အပိုင်း၅၄
Viewers 4k


Chapter.54


ပန်းဟွာသည် မြင်းလှည်းမစီးဘဲ မြင်းစီးဖို့ ဆုံးဖြတ်လိုက်သည်။ သူမသည် ရှုပ်ထွေးပွေလီသော နန်းတော်ဝတ်စုံကို ၀တ်ဆင်ထားသောကြောင့် မြင်းစီးရသည်မှာ သူမအတွက် အဆင်မပြေလှပေ။သို့သော် ဘာကြောင့်မှန်းမသိ၊လဲချင်စိတ်မရှိချေ။နန်းတော်ထဲကို အမြန်ဆုံးဝင်ဖို့သာ စိတ်စောနေမိ၏။


 "ဟီးဟီး....."


ဧကရာဇ် ယွင်ချင် ပေးထားသော ကြာပွတ်သည် မြင်းကိုထိမှန်ပြီး ဟီကနဲ အသံထွက်လာသည်။ မြေပြင်မှာ နှင်းများ ကျနေဆဲပင်။ပန်းမိသားစု၏ အစောင့်များက သူမ တစ်ခုခုဖြစ်သွားမှာ ကြောက်သည့်အတွက် အားလုံး သူမနောက်ကို အသည်းအသန် လိုက်လာကြသည်။ သို့သော်၊ သူတို့၏မြင်းများသည် သူမစီးနေသော တော်ဝင်မြင်းနှင့် ယှဉ်နိုင်ဖို့ အရည်အချင်းမရှိပေ။ များမကြာမီမှာပင် သူတို့သည် အဝေးမှာ ကျန်ရစ်ခဲ့သည်။


 "မြို့စားမင်းရုံ" 


ကျင့်ထင်နယ်စားမင်း အိမ်တော် ၏ အစောင့်တပ်သားက မြင်းပေါ်မှ ခုန်ဆင်းပြီး ရုံရှားရှေ့မှ အေးစက်နေသော မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်သည်။


"မြို့စားမင်းရုံ၊ ကျွင်းကျူး တစ်ခုခုတော့ မှားနေပြီ၊ဒါကြောင့် သူမကို ကာကွယ်ပြီး နန်းတော်ထဲလိုက်ပို့ဖို့ မြို့စားမင်းကို တောင်းဆိုချင်ပါတယ်"


 "သူရဲကောင်းတို့၊ စိတ်ချပါ.... ငါ သူမကို သေချာကာကွယ်ပေးမှာပါ"  ရုံရှားက သူ့မြင်းကို လက်နှင့်ရိုက်ပြီး အသော့နှင်တော့သည်။ 


 အစောင့်က လေပူတစ်ချက် ရှုရှိုက်ရင်း “ခေါင်းဆောင် ကျွန်တော်တို့ အခု ဘာလုပ်မှာလဲ”


 "ချက်ချင်းသွားပြီးတော့ နယ်စားမင်းနဲ့ နယ်စားမင်းကတော်ကို သတင်းပို့ပါ....နန်းတော်မှာ တစ်ခုခုဖြစ်မှာ စိုးရတယ်"


သူသည် ကျွင်းကျူးထံမှာ နှစ်အတော်ကြာ အစောင့်အကြပ်လုပ်ခဲ့သော်လည်း၊ ကျွင်းကျူး ယခုလိုမျိုး အသိစိတ် ပျောက်ဆုံးသွားသည်ကို

 တစ်ခါမှ မမြင်ဖူး‌ပေ။ 


 တွဲလောင်းကျနေသည့် သစ်ပင်အကိုင်းအခက်များ၊ ရွှံ့တောများနှင့် ညစ်ပတ်သော လမ်းများ၊ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော လမ်းသွားလမ်းလာများ၊....ယခင်က ပန်းဟွာသည် သူမ၏ အိပ်မက်ထဲတွင် ဤမြင်ကွင်းများကို မြင်ဖူးသလို ခံစားခဲ့ရသော်လည်း၊ သူမ၏ စိတ်ကူးသက်သက်ဟုလည်း ခံစားရသည်။  လေအေးက သူမ မျက်နှာကို ထုံကျင်သွားသည်အထိ ရိုက်ခတ်လာသည်။  သူမနှင့် နီးကပ်လာနေသော နန်းတော်တံခါးမှာ လူတိုင်းကို အချိန်မရွေး ကိုက်စားရန် စောင့်ဆိုင်းနေသော ပါးစပ်ကျယ်ကျယ်ဟ,ထားသည့် ဘီလူးတစ်ကောင်လိုမျိုး ခံစားရသည်။


နန်းတော်တံခါးရှိ အစောင့်အကြပ်များစွာသည် မြင်းများစီး၍ ပြေးထွက်လာကြသည်။ သို့သော် ပန်းဟွာ သူတို့ကို ရုမစ်ိုက်ဘဲ သူတို့ကြားထဲမှ ဖြတ်စီးသွားသောအခါ ဧကရာဇ်အစောင့်များထဲက တစ်ယောက်သည် အဝါရောင်အနားသတ်ထားသည့် အနက်ရောင်အလံကို လွှင့်ထူလိုက်ပြီး

 

"ပန်းဟွာကျွင်းကျူး၊ တော်ဝင်မင်းသမီးသဲနင် ဒဏ်ရာအပြင်းအထန်ရနေတယ်၊ ဒါကြောင့် စောစောကပဲ ဧကရာဇ်က ကျွင်းကျူးတို့ အိမ်တော်ကို လူလွှတ်ပြီး အ‌ခေါ်ခိုင်းလိုက်ပါတယ်၊ကျွင်းကျူး အမြန်သွားတွေ့ပါ"


 "ဘာပြောလိုက်တာလဲ"  


ပန်းဟွာ အမောဆို့လာသလို ခံစားရပြီး ဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ပြေးနေသောမြင်းသည် အရှိန်ရနေ၍ အချိန်အနည်းငယ်ကြာမှ  ရပ်တန့်သွားသည်။


ဧကရာဇ်အစောင့်တပ်ခေါင်းဆောင်က ပန်းဟွာ၏ မျက်လုံးများ နီရဲနေပြီး သူ့မျက်နှာ ဖြူဖျော့လာသည်ကို မြင်လိုက်ရသည်။ ရုတ်​တရက်​ သူ့ရင်​ထဲမှာ ​ကြောက်​စိတ်​အနည်းငယ်​ကို ခံစားလိုက်​ရသည်​။  


“တော်ဝင်မင်းသမီး သဲနင်… ဒဏ်ရာအပြင်းအထန်ရနေပါတယ်…” 


သူ့စကားမဆုံးခင်မှာ ဟူးကနဲ လေတိုးသံနှင့်အတူ  ပန်းဟွာကျွင်းကျူးသည် မြင်းစီးပြီး နန်းတော်ထဲသို့ ပြေးဝင်ခဲ့သည်။


"ကျွင်းကျူး နန်းတော်ထဲမှာ မြင်းစီးလို့ မရဘူး!"


 "မြန်​မြန်​ရပ်​လိုက်​ပါ"


 "ဒုတိယတပ်မှူးရှစ် သူမကို တားထားပါ...ဘယ်သူ့ကိုမှ မထိခိုက်စေဖို့ သတိထားပါ"


ရှစ်ကျင်းသည် ယာမန်အစောင့်တပ်များ၏ အသံကိုကြားလိုက်သောအခါမှ ထွက်လာခဲ့သည်။ သူ ရှေ့ကိုမျှော်ကြည့်လိုက်လျှင် မြင်းတစ်ကောင်က သူ့ဆီ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။သူ ရှေ့ကို အမြန်ပြေးပြီး မြင်းဇက်ကြိုးကို လှမ်းဆွဲလိုက်သည်။ထိုအခါ မြင်း၏ရှေ့ခွာသည် အပေါ်ကို ကွေးတက်သွားကာ နောက်ကျောပေါ်မှ လူက ပြင်းထန်စွာ အနောက်လန်၍လဲကျသွားခဲ့သည်။


သူတို့နောက်ကို လိုက်နေသော ဧကရာဇ်အစောင့်များက အခြေအနေကို မြင်ပြီး စိတ်ညစ်သွားကြ၏။

ပန်းဟွာကျွင်းကျူး  ပြုတ်ကျလို့ ဒဏ်ရာရရင် ဘယ်လိုလုပ်မလဲ။


 "ဘယ်သူက ငါ့ကို ဒီလိုလုပ်တာလဲ"  


ပန်းဟွာ၏ မျက်လုံးများက မီးလျှံကဲ့သို့ ‌စူးရှခက်ထန်နေသည်။ သို့သော် မြင်းပေါ်မှ ပြင်းထန်စွာ ပြုတ်ကျခြင်းကြောင့် အနည်းငယ် မူးဝေနေပြီး ချက်ချင်း မထနိုင်သေးပေ။


 "ကျွင်းကျူး" 


ရုံရှားက ပြေးနေသည့် သူ့မြင်းပေါ်ကနေ ခုန်ဆင်းပြီး ပန်းဟွာဆီကို လျှောက်သွားသည်။


 "အဆင်ပြေရဲ့လား"


ပန်းဟွာသည် ယခုအချိန်တွင် သူမကို ဘယ်သူကူညီပေးနေမှန်း မသိချေ။ သူမလက်ထဲမှာ မြင်းကြာပွတ်ကို ဆုပ်ကိုင်ထားပြီး သူမ၏မြင်းအား ရှေ့မှနေ၍ ဝင်ကာဆီးသူကိုသာ စိတ်တိုတိုနှင့် ‌ဆူပူလျက်ရှိသည်။


 "ထွက်သွား!"


သူ တားလိုက်သည့်မြင်းပိုင်ရှင်က ပန်းဟွာမှန်း သိသောအခါ ရှစ်ကျင်း အံ့အားသင့်သွားသည်။ ပန်းဟွာက သူ့ကို ပြင်းပြင်းထန်ထန် ဆဲဆိုအော်ငေါက်ပြီး ကြာပွတ်နှင့် ယမ်း‌နေသည်ကိုလည်း သူ ကာကွယ်လိုစိတ်မရှိဘဲ ငြိမ်ပြီးရပ်နေမိ၏။ကြာပွတ်က ဘာနှင့်လုပ်ထားမှန်းမသိ၊ ကြာပွတ်အမြီးသည် သူ့လက်ဖမိုးသို့ လာထိသောအခါ ပူလောင်စပ်ဖျင်းဖျင်း ခံစားလိုက်ရသည်။


 "ကျွင်းကျူး တော်ဝင်မင်းသမီးကို အရင်ရှာရအောင်"  


ရုံရှားသည် ရှစ်ကျင်းကိုပင် မကြည့်ဘဲ ပန်းဟွာကို သူ့ရင်ခွင်ထဲတွင် မှီထားစေ၍ "မင်း လမ်းလျှောက်နိုင်သေးလား"


ပန်းဟွာက ရုံရှားကိုကြည့်ကာ ပါးစပ်က တုန်နေပြီး ဘာမှ ပြန်မပြော။


 "ကိုယ် မင်းကို လိုက်ပို့မယ်"  


ရုံရှားသည် သူ့ရှေ့က ကောင်မလေးကို သေချာကြည့်လိုက်သည်။  သူမ၏ မျက်လုံးများမှာ နီရဲနေပြီး ဆံပင်ကလည်း ရှုပ်ပွနေကာ၊ ဆံညှပ်နှင့် ဆံထိုးများကလည်း ပျောက်သည်က ပျောက်ကာ ဖရိုဖရဲဖြစ်နေ၏။ ထို့နောက် သူက  သူမရှေ့မှာ ထိုင်ချလိုက်ပြီး ပြောသည်။


"မြန်မြန်တက်"


ထိုအခါ ပန်းဟွာသည် ရုံရှား၏ နောက်ကျောပေါ် တက်လိုက်သည်။ဖုန်ပေကျံနေသော သူမ လက်များက ရုံရှား၏ အဝတ်အစားများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ့အားမြန်မြန်သွားဖို့ အချက်ပြနေသလိုရှိသည်။သူမ၏ အမြင်အာရုံမှာ မှုန်ဝါးသွားရပြီး။ရစ်ဝဲလာ‌သော မျက်ရည်များနှင့် ငိုချင်စိတ်ကို  ဖုံးကွယ်ရန် ရုံရှား၏ နောက်ကျောကို  မျက်နှာနှင့်ပွတ်သပ်လိုက်သည်။သူ့ကျောပေါ်မှ ငိုရှိုက်သံကိုကြားသော်၊ ရုံရှား အမြန်ပြေးလိုက်သည်။


 "ဒုတိယတပ်မှူး...."  


ဧကရာဇ်အစောင့်အများအပြားသည် ရှစ်ကျင်း၏ လက်ဖမိုးရှိ သွေးစက်များကို ကြည့်ကာ ထိတ်လန့်သွားကြသည်။


 လက်ယာဝန်ကြီးချုပ်၏သားအကြီးဆုံးဖြစ်ပြီး၊ အိမ်ရှေ့စံသမီး၏အစ်ကိုဖြစ်သူသည် ဧကရာဇ် ကိုယ်တိုင် ရာထူးအပ်နှင်းထားသော ကျွင်းကျူးအား ကြိမ်ဒဏ်ပေးခဲ့သည်။ သူတို့ ဒီကိစ္စကို မမြင်ချင်ယောင်ဆောင်သင့်သလား။


 "အဆင်ပြေပါတယ်" 


ရှစ်ကျင်းက သူ့လက်ဖမိုးကို မြှောက်လိုက်ပြီး ဒဏ်ရာကို ကြည့်လိုက်သည်။  "ငါ သွားကြည့်လိုက်ဦးမယ်"


 "ဟုတ်" 


အစောင့်များလည်း ယခုမှ စိတ်သက်သာရာရသွားသည်။ ဒုတိယ တပ်မှူးက အဆင်ပြေသည်ဟုဆို၍ သူတို့လည်း စိတ်ပူနေစရာမလိုတော့။ 


မဟာရွှေလမင်းနန်းတော်၏ ပင်မခန်းမဆောင်တွင် ဧကရီသည် ကူကယ်ရာမဲ့စွာပင် တော်ဝင်သမားတော်များကို ကြည့်နေသည်။အမှုထမ်းများကြားထဲမှာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သည့် လုပ်ကြံသတ်ဖြတ်မည့် သူလျှို ရှိလိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထား‌ချေ။ထို့အပြင် သူမသည် မဟာရွှေလမင်းနန်းတော်တွင် ဧကရာဇ်အား အမှုထမ်းခဲ့သော အမျိုးသမီး အမှုထမ်းဖြစ်သည်။တော်ဝင်မင်းသမီးသည် တစ်ခုခုမှားနေမှန်း သိပြီးနောက် ဧကရာဇ်အတွက် ဝင်၍စတေးလိုက်ခြင်းကြောင့် ယခုလိုဖြစ်သွားခြင်းပင်။ 


 ဧကရီသည် ကုတင်ပေါ်တွင် လဲလျောင်းနေသော သွေးများရွှဲနေသည့် တော်ဝင်မင်းသမီးကို ကြည့်နေသည်။ သူမ တစ်ကိုယ်လုံး အေးစက် တောင့်တင်းသွားသလို ခံစားလိုက်ရပြီး ခန်းမအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။  


"ကျင့်ထင်နယ်စားမင်း အိမ်တော်က လူတွေရောက်လာပြီလား"


တော်ဝင်မင်းသမီးသည် အခြေအနေကောင်းပုံမပေါ်။ အနည်းဆုံး… သူတို့ မိသားစုအချင်းချင်း  နောက်ဆုံးအကြိမ် တွေ့ခွင့်ပေးရမည်။


 "အစောင့်တွေက အခုမှ ထွက်သွားတာပါ၊ သိပ်မကြာတော့ဘူးထင်ပါတယ်"


ဘေးနားက အထိန်းတော်တစ်ဦးက ဧကရီကို တိုးတိုးလေးပြောသည်။


"ဧကရီစိတ်မပူပါနဲ့....သမားတော်တွေ ရှိပါသေးတယ်"


ဧကရီသည် သူမ၏ စိတ်ထဲတွင် ခါးသီးစွာ ပြုံးနေ၏။ သူမ လောလောဆယ် တခြားဘာတွေ တွေးနိုင်မလဲ... တော်ဝင်သမားတော်တွေမှာလည်း ဒီအခြေနေအတွက် အသက်ကယ်ဆေးမျိုးမရှိဘဲ ဂျင်ဆင်းအချပ်ပဲ ရှိတာမလား...


ကျင့်ထင်နယ်စားမင်း အိမ်တော်မှ လူများသာ အနည်းငယ် နောက်ကျပါက၊ သူတို့ တစ်ယောက်ကိုတစ်ယောက် နောက်ဆုံးအကြိမ်တွေ့နိုင်မည်မဟုတ်ပေ။


 "အရှင်မင်းကြီး" ထိုစဉ် ဝမ်ကုန်းကုန်း က ထပြောသည်။ “သူတို့ ဒီမှာ ရောက်နေပါပြီ”


 ဧကရီသည် ကုလားထိုင်ပေါ်မှ အမြန်ထရပ်လိုက်ရာ ချမ်အမ်မြို့စားမင်းကပန်းဟွာအား ကျောပိုး၍ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူတို့ ဘာဖြစ်လာမှန်း သူမ မသိသော်လည်း၊ဤအချိန်မှာသူမ တခြားဘာကိုမှ ဂရုမစိုက်တော့။


 "ဂါဝရပြုစရာ မလိုပါဘူး၊ ဝင်ကြည့်လိုက်ပါ" 


ပန်းဟွာသည် ကုတင်ပေါ်တွင် လဲလျောင်းနေသော တော်ဝင်မင်းသမီးကို မြင်ပြီးနောက်၊ ရုံရှား ၏နောက်ကျောမှ မှင်သေသေကြီး ဆင်းလိုက်သည်။  ရုံရှားက သူမကိုတွဲ၍ တော်ဝင်မင်းသမီးဆီကို သွားစဥ်မှာ၊သူမ ငိုနေပြီဖြစ်သော်လည်း အသိစိတ်သေချာမကပ်သေးပေ။


"အဖွား” 


သူမသည် နဂါးရုပ်ထွင်းထားသည့် ကုတင်ရှေ့တွင် ဒူးထောက်ကာ တော်ဝင်မင်းသမီး၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ ယခုဆို သူမ အသံပင်မထွက်တော့၍ ရှိုက်သံကိုသာ ကြားနေရပေသည်။ မဟာ ရွှေလမင်းနန်းတော်၏ ပင်မခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်နေသည်။ငိုသံက လွဲ၍ တခြားဘာသံမှ မကြားရချေ။


ဧကရာဇ် ယွင်ချင်သည် ဘေးနားတွင် ရပ်ကာ ထိန်းမနိုင်သိမ်းမရ ငိုနေသော တူမဖြစ်သူကို ကြည့်နေသည်။သူ့တူမကို နှစ်သိမ့်ဖို့ တစ်ခုခု ပြောချင်သော်လည်း၊ ဘာပြောရမှန်း မသိ။ ပန်းဟွာ ယခုလို သနားဖို့ကောင်းနေပုံကို သူ တစ်ခါမှ မတွေ့ဖူးပေ။ သူမတစ်ကိုယ်လုံး ဖုန်မှုန့်များဖြင့်ညစ်ပတ်နေတော့သည်။ သူမ၏ နဂိုက ဖြူစင်သော မျက်နှာသည် မြေပြင်ပေါ်တွင် လူးလိမ့်ထားသကဲ့သို့ ဖုန်မှုန့်များဖြင့် ပေတူးလျက်ရှိသည်။


 တော်ဝင်မင်းသမီးက ပန်းဟွာ၏ ငိုသံကို ကြားသောအခါတွင် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။သူ့မြေးမလေး၏ ဝမ်းနည်းကြေကွဲနေသည့် ပုံစံကိုမြင်လျှင် သူမက ပြုံးပြီး "အရူးမလေး ဘာလို့ ငိုနေတာလဲ"


 "အဖွား၊ ဟွာဟွာက အသုံးမကျဘူး... ဟွာဟွာက ဘယ်မှာမှ အသုံးမဝင်ဘူး"


တော်ဝင်မင်းသမီး၏ လက်ဖမိုးတွင် မျက်ရည်များ တစက်စက်ကျလာသည်။ သေခါနီးအချိန်မို့ တော်ဝင်မင်းသမီး၏ ခန္ဓာကိုယ်သည် အထူးထိခိုက်လွယ်သည်။ ဤမျက်ရည်စက်အနည်းငယ်သည် သူမအတွက် ရေပူများနှင့်တူသည်။သူမ၏နှလုံးသားကို ပူလောင်စေပြီး နာကျင်ခံစားရစေသည်။


 " ဒါက သမီးနဲ့ ဘာဆိုင်လို့လဲ"  


တော်ဝင်မင်းသမီးသည် ပန်းဟွာ၏လက်ကို ခွန်အားရှိသမျှသုံး၍ ကိုင်ထား၏။  


"ခေါင်းကို မော့ပြီး အဖွားကို ကြည့်ပါဦး၊အဖွား နတ်ပြည်ကိုသွားတဲ့အခါ ငါတို့မြေးမလေးဟာ ပန်းပွင့်လေးလို လှပနေပြီလို့ သမီးအဘိုးကို ပြောပြရတော့မယ်" 


ပန်းဟွာသည် သူ့မျက်နှာပေါ်ရှိ အညစ်အကြေးများကို လက်နှင့် သုတ်လိုက်ပြီး မျက်နှာကို ဖြူစင်လှပလာစေရန် ကြိုးစားသည်။  သို့သော် မနက်တုန်းက မိတ်ကပ်လိမ်းထား၍ သူမသုတ်လေလေ မျက်နှာက ပိုညစ်ပတ် လာလေလေပင်။ ခဏကြာသော် သူမာမျက်နှာက ကြောင်ချေးရုပ်ဖြစ်သွားတော့သည်။ 


 "လှတယ်"  


တော်ဝင်မင်းသမီးက နူးညံ့စွာ ပြုံးပြပြီး သူမ လက်ကောက်ဝတ်ရှိ ရွှေလက်ကောက်ကို အားယူ၍ ချွတ်သည်။ 


 "ဒီလက်ကောက်ကို သမီးရဲ့ အဘေးက အဖွား လက်မထပ်ခင်ကတည်းက ပေးခဲ့တာ၊အခု သမီးကို ပေးလိုက်မယ်"


 "အင်း!"  


ပန်းဟွာက မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမ မျက်လုံးတို့က  မှုန်ဝါးနေသေးသည်။ လက်ကောက်ကိုဝတ်လိုက်သည်နှင့် သူမ ခံစားချက်ကို မထိန်းနိုင်တော့ဘဲ တော်ဝင်မင်းသမီး၏လက်ကို ပွေ့ဖက်ကာ "အဖွား၊ သမီးကိုထားမသွားပါနဲ့၊ သမီး အရမ်းကြောက်တယ်"


 မင်းသမီးတော်ဝင်သည် ပန်းဟွာ၏ ကျောပြင်ပေါ်တွင် လက်ကိုတင်ကာ ပုတ်ပေးချင်သော်လည်း၊သူမမှာ ခွန်အားမရှိပေ။ ထို့ကြောင့် လက်တစ်ဖက်ကို ပန်းဟွာ၏ ကျောပေါ်သို့ တင်ကာ ကျန်တစ်ဖက်က ပန်းဟွာ၏ လက်ကိုကိုင်လိုက်သည်။


ရုံရှားသည် ပန်းဟွာဘေးတွင် တိတ်တဆိတ်ရပ်နေ၏။ မလှုပ်မရှားရပ်နေသဖြင့် သစ်ပင်ကြီးတစ်ပင်နှင့် တူသည်။ဧကရာဇ်နှင့် ဧကရီက သူ့ဘေးမှာရှိနေပြီး သူ့နောက်မှာ တော်ဝင်သမားတော် အဖွဲ့တစ်ဖွဲ့ရှိနေသော်လည်း၊ သူကတော့ မလှုပ်ရှားပေ။


 "ဟွာဟွာ မကြောက်နဲ့"  တော်ဝင်မင်းသမီးသည် ပန်းဟွာ၏နားနားကို ကပ်ကာ တိုးတိုးလေးပြောသည်။  "မကြောက်ပါနဲ့၊ ရှေ့ကို လျှောက်သွားလိုက်၊အဖွားက သမီးကို စောင့်ကြည့်နေမယ်" 


တော်ဝင်မင်းသမီး၏ စကားများသည် အလွန်တိုးညှင်းလွန်းသဖြင့် ပန်းဟွာသာ ကြားနိုင်လေသည်။သူမ ရှိုက်ကြီးတငင်နှင့် ခေါင်းညိတ်သည်။ 


 "ငါတို့ရဲ့ ဟွာဟွာက အရမ်းလှတာပဲ၊ဒါပေမယ့် အဖွားက သမီး မင်္ဂလာဆောင်ဝတ်စုံ အနီရောင်လေး ဝတ်တဲ့နေ့ကို မမြင်နိုင်တော့ဘူး၊ ငါတို့ ဟွာဟွာကို ဘယ်ယောက်ျားကများ လက်ထပ်နိုင်မှာလဲလို့ တွေးမိတယ်"


 ဧကရာဇ် ယွင်ချင်သည် သူ့မျက်လုံးထောင့်များမှ မျက်ရည်များကို သုတ်လိုက်သည်။ 


 "အရီးတော် စိတ်မပူပါနဲ့၊ ကျွန်တော့်ရဲ့ ဝမ်းကွဲညီတော်၊ တူမနဲ့ တူလေးကို ကျွန်တော် ကောင်းကောင်း ပြုစုစောင့်ရှောက်ပေးပါမယ်"


ယခုအချိန် တော်ဝင်မင်းသမီး၏ စိတ်က ရှင်းလင်းမနေဘဲ ရှုပ်ထွေးနေသည်ဖြစ်ရာ၊သူမသည် ဧကရာဇ် ယွင်ချင်ကို ခဏလောက်ကြည့်ကာ ရုတ်တရက် " ယွေ့အာ ဘယ်မှာလဲ၊ ယွေ့အာဘယ်မှာလဲ၊ ဒီကလေး ကြောက်နေတာလား၊လူသတ်သမားက သူ့ကို ခြောက်လှန့်လိုက်တာလား"


ယွေ့အာသည် ဧကရာဇ် ယွင်ချင်၏ အမည်ဖြစ်သည်။ သူ့နာမည်အပြည့်အစုံက ကျန်းယွေ့ပင်။သို့သော် ယခုအချိန်မှာ သူ့နာမည်အရင်းကို ခေါ်ဝံ့သူမရှိချေ။ တော်ဝင်မင်းသမီး၏ စိတ်က ရှုပ်ထွေးနေမှန်းသိ၍ ဧကရာဇ်ယွင်ချင်သည် သူ့ဝတ်ရုံကို ရုတ်သိမ်းပြီး တော်ဝင်မင်းသမီးရှေ့မှာ ဒူးထောက်လိုက်သည်။


"အရီးတော်၊ စိတ်မပူပါနဲ့...ယွေ့အာ အရမ်းလုံခြုံ နေပါတယ်၊ သူ ဘာကိုမှ မကြောက်ပါဘူး၊ သူက လူကြီးဖြစ်နေပါပြီ အရီးတော် သူ့ကို စိတ်ပူစရာ မလိုတော့ဘူး"


 "ကောင်းတယ်၊ ကောင်းတယ်"  တော်ဝင်မင်းသမီး၏ အသံသည် တိုးသည်ထက် တိုးလာသည်။  


"ဟွာဟွာ"


 "အဖွား သမီး ဒီမှာရှိပါတယ်"


ပန်းဟွာသည် တော်ဝင်မင်းသမီး၏လက်ကို ကိုင်ထားသည်။  


 "သမီး လက်ထပ်ပြီးပြီလား"  တော်ဝင်မင်းသမီးသည် ပန်းဟွာ၏ အနီရောင်ဝတ်စုံကို ကြည့်လိုက်သည်။  "ဘယ်မိသားစုရဲ့ သားလေးနဲ့လဲ"


ဧကရာဇ် ယွင်ချင် နှုတ်ခမ်းများ တုန်ရီသွားက မျက်ရည်များကို သုတ်လိုက်သည်။ 


 "အဖွား၊ ကျွန်တော်ပါပဲ"  


ထိုစဉ် ရုံရှားက ပန်းဟွာ အနားတွင် ဒူးထောက်ကာ နူးညံ့သော အသံဖြင့် ပြောလိုက်သည်။  "ဟွာဟွာကို ကျွန်တော် ကောင်းကောင်း ဂရုစိုက်ပါ့မယ်၊ကျွန်တော် သူမကို စိတ်ဆင်းရဲအောင် မလုပ်ပါဘူး"


"ဒီကောင်လေးက ဘယ်သူလဲ....သူအရမ်းချောတာပဲ..." ထိုသို့ ပြောပြီး တော်ဝင်မင်းသမီးသည် တံခါးကိုကြည့်ကာ ပြုံးလိုက်သည်။  


"ငါ့ယောက်ျား ပြန်လာပြီပဲ"


ပန်းဟွာ လှည့်ကြည့်လိုက်လျှင် သူမ၏အဖေ၊အမေနှင့် မောင်လေးတို့က တံခါးရှေ့မှာ ပေါ်လာသည်ကို တွေ့ရလေတော့သည်။



xxxx