Avangeline:
Chapter.56
"အရှင်မင်းကြီးဆီ အကြောင်းပြန်ပါတယ်၊ ကျွန်တော်မျိုး သဲလွန်စတွေကို စုံစမ်းရှာဖွေခဲ့ပြီးဖြစ်ပါတယ်၊ ကျွန်တော် သံသယအရှိဆုံးသူကတော့... မင်းသားဟွေ့ ပါ..."
ရုံရှားသည် ဧကရာဇ်ယွင်ချင် ရှေ့မှာ အချက်အလက်များကို စုပြီးတင်ထားလိုက်သည်။
"ကျွန်တော် ဒီအချက်အလက်တွေကို အကြိမ်ပေါင်းမရေတွက်နိုင်အောင် အကြိမ်ကြိမ်စစ်ဆေးခဲ့ပြီးပါပြီ၊အဲ့ဒီနန်းတော်အစေခံမှာ ဆွေမျိုးမရှိတော့ပါဘူး၊ သူမကို မင်းသမီးက မျက်နှာသာပေးခဲ့ပါတယ်၊ အပေါ်ယံကြည့်ရတာကတော့ သူမက တော်ဝင်မင်းသမီးရဲ့ တပည့်လိုဖြစ်နေပေမယ့် တစ်ကယ်တော့ သူမရဲ့ ဆရာအစစ်က မင်းသားဟွေ့ ပါ"
ရုံရှားက ဧကရာဇ်၏မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် တောင်းပန်လိုက်သည်။
"ကြည့်ရတာ ကျွန်တော် စစ်ဆေးတဲ့နေရာမှာ လိုသွားတယ်ထင်ပါတာ်၊ကျွန်တော် ပြန်စစ်ဆေးကြည့်ပါဦးမယ်"
"မလိုပါဘူး" ဧကရာဇ်ယွင်ချင်က ဒေါသထွက်နေဟန်ဖြင့် အရွဲ့တိုက်ရယ်မောလိုက်၏။
"ငါ့ရဲ့ညီတော်က ဟိုတုန်းကတည်းက အိမ်ရှေ့စံဖြစ်ချင်ခဲ့တာ၊အရီးတော်ကသာ ငါ့ကို မကာကွယ်ပေးရင် ငါ့မှာ ရပ်တည်စရာနေရာမရှိတော့ဘူး"
တော်ဝင်မင်းသမီးအကြောင်း ပြောရင်း ဧကရာဇ်ယွင်ချင်၏ မျက်နှာသည် လွမ်းဆွတ် ရိပ်ယောင်များ အနည်းငယ် ပေါ်လာသည်။သူ့အတွက်၊ တော်ဝင်မင်းသမီးသည် ဘယ်သူနှင့်မှ ယှဉ်၍မရသော ဖြစ်တည်မှုတစ်ခုပင်။သူတို့ တူဝရီးနှစ်ယောက်၏ သံယောဇဉ်က ခိုင်မြဲလှ၏။ ဧကရာဇ်ဖြစ်လာပြီးနောက်တွင် သူ တစ်ယောက်တည်း ပလ္လင်ထက်မှာ အထီးကျန်သလို ခံစားခဲ့ရသည်။ သေဆုံးသွားသော တော်ဝင်မင်းသမီးကသာ သူ့စိတ်ထဲတွင် ရှိနေပေသည်။ သူ့မှတ်ဉာဏ်ထဲမှာ သူမသည် အလိုအလျောက် စိတ်ထားကောင်းမွန်ပြီးာချစ်ခင်လေးစားသူတစ်ယောင် ဖြစ်နေမှာပင်။
ဤသည်ကလည်း သေဆုံးပြီးသူများဆိုလျှင် မိမိ၏ မှတ်ဉာဏ်ထဲ၌ ဆိုးကွက်များအလိုလိုပျောက်ပြီး၊ ကောင်းကွက်များသာ တင်ကျန်နေခြင်းကြောင့်ဖြစ်နိုင်၏။
"သူက ပုန်ကန်ချင်နေတာလား၊ကျေးဇူးကန်းပါဘိ... ပြီးခဲ့တဲ့ နှစ်တွေကတည်းက ငါက သူ့အပေါ် အရမ်းကောင်းခဲ့တာ၊ ဒီကမ္ဘာက ငါ ပိုင်တာ၊ အရင်ဧကရာဇ်ပိုင်တာမဟုတ်ဘူးဆိုတာ သူ မေ့သွားခဲ့တာဖြစ်မယ်"
ရုံရှားသည် မြို့စားတစ်ယောက် အနေဖြင့် ဧကရာဇ်နှင့် သူ၏ ညီတော်ကြားမှ ရန်ငြိုးထားမှုများအကြောင်း ပြောဆိုရန် မသင့်ပေ။ထို့ကြောင့် ဧကရာဇ်ယွင်ချင်၏ စကားကို ဘာမှမပြောဘဲ ခေါင်းငုံ့ငြိမ်သက်စွာ နားထောင်ခဲ့သည်။
သို့သော် ဧကရာဇ်သည် သူ၏ အေးဆေးတည်ငြိမ်သော စရိုက်ကို လွန်စွာ နှစ်သက်သည်။ယခုလို သူ၏ အတွေးများကို ငြိမ်နားထောင်နေခြင်းက ရုံရှားသည် အားကိုးရသူ၊ယုံကြည်ရသူ၊ သစ္စာရှိသူဟူ၍ အထင်ရောက်စေ၏။
"အင်း ကောင်းပြီလေ၊ မင်း ပြောသလို နောက်ရက်ပိုင်းအတွင်း ပန်းမိသားစုကိုအောင်သွယ်လုပ်ပေးပါ့မယ်၊ဒါပေမယ့် အောင်မြင်တာ၊ မမြင်တာကတော့ ပန်းမိသားစု ပေါ်မှာ မူတည်ပါတယ်"
ဧကရာဇ်ယွင်ချင်သည် ပန်းဟွာအား အကျင့်သိက္ခာရှိပြီး ချောမောသော ရုံရှားနှင့် လက်ဆက်စေလိုသည်။ထို့အပြင် ရုံရှားသည်လည်း ဟွာဟွာကို လက်ထပ်ရန် ဆန္ဒရှိနေ၍ အတိုင်းထက်အလွန်ဝမ်းသာရမည့်ကိစ္စတစ်ရပ်ပင်။ တစ်ခုတည်းသော ပြဿနာမှာ သူ၏ဝမ်းကွဲညီတော် မိသားစုမှာ အနည်းငယ်ထူးဆန်းနေခြင်းဖြစ်သည်။ဤကိစ္စ အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုသည်ကို ပြောဖို့ခက်ပေ၏။
"ကျေးဇူးပြုပြီး အရှင်မင်းကြီး... ဒီကိစ္စကို ကူညီပေးဖို့ အစွမ်းကုန်ကြိုးစားပေးတော်မူပါ၊ ကျွင်းကျူးဟာ နိုင်ငံရဲ့အလှတရားပါ၊ ကျွင်းကျူးကို လက်ထပ်နိုင်ရင် ကျွန်တော် သိပ်ကံကောင်းတာပါပဲ....ကျွန်တော် သူမကို စိတ်ရင်းမှန်နဲ့ လက်ထပ်ချင်ပါတယ်"
ဧကရာဇ် မျက်နှာက အနည်းငယ် သိမ်မွေ့လာကာ ချောင်းတစ်ချက်ဟန့်ရင်း “သိပါတယ်ကွယ်”
ရုံရှားသည် ယခုအချိန်တွင် ဟွာဟွာ ကို အမှန်တကယ် လက်ထပ်ချင်သည်ဖြစ်စေ၊ အခြားအကြောင်းများကြောင့်ဖြစ်စေ လောလောဆယ် သူ့စိတ်ရင်းထဲမှလာသော ရိုးသားသည့်စိတ်ဓာတ်အဖြစ်သာ ခံယူထားနိုင်သည်။
ဧကရာဇ်တစ်ပါးအနေနှင့် သူသည် တန်ရာတန်ကြေးကို ပေးကမ်းချင်စိတ်ရှိ၏။သူ လေးစားချစ်ခင်ရသည့် သက်ကြီးရွယ်အိုများအတွက် တစ်ခုခုလုပ်ပေးရသည်ကို သဘောကျ၏။ အထူးသဖြင့်၊ သူ့ အရီးတော်၏ သားမြေးများသည် အလွန် စိတ်အေးကိုယ်အေး နေထိုင်တတ်ကြသည်။နိုင်ငံရေးရာမှာ ဝင်မစွက်ဖက်သလို၊ ဂိုဏ်းခွဲဖို့လည်း စိတ်မဝင်စားချေ။ သူတို့မှာ ရည်မှန်းချက် ကြီးကြီးမားမား မရှိတာကြောင့်၊အခြားသူများက မြှောက်ပင့်ပြောလာလျှင် မာန်တက်သွားတတ်ကြ၏။
ပန်းဟွိုက်သည် တော်ဝင်မင်းသမီး ကွယ်လွန်ခြင်းအတွက် အလွန်ဝမ်းနည်းကြေကွဲရသည်။ လအနည်းငယ်အတွင်းမှာ သူ ကိုယ်အလေးချိန် အများကြီးကျသွား၏။သူ့ဇနီးနှင့် သားသမီးများကြောင့်သာမဟုတ်လျှင် တော်ဝင်မင်းသမီး၏ ဈာပနအခမ်းအနားသို့ လိုက်ပို့နိုင်လောက်အောင် နာလန်ထူနိုင်မှာမဟုတ်ပေ။
ပန်းမိသားစုသည် ဤအတောအတွင်း အမှန်တကယ် သက်သတ်လွတ်စားကြသည်။ အစားစားတိုင်း အသားမပါဘဲ မစားနိုင်သူ ပန်းဟမ်ပင်လျှင် အသားကို တို့၍ပင်မကြည့်ခဲ့ပေ။ထို့ကြောင့် တော်ဝင်မင်းသမီး ကွယ်လွန်ခြင်းသည် ပန်းမိသားစုအတွက် အလွန်ဝမ်းနည်းဖွယ်ကိစ္စဖြစ်ကြောင်း သိမြင်နိုင်သည်။
"အဖေ"
ပန်းဟွာသည် လရောင်အဝါနု ၀တ်စုံဝတ်ထားရင်း အဖေဖြစ်သူဆီကို လျှောက်လာသည်။ “အဖေ နန်းတော်ထဲ သွားမယ်မဟုတ်လား”
"ဧကရာဇ်က အဖေ့ကို ကောကုံးရာထူး ခန့်အပ်ခဲ့တာ၊အဖေ ဧကရာဇ်ကို ကျေးဇူးတင်စကား ပြောဖို့ နန်းတော်သို့ သွားသင့်တာ ကြာပြီလေ"
ပန်းဟွိုက်သည် သူ့သမီးမှာလည်း ပိန်ချုံးသွားသည်ကို သတိထားမိလိုက်၏။
"ရာသီဥတုက ပိုပူလာပြီ၊ သမီး အချိန်ရရင် လမ်းလျှောက်ထွက်ဦး..အိမ်ထဲမှာပဲ မနေပါနဲ့"
ပန်းဟွာက ပြုံးပြီး "ဟုတ်....ရာသီဥတု ကောင်းလာတဲ့အခါ အဖေ သမီးတို့ကို နယ်ဘက်က ဗီလာဆီ ခေါ်သွားပြီး ကစားလို့ရမလား"
"ကောင်းပြီ ရာသီဥတုကောင်းရင် တို့ သုံးယောက်သား ရေပူစမ်းကို သွားကြမယ်"
ယခုမှပင် ပန်းဟွိုက် မျက်နှာထက်မှာ အပြုံးတစ်ခုပေါ်လာရသည်။ပန်းဟွာက အိမ်တံခါးဝမှာရပ်ပြီး အဖေဖြစ်သူ ထွက်သွားသည်ကို ကြည့်နေသည်။သူမ နောက်လှည့်ကြည့်လိုက်ရာ နောက်မှာ ရပ်နေသည့် ပန်းဟမ်ကို တွေ့လိုက်ရသည်။
“နင်က ဒီမှာ ဘာလို့ရပ်နေတာလဲ”
ပန်းဟမ် ခေါင်းခါလိုက်ရင်း ပန်းဟွာရှေ့ကိုတိုးလာသည်။
"အစ်မ၊ အိမ်တော်ထဲက ပုံပြင်ပြောသူမှာ ပုံပြင်အသစ်တစ်ပုဒ် ရှိတယ်လို့ ကြားတယ်၊သွားနားထောင်ကြားမယ်လေ"
"ပုံပြင်ပြောသူက ပြောမှာလား၊နင်က လေပေါမှာလား"
ပန်းဟမ်သည် ပုံပြင်ပြောသူဆီသွားပြီး မကြာခဏဆိုသလို စကားလက်ဆုံကျလေ့ရှိသည်ဟု ကျေးကျွန်များဆီက ပန်းဟွာ ကြားသိရသည်။
"ပုံပြင်ပြောသူရဲ့ ဇာတ်လမ်းက ကျွန်တော် သိထားတဲ့ ဇာတ်လမ်းတွေလောက်တော့ မကောင်းတာအမှန်ပါပဲ..." ပန်းဟမ်သည် သူမ၏ အင်္ကျီကိုဆွဲကာ အတင်းဆွဲခေါ်ရင်း "လာပါ.…သွားနားထောင်ရအောင်"
ပန်းဟမ် အတင်းခေါ်နေခြင်းက သူမတစ်ယောက်တည်း ပျင်းပြီး အထီးကျန်နေမှာစိုး၍ဆိုသည်ကို ပန်းဟွာလည်း သိနေသည်။
“ကျေးဇူးပဲ ဒါဆိုလည်း သွားမယ်"
"ဘာကိုကျေးဇူးတင်တာလဲ" ပန်းဟမ်က စိတ်မသက်မသာနှင့် ခေါင်းကိုလှည့်ကြည့်ပြီး "ကျွန်တော်တို့က မောင်နှမတွေပဲလေ၊အစ်မက ဘာလို့ ကျွန်တော့်ကို ကျေးဇူးလာတင်နေတာလဲ၊ အစ်မ ခုတလော မှန်မကြည့်ဘူးလား၊ အစ်မ ဘယ်လောက်ပိန်သွားလဲဆိုတာ ကြည့်စမ်းပါဦး...နောက်ကြာရင် တခြားမိန်းကလေးတွေက အစ်မကို နောက်ပြောင်ကြလိမ့်မယ်နော်... ကျွန်တော်တို့ ပန်းမိသားစုဝင်တိုင်း ရုပ်လှတယ်လို့ နာမည်ကြီးတာ၊ မိသားစုကို မျက်နှာပျက်အောင် အစ်မ မလုပ်ချင်ဘူးမလား"
ပန်းဟမ်၏အပြောကြောင့် ပန်းဟွာက သူ့နားရွက်ကို ညင်သာစွာ လိမ်ဆွဲလိုက်သည်။
"ကြည့်စမ်း..ဘာမှ အရေးမထားတဲ့နင်တောင် ငါတို့ ပန်းမိသားစုရဲ့ နာမည်ဂုဏ်သတင်းကို အရမ်း ဂရုစိုက်တတ်နေပါလား... ကောင်းတယ်၊ ငါ အခု ပုံပြင်နားမထောင်တော့ဘူး၊စာအုပ်သွားဖတ်မယ်၊ 'ကွန်ဖြူးရှပ်၏ သရုပ်ပြများ' ဆိုတဲ့ စာအုပ်ကို အရင်ဖတ်မယ်"
"ဟာ... အစ်မကလည်း စာအုပ်မဖတ်ပါနဲ့လား....အချိန်တွေ နှမြောစရာကြီး"
မဟာရွှေလမင်းနန်းတော်။
ပန်းဟွိုက်သည် ဝမ်ကုန်းကုန်း နောက်မှ နေ၍ ပင်မခန်းမထဲသို့ တိတ်တဆိတ်လိုက်သွားခဲ့သည်။ ထို့နောက် ဧကရာဇ် ယွင်ချင်သည် ခေါင်းကို မော့ပြီး သူ့ကို ကြည့်လိုက်သည်။
"ညီတော်၊ မင်း ဒီရက်ပိုင်း ကိုယ်အလေးချိန် အများကြီး ကျသွားတယ်"
"ကျွန်တော့်မိန်းမက ကျွန်တော် ဝ,နေတာကို မကြိုက်ဘူးလေ၊ အခုတော့ တစ်ခါတည်း ဝိတ်ချပြီးသားဖြစ်တာပေါ့"
ပန်းဟွိုက်က အတင်းပြုံးပြပြီး တော်ဝင်မင်းသမီး အကြောင်းကို မပြောမိစေရန် ထိန်းထားလိုက်သည်။
"မင်း အရီးတော် ဆုံးပါးသွားလို့ ဝမ်းနည်းနေတာ ငါသိတယ်၊ ငါ့နှလုံးသားထဲမှာလည်း.."
ဧကရာဇ် ယွင်ချင်သည် စားပွဲဝိုင်းကို လှည့်ပတ်ပြီး ပန်းဟွိုက်ဘက်သို့ လျှောက်သွားရင်း လေးနက်သော အသံဖြင့်ပြောလေသည်။
"အင်းလေ၊ တစ်ကယ်တော့ ငါ့အရီးတော်ကို ထိခိုက်စေခဲ့တာ ငါကိုယ်တိုင်ပါပဲ...တခြားသူမဟုတ်ဘူး"
"အရှင်မင်းကြီး၊ ဘာလို့ ဒီလိုပြောရတာပါလဲ" ပန်းဟွိုက်က ဧကရာဇ်ယွင်ချင်ကို အံ့အားသင့်စွာကြည့်၍ ဦးညွတ်ကာ
"ကျွန်တော်ငယ်ငယ်တုန်းက အမေက အရှင်မင်းကြီးအကြောင်း မကြာခဏပြောတတ်ပါတယ်၊ အရှင်မင်းကြီးက လက်ရေးလှသလို စာအုပ်တော်တော်များများကိုလည်း အလွတ်ကျက်ဖူးတယ်လို့ သူမက ပြောပါတယ်၊ကျွန်တော်သာ အရှင်မင်းကြီးနဲ့တူရင် ကောင်းမှာပဲလို့ သူမက မကြာခဏပြောလေ့ရှိပါတယ်၊အခု အမေဆုံးသွားပြီဖြစ်လို့ ကျွန်တော့်စိတ်ထဲမှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နှက်နေပေမယ့် အမေ့အတွက်တော့ အရှင်မင်းကြီးကို ကာကွယ်နိုင်ဖို့က သူမ ဘဝထက် ပိုအရေးကြီးတာ သေချာပါတယ်၊အရှင်မင်းကြီး ဒီလိုပြောရင် ကျွန်တော့်အမေရဲ့ ဆန္ဒကို နှိမ့်ချနေတာမဟုတ်ပါလား"
သူ့စကားထဲတွင် ကဲ့ရဲ့ခြင်းအရိပ်အမြွက်ရှိနေသည်။ သာမာန်အားဖြင့် တရားရုံးအရာရှိတစ်ဦးသည် ဧကရာဇ်အား ဤစကားမျိုး မပြောသင့်ပေ။သို့သော် ဧကရာဇ်ယွင်ချင်ကိုယ်တိုင်မှလည်း သူ့စကားကို အပြစ်ဟုမမြင်ပေ။ဤသည်မှာ ပန်းဟွိုက် နှလုံးသားထဲက စကားလုံးပင်။
အရီးတော်နှင့် ခင်မင်ရင်းနှီးခဲ့သော သံယောဇဉ်နှင့်အတူ၊ သူ့ဝမ်းကွဲညီတော်၏ ရိုးသားမှုကြောင့် ဧကရာဇ်ယွင်ချင်သည် ညီဖြစ်သူ၏ပုခုံးကို ပုတ်ကာ "မင်းရဲ့ဝမ်းကွဲအစ်ကို ပြောတာ မှားသွားတယ်ကွာ"
ဧကရာဇ်ယွင်ချင်သည် သူ့စကားထဲတွင် "ငါ" ဟူသော စကားလုံးကို မသုံးခဲ့တာကြောင့်၊သူ့စိတ်ထဲက ရိုးသားစွာ ပြောခြင်းဖြစ်ကြောင်း ရှင်းလင်းပေသည်။ထို့နောက် သူက ပန်းဟွိုက်အနီးမှာ ထိုင်လိုက်သည်။
"ငါတို့က ညီအစ်ကိုတွေမို့ သူစိမ်းတွေလို ပြောနေစရာ မလိုပါဘူး၊ ငါ့ကို ကျေးဇူးတင်နေစရာလည်း မလိုဘူး၊မင်းကို ကောကုန်းရာထူး ပေးထားတာကလည်း ငါတို့ရဲ့ ညီအစ်က်ိုဆိုတဲ့ ပတ်သတ်မှုကြောင့်ပဲလေ၊ ဒါပေမယ့်လည်း အရီးတော်အပေါ်မှာ ငါ အမှားလုပ်မိတယ်လို့ တွေးတိုင်း ငါ့စိတ်ထဲက ခံစားချက်တွေ ပွင့်ထွက်သွားတယ်ကွာ"
"ဒီအရာရှိက အရှင်မင်းကြီးကို ဒုက္ခရောက်အောင် လုပ်နိုင်တဲ့ အရည်အချင်းမရှိပါဘူး၊ အရှင်မင်းကြီးက ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံတာမှန်ပါတယ်၊ ဒါပေမယ့် ဒီအရာရှိက ဘာမှမလုပ်တတ်ပါဘူး၊ ဒီ ကောကုန်းဆိုတဲ့ ရာထူးက ... "
"ဒါကို ထပ်မပြောနဲ့၊ မင်းကို ကောကုန်း ဆိုတဲ့ ရာထူးပေးလိုက်တာ ငါ့အတွက် ဘာမှမဖြစ်ပါဘူး...." ဧကရာဇ်ယွင်ချင် က သူ့လက်ကို ဝှေ့ယမ်းပြီး "မင်း တည်ငြိမ်ပြီး စိုးရိမ်စရာကင်းတဲ့ ဘဝမျိုးကို ရှင်သန်နိုင်မယ်လို့ ငါမျှော်လင့်တာပါ"
"ကျေးဇူးအများကြီးတင်ပါတယ် အရှင်မင်းကြီး"
ပန်းဟွိုက်၏ မျက်လုံးများသည် မျက်ရည်စ,များဖြင့် စိုစွတ်နေခဲ့သည်။ ဧကရာဇ်ယွင်ချင်ကိုကြည့်နေသည့် သူ့မျက်လုံးများက နီရဲနေသည်။သူ့မျက်ရည်စ,ကို အင်္ကျီလက်အနားစဖြင့် ဂရုတစိုက်သုတ်လိုက်သည်။ နောက်မှသာ ဧကရာဇ်ကို ခေါင်းမော့၍ တစ်ဖန်ပြန်ကြည့်လိုက်သည်။
ဧကရာဇ်ယွင်ချင်သည် သူ့ကိုအားကိုးလိုဟန်၊ရိုကျိုးဟန် အပြည့်ပါသော ဤအကြည့်မျိုးကို အနှစ်သက်ဆုံးဖြစ်သည်။ဝမ်းကွဲညီအစ်ကို နှစ်ယောက်အတော်ကြာ စကားပြောပြီးနောက်၊သူက ရုတ်တရက် "အရီးတော်၊ မသေခင်မှာ တစ်ခုခုပြောခဲ့ဖူးတယ်... အဲဒါက ငါ့အထင်နဲ့လည်း အံကိုက်ပါပဲ၊ သဘောတူတယ်၊မတူဘူးဆိုတာက မင်းအပေါ်မှာပဲမူတည်တယ်"
ပန်းဟွိုက် သက်မချလိုက်ပြီး စိုးရိမ်မကင်းသောလေသံဖြင့် "အရှင်မင်းကြီး၊ ဘာပါလဲ"
ထိုအခါ ဧကရာဇ်က ရုံရှားသည် ပန်းဟွာကို နန်းတော်ထဲသို့ ကုန်းပိုးခေါ်လာ ပုံအကြောင်း ပြောပြပြီး တော်ဝင်မင်းသမီးရှေ့တွင် သူသည် ပန်းဟွာ၏ ခင်ပွန်းဖြစ်ကြောင်း ပြောခဲ့သည်တို့အား ပြန်လည်ပြောပြလိုက်၏။
"အဲဒါကို ငါစဉ်းစားပြီးပြီ၊ ရုံရှားမှာ အရည်အချင်းလည်းရှိတာ်၊ ရုပ်ရည်ကလည်း ပြောစရာမလိုဘူး၊ သူက တကယ်ကို ခင်ပွန်းကောင်းတစ်ယောက်ဖြစ်မှာပါ၊ ဒါကြောင့် ငါကိုယ်တိုင်ပဲ ဟွာဟွာနဲ့ သူ့ကို လက်ဆက်ပေးချင်တာ၊ ဝမ်းကွဲညီတော် မင်း ဘယ်လိုထင်လဲ"
ပန်းဟွိုက်: ???
ရုံရှား ဟုတ်လား...
မြို့စားမင်းရုံသည် အကျင့်စာရိတ္တရော၊ရုပ်ရည်ရော ဘာကိုမှ အပြစ်ပြောစရာမရှိချေ။ ဒါပေမယ့် … မြို့စားမင်းရုံနဲ့ သူ့သမီးက ဘယ်လိုများ လိုက်ဖက်ပါ့မလဲ...မြို့စားမင်းရုံက သူ့သမီးကို လက်ခံပါ့မလား ..
"အရှင်မင်းကြီး၊ ဒါက မြို့စားမင်းအတွက် နည်းနည်းတော့ မတရားဘူး မဟုတ်လား"
ပန်းဟွိုက်သည် သူ့သားသမီးများကို အကောင်းမြင်စိတ်ရှိသည့် ဖခင်တစ်ဦးဖြစ်သော်လည်း သူ့သမီး၏ ချို့ယွင်းချက်များကို နားလည်ထားသည်။
သူမသည် ပျင်းရိသလို၊မာနကြီးပြီး ဒေါသကြီးသည့်အပြင် အစားအသောက်ကိုလည်း ဇီဇာကြောင်သလို ကြွားလုံးထုတ်ချင်သူလည်း ဖြစ်သည်။ မိသားစုအတွက်မူ ဤချို့ယွင်းချက်များကို အပြစ်မမြင်သလို၊ ချစ်စရာပင်ကောင်းနေသေးသည်။ သို့သော် အခြားသူများ၏အမြင်တွင်မူ ထိုအတိုင်းမဟုတ်နိုင်ပေ။သူ့သမီးအား ဘယ်ယောက်ျားလေးကမှ သည်းမခံနိုင်မှန်း သူ လောင်းကြေးထပ်ဝံ့၏။ တစ်ချိန်က ရှဲ့ချီလင်းသည် စိတ်ထားကောင်းမွန်သည်ဟု သတင်းကြားသောကြောင့် ရှဲ့ချီလင်းကို ရွေးချယ်ခဲ့သည်။ သို့သော်လည်း ရှဲ့ချီလင်း၏ စိတ်ဓာတ်အမှန်ကို နောက်ပိုင်းကျမှ သိလိုက်ရ၏။
တစ်ဖန် နောက်ပိုင်းတွင်၊ ရှန်းမိသားစုသည် ဩဇာရာထူးနိမ့်ပါးပြီး အနာဂတ်တွင် ပန်းမိသားစုကို မှီခိုအားထားနိုင်သည်ဟု သူ ခံစားမိသောကြောင့် ရှန်းယွီ၏ လက်ထပ်ခွင့်ကမ်းလှမ်းချက်ကို သဘောတူခဲ့သည်။ သမီးဖြစ်သူကလည်း မကန့်ကွက်၍ စိတ်ချက်လက်ချရှိခဲ့သည်။ သို့သော် ထိုကောင်လေးသည် တော်ဝင်စာမေးပွဲမှာ တတိယအဆင့်ချိတ်ပြီးနောက် နဂိုက သူ့သဘောထားသည် ပြောင်းလဲလာခဲ့၏။
ယခုလည်း မြို့စားမင်းရုံက လူကောင်းတစ်ယောက်ဟု သူ ထင်သည်။ သို့သော် ယခင်က သားမက်ရွေးချယ်ရာတွင် သူ၏ ညံ့ဖျင်းသော အရည်အချင်းကြောင့် လွယ်လွယ်ကူကူ သဘောမတူဝံ့ပေ။
"ဒါက ဘာဖြစ်လို့ မမျှတရမှာလဲ"
ဧကရာဇ်ယွင်ချင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဒီကောင်က သူ့သမီးကိုသူ နှိမ်ချနေတာလား..
"အရှင်မင်းကြီး၊ အိမ်ထောင်ရေးဆိုတာက ကလေးကစားစရာမဟုတ်ပါဘူး...ကျွန်တော် ဒီကိစ္စကို မစဉ်းစားချင်ပါဘူး.. ပြီးတော့ အခုလောလောဆယ်က ကျွန်တော်တို့တစ်အိမ်သားလုံး ပူဆွေးဝမ်းနည်းနေကြတာပါ... အိမ်ထောင်ရေးအကြောင်းပြောဖို့ မသင့်တော်ပါဘူး... ခဏနေပါဦး၊ ကျွန်တော်ပြန်သွားပြီး ဒီကိစ္စကို ကျွန်တော့်မိန်းမနဲ့ အရင်ဆွေးနွေးကြည့်ပါဦးမယ်"
ဧကရာဇ်ယွင်ချင်ကလည်း တွေးတောချင့်ချိန်၍ပြောလိုက်၏။
"လောလောဆယ် ဝမ်းနည်းပူဆွေး နေကြတယ်ဆိုတာ မှန်ပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ယာယီအစီအစဥ်တစ်ခုပါပဲ၊ ချက်ချင်းလက်ထပ်ဖို့ မလိုပါဘူး....မင်းဆန္ဒရှိရင် ဒီလက်ထပ်ပွဲကို အရီးတော်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တယ်လို့ တစ်ကမ္ဘာလုံးရှေ့မှာ ငါ ပြောမယ်... ငါက သက်သေပဲ"
ပန်းဟွိုက် စိတ်သက်သာရာ ရသွားသည်။ဤအိမ်ထောင်ရေးက အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ၊ ဟွာဟွာကို အလွန်အမင်းထိခိုက်စေမည်မဟုတ်ချေ။
"အချိန်တန်လို့ သူတို့နှစ်ယောက် လက်ထပ်နိုင်ရင် ကျေးဇူးလက်ဆောင်လေး ပို့ပေးဖို့ မမေ့နဲ့နော်"
ဧကရာဇ်သည် ရုံရှားနှင့် ပန်းဟွာတို့မှာ အလွန်လိုက်ဖက်သည်ဟု ခံစားမိသည်။ သူတို့ နှစ်ယောက်၏ ရုပ်ရည်ကိုကြည့်ရုံဖြင့် ကောင်းကင်ဘုံက သတ်မှတ်ထားသော နတ်ဖက်သည့် စုံတွဲမှန်းသိသာစေသည်။သူတို့၏ အနာဂါတ်သားသမီးလေးများဆိုလျှင် ဘယ်လောက်တောင် လှပနေမလဲဟု သူ တွေးမိသည်။
ရုံရှားကဲ့သို့ ထူးချွန်သော မိန်းကလေးမျိုး သူတို့မွေးလာပါက၊ အိမ်ရှေ့စံ၏ သားတော်လေးနှင့် ထိမ်းမြားလက်ထပ်နိုင်မည်ဖြစ်သည်။ဤသို့ဖြင့် တော်ဝင်မိသားစု၏ သားစဉ်မြေးဆက်များမှာ ရုပ်ရည်ရော၊ အရည်အချင်းပါ ပြည့်စုံလာမည်ဖြစ်ပေ၏။
အရာအားလုံး အဆင်သင့်ဖြစ်နေလေပြီ။ကျန်တာအားလုံးက အိမ်ရှေ့စံအတွက် သားလေးမွေးဖို့နှင့် သူတို့နှစ်ယောက်လက်ထပ်ဖို့ပင်။
ဧကရာဇ်ယွင်ချင်သည် ပန်းဟွိုက်၏ ပခုံးကို ပုတ်လိုက်ကာ
"ဝမ်းကွဲညီတော်ဖ ရုံရှားက လူကောင်းတစ်ယောက်ပါ၊ဒီကိစ္စကို မြန်မြန်လုပ်ရမယ်၊ ဒီကလေးက တော်တော်နာမည်ကြီးတယ်၊ သူ့ကို ငါ့မိသားစုထဲမှာ သိပ်ထားချင်တယ်၊ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ ဖိတ်ချင်တာ ..အပြင်ကလူတွေ သူ့ကို လုသွားမှာစိုးတယ်"
ပန်းဟွိုက်: လုရအောင် ရုံရှားက ပစ္စည်းမို့လို့လား...