Avangeline:
Chapter.57
ကုန်ပစ္စည်းတစ်ခုလို ခိုင်းနှိုင်းခံရသည့် ရုံရှားသည် အိမ်တွင် ဧည့်သည်တစ်ဦးနှင့် တွေ့ဆုံနေသည်။ တော်ဝင်မင်းသမီးအတွက် ဝမ်းနည်းပူဆွေးနေရဆဲကာလဖြစ်သောကြောင့် အရာရှိများမှာပျော်ရွှင် သောက်စားခြင်း မပြုရချေ။ထို့ကြောင့် ဧည့်သည်အား ဧည့်ခံရန်အတွက် လက်ဖက်ရည်သာ ချပေးထားသည်။
ဧည့်သည်၏ အဆင့်အတန်းက မနိမ့်ချေ။သူသည် အခွန်၀န်ကြီး၊ ယောင်ဖေးကျီဖြစ်ကာ တရားရုံး၏ အရေးပါသော အဖွဲ့ဝင်ဖြစ်သည်။
ယောင်ဖေးကျီသည် လက်ရေးလှရေးခြင်းနှင့် ပန်းချီဆွဲခြင်းကို အရူးအမူးနှစ်သက်သူတစ်ဦးဖြစ်သောကြောင့် ရုံရှားကို အလွန်အထင်ကြီးသည်။ သူက ရုံရှားကို ဆရာကြီးဟု ခေါ်လေ့ရှိ၏။သို့သော် သူက ရုံရှားထက် အသက် သုံးလေးဆယ်ခန့် ကွာ၏။သို့သော်လည်း သူကတော့ ရုံရှားဆီမှ ပန်းချီကားတစ်ချပ်လက်ဆောင်ရမည်ဆိုလျှင် အစ်ကိုကြီးရုံရှားဟုလည်း ခေါ်မည်ပင်။
"ကောင်းလိုက်တာ၊ ပန်းချီတွေက အရမ်းလက်ရာမြောက်တာပဲ"
ယောင်ဖေးကျီက နံရံမှာချိတ်ဆွဲထားသည့် ပန်းများနှင့် ကစားနေသော ကြောင်တစ်ကောင်၏ ပန်းချီကားကို ကြည့်လိုက်သည်။ သူ၏ပါးပြင်များသည် စိတ်လှုပ်ရှားမှုများဖြင့် နီရဲနေပြီး ရုံရှားအား လှည့်ပြောသည်။
"ဆရာကြီးရုံရဲ့ ပန်းချီစွမ်းရည်ကတော့ အံ့မခန်းပါပဲ...ဒီကြောင်ကလေးက တစ်ကယ် အသက်ရှင်နေသလိုပဲ...ဒါပေမယ့် ကြောင်ရဲ့ ခေါင်းမှာ ပျိုနီပန်းပွင့်ကို ဘာလို့ ပန်ထားပေးရတာလဲ"
ရုံရှားက ပြုံးပြီး "ဒါက ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းကလေး ထည့်ကြည့်တာပါ"
"ပန်းချီဆိုတာက နှလုံးသားကလာတာ... ဒါကြောင့် ပန်းချီကားကို ကြည့်တာနဲ့ စိတ်ထဲကနေပြီး ခံစားရတယ်...ဒီလိုဖြစ်သင့်တယ်၊ ဒီလိုဖြစ်သင့်တယ်"
ယောင်ဖေးကျီက သူ့လက်ဖဝါးကို ညင်သာစွာ ပွတ်သပ်ရင်း ဆိုလေသည်။ ပျိုနီပန်းသည် ပန်းချီကား၏ ရိုးရိုးရှင်းရှင်းနှင့် ရင်ထဲထိစေသော အချက်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။ပန်းလေးတစ်ပွင့်ကပင် ကြောင်ကလေး၏ ချစ်စရာကောင်းမှုနှင့် အဖြူထည်ပုံရိပ်ကလေးကို ဖြစ်တည်စေ၏။
ယောင်ဖေးကျီသည် ရုံရှားနှင့်အတူ ပန်းချီအကြောင်း အချိန်အတော်ကြာ ဆွေးနွေးခဲ့သည်။
"ဆရာကြီးရုံ မှာ အရည်အချင်းတွေ အများကြီးရှိတယ်၊ ဆရာကြီးရုံနဲ့ထိုက်တန်တဲ့ မိန်းကလေးမျိုးက ဘယ်လိုမိန်းကလေးမျိုးလဲဆိုတာ သိချင်မိတယ်"
ရုံရှားက ပြုံးပြီး ဘာမှပြန်မပြောဘဲ ယောင်ဖေးကျီအား လက်ဖက်ရည်တစ်ခွက်သာ ထည့်ပေးလိုက်သည်။
"နယ်စားမင်းရှစ်ရဲ့ ဒုတိယသမီးလေးဟာ လှပပြီး ဉာဏ်ရည်ထက်မြက်ပြီး အရည်အချင်းရှိတဲ့သူလို့ ကျွန်တော် ထင်ပါတယ်၊ သူက မြို့စားမင်းရုံဆို သိပ်လိုက်ဖက်မှာ" ထို့နောက် ဆက်၍ သူက လက်ဖက်ရည်တစ်ငုံသောက်ပြီး "ဆရာကြီးရုံကရော ဒီလို တွေးမိလားတော့ မသိဘူး"
ရုံရှားက လေးလေးနက်နက် တွေးနေပြီး ခဏအကြာတွင်၊ "သခင်ယောင်က လက်ဝဲဝန်ကြီးချုပ်အိမ်က မိန်းကလေးအကြောင်းပြောနေတာလား"
"ဟုတ်တယ် သူမပဲ၊ ကျွန်တော့်မိန်းမက သူမ အကြောင်း မကြာခဏ ပြောတတ်တယ်၊ အဲ့ဒီကောင်မလေးက မြို့စားမင်းရုံနဲ့ လိုက်ဖက်တယ်လို့ မနေ့ကမှ တွေးမိသွားတယ်ဗျာ"
ရုံရှား မတ်တပ်ထရပ်ပြီး ယောင်ဖေးကျီ ကို ဦးညွှတ်လိုက်သည်။
"သခင်ယောင် မဖြစ်နိုင်ပါဘူး၊ ရိုးရိုးသားသားပြောရရင် ကျွန်တော် လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက လက်ထပ်ဖို့စီစဉ်ထားပြီးသားပါ၊ ဒါပေမယ့် အခုလောလောဆယ်မှာတော့ တော်ဝင်မင်းသမီးရဲ့ ဝမ်းနည်းခြင်းကာလဖြစ်လို့ လူရှေ့မှာထုတ်ပြဖို့မသင့်တော်ပါဘူး၊ ဒါကြောင့် သခင်ယောင် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်တော့် အိမ်ထောင်ရေးကိစ္စကိုလည်း လျှို့ဝှက်ထားပေးပါ"
"ဗျာ...."
ယောင်ဖေးကျီသည် ရုံရှားကို တအံ့တသြကြည့်လိုက်သည်။မြို့စားမင်းရုံ စေ့စပ်မယ်ဆိုတာ သူလည်း မသိပါလား...ကံကောင်းထောက်မစွာ၊ သူကလည်း ပါးနပ်သူဖြစ်၍ ရုံရှား၏စကားကိုကြားသောအခါ၊ နောက်ထပ်မေးခွန်းမမေးတော့ပေ။
"ဒါဆိုလည်း မြို့စားမင်းရုံနဲ့ အနာဂါတ်ဇနီးလေးတို့ရဲ့ အချစ်က ရွှေထက် ခိုင်ခံ့ပြီး အတူတကွ နေရပါစေလို့ ဆုတောင်းပါတယ်"
"ကျေးဇူးတင်ပါတယ် သခင်ယောင်"
ရုံရှား မတ်တပ်ထရပ်ပြီး ယောင်ဖေးကျီ ကို လေးနက်စွာ ဦးညွှတ်လိုက်သည်။
ယောင်ဖေးကျီသည် ရုံရှား၏ ပန်းရောင်သမ်းနေသော မျက်နှာနှင့် တောက်ပသော အပြုံးကို မြင်လိုက်ရ၍ စိတ်ထဲတွင် သက်ပြင်းချမိသည်။ရုံရှားသည် သူ၏ စေ့စပ်ထားသူကို သဘောကျနေပုံရသည်။ ထို့ကြောင့် အလွန်ပျော်နေခြင်းပင်ဖြစ်နိုင်သည်။ ရှစ်မိသားစုက သူ့ကို ခိုင်းလိုက်သော ကိစ္စအား မအောင်မြင်နိုင်ခဲ့သည်က နှမြောစရာကောင်းပေ၏။
ခဏကြာသော် ယောင်ဖေးကျီက ပြန်တော့မလို ပြင်ဆင်နေတာကြောင့် ရုံရှားတားမနေတော့ဘဲ အိမ်ရှေ့တံခါးအထိ သူ့ကို လိုက်ပို့ပေးလိုက်၏။ ယောင်ဖေးကျီ၏ မြင်းလှည်းထွက်သွားသည်ကိုမြင်သောအခါမှ အိမ်ထဲပြန်ဝင်လာပြီး တံခါးစောင့်ကို တံခါးပိတ်ခိုင်းလိုက်သည်။
လက်ယာဝန်ကြီးချုပ်နေအိမ်တွင် ပြန်အနားယူလျက်ရှိသော ရှစ်ကျင်းသည် ယခုဆို ပြန်လည်ကျန်းမာလာခဲ့ပြီဖြစ်သည်။သူ့ဖခင်၏ အစေခံက ဧည့်သည်ရောက်နေသည်ဟု လာပြောတာကြောင့် သူသည် ဝတ်ရုံအဟောင်းတစ်ထည်ကို ၀တ်ကာ အစေခံနောက်သို့ လိုက်လာလေ၏။တစ်လောက တော်ဝင်မင်းသမီး လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် သူသည် တော်ဝင်အစောင့်တပ်၏ ဒုတိယတပ်မှူးအဖြစ် ကြိမ်ဒဏ်ငါးဆယ် အပြစ်ပေးခံခဲ့ရသည်။ကံကောင်းထောက်မစွာ၊ သူက လက်ယာ၀န်ကြီးချုပ်၏သားဖြစ်နေ၍၊ ပြစ်ဒဏ်ပေးသူမှ
တမင်တကာ သူ့ကို သက်ညှာ၍ ရိုက်နှက်ခဲ့၏။ထို့ကြောင့် ဒဏ်ရာက ပြင်းထန်သော်လည်း ကြွက်သားနှင့် အရိုးများကို ပြောပလောက်အောင် မထိခိုက်ပေ။ သို့ရာတွင် ကြိမ်ဒဏ်ငါးဆယ်ဖြင့် ဒဏ်ခတ်ခံရသော တပ်မှူးချုပ်က ပို၍ပြင်းထန်သည်။တပ်မှူးချုပ်ခမျာ ယခုထိအိပ်ရာထဲက မထနိုင်သေးဘူးဟု သတင်းကြားရသဖြင့် ဧကရာဇ်အစောင့်တပ်မှူးအဖြစ် ဆက်လက်ရပ်တည်နိုင်ခွင့်ရဦးမည် ဆိုသည်ကို မသိရသေးပေ။
သူ ဧည့်ခန်းကိုရောက်သောအခါ ယောင်ဖေးကျီကိုတွေ့လိုက်ရ၍ နှုတ်ဆက်လိုက်သည်။
ရှစ်ချုံးဟိုင်သည် မူလက သူ့သမီးနှင့် ရုံရှားကို လက်မထပ်စေချင်ပေ။ သို့သော်လည်း ယခုနောက်ပိုင်း ရုံရှာသည် အရာရှိများနှင့် ပညာရှင်တို့ကြားတွင် ပို၍နာမည်ကြီးလာကာ ဧကရာဇ်ကလည်း သူ့အား အလွန်တန်ဖိုးထားမှန်း မျက်ဝါးထင်ထင် တွေ့လာခဲ့ရသည်။တရားရုံးမှာလည်း အာဏာပိုရလာသည်။ထို့ကြောင့် သူ့သမီးနှင့် ရုံရှားကို လက်ထပ်ခိုင်းခြင်းက သိပ်မဆိုးနိုင်မှန်း သူ ခံစားရသည်။ သို့သော် ရှေးခေတ်ကတည်းကပင် ယောကျ်ားလေးများကသာ မိန်းကလေးဘက်ကို အိမ်ထောင်ရေးအတွက် စတင်ကမ်းလှမ်းကြသည်။ မိန်းကလေးကစ၍ ယောက်ျားလေးဘက်ကို လက်ထပ်ချင်ကြောင်း စတင်ကမ်းလှမ်းသည့်အဖြစ်မျိုး မရှိခဲ့ပေ။ ထို့ကြောင့် ၎င်းကိုစဉ်းစားပြီးနောက် ယောင်ဖေးကျီအား ဤကိစ္စကို ကူညီဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။
"အခုလေးတင် ကျွန်တော့်ကို မြို့စားမင်းရုံက သူဆွဲထားတဲ့ ကစားနေတဲ့ ကြောင်ပုံပန်းချီ ပြသေးတယ်၊အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"
ယောင်ဖေးကျီသည် ရုံရှား၏ အိမ်တော်တွင် လက်ဖက်ရည်တဝကြီး သောက်ပြီးဖြစ်သည်။ထို့ကြောင့် ဝန်ကြီးချုပ်ရှစ်၏ အိမ်တော်သို့ ရောက်သောအခါ လက်ဖက်ရည်ကို ပါးစပ်ထောင့်တွင်သာ စွတ်ပြီး ခွက်ကိုပြန်ချထားလိုက်၏။
"ကျွန်တော် ဒီနေ့ မြို့စားမင်းရုံရဲ့ အိမ်ထောင်ရေးအကြောင်းလည်း မေးခဲ့ပါတယ်"
သူ့ကို မေးခိုင်းသူမှာ ရှစ်မိသားစုဟု မပြောခဲ့ပေ။ထိုအစား သူက ရှစ်မိသားစု၏ နာမည်ဂုဏ်သတင်း ကျော်ဇောမှုကိုသာ အမွှန်းတင်ခဲ့၏။
"ဒီမြို့စားမင်းရုံကလေ နှလုံးသားမဲ့တဲ့လူပါပဲ၊သူက ယောက်ျားနဲ့မိန်းမကြားက ခံစားချက်တွေကို ဂရုမစိုက်တတ်ဘူး"
ယောင်ဖေးကျီ ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။ "ဒီရက်ပိုင်း လူငယ်တွေလည်း ဘာတွေ တွေးနေလဲ မသိဘူး... သူဆို အသက်နှစ်ဆယ်ကျော်နေပြီ၊ ဒီအဘိုးကြီး သူ့အရွယ်တုန်းကဆို ကလေးတွေတောင် မွေးပြီးနေပြီ"
ရှစ်ကျင်းက မျက်ခုံးပင့်၍ စကားစ,ပြောလိုက်သည်။ "မြို့စားမင်းရုံ က ကမ်းလှမ်းချက်ကို မလိုလားဘူးလား"
ယောင်ဖေးကျီက ရှစ်ကျင်းကို ပြုံးပြုံးလေး ကြည့်နေသည်။ "ဟုတ်ပါတယ်။ သူက လက်ထပ်ဖို့ ကိစ္စကို သဘောတူမယ့်ပုံ မပေါ်ပါဘူး"
သူပြောချင်သည်မှာ မည်သို့ပင်ဆွဲဆောင်နေပါစေ၊ ရုံရှားက သဘောမတူနိုင်၍ ရှစ်မိသားစုဘက်မှနေ၍ လက်လျှော့ရမည်ဆိုတာပင်။
ရှစ်ကျင်းသည် တစ်ခုခုကို တွေးနေပုံရပြီး မျက်မှောင်ကြုတ်နေတော့သည်။ ရှစ်ချုံးဟိုင်ကမူ ထိုစကားကိုကြားပြီးနောက် ရယ်မောလိုက်သည်။
"လူငယ်တွေဟာ လွတ်လပ်ပြီး စည်းကမ်းမဲ့တဲ့ဘဝကို နှစ်သက်ကြတာကိုး..သူ့အိမ်မှာ စည်းကမ်းတင်းကြပ်မယ့် လူကြီးကလည်း မရှိတော့ အိမ်ထောင်သည်ဘဝကို မဖြတ်သန်းချင်ဘူးဆိုတာ သဘာဝကျပါတယ်"
ရုံရှားသည် သူ့မိဘများကို ဆုံးရှုံးခဲ့ရပြီး အထီးကျန်ဆန်သောဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်သည်။ထို့ကြောင့် သူ၏ သမီးအလိမ္မာလေးကိုပင် ဘယ်လိုတန်ဖိုးထားရမလဲဆိုသည်ကို သိပုံမပေါ်ပါချေ။
ယောင်ဖေးကျီသည် ရှစ်ချုံးဟိုင်၏ လှောင်ပြောင်စကားများကို မကြားရသလို ဟန်ဆောင်လိုက်သည်။အတန်ကြာ ထိုင်ပြီးနောက် သူက ရှစ်မိသားစုဝင်များအား နှုတ်ဆက်ကာ အိမ်အပြင်ကိုထွက်လာခဲ့သည်။ခြံတံခါးဝအထိ အိမ်တော်ထိန်းက သူ့ကို လိုက်ပို့ပေးလေသည်။
မြင်းလှည်းပေါ်တက်ပြီးနောက် သူ ခေါင်းယမ်းပြီး မဲ့ရွဲ့လိုက်၏။ အခြားသူများ၏အမြင်တွင်၊ သူသည် ရှစ်ချုံးဟိုင်၏ လက်ပါးစေတစ်ဦးဟုထင်ကြပေမည်။မူလကသူ့ကိုယ်သူလည်း လက်ပါးစေတစ်ဦးအဖြစ် အမှတ်မှားခဲ့ဖူးသည်။ သို့သော်လည်း ရှစ်မိသားစုက သူ့ကို တောက်တိုမည်ရခိုင်းနေခြင်းအား မကြိုက်နှစ်သက်ပေ။ယခုလည်း ရှစ်ချုံးဟိုင်သည် တခြားဧည့်သည်လည်းမရှိဘဲ၊အလုပ်လည်းမရှုပ်ဘဲနှင့် အိမ်တော်ထိန်းကိုသာ အိမ်အပြင်အထိ သူ့ကို လိုက်ပို့စေလိုက်သည်။သူ့ကို အတော်နိမ့်ချဆက်ဆံပေ၏။
ရုံရှားသည် ဧကရာဇ်၏ အရေးပေးခြင်းခံနေရသော်လည်း၊သူ့ကို အိမ်တံခါးဝအထိ လိုက်ပို့ပေးလေသည်။ရှစ်မိသားစုဆိုတဲ့ ဂုဏ်ပုဒ်ကြီးနဲ့နေနေပြီးတော့ ခြေလှမ်းနည်းနည်းလောက် လှမ်းပြီး သူ့က်ိုလိုက်ပို့တော့ ဘာဖြစ်သွားမှာမလို့လဲ...ပညာရှိတွေကပဲ လူ့ကျင့်ဝတ်ကို လိုက်နာတတ်ကြတာပဲ...နောက်ဆုံးတွင် သူသည် ရှစ်မိသားစုကို မုန်းတီးသွယခဲ့သည်။
"သူ့သမီးကိုများ ကြိုက်တဲ့လူ ခေါင်းခေါက်ပြီး လက်ထပ်နိုင်တယ်လို့ စိတ်ကြီးဝင်နေတာကိုး"
ယောင်ဖေးကျီ စိတ်ထဲမှ မကျေနပ်ချက်များကိုထုတ်ပြောလိုက်ရင်း ရှစ်မိသားစု၏ ပိုင်နက်ထဲမှ ထွက်သွားတော့၏။
ပန်းဟွိုက်သည် အမည်ဖော်မပြနိုင်သော ခံစားချက်မျိုးစုံဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ ထို့နောက် သူ့ဇနီးနှင့် ကလေးများကို သူ့ရှေ့မှာ စုဝေးစေလိုက်သည်။ပြီးလျှင် အစေခံများအားလုံးကို အပြင်ခဏထွက်စေပြီးနောက်၊မိသားစုဝင်သုံးဦးကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်သည်။
"ယောက်ျား ဘာဖြစ်လို့လဲ"
ပန်းဟွိုက်၏ ထူးဆန်းသောအမူအရာကိုမြင်လိုက်ရသောအခါ ယင်းရှစ်က တုံ့ဆိုင်းသွားပြီး မေးမြန်းလိုက်သည်။
"ဘာလဲ ဧကရာဇ်က နောင်တရပြီး ရှင့်ကို ကောကုန်းရာထူး မပေးတော့လို့လား"
ပန်းဟွိုက် ခေါင်းယမ်း၍ ငြင်းဆိုလိုက်ရာ ပန်းဟမ်က ရှေ့သို့တိုးလာ၍
"ဒုတိယမင်းသားက အဖေ့ကို ထပ်ပြီး စော်ကားပြန်တာလား၊ ဒါမှမဟုတ် လမ်းမှာ ထူးဆန်းတဲ့လူနဲ့တွေ့ခဲ့တာလား"
ပန်းဟွိုက် ခေါင်းခါနေဆဲပင်။ပန်းဟွာကလည်း အဖေဖြစ်သူ၏ ပဟေဠိဆန်ဆန် မျက်နှာကိုကြည့်ကာ " သမီးနဲ့ ပတ်သက်နေသလား"
ပန်းဟွိုက် က ခေါင်းညိတ်လိုက်သည်။
"ဒါဆို သမီးအကြောင်း မကောင်းပြောနေတာ ဘယ်သူလဲ"
ပန်းဟွိုက် သူ့မျက်နှာထက်မှ ချွေးသီးများကို ပုဝါဖြင့်သုတ်လိုက်သည်။
"သမီးကလည်း သတင်းကောင်းလို့ ပြောလို့ရပါတယ်ကွဲ့"
"ဒါပေမယ့် အဖေ့မျက်နှာကြည့်ရတာကတော့ ကောင်းတာဟုတ်ပုံမရဘူး... ပြောလေ၊ သမီး ဘာမှမဖြစ်ပါဘူး"
"မြို့စားမင်းရုံက ဧကရာဇ်ကို သူ့အတွက် အောင်သွယ်လုပ်ခိုင်းနေတယ်၊ သူက သမီးကို လက်ထပ်ချင်တယ်တဲ့"
"အဟွတ်.အဟွတ်...အဟမ်း...အဟမ်း"
ပန်းဟွာ လက်ဖက်ရည်သီးသွား၍ မျက်ရည်တောင် လည်လာသည်။ တစ်မိသားစုလုံး အထိတ်တလန့်ဖြစ်သွားကာ လက်ကိုင်ပုဝါနှင့် သူမ ကျောကို ပုတ်ပေးကြသည်။
"ရပါတယ် အဆင်ပြေပါပြီ"
သူမ ရင်ဘတ်ကို အသာဖိထားပြီး ပန်းဟွိုက်ကို မျက်ရည်လည်နေသည့်မျက်ဝန်းတို့နှင့် ကြည့်ရင်း " မြို့စားမင်းရုံက မျက်စိကန်းနေတာလား
ပန်းဟွိုက်က ပခုံးတွန့်ပြပြီး "ဒီမေးခွန်းရဲ့ အဖြေကို အဖေလည်း သိချင်နေတာပဲ"
ထိုစဉ် ယင်းရှစ်က စိတ်မရှည်စွာဝင်ပြောသည်။
"သေချာပြောစမ်းပါ၊ ရှင်တို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ၊ ကျွန်မ သမီးလေးက အရမ်းလှတာပဲ၊လူတိုင်းက သူမနဲ့ လက်ထပ်ချင်နေတာ မထူးဆန်းပါဘူး၊ မြို့စားမင်းရုံကလည်း ဘာသားနဲ့ထုထားတာမလို့လဲ"
ပန်းဟွိုက်က အသံခက်ကျယ်ကျယ်နှင့် "ဒါပေမယ့် သူကလည်း သူပဲလေ၊ မြို့တော်မှာ သူ့ကို လက်ထပ်ချင်တဲ့ မိန်းကလေးတွေ အများကြီးပဲဆိုတာ မင်းသိသားနဲ့..."
"ရုံရှား မကလို့ ရုံဝူရှားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်...." ယင်းရှစ်က လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်ပြီး "ဒါ့အပြင် ကောင်မလေးတွေ အများကြီး အကြိုက်ခံနေရတဲ့ ဒီလိုလူမျိုးက ဘယ်လိုလုပ်ကောင်းမှာလဲ၊တစ်ကယ်လို့ သူ သစ္စာဖောက်သွားရင် ဘယ်လိုလုပ်မလဲ"
"ဒါဆို ကျွန်တော့်အစ်မကို ကြိုက်တဲ့ ယောက်ျားတွေထဲမှာ ရုပ်မချောတဲ့သူရှိလို့လား" ပန်းဟမ်ကလည်း ယင်းရှစ်ကို ကြည့်ပြီး "အစ်မသာ ရုံရှားကို တကယ်လက်ထပ်နိုင်ရင် မဆိုးပါဘူး၊ အနည်းဆုံး ရုံရှားက လူကြီးလူကောင်းတစ်ယောက်လေ၊ကျွန်တော်တို့မိသားစု နောင်တစ်ချိန်မှာ အာဏာကျသွားရင်တောင် သူ့ကို အားကိုးလို့ရသေးတယ်လေ၊ အစ်မအတွက်လည်း စိတ်ချရမယ်ထင်တယ်"
ယင်းရှစ် ထိုစကားကိုကြားပြီး ငြိမ်သွားသည်။နောက်ငါးနှစ်အတွင်းမှာ ဘယ်လိုအရာများ ဖြစ်လာမည်ဆိုသည်က မသေချာပေ။သို့သော် ဟွာဟွာ၏ အိပ်မက်ထဲတွင် သူမသည် အိမ်ထောင်မပြုရသေးချေ။
မဟုတ်ဘူး... မဟုတ်ဘူး...
ယင်းရှစ်က ပန်းဟွာကို ရုတ်တရက်ကြည့်လိုက်ပြီး "သမီးအိပ်မက်ထဲမှာ သမီးရဲ့ရာထူးက ဘာလဲ"
"ရှစ်ကျစ်"
ပန်းဟွာ ယုံကြည်ချက်ရှိစွာ ဖြေလိုက်၏။ သူမအဖေ၏ ရာထူးအမည် နယ်စားမင်း၊သူမ အမေ၏ သခင်မ ရာထူး...စသည်တို့အား ရာထူးချလိုက်ပြီဖြစ်ကြောင်း မိန်းမစိုးတစ်ယောက် အိမ်ကိုလာ၍ အမိန့်ပြန်တမ်းကြေငြာသည့်မြင်ကွင်းကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
"ဒါပေမယ့် သမီး အခု ကျွင်းကျူးဖြစ်နေပြီ၊သမီး အဖေကလည်း ကောကုန်း ဖြစ်နေပြီ" ယင်းရှစ်၏ အသံသည် တိုးလျလျက်ပင်။ "လက်တွေ့က သမီး အိပ်မက်နဲ့ မတူဘူးလေ"
ထိုစဉ် ပန်းဟမ်ကလည်း တွေးဆဆနှင့် “ဒါတွေအားလုံးက အစ်မ ရှန်းယွီကို လမ်းပေါ်မှာ ကြာပွတ်နဲ့ ရိုက်လိုက်လို့ ပြောင်းသွားတာဖြစ်မယ်"
ပန်းဟွာက မျက်မှောင်ကြုတ်ကာ
"နင် ပြောချင်တာက ငါက အိပ်မက်ထဲမှာတုန်းက လက်တွေ့မှာလို မရိုင်းစိုင်းလိုက်လို့ ငါ့ဘဝ အဆုံးမသတ်မလှတာလို့ ပြောချင်တာလား၊ အဲဒါက အဓိပ္ပာယ်မရှိဘူး"
ပန်းဟွိုက်သည် သူ့သားနှင့်သမီးကို ကူကယ်ရာမဲ့ ကြည့်နေသည်။
"ထင်သလောက် ရိုးရှင်းနိုင်ပါ့မလား၊သမီး အိပ်မက်က နည်းနည်းလေး ပရမ်းပတာနိုင်တယ်၊အဖြစ်အပျက်တွေကလည်း ကြုံရာကျပမ်း ဖြစ်နေတာလေ... အရေးအကြီးဆုံးက နောက်ဆုံးမှာ ဘယ်သူက ပုန်ကန်မှန်းတောင် မသိလိုက်ဘူး၊ ဒါကြောင့်လည်း သမီးရဲ့အိပ်မက်က တစ်ကယ်ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာကို ခန့်မှန်းရခက်နေတာ၊သမီးက အခု ကျွင်းကျူးဖြစ်နေပေမယ့် နောက်ပိုင်းမှာ သမီး လုပ်ခဲ့တဲ့ အမှားတစ်ခုခုကြောင့် ရှစ်ကျစ်အဖြစ် ရာထူးချခံရတယ်ဆိုရင်ကော၊အဖေကလည်း အမှားလုပ်လိုက်မိလို့ နယ်စားမင်းရာထူး ပြန်ရောက်သွားတာမျိုး ဖြစ်လာနိုင်မလား"
ပန်းဟွာက "ဟုတ်တယ်၊ ရှစ်မိသားစုက တော်လှန်ပုန်ကန်တာ ဖြစ်နိုင်တယ်လို့ အဖေတို့ရော ထင်လား၊ ရှစ်မိသားစု ရဲ့ အကြီးဆုံးသား ရှစ်ကျင်းက အနက်ရောင်အဝတ်အစားတွေ ဝတ်ရတာကို သဘောကျပုံရတယ်၊ နောက်ပြီး သူတို့မိသားစုက အခု အရမ်းအင်အားကြီးတာဆိုတော့ သူ ပုန်ကန်တာ ဖြစ်နိုင်တယ်"
ပန်းမိသားစုဝင်လေးဦး လေးလေးနက်နက် တွေးတောမိကြသည်။ သူတို့ ကြာကြာ တွေးလေလေ၊ ရှစ်မိသားစုက သံသယဖြစ်စရာပိုကောင်းလာ၏။
"ကောကုန်း ချမ်အမ်မြို့စားမင်းက တွေ့ဖို့ တောင်းဆိုပါတယ်"
အိမ်တော်ထိန်း၏ အသံသည် ခြံဝင်းထဲမှတစ်ဆင့် ထွက်ပေါ်လာသည်။ပန်းမိသားစုလေးဦးစလုံး အချင်းချင်း ထိတ်လန့်စွာ ကြည့်နေကြသည်။
သူက သူတို့ရဲ့သမက်ဖြစ်ချင်နေတယ်ဆိုတာ တစ်ကယ်ကြီးလား။ဒါပေမယ့် သူနဲ့တွေ့မလား၊မတွေ့ဘူးဆိုတာက အခု အရေးကြီးနေတာလေ...