Chapter.53
နှစ်ရက်၊သုံးရက်ခန့် နှင်းများဆက်တိုက်ကျပြီးမှ နောက်ဆုံးတွင် ရပ်တန့်သွားသည်။
ရုံရှားသည် ကူရှင်ခင်ထားသော ထိုင်ခုံပေါ်တွင် ထိုင်ကာ တော်ဝင်မင်းသမီးကို ရိုကျိုးသောကိုယ်နေဟန်ထားဖြင့် ကြည့်နေသည်။
"မြို့စားမင်းရုံ မင်းက ဘာကိစ္စနဲ့ လာတာလဲ"
တော်ဝင်မင်းသမီး၏ လက်ဘေးမှ လက်ဖက်ရည်သည် အငွေ့ တထောင်းထောင်းပျံနေသည်။ သူမသည် မတ်မတ်ထိုင်နေပြီး ပန်းရောင်တောက်နေသော ပါးပြင်ပေါ်တွင် ယဉ်ကျေးသော အပြုံးဖြင့် ထိုင်နေသော်လည်း ရုံရှားရင်းနှီးလိုသော ရည်ရွယ်ချက် တစ်စုံတစ်ရာ မပြခဲ့ပေ။
"ဒီနေ့ မင်းသမီးကို ဂါရဝပြုဖို့ လာခဲ့တာပါ"
ရုံရှား လက်ဖက်ရည်သောက်ပြီး ပြောလိုက်သည်။ သူ သောက်သောလက်ဖက်ရည်မှာ တော်ဝင်မိသားစုအတွက် အကောင်းဆုံး လက်ဖက်ခြောက်ဖြင့် ပြုလုပ်ထားပြီး နှစ်စဉ် နှစ်ကတ်တီအောက်သာ ထုတ်လုပ်သည်။
"စိတ်ပူတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့စားမင်းရုံ... မင်းသမီး နေကောင်းပါတယ်"
"မင်းသမီးရဲ့ ခန္ဓာကိုယ်က ကျန်းမာနေတယ်ဆိုလို့ စိတ်ချသွားပါပြီ" ရုံရှား လက်ဖက်ရည်ခွက်ကို ကော်ဖီစားပွဲပေါ်တင်လိုက်ပြီး "ဒီလက်ဖက်ရည်က အစာအိမ်အတွက် မကောင်းဘူးလို့ ပြောလို့ရတယ်...မင်းသမီး အနေနဲ့ လျှော့သောက်သင့်ပါတယ်"
တော်ဝင်မင်းသမီး၏ မျက်လုံးများသည် ရုတ်တရက် ပြင်းထန်လာသည်။ သူမ၏ မျက်လုံးများသည် ရုံရှား ကို သေချာစိုက်ကြည့်နေပြီးမှ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
" မြို့စားမင်းရုံ က အရမ်းစိုးရွံ့တတ်တာကိုး"
"ကျွန်တော့်မိဘတွေက စောစောသေဆုံးသွားကြတယ်၊ကျွန်တော့် အစ်ကိုကလည်း စောစော ဆုံးသွားခဲ့တာ၊ ဒါကြောင့် ကျွန်တော်က အမြဲ စိုးရိမ်တတ်တာ"
ရုံရှားသည် ဝမ်းနည်းနေဟန်ဖြင့် ခေါင်းကို အနည်းငယ်ငုံ့ထားလိုက်သည်။
တော်ဝင်မင်းသမီးက အားငယ်နေသည့်သူ့ကိုမြင်ပြီး ရယ်မောလိုက်သည်။
"စိတ်မပူတတ်တဲ့သူတွေက တည်ငြိမ်တဲ့စိတ်ထားရှိတယ်... ဒါကြောင့် မြို့စားမင်းလည်း တည်ငြိမ်တဲ့စိတ်မျိုးမွေးမြူသင့်ပါတယ်"
သူက တော်ဝင်မင်းသမီးကို အရိုအသေဦးညွတ်လိုက်သည်။
"ကျွန်တော် ဆင်ခြင်ပါ့မယ်"
"မြို့စားမင်းရုံ၊ ဒီနေ့ ဘာလို့လာတာလဲဆိုတာ ပြောပါ"
"ကျွန်တော့်မိဘတွေ ဘာကြောင့်သေတာလဲဆိုတာ သိချင်ပါတယ်"
နေရောင်က ပြတင်းပေါက်မှတဆင့် အခန်းထဲကို တောက်လျှောက် ဝင်လာသည်။ တော်ဝင်မင်းသမီး၏ မျက်ခွံများ အနည်းငယ် တုန်ခါသွားကာ ပါးစပ်ထောင့်ကို သုတ်လိုက်ပြီး "မင်း ဘာကို ဆိုလိုမှန်း မသိဘူး"
"မင်းသမီး နားလည်သင့်တယ်ထင်တယ်" ရုံရှားသည် လက်မလျှော့ဘဲ မင်းသမီးတော်ဝင်ကို စိုက်ကြည့်လိုက်သည်။
တော်ဝင်မင်းသမီးသည် သူ့ရှေ့က လူငယ်ကို မယုံနိုင်သောအကြည့်ဖြင့် ကြည့်နေ၏။ လွန်ခဲ့သည့်ဆယ်စုနှစ်များဆီက၊ သူမ လင်းရှစ်ကို ကြည့်နေသလိုမျိုးပင်။ လင်းရှစ်၏ မွေးမိခင်သည် သူမ၏ ခမည်းတော်၏ ကိုယ်တော်မှ မွေးခဲ့သော သမီးဖြစ်သည်။ ထို့ကြောင့် သူမနှင့် လင်းရှစ်၏ မိခင်သည် ဖအေတူ မအေကွဲ ညီအစ်မများ ဖြစ်ပေသည်။
လင်းရှစ်၏ မိခင်သည် အိမ်ထောင်ကျပြီးနောက်တွင်၊ ထီးနန်းလုပွဲတွင် ပါဝင်ခဲ့၍ သာမန်လူတစ်ဦးအဖြစ် ရာထူးမှ လျှော့ချခံခဲ့ရသည်။ နောက်ပိုင်းတွင် သူမသည် မိမိကိုယ်ကို သတ်သေခဲ့သည်။
လင်းရှစ်သည် လင်းမိသားစုတွင် ကောင်းကောင်းမနေထိုင်ခဲ့ရချေ။အကြောင်းမှာ ယခင်ဧကရာဇ်မင်းမြတ်သည် သူ၏ ညီအစ်ကိုများအား ထီးနန်းလုရာတွင် ကူညီခဲ့သည့် ဝန်ကြီးများ သို့မဟုတ် မင်းသမီးများကို မကြိုက်တာကြောင့်ပင်။ထို့ကြောင့် လင်းမိသားစုသည် သူမမှာ တော်ဝင်သွေးရှိသောကြောင့် ကောင်းစွာမဆက်ဆံခဲ့ပေ။ သို့သော်လည်း လင်းရှစ် သည် အလွန်လှပပြီး လက်ရေးလှနှင့် ပန်းချီဆွဲရာတွင် အလွန်ထူးချွန်သည်။ နောက်ဆုံးတွင် သူမသည် ယခင်မျိုးဆက်မှ ချမ်အမ်မြို့စားမင်းနှင့် လက်ထပ်ခဲ့သည်။
ပြောရလျှင် တော်ဝင်မင်းသမီးသည် လင်းရှစ်၏ အရီးတော်ဖြစ်သည်။ သို့သော်လည်းလင်းရှစ် ၏ မိခင်အရင်းသည် တော်ဝင်မိသားစုမှ နှင်ထုတ်ခံခဲ့ရပြီး သာမန်လူအဖြစ်သို့ ရာထူးမှ ဆင်းခဲ့သည်မှာ ကြာပြီဖြစ်၍ လင်းရှစ်သည် သူမအား တော်ဝင်မင်းသမီးအဖြစ် လေးလေးစားစား ပြောဆိုနိုင်ရုံသာ ရှိတော့သည်။
ကံကောင်းထောက်မစွာ၊ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သော လင်းရှစ်၏ မိခင်ကို ယခင်ဧကရာဇ်က မနှစ်သက်ခဲ့ပေ။ ထို့ကြောင့် လင်းရှစ်၏သားတော်သည် ယခုလက်ရှိဧကရာဇ်၏ အရေးပါသောရာထူးတွင် ရှိနေခြင်းပင်။ လက်ရှိဧကရာဇ်သည် ယခင်ဧကရာဇ်နှင့် သားအဖဆိုသော်လည်း ခပ်တန်းတန်းသာနေပြီး အနေမနီးစပ်ကြောင်း မင်းသမီးတော်ဝင်ထက် မည်သူမျှ မသိကြပေ။ထို့ကြောင့် လက်ရှိဧကရာဇ် နန်းတက်ပြီးနောက် ယခင်ဧကရာဇ်မင်း၏ အပြစ်ပေးခံရသော လူအချို့ကို ပြန်လည်ထူထောင်ကာ စေတနာကောင်းဖြင့် နာမည်ကောင်းရခဲ့သည်။
ယခုအချိန်တွင်၊ ရုံရှားသည် သူမရှေ့တွင် သာမာန် မြို့စားမင်းတစ်ဦးအဖြစ်သာ သူ့ကိုယ်သူ ရည်ညွှန်း ပြောဆိုနေသည်။တစ်ကယ်တမ်းတွင်၊ ရုံရှား၏ မိခင် လင်းရှစ်သည် တော်ဝင်မိသားစု၏ မျိုးရိုးစဉ်ဆက်မှ ဖယ်ရှားခံခဲ့ရသော်လည်း၊ ရုံရှား၏ အဖွားသည် သူမနှင့် ဖအေတူမအေကွဲ ညီမဖြစ်ပေသည်။
အခန်းထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ တော်ဝင်မင်းသမီးသည် အခန်းတွင်းရှိ တိတ်ဆိတ်ငြိမ်သက်မှုကို အကြိမ်အနည်းငယ် ချောင်းဆိုး၍ ပြေပျောက်အောင် လုပ်လိုက်၏။
"မင်းသမီး" ချန်မာမားက စိုးရိမ်တကြီးနှင့် ဝင်လာခဲ့သည်။
"ထွက်သွားပါ"
တော်ဝင်မင်းသမီးက ပါးစပ်ထောင့်ကို သုတ်လိုက်သည်။ သူမ၏ နှုတ်ခမ်းများသည် သွေးများ စီးကျနေသကဲ့သို့ နီရဲနေသည်။ ချန်မာမား ရုံရှားကို တစ်ချက်ကြည့်လိုက်ကာ မင်းသမီး၏ သဘောထား ခိုင်မာမှုကို မြင်လိုက်ရသဖြင့် ကူကယ်ရာမဲ့ ထွက်သွားရုံသာ ရှိတော့သည်။
"လင်းရှစ်က အချစ်ရောဂါကြောင့် ဆုံးသွားခဲ့တာ" တော်ဝင်မင်းသမီးက တည်ငြိမ်စွာပြောသည်။ " ချစ်ခြင်းမေတ္တာရဲ့ အစဟာ ဘာမဟုတ်တဲ့ ပဲနီစေ့လေးတစ်စေ့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်၊ အဲ့ဒီအချစ်က ကြီးမားလာတဲ့အခါ နှလုံးသားကို ကြေကွဲစေတယ်"
ရုံရှား၏ မျက်ခွံများ တုန်လှုပ်သွားသည်။ "အဲ့ဒါ ဘယ်သူပါလဲ"
"မင်း သိမယ်လို့ ငါ ထင်ခဲ့တာ"
ရုံရှားသည် ခဏမျှ တိတ်ဆိတ်သွားသည်။
တော်ဝင်မင်းသမီး၏မျက်လုံးများသည် ရုံရှား တစ်ကိုယ်လုံးကို ခြုံငုံကြည့်ကာ ရုတ်တရက်ရယ်မောလိုက်၏။
"လက်ရှိဧကရာဇ် ကြီးပြင်းလာတာကို ငါ သေချာမြင်ခဲ့ရတယ်၊ သူက အပေါ်ယံမှာ ကြင်နာတတ်ပေမယ့် ရက်စက်တဲ့ နှလုံးသားရှိတယ်၊ ဒါပေမယ့် သူ့မှာ ဝါသနာတစ်ခုရှိတယ်၊ ကောင်းလား ဆိုးလားတော့ မသိဘူး၊ ဒါက ပြဿနာဖြစ်နိုင်တယ်၊ ကျန်းမိသားစုဝင်တိုင်းက အလှအပကို နှစ်သက်ကြတယ်ဆိုတဲ့ အချက်ပါပဲ....ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ရုပ်ရည်လှပရင် သူက အရမ်း သဘောကောင်းပြီး ကြင်နာပြတတ်တယ်"
တော်ဝင်မင်းသမီး၏ အပြုံးတွင် လှောင်ပြောင်မှု အရိပ်အယောင်များ ရှိနေသည်။ "မင်းဟာ အရည်အချင်းရှိတယ်၊ ထက်မြက်တယ်၊ ရုပ်ရည်လည်း ချောမောတယ်"
တော်ဝင်မင်းသမီး၏အမြင်တွင် ရုံရှားက ရုပ်ရည်ချောမောသူဖြစ်သည်။ မြို့တော်တစ်ခုလုံးကို ကြည့်လိုက်လျှာင်လည်း၊သူနှင့် ယှဉ်နိုင်သူမရှိချေ။
ရုံရှားက သူမကို ရုတ်တရက် ကြည့်လိုက်သည်။
"မင်းသမီး နောင်တရဖူးလား"
"တော်ဝင်မိသားစုမှာ မွေးဖွားသူတွေဟာ ဒီစကားလုံးကို ပြောဖို့ အရည်အချင်းမရှိဘူး"
တော်ဝင်မင်းသမီးသည် လက်ဖက်ရည်ခွက်ကို ဘာသိဘာသာဖြင့် ကောက်ယူလိုက်သည်။သူမ စိတ်ထဲက လက်ဖက်ရည်သောက်ချင်သည်ဖြစ်စေ၊မသောက်ချင်သည်ဖြစ်စေ ဂရုမစိုက်ဘဲ ခေါင်းငုံ့ကာ တစ်ငုံသောက်လိုက်သည်။
"ငါ သတိမထားရင် မင်းအဖွားလိုပဲ ဘဝဆုံးသွားလိမ့်မယ်"
တော်ဝင်မင်းသမီး၏ မျက်လုံးများသည် ငြိမ်သက်နေ၏။ ထိုသေဆုံးမှုများနှင့် ပူးပေါင်းကြံစည်မှုများသည် သူမအပေါ် သက်ရောက်မှုမရှိသလိုပင်။
"ဒီလိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရုံရှား မတ်တပ်ထရပ်ပြီး တော်ဝင်မင်းသမီးကို လေးလေးနက်နက် ဦးညွတ်လိုက်သည်။
"ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ၊ကျင့်ထင်နယ်စားမင်း အိမ်တော်က မင်းသမီးကို လိုအပ်နေပါသေးတယ်"
"ငါ သူတို့ကို မကာကွယ်နိုင်ဘူး"
တော်ဝင်မင်းသမီးက သူမအား ဦးညွှတ်နေသော လူငယ်လေးကို ကြည့်ကာ ပြောလိုက်သည်။ "တစ်ကယ်ဆို မင်းက ငါ့ကို ဖွားလေးလို့ ခေါ်သင့်တယ်"
ထို့နောက် သူမသည် ဖြည်းညှင်းစွာထရပ်လိုက်ပြီး ဘေးနားရှိ အံဆွဲထဲမှ သေတ္တာလေးကို ထုတ်ယူလိုက်ကာ ရုံရှားအား ပေးလိုက်၏။
"မင်း ဒီအရွယ်ထိကြီးပြင်းလာပေမယ့် ငါ မင်းကို လက်ဆောင်တစ်ခါမှ မပေးဖူးဘူး၊ ဒါ မင်းကို ပထမဆုံး သေသေချာချာတွေ့ဆုံခွင့်ရတဲ့ ငါ့လက်ဆောင်ပဲ"
ရုံရှားသည် သစ်သားသေတ္တာကို မယူခဲ့ပေ။ "မင်းသမီးက ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ"
တော်ဝင်မင်းသမီးက ရယ်သည်။ သူမ၏ ရယ်သံက အနည်းငယ် ထူးဆန်းနေ၏။
"ဟင်းဟင်း....မင်းကို ဘာမှ မလုပ်ခိုင်းချင်ပါဘူး...ငါဒီကိစ္စကို သင်္ချိုင်းထိ ယူသွားတော့မှာ၊ ဒါပေမယ့် မင်းဒီကို ရောက်လာတာဆိုတော့ မင်းနဲ့ ဆုံရမယ့် ကံကြမ္မာပဲ"
"အနာဂတ်မှာ ကျွန်တော် ကျင့်ထင်နယ်စားမင်း အိမ်တော်ကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်"
"ကောင်းတယ်"
တော်ဝင်မင်းသမီးသည် ရုံရှား၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုသည် အလွန်ပေါ့ပါးသော်လည်း၊ လက်ထဲမှာ အားအများကြီးထည့်ထားမှန်း ရုံရှား ခံစားလိုက်ရသည်။
"မလိုပါဘူး....လူတိုင်းမှာ ကိုယ့်ကံကြမ္မာကိုယ်စီ ရှိကြတယ်၊ သူတို့ကို ခဏလောက်တော့ ကာကွယ်နိုင်ပေမယ့် ထာဝရ မကာကွယ်နိုင်ဘူး"
"ကျွန်တော်မသွားခင် နောက်ဆုံး မေးချင်ပါတယ်"
ရုံရှားသည် သစ်သားသေတ္တာကို ဆုပ်ကိုင်လိုက်သည်။
"ကျွန်တော် မင်းသမီးကို ကူညီချင်ပါတယ်"
တော်ဝင်မင်းသမီးက ပြုံးပြီး စကားမပြောဘဲ ပြတင်းပေါက်ကိုဖွင့်ပြီး လူငယ်လေးကို သေသေချာချာကြည့်နေသည်။ "မင်းပြန်လို့ရပြီ"
သူ၏ စိတ်ခံစားချက်ကလည်း ထူးဆန်းလျက်ရှိသည်။သူ ပျော်နေသလိုရှိသော်လည်း၊ စိတ်မကောင်းလည်းဖြစ်ရသည်။
တော်ဝင်မင်းသမီးသည် ပြတင်းပေါက်ရှေ့တွင် ရပ်နေသည်။နေရောင်က သူမခန္ဓာကိုယ်ပေါ် ထွန်းလင်းလာပုံက ဘုရားကျောင်းထဲက နတ်ဘုရားမတစ်ပါးလိုပင်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်က ဒီမင်းသမီး ဘယ်လိုမိန်းမမျိုး ဖြစ်ခဲ့တာလဲ...
နှင်းများကျသည့်နေ့မှာ ပန်းဟွာ ပုံမှန်ထက်နောက်ကျမှ နိုးလာသည်။သူမ ရေချိုးပြီးသောအခါ နေမင်းကြီးသည် ကောင်းကင်ထက်၌ ရောက်နေပြီဖြစ်သည်။ ခြံဝင်းထဲက ဆီးနှင်းများကလည်း သန့်စင်သွားပြီဖြစ်ကာ သစ်ပင် အကိုင်းအခက်များပေါ်မှ ရေခဲများကိုပင် အစေခံများက သန့်ရှင်းရေး လုပ်ပြီးကြပြီဖြစ်သည်။
"ကျွင်းကျူး"
ထိုစဉ်အစေခံတစ်ယောက်ဝင်လာသည်။
"ရှစ်ကျစ်က ပင်မခန်းမထဲကို လာခဲ့ပါတဲ့၊ ဧည့်သည်တွေ ရောက်နေပါတယ်"
ပန်းဟွာ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူမကို ဘယ်လိုဧည့်သည်မျိုးက တွေ့ချင်တာလဲ။
သူမ ပင်မခန်းမထဲကို လျှောက်သွားသောအခါ ပန်းဟမ် နှင့် ရုံရှားတို့ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
"မြို့စားမင်းရုံ"
"ကျွင်းကျူး" ရုံရှား မတ်တပ်ထရပ်ပြီး ပန်းဟွာကို ဦးညွှတ်လိုက်သည်။ "လွန်ခဲ့တဲ့ နှစ်ရက်က ထီးငှားပေးလို့ ကျေးဇူးတင်ပါတယ်"
အားလုံး ခဏလောက် စကားစမြည်ပြောပြီးနောက် ရုံရှားက ထီးကို ပန်းဟမ်ဆီသို့ ပြန်ပေးသည်။
"ထီးလက်ကိုင်ပေါ်က ဆွဲသီးက ဘယ်မှာပြုတ်ကျသွားမှန်းမသိဘူး၊ ကျွန်တော် အပြစ်ရှိသလိုခံစားရတဲ့အတွက် ဆွဲသီးအသစ်နဲ့ အစားထိုးလိုက်တာ"
ထီးလက်ကိုင်တွင် ချိတ်ဆွဲထားသော ပတ္တမြားသည် ပျိုနီပန်းလေး ဖြစ်နေသည်ကို ပန်းဟွာ သတိပြုမိသည်။လှပသော ပျိုနီပန်းပုံကျောက်လေးကြောင့် သူမ သဘောကျသွားသည်။
"မြို့စားမင်းရုံကလည်း မဟုတ်တာ၊ ဆွဲသီးလေးတစ်ခုပဲဟာကို အားနာဖို့ မလိုပါဘူး"
"ကျွင်းကျူးက ထီးကို စေတနာနဲ့ ငှားခဲ့ပေမယ့် ကျွန်တော့်ကြောင့် ပျောက်သွားတယ်လေ၊ ဒါက ကျွန်တော့်အပြစ်ပါပဲ"
သူတို့ဘေးမှာထိုင်နေသည့် ပန်းဟမ်က သူ့အစ်မနှင့် ရုံရှားတို့ ပျော်ရွှင်စွာ စကားစမြည်ပြောနေသည်ကို ဘာမှမထူးခြားသလို ကြည့်နေလိုက်သည်။ မြို့စားမင်းရုံက ဘာကိုဆိုလိုတာလဲ။
"ရှစ်ကျစ်"
ရုံရှားသည် နောက်စေ့မှာ မျက်စေ့ပါသည့်နှယ် ပန်းဟမ် ငြီးငွေ့နေမှန်း ရိပ်မိပြီး သူနှင့် စကားစမြည်ပြောလာသည်။
"လွန်ခဲ့တဲ့ ရက်က တပည့်တစ်ယောက်က အစ်ကို့ကို တိုက်ကြက်တစ်ကောင်း ပေးတယ်၊ သူကတော့ အကောင်းပဲ ပေးတာ၊ ဒါပေမယ့် အစ်ကိုက ကြက်မတိုက်တတ်တော့ အသုံးမတည့်ဘူးဖြစ်နေတာ... အဲဒါကို ဘာလုပ်ရမှန်းမသိဘူး...ရှစ်ကျစ်က ကြက်တိုက်တာ ကြိုက်တယ်လို့ ကြားတယ်၊ နယ်စားမင်းအိမ်တော်ဆီကို ကြက် ပို့လိုက်ရမလား၊ ညီလေး လက်မခံရင် ဟင်းချက်စားဖို့ မီးဖိုချောင်ကိုပဲ ပေးရမှာပဲ"
ကြက်တိုက်သည့် အကြောင်း ကြားသည့်အခါ ပန်းဟမ် ချက်ချင်းခေါင်းညိတ်ပြီး "ကျေးဇူးပြုပြီး ဟင်းမချက်ပါနဲ့၊ တိုက်ကြက်မျိုးက ငွေတုံးတွေ ပုံပေးမှ ဝယ်လို့ရတာ၊ကျွန်တော် ကောင်းကောင်းမွေးမြူမယ်လို့ ကတိပေးပါတယ်"
"ဒါဆိုလည်း ရှစ်ကျစ်ကို ပေးရမှာပေါ့"
ရုံရှား ချက်ချင်းစိတ်သက်သာရာရသွားသည်။ ဤသည်ကို ပန်းဟမ်ကလည်း ရိပ်မိ၏။ သူ့က အသုံးမကျဘူးလို့ ဘယ်သူပြောလဲ...အခုဆို ရုံရှားရဲ့ ခက်ခဲတဲ့ပြဿနာကို ကူညီဖြေရှင်းပေးနေတာမဟုတ်လား... ကမ္ဘာကြီးက လူတွေကို မလိုမုန်းထားစိတ်နဲ့ အမြဲကြည့်တယ်....အဲ့ဒီလို မဖြစ်သင့်ဘူး...
"ဟုတ်သား အစ်မ ဒီနေ့ အဖွားဆီသွားဖို့ စိတ်ကူးမရှိဘူးလား....." ပန်းဟမ်က ပြောရင်းဆိုရင်း အပြင်ဘက်မှ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ "မွန်းတည့်ချိန်ရောက်တော့မယ် အစ်မ ဘာလို့ မသွားသေးတာလဲ"
“မနေ့ညက အဖွားရဲ့မာမားကပြောတယ်၊ အဖွားက နန်းတော်ကို ဒီနေ့ သွားမယ်တဲ့၊ အစကတော့ ငါက အဖွားဆီကို လက်ဆောင်ပေးဖို့ သွားမယ်လို့ စိတ်ကူးထားတာ"
"အဖွားက အခုဆို ပြန်လာလောက်ပြီလေ၊အစ်မ သွားပေးပါလား၊ နေ့လည်စာစားပြီးရင် ကျွန်တော်လည်း အစ်မနဲ့လိုက်ခဲ့မယ်"
"အင်း"
ပန်းဟွာ ခေါင်းညိတ်လိုက်ကာ ထီးလက်ကိုင်ပေါ်ရှိ ပျိုနီ ဆွဲသီးကို ဆော့ကစားနေသည်။
"ဟာ တိုက်ဆိုင်လိုက်တာ" ထိုစဉ် ရုံရှား က ရုတ်တရက်ပြောလိုက်သည်။
"ကိုယ်လည်း ဒီနေ့ တော်ဝင်မင်းသမီး ဆီကို အလည်သွားခဲ့သေးတယ်၊ဪ ဟုတ်မယ်...ကိုယ်နဲ့တွေ့တုန်းက သူမက နန်းတော်ထဲဝင်မှာမလို့ ကောင်းကောင်းဝတ်ထားတာဖြစ်မယ်"
"အဖွားကို ရှင် သွားတွေ့တာလား" ပန်းဟွာက ရုံရှားကို လှည့်ကြည့်လိုက်ပြီး "ဒါဆို သူမက ကျွန်မကိုပဲ ဘာလို့ ပေးမတွေ့တာလဲ"
"ဖြစ်နိုင်တာကတော့ ကိုယ်က ခဏလောက်နေပြီးတော့မှ ပြန်လာခဲ့တာလေ၊ဒါကြောင့် တွေ့ခွင့်ပေးတာနေမှာပါ.. မင်းကိုတော့ သူမက သိပ်ချစ်ပါတယ်၊ အခုနေ သွားတွေ့ရင်တွေ့ပါ"
"ဟုတ်လား၊ ကောင်းပြီ ဒါဆိုလည်း ကျွန်မပါ နန်းတော်သွားလိုက်မယ်၊ ဧကရာဇ်ရဲ့ မွေးနေ့တုန်းကလည်း ဧကရီနဲ့ စကားပြောဖို့ အချိန်တောင် မရှိခဲ့ဘူး"
ဧကရာဇ်နှင့် ဧကရီက အလေးပေးထားသော သူမသည် နန်းတော်ထဲသို့ အချိန်မရွေး ဝင်ရောက်ခွင့်ရှိသည်။သူမ ဆယ့်ငါးနှစ် ပြည့်ပြီးမှသာ နန်းတော်ထဲသို့ ဝင်နိုင်ခွင့်အကြိမ်အရေအတွက်ကို ရည်ရွယ်ချက်ရှိရှိ လျှော့ချပစ်ခဲ့သည်။
"ကိုယ့်မှာ ဘုရင်မင်းမြတ်နဲ့လည်း ဆွေးနွေးစရာကိစ္စရှိတယ်၊ ကျွင်းကျူး စိတ်မရှိဘူးဆိုရင် ကိုယ်ကလည်း။မင်းနဲ့အတူလိုက်ချင်ပါတယ်"
xxxxxx