အပိုင်း၅၂
Viewers 4k


Chapter.52


"မင်းသမီး" ချန်မာမားက တော်ဝင်မင်းသမီး သဲနင် အနားမှာ ချီတုံချတုံ အမူအရာနှင့် ရပ်နေသည်။  "ဒီအကြောင်းတွေကို နယ်စားမင်းကို ဘာလို့ မပြောခဲ့တာပါလဲ"


 "အရင်မျိုးဆက်တွေရဲ့ ရန်ငြိုးထားမှုတွေကို ငါ့မျိုးဆက်မှာပဲ အားလုံး ကျေလည်သင့်တယ်"  


တော်ဝင်မင်းသမီးသည် အခန်းတွင်းရှိ ဖယောင်းတိုင်မီးမှိန်မှိန်မှိန်ပျပျကိုကြည့်ကာ ချန်မာမား ပေးထားသောဆေးပြားကိုယူလိုက်သည်။  


"ငါနဲ့ ငါ့ခင်ပွန်းက သူ့ကို တိုးတက်ကြီးပွားအောင် မသင်ပေးခဲ့ဘူး... သူ့ကို စာပေနဲ့ ကိုယ်ခံပညာတွေလည်း မသင်ပေးဘူး…ဘာလို့လည်းဆိုတော့ သူ့ကို အမုန်းတရားတွေ မသင်ပေးချင်လို့ပဲ"


 "မင်းသမီး" 


ချန်မာမား၏ လက်ဖဝါးများသည် အေးစက်နေသည်။ အခန်းထဲတွင် အပူပေးစက်တစ်လုံးရှိသော်လည်း သူမနှလုံးသားထဲအထိ အေးစက်နေခဲ့သည်။


"နယ်စားမင်းက မင်းသမီးရဲ့ စေတနာကို နားလည်ပြီး ဘယ်တော့မှ အပြစ်တင်မှာမဟုတ်ပါဘူး"


 "သူက လူကောင်း တစ်ယောက်ပါပဲ"  


တော်ဝင်မင်းသမီး ပြုံးလိုက်သည်။ ယခုအချိန်တွင် သူမသည် တော်ဝင်မိသားစု၏ အကြီးဆုံး မင်းသမီးမဟုတ်ဘဲ သာမန်မိခင်တစ်ဦးဖြစ်သွားသည်။  


"ငါ့ဘဝတစ်ဝက်ကို တော်ဝင်မိသားစုအတွက် မြှုပ်နှံထားတယ်၊အရမ်းပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေကတော့ ငါ့ခင်ပွန်းရယ်၊ ငါ့သားရယ်နဲ့ အတူ ရှိနေတဲ့အချိန်ပါပဲ"


 "မင်းသမီး" ချန်မာမားက တော်ဝင်မင်းသမီးရှေ့မှာ ဒူးထောက်ပြီး တုန်လှုပ်သည့် လေသံနှင့်ပြောလေသည်။


 "မင်းသမီး ကျန်းမာရေးကို ဂရုစိုက်ရပါမယ်၊ နယ်စားမင်းနဲ့ နယ်စားမင်းကတော်တို့က အရမ်းတော်ကြပါတယ်... ပန်းဟွာကျွင်းကျူးနဲ့ ရှစ်ကျစ်ကလည်း ကြီးပြင်းလာပါပြီ၊ သူတို့လေးတွေရဲ့ သားသမီးလေးတွေကိုတောင် မင်းသမီး မတွေ့ရသေးဘူးလေ"


 "အားချန်"


တော်ဝင်မင်းသမီး သဲနင်သည် ရုတ်တရက်ပြုံးကာ ချန်မာမား၏ စကားကို ကြားဖြတ်လိုက်သည်။  


"ပြောပါ ငါ့သားသမီး‌မြေးမြစ်တွေထဲမှာ ဘယ်သူက ငါနဲ့အတူဆုံးလဲ"


ချန်မာမား သည် တော်ဝင်မင်းသမီး ၏လက်ကို ဆုပ်ကိုင်ထားပြီး မျက်လုံးမျက်နီရဲလျက်...


"နယ်စားမင်းကတော်က အရမ်းလှပပြီး ဉာဏ်ရည်ကလည်း ထက်မြက်ပါတယ်... သူ့မှာ မင်းသမီးနဲ့ တူတဲ့အချက်တွေရှိပါတယ်"


 "မဟုတ်ဘူး" တော်ဝင်မင်းသမီးက ခေါင်းကို ဖြည်းညှင်းစွာခါလိုက်သည်။  "ပန်းမိသားစုမှာ ငါနဲ့ အတူဆုံးက ဟွာဟွာပဲ"


ချန်မာမားသည် တော်ဝင်မင်းသမီးကို တအံ့တသြကြည့်နေသည်။ သူမ၏အမြင်အရ တော်ဝင်မင်းသမီးသည် ကြင်ယာတော်မင်းသားနှင့် ပို၍တူသည်။ပန်းဟွာကျွင်းကျူးနဲ့ ဘယ်လိုလုပ်ပြီး တူနိုင်မလဲ။


 အပြင်ဘက်တွင် လေအေးက တိုက်ခတ်လာ၍ အေးစက်သောလေက အခန်းထဲသို့ စိမ့်ဝင်သွားသည်။


 "ငါ ငယ်ငယ်တုန်းကတော့ ခမည်းတော် ရဲ့ သားသမီးတွေအားလုံးထဲမှာ အလှဆုံးဖြစ်ခဲ့တယ်၊ အဲ့ဒါကြောင့် ခမည်းတော်က ငါ့ကို အချစ်ဆုံးပဲ" 


 တော်ဝင်မင်းသမီးသည် လှပသော ၀တ်ရုံကို ပွတ်သပ်လိုက်သည်။  


"အရမ်းလှတဲ့ အဝတ်အစားတွေ၊ အရသာရှိတဲ့ အစားအစာ၊ ရွှေ၊ ငွေ၊ ကျောက်စိမ်းတွေ...အားလုံးဆီက အချစ်လည်းခံခဲ့ရတယ်...ဒါကြောင့် တခြားမင်းသမီးတွေက ငါ့ကို အရမ်းမုန်းကြတယ်၊ငါ့ကို မကောင်းကြံဖို့အမျိုးမျိုး ကြိုးစားပေမယ့် ငါ့ကို တစ်စက်မှ လှုပ်အောင်တောင် မစွမ်းဆောင်နိုင်ကြဘူး"


"အရင်ဧကရာဇ်က ငါ့နဲအမွှာအစ်ကိုဖြစ်ပေမယ့် ခမည်းတော်က သူ့ကို မျက်နှာသာမပေးခဲ့ဘူး၊ တခြားမင်းသားတွေက ငါ့ကို ဂရုမစိုက်မှာစိုးလို့ အစ်ကိုတော့်ကို  အိမ်ရှေ့စံအဖြစ် ရွေးမှာမဟုတ်ဘူးလို့တောင် ခမည်းတော်က ပြောခဲ့တာ...အဲဒီတုန်းက လူတိုင်းက ဒီမင်းသမီးကို ယဉ်ယဉ်ကျေးကျေး ပြောကြရတယ်"


ကြင်ယာတော်မင်းသား စစ်သူကြီးပန်း နှင့် လက်ထပ်ပြီးနောက်၊ သူမသည် လက်ရှိမင်းဆက်၏ ဂုဏ်ကျက်သရေအရှိဆုံး မင်းသမီးအဖြစ် ရှိနေဆဲဖြစ်သည်။  သို့သော် ခင်ပွန်းဖြစ်သူ ကွယ်လွန်ချိန်တွင် ဖခင်ဖြစ်သူကို ကာကွယ်စောင့်ရှောက်ခဲ့ရသည်။ ပလ္လင်ပေါ်မှာထိုင်နိုင်သူက သူမ၏ အမွှာအစ်ကိုတော်ဖြစ်သည်။


အစ်ကိုတော်ဖြစ်သူ ထီးနန်းဆက်ခံရခြင်း၏ အကြောင်းရင်းမှာ၊ ကြင်ယာတော်မင်းသား၏ စစ်တပ်အာဏာကြောင့် တရားရုံးကို တည်ငြိမ်အောင် ကူညီပေးခဲ့သောကြောင့်ပင်။သို့သော်လည်း အစ်ကိုဖြစ်သူကတော့ ဧကရာဇ်ဖြစ်ပြီးသည်နှင့် ကျေးဇူးကန်းတော့သည်။ နောက်ဆုံးတွင်၊ အခြားဧကရာဇ်များကဲ့သို့ပင်၊ သူမ၏အစ်ကိုသည် ကျေးဇူးမသိတတ်သူဖြစ်လာခဲ့သည်။ ကံကောင်းထောက်မစွာ၊ သူသည်  မွေးချင်းဆက်ဆံရေးကို မှတ်မိနေသေးသည်။ စစ်မြေပြင်မှာ မင်းသားကြင်ယာတော်ကို လုပ်ကြံခိုင်းသော်ငြား၊ အသက်သေအောင်ထိ မလုပ်ခဲ့။

သူ့အကြံအစည်က ချို့ယွင်းချက်မရှိဘူးဟု သူ ထင်ခဲ့သော်လည်း၊မကောင်းမှုဆိုသည်ကဆိတ်ကွယ်ရာမရှိချေ။ 


 သူမကို ချစ်ခင်ကြင်နာသော ခင်ပွန်းသည် အမွှာအစ်ကိုတော်၏ လုပ်ရပ်ကြောင့် မကောင်းကြံခံရမှန်း သိပြီးနောက် သူမ အခန်းထဲတွင် တစ်နေကုန် မထွက်ဘဲ ထိုင်နေခဲ့သည်။


 "သူမက ငါ ငယ်ငယ်တုန်းကနဲ့ သိပ်တူတယ်" 


တော်ဝင်မင်းသမီးမှာ ပြောရင်းဆိုရင်း ချက်ချင်း ချောင်းခြောက်များဆိုးလာရာ ချန်မာမား က ပျားရည်တစ်ခွက် အမြန်ယူလာခဲ့၏။


 "မလိုပါဘူး" မင်းသမီးတော်ဝင်က ခွက်ကိုတွန်းဖယ်လိုက်ပြီး "ဒီမင်းသမီးက တော်ဝင်မိသားစုထဲမှာ မွေးဖွားခဲ့တာ၊ ငါသေရင်တောင် ဒီမှာပဲသေသင့်တယ်"


ချန်မာမား ၏လက်များ တုန်ခါသွားပြီး ပျားရည်စက်အနည်းငယ်က သူမ၏ လက်ဖမိုးပေါ်ကို စီးကျသွားသည် ထိုမှတစ်ဆင့် ကော်ဇောပေါ် လျှောကျပြီး ပျောက်သွားတော့သည်။


 နှင်းများသည် တစ်ညလုံး မရပ်မနား ကျဆင်းနေသည်။  နောက်နေ့မနက် ဘန်ဟန် အိပ်ရာက နိုးလာသည့်အခါ ခြံအပြင်ဘက်က အစေခံများ မြေပြင်ပေါ်မှာ ဆားဖြူးနေသည်ကို တွေ့လိုက်ရ၏။ အအေးဒဏ်ကြောင့် သူမမျက်နှာ နီလာရသည်။ သူမလည်း ဘေးနားက ယာဟွမ်အား "ရူရီ၊ အပြင်မှာ နှင်းတွေကို ဂရုမစိုက်နဲ့၊နှင်းတွေ မရပ်ခင် ဘာမှမလှည်းကျင်းကြပါနဲ့"


 "ဟုတ်ကဲ့"  ရူရီ ပြုံးပြီး အစေခံများကို​ပြောဖို့ ထွက်​သသွားသည်။မကြာမီ အစေခံများသည် အလွန်ဝမ်းသာသွားကြပြီး ရူရီ ကို ထပ်ခါတလဲလဲ ကျေးဇူးတင်ကြသည်။ 


 "ကျွင်းကျူးက ဒီလူတွေကို ဂရုစိုက်တယ်ဆိုတာ သိပါတယ်"  


ရူရီနှင့် နောက်အစေခံတစ်ယောက်က ပန်းဟွာ အဝတ်အစားဝတ်နေသည်ကို ကူညီပေးနေလျက်က ပြောသည်။


"ဒီနှင်းတွေကတော့ ဘယ်တော့ အကျရပ်မှာမဟုတ်ဘူး"


 "သူတို့အားလုံးကို သူတို့မိဘတွေက ကျွေးမွေးထားကြတာ၊ အေးခဲသေသွားရင် သနားစရာကောင်းတယ်..ဒီနှစ်ကျမှ နှင်းတွေအရမ်းကျလိုက်တာ"


ပန်းဟွာက သူမ၏ မျက်နှာ၊ လက်နှင့် သွားများကို ဆေးကြောပြီး ပြောလေသည်။ ရူရီ သည် ပြတင်းပေါက်အပြင်ဘက်တွင် ထူထပ်သောနှင်းများကို ကြည့်ပြီး ခေါင်းညိတ်ကာ "အရင်နှစ်တွေကထက် ပိုများပုံရတယ်"


နှင်းများထူလာ၍ လမ်းပေါ်မှာ လူသိပ်မရှိ၊ ချမ်းသာသည့် မိသားစုများကတော့ အဆင်ပြေသည်။ သူတို့၏ ဂိုထောင်ထဲတွင် အသားနှင့် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြင့် ပြည့်နေသည်။ ဆင်းရဲသည့် မိသားစုများမှာ အခက်တွေ့ခဲ့ရသည်။ တရားရုံးက ချမ်းအေးသည့် ဆောင်းရာသီမှာ သာမန်ပြည်သူတို့ကို ကူညီပေးဖို့ ဒေသဆိုင်ရာ အာဏာပိုင်များအား နှစ်စဉ် ငွေတုံး တစ်ထောင် ပေးသော်လည်း၊အဆင့်ဆင့် အမြတ်ထုတ်ပြီးနောက်မှာတော့ သာမန်ပြည်သူများအတွက် ငွေတစ်တုံး‌ပင် ပြည့်အောင်မရတော့ပေ။


သို့သော်လည်း၊ပြည်သူများ အေးခဲပြီးသေလျှင် သို့မဟုတ် ငတ်သေနေလျှင်တောင် ဒေသခံ အာဏာပိုင်များက သတင်းပေးမှာ မဟုတ်။ စည်ကားနေသော ကျင်းမြို့တော်တွင် လူတိုင်းသည် နှစ်သစ်ကူးအကြိုရောက်ရှိလာခြင်းကို ပျော်ရွှင်စွာ ကြိုဆိုကြသည်ဖြစ်၍ တရားရုံးက ခွဲဝေပေးသည့်ငွေကို သာမန်ပြည်သူလူထုအတွက် အသုံးမချကြောင်း သူတို့မသိခဲ့ကြချေ။


 "မြို့စားမင်း"


တုကျိုးသည် ရုံရှား၏ စာကြည့်ခန်းသို့ လျှောက်သွားသောအခါ၊အခန်း၏ ထောင့်စွန်းတွင်ရှိနေသော တောက်ပလွန်းသော ထီးကို တွေ့လိုက်ရသည်။


 "ထီးကို ပြန်မပေးဘူးလား"


ရုံရှားက မျက်ခုံးပင့်လိုက်သည်။  သူဘာကြောင့် ယခုလို ပြောနေမှန်း နားမလည်သည့်ပုံပင်။


 "ထီးရဲ့ သံတူကြောင်းကွဲ စကားက သိပ်ကံမကောင်းဘူးလို့ ကျွန်တော် ကြားတယ်၊ ဒါကြောင့် သူများရဲ့ထီးကို ငှားတဲ့အခါ ပြန်ပေးရမယ်တဲ့... ဒါပေမယ့် ဒါက ကောလာဟလတစ်ခုပါ၊ဘာမှ အဓိပ္ပါယ်မရှိဘူး၊ ဒီထီးက တော်တော်…"


 "တုကျိုး"


 "ဟုတ်ကဲ့ မြို့စားမင်း"


 "မင်းကို စုံစမ်းခိုင်းတဲ့ အချက်အလက်ကရော ဘယ်လိုလဲ" 


ရုံရှား သူ့လက်ထဲမှ စာကိုချလိုက်ကာ နူးညံ့သိမ်မွေ့စွာဖြင့် "တော်ဝင်မင်းသမီးရဲ့ ကျန်းမာရေးက တစ်ကယ်ပဲ ဆ်ိုးဝါးနေတာလား"


တုကျိုးက မျက်မှောင်ကြုတ်ကာ...


"မဟာတော်ဝင်ဆောင်က လူတွေအရမ်းသတိထားနေကြပါတယ်၊ အများစုကတော့ တိုးတိုးတိတ်တိတ်နဲ့ သတိထားပြီးသွားလာနေကြသလိုပဲ ...အမှိုက်တွေရှိနေရင်တောင် သာမန်အစေခံတွေကို မခိုင်းဘဲ သူတို့အဆောင်ကလူတွေပဲ ပစ်ကြတယ်လို့ပြောပါတယ်...တော်ဝင်မင်းသမီးရဲ့နေ့စဉ်အလုပ်‌တွေက အများကြီးမပြောင်းလဲသေးပါဘူး၊ ဒါပေမယ့် တစ်ခုခုမှားနေတယ်လို့ ခံစားရတုန်းပဲ"


 တကယ်သာ တော်ဝင်မင်းသမီးမှာ ပြဿနာမရှိရင် အညစ်အကြေးတွေကိုတောင် သူများတွေ မသိအောင် ဘာကြောင့် သတိထားနေရတာလဲ။


တစ်ခန်းလုံး ငြိမ်သက်နေခသည်။  ရုံရှား သည် ထောင့်စွန်းမှ ပန်းထီးကို ကြည့်လိုက်သည်။ ခဏကြာတော့ သူက " မဟာတော်ဝင်ဆောင်ကို ငါကိုယ်တိုင်ရေးထားတဲ့ စာတစ်စောင် ပို့လိုက်ပါ...တော်ဝင်မင်းသမီးဆီကို ငါ လာလည်ချင်တယ် ဆိုတဲ့အကြောင်းလေးကို သေချာရေးပေး"


တုကျိုး အံ့သြသွားကာ ချက်ချင်း ဦးညွတ်ပြီးထွက်ခွာသွားခဲ့သည်။ တုကျိုး ထွက်သွားပြီးနောက် ရုံရှားသည် ထောင့်နားသို့ လျှောက်သွားပြီး ထီးကို ကောက်ယူလိုက်သည်။


 "ကလစ်"


ထီးကြီးပွင့်သွားသောအခါ ထီးပေါ်တွင် ပျိုနီဆံထိုးနှင့် ခမ်းနားသောဝတ်စုံဝတ်ထားသည့် မိန်းကလေး တစ်ဦးရှိသည်။ သူမ၏ မျက်နှာကလည်း တောက်ပသော အပြုံးတစ်ခုဖြင့် တောက်ပနေသည်။


တော်ဝင်မင်းသမီးသာ ရောဂါဝေဒနာဖြင့် ကွယ်လွန်ခဲ့ရင် ကျင့်ထင်နယ်စားမင်း အိမ်တော် ဘယ်ကိုသွားမလဲ...


ရုံရှားသည် ထီးကို အကြာကြီး စိုက်ကြည့်နေသည်။ စာသင်ခန်းပြင်ပမှ ခြေသံများ ထွက်လာမှ အသိစိတ် တဖြည်းဖြည်း ပြန်ရောက်လာသည်။


အိမ်တော်ထိန်း၏ အသံက ထွက်ပေါ်လာ၏။


 "မြို့စားမင်း တောင်းထားတဲ့ စာရွက်နဲ့ ပန်းချီဆေးတွေ အဆင်သင့်ဖြစ်နေပါပြီ၊အခုပဲ သုံးချင်ပါသလား"


"ယူလာခဲ့"  


ရုံရှား သည် စာကြည့်စားပွဲဆီသို့ ပြန်သွားကာ "ကျောက်ချမ်လွင်" စာအုပ်ကို စားပွဲပေါ်တင်လိုက်သည်။


အိမ်တော်ထိန်းက အစေခံအား အခန်းအပြင်ဘက်မှာ ရပ်စေပြီး ပစ္စည်းများ တစ်ခုပြီးတစ်ခု ယူလာသည်။ စာကြည့်ခန်းတံခါးကို အိမ်တော်ထိန်းဖွင့်လိုက်သည်နှင့် ရုံရှားလက်ထဲမှ ထီးဆီကို အကြည့်ရောက်သွားသည်။ ထို့နောက် အကြည့်ကို အမြန်ရုတ်ကာ ဦးညွတ်၍ ထွက်ခွာသွားခဲ့သည်။


ရုံရှားသည် လက်ရေးလှနှင့် ပန်းချီပညာကို ကျွမ်းကျင်မှန်း လူအများသိကြသည်။ သူသည် ကဗျာပညာကိုလည်း ကျွမ်းကျင်ပြီး လောကကို ကူညီတတ်သူဖြစ်သည်။ ငယ်ငယ်တုန်းကတည်းက သူ့အရည်အချင်းက ကြီးမာခဲ့တာပင်။သို့ရာတွင် သူသည် ဘယ်တုန်းကမှ လူပုံပန်းချီမဆွဲဖူးဘူးဆိုသည်ကိုလည်း လူတော်တော်များများ သိကြ၏။သူသည် ပန်းများ၊ ငှက်များ၊ ငါးများ၊ အင်းဆက်များ၊ တောင်များ၊ မြစ်များ၊ သစ်ပင်များနှင့် ရှုခင်းများကိုသာ ရေးဆွဲခဲ့သည်။လူပုံကိုတော့ တစ်ခါမှ ဆွဲလေ့မရှိ။ 

 

အချို့က သူသည် လူပုံဆွဲရာတွင် မကျွမ်းကျင်ဟု ဆိုကြသည်။တစ်ချို့ကလည်း သူ့လိုမျိုး ပန်းချီဆွဲနိုင်သူမရှိဟု ပြောကြ၏။သို့သော်၊ အမှန်တရားက ဘယ်လိုပဲဖြစ်နေပါစေ..တစ်ကယ်တမ်းလည်း သူသည် လူပုံမဆွဲခဲ့ပေ။


 နှင်းတောကြီး၊ အနီရောင်ပျိုနီပန်းများ၊ ထီးကိုင်ထားသူ မိန်းကလေးတစ်ယောက်နှင့် ဇိမ်ခံခန်းမတစ်ခု.... တစ်ခုချင်းစီက လှနေသည်။သို့‌သော်လည်း  ဤမြင်ကွင်းလေးခုကို ပေါင်းစပ်လိုက်သည့်အခါမှာ ထူးဆန်းနေ၏။


 ခန်းမထဲမှာ ထီးဖွင့်စရာ မလိုပေ။ ချမ်းအေးသည့် နှင်းတောထဲမှာလည်းပျိုနီပန်း မပွင့်နိုင်။သို့သော်လည်း ခန်းမဆောင်ထဲကိုညသွားဖို့ပြင်နေသော ကျောပေးထားသည့် မိန်းကလေးကိုကြည့်ပြီး စောစောက ထူးဆန်းသည့်အတွေးတို့က တမုဟုတ်ချင်း ပျောက်ကွယ်သွားမှာအမှန်ပင်။ဤပန်းချီကား ပြီးသွားသည့်အခါ သူက စုတ်တံတစ်ချောင်းကို ကောက်ယူပြီး နေရာလွတ်မှာ ကဗျာစာကြောင်းနှစ်ကြောင်း ရေးလိုက်သည်။


ပျိုနီပန်းကသာလျှင်အမှန်တကယ်လှပသည်။ ပျိုနီပန်းက မြို့တော်တစ်ခုလုံးကို နေရာမလပ် လွှမ်းခြုံထားလေ၏။


 စုတ်တံကိုချလိုက်ပြီး သူသည် ထီးကိုဖယ်လိုက်ကာ ထီးပေါ်မှ ပတ္တမြားဆွဲသီးကို ဖြုတ်လိုက်သည်။ ပတ္တမြားကို ရေစက်ပုံသဏ္ဍာန်ဖြစ်အောင် ထုလုပ်ထားသည်။ အရောင်အသွေးကလည်း စိုလက်နေ၏။ ပတ္တမြားကိုကြည့်ပြီး အကောင်းဆုံး အခိုက်အတန့်ကို ထုတ်ဖော်ပြသနေသော အမျိုးသမီးတစ်ဦးနှင့် တူသည်။သူ တဟက်ဟက်

ရယ်ပြီး ပတ္တမြားကို သူ့အတွင်းအင်္ကျီထဲ ထည့်လိုက်သည်။


 "အစ်မ" 


ပန်းဟမ် တံခါးခေါက်လိုက်ရာ၊ပန်းဟွာက ပြန်မပြော၍ သူ တံခါးကို တွန်းဝင်ကာ ကူကယ်ရာမဲ့နေသော မျက်နှာထားဖြင့် “ဒီနေ့ ရေခဲမိသားစုသုံးစုက အိမ်ထောင်ရေးအကြောင်း ပြောဖို့ ကျွန်တော်တို့ အိမ်ကို လာကြတယ်” 


ပန်းဟွာသည် မြေခွေးမွေးများဖြင့် ဖုံးထားသော ဆိုဖာပေါ်တွင် လဲလျောင်းနေသည်။ သူမက ပျင်းရိငြီးငွေ့နေပုံဖြင့် ဘေးနားရှိ အဆာပြေမုန့်အား လှမ်းယူလိုက်ရာ ဖြူဖွေးနူးညံ့သော သူမ လက်ဖျံလေးက ပေါ်လွင်သွားလေသည်။


ပန်းဟမ်က သူမ လက်မောင်းကို ဖုံးဖို့ အင်္ကျီလက်ကိုဆွဲချပေးလိုက်သည်။


"ချန်မိသားစု၊ ဝမ်မိသားစုနဲ့ ... ယင်းမိသားစု" 


 "ချန်မိသားစုက ပညာရှိမိသားစုတစ်ခုပါ၊သူတို့က ငါ့ကို ဘာလို့စိတ်ဝင်စားမှာလဲ"  ပန်းဟွာက ပါးစပ်ထောင့်ကို သုတ်လိုက်ပြီး "ဝမ်မိသားစုရဲ့သားကလည်း  ဖရဲသီးကွဲကြီးနဲ့တူတယ်၊ သူက ဘာလို့ လာကမ်းလှမ်းရတာလဲ"


 "အစ်မကလည်း ချန်မိသားစုရဲ့သားကတော့ တော်တော်ကြည့်ကောင်းပုံရတယ်"


 “အဲ့ဒီလို ပညာတတ်မိသားစုနဲ့ လက်ထပ်ရတာ ပျော်စရာမကောင်းပါဘူး…အခု ငါတို့ကို သူတို့က ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ငါတို့မိသားစု အာဏာဆုံးရှုံးတဲ့အခါ ငါတို့ကို ပစ်ခွာသွားကြမှာပဲ... "


ပန်းဟမ်က သေသေချာချာစဉ်းစားပြီး "ဒါဖြင့် အစ်မ လက်မထပ်ဘဲ နေကြည့်ပါလား"  


သူမ ခင်ပွန်းရဲ့ မိသားစုက ဘယ်လိုလူမျိုးလဲဆိုတာ ဘယ်သိနိုင်မလဲ...သူမ အိမ်မှာပဲနေပြီး ငါးနှစ်လောက် သက်သောင့်သက်သာနေထိုင်တာက ပိုကောင်းတယ်လေ... 


 "ဟုတ်တယ်....ဘယ်လိုပဲဖြစ်ဖြစ် ငါဘယ်သူနဲ့လက်ထပ်ပါစေ၊ ငါ့ဘဝက အိမ်မှာနေတာထက် ပိုကောင်းမှာမဟုတ်ဘူး"


 "ယင်းမိသားစုကလည်း အစ်မကို လက်ထပ်ခွင့်တောင်းဖို့ အောင်သွယ်တော်လွှတ်လိုက်သေးတယ်.. ယင်းဖုန်းလို စရိုက်မျိုးနဲ့ အစ်မနဲ့ မထိုက်တန်ဘူး"


ပန်းဟွာ ရုတ်တရက်သိလိုစိတ်ပြင်းပြသွားသည်။


"ယင်းမိသားစု...ဟုတ်လား အမေက သူတို့ ယင်းမျိုးနွယ်ကိုကျတော့ နည်းနည်း ဂရုစိုက်ချင်တဲ့ အရိပ်အယောင်များ ပြနေသလား"


 "အမေ့ရဲ့ အကျင့်ကို မသိဘူးလား၊ ယင်းမိသားစုက လွှတ်ထားတဲ့ အောင်သွယ်တော်တောင် ထွက်သွားပြီ"


 သူ့အမေက သည်းခံနိုင်လျှင်တောင်၊သူကတော့ ဤမိသားစုကို သည်းမခံနိုင်ချေ။


မြို့တော်ရှိ ပညာရှိအချို့သည် စိတ်ရူးပေါက်ပြီး ကြောင်တောင်တောင်နိုင်သည်ဟု ပန်းဟမ် ထင်မိသည်။ ဥပမာ၊ ချန်မိသားစု၏ သခင်လေးဆိုလျှင် သူ့အစ်မကို မာနကြီးပြီးအရည်အချင်းမရှိဟု သားက သူ့ညီမသည် အလွန်အမင်း လွန်ကဲသည်ဟု ဆိုခဲ့ဖူးသည်။ယခုမူ သူ့မိသားစုက အောင်သွယ်တစ်ယောက်ပင် လွှတ်လိုက်သေးသည်။ သူတို့ဘာတွေတွေးနေကြတာလဲ..


 ပညာရှိတစ်ယောက်က ကိုယ့်စကားကိုယ် မတည်ဘူးဆိုတာ ဖြစ်နိုင်သလား...



xxxxxx