အပိုင်း၅၀
Viewers 4k


Chapter.50


တစ်ခါတစ်ရံတွင် ဧကရာဇ်နန်းတော်သည် ကြီးမားသော်လည်း တစ်ခါတစ်ရံ သေးငယ်သလိုရှိသည်။ 


ပန်းဟွာသည် နေ့ခင်းဘက်တွင် လက်ဖက်ရည် အလွန်အကျွံသောက်ထားသဖြင့် အိမ်သာသုံးရန် ခန်းမအနောက်ဘက်သို့ သွားလိုက်သည်။ သူမ ပြန်ထွက်လာပြီး သိပ်မကြာခင်မှာပဲ ရုံရှားကိုတွေ့လိုက်ရ၏။


“ကြည့်ရတာ မြို့စားမင်းရုံလည်း လက်ဖက်ရည်အများကြီးသောက်ထားလို့ သွားဖြေလျှော့တယ်နဲ့တူတယ်" 


ထိုအတိုင်းပြောပြီးနောက် သူမကိုယ်သူမ ရူးများနေပြီလားဟု ခံစားလိုက်ရသည်။  ဟာ...ဒီလိုမေးရတာ ရှက်စရာကောင်းလွန်းတယ်လေ..


 "ဟုတ်တယ်၊ တိုက်ဆိုင်လိုက်တာ"  


ပန်းဟွာ၏ နှုတ်ဆက်စကားက အထူးအဆန်းဖြစ်နေ၍ ရုံရှား ရယ်မောလိုက်သည်။ 


 "အပြင်မှာ မျက်လှည့်ဖျော်ဖြေပွဲတွေ ရှိတယ်၊ မင်းသမီး စိတ်မဝင်စားဘူးလား"


 "ကျွန်မ အိမ်မှာ မျက်လှည့်ဆရာတွေကို မကြာခဏ လာဖျော်ဖြေခိုင်းတာဆိုတော့ စိတ်ဝင်စားစရာမရှိပါဘူး၊ပြီးတော့ ဧည့်ခံပွဲမှာလည်း နည်းနည်းနေရခက်တယ်လေ"


မင်းသားက မိန်းကလေးရှစ်ကို လက်ထပ်ခွင့်တောင်းလာကတည်းက၊ အထူးသဖြင့် အခန်းတွင်းရှိ အငွေ့အသက်သည် အနည်းငယ် အဆင်မပြေဖြစ်ခဲ့သည်။ ရှစ်ဖေးရှန့်၏ မျက်နှာသည် အေးစက်လွန်းသဖြင့် ရေခဲတုံးဖြစ်လုနီးပါးပင်။ ပန်းဟွာသည် ရှစ်ဖေးရှန့်ကို မကြိုက်သော်လည်း တိုင်းတစ်ပါးမှ မင်းသားက ရှစ်ဖေးရှန့်နှင့်မထိုက်တန်ဟု ထင်မိသည်။ရှစ်မိသားစု မျက်နှာပျက်နေသည်မှာ အံ့သြစရာမရှိချေ။


 သူမ ရုံရှားကို တစ်ချက် ခိုးကြည့်မိသည်။ ရှစ်ဖေးရှန့်က သူ့ကို သဘောကျတယ်ဆိုတာ သူတစ်ကယ်မသိခဲ့တာလား...ရှစ်ဖေးရှန့်က ရုံရှားကို သဘောကျနေတယ်ဆိုတာ သူမတောင်သိတယ်... ရုံရှားကတော့ အဲဒါကို သတိမထားမိဘူးပဲ..


"တစ်ကယ်လို့ အဲ့ဒီမင်းသားက တယဲ့က အမျိုးသမီးနဲ့ လက်ထပ်နိုင်ပြီး တယဲ့ မှာ နေဖို့ ဆန္ဒရှိမယ်ဆိုရင်လည်း ကောင်းပါတယ်" ပန်းဟွာ ခိုးကြည့်နေသည်ကို ရုံရှား သတိထားမိပြီး သူ့မျက်နှာပေါ်က အပြုံးမှာ ပိုနူးညံ့လာသည်။ "ဒါပေမယ့် မိန်းကလေးရှစ် မဖြစ်သင့်ဘူး"


ဧကရာဇ်သည် ရှစ်မိသားစုကို အရေးပါသောရာထူးတစ်ခု အပ်နှင်းထားသည်ဖြစ်၊ လက်ယာဝန်ကြီးချုပ်၏သမီးသည် ပြင်ပလူနှင့် လက်ထပ်၍မရနိုင်ပေ။ပန်းဟွာက ဤအကြောင်းအရာကို စိတ်မဝင်စားနိုင်မှန်း သူ သိနေသောကြောင့် ဆက်မပြောတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်၏။ 


"မင်းသမီး၊ ဒီနေ့ အရမ်းလှတယ်၊မင်း တံခါးဝမှာ ပေါ်လာတော့ ကိုယ် အသိစိတ်တောင် လွတ်သွားတော့မလိုပဲ"


ပန်းဟွာက ပြုံးပြီး "ဒီလက်ဝတ်ရတနာအစုံကို ပေးခဲ့တာက မြို့စားမင်းပါ၊ ကျေးဇူးတင်ပါတယ်"


 "အရမ်းလှပတဲ့ ကျောက်စိမ်းတုံးဟာ လှပတဲ့ မိန်းမပျိုတစ်ယောက်နဲ့ သိပ်ကို လိုက်ဖက်ပါတယ်၊ ကျွင်းကျူး မရှိရင် သူတို့လည်း ဘယ်လောက်တောင် လှပနိုင်မှာလဲ"  


ရုံရှား၏ အကြည့်သည် ပန်းဟွာ၏ နားရွက်များပေါ်သို့ ကျရောက်သွားသည်။


 "ကျွင်းကျူးက သူတို့ကို စစ်မှန်တဲ့အလှကို ပေးခဲ့တာပါ"


ပန်းဟွာသည် သူမ၏အလှနှင့် ပတ်သက်၍ ချီးကျူးစကားများစွာကို ကြားသိခဲ့ရသော်လည်း ဖခင်ဖြစ်သူ၊ မောင်လေးဟမ်မှလွဲ၍ ရုံရှားလို လေးလေးနက်နက် ချီးမွမ်းမည့်သူမရှိပေ။


 "ရှင်တို့ ပညာရတတ်တွေက စကားအရမ်း​ပြောတတ်​ကြတာပဲ"  


ပန်းဟွာက ပါးစပ်ကိုဖုံးပြီး ရယ်ချင်သော်လည်း၊ နှုတ်ခမ်းနီ ပျက်သွားမှာကို စိုးရိမ်တာကြောင့် အသာအယာပင်ပြုံးလိုက်သည်။


 "ကိုယ်ကလျှောက်ပြောတာမဟုတ်ပါဘူး၊ စိတ်​ထဲက​အတိုင်းပြော​နေတာပါ"  


ထိုစဉ် ရုံရှားသည် လေတိုက်နေသည်ကို တွေ့လိုက်ရ၍ သစ်ကိုင်းပေါ်ရှိ ဆီးနှင်းခဲများ ပန်းဟွာပေါ်သို့ ကျလာမည်ကို စိုးရိမ်သောကြောင့်၊သူမ ခေါင်းကို လက်ဖြင့်ကာထားလိုက်၏။ ထိုသစ်ပင်မှ ခပ်ဝေးဝေးသို့ လမ်းလျှောက်လာပြီးနောက်၊သူက ပန်းဟွာအား အသာအယာဦးညွတ်ကာ...  


"မင်းသမီးကို လန့်စေမိတဲ့အတွက် တောင်းပန်ပါတယ်"


သစ်ပင်ပေါ်မှ ပြုတ်ကျလာသည့် နှင်းခဲများက သူ့လက်ဖမိုးမှာ ရှိနေသည်ကို ပန်းဟွာ မြင်လိုက်ရ၏။သူမ ရှက်ကိုးရှက်ကန်းဖြင့် သူ့လက်ကို လက်ညှိုးထိုးပြပြီး "ကျွန်မ သုတ်ပေးရမလား"


"အဆင်ပြေပါတယ်" 


ရုံရှားက ဘာမှမဖြစ်ကြောင်းပြောကာ၊ သူမနှင့်ခပ်ခွာခွာမှာ နေလိုက်သည်။သူ့ပုံစံက တခြားအထွေအထူး ခံစားချက်မျိုးမရှိဘဲ၊ လုပ်ရိုးလုပ်စဉ်တစ်ခုအား စေတနာနှင့် လုပ်ပေးသလိုပင်။


ပန်းဟွာကတော့ သူ့အမူအရာနှင့် သူ့ခံစားချက်ကို သိပ်ပြီးမစဉ်းစားမိပေ။လောလောဆယ် ရုံရှားက သူမ အလှကို ချီးကျူးဂုဏ်ပြုခဲ့တာကိုပင် ဝမ်းသာနေမိသည်။ထို့ကြောင့် မနက်စောစောကတည်းက အိပ်ယာထပြီး ဝတ်စားထားရခြင်းမှာ အတော်တန်သည်ဟု ထင်မိ၏။ ကျင်းမြို့တော်တွင် လူအများ၏ အထင်ကြီးခြင်းကို ခံရသော သူ့လိုလူက တစ်ကယ်ပင် အမြင်ရှိမည်မှာသေချာ၏။


ရှဲ့ဝမ်ယွီသည် စင်္ကြံထောင့်တွင် ရပ်ကာ နှင်းတောထဲမှာ လျှောက်သွားနေသည့် ‌ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးငယ်ငယ် တစ်ယောက်ကို ကြည့်လိုက်သည်။ သူမ မျက်လုံးကို မယုံနိုင်လောက်အောင်ပင် လန့်သွားမိ၏။


သူမ လက်ထဲက လက်ကိုင်ပုဝါကို ဆုပ်ကိုင်လိုက်ပြီး အပြစ်ရှိစိတ်ဖြစ်လာကာ ခြေလှမ်းကို နောက်ပြန်ဆုတ်သွားမိသည်။ သူမ ဘာကြောင့် ပုန်းလိုက်မိမှန်းနားမလည်သော်လည်း သူတို့နှစ်ယောက်က သူမကို မြင်သွားမှာစိုးသည်။


ထိုစဉ် သူမနောက်က အစေခံမိန်းကလေးက “သခင်မလေး ဘာဖြစ်နေတာလဲ"


 "ဘာမှမဟုတ်ပါဘူး"


ရှဲ့ဝမ်ယွီက ခေါင်းခါပြီး ဥယျာဉ်ထဲသို့ အမြန်သွားခဲ့သည်။ဥယျာဥ်ထဲမှာ ဖျော်ဖြေပွဲအတွက် စင်မြင့်တစ်ခု တည်ဆောက်ထားပြီး လူအများအပြားလည်း ရှိနေသည်။


 "ဝမ်ယွီ ဘာလို့ဒီလောက် နမော်နမဲ့နိုင်ရတာလဲ"


ရှဲ့ဝမ်ယွီ ပြန်ရောက်လာသည်ကိုမြင်သော် ရှစ်ဖေးရှန့်က သူ့အနွေးအိတ်အား ပေးလိုက်သည်။


"နင့်ရဲ့ မေ့တတ်တဲ့အကျင့်ကို ဘယ်တော့ပြင်မှာလဲ၊ပြစမ်း လက်တွေ အေးနေတယ်မလား"


 "မအေးပါဘူး"  ရှဲ့ဝမ်ယွီ ခေါင်းယမ်းလိုက်သည်။ တစ်ကယ်လည်း သူမ၏ လက်ဖဝါးပေါ်တွင် ချွေးများပင်စို့နေသည်။သို့သော်လည်း သူမ ဘာကြောင့်မှန်း မသိ၊ရှစ်ဖေးရှန့်၏ ပြုံးနေသော မျက်နှာကိုကြည့်ပြီး၊ စောစောက ကျောက်ယန်ခန်းမတွင် ဒုတိယမင်းသားက ရှစ်ဖေးရှန့်အား ကြည့်ခဲ့သည်ကို ပြန်လည်သတိရလိုက်မိသည်။ထို့ကြောင့်၊ သူမ တွေ့ခဲ့သမျှကို ရှစ်ဖေးရှန့်အား ဖြစ်ကြောင်းကုန်စင် ပြောပြမနေတော့ပေ။


 "နင် တစ်ကယ်မအေးဘူးထင်တယ်၊နဖူးတောင် ချွေးတွေထွက်နေတယ်"  


ရှစ်ဖေးရှန့်သည် ရှဲ့ဝမ်ယွီ၏ နဖူးကို လက်ကိုင်ပုဝါဖြင့် သုတ်ရန်ပြင်လိုက်သည်။ သို့သော် ရှဲ့ဝမ်ယွီသည် ခေါင်းကို အနည်းငယ် စောင်းပြီး သူမ လက်ကိုရှောင်လိုက်သည်။


 "နေကောင်းပါတယ်၊ စင်ပေါ်မှာဘာတွေ ဖျော်ဖြေနေတာလဲ"  ရှဲ့ဝမ်ယွီ လက်ဖက်ရည်သောက်ရင်း ပြောလိုက်သည်။ လက်ဖက်ရည်သည် အနည်းငယ်အေးသော်လည်း သူမ၏နှလုံးကတော့ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ 


 "တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်"


ရှစ်ဖေးရှန့်လည်း စင်ပေါ်ကို မော့ကြည့်လိုက်သည်။ စင်မြင့်ပေါ်တွင် ဝါရင့် အဆိုတော်တစ်ဦးမှ သီချင်းဆိုနေသည်။ခဏကြာမှ သူမသည် ရှဲ့ဝမ်ယွီကိုင်ထားသော အေးနေသည့် လက်ဖက်ရည်ခွက်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။ တစ်ဖန် သူမ လှည့်ပြီး နန်းတော်အစေခံများကို ရှဲ့ဝမ်ယွီ အတွက် လက်ဖက်ရည်ပူပူတစ်ခွက် လဲခိုင်းလိုက်သည်။ထို့နောက် သူမသည် ရှဲ့ဝမ်ယွီနှင့်အတူ သီချင်းကို နားထောင်နေလေသည်။


 ကောင်းကင်ကြီးသည် တဖြည်းဖြည်း မှောင်လာသည်။ ဧည့်သည်များ ပတ်ဝန်းကျင်တွင် မီးလင်းဖိုများစွာ ရှိသော်လည်း အပြင်မှာထိုင်နေသည့်သူများအဖို့ အေးချမ်းမှုကို အံမတုနိုင်ပေ။ 


ပွဲစတော့မည်ဟု ကြားသောအခါ လူတိုင်း သက်ပြင်းချမိကြသည်။  ဘာကြောင့်မှန်းမသိ၊ယခုနှစ်ဆောင်းရာသီက အတော်အအေးပိုသည်။ ထူထဲသော သားမွေးကုတ်အင်္ကျီများ ၀တ်ထားသော်လည်း အအေးဓာတ်သည် အဝတ်များမှတဆင့် အရိုးများထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ထိန်းမနိုင်သိမ်းမရ ဖြစ်စေသည်။


နေ့ခင်းဘက်တွင် အပြင်ထွက်ပြီး ဖျော်ဖြေပွဲများကြည့်ကြ၍ ညစာစားပွဲမှာ လူတိုင်းပင် စားချင်စိတ်ကိုများလာ၏။အိန္ဒြေသိက္ခာအပြည့်နှင့်နေသော မင်းသမီးများပင်လျှင် နေ့လည်ကထက် သိသိသာသာ ပိုစားကြသည်။


အအေးဒဏ်ကြောင့် အစားအစာ၏ အပူချိန်နှင့် အရသာကို မထိခိုက်စေရန် တော်ဝင်စားဖိုချောင်မှ လူများသည် နည်းလမ်းများစွာကို တီထွင်ခဲ့ကြသည်။ပန်းဟွာဆီကို ပို့ရာမှာလည်း ပူပူနွေးနွေးဟင်းလျာများသာ ပို့ပေးလေသည်။သို့ရာတွင် တစ်ခုတည်းသောအားနည်းချက်မှာ သူတို့ တည်ခင်းထားသောဟင်းက သူမအတွက် လုံလောက်မှုမရှိခြင်းပင်။သူမကလည်း တခြားမိန်းကလေးများလို အစားအသောက်ဆင်ခြင်သူမဟုတ်။အကြိုက်တွေ့လျှင် တွေ့သ‌လောက် များများစားတတ်သည်။


 "ဟွာဟွာ၊ ဒီကလေးက အစားအသောက်နဲ့ ပတ်သက်ရင် အရမ်းဇီဇာကြောင်နေတုန်းပဲ၊ မကြိုက်တဲ့ဟင်းဆို တို့တောင်မကြည့်ဘူးနော်"


 ဧကရီက ညာဖက်ရှိ တော်ဝင်မင်းသမီးအား ပြောသည်။


"ဒါပေမယ့် တစ်နှစ်ပြီးတစ်နှစ် သူမက ပိုပြီး လှလာတယ်"


တော်ဝင်မင်းသမီးက ပြုံးပြုံးလေးပြောသည်။  "ဒါတွေအားလုံးက သူ့မိဘတွေက အလိုလိုက်ထားလို့လေ၊ ဧကရာဇ်ကလည်း သိပ်အလိုလိုက်လို အခုလို ဂျေးများနေရတာပဲ"


"ဒါပေမယ့် မြင့်မြတ်တဲ့ တော်ဝင်မိသားစုမှာ မွေးလာတဲ့ မိန်းကလေးတစ်ယောက်ဟာလည်း ဒီအတိုင်း ပေါ့ပေါ့ပါးပါးနေထိုင်ပြီး သူ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်ကြတာပါပဲ"


 "အခုကြည့်ပါလား၊ ဧကရီရဲ့ စကားတွေကလည်း သူမကို ဘက်လိုက်နေပါပြီ" မင်းသမီး တော်ဝင်က ပြုံးပြီး ခေါင်းခါလိုက်သည်။


 "သူမက ဘာမဆို ပေါ့ပေါ့ပါးပါး နေတတ်ထိုင်တတ်၊တွေးခေါ်ရုံတင်မကဘူး၊ စည်းကမ်းတွေဆိုလည်း မလိုက်နာဘူး၊ဘယ်သူ့ဆီက အကျင့်စရိုက်ကို အမွေရထားမှန်းမသိဘူး"


 ၎င်းသည် ကွယ်လွန်သွားသော ယခင်ကျင့်ထင်နယ်စားမင်း၏ ပင်ကိုယ်စရိုက်ဖြစ်မည်ဟု ဧကရီ ပြောလိုသည်။  သို့သော် ကျင့်ထင်နယ်စားမင်းသည် တော်ဝင်မင်းသမီး၏ ချစ်ခင်ရသော ခင်ပွန်းသည်ဖြစ်သလို၊ ကွယ်လွန်ပြီးသားသူဖြစ်နေ၍ သူမ ပြောလိုက်ပါက၊ တော်ဝင်မင်းသမီး စိတ်မချမ်းမြေ့မှာစိုးသည်။ထို့ကြောင့် သူမက


 “ဟွာဟွာက ကျွန်မတို့ တော်ဝင်မိသားစုနဲ့ စစ်တပ်မိသားစုဘက်က စရိုက်တွေရထားတာလေ၊ သူမအကျင့်က နှစ်ဖက်စလုံးက ဘိုးဘေးတွေအတိုင်းပဲ"


 တော်ဝင်မင်းသမီးသည် လက်ဖက်ရည်ခွက်ကို မြှောက်ကာ "ဧကရီပါ သူမဘက်ကို ပါတော့မယ်" 


လက်ဖက်ရည် တစ်ခွက်သောက်ပြီးနောက် တော်ဝင်မင်းသမီးသည် ပါးစပ်ထောင့်များကို သုတ်လိုက်ပြီး လည်ချောင်းအထိတက်လာသော သလိပ်များကို ထိန်းနိုင်သွားခဲ့သည်။  သူမ၏ ပါးပြင်များသည် အသက်နှစ်ဆယ်၊သုံးဆယ်ကျော် အမျိုးသမီးငယ်များကဲ့သို့ နှင်းဆီရောင်သန်းနေသည်။


ပွဲအပြီးတွင် နန်းတော်အတွင်း မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့သည်။ ပန်းဟွာသည် ကျောက်ယန်ခန်းမကြီးထဲတွင် ယင်းရှစ်နှင့်အတူ အခြားအရာရှိမှူးမတ်ကတော်များကြားတွင်  ရပ်နေလေသည်။အတန်ကြာသောအခါ၊သူမက ဧကရီအား ဦးညွှတ်ပြီးနောက် ယင်းရှစ်၏လက်ကို တွဲကာ နွေးထွေးသောခန်းမကြီးထဲမှ ထွက်လာခဲ့သည်။


 ခန်းမကြီးထဲမှ ထွက်လာသည့်အခိုက်တွင် လေအေးက သူမ မျက်နှာကို ရိုက်ခတ်လာသည်။ သူမက ကိုယ်ပေါ်ရှိ အင်္ကျီကို ဆွဲခြုံလိုက်ပြီး ယင်းရှစ်အား "သမီး အိမ်ပြန်ချင်တယ်၊ ရေနွေးကန်ထဲမှာ စိမ်‌ချင်နေပြီ"


 နွေးထွေးခန်းမကြီးထဲမှာ အချိန်အတော်ကြာအောင် နေပြီးနောက် သူမတစ်ကိုယ်လုံး ခြောက်သွေ့သွားသလို ခံစားလိုက်ရသည်။


ယင်းရှစ်က ရယ်ပြီး "စိတ်မပူပါနဲ့၊ အိမ်မှာရှိတဲ့ အစေခံတွေကို ရေနွေးပြင်ခိုင်းပြီးပါပြီ"


ပန်းဟွာက ယင်းရှစ်၏ ခန္ဓာကိုယ်ကို ကလေးတစ်ယောက်လို မှီခိုတွယ်ကပ်လိုက်သည်။


 "မိန်းကလေးရှစ်၊ ခဏစောင့်ပါဦး"


 "မိန်းကလေးရှစ် ခဏနေပါဦး"


ပန်းဟွာသည် နောက်မှ ထူးဆန်းသောအသံကိုကြားလိုက်ကာ ပတ်ဝန်းကျင်ကို စိုက်ကြည့်နေမိသည်။ 


သူမ ခန်းမကြီးထဲကနေ ထွက်လာတုန်းက ရှစ်ဖေးရှန့် အထဲမှာ ရှိနေတာမလား၊ ရှစ်ဖေးရှန့်က အပြင်ကို ဘယ်လို မြန်မြန်ရောက်လာတာလဲ။


 "မိန်းကလေးရှစ်"


ဆံပင်ကောက်ကောက်နှင့် အသားမည်းမည်း လူငယ်တစ်ယောက် သူမရှေ့မှာ ရုတ်တရက် ရပ်လိုက်သည်။ ထို့နောက် သူက လက်တစ်ဖက်ကို ရင်ဘတ်ထက်မှာတင်ကာ အိုက်ပိုတိုင်းပြည်၏ ဓလေ့အတိုင်း နှုတ်ဆက်လိုက်သည်။


“မိန်းကလေးရှစ် နိမ့်ကျတဲ့ ကျွန်တော်က တယဲ့တိုင်းပြည်ရဲ့ ဓလေ့ထုံးစံတွေကို မသိပါဘူး၊ နေ့လယ် စကားပြောတုန်းက ရိုင်းစိုင်းသွားတယ်ဆိုရင် မိန်းကလေးရှစ် ကျွန်တော့်ကို ခွင့်လွှတ်ပါ"


 သူတို့ပတ်ဝန်းကျင်မှ လူများကလည်း သဘာဝလွန်ဖြစ်ရပ်ဆန်းတစ်ခုကို မြင်လိုက်သလို တီးတိုးတီးတိုးပြောနေကြသည်။ သူတို့အားလုံး လမ်းဘေးမှာ ရပ်ပြီး ပန်းဟွာနှင့် ထိုမင်းသားကို ကြည့်လိုက်ကြသည်။


 သူ့ရှေ့မှ ချောမောလှပသာ့် မိန်းမပျိုလေးက ဘာမှပြန်မပြော၍၊ မင်းသားက သူ့ကို ဒေါသထွက်နေသေးသည်ဟု တွေးပြီး “ကျွန်တော့် မျိုးရိုးနာမည်က ထူပိုအာပါ... အခု ပြောင်းထားတဲ့ နာမည်က အာခယ်ချီပါ၊ကျွန်တော်က အိုက်ပိုတိုင်းပြည်ရဲ့ ဒုတိယမင်းသားပါ...ဒါပေမယ့် ကျွန်တော် ဒီတိုင်းပြည်ကို မရောက်ခင်မှာ အဖေက ကျွန်တော့်ကို ဒီတိုင်းပြည်က နာမည်လိုမျိုး နာမည်ပေးထားပါတယ်၊ ဒါကြောင့် မိန်းကလေးရှစ် ကျွန်တော့်ကို အာခယ်ချီလို့ပဲ ခေါ်နိုင်ပါတယ်"


ပန်းဟွာသည် သူမကို အခြားတစ်ယောက်နှင့် အထင်လွဲနေဟန်တူသော မင်းသားကို ကြည့်လိုက်သည်။တစ်ကယယ်တမ်းမှာ၊သူက ရုပ်ရည်ချောမောသည်။သူ့မျက်လုံးများသည် အဖိုးတန် နီလာများကဲ့သို့ ပြာလဲ့ပြီး တောက်ပနေသည်။ တစ်ခုတည်းသော ချို့ယွင်းချက်မှာ သူ့အသားအရည်က ဖြူဝင်မနေဘဲ ညိုစိမ့်စိမ့်ဖြစ်နေခြင်းပင်။သူမ အကြိုက် ယောက်ျားမျိုးက အသားအရည်ဖြူဖွေးပြီး ဆံပင်မည်းနက်နက် ရှိသူမျိုးပင်။


 "မင်းသား အာခယ်ချီ" 


ထိုစဉ် ဝမ်ကုန်းကုန်းက ပြုံးပြုံးရွှင်ရွှင်နှင့် လမ်းလျှောက်လာရင်း "မင်းသား လူမှားနေပါပြီ၊ သူမက မိန်းကလေးရှစ်မဟုတ်ဘူး"


 "ဘာ...."  


အာခယ်ချီ မျက်လုံးပြူးသွားသည်။  အကယ်၍ ထိုကဲ့သို့လှပသောအမျိုးသမီးသည် တယဲ့တိုင်းပြည် တွင်အလှဆုံးအမျိုးသမီးမဟုတ်ခဲ့ပါက၊ မိန်းကလေးရှစ် သည် မည်မျှပင် လှပလိမ့်မည်နည်း...


 "မိန်းကလေးရှစ်က ဘယ်သူလဲဆိုတာ သိလို့ရမလား"  


အာခယ်ချီသည် ရိုးသားပြီး စိတ်ထားကောင်းမွန်သော လူငယ်တစ်ဦးဖြစ်သည်။ ပန်းဟွာအား လူမှား‌၍ စကားပြောမိမှန်သိသောအခါဝယ် အိုက်ပိုထုံးစံအတိုင်း ပန်းဟွာအား ဦးညွှတ်ကာ ဝမ်ကုန်းကုန်းကို ကြည့်၍၊မိန်းကလေးရှစ် အစစ်အမှန်ဆီသို့ ခေါ်သွားပေးပါရန် ပြောလိုက်သည်။ 


ထိုအခါ ဝမ်ကုန်းကုန်းသည် ရှစ်ဖေးရှန့် ထံသို့ လျှောက်သွားပြီး "မင်္ဂလာပါ မိန်းကလေးရှစ်"


 "ဝမ်ကုန်းကုန်း မင်္ဂလာပါ"


ရှစ်ဖေးရှန့်သည် ဧကရာဇ်၏ အယုံကြည်ရဆုံး ဝမ်ကုန်းကုန်းကို  ပြုံးပြီး ဦးညွှတ်လိုက်သည်။


သို့သော် ယခုထိ သူမသည် အာခယ်ချီ ကို လှည့်ပင်မကြည့်သေး။သူက သူမကို ရှာနေမှန်း မသိသလိုဟန်ဆောင်ထားသလို၊ပန်းဟွာအား သူမနှင့် လူမှား၍နှုတ်ဆက်နေသည်ကိုလည်း မမြင်ချင်ယောင်ဆောင်ထားလေ၏။ 


ရှစ်ဖေးရှန့် သည် ရုပ်ရည်ချောမောလှပသည်ဟုဆိုနိုင်သည်။ ဆံပင်က အနက်ရောင်လဲ့နေကာ၊ အသားအရေက ဖြူသလို၊ ခါးကလည်း သေးသိမ်သည်။ သူမက မလှပဘူးဟု ဘယ်သူမှ မပြောနိုင်သော်လည်း တစ်ကယ်တော့ သူမသည် တယဲ့တိုင်းပြည်မှာ အလှဆုံးအမျိုးသမီး မဟုတ်ချေ။


အာခယ်ချီသည် ပန်းဟွာနှင့်ရှစ်ဖေးရှန့်က ဘာကြောင့် အထင်မှားသည်ကို လူတိုင်းသိကြသောကြောင့် အားလုံး နှုတ်ဆိတ်သွားကြသည်။


အာခယ်ချီသည် ဝမ်ကုန်းကုန်း၏ရှေ့တွင်ရပ်နေသော အမျိုးသမီးကိုကြည့်ရှုပြီးနောက် သူမနှင့် သိပ်မဝေးသော နေရာမှာ ရပ်နေသည့် မိန်းကလေးကိုကြည့်လိုက်ပြန်သည်။  သူလည်း နှုတ်ဆိတ်နေ၏။


ခမည်းတော်...ကျွန်တော် တယဲ့တိုင်းပြည်ကိုရောက်ပြီး ပထမဆုံး ကြုံရမယ့် ပြဿနာက အလှအပစံနှုန်းလို့ ကျွန်တော် မမျှော်လင့်ထားဘူး။တယဲ့တိုင်းပြည်ဟာ တစ်ကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံတစ်ခုပဲ...အလှအပစံနှုန်းတွေကလည်း တစ်မူထူးခြားနေတယ်...သေချာတာကတော့သူ့မှာ သင်ယူစရာတွေ အများကြီး ရှိပါသေးတယ် ဆိုတာပါပဲ...


xxxxxx