Chapter.51
လေထု၏ အငွေ့အသက်က ကြောက်မက်ဖွယ်ကောင်းလာသည်။ ကြည့်ရှုသူများအားလုံး ရှစ်ဖေးရှန့်အတွက် ရှက်ရွံ့စိတ်ဖြစ်နေကြလေသည်။ ရှစ်ဖေးရှန့်က အာခယ်ချီရှေ့ကိုသွားပြီး ပြုံးပြသည်။
"အရှင့်သားက ကျွန်မမျက်နှာတောင် မမြင်ဖူးပဲ သူများအပြောကိုပဲ ကြားလာတာကိုး...ဒါကြောင့် ရှင် ကျွန်မကို လက်ထပ်ခွင့်တောင်းနေတာက သိပ်စောလွန်းတယ် မထင်ဘူးလား"
မိန်းကလေးရှစ်သည် အခြားသူတစ်ဦးအတွက် သူမကို အထင်မှားမိသည့်အတွက် စိတ်ဆိုးခြင်းမရှိကြောင်း အာခယ်ချီက မြင်သည်။ ရုတ်တရက် သူ့မျက်နှာကို ဘယ်မှာထားရမှန်း မသိဖြစ်သွား၏။
"သခင်မလေးရဲ့ အရည်အချင်းကို ကျွန်တော် လေးစားပါတယ်၊ ကျေးဇူးပြုပြီး အခွင့်အရေးပေးပါ"
အရည်အချင်း?
ရှစ်ဖေးရှန့်က တခစ်ခစ်ရယ်ပြီး အာခယ်ချီကို ဦးညွှတ်လိုက်သည်။ထို့နောက် မမြန်းလွန်း၊မနှေးလွန်းစွာပင် စကားကိုပြောလေသည်။
"အရှင့်သားက နောက်ပြောင်တတ်တာပဲ"
ဤသို့ပြောပြီးနောက် သူမသည် အာခယ်ချီ၏ တုံ့ပြန်မှုကို မစောင့်ဘဲ လှေကားကို ဆက်ဆင်းသွားခဲ့သည်။ သူမ ခြေလှမ်းက အနည်းငယ်မြန်သော်လည်း အလွန်ပြေပြစ်သည်။ ခြေလှမ်းတိုင်းက သိပ်လည်းအလှမ်းမကျဲဘဲ ဂုဏ်သိက္ခာရှိသည့်ပုံပေါက်နေ၏။
အာခယ်ချီသည် အိုးတိုးအမ်းတမ်းပြုံးကာ သူ့မျက်နှာကို ထိလိုက်သည်။ တယဲ့အင်ပါယာရှိ အမျိုးသမီးများသည် ချောမောသော အမျိုးသားများကို နှစ်သက်ကြသည်ဟုဆိုသည်။ထို့ကြောင့် နန်းတော်ထဲမ၀င်ခင်မှာ သူဂုဏ်ယူရသည့် မုတ်ဆိတ်မွေးများကို ရိတ်ခဲ့၏။သို့သော်လည်း မိန်းကလေးရှစ်၏ တုံ့ပြန်မှုကို ကြည့်ပြီး သူ့မျက်နှာသည် သူမအတွက် ဆွဲဆောင်မှု မရှိဟု ထင်ရသည်။သူလည်း ပန်းဟွာကို စိတ်ရှုပ်ထွေးစွာ ကြည့်နေမိသည်။
ဤကိစ္စမှာ ပါဝင်ပတ်သက်မိခဲ့သည့် ဘာမှနားမလည်သော ဘေးလူတစ်ဦးအနေနှင့် ပန်းဟွာစည် တယဲ့တိုင်းပြည်က ပြည်သူများ၏ စိတ်ရင်းသဘောမနောကောင်းခြင်းကို ပြသလိုက်ခြင်းဖြစ်ပေသည်။သူမ အထင်လွဲခံရတာကိုပင် အသာအယာရပ်ကြည့်နေပြီး စကားလည်း ဝင်မပြောချေ။ မင်းသား၏ ပဟေဠိဆန်သောအမူအရာကို ကြည့်ပြီး ပန်းဟွာ တစ်ချက်ပြုံး၍ သူ့ကို ဦးညွှတ် လှည့်ထွက်လိုက်သည်။အာခယ်ချီကတော့ သူမ၏ လှပသော ကျောပြင်ကို ငေးကြည့်နေရစ်ခဲ့၏။ အစမှအဆုံးထိ မင်းသားကို စကားတစ်ခွန်းမှ မပြောခဲ့ချေ။
အာခယ်ချီသည် မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သိသာပါတယ်… ဒီလျှို့ဝှက်ဆန်းကြယ်မိန်းကလေးက ပိုလှတာပါ....ယနေ့ သူမကို သူ အကြာကြီး စောင့်ကြည့်နေခဲ့သည်။သူမသည် ခန်းမတစ်ခုလုံးတွင် အလှဆုံးမိန်းကလေးဖြစ်သည်။တယဲ့တိုင်းပြည်ရှိ လူငယ်အချို့ပင် သူမကို ခိုးကြည့် နကြ၏။ဒါဖြင့် သူမက ခန်းမထဲမှာ အလှဆုံး မိန်းကလေး မဟုတ်ခဲ့တာ ဘာကြောင့်လဲ။
အမွှေးမရှိဘဲ ပြောင်နေသည့် သူ့မေးစေ့ကို ပွတ်လိုက်သည်။ သူ့မျက်လုံးကပဲ တစ်ခုခု မှားနေပုံရတယ်...
ပန်းဟွာသည် မြင်းလှည်းပေါ်သို့ တက်ပြီးနောက် ထိုင်ခုံပေါ်က ကူရှင်ကို ထိုးကြိတ်ကာ ရယ်မောမိလေတော့သည်။
ရုံရှားသည် ပန်းဟွာ၏ မြင်းလှည်းအနီးသို့ ချဉ်းကပ်လာသောအခါ မြင်းလှည်းပေါ်မှ ရယ်မောသံကို သူကြားလိုက်ရသည်။ သူသည် ရှစ်ကျင်းနှင့် သူ့နောက်မှ လိုက်ပါလာသော အခြားသခင်လေးများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ဟန်ဆောင်ပန်ဆောင် ချောင်းဆိုးလိုက်ပြီး
"ကိုယ်က ရုံရှားပါ၊ မင်းကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်"
မြင်းလှည်းက ရုတ်တရက် ငြိမ်သွားပြီး ခဏအကြာတွင် ပြတင်းပေါက် ကန့်လန့်ကာကို အတွင်းမှ ရုတ်သိမ်းလိုက်ကာ ပြုံးနေသော မျက်နှာတစ်ခု ထွက်လာသည်။ ရုံရှားသည် သူမ၏ မျက်လုံးများက စိုစွတ်နေမှန်း သတိပြုမိသည်။ သို့သော်လည်း သူမက ငိုနေတာကြောင့်လား၊သို့မဟုတ် ရယ်ရလွန်း၍ မျက်ရည်ကျသလား ဆိုသည်ကို မသိပေ။
"မြို့စားမင်းရုံ" ပန်းဟွာသည် ရုံရှားကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။ "ကျွန်မ ဘာလုပ်ပေးရမလဲ"
"ဘာမှမဟုတ်ပါဘူး" ရုံရှားသည် သူ့နောက်မှ နီးကပ်လာသော မြင်းခွာသံကို ကြားလိုက်သည်နှင့် ပြုံးပြီး "ညဆိုတော့ နှင်းတွေ အရမ်းကျနေတယ်၊ မင်းသမီး၊ ဖြည်းဖြည်းမောင်းပြီး သတိထားပါ"
ညချမ်း၏ ဆောင်းလေအေးက နှင်းပွင့်များကို ပို၍ သယ်ဆောင်လာတတ်သည်။ တစ်ခဏချင်းပင် နှင်းပွင့်များသည် သူမ၏ပခုံးပေါ်ကျလာသည်။ မကြာခင်မှာပင် သူမ အပေါ်ပိုင်းတစ်ခုလုံးမှာ နှင်းများဖြူဖွေးသွားတော့သည်။
"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့စားမင်းရုံ" ပန်းဟွာက ရုံရှား ၏ ခေါင်းထက်မှာ နှင်းများ ဖွေးနေသည်ကိုမြင်ပြီး "ရှင့်ရဲ့ သက်တော်စောင့်က ထီးမယူလာဘူးလား"
ရုံရှားက တုကျိုးကို လှည့်ကြည့်လိုက်ပြီး "မယူလာဘူး၊ ဒါပေမယ့် ဝတ်ရုံတော့ ပါပါတယ်"
ပန်းဟွာက ပြတင်းပေါက်မှ လက်ကို ဆန့်ထုတ်လိုက်သည်။ မကြာခင်မှာပင် လက်ဖဝါးထက်မှာ ငန်းမွှေးအရွယ် နှင်းပွင့်အချို့ ကျဆင်းလာသည်။ သူမ ခေါင်းကိုလှည့်ကာ ရုံရှား၏ ချောမောသော မျက်နှာကို ကြည့်လိုက်သည်။တစ်ဖန် မြင်းလှည်းပေါ်မှ ထီးတစ်လက်ကို ပေးလိုက်သည်။
" မြို့စားမင်းရုံ စိတ်မဆိုးဘူးဆိုရင် ဒါကိုသုံးလို့ရပါတယ်"
ဒီလိုနှင်းတွေကျနေတာကို ဒီလှပတဲ့ မျက်နှာလေး အေးခဲသွားရင် ဘယ်လိုလုပ်မလဲ...
ရုံရှားသည် ပန်းဟွာနှင့် နီးကပ်လာစေရန် မြင်းဇက်ကြိုးကို ထိန်းညှိလိုက်ကာ ကျောက်စိမ်းနှင့်တူသော သွေးကြောများယှက်ဖြာနေသည့် လက်ချောင်းရှည်ရှည်လေးဖြင့် ထီးကိုယူလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
"ရပါတယ်" ပန်းဟွာက သူ့လက်ကို တစ်ချက်ကြည့်ပြီး သဘောကျစွာ ပြုံးကာ အဝေးကို လှမ်းကြည့်လိုက်သည်။
"ကဲ မြို့စားမင်း ဂရုစိုက်ပါ"
"ဂရုစိုက်ပါ ကျွင်းကျူး"
ရုံရှား ပြုံးပြီး ပန်းဟွာ အရင်သွားစေဖို့ မြင်းကို နောက်သို့နှစ်လှမ်း၊သုံးလှမ်းခန့် ဆုတ်ပေးလိုက်၏။
မြင်းခွာသံများ တရွေ့ရွေ့ ပျောက်ကွယ်သွားပြီးနောက် သူ့လက်ထဲက ပိုးထီးလေးကို ဖွင့်လိုက်သည်။ထီးရွက်၏မျက်နှာပြင်ပေါ်တွင် ပန်းတစ်ပွင့်ကိုင်ဆောင်ထားသည့် လှပသောမိန်းမပျိုတစ်ယောက်၏ ပန်းချီကားကို မြင်လိုက်ရပြီး ရယ်လိုက်မိသည်။
"မြို့စားမင်း၊ကျွန်တော် ထီးယူသွားလိုက်ရမလား"
ဤထီးသည် အလွန်လက်ရာမြောက်သည်။ လက်ကိုင်မှ ပတ္တမြားဆွဲသီးတစ်ခုပင် တွဲလောင်းကျနေသည်။ လက်ရာသည် ပြီးပြည့်စုံလုနီးပါးဖြစ်သော်လည်း မည်မျှပင် လှပပါစေ၊ ၎င်းသည် မိန်းကလေးကိုင်သော ထီးဟူသော အချက်ကို ဖုံးကွယ်ထား၍ မရနိုင်ပေ။ ယောက်ျားတစ်ယောက်ကိုင်ဖို့ရာ အလွန်လှပလွန်းနေ၏။
"မလိုပါဘူး" သူက ထီးလက်ကိုင်ပေါ်ရှိ သင်းပျံ့သော မွှေးရနံ့လေးကို ရှူရှိုက်လိုက်သည်။ "ဒီထီးက အရမ်းကောင်းပါတယ်"
တုကျိုး:မြို့စားမင်းက ကောင်းတယ်ထင်ရင် တစ်ကယ်ကောင်းတာပဲပေါ့....
"မြို့စားမင်းရုံ"
ရှစ်ကျင်းက မြင်းစီးပြီး သူတို့ကို အမှီလိုက်လာနေသည်။ သူ့အကြည့်က ရုံရှား ခေါင်းထက်က ထီးပေါ်ကိုရောက်သွားပြီး နှုတ်ဆက်လိုက်သည်။
"သခင်လေးရှစ်"
ရုံရှားက သူ့ကို ယခုမှ သတိထားမိပုံရပြီး လှည့်ကြည့်လိုက်ကာ ထီးကိုကိုင်ထားလျက်နှင့် ရှစ်ကျင်းကို ဦးညွတ်နှုတ်ဆက်သည်။
"တိုက်ဆိုင်လိုက်တာ"
"တိုက်ဆိုင်တာ မဟုတ်ပါဘူး၊ ဒီလမ်းက နန်းတော်ထဲက ထွက်တဲ့လမ်းဆိုလို့ ဒီလမ်းပဲ ရှိတာပါ" ရှစ်ကျင်းက အဝေးကို လှမ်းကြည့်၍ ပြောလေသည်။
ရုံရှား ပြုံးပြသော်လည်း ဘာမှပြန်မပြော။ သူက ထီးကို တစ်ချက်တစ်ချက် စိုက်ကြည့်လိုက်ပြီး ငြိမ်သက်နေသည်။ သူသည် အမျိုးသမီးတစ်ဦး၏ ထီးကို ကိုင်ထားသော်လည်း ရှက်ရွံ့ခြင်းအလျဉ်းမရှိ၊ခပ်အေးအေးပင်။
"မြို့စားမင်းရုံက ဘယ်လို အသုံး အဆောင်မျိုးနဲ့မဆို သိပ်လိုက်တာပဲ...မနာလိုစရာကောင်းတယ်"
ရှစ်ကျင်း ထီးကိုကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
"သခင်လေးရှစ်ကကည်း သိပ်မြှောက်ပြောနေပါပြီ"
ရှစ်ကျင်းနှင့်အတူပါလာသော တခြားသခင်လေးများက၊သူတို့နှစ်ယောက်ကိုကြည့်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသည်ဟု ထင်ကာ သိပ်ပြီး မစဉ်းစားခဲ့ကြချေ။သို့သော် သူတို့ပြောနေသည့်စကားကို အနည်းငယ် စပ်စုနေခဲ့သည်။ စောစောက ထွက်သွားခဲ့တဲ့ ရထားပေါ်မှာ ထိုင်နေတဲ့ မိန်းမလှလေးက ဘယ်သူလဲ…သူမက မြို့စားမင်းရုံကို ထီးပေးခဲ့တာမလား...
ထိုထီးမျိုးကို တခြား ယောက်ျားသားများကိုင်ထားလျှင် လိုက်ဖက်မှာမဟုတ်။သို့သော် ဤထီးကို ရုံရှား ကိုင်ထားသောကြောင့် အနည်းငယ်ကွဲပြားသွားသည်။ကြာရွက်တစ်ရွက်ကို ကိုင်ထားရင်တောင် ရုပ်ရည်ချောမောသူက တခြားသူများထက် ပိုကြည့်ကောင်းနေမည်မှာ သေချာ၏။
"သခင်လေးရှစ်၊ နှုတ်ဆက်ပါတယ်…လေနဲ့ နှင်းတွေက အရမ်းကျနေတာ၊ သခင်လေးရှစ် ထီးဆောင်းတာ ပိုကောင်းပါတယ်"
"ကျေးဇူးတင်ပါတယ် မြို့စားမင်းရုံ၊ ကျွန်တော်က စစ်သူကြီးမို့လို့ ဒါတွေကို အာရုံစိုက်နေဖို့ မလိုပါဘူး"
ရှစ်ကျင်း၏ အကြည့်သည် ထီးလက်ကိုင်ပေါ်၌ ဆွဲထားသော ပတ္တမြားဆွဲသီးပေါ်ကို ရောက်စွားကာ တစ်ခုခုကို တွေးရင်း သူ့မျက်နှာက မည်းမှောင်သွားသည်။
အအေးဒဏ်ကို မခံနိုင်သော ပန်းဟမ်သည် မြင်းမစီးတော့ဘဲ လမ်းတစ်ဝက်ရောမှ ရထားထဲသို့ တက်လာခဲ့သည်မြင်းလှည်းထဲတွင် အရည်အသွေးမြင့် ငွေသားနှင့်ပြုလုပ်ထားသည့် မီးသွေးမီးဖိုတစ်ခုအပြင် အရသာရှိသော သရေစာများလည်းရှိသည်။အလွန်ကျယ်ဝန်းသောကြောင့် သက်တောင့်သက်သာ အိပ်နိုင်သည်။
ပန်းဟမ်သည် ကော်ဇောပေါ်တွင် ထိုင်ကာ ပန်းဟွာ၏ အနွေးအိတ်ကိုကိုင်ထားရင်း "မင်းသား အာခယ်ချီက အစ်မကို ဘာပြောလိုက်တာလဲ၊ ရှစ်မိသားစုရဲ့ ကောင်မလေးရဲ့ မျက်နှာကညိုမည်းနေတာပဲ"
ပန်းဟွာက မျက်ခုံးပင့်လိုက်သည်။ "ညိုမည်းနေတယ်...သူမ ထွက်သွားတုန်းက ပြုံးနေတာပါ"
"ဟုတ်တယ် သူမ ကျောက်စိမ်းလှေကားက ဆင်းလာတဲ့အခါ ကျိုးချန်ရှောင်နဲ့ စကားပြောရင်း ရယ်မောနေခဲ့တာ၊ မကြာဘူး သူမမျက်နှာက ဖြူဖျော့သွားတယ်၊ ခဏလေးပဲ ရှိသေးတယ်...ပြီးတော့ ပြန်ပြုံးပြန်ရော…ကျွန်တော်သာမဟုတ်ရင် ဘယ်သူမှ သတိမထားမိနိုင်ဘူး"
"ဪ အဲ့ဒီမင်းသားက ငါ့ကို မိန်းကလေးရှစ်လို့ မှားခေါ်လိုက်တာ"
ပန်းဟမ် သည် ခဏမျှ အံ့အားသင့်သွားသည်။ ထို့နောက် သူဘာကိုဆိုလိုမမှန်း သဘောပေါက်ပြီး အော်ရယ်တော့သည်။
"ဟားဟားဟား၊ မိန်းကလေးရှစ် ဟုတ်လား... တယဲ့မှာ အလှဆုံး မိန်းကလေးဆိုတာ သူမကို ပြောတာပေါ့..."
ပန်းဟွာကလည်း မေးစေ့ကို ပွတ်သပ်ကာ ပြုံးပြီးပြောလိုက်သည်။
"ဆံပင်ကောက်ကောက်လေးနဲ့ မင်းသားလေးက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ"
"စိတ်ဝင်စားစရာကောင်းတယ်...သူက အစ်မကို တယဲ့မှာ အလှဆုံး မိန်းကလေးလို့ ထင်ပြီး စကားလာပြောတယ်... ဒါက ရှစ်ဖေးရှန့်ရဲ့မျက်နှာကို ပါးရိုက်လိုက်သလိုပဲ"
"သခင်မလေး" ရှစ်ဖေးရှန့် ၏ အစေခံ သူမကို စိုးရိမ်တကြီး ကြည့်နေသည်။ယခုချိန်မှာ ဘာမှပြောဖို့မသင့်တော်တာကြောင့် တိတ်တိတ်ဆိတ်ဆိတ်နေလျက်ရှိသည်။
"အားလုံးထွက်သွားလို့ရတယ်"
ရှစ်ဖေးရှန့် သည် ရင်ထဲမှာ ဒေါသမီးတောက်လောင်နေသော်လည်း အစေခံရှေ့မှာ ဒေါသကိုထုတ်မပြချင်ပေ။
အားလုံးထွက်သွားပြီးနောက် သူမဒေါသကို မထိန်းနိုင်တော့ဘဲ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်၊ မှန်တင်ခုံပေါ်ရှိ မိတ်ကပ်များ၊ ဆံညှပ်များနှင့် လက်ဝတ်ရတနာများကို ကြမ်းပြင်ပေါ် ပစ်ပေါက်ချလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ငိုယိုနေတော့သည်။အတန်ကြာမှ မှန်ထဲရှိ သူမ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာကို လှမ်းကြည့်လိုက်သည်။ထို့နောက် ထိတ်လန့်တကြားဖြင့် မှန်ကို လွှင့်ပစ်လိုက်သည်။ သူမ မျက်နှာအမူအရာ ပုံမှန်ပြန်ဖြစ်သွားသည့်အထိ မှန်ထဲမှာ ကိုယ့်ကိုယ်ကို မကြည့်ဝံ့တော့ချေ။
သူမ အရမ်းလှတယ်ဆိုတာ သိသာပါတယ်... ဒါပေမယ့် မြို့တော်မှာ ပန်းဟွာကပဲ လှတယ်လို့ အားလုံးက ထင်နေကြတာလဲ..
ရုံရှားသည် ပန်းဟွာအား အဝေးမှ ဦးညွှတ်နေသည့် မြင်ကွင်းကို သူမ တွေးမိသည်။ အာခယ်ချီ မင်းသားက သူ့ကို ပန်းဟွာဟု အထင်လွဲသည့် မြင်ကွင်းတို့အား ပြန်ပြောင်းသတိရလျက်ရှိ၏။ ပန်းဟွာက တယဲ့မှာ အလှဆုံးမိန်းကလေးဟု တိုင်းတစ်ပါးသားက ထင်နေခြင်းဖြစ်သည်။ထိုကြောင့် သူမ မျက်နှာကို ထိုမင်းသားက ဖျက်နေသည်ဟု ခံစားရသည်။
"ဘာမဟုတ်တဲ့တိုင်းပြည်က မင်းသားက ဘာသိမှာလဲ...သူက အမှန်ကိုမြင်တဲ့သူမျိုး မဟုတ်ဘူး"
ရှစ်ဖေးရှန့် အသက်ပြင်းပြင်းရှူပြီး မှန်ကို ပစ်ချလိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ပြီး အဝတ်အစားများကို ဆွဲဆန့်ကာပြုပြင်လိုက်လေ၏။
"လာ အခန်းထဲ လာရှင်းပါ"
သူမ အသံဆုံးပြီးနောက် တံခါးပွင့်လာသည်။ ဝင်လာသူမှာ အစေခံမဟုတ်ဘဲ အစ်ကိုရှစ်ကျင်းပင်။
"အစ်ကို....."
သူမ၏ ယခုဖြစ်နေသည့်ပုံစံကို မိသားစုအား မမြင်စေချင်သည့်အတွက် ၊ရှစ်ကျင်း ဝင်လာသည့်အခါ သူမ အနည်းငယ် စိတ်မသက်မသာဖြစ်သွားရသည်။
"ဖေးရှန့်" ရှစ်ကျင်းသည် ရှုပ်ပွနေသော အခန်းကို ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "အရမ်းစိတ်တိုနေတဲ့ပုံပဲ"
သူမ ခေါင်းငုံ့ပြီး ဘာမှပြန်မပြော။
"ဒါပေမယ့် အာခယ်ချီ မင်းသားက တကယ့်ကို မဆင်မခြင်နိုင်တဲ့လူပဲ၊ သူ့ကို အာရုံစိုက်နေစရာ မလိုဘူး၊ညီမကို ဒီလိုလူနဲ့ လက်ထပ်ခွင့် မပေးဘူး"
"အစ်ကို.... မြို့စားမင်းရုံက ပန်းဟွာ ကို ကြိုက်မယ် ထင်လား "
ပန်းဟွာ…
ကျောက်စိမ်းလှေကားထစ်များပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေသော မိန်းကလေးနှင့် ရုံရှား လက်ထဲတွင်ရှိသော ပိုးထီးကို ရှစ်ကျင်း ဖျတ်ကနဲမြင်ယောင်မိသည်။
"ဘာလို့ ဒီလိုထင်ရတာလဲ"
"အစ်ကို ... ညီမက ရုံရှားကို လက်ထပ်ဖို့ တကယ်ကို မသင့်တော်ဘူးလို့ အစ်ကို ထင်လား"
ရှစ်ဖေးရှန့် သူ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်။
"မြို့စားမင်းရုံက အရမ်းနာမည်ကျော်ကြားပြီး ဧကရာဇ်ကပါ သူ့ကို အရမ်းနေရာပေးတာ၊ သူနဲ့ ညီမနဲ့ လက်ထပ်ရင် ရှစ်မိသားစုအတွက် အရမ်းကိူ အကျိုးရှိမှာပါ"
"ရှစ်ဖေးရှန့်....ရုံရှားက သိပ်ပြီးလည်း တော်တဲ့လူမဟုတ်ပါဘူး၊ပြီးတော့ ရုံမိသားစုက အရမ်းသေးငယ်ပါတယ်၊ သူက မင်းနဲ့ လိုက်ဖက်မယ့်သူ မဟုတ်ဘူး"
မိသားစု အသိုင်းအဝိုင်းဆိုသည်က အလွန်အရေးကြီးသည်။ သို့သော်လည်း ရုံရှားသည် ရုံမိသားစုတွင် တစ်ဦးတည်းသာ ကျန်တော့သည်။ ဧကရာဇ်၏ တန်ဖိုးထားမှုကို ခံရသော်လည်း၊ ချမ်းသာသော မိသားစုနှင့် ဘယ်လိုမှ နှိုင်းယှဉ်နိုင်မှာမဟုတ်။
ရှစ်ဖေးရှန့်က "ဘာလို့လဲ..ယန်ကျန်းက ညီမနဲ့သိပ်လိုက်ဖက်တယ်လို့ အစတုန်းက အစ်မကို ပြောပေမယ့် အခု ယန်ကျန်း ဘယ်လိုဖြစ်နေလဲဆိုတာ မြင်တယ်မလား"
ရှစ်ကျင်း သက်ပြင်းချလိုက်သည်။ "ကောင်းပြီ၊ အစ်ကိုတို့ မင်းကို ရုံရှား နဲ့ လက်ထပ်ခွင့်ပေးရင်တောင် သူက မင်းကို လက်ထပ်ဖို့ ဆန္ဒရှိမှာလား"
ရှစ်ဖေးရှန့် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဘာမှ မပြောချင်တော့။ ရုံရှား က သူမကို လက်ထပ်ဖို့ ဆန္ဒရှိမရှိ သူမ မသိချေ။ သို့သော်လည်း သူမ အတင်းအကြပ်မလုပ်ပါက ရုံရှားကို လက်ထပ်နိုင်မည်မဟုတ်ကြောင်း သိသည်။
"ဘယ်မိသားစုမဆို မိန်းကလေးကောင်းတစ်ယောက်ကို လိုချင်ကြတာပါပ၊ အခုနောက်ပိုင်း မြို့တော်မှာ မင်းကိုလက်ထပ်ချင်တဲ့ ယောက်ျားတွေ အများကြီးရှိလာတယ်၊ ရုံရှား ကိုာမင်းမှာ တကယ်ပဲ ခံစားချက်တစ်ခုခုရှိနေရင် သူ့ဆီကို လူလွှတ်ပြီး ပြောကြည့်ပါလား"
ရှစ်ဖေးရှန့် က ခေါင်းမာမာနှင့် “ဟင့်အင်း … သူ့မိသားစုဝင်တွေ တယောက်ပြီးတယောက် သေဆုံးသွားခဲ့တဲ့ ကိစ္စကို သူ မေ့မရသေးလောက်ဘူး"
ရှစ်ကျင်း ပြောချင်မိသည်က "မင်း ပြောနေတဲ့ နာကျင်နေသေးတဲ့လူက ဒီညပဲ မိန်းကလေးတစ်ယောက်ဆီက ထီးကြီးဆောင်းပြီး မြင်းစီးနေပြီလေ" သို့သော် သူ့ညီမ၏ ခေါင်းမာလှသော မျက်လုံးများကို ကြည့်ကာ သူဘာမှ မပြောဖြစ်တော့ပေ။ တစ်လအတွင်းမှာပဲ သူ့ညီမက ရုံရှားကို လက်ထပ်ဖို့ပြောလာသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။ သူက ပြတင်းပေါက်အပြင်ဘက်တွင် မှောင်မည်းနေသော ကောင်းကင်ကို မော့ကြည့်ကာ အေးအေးဆေးဆေး ပြောလေသည်။
“အဖေ့ကို အစ်ကို မေးကြည့်ပေးပါ့မယ်”
နောက်ဆုံးတော့ သူ့ညီမအလိုကိုသာ လိုက်ရမှာပေါ့...
xxxxx