒမ်ရှစ်ကို တခြားသူများက စကားပြောလာသောကြောင့် သူမသည် သမီးဖြစ်သူ၏ ထူးဆန်းသောအပြုအမူကို သတိမပြုမိခဲ့ပေ။သူမ ခေါင်းကို လှည့်ပြီး သူ့ဘေးမှာ ထိုင်နေသည့် သခင်မများ၊ ကတော်များနှင့်  စကားပြောလိုက်၏။


ပန်းဟွာသည် ယင်းရှစ်ထံသို့ လျှောက်သွားကာ ထိုင်လိုက်သည်။ သူမ လက်ကို ယင်းရှစ်၏နွေးထွေးသော လက်ဖဝါးထဲသို့ထည့်လိုက်ပြီး လက်ကိုပွတ်သပ်လိုက်သည်။


 "သမီး လက်က ဘာလို့အေးနေတာလဲ" ယင်းရှစ်က သူမ၏ နန်းတော်ဝတ်စုံကို ကိုင်လိုက်ပြီး လက်ဖဝါးကို ကိုင်လိုက်သည်။ "သမီးက အလှအတွက် အအေးဒဏ်ကိုတောင် မကြောက်ဘူးပဲ"


 "အစကတော့ မအေးပါဘူး၊ ဒါပေမယ့် လမ်းမှာ သနားစရာ ကောင်းတဲ့ အစေခံလေးကိုတွေ့လိုက်ရတယ်၊ ဒါကြောင့် သူ့ကို အနွေးအိတ်ပေးခဲ့လိုက်တာ" ပန်းဟွာက ယင်းရှစ်နှင့် ပိုနီးကပ်လာကာ "အမေက အရမ်းနွေးထွေးတာပဲ"


 "အမေက သမီးထက် ပိုထူတဲ့အဝတ်အစားတွေ ဝတ်ထားလို့လေ၊ သမီးအဖေက သမီးကို ဘယ်လောက်တောင် မြှောက်ပင့်ပြောပြီး အလိုလိုက်ထားလဲကြည့်စမ်း၊ချမ်းချမ်းစီးစီးကို အလှကြိုက်တာနဲ့ပဲ ဝတ်စုံအပါးလေး ဝတ်ထားရတယ်လို့"

 

ပန်းဟွာက မရှင်းပြဘဲ ယင်းရှစ်ကို ပြုံးရုံသာပြုံးလိုက်သည်။ 


 "အိမ်ရှေ့စံနဲ့ အိမ်ရှေ့မင်းသမီးတို့ ရောက်လာကြပါပြီ"


ထိုအခါ ယင်းရှစ်နှင့် ပန်းဟွာတို့သည် အဝတ်အစားများကို သပ်ရပ်သွားအောင် ဆွဲဆန့်ပြုပြင်ပြီး အိမ်ရှေ့စံနှင့် အိမ်ရှေ့စံမင်းသမီးတို့ကို ကြိုဆိုရန် မတ်တပ်ရပ်လိုက်လေသည်။


 အိမ်ရှေ့စံမင်းသမီးရှစ်သည် လက်မထပ်မီက သူမ၏ ကြင်နာတတ်ပြီး လူတန်းစားမခွဲခြားသည့်စိတ်ထားနှင့်ရိုသေလေးသမှုရှိခြင်းတို့ကြောင့် နာမည်ကြီးခဲ့သည်။ အရှေ့နန်းတော်မှာ လက်ထပ်ပြီး အိမ်ရှေ့စံမင်းသမီးဖြစ်လာသောအခါ၊ပို၍ပင် စိတ်ထားကနူးညံ့လာသည်။ သူမသည် ညီမဖြစ်သူ ရှစ်ဖေးရှန့် လောက် လှပပြီး အရည်အချင်းမရှိသော်လည်း မြို့တော်ရှိ နာမည်ကြီး အမျိုးသမီးတစ်ဦး ဖြစ်နေဆဲပင်။


 သူမနှင့် အိမ်ရှေ့စံတို့သည် အဆင့်အတန်းချင်း တူညီသည်ဟု ဆိုနိုင်သည်။ တစ်ခုတည်းသော ပြစ်ချက်က သူမနှင့် အိမ်ရှေ့စံတို့မှာ အိမ်ထောင်သက် လေးနှစ်ရှိပြီ ဖြစ်သော်လည်း သားတော်လေးတစ်ပါး မဖွားမြင်သေးတာပင်။အိမ်ရှေ့စံက ဤအကြောင်းကို ဘာမှ မပြောသော်လည်း ဒုတိယမင်းသား လက်ထပ်တော့မည့်အချိန်မှာ သူမ ပိုပိုပြီး စိုးရိမ်လာခဲ့သည်။


ပင်မခန်းမထဲသို့ မဝင်မီ အိမ်ရှေ့စံက သူမ၏လက်ကို ဆုပ်ကိုင်ကာ ပြုံးပြသည်။ သူမ ဘေးပတ်ပတ်လည်ကို လှမ်းကြည့်ကာ တိုးတိုးလေးပြောမိသည်။


 "အရှင့်သား ဒီအပြုအမူက စည်းကမ်းနဲ့ ဆန့်ကျင်နေပါတယ်"  ချက်ချင်း အိမ်ရှေ့စံ၏ လက်ဖဝါးမှ သူမ လက်ကို ဆွဲထုတ်လိုက်သည်။


 အိမ်ရှေ့စံသည် မချိတင်ကဲ  ပြုံးကာ အတွင်းခန်းထဲသို့ သူမနှင့်အတူ လျှောက်သွားသည်။ သို့သော်လည်း သူမသည် သူ့နောက်မှာ ခြေတစ်လှမ်း တစ်ဝက် နောက်ကျကျန်ခဲ့သည်။


 "မင်္ဂလာပါ အိမ်ရှေ့စံနဲ့ အိမ်ရှေ့စံမင်းသမီး"


ကော်ဇောသည် အလွန်နူးညံ့အိစက်လှသည်။ အိမ်ရှေ့စံမင်းသမီးသည် ဘေးနားက လူများ၏ ငုံ့နေသော ခေါင်းများကိုငုံ့ကြည့်ပြီး ကျေနပ်စွာပြုံးလိုက်သည်။


ပန်းဟွာကို ဖြတ်လျှောက်လာသောအခါ သူမ၏ ခြေလှမ်းများ‌ နှေးကွေးသွားသည်။ သူမ အကြည့်များသည် ပန်းဟွာ၏ဆံပင်ရှိ သွေးနီရောင် ကျောက်မျက်ရတနာ ဆံထိုးပေါ်တွင် ရောက်သွားသည်။ အနီရောင်သည် အနည်းငယ် တောက်ပနေ၏။


 အိမ်ရှေ့စံသည် အနာဂတ်ဧကရာဇ်ဖြစ်သည်။ သူ၏ထိုင်ခုံသည် ဧကရာဇ်ထက်နိမ့်သော်လည်း အခြားအရာရှိများထက် မြင့်မားသည်။ အိမ်ရှေ့စံတို့အကြင်လင်မယား လင်မယား မထိုင်မီ အရာရှိများ ခေါင်းမော့လာကြ၏။ အိမ်ရှေ့စံက မထိုင်သေးဘဲ


 "အားလုံးထိုင်ပါ...ဒီနေ့ဟာ ဖခမည်းတော်ရဲ့ မွေးနေ့ကိုဂုဏ်ပြုတဲ့နေ့ပဲ၊အားလုံးပဲ ဒီလောက် ယဉ်ကျေးနေဖို့ မလိုဘူး" 


 အိမ်ရှေ့စံသည် ကြင်နာသနားတတ်သူဖြစ်၍ အရာရှိများကြားတွင် အလွန်ရေပန်းစားခဲ့သည်။ သို့သော် ဒုတိယမင်းသားသည် အမြဲတမ်း ရိုင်းစိုင်းတာကြောင့် အရာရှိများကြားတွင် ရေပန်းစားခြင်းမရှိပေ။  ဒုတိယမင်းသားသည် အိမ်ရှေ့စံနှင့် ကြင်ယာတော်တို့ အပြုအမူကို ကြည့်ပြီး မဲ့ကာရွဲ့ကာဖြင့် တခြားလူများကို ဂရုမစိုက်ဘဲ  ဦးညွှတ်ပြီးနောက် ချက်ချင်းထိုင်ကြလိုက်၏။ ကျင့်ဝတ်ကိုတောင် မထီမဲ့မြင်ပြုဝံ့သူပင်။


ပန်းဟွာသည် ဒုတိယမင်းသားနှင့် မျက်နှင်ချင်းဆိုင်ထိုင်ရသဖြင့် ဒုတိယမင်းသား၏ လုပ်ရပ်ကို သတိပြုလိုက်မိ၏။သူမ စိတ်ထဲမှ အလိုက်မသိတတ်သည့်သူ့ကို ရှုံ့ချပြောမိသည်။လူကြားထဲမှာ သိက္ခာတောင်မဆည်နိုင်တော့ဘူး...  မြန်မြန် သေချင်ပြီနဲ့ တူတယ်...


အိမ်ရှေ့စံသည် သူနှင့် တစ်မအေတည်းမှ မွေးလာသာ အစ်ကိုအရင်းပင်။ဒါတောင်မှ လူတွေရှေ့မှာ အိမ်ရှေ့စံကို မထီမဲ့မြင်ပြုရတယ်လို့...  အိမ်ရှေ့စံ နန်းတက်သောအခါ သူ၏ ညီတော်အား မကြာခဏအပြစ်ပေးမှ တော်ကာကျမည်။


ပန်းဟွာက သူမကိုယ်သူမ သရုပ်ဆောင်တော်သည်ဟု ခံစားရသည်။ဒုတိယမင်းသားနှင့် ယှဉ်လျှင်ပင် သူမက ပို၍လိမ္မာပါးနပ်သည်။


တစ်ဖက်တွင် ဒုတိယမင်းသားသည် ဒေါသကို ထိန်းထားရသည်။ ပန်းဟွာက သူ့ကိုကြည့်နေသဖြင့် သူကလည်း သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပေးလိုက်၏။ မင်းဘာကြည့်နေတာလဲ ၊ ယောက်ျားတစ်ယောက်ကို မမြင်ဖူးဘူးလား။


ပန်းဟွာ သူ့ကို မျက်စောင်းထိုးလိုက်သည်။ကျွတ်၊ ရုပ်ကလည်း အိမ်ရှေ့စံလောက် မချောတဲ့အပြင် အကျင့်ကလည်း ဆိုးသေး... 


 အကြောင်းပြချက်တစ်ခုခုကြောင့် ကျန်းလောသည် ပန်းဟွာကိုမြင်လိုက်ရသောအခါ သူ့ဒေါသများ တိုးလာသည်ကို ခံစားလိုက်ရသည်။သူမကြောင့် နန်းတော်ထဲမှာ ပိတ်လှောင်ခံထားသည်ကို တွေးရင်းနှင့် သူမကို တစ်စစီ ဆုတ်ဖြဲပစ်ချင်သော်လည်း...သူ မလုပ်ရဲပေ။ 


ပန်းဟွာက အလွန်ယုတ်မာပြီး အရှက်မရှိသူဖြစ်သည်။ သူ ဖခမည်းတော်ရှေ့မှာ ပလီပလာနှင့် ဉာဏ်များခဲ့သည်ကိုပင် ခမည်းတော်ကလည်း သူမစကားကို ယုံသွား၏။ယခုမှ ခမည်းတော်၏ မွေးနေ့ကြောင့်သာ သူ နန်းတော်အပြင်ကိုထွက်လာခွင့်ရခဲ့သည်။


 ဒုတိယမင်းသားက ပန်းဟွာအား စိုက်ကြည့်နေသည်ကို မင်းသားဘေးမှာ ထိုင်နေသူများလည်း သတိထားမိသွား၏။ သူတို့ ရုတ်တရက် သဘောပေါက်သွားသည်။ 


ဘယ်ယောက်ျားပဲဖြစ်ဖြစ် သိပ်လှပတဲ့ မိန်းကလေးကိုဆို သိပ်ကြာကြာမကြည့်ရဲဘဲ မြန်မြန် မျက်နှာလွှဲပစ်ကြရတာပဲ...


ဒုတိယမင်းသားက ပန်းဟွာကျွင်းကျူး နှင့် မတည့်ဘူးဆိုသည့်အကြောင်း ကောလဟာများ ထွက်နေသည်။ ဤအတိုင်းဆို ကောလဟလများက အမှတ်ဖြစ်ပုံရသည်။ အကြောင်းမှာ ပနဟွာကျွင်းကျူးကို စိုက်ကြည့်နေသာ့် သူ့အကြည့်တို့က စူးရှပြင်းထန်နေတာကြောင့်ပင်။


 ဧကရာဇ်၏မွေးနေ့တွင် ဧကရာဇ်စိတ်မချမ်းသာစေသော မြင်ကွင်းကို မည်သူမျှ မဖန်တီးဝံ့ကြပေ။ ချောမောလှပသော ဧကရာဇ်၏ ကိုယ်လုပ်တော် ကွယ်လွန်သွားသည့်တိုင် သူတို့မျက်နှာပေါ်တွင် ပြုံးထားခဲ့သည်။


ထို့ကြောင့် ဧကရာဇ် ယွင်ချင် နှင့် ဧကရီတို့ နန်းတော်၌ ပေါ်လာသောအခါ၊ အရာရှိများအားလုံး မျက်နှာထားကို အချိုသာဆုံးဖြစ်အောင် ပြင်လိုက်ကြလေသည်။တစ်ချို့အရာရှိများဆို ရုပ်ဆိုးရသည့်ကြားထဲ၊သွားအကုန်ပေါ်အောင် အတင်းပြုံးနေကြလေသည်။ဧကရာဇ်နှင့် ဧကရီတို့ နှစ်ယောက်စလုံးသည်ပင် စပ်ဖြဲဖြဲ လုပ်နေသူများထံမှ အကြည့်လွှဲကာ သာမာန်မျက်နှာထားမျိုးရှိသော သူတို့အား ကြည့်လိုက်ကြရ၏။ 


ဟာ ဒီသခင်လေးက မဆိုးဘူးပဲ၊ ဒီသခင်မလေးကလည်း လှတယ်လို့ ဆိုနိုင်တယ်...သို့သော် ဘယ်မချိန်ကြည့်ကြည့် ကြည့်ကောင်းနေသူကတော့ မြို့စားမင်းရုံပင်ဖြစ်သည်။သူက ယောက်ျားလေးများအားလုံးတွင် ရုပ်အချောဆုံးဖြစ်သည်။အဝေးကကြည့်လိုက်ပါက၊သူ့မျက်နှာက ကွက်ပြီးထင်းနေ၏။ ဧကရီ စိတ်ထဲဝယ် သမီးတော်တစ်ယောက် မမွေးဖွားရခြင်းအတွက် နှမြောသွားမိသည်။ရုံရှား၏ ဥပဓိရုပ်က မင်းသမီးတစ်ပါး၏ ကြင်ယာတော်ဖြစ်ရမှာပင်။ 


 နန်းတော်တွင် မင်းသမီးများစွာရှိသော်လည်း ကိုယ်လုပ်တော်များ၏ သမီးတစ်ယောက်နှင့်တော့ ရုံရှားကို သူမ သဘောမတူနိုင်ပေ။  ဤသည်မှာ ဧကရီဖြစ်သည့် သူမ၏ မာနဖြစ်သည်။


ပန်းဟွာကျွင်းကျူးသည် ယနေ့တွင် အလွန်လှပစွာ ၀တ်ဆင်ထားသည်။  သူမသည် အခြားသော သခင်မလေးများ၊ကျွင်းကျူးများထက် ပို၍ ဆွဲဆောင်မှု ရှိသည်။ သူမ သမီးလေးသာဆိုလျှင် နေ့တိုင်း ပန်းဟွာအား အဝတ်လှလှလေးများ ဆင်ပေးချင်မိသည်။


 ဧကရီက ပန်းဟွာကို ပြုံးပြပြီး ပန်းဟွာကလည်း ရင်းနှီးစွာပြန်ပြုံးသည်။


ဧကရီသည် အသက်ကြီးလာသည်နှင့်အမျှ ဤကဲ့သို့ သွက်လက်ပြီး လှပသော မိန်းကလေးမျိုးကို နှစ်သက်သည်။ စည်းကမ်းကို လိုက်နာပြီး အရည်အချင်းရှိသည့် ကောင်မလေးမျိုးဆို သာ၍ကြိုက်သည်။သို့သော် သူမ၏  ဒုတိယမင်းသားကလည်း ဘယ်လလို အတွေးများ တွေးနေမှန်းမသိ။ မိန်းမလှလေး ပန်းဟွာကိုပင် လက်မောင်းကို ထိခိုက်အောင်လုပ်၏။သူမ၏ သားတော်ဖြစ်နေတာကြောင့်ပင်။တခြားသူသာဆိုလျှင် သေဒဏ်တောင် သူမ ပေးမိပေမည်။  


 ဧကရီသည် ဖီးနစ်ထိုင်ခုံပေါ်တွင် ဂုဏ်သိက္ခာရှိစွာ ထိုင်နေ၏။ သူမသည် အပြုံးအရယ် နည်းပါးသောကြောင့် အတွင်းနန်းတော်ရှိ မောင်းမမိဿံများ အားလုံးက သူမကို ရှိန်ကြသည်။သူမကို မာနကြီးပြီး အထက်စီးဆန်သည်ဟုပင် ပြောကြလေ၏။ တရာရုံးက အရာရှိကတော်များကလည်း ထိုအတိုင်းပင် တွေးသည်။ ဧကရီရှေ့တွင်၊ သူတို့ အမြဲတမ်း ရိုသေစွာ နေထိုင်ပြုမူကြပြီး သူမ ဒေါသဖြစ်မှာ ကြောက်ကြသည်။


 ဧကရာဇ်နှင့် ဧကရီတို့ရှေ့တွင် အားလုံးက ဧကရာဇ်၏ မွေးနေ့ကို ဂုဏ်ပြုစကားဆိုကြသည်။


ထုံးစံအတိုင်း ချီးမွမ်းစကား အမျိုးမျိုး ဆိုကြသည်။ ထုံးစံအတိုင်း တခြားလက်အောက်ခံနိုင်ငံများမှ သံတမန်တို့ကက လက်ဆောင်များ ပေးသည်။ပန်းဟွာသည် မေးစေ့ကို ထောက်ထားရင်း တယဲ့မင်းဆက်၏တရားဝင်ဘာသာစကားဖြင့် သံတမန်များက နှုတ်ခွန်းဆက်သသည်ကို နားထောင်သည်။  ရံဖန်ရံခါ သူမ သမ်းချင်စိတ် ပေါက်လာလျှင် လက်ဖက်ရည်သောက်ပစ်ရသည်။


လက်အောက်ခံနိုင်ငံများက စိတ်ဝင်စားဖို့ကောင်းသည်။ သူတို့၏ မြှောက်ပင့်စကားတို့သည် တယဲ့မင်းဆက်၏ အရာရှိများထက်ပင် ပို၍ သာနေသေး၏။နှစ်စဉ်နှစ်တိုင်း သူတို့ထံမှ မြှောက်ပင့်ပြောဆိုမှုများစွာကို သူမပင် အလွတ်ရနေလေပြီ။


 "ဧကရာဇ်ဟာ အပြာရောင်ကောင်းကင်မှာ ပျံသန်းနေတဲ့ လင်းယုန်ပါပဲ၊ အရှင်မင်းကြီးဟာ ကျွန်တော်တို့ညနိုင်ငံကိုပါ တိုးတက်အောင် ဆောင်ရွက်နိုင်ပါပေတယ်"


ထိုစကားကိုကြားသော် ပန်းဟွာက ယင်းရှစ် နားကိုကပ်၍ တီးတိုးပြောလိုက်သည်။ "သူ အရင်နှစ်ကတုန်းကတော့ နွားလားဥဿဘလို့တောင် ပြောခဲ့တာမလား"


ယင်းရှစ် ရယ်ချင်စိတ်ကို မထိန်းနိုင်လောက်အောင်ဖြစ်ကာ ပန်းဟွာကို လက်တို့ရသည်။ "ဟွာဟွာ ဒုက္ခမပေးစမ်းနဲ့"


 "ဧကရာဇ်" 


လက်အောက်ခံတိုင်းပြည်မှ သံတမန် ထွက်ခွာသွားပြီးနောက် ဧကရာဇ်သည် ဧကရီ၏နားကိုကပ်၍ တိုးတိုးလေးပြောသည်။ "ဒီနိုင်ငံက မနှစ်တုန်းက ခြင်္သေ့လို့ ကိုယ့်ကို ပြောတာမလား"


 "အရှင်မင်းကြီး" 


ဧကရီ၏နှုတ်ခမ်းများသည် အနည်းငယ် လှုပ်ရှားသွားသော်လည်း သူမ၏ မျက်နှာအမူအရာမှာ များစွာပြောင်းလဲခြင်းမရှိပေ။ "မဟုတ်ဘူး၊မနှစ်က ကျားလို့ ပြောတာ" 


 "တကယ်လား"  


ဧကရာဇ် ယွင်ချင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ကို ချီးမွမ်းသူက များလွန်း၍ ဘယ်သူက ဘာပြောမှန်းပင် သေချာမသိတော့။


 ဧကရီက ပြတ်ပြတ်သားသား ခေါင်းညိတ်သည်။


"ဟုတ်တယ်"


 ဧကရီအနားမှာ ရှိသည့် ဝမ်ကုန်းကုန်း က အနည်းငယ် လှုပ်ရှားသွားသည်။


 မဟုတ်ပါဘူး၊မနှစ်တုန်းက ဧကရာဇ်ကို နွားလားဥဿဘလို့ ပြောတာပါ... 


 ဧကရာဇ် ယွင်ချင်၏မွေးနေ့သည် အလွန်အသက်ဝင်လျက်ရှိသည်။ မွန်းလွဲပိုင်း ဧည့်ခံပွဲအပြီးတွင် တာဝန်ရှိသူများနှင့် သံတမန်များသည် သီဆိုကပြဖျော်ဖြေမှု မျိုးစုံကို ကြည့်ရှုအားပေးကြသည်။ တယဲ့မင်းဆက်၏ ဖျော်ဖြေပွဲများနှင့် လက်အောက်ခံနိုင်ငံများကလည်း ဖျော်ဖြေသဖြင့် အတော်လေးစိတ်ဝင်စားဖို့ကောင်းသည်။


 “အရှင်မင်းကြီး” ဆက်စပ်နိုင်ငံတစ်ခု၏ မင်းသားတစ်ပါးက ဆိုသည်။


"ကျွန်တော်တို့ရဲ့ နိမ့်ကျတဲ့နိုင်ငံကနေ သတင်းတစ်ခုကြားရပါတယ်၊ဒါကတော့ ဒီနိုင်ငံမှာ အရမ်း လှပပြီး ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ရှိတယ်တဲ့...ကျွန်တော် သူမကို အရမ်းလက်ထပ်ချင်စိတ်ဖြစ်မိပါတယ်၊ဒါကြောင့် အရှင်မင်းကြီး သူမကို ကျွန်တော့်ကြင်ယာတော်အဖြစ် လက်ထပ်လို့ရပါသလား" 


 ဧကရာဇ် ယွင်ချင်၏ မျက်နှာအမူအရာမှာ အေးခဲသွားသည်။မိန်းမလှလေး.… သူ့အရီးတော်ရဲ့ မြေးဖြစ်မလား...


 "မင်းသားပြောနေတာ ဘယ်သူလဲ"  ဧကရာဇ် ယွင်ချင်သည် ငြင်းဆန်ရန် နူးညံ့သိမ်မွေ့သော နည်းလမ်းကို တွေးတောရင်း စိတ်ထဲတွင် တုန်လှုပ်သွားသည်။


“သူမရဲ့ မျိုးရိုးနာမည်က ရှစ်လို့ ပြောကြပါတယ်၊ ကဗျာနဲ့ ပန်းချီရေးတာ တော်တယ်တဲ့၊ သူမက အရမ်းဉာဏ်ကောင်းတယ်လို့လည်း ဆိုပါတယ်၊ ကျွန်တော်က ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုကို အရမ်းသဘောကျပါတယ်၊ ဒါကြောင့် ဒီနိုင်ငံရဲ့ ကျင့်ဝတ်နဲ့ ယဉ်ကျေးမှုကို လေ့လာပြီး အရမ်း လှပပြီး ဉာဏ်ရည်ထက်မြက်တဲ့ မိန်းကလေးနဲ့ လက်ထပ်မယ် ၊ပြီးရင် ကျွန်တော်လည်း ဒီမှာပဲ အခြေချဖို့ အစီအစဉ်ရှိပါတယ်"


ဧကရာဇ် ယွင်ချင် ချက်ချင်း သက်ပြင်းချလိုက်မိသည်။ တော်သေးတာပေါ့ ၊ ဟွာဟွာမဟုတ်လို့...သို့သော် ဤလက်အောက်ခံနိုင်ငံသည် သေးငယ်သောနိုင်ငံတစ်ခုမျှသာဖြစ်သည်။ ဝန်ကြီးချုပ်၏သမီးက သူတို့နဲ့ ဘယ်လိုလုပ် လက်ထပ်မှာလဲ... 


 သူက မျက်နှာပျက်နေသော ရှစ်ချုံးဟိုင်ကိုကြည့်ကာ ပြုံးရင်းပြောသည်။


 "မင်းသား... အကျင့်သီလကောင်းပြီး ချောမောလှပတဲ့ မိန်းမဆိုတာ လူကြီးလူကောင်းနဲ့ပဲ လိုက်ဖက်တယ်လို့ တယဲ့မင်းဆက်မှာ ဆိုရိုးစကားရှိပါတယ်၊ မင်းသားက မိန်းကလေးရှစ်ကို ကြိုက်တယ်ဆိုရင် သူမ အချစ်ကို ရဖို့  ယောက်ျားတစ်ယောက်ရဲ့ နည်းလမ်းကို သုံးသင့်ပါတယ်၊ မင်းသား ဘယ်လိုထင်လဲ"


 လက်အောက်ခံတိုင်းပြည်၏ မင်းသားသည် ဤစကားကိုကြားသောအခါ "အရှင်မင်းကြီး ပြောတာသိပ်မှန်ပါတယ်၊ ဒါဆို ကျွန်တော့်ရဲ့ လက်ထပ်ခွင့်ကို မိန်းကလေးရှစ်က ဘယ်လိုလုပ်မှ သဘောတူနိုင်မှာပါလဲ" 


တယဲ့မင်းဆက်၏ အမှုတော်ဆောင်များသည် လက်အောက်ခံတိုင်းပြည်၏ မင်းသားကို ကြည့်လိုကကြသည်။သူ့ပုံပန်းသဏ္ဍာန်က မဆိုးသော်လည်း သူ့အသားအရည်က နည်းနည်း ညိုမဲပြီး ကြမ်းတမ်းနေသည်။ ထို့နောက် သူနှင့်မဝေးသောနေရာမှာ ထိုင်နေသည့် ရုံရှားကိုကြည့်ကာ သူတို့အားလုံး ညီညီညွတ်ညွတ် ခေါင်းယမ်းလိုက်ကြသည်။


ရှစ်ချုံးဟိုင်၏ မျက်နှာကတော့ အလွန်ပျက်ယွင်းနေရလေပြီ။ ထိုသူက လက်အောက်ခံတိုင်းပြည်၏ မင်းသားမဟုတ်ပါက၊သူ့ကို နယ်စားမင်းရှစ်ကိုယ်တိုင် ရိုက်နှက်လိမ့်မည်ဟု ပန်းဟွာ ယုံကြည်၏။ 


 သို့သော် ဝန်ကြီးချုပ်သည် အမှန်ပင် လူကြီးလူကောင်းဆန်၏။တခြားတိုင်းပြည်က မင်းသားလေးသည် သမီးဖြစ်သူအား လက်ထပ်ချင်သည်ဟု ပြောနေသော်ငြား၊သိက္ခာမကျအောင် ထိန်းထားနိုင်ပေသည်။


"အရှင်မင်းကြီး၊ ဒီနေ့က အရှင်မင်းကြီးရဲ့ မွေးနေ့ပါ၊ ဒီကိစ္စကို အသေးစိတ် ဆွေးနွေးဖို့ အချိန် မကျပါဘူးလို့ ကျွန်တော် ထင်ပါတယ်"

ရှစ်ချုံးဟိုင်က ပြုံးလျက်ပြောသည်။  


"ဟုတ်တယ် ဝန်ကြီးချုပ် ပြောတာမှန်တယ်” မင်းသားက ခေါင်းညိတ်သည်။  "အသေးစိတ် ဆွေးနွေးဖို့ မနက်ဖြန်ကျမှ ဝန်ကြီးချုပ်ရဲ့အိမ်ကို ကျွန်တော် လာခဲ့မယ်"


ပန်းဟွာသည် ရှစ်ချုံးဟိုင်၏ မျက်နှာက ခဏတာပျက်သွားကြောင်း သိသော်လည်း၊သူက သတိမထားမိလောက်အောင် ကောင်းစွာ ဝှက်ထားနိုင်ခဲ့သည်။ထိုစဉ် ပန်းဟမ်က သူမကို မှီပြီး "အစ်မလည်း မျက်နှာကို ဖုံးထားရင် ပိုကောင်းမယ်၊ အဲ့ဒီမင်းသားက အစ်မကို သဘောကျရင် ဘယ်လိုလုပ်မလဲ"


ယင်းရှစ်သည် လက်ဖက်ရည်သောက်ကာ ပြောလိုက်သည်။


 "သူက သေးငယ်တဲ့ နိုင်ငံက မင်းသားလေးပဲ၊ တယဲ့မင်းဆက်ရဲ့ မြင့်မြတ်တဲ့ မိန်းကလေးကို ရွေးချယ်နိုင်မယ်လို့ မင်းထင်လား၊စိတ်မပူပါနဲ့၊သူ မင်းအစ်မကိုနေနေသာသာ ရှစ်မိသားစုရဲ့သမီးနဲ့တောင် လက်ထပ်လို့မရဘူး"


ထိုအဖြေကိုကြားမှ ပန်းဟမ် စိတ်သက်သာရာ ရသွား၏။ သူထိုင်ရာသို့ ပြန်သွားပြီး ပန်းဟမ်ကို ထပ်မံ ချော့မော့လိုက်သည်။


"သူမက အစ်မ လောက်မလှပါဘူး၊ 'အရမ်းလှတယ်' ဆိုတဲ့ စကားလုံးက သူမနဲ့ မလိုက်ဖက်ဘူး"