Avangeline:
Chapter.55
တော်ဝင်မင်းသမီးသည် သူမဆီသို့ ပြေးလာနေသော သားဖြစ်သူကို ကြည့်လိုက်သည်။ သူမ၏မျက်နှာသည် ဆယ့်ခြောက်နှစ်သမီးလေးကဲ့သို့ နီရဲနေပြီး မျက်နှာပေါ်ရှိ အပြုံးကလည်း နူးညံ့သိမ်မွေ့လာသည်။
"အစ်ကို...ကျွန်မတို့ နှစ်ယောက်ဟာ မိုင်ပေါင်း ရာချီဝေးကွာနေခဲ့ကြတယ်၊ရှင့်ကို လွမ်းဆွတ်ရင်း အသက်ကြီးလာပေမယ့် ရှင့်ကိုချစ်တဲ့အချစ်က အမြဲတမ်းနုပျိုလတ်ဆတ်နေဆဲပါပဲ...အစ်ကို အကောင်းဆုံးကြိုးစားပါ၊အစားအသောက်ကိုလည်း များများစားဖို့ မမေ့ပါနဲ့… "
တော်ဝင်မင်းသမီးက ပန်းဟွိုက် လက်ကိုဆုပ်ကိုင်ထားရင်း နှုတ်ကလည်း ကယောင်ကတမ်း ပြောဆိုလျက်ရှိပေသည်။ သူမ ရုတ်တရက် အားအင်ပြည့်လာပုံရပြီး မျက်လုံးများကလည်း ကောင်းကင်ပေါ်မှ ကြယ်များလို တောက်ပနေသည်။
"သားလေး ငါတို့ ဟွာဟွာရဲ့ ခင်ပွန်းက အရမ်းချောတယ်၊ မင်းအဖေ ပြန်လာရင် သူ့ကိုလည်းပြောပြရမယ်"
"အင်..."
ပန်းဟွိုက် ရှိုက်ကြီးတငင် ငိုနေရင်း ရုတ်တရက် တော်ဝင်မင်းသမီး၏ လက်သည် အားပျော့သွားကာ သူမ၏ တောက်ပသော မျက်လုံးများကလည်း ဖြည်းညှင်းစွာ မှိတ်ကျသွားသည်။ သူမသည် ပြုံးလျက်သား အိပ်ပျော်သွားပြီး ဘယ်တော့မှ ပြန်မနိုးတော့ပေ။
ပန်းဟွိုက် နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသော်လည်း အသံတစ်စက်မှ မထွက်လာသေးပေ။ရေကန်ထဲမှ ခုန်ထွက်လာသော ငါးလိုပင် သူ့ပါးစပ်ကိုဖွင့်ပြီး အော်ဟစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသော်လည်း၊အသံမထွက်လာဘဲ ကူကယ်ရာမဲ့ခံစားချက်တို့သာ ရင်ထဲပြည့်နှက်နေရပြန်သည်။
"တော်ဝင်မင်းသမီး... နတ်ရွာစံသွားပါပြီ"
"နယ်စားမင်း...သတိထားပါဦး"
ယင်းရှစ်သည် ပန်းဟွိုက်အား ရင်ခွင်ထဲသို့ဆွဲယူကာ သူ့နောက်ကျောကို အထပ်ထပ် ပုတ်ပေး၍နှစ်သိမ့်လိုက်သည်။ နောက်ဆုံးတွင် ပန်းဟွိုက် ဝမ်းပမ်းတနည်း အော်ဟစ်လိုက်သည်။ မိခင်ကို ဆုံးရှုံးခဲ့ရသော ပျံလွှားငှက်တစ်ကောင်လို စူးရှရှဆွဲငင်၍ ငိုကြွေးနေပေသည်။
ပန်းဟွာသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး ဝမ်းနည်းကြေကွဲစွာဖြင့် တအီအီ ငိုကြွေးလျက်ရှိသည်။ ရုံရှားသည် တင်းတင်းဆုပ်ထားသော သူမ၏ လက်သီးကို အားသုံး၍ ဖွင့်လိုက်ရာ သူမ၏ လက်ဖဝါးမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည်ကို တွေ့လိုက်ရသည်။ လက်သည်းများ ကျိုးသွားသည်ကို ပန်းဟွာ သိသော်လည်း ခံစားချက်တို့ ထုံထိုင်းနေခဲ့ရသည်။
"ကျွန်မ အသုံးမကျဘူး..."
ရုံရှားသည် ထိုစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၍၊သူမ၏ အေးစက်စက်လက်ကို ကိုင်ထားပြီး "ဒါ မင်း အပြစ်မဟုတ်ဘူး၊ မင်းအပြစ်မဟုတ်ဘူး"
ထို့နောက် သူက နောက်လှည့်ကြည့်လိုက်ပြီး အပြင်မှာ ဒူးထောက်ခစားနေသည့် တော်ဝင်သမားတော်အား "ကျွင်းကျူးရဲ့လက်က ဒဏ်ရာရထားတယ်"
ထိုအခါ ဧကရာဇ်ယွင်ချင်သည် တော်ဝင်သမားတော်အား လက်ပြ၍ ခေါ်လိုက်သည်။
"သတိထားပါ၊ ကျွင်းကျူးကို မထိခိုက်စေနဲ့"
တော်ဝင်သမားတော်သည် ပန်းမိသားစု၏ တော်ဝင်မင်းသမီး သေဆုံးခြင်းကို မြင်သောအခါ၊ သူ၏ နှလုံးသားသည် ရောထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေရသည်။ ဧကရာဇ်၏အမိန့်ကိုကြားသောအခါမှ ရုတ်တရတ် အသိစိတ်ပြန်ဝင်လာသည်။
"ဟုတ်ကဲ့"
ပန်းဟွာကျွင်းကျူး၏ လက်ကောက်ဝတ်ကို ရုံရှားက ကိုင်ထားသဖြင့်၊သူသည် ရုံရှားကို အံ့အားသင့်စွာ ကြည့်လိုက်သည်။နောက်မှ ပန်းဟွာ၏ လက်ဖဝါးပေါ်ရှိ ဒဏ်ရာကို ကုသရန် ခေါင်းငုံ့လိုက်သည်။
"အရှင်မင်းကြီး"
ပန်းဟွာ၏ ဒဏ်ရာများကို ကုသပြီးနောက် ရုံရှားသည် ဧကရာဇ် ယွင်ချင် ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။
"ကျွန်တော်က လူအများရှေ့မှာ ကျွင်းကျူးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့ပါတယ်၊ ဒါကြောင့် ကျွင်းကျူးရဲ့ နာမည်ဂုဏ်သတင်း မကျသွားအောင် သူမကို လက်ထပ်ဖို့ ဆန္ဒရှိနေပါတယ်"
ဧကရာဇ် ယွင်ချင်နှင့် ဧကရီတို့သည် ရုံရှား၏ စကားကိုကြားသောအခါ ချက်ချင်း အံ့ဩသွားသည်။ ရုံရှားသည် ပန်းဟွာကို ခန်းမထဲသို့ ကုန်းပိုးခေါ်လာပြီး တော်ဝင်မင်းသမရှေ့တွင် သူက ပန်းဟွာ၏ခင်ပွန်းဖြစ်ကြောင်း စောစောက ပြောလိုက်သည်။ဤသည်မှာ ယာယီအခြေအနေဖြစ်၍ ထိုကတိစကားကို အလေးအနက်မထားသင့်ချေ။ သို့သော် တော်ဝင်သမားတော်များ၊ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများလည်း ဤနေရာတွင်ရှိနေကြ၍ သတင်းပျံ့နှံ့သွားပါက ပန်းဟွာ၏ ဂုဏ်သိက္ခာကို ထိခိုက်လာမည်ဖြစ်သည်။
"မြို့စားမင်းရုံ မင်းက လူကြီးလူကောင်းတစ်ယောက် ဖြစ်လေတော့ မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို မပျက်ပြားစေချင်ဘူးဆိုတာ ငါကိုယ်တော် သိပါတယ်၊ ဒါပေမယ့်..."
ဧကရာဇ်ယွင်ချင်က ဝမ်းနည်းပူဆွေးနေသည့် ပန်းမိသားစုကို ဖျတ်ကနဲကြည့်ပြီး "အိမ်ထောင်ရေးဆိုတာ အရေးကြီးတဲ့ ကိစ္စပါ၊ မင်း ဒီလိုမျိုး ကိုယ်ဘဝနဲ့ချီပြီးဆိုင်တဲ့ အမှားမျိုးလုပ်စရာမလိုဘူး"
ရုံရှားကို မြို့တော်ရှိ အမျိုးသမီး အများအပြားက သဘောကျကြောင်း သူ သိသည်။သူ့လိုလူမျိုးအတွက် လှပပြီး အရည်အချင်းရှိသည့် မိန်းကလေးတစ်ယောက်ကို လက်ထပ်ဖို့ မခက်ချေ။ပန်းဟွာလို မိန်းကလေးမျိုးကို သူ နှစ်သက်မှာမဟုတ်။
အမျိုးသမီးတစ်ယောက်၏ ဂုဏ်သိက္ခာ ထိခိုက်နစ်နာမည်ကို စိုးရိမ်သောကြောင့် ရုံရှားက လက်ထပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်ပေသည်။သူ့လိုလူမျိုးက တွေ့ရခဲသော ရှားရှားပါးပါး လူကြီးလူကောင်းတစ်ယောက်ပင်။
ထို့နောက် ရုံရှားသည် ဧကရာဇ် ယွင်ချင် ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး
"ကျွင်းကျူးက ကြင်နာပြီး ချစ်စရာကောင်းပါတယ်၊ ကျွန်တော် ကျွင်းကျူးကို သဘောကျပါတယ်၊ သူမကို လက်ထပ်ခွင့်ရမယ်ဆိုရင် ကျွန်တော့်အတွက် ကံကောင်းခြင်းလက်ဆောင်ပါပဲ၊ အရှင်မင်းကြီးနဲ့ ဧကရီက ကျွန်တော့်အတွက် ကျွင်းကျူးနဲ့ အိမ်ထောင်ရေးကိုစီစဉ်ပေးတော်မူပါ"
ဧကရာဇ်ယွင်ချင် သက်ပြင်းချလိုက်မိလေသည်။ လူကြီးလူကောင်းတစ်ယောက်ဆိုသည်မှာ ရုံရှားကဲ့သို့ဖြစ်သင့်သည်။ ဤစကားမျိုးသည် မိန်းကလေးတစ်ယောက်၏ ဂုဏ်သတင်းကို အမှန်တစ်ကယ် အထောက်အကူဖြစ်စေသည်။ မည်သူမျှ ပန်းဟွာကို အပြစ်ရှာ၍ မရနိုင်တော့။တစ်ကယ်တမ်းမှာ ရုံရှားသည် ဟွာဟွာ ကို မကြိုက်ကြောင်း သူနှင့် ဧကရီနှစ်ယောက်လုံး သိသော်လည်း ယခုအချိန်တွင် သူတို့ ဘာမှမပြောနိုင်ပေ။
"ခဏနေပါဦး၊တော်ဝင်မင်းသမီး..."
ဧကရာဇ် ယွင်ချင် နှုတ်ခမ်းက လှုပ်ရှားသွားကာ စကားတစ်ဝက်မှာတင် ရပ်သွားသည်။သူ့မျက်လုံးများကလည်း နီရဲနေပြီး ဘာမှပြန်မပြောနိုင်ပေ။
မကြာမီ သာသနာရေးဝန်ကြီးဌာနမှ လူများ ရောက်လာပြီး ပြန်သွားကြသည်။တခြားသူများလည်း ဝင်ချည်ထွက်ချည် သွားလာနေကြ၏။ ပန်းမိသားစုဝင်လေးဦးသည် ဧကရာဇ်၏ အမိန့်ကို အသာတကြည် နားထောင်နေကြသည်။ ဧကရာဇ်က တော်ဝင်မင်းသမီး၏ ရုပ်အလောင်းကို နန်းတော်၌ထားသင့်ပြီး အသုဘဓလေ့ထုံးတမ်းများအား ဧကရာဇ်တစ်ပါး၏ ဓလေ့ထုံးတမ်းများထက် အနည်းငယ် တစ်ဆင့်နိမ့်ကျ၍ ပြုလုပ်ပေးမည်ဟု ပြောကြားသည့်တိုင် ပန်းမိသားစုမှာတော့ ထူးထူးခြားခြား ပျော်ရွှင်သွားဟန်မပြပေ။သူတို့ပုံစံက စိတ်နှင့်ကိုယ် မကပ်သလိုပင်။ ဧကရာဇ် ယွင်ချင် ဘာပဲပြောပြော နာခံဖို့အသင့်ဖြစ်နေကြ၏။
ဤကဲ့သို့ ပြုမူလာလေလေ၊ ဧကရာဇ် ယွင်ချင် သူ့ကိုယ်သူအပြစ်ရှိသလို ခံစားရလေလေဖြစ်သည်။ သူ့အရီးတော်သည် သူ့ကြောင့် သေသွားခြင်းပင်။အရီးတော်သာ မသေခဲ့လျှင်၊ယခု "ဝမ်းနည်းခြင်း ခန်းမ"ထဲမှာ လဲလျောင်းနေသူက သူသာ ဖြစ်ပေလိမ့်မည်။
သူထိုသို့ ဆီလျော်စွာတွေးမိပြီး တော်ဝင်မင်းသမီးအတွက် ဈာပနအခမ်းအနားကို မယ်တော်ဧကရီတစ်ပါး၏ ဈာပနကျင့်ဝတ်အတိုင်း၊ ရုပ်အလောင်းအား နှစ်ဆယ့်ခုနစ်ရက်ကြာ ထားချင်စိတ်ဖြစ်မိသည်။ သို့သော်လည်း ဓလေ့ထုံးတမ်းကိုမူ ပစ်ပယ်၍မရချေ။သူမ၏ ရုပ်အလောင်းကို ဘုန်းကြီးများနှင့် တာအိုဆရာများက ဝိဉာဉ်နတ်ဆိုးများအား သန့်စင်စေမည်ဖြစ်သည်။တစ်တိုင်းပြည်လုံးတွင် ဝမ်းနည်းပူဆွေးခြင်း အခမ်းအနားကို ခြောက်လကြာ ကျင်းပကြမည်ဖြစ်သည်။ ဧကရာဇ် ယွင်ချငသည် မယ်တော်ဧကရီ တစ်ပါး၏ ဈာပန စည်းမျဉ်းများကို လိုက်နာလိုသော်လည်း ထိုကဲ့သို့ ရှေးရိုးထုံးစံမရှိပေ။ သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည့် တော်ဝင်မင်းသမီးတစ်ပါး၏ ဈာပန စည်းမျဉ်းများကို လိုက်နာရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။
တော်ဝင်မင်းသမီး၏ ရုပ်အလောင်းကို နှစ်ဆယ့်လေးရက်ကြာ ထားမည်ဖြစ်သည်။ မြို့တော်ရှိ တတိယအဆင့် အရာရှိများနှင့် အရာရှိများအားလုံးမှာ တော်ဝင်မင်းသမီးအတွက် ငိုကြွေးကြရသည်။ တစ်တိုင်းပြည်လုံးသည် ဝမ်းနည်းပူဆွေးခြင်း အခမ်းအနားကို သုံးလကြာအောင် ပြုလုပ်ရမည်ဖြစ်သည်။ ဤအတောအတွင်း မည်သူမှ အရက်မသောက်ရ၊ ပျော်ပွဲရွှင်ပွဲမလုပ်ရ၊ အိမ်ထောင်မပြုရ စသည်တို့ ချမှတ်ထား၏။ ကျင့်ဝတ်ဖောက်ဖျက်မှုရှိပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်ဖြစ်သည်။
ဧကရာဇ်အား ကယ်တင်ဖို့ တော်ဝင်မင်းသမီးက သေဆုံးသွားရသည်ကို တစ်တိုင်းပြည်လုံးသိကြသည်။ ထို့ကြောင့် ဧကရာဇ်ရှေ့တွင် တော်ဝင်မင်းသမီး၏ ဂုဏ်သတင်းများကို ချီးမွမ်းပေးကြသည်။တော်ဝင်မင်းသမီး၏ လုပ်ရပ်များအကြောင်း စာအုပ်ထုတ်ရေးသည့် ပညာရှင်တချို့လည်း ရှိသည်။အချို့က သူမ၏ သစ္စာရှိမှုအတွက် ချီးကျူးကြပြီး အချို့က သူမ၏ စေတနာကို ချီးကျူးကြသည်။ ဤသို့ဤနှယ် တော်ဝင်မင်းသမီးကို ပုံစံအမျိုးမျိုးဖြင့် ချီးကျူးဂုဏ်ပြုခဲ့သည်။
ယခင်က အမြဲတက်ကြွနေခဲ့သော ကျင့်ထင်နယ်စားမင်းအိမ်တော်သည် ယခုဆို တိတ်ဆိတ်သွားရသည်။ကောလဟာလများက မည်သို့ပင် ပျံ့နှံ့နေပါစေ၊ တုံ့ပြန်ခြင်းမရှိချေ။
ချန်မာမားက ပန်းဟွာရှေ့မှာ သုံးကြိမ် ဦးညွတ်ပြီး "ကျွင်းကျူး ကျွန်မက ကျွင်းကျူးကိုအမှုထမ်းဖို့ အမိန့်အတိုင်း ရောက်လာတာပါ"
"ချန်မာမား"
ပန်းဟွာသည် ချန်မာမားကို ကြိုဆိုကာ အဖွားဖြစ်သူက သူမအား တစ်ခုခုပြောခဲ့သေးသလားဟု မျှော်လင့်တကြီး မေးလိုက်၏။
ချန်မာမားသည် ကိုယ်အလေးချိန်ကျသွားသော ကျွင်းကျူးကို ကြည့်လိုက်ရင်း စိတ်သက်သာရာရစွာ ပြုံးသည်။
"ကျွင်းကျူးက သူမနဲ့ တူတယ်လို့ ပြောခဲ့ပါတယ်၊သူမ ငယ်ငယ်ကလိုပဲ လွတ်လပ်ပေါ့ပါးပြီး အမြဲ တက်ကြွနေဖို့ သူမ မျှော်လင့်ခဲ့ပါတယ်"
ပန်းဟွာသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ခြံအပြင်ဘက်တွင် ချိတ်ဆွဲထားသော အဖြူရောင် မီးပုံးများကို ကြည့်လိုက်သည်။
"အဖွား ငယ်ငယ်တုန်းက အရမ်းလှခဲ့မှာပဲ"
"ဟုတ်ပါတယ်" ချန်မာမားက ဝတ်ရုံတစ်ခုကို ကောက်ကိုင်လိုက်ပြီး ပန်းဟွာ၏ ပုခုံးပေါ်တင်ပေးလိုက်သည်။
"မင်းသမီးလက်မထပ်ခင်မှာ သူမက တယဲ့မှာ အလှဆုံးဖြစ်ခဲ့တယ်လို့ ကျွန်မ ကြားသိရပါတယ်၊ မြင့်မြတ်တဲ့မိသားစုတွေရဲ့ သခင်လေးတွေအားလုံးက သူမကိုလက်ထပ်ချင်ခဲ့ကြတာပါ၊သူတို့အားလုံးကို တန်းစီလိုက်ရင်မြို့ကိုတောင် တစ်ပတ်ပတ်လို့ ရနိုင်ကောင်းရဲ့"
ပန်းဟွာ၏ နှုတ်ခမ်းများ တုန်တုန်ယင်ယင် ဖြစ်သွား၏။
“အဖွားလောက် ကျွန်မက မလှပါဘူး”
"မဟုတ်ပါဘူး၊ကျွင်းကျူးကလည်း သူမလို လှပြီး အရမ်းတော်ပါတယ်"
ပန်းဟွာသည် ပြတင်းပေါက်မှ အပြင်ဘက်ကို ငေးမောပြီး ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် “နှင်းတွေ ထပ်ကျပြန်ပြီ”
ချန်မာမားသည် ဖြူဖွေးနေသော ခြံဝင်းထဲကို ကြည့်လိုက်ပြီး စကားမပြောဘဲ ပန်းဟွာဘေးတွင် တိတ်တဆိတ် ရပ်နေသည်။
နှစ်သစ်ကူးအကြိုပွဲပြီး၍ မကြာမီတွင် တော်ဝင်မင်းသမီးကို သင်္ဂြိုဟ်ခဲ့သည်။ ဈာပနလိုက်ပို့ရာလမ်းတစ်လျှောက်တွင် မိသားစုအသီးသီးမှ တော်ဝင်မင်းသမီးအား ရယ်စူး၍ ပစ္စည်းများ၊ ပိုက်ဆံများကို အပြည့်ခင်းကျင်းထားကြသည်။
တော်ဝင်မင်းသမီး၏ ဂူဗိမာန်ကို တည်ဆောက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ယခုဆို သူမ သေဆုံးပြီးနောက် သူမချစ်သော ခင်ပွန်းနှင့်အတူအိပ်စက်နိုင်ခဲ့သည်။သူတို့နှစ်ယောက်သည် မွေးဖွားချိန်ချင်း မတူညီသော်လည်း ဂူဗိမာန်တစ်ခုတည်းအတွင်း၌ သေဆုံးခဲ့ကြသည်။ သူတို့နှစ်ဦးသည် နောင်ဘဝများအထိ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြပြီး ဘယ်သောအခါမှ မခွဲခွာရဖို့သာ အားလုံး မျှော်လင့်ကြသည်။
ပန်းဟွာသည် တော်ဝင်မင်းသမီးကို သုံးကြိမ်ဦးညွှတ်ပြီး အဖိုးနှင့်အဖွားတို့၏ ဂူဗိမာန်ရှေ့တွင် ကိုးကြိမ်တိုင်တိုင် ဦးညွတ်လိုက်သည်။သူမ၏ တအီအီငိုကြွေးနေသံက အဖွားဖြစ်သူကို တောင့်တနေ၏။ သို့သော် သူမ မည်မျှပင် ဆန္ဒရှိစေကာမူ၊ ဤလှပပြီး အသက်မရှိသော ဂူဗိမာန်တွင် အိပ်စက်နေရသည့် အဖွားဖြစ်သူကိုသာ ကြည့်နေနိုင်ခဲ့သည်။
"ဂူဗိမာန်ပိတ်ပါပြီ"
ဂူဗိမာန်တံခါးကို ပိတ်လိုက်သည့်အခိုက်တွင်၊ ဂူဗိမာန်ရှိ မရေတွက်နိုင်သော ယန္တရားများက စက်သံများ ထွက်ပေါ်လာသည်။ ပန်းဟွာသည် သူမရှေ့မှ အရာအားလုံးကို ကြောင်စီစီကြည့်နေမိချိန်၌ နှင်းပွင့်များက သူမ ခေါင်းပေါ် ကြွေကျလာခဲ့သည်။
"ဝမ်းကွဲညီမ... သိပ်လည်းဝမ်းနည်းမနေပါနဲ့၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ"
အိမ်ရှေ့စံသည် ရိုးရိုးသာမာန်အဝတ်အစားကို ဝတ်ဆင်ကာ ပန်းဟွာ၏နောက်သို့ လျှောက်သွားခဲ့သည်။ နှင်းကျခြင်းမှ ကာကွယ်ရန် ပန်းဟွာအတွက် ထီးတစ်လက်ကို သူ့အနောက်မှာပါလာသော မိန်းမစိုးတစ်ယောက်အား ကိုင်ထားစေသည်။
"ကောင်းကင်ဘုံက ဖွားလေးက မင်းကို ချမ်းသာစေချင်ပါတယ်၊ဒါကြောင့် ဝမ်းနည်းမနေပါနဲ့"
"အိမ်ရှေ့စံ" ပန်းဟွာသည် အိမ်ရှေ့စံမင်းသားကို ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး ခဏအကြာတွင် "ကျေးဇူးတင်ပါတယ်"
သူမပုံစံက သူ့စကားကိုလည်း နားမထောင်မှန်း သေချာနေ၍ "နှင်းတွေ ပိုကျလာပြီ၊ အိမ်ပြန်ပါတော့ကွယ်"
ပန်းဟွာသည် နှုတ်ခမ်းကို ကိုက်ကာ ဂူဗိမာန်ဆီသို့ လျှောက်သွားသည်။ထို့နောက် ဂူဗိမာန်ပေါ်ရှိ နှင်းများကို သူမလက်ဖြင့် သုတ်လိုက်ပြီး "အဖွားနဲ့အဖိုးကို သမီး ခဏခဏလာတွေ့မယ်၊ အဖွား ကောင်းကင်ဘုံမှာ သာယာယာ နေနိုင်ဖို့ ဆုတောင်းပါတယ်၊ ဟွာဟွာကြီးပြင်းလာတာကိုလည်း စောင့်ကြည့်ပေးပါ"
"အိမ်ရှေ့စံ"
ထိုစဉ် ရုံရှားသည် ထီးတစ်လက်နှင့်အတူ အိမ်ရှေ့စံ၏ နံဘေးသို့ လျှောက်လာသည်။ ထို့နောက် အိမ်ရှေ့စံအား ဦးညွှတ်ပြီးနောက် ပန်းဟွာဆီသို့ လျှောက်သွားလေ၏။
ပန်းဟွာသည် ဝမ်းနည်းခြင်းအဝတ်အစားကို ဝတ်ဆင်ထားပြီး မိတ်ကပ်မလိမ်းထားပေ။ သူမ၏ဆံပင်ကို ငွေရောင်ဆံညှပ်ဖြင့် ခပ်လျော့လျော့ ထုံးဖွဲ့ထားသည်။အခြား လက်ဝတ်ရတနာများလည်း မဝတ်ဆင်ထားပေ။ရုံရှားက ထီးကို မြေပြင်ပေါ်ချလိုက်ကာ သူ၏အဖြူရောင်ဝတ်ရုံကို ချွတ်လိုက်ပြီး ပန်းဟွာအပေါ်တွင် ခြုံထားပေးလိုက်သည်။ ထို့နောက် သူသည် မြေပြင်ပေါ်ရှိ ထီးကို ကောက်ကိုင်လိုက်ပြီး သူမ ခေါင်းပေါ်တွင် မိုးပေးထားသည်။
"ကျွင်းကျူး"
ပန်းဟွာက မျက်လုံးထောင့်တမှ မျက်ရည်စများကို သုတ်လိုက်ပြီး "မြို့စားမင်းက ဘာလို့လာတာလဲ"
"နှင်းထဲမှာရပ်နေတဲ့ ကျွင်းကျူးကိုတွေ့လို့ကိုယ် လာတွေ့တာပါ၊မင်းရဲ့မိသားစုက မင်းကို ဟိုမှာစောင့်နေတယ်"
ပန်းဟွာ ခေါင်းကို လှည့်ကြည့်လိုက်ရာ သူမ၏အဖေ၊ အမေနှင့် မောင်ဖြစ်သူတို့ ရပ်နေသည်ကို တွေ့လိုက်ရသည်။ချက်ချင်းဆိုသလိုပင် သူမ၏ အေးစက်နေသော နှလုံးသားသည် တဖြည်းဖြည်း နွေးထွေးလာသည်။ သူမ ရုံရှားကို ဦးညွတ်လိုက်ပြီး "ကျေးဇူးအများကြီးတင်ပါတယ် မြို့စားမင်း"
ထို့နောက် ထီးအောက်မှ ထွက်လာပြီး ပန်းမိသားစုဆီသို့ ပြေးသွားခဲ့သည်။ ရုံရှားကမး သူမ ထွက်သွားသည်ကို တိတ်တဆိတ်ကြည့်နေခဲ့သည်။ သူမသည် ယင်းရှစ်၏ ထီးအောက်သို့ ပြေးဝင်ကာ နှင်းလွှာများဖုံးလွှမ်းနေသော ဂူဗိမာန်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ခြေတစ်လှမ်းဆုတ်ကာ တစ်ဖန် ဦးညွတ်လိုက်ပုန်သည်။
"အစ်မ ဘာကြည့်နေတာလဲ"
ပန်းဟွာ ပုံစံက ဦးညွတ်ပြီးသည့်တိုင် စိတ်နှင့်ကိုယ် မကပ်ဖြစ်နေသည်ကို ပန်းဟမ် သတိပြုမိသည်။ဝမ်းပမ်းတနည်းဖြစ်နေသည့် သူမကို သူ စိတ်ပူကာ..."ခြေလှမ်းကို သတိထားဦး အစ်မ"
ပန်းဟွာသည် နှင်းထုထဲမှ ဂူဗိမာန်က်ု တစ်ချက်လှမ်းကြည့်ကာ တိုးတိုးလေးပြောသည်။ "အင်း၊ ငါတို့အားလုံး ရှေ့လျှောက် သတိထားရမှာပဲ"
တော်ဝင်မင်းသမီး ကွယ်လွန်သည်မှာ လူတော်တော်များများအတွက်၊ ကိစ္စ ကြီးကြီးမားမား မဟုတ်ပေ။သို့သော်လည်း၊ တစ်ချို့လူများအတွက်တော့ ပျော်ရွှင်စရာတစ်ခု ဖြစ်နေနိုင်၏။
တော်ဝင်မင်းသမီး ကွယ်လွန်သွားသောကြောင့် ပန်းမိသားစုအတွက် ကျောထောက်နောက်ခံတစ်ခု ဆုံးရှုံးခဲ့ရသည်။ပန်းမိသားစု၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော လူများသည် မငြိမ်မသက်ဖြစ်စပြုလာသည်။ သို့သော် တော်ဝင်မင်းသမီးကို သင်္ဂြိုဟ်ပြီးနောက် သုံးရက်အကြာတွင် နန်းတော်မှ အမိန့်ထုတ်ပြန်ခဲ့သည်။ ပန်းဟွိုက်သည် ကျင့်ထင်ပြည်နယ်ကို စီမံအုပ်ချုပ်ရသော အကြီးတန်းမှူးမတ် ကောကုန်းအဖြစ် ရာထူးတိုးမြှင့်ခံရပြီး တော်ဝင်မင်းသားတစ်ဦး၏ အခွင့်ထူးများကို ခံစားခဲ့ရသည်။
တော်ဝင်မင်းသမီး ကွယ်လွန်ပြီးနောက် ဧကရာဇ်သည် အလွန်ဝမ်းနည်းကြေကွဲခဲ့ရသဖြင့် နန်းတွင်းသို့ သုံးရက်တိုင်တိုင် မတက်ရောက်နိုင်ခဲ့ချေ။ တော်ဝင်မင်းသမီးကို သင်္ဂြိုဟ်သည့်နေ့မှာ သူလည်း သည်းမခံနိုင်လောက်အောင် ငိုကြွေးခဲ့၏။
ပန်းမိသားစုကို လက်စားချေလိုသော သူများသည် တော်ဝင်မင်းသမီးက ဧကရာဇ်အတွက် သေဆုံးသွားကြောင်း သဘောပေါက်လိုက်ကြသည်။ ထို့ကြောင့် ကျန်းမိသားစုက ဤကိစ္စကို အစဉ်အမြဲအားနာထောက်ထားနေသရွေ့၊ပန်းမိသားစုက ကြီးလေးသည့် ရာဇ၀တ်မှုမျိုး မကျူးလွန်သရွေ့၊ လက်ရှိ ဧကရာဇနှင့် နောက်ဧကရာဇ်က ပန်းမိသားစုကို ကောင်းမွန်စွာ ဆက်ဆံကြလိမ့်မည်။
ဤလုပ်ကြံသတ်ဖြတ်မှုတွင် တော်ဝင်မင်းသမီးသည် ပြင်းထန်သော ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ သို့သော်လည်း လုပ်ကြံသတ်ဖြတ်မှု၏ နောက်ကွယ်မှ ချုပ်ကိုင်သူအား မတွေ့ခဲ့ရပေ။ ဧကရာဇ်သည် ဒေါသတကြီးဖြစ်ကာ ဤကိစ္စအား တင်းကြပ်စွာ စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် အစောင့်တပ်မှူးခေါင်းဆောင်နှင့် ဒုတပ်မှူးတို့ကိုပါ ပြင်းထန်စွာ အပြစ်ပေးခဲ့သည်။
"မင်းတို့ ရှာတွေ့ကြပြီလား"
ဧကရာဇ် ယွင်ချင်သည် အမှုထမ်းနေသည့် အစေခံ၊လက်ပါးစေများထဲမှာ သူ့အား သတ်ချင်နေသူ ရှိနေနိုင်ကြောင်း တွေးပြီး ကောင်းကောင်း မစားနိုင် မအိပ်နိုင် ဖြစ်နေသည်။ နန်းတော်တစ်ခုလုံးကို အကြိမ်ပေါင်းများစွာ စစ်ဆေးပြီးနောက်မှာလည်း သူ စိတ်ချမ်းမသာနိုင်သေး။ လုပ်ကြံသတ်ဖြတ်မှု၏ နောက်ကွယ်က ချုပ်ကိုင်သူကို မတွေ့ခင်အထိ သူလည်း ခြောက်ခြားတုန်လှုပ်နေရမှာပင်။