Chapter.58
နောက်ဆုံးတွင် ပန်းမိသားစုသည် ရုံရှား နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။
ရုံရှား နှင့် ပန်းမိသားစုလေးယောက် အခန်းထဲမှာ တိတ်ဆိတ်စွာ ထိုင်နေကြသည်။တစ်ခန်းလုံးလည်း လက်ဆောင်များနှင့်ပြည့်နေပြီး တိတ်ဆိတ်နေ၏။
ပန်းဟမ်သည် တိတ်ဆိတ်မှုကြောင့် အနည်းငယ် အဆင်မပြေသလို ခံစားမိသည်။ ရုံရှားနှင့် သူ့မိသားစုများကို တစ်ချက်မှ မကြည့်ရဲလောက်အောင် အဆင်မပြေဖြစ်ရသည်။မြို့စားမင်းရုံက သူ့အစ်မကို စိတ်ဝင်စားနေသည်ဟု သူလည်း တွေးဖူးသည်။စိတ်ထဲက အလွန်အမင်း မယုံကြည်သော်ငြားလည်း စိတ်ထဲက နည်းနည်းလေး စဉ်းစားမိခဲ့သည်။
"ဦီးရီးတော်နဲ့ အရီးတော်"
ရုံရှားက ပန်းဟွိုက်နှင့် ယင်းရှစ်ကို တလေးတစား ဦးညွှတ်လိုက်သည်။
"ကျွန်တော့်ကြောင့် အနှောင့်အယှက်ဖြစ်ရတယ်ဆို တောင်းပန်ပါတယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ"
ပန်းဟွိုက် လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး တွေးလိုက်မိသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူတို့နှစ်ယောက် ဆုံတွေ့ကြသောအခါ၊ ရုံရှားသည် သူ့ကို နယ်စားမင်းဟုခေါ်ခဲ့သည်။ဒါပေမယ့် ဘယ်လောက်မှ မကြာသေးဘဲ အခု ဦီးရီးတော်ဖြစ်သွားပြီလား။ ယခင်ကဆို ရုံရှားအား အပြစ်မမြင်ခဲ့သော်လည်း ယခုမူ ယခင်လိုစိတ်မျိုး ထားနိုင်တော့မည်မထင်ချေ။
ရုံရှား၏ မျက်ခုံးများက စတိုင်ကျလွန်းသည်။ထိုမျက်ခုံးမျိုးရှိသူသည် စိတ်ဓာတ်မာကြောသည်ဟု ကြားဖူသည်။ သူ၏ မက်မွန်ပန်းပုံ မျက်လုံးတစ်စုံက မည်သည့်မိန်းကလေးကိုမဆို 80% မှ 90% အထိ အောင်မြင်စွာ ဆွဲဆောင်နိုင်ခြေရှိသည်။ သူ့နှုတ်ခမ်းများမှာလည်း ပါးပါးလေးဖြစ်ပြီး တိကျသေသပ်သည်။အပြင်ပန်းက ဖြောင့်မတ်ရိုးသားသော လူအများစုသည် တစ်ကယ့်စိတ်ရင်းထဲမှာ သားသတ်သမားသလို ရက်စက်ကြမ်းကြုတ်တတ်ပြီး၊ ပညာရှိများသည်လည်း အတွင်းစိတ်၌ စိတ်သဘောထား သေးသိမ်ကြသည်ဟူ၍ ဆိုးရိုးစကားမျိုး ရှိခဲ့ဖူးသည်။
ဒါဆို ရုံရှားလို လူမျိုးကလည်း အကြင်နာကင်းမဲ့သူဖြစ်ခဲ့ရင်ကော။ မဟုတ်ဘူး၊ မဟုတ်ဘူး၊
သူ ခေါင်းခါလိုက်ပြီး သူ့မိန်းမကို လှည့်ကြည့်လိုက်သည်။
ယင်းရှစ်က ရုံရှားကို မော့ကြည့်ပြီး "ချမ်အမ်မြို့စားမင်းက မလိုက်ဖက်တဲ့ ငျွန်မ သမီးကို လက်ထပ်ဖို့ စိတ်ဝင်စားနေတယ်လို့ ကြားတယ်... "
ယင်းရှစ် သမီးဖြစ်သူကို ကြည့်လိုက်ရာ၊ အလွန်တည်ငြိမ်ပြီး ရှက်ရွံ့မနေသည်ကို တွေ့လိုက်ရ၏။
"ဒီကိစ္စက ရုတ်တရတ်ကြီးဆိုတော့ ကျွန်မတို့ အရမ်းအံ့သြမိပါတယ်”
"ဦီးရီးတော်၊ အရီးတော်...ကျွန်တော်က ကျွင်းကျူးကို စိတ်ရင်းမှန်နဲ့ လက်ထပ်ချင်ပါတယ်၊ ပန်းမိသားစုထဲကို ကျွန်တော် ဝင်လာရင် ကျွန်တော် အတတ်နိုင်ဆုံး ပေးဆပ်ပါ့မယ်၊ကျွန်တော်က ဘယ်တော့မှ သစ္စာဖောက်မယ့်သူမဟုတ်ပါဘူး၊ပန်းဟွာကျွင်းကျူးနဲ့ ကျွန်တော်က ဦီးရီးတော်နဲ့ အရီးတော်လိုမျိုး အရမ်းလိုက်ဖက်တဲ့ဇနီးမောင်နှံဖြစ်လာမှာပါ"
ရုံရှားက ပန်းဟွိုက် နှင့် ယင်းရှစ်ကို တစ်ဖန်ထပ်ပြီး ဦးညွှတ်ဦးညွတ်သည်။
"နောင်မှာ ကျွန်တော် ဒီကတိကို ဖောက်ဖျက်ရဲရင်၊ကျွန်တော့် ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ပြီး သနားစရာ အထီးကျန်ဆန်တဲ့ ဘဝနဲ့ ဖြတ်သန်းသွားပါမယ်လို့ ကျိန်ဆိုပါတယ်"
ဤကျိန်ဆိုမှုမျိုးသည် နာမည်ကျော်ကြားပြီး မြင့်မြတ်သော သခင်လေးတစ်ဦးအတွက် အလွန်ဆိုးရွားလွန်းလှသည်။ ပန်းမိသားစုသည် ဝတ္ထုဇာတ်လမ်းများတွင် အပ်ကြောင်းထပ်နေသော ထိုစကားတို့အား ကြားချင်စိတ်မရှိတော့ချေ။
ပန်းဟမ်က ချောင်းတစ်ခါ၊နှစ်ခါဆိုးပြီး ပန်းဟွာကို မျက်လုံးထောင့်ကနေ ကြည့်လိုက်သည်။သူ့အစ်မ ဘာတွေတွေးနေတာလဲ။
ပန်းဟွာသည် အေးအေးလူလူပင် အချိုမုန့်တစ်ဖဲ့ကို ပါးစပ်ထဲသို့ ထည့်ကာ၊ လက်ဖက်ရည်သောက်ပြီး ပန်းဟမ်ကို အပြစ်ကင်းစွာ ပြုံးပြလိုက်သည်။
ဒါဘာကိုဆိုလိုတာပါလဲ...သူမက ရုံရှားကို ကြိုက်တာလား၊မကြိုက်တာလား...ပြီးတော့ ဟိုက လက်ထပ်ဖို့ တောင်းဆိုနေတာလေ...အနည်းဆုံး နည်းနည်းတော့ ရှက်သွေးဖြာရမှာ မဟုတ်ဘူးလား။
"ကျွန်မရဲ့ကလေးက ကဗျာတွေ ၊စာပေတွေကိုလည်း လုံးဝ မကြိုက်ဘူး...ဒီတော့ မြို့စားမင်းရုံနဲ့ စိတ်ချင်းမတူနိုင်ပါဘူး"
ယင်းရှစ်၏ စကားတို့သည် သားမက်ဖြစ်သူအတွက် အခက်အခဲအဟန့်အတားဖြစ်စေသော ဝတ္ထုထဲက မကောင်းဆိုးဝါး ယောက္ခမနှင့်တူသည်။
"ကျွင်းကျူး ကြိုက်တဲ့ဟာကို ကျွန်တော်လည်း လိုက်ကြိုက်ပါ့မယ်...ကဗျာဆိုတာ ကျွန်တော့်ရဲ့အားလပ်ချိန်တွေမှာ ရေးတတ်တဲ့ ဝါသနာတစ်ခုပါပဲ၊ ကျွင်းကျူးလောက် အရေးမကြီးပါဘူး"
ပန်းဟွိုက်၏ မျက်ခွံများ လှုပ်ယမ်းသွားသည်။ ဒီလူငယ်က တော်တော် အနစ်နာခံနိုင်တယ်လို့ဆိုရမှာပဲ... အရင်တုန်းက သူလည်း သူ့ဇနီးကို ပျော်ရွှင်စေဖို့အတွက် အရှက်ကင်းမဲ့ပြီစ နှိမ့်ချတဲ့ ဒီစကားမျိုး ပြောခဲ့တာပဲလေ..
"ဒီကလေးက အရမ်း အလှမက်တာ၊ သူမက ပန်းတွေကိုလည်း အရမ်းကြိုက်တာ၊ အဝတ်အစားဆိုလည်း ဈေးကြီးတာတွေပဲ ဝတ်တာ ...ဒီတော့ မြို့စားမင်းက …”
မြို့စားမင်းရုံသည် ခြွေတာသူဟု ပြောချင်နေသော်လည်း၊ သူမ ရုံရှားကို တစ်ချက်ကြည့်လိုက်သည်။လောလောဆယ် ဝမ်းနည်းပူဆွေးခြင်း ကာလဖြစ်နေသောကြောင့် သူ၏အဝတ်အစားများသည် ရိုးရိုးဗြောင်ချည်ထည်သာဖြစ်သော်လည်း၊အနည်းအကျဥ်းမျှ ထိုးထားသော ပန်းခက်တို့က ဈေးကြီးပုံပေါက်နေသည်။သူ့ရင်ဘတ်နားက ပန်းထိုးတစ်ပွင့်တည်းနှင့်ပင် ဝတ်စုံတစ်စုံလုံး၏ တန်ဖိုးထက်ဈေးကြီးမှာ သေချာသည်။
"မြို့စားမင်းရုံက ရိုးရှင်းပြီး ကြော့ရှင်းတဲ့ အဝတ်အစားတွေကိုပဲ ကြိုက်တာဆိုတော့ သူမနဲ့ မလိုက်ဖက်ပါဘူး"
"ကျွင်းကျူးက နိုင်ငံ့ရတနာလို အလှမျိုးပါ၊မိတ်ကပ်အထူကြီး လိမ်းထားရင်တောင် သူမနဲ့လိုက်ဖက်ပါတယ်၊သူမ ဘာပဲဝတ်ဝတ် သူမ ကြိုက်ရင် ကျွန်တော်လည်း ကြိုက်ပါတယ်....သူမဘာပဲစားစား ကျွန်တော်လည်း စားမယ်ကျွန်တော်က အိမ်မှာတစ်ယောက်တည်း ရှိတာဆိုတော့ အကုန်လုံးကို ကျွင်းကျူး စိတ်ကြိုက်လုပ်ပါ၊ ကျွန်တော့်ရဲ့ဘိုးဘေးတွေက ထင်ရှားတဲ့မိသားစုမျိုး မဟုတ်ပေမယ့် ကျွန်တော့်အတွက် အမွေချန်ထားခဲ့သေးပါတယ်၊ ဒါကြောင့် ကျွန်တော်က ကျွင်းကျူးကို ပိုက်ဆံနဲ့ပတ်သက်ရင် နည်းနည်းလေးမှ ဒုက္ခမပေးမှာ သေချာပါတယ် "
ရုံမျိုးနွယ်စုသည် နှစ်ပေါင်းရာနှင့်ချီ၍ ထင်ရှားသော မိသားစုတစ်ခု ဖြစ်ခဲ့သည်။ သူ ပြောခဲ့သလို "ထင်ရှားသော မိသားစုမျိုး မဟုတ်ပါ" ဆိုသည်မှာ နှိမ့်ချပြောဆိုခြင်းပင်။သူ၏ ဘိုးဘေးများ ချန်ထားခဲ့သော ရွှေ၊ ငွေ၊ ရတနာများမှာ ပန်းမိသားစု၏ အမွေထက် အဆပေါင်းများစွာ သာလွန်ပေ၏။
ပန်းဟွာ၏ စိတ်နေစိတ်ထားကြောင့် မိသားစုတွင် သက်ကြီးဝါကြီးမရှိဘဲ၊ အထင်ကရမိသားစုမှ ပေါက်ဖွားလာသော လူငယ်တစ်ဦးနှင့် လက်ထပ်ခြင်းကသာ အကောင်းဆုံးဖြစ်သည်ကို ယင်းရှစ် လက်ခံရလေတော့သည်။သို့သော် ယောက်ျားတစ်ယောက်၏ စကားကို တစ်ခဏအတွင်း လုံး၀ ယုံကြည်နိုင်မည်မဟုတ်ပေ။ ရှန်းယွီက သက်သေပင်။သူလည်း ပန်ဟွာကို လက်ထက်ခွင့်တောင်းခံစဉ်က စကားများဝေနေအောင် အကောင်းဘက်ကချည်း ပြောခဲ့သည်။နောက်ဆုံးရလဒ်ကို မြို့တော်မှလူတိုင်းသိပေသည်။
"မြို့စားမင်းရုံရဲ့ စကားက အရမ်း ကြိုးကြောင်းသင့်တော်ပါတယ်၊ ဒီလိုမျိုး အရေးကြီးကိစ္စမျိုးက လူကြီးတွေ ပြောတာထက် ကလေးတွေရဲ့ ခံစားချက်က ပိုအရေးကြီးတယ်မလား”
ယင်းရှစ်သည် စိတ်သဘောထား ပွင့်လင်းသူ တစ်ဦးဖြစ်သည်။ သူမ၏မိသားစုသည် သူမ မကြိုက်သော အရာများကို အမြဲအတင်းအကျပ် ခိုင်းစေခဲ့ခြင်းကြောင့်၊သူမ၏ ကိုယ်ပိုင် သားသမီးများနှင့်ပတ်သတ်လာလျှင် အမြဲတစေ ပွင့်လင်းမြင်သာမှု ရှိဖို့ ကြိုးစားသည။အကယ်၍ သူမ၏ သမီးဖြစ်သူက ခင်ပွန်းကောင်းကို ရှာမတွေ့၍ အိမ်ထောင်မပြုလိုလျှင်လည်း သူမ မကန့်ကွက်ချေ။ သို့သော် ဤကဲ့သို့သော အတွေးမျိုးသည် သမားရိုးကျ မဟုတ်မှန်းသိပေသည်။
"အရီးတော်ရဲ့ စကားက ကျိုးကြောင်းဆီလျော်ပါတယ်"
ရုံရှားက ယင်းရှစ်ကို ဦးညွှတ်ပြီး လက်ဖက်ရည်သောက်နေသည့် ပန်းဟွာကို ကြည့်လိုက်၏။
ထိုအခါ ပန်းဟွိုက်ကလည်း မတ်တပ်ထရပ်လိုက်ပြီး "မြို့စားမင်း၊ ငါတို့မိသားစုက ဝမ်းနည်းပူဆွေးနေတုန်းပါပဲ၊ ဒါကြောင့် မင်း နားလည်ပေးရင် ပိုကောင်းမယ်"
ထိုသို့ပြောပြီး သူက ယင်းရှစ်နှင့် ပန်းဟမ်ကို "ခြံထဲမှာ နေပူနေတာပဲ၊အပြင်ထွက်ပြီး နေပူတာလှုံရအောင်"
ထို့နောက် သူက မကျေမနပ်ဖြင့် ရုံရှားကို ကြည့်လိုက်သည်။ မင်းကို ဒီလိုလူဖြစ်ဖို့ ငါ မမျှော်လင့်ထားဘူး...
ပြီးလျှင် အခန်းတံခါး ပွင့်လာပြီးပန်းမိသားစုဝင် သုံးဦးသည် ခြံဝင်းထဲတွင် ရပ်ကာ သားကောင်ကို စောင့်ကြည့်နေသည့် ကျားများလို အခန်းထဲသို့ စိုက်ကြည့်နေကြသည်။ သူတို့နှစ်ယောက်၏ စကားပြောသံကို မကြားရသော်လည်း ရုံရှားကသာ လွန်လွန်ကျူးကျူး တောင်းဆိုနေတာမျိုးဆိုလျှင်၊သူတို့အမြန်ပင် ပြေးသွားနိုင်မည်ဖြစ်သည်။
ရုံရှားသည် ခြံအပြင်ဘက်ကို လှည့်ကြည့်ပြီး ပန်းဟွာကို ဦးညွှတ်လိုက်သည်။
"မင်း မိသားစုက မင်းကို သိပ်ချစ်တာပဲ"
မြို့တော်တစ်ခုလုံးတွင် ပန်းမိသားစုမှလွဲ၍ သမီးဖြစ်သူကို အလွန်ဂရုစိုက်သော အခြားမိသားစုမျိုး မရှိနိုင်သည်မှာ သေချာလှ၏။
ပန်းဟွာသည် လက်ဖက်ရည်ခွက်ကို ကိုင်ထားကာ ရုံရှားအား ကြည့်နေသည်။ ခဏအကြာတွင် သူမက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မေးထောက်ကာ "မြို့စားမင်းရုံ၊ ကျွန်မကို လက်ထပ်ဖို့ တစ်ကယ်စီစဉ်ထားတာလား"
သာမာန်အားဖြင့် မိန်းကလေးတစ်ယောက်က ဤစကားမျိုး ပြောလာသည့်အခါ၊ ပါးပြင်ကလေးမှာ ရှက်သွေးဖြာနေကာ ရှက်သံဝဲဝဲလေးနှင့် ပြောမည်ဖြစ်သည်။ သို့သော်လည်း ပန်းဟွာသည် အလွန်တည်ငြိမ်လျက်ရှိပြီး ရုံရှားကိုပင် စိုက်ကြည့်နေတော့သည်။ သူ့မျက်နှာလှလှလေး၊လက်ချောင်းသွယ်သွယ်များ၊ခြေတံရှည်ရှည်ကလေးများ အားလုံးကို ခြုံငုံကြည့်နေ၏။ သူ့လိုလူမျိုးသည် သူမအတွက် အမှန်တကယ် စိတ်ကူးယဉ်ဆန်သည်။တစ်ကယ်ပဲ သူမအလှက သူ့လိုပညာရှိမျိုးကို ဆွဲဆောင်နိုင်တာလား...
"ဟုတ်တယ် ကိုယ် မင်းနဲ့ လက်ထပ်ချင်တယ်၊ မင်း ကိုယ့်ကို လက်ထပ်ဖို့ ဆန္ဒရှိရင် ကိုယ်တို့လက်ထပ်ကြမယ်၊ လက်ထပ်ပြီးရင်လည်း မင်း မိဘအိမ်မှာ နေနိုင်ပါသေးတယ်၊ ဒါပေမယ့် ကိုယ့်ကိုပါ ဒီကိုခေါ်လာရမယ်"
ရုံရှားက ဦးညွှတ်ပြီး ကုလားထိုင်ပေါ်မှာ ထိုင်နေသည့် ပန်းဟွာကို သေချာစိုက်ကြည့်နေသည်။ ပန်းဟွာသည် သူ့စကားကြောင့် အနည်းငယ်အံ့အားသင့်သွားကာ "ရှင်တို့ ပညာရှိတွေက မိန်းကလေးကိစ္စနဲ့ ပတ်သတ်လာရင် သိပ်ပြီး ဇီဇာကြောင်ကြတယ်မဟုတ်လား"
ရုံရှားက မျက်နှာငယ်လေးနှင့်
"မင်းရှေ့မှာ ကိုယ်က ပညာရှိမဟုတ်ဘူး၊ ကိုယ်က မင်းကို သဘောကျပြီး မင်းကို လက်ထပ်ချင်တဲ့ သာမန်လူ တစ်ယောက်ပါပဲ၊ ဒါ့အပြင် ကိုယ့်မှာ အဖေ၊ အမေ၊ ညီအစ်ကို မောင်နှမတွေလည်း မရှိဘူး၊ အိမ်အခွံကြီးထဲမှာတစ်ယောက်တည်းနေရတယ်၊ ကိုယ်ကလွဲလို့ တခြားဘယ်သူမှမရှိဘူး"
ရုံရှား ငယ်ငယ်တုန်းက သူ့မိဘတွေကို ဆုံးရှုံးခဲ့ရသည်ကို ပန်းဟွာ သတိရမိသည်။မကြာမီ သူ့အစ်ကိုလည်း ဆုံးပါးသွား၏။ကိုယ်ဝန်ဆောင်ထားရသော သူ၏မရီးကလည်း ခင်ပွန်း ဆုံးပါးသွားသောအခါ၊ ကလေးကိုဖျက်ချပြီး မိဘအိမ်သို့ပြန်ကာ နောက်အိမ်ထောင်ပြုခဲ့သည်။သူ့ဘဝအတွေ့အကြုံကလည်း အလွန်သနားစရာကောင်းသည်။
"ဒါဆို ကျွန်မတို့အိမ်က အသက်ဝင်နေလို့ ရှင်က ကျွန်မကို လက်ထပ်ချင်တာလား"
ရုံရှားကသာ ထိုသို့တွေးနေလျှင် သူ့ကိုလက်ထပ်ဖို့က ရွေးချယ်မှုကောင်းတစ်ခုဟု ပန်းဟွာ ရုတ်တရက် ခံစားလိုက်ရ၏။ရုံရှားက ပြုံးပြီး သူမကိုကြည့်ကာ
" မဟုတ်ဘူး၊အဲ့ဒီလိုမဟုတ်ပါဘူး...ဆိုရိုးစကားတစ်ခုလိုပေါ့... 'မင်းကိုချစ်တယ်၊ ဒါကြောင့် မင်းမွေးထားတဲ့ ခွေးကိုလည်းချစ်တယ်' ဆိုတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ မင်းက ကိုယ့်ကို ဒီအိမ်မှာနေခွင့်ပေးချင်တယ် မဟုတ်လား"
ပန်းဟွာက မေးစေ့ကို ပွတ်သပ်ပြီး ရုံရှားကို တိတ်တဆိတ် ကြည့်နေသည်။ ရုံရှားက ပြုံးပြီး သူမကို ကြည့်ခွင့်ပေးလိုက်သည်။သူ၏လှပသောမျက်လုံးများသည် နူးညံ့သိမ်မွေ့သည့် စမ်းချောင်းငယ်တစ်ခုလို အေးချမ်းပြီး ငြိမ်းချမ်းသည့်အနှစ်သာရကိုပေးစွမ်းနေ၏။
"ဒါဆို ရှင်က ကျွန်မကိုကြိုက်တော့ ကျွန်မ မိသားစုကိုပါ သဘောကျတယ်... ဒါကိုပြောတာလား"
'မင်းကိုချစ်တယ်၊ ဒါကြောင့် မင်းမွေးထားတဲ့ ခွေးကိုလည်းချစ်တယ်' ဟူသော ဆိုရိုးစကားကို သူမလည်း နားလည်သည်။သူမသည် ရုံရှားကို သံသယဖြင့် ကြည့်နေသည်။ ဒါပေမယ့် ရုံရှားက သူမကို ဘာလို့ ဒီလောက်ထိ သဘောကျတယ်လို့ မခံစားရတာလဲ။ သူမများ တစ်ခုခု နားလည်မှုလွဲနေတာလား..
"ဟုတ်ပါတယ်"
"ဒါဆို ကျွန်မရဲ့ ဘယ်အရာကိုကြိုက်တာလဲ"
ပန်းဟွာသည် သူမကိုယ်သူမ ဝတ္ထုထဲတွင် တွေ့ရလေ့ရှိသော နှလုံးသားမဲ့သည့် ပညာတတ်သခင်လေးတစ်ယောက်လို ခံစားရသည်။ ရုံရှားကမူ ထိုပညာတတ်သခင်လေးအတွက် အချစ်စစ်၊ခံစားချက်အစစ်နှင့် အရူးအမူး ချစ်နေရှာသော မိန်းကလေးတစ်ယောက်လို ဖြစ်နေသည်။
ဟင် ဘာလဲ...မဟုတ်ဘူး၊ မဟုတ်ဘူး...ရုံရှားက ယန်ကျန်းထက် ပိုကြည့်ကောင်းနေလို့ သူမ ဒီအထိ တွေးနေမိတာလား
"ကျွင်းကျူးက အရမ်းလှတယ်၊ ဖေဖော်ဝါရီလမှာပွင့်တဲ့ မက်မွန်ပန်းတွေနဲ့ မတ်လ ကောင်းကင်ယံက ကြယ်တွေထက် ပိုလှတယ်၊ဒီဇင်ဘာလမှာ ကျတတ်တဲ့ နှင်းတွေကလည်း မင်းလောက်မလှဘူး" ရုံရှားက သူမ၏ မျက်လုံးကိုသေချာစိုက်ကြည့်ပြီး "မင်းမျက်လုံးတွေကလည်း ကြယ်တွေပြန့်ကျဲနေတဲ့ ကောင်းကင်ကြီးလို အလှဆုံးပါပဲ၊ မင်းကို ချစ်မိသွားပြီးတဲ့နောက် ကိုယ့်အတွက်တော့ ကမ္ဘာပေါ်က တခြား ယောက်ျားနဲ့ မိန်းမတွေအကုန်လုံး ကျားမကွဲပြားမှု မရှိတော့ဘဲ သူတို့အားလုံးကို သာမာန်လူတွေလို့ပဲ ထင်မိတော့တယ်"
ပန်းဟွာ၏ ပါးပြင်များ အနည်းငယ် ပူလာသည်ဟု ခံစားမိသည်။ရုံရှား၏ စကားများသည် ရိုးသားလွန်းလှသည်။ယောက်ျားတစ်ယောက်က သူမကို ဤကဲ့သို့ချီးမွမ်းလိမ့်မည်ဟု သူမ မမျှော်လင့်ထားချေ။
သူမကို ချစ်စရာကောင်းတယ်၊ ဉာဏ်ကောင်းပြီး မျှော်လင့်ထားတာထက် စိတ်သဘောထား ပိုကြင်နာတတ်တယ်လို့ တခြားယောက်ျားတွေက ပြောကြတာ၊ ဒါတွေအားလုံးဟာ တစ်ကယ်လည်းမဟုတ်ဘဲနဲ့ အဓိပ္ပါယ်မဲ့တဲ့ စကားတွေပါဘဲ..သူမရဲ့အလှကို ရိုးရိုးသားသားနဲ့ ချီးမွှမ်းတဲ့သူဆိုတာ အရင်က မရှိခဲ့ဘူးလေ...သူမရဲ့ အလှကြောင့် သူတို့တွေ သူမခြေဖဝါးအောက်မှာ ကြွေကျ ခစားရတယ်လို့ ပြောရမှာ သူတို့တွေအကုန်လုံး ရှက်နေကြတာမလား။
ထို့ကြောင့် ရိုးသားပြီး သူမ၏ အလှကိုတန်ဖိုးထားသော မြို့စားမင်းရုံက တခြားသူများထက် သာလွန်သည်ဟု သူမ ခံစားရသည်။ အနည်းဆုံး သူမအလှကို ဘယ်လိုတန်ဖိုးထားရမှန်းလည်း သိသည်။သူမကိုကြည့်လိုက်လျှင် လောကကြီးမှာ မိန်းမများနှင့် တခြားယောက်ျားများကြားမှာ ခြားနားမှုမရှိဘူးဟု သူက ဆိုလေသည်။ ဆိုလိုသည်မှာ သူ့မျက်လုံးထဲတွင် သူမသည် အလှဆုံး မိန်းကလေးဖြစ်ပြီး ကျန်လူများမှာ အမှိုက်များဖြစ်နေသည်ဟု ဆိုလိုခြင်းပင်။သူ့စကားကြောင့် သူမ အလွန်တရာ ပျော်ရွှင်ကြည်နူးသွားမိ၏။
ပန်းဟွာ ပြုံး၍ မတ်တပ်ထရပ်ပြီး ရုံရှား ၏ပုခုံးကို ပုတ်ပေးရင်း "ရှင် အရမ်း နားလည်တတ်သားပဲ…ရှင့်ကို စဉ်းစားပေးမယ်"
ရုံရှား ခဏလောက် ထိတ်လန့်သွားပြီး ပြုံးလိုက်သည်။ "ဒါဆို မင်း ကိုယ့်ကို လက်ထပ်ဖို့ ဆန္ဒရှိသွားပြီလား"
ပန်းဟွာသည် လက်ချောင်းများကိုချိုးကာ ရုံရှားနှင့် လက်ထပ်ပါက ဖြစ်လာမည့် အကျိုးဆက်များကို စတင်တွက်ချက်ကြည့်သည်။ သူတို့လက်ထပ်ပြီးနောက်၊ ရုံရှားသည် သူမအား ထောက်ထားစာနာပြီး ကြင်နာပေးပါက၊ ပန်းမိသားစု အာဏာကျပြီးလျှင်လည်း သူမ အသက်ဆုံးရှုံးမည်မဟုတ်ပေ။ ထို့အပြင် သူမ၏ မိသားစုကိုလည်း အကာအကွယ်ပေးမည်ဖြစ်သည်။ သူမသည် ကမ္ဘာပေါ်တွင် အချောဆုံး၊ ကမ္ဘာ့နံပါတ်တစ် လူကြီးလူကောင်းဆန်ပြီး ကမ္ဘာ့နံပါတ်တစ် ပညာရှိ ယောက်ျားကိုလည်း ပိုင်ဆိုင်ရမည်ဖြစ်သည်။ သူမအတွက် ဘာမှဆုံးရှုံးစရာမရှိချေ။
အကယ်၍ လက်ထပ်ပြီး၍ ရုံရှားက သူမကို မကောင်းပေးနိုင်လျှင် ရုံရှားကို ပစ်ပြီး သူမအိမ်သို့သာ ပြန်ရမည်။ပန်းမိသားစု အာဏာကျပြီးနောက် သူမတို့မိသားစု၏ အဆုံးသတ်မှာ အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့် ဆင်တူနေပေလိမ့်မည်။ သို့သော် အနည်းဆုံးတော့ သူမသည် ကမ္ဘာပေါ်တွင် အချောဆုံးလူသားနှင့် အောင်မြင်စွာ အိပ်စက်နိုင်မည်ဖြစ်သည်။ဤသည်က မြို့တော်မှ မိန်းကလေးများအားလုံး
မရနိုင်သော အိမ်မက်မျိုးပင်။သူမအနေနှင့် ထိခိုက်နစ်နာရမည်မဟုတ်သလို၊သူမအား မနာလိုဖြစ်နေသည့် မိန်းကလေးများကိုပင် ဒေါသထွက်စေနိုင်သည်။ သို့သော် ဤအတိုင်းဆို ရုံရှားအတွက် မကောင်းနိုင်ပေ။သူမ၏ ဖြောင့်မတ်သော ကိုယ်ရည်ကိုယ်သွေးက ပြန်လည်နိုးထလာပြီး သူ့အားအသုံးချသလို ဖြစ်သွားမည်ကို တွေးပြီး တွန့်ဆုတ်သွားမိသည်။ ဒီလိုလူကောင်းတစ်ယောက်က သူမကြောင့် ထိခိုက်သွားမှာလား။ သူမ ခေါင်းညိတ်ပြီး သဘောတူလိုက်လျှင်၊သူမကိုယ်သူမ အပြစ်ရှိသလို ခံစားရမည်ဖြစ်၏။
xxxxxxx