Chapter.59
ပန်းဟမ်က ပန်းဟွိုက်အား တိုးတိုးလေးပြောလိုက်သည်။
"အဖေ၊ အစ်မ မျက်နှာကိုကြည့်ရတာ တစ်ခုခုလွဲနေသလို ခံစားရတယ်၊ ဟိုတစ်ခါက အစ်မလေ ပန်းအိုးကို ခွဲပစ်ပြီး အမေဆူမှာကြောက်လို့ ကြွက် ကြောင့် အိုးကွဲရတာဆိုပြီး လိမ်ဖူးတယ်၊ အဲ့ဒီတုန်းကလည်း အခုလို အမှားလုပ်မိသလိုဖြစ်နေတဲ့ မျက်နှာထားပဲ"
သို့သော်လည်း၊ထိုစဉ်က သူ့အစ်မသည် တော်တော် သနားစရာကောင်းလှသည်။အလွန်စည်းကမ်းတင်းကြပ်သည့် သူ့အမေက ပန်းမိသားစု ဘိုးဘေးဘီဘင်များ၏ အောက်မေ့ဖွယ် အထိမ်းအမှတ် ကျောက်တိုင်ရှေ့မှာ ၂စီချန်(၂နာရီ)ကြာအောင် ဒူးထောက်ပြီး အပြစ်ပေးခဲ့သည်။အကြောင်းပြချက်မှာ သူမ၏ အလိမ်အညာစကားက ကောင်းကောင်း အလုပ်မဖြစ်တာကြောင့်ပင်။
မြက်ပင်၊ ပေါင်းပင်များ၊ ပိုးမွှားများနှင့် ကြွက်များကို ဖယ်ရှားရန် အိမ်တော်ရှိအစေခံများအား တာဝန်ကိုယ်စီ ပေးထားသည်။ ကြွက်မဆိုထားဘိ၊ ခြံဝင်းအတွင်းကို ယင်ကောင်တောင် မ၀င်နိုင်ပေ။ထို့အပြင်၊ ဘယ်ကြွက်မှ ပေါင်လယ်ခန့်မြင့်သော ပန်းအိုးကို ခွဲနိုင်ရအောင် အားသန်မှာမဟုတ်ပေ။
"ငါ့သမီးက မြို့စားမင်းရုံကို စကားအမှားများ ပြောလိုက်တာလား၊ အဲ့ဒါမကောင်းဘူးနော်" ပန်းဟွိုက်က ယင်းရှစ်ကို စိုးရိမ်တကြီးကြည့်ပြီး ပြောလေသည်။
"အစ်မက မြို့စားမင်းရုံကို ဘာတွေ ပြောနေတာလဲမသိဘူး၊ဟိုမှာကြည့်..မြို့စားမင်းရုံမျက်နှာက ပျက်နေတာ"
ပန်းဟမ်ကလည်း စိုးရိမ်မကင်းစွာ ဝင်ပြောသည်။
ဘေးမှာရပ်နေသော ယင်းရှစ် သည်းမခံနိုင်တော့ဘဲ ဝင်ပြောရတော့သည်။
"ပါးစပ်ပိတ်ထား၊ မင်းတို့ဘာတွေပြောနေကြတာလဲ၊ဘယ်မိန်းကလေးက ယောက်ျားတစ်ယောက်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှာလဲ၊ မင်းတို့နှစ်ယောက် ဆက်ပြီးစကားများမယ်ဆိုရင် ဒီကနေ ထွက်သွား"
ထိုအခါ ပန်းဟွိုက်နှင့် ပန်းဟမ် နှစ်ယောက်စလုံး ငြိမ်ပြီး စကားမပြောဝံ့ဘဲ ယင်းရှစ် နောက်တွင်သာ ရပ်နေကြသည်။
ထိုအချိန်တွင် ပန်းဟွာသည် အခန်းတွင်း၌ထိုင်နေပြီး စကားအတော်ကြာအောင် မပြောနိုင်ပေ။ သူမ ခေါင်းငုံ့ကာ ရုံရှား၏ လက်ကိုသာ စိုက်ကြည့်နေတော့သည်။သူ့မျက်နှာကို ကြည့်ရသည်မှာ ရှက်လွန်းလှသည်။
"ရှင် ဒီကိစ္စကို သေသေချာချာစဉ်းစားသင့်ပြီထင်တယ်"
"ကျွင်းကျူး မကျေနပ်တာတစ်ခုခု ရှိသလား" ရုံရှားသည် သူမကို လှပဝိုင်းစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေတာကြောင့် သူ့မျက်နှာကို ထိချင်ကိုင်ချင်စိတ်ဖြစ်လာရတော့သည်။
"ကိုယ့်မှာ အဆင်မပြေတာရှိရင် မင်းအတွက် ဖြည်းဖြည်းချင်း ပြောင်းလဲဖို့ ဆန္ဒရှိပါတယ်"
"မြို့စားမင်းရုံ" သူမ ရုံရှားကိုကြည့်ကာ ခဏတာစဉ်းစားနေပြီးမှ- "ကျွန်မ ရှင့်ကို အခွင့်အရေး ပေးလိုက်ပါပြီ"
ရုံရှား စိတ်ထဲတွင် ခံစားချက်ပေါင်းစုံရောထွေးနေတာကြောင့်၊ပန်းဟွာ၏ စကားကို ကြားသောအခါ ဘာမှ မတုံ့ပြန်နိုင်ခဲ့ပေ။ သူမ ဘာကို ဆိုလိုတာလဲ။ ထိုစဉ် ပန်းဟွာက ခြေဖျားထောက်ပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။ “ကျွန်မဘက်က သေချာသွားပါပြီ"
ပန်းဟွာ ဆုံးဖြတ်လိုက်ပြီဖြစ်၏။ဤမျှလောက်ချောမောသော ယောက်ျားကိုသာ သူမကြောင့် ထိခိုက်သွားပါက၊ သူမကိုယ်သူမ ခွင့်မလွှတ်နိုင်သော အပြစ်တစ်ခုကျူးလွန်ခြင်းပင်။ ထို့ကြောင့် အနာဂတ်မှာ သူနှင့် ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး သူ့အတွက် မနစ်နာရအောင် သူမ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမည်ဖြစ်သည်။
ရုံရှား၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ်... ကိုယ် မင်းကို ကောင်းကောင်း ထားပါ့မယ်၊ မင်းဖြစ်ချင်သမျှကိုလည်း လိုက်လျောပါ့မယ်"
ပျော်ရွှင်စွာ ပြုံးရယ်နေသော သူမရှေ့မှ ယောက်ျားကို ကြည့်ရင်း ပန်းဟွာ၏ နှလုံးသားက အနည်းငယ် နာကျင်သွားသည်။ နောက်ငါးနှစ်အတွင်း သူဘယ်လိုဖြစ်သွားမည်ဆိုသည်ကို သူမမသိပေ။သူ့ကိုပါ သူမ ဒုက္ခပေးမိသလိုဖြစ်သွားမှာလား။
ထိုအကြောင်းကိုတွေးရင်း သူမ ရုတ်တရက် အနည်းငယ် ဝမ်းနည်းသွားရသည်။ သူမသည် ဤဘဝတွင် မိမိ၏စိတ်ဆန္ဒအတိုင်း အရာရာကို လုပ်ဆောင်ခဲ့သည်။ ဤအိမ်ထောင်ရေးကိစ္စတွင်ပင် သူမကပင် တစ်ကိုယ်ကောင်းဆန်စွာ ရွေးချယ်ခဲ့၏။
"မြို့စားမင်း..."
"မင်း ကိုယ့်ကို ရုံရှားလို့ ခေါ်နိုင်ပါတယ်" ရုံရှား သူ့မျက်နှာပေါ်က အပြုံးကို မထိန်းထားနိုင်ဘဲ "ကျွင်းကျူး ကိုယ့်ကို သိပ်ယဉ်ကျေးနေစရာ မလိုပါဘူး"
ပန်းဟွာ ပြုံးပြီး ရုံရှားကို ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်"
နောက်ဆုံးရလဒ်က မည်သို့ပင်ဖြစ်နေပါစေ၊ အနည်းဆုံး ယခုဘဝမှာ သူမသည် ကမ္ဘာပေါ်မှာ အရသာအရှိဆုံးအစားအစာများကိုစားခဲ့ရသည်။အလှပဆုံးအ၀တ်အစားများကို သူမစိတ်ကြိုက် ၀တ်ဆင်ခွင့်ရပြီး သူမကို အလိုလိုက်ချစ်ခင်သည့် မိဘများနှင့် မောင်လေးတစ်ယောက်လည်း ပိုင်ဆိုင်ထားသည်။သူမနှင့်အတူ မှေးစက်ရမည့်သူကလည်း ကမ္ဘာပေါ်မှာ အထူးချွန်ဆုံး ယောက်ျားပင်။ ဒီလိုဘဝမျိုးကို မမက်မောတဲ့သူ ဘယ်နှစ်ယောက်ရှိမှာလဲ။
ရုံရှား အံ့သြသွားပြီး မကြာခဏဆိုသလို "ကျေးဇူးတင်ပါတယ် ကျွင်းကျူး" ဟူ၍သာ တတွတ်တွတ် ပြောဆိုနေပေသည်။ထ်ိုအခါ သူမကလည်း အဖက်ဖက်မှ မျှတချင်သူပီပီ...
"ရှင့်နာမည်ကို ခေါ်ခွင့်ပေးတဲ့အတွက် ရှင်လည်း ကျွန်မနာမည်ကို ခေါ်လို့ရတယ်....များသောအားဖြင့်၊ ကျွန်မ မိသားစုက ကျွန်မကို ဟွာဟွာလို့ခေါ်တယ်၊ ရှင်လည်း ကျွန်မကို အဲ့ဒီလိုခေါ်နိုင်ပါတယ်"
ရုံရှား နောက်ပြန်ဆုတ်ကာ သူမအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
"ကောင်းပါပြီ...ဟွာဟွာ"
တချို့လူများသည် အသံကပင် ဆွဲဆောင်မှုရှိစွာ မွေးဖွားလာခဲ့ကြသည်။ယခုလည်း ရုံရှား၏ နူးညံ့သိမ်မွေ့သော အသံကိုကြားလိုက်ရာ ပန်းဟွာသည် ကြောင်တစ်ကောင် အကုတ်ခံရသကဲ့သို့ ရင်ဘတ်ထဲတွင် ထုံကျင်ကာ ရှိန်းတိန်းဖိန်းတိန်းဖြစ်သွားရ၏။ ထို့ကြောင့် သူမ အရှက်ပြေ ခြောက်ကပ်စွာ ချောင်းဆိုးလိုက်ပြီး "အဟမ်း…ကျွန်မတို့က အခုအဖွားအတွက် ဝမ်းနည်းနေကြတာပဲလေ၊...ဒီဝမ်းနည်းစရာ ကာလပြီးရင် တရားဝင် လက်ထပ်ပွဲအကြောင်း ပြောလို့ရပါပြီ"
"ဟွာဟွာ မေ့သွားပြီလား၊ တော်ဝင်မင်းသမီးက ကိုယ်တို့ကို စေ့စပ်ထားပြီးသားပဲလေ"
အဖွားဖြစ်သူဆုံးပါးသွားသည့်နေ့တွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်သတိရသွားသောအခါ ပန်းဟွာ၏ မျက်နှာပေါ်ရှိ အပြုံးများ မှိန်ဖျော့သွားသည်။ ထိုနေ့မှစ၍ ရေတွက်ပါက အချိန်နှစ်လကြာသွားသော်လည်း အဖွားဖြစ်သူဆုံးပါးသွားသည့်အချိန်ကို တွေးလိုက်မိတိုင်း သူမ၏နှလုံးသားမှာ ဗလာကျင်းသွားရပြီး မသေချာမရေရာသလို ခံစားခဲ့ရသည်။
"ဟွာဟွာ...."
နူးညံ့သိမ်မွေ့သော အသံက သူမကို အသိပြန်ဝင်လာအောင် လုပ်လိုက်သည်။သူမ ရုံရှားကို ကြည့်ကာ ခါးသီးနာကျင်ရသည့် အတိတ်ကို ပြန်မေ့ဖို့ကြိုးစားလိုက်သည်။
"ကိုယ် မင်းလိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးပါ့မယ်၊ မကြောက်နဲ့ ကိုယ့်ကိုယုံပါ"
သူက သူမလက်ကို အသာအယာပင် ဖမ်းဆုပ်လိုက်သည်။
ပန်းဟွာ သူ့လက်ဖဝါးကို လက်ညိုးနှင့် ထိုးကြည့်လိုက်၏။ သူမ လက်ဖဝါးက နည်းနည်းအေးနေသော်လည်း၊ သူ့လက်ဖဝါးကမူ နွေးထွေးလှ၏။ထို့နောက် သူမ သူ့ကိုမော့ကြည့်ကာ ပြုံးပြပြီးနောက် လက်ကိုပြန်ရုတ်လိုက်သည်။
ရုံရှားသည် သူမ၏ ချစ်စဖွယ် အပြစ်ကင်းသော ပုံစံလေးကို မြင်ပြီး တိုးတိုးလေး ရယ်လိုက်သည်။ သူ့အပြုံးကြောင့် သူမနှင့် ပန်းဟမ်တို့ ရွှေငွေလက်ဝတ်ရတနာများကို လျှို့ဝှက်စွာမြှုပ်နှံချိန်၌၊ သူနှင့်ပက်ပင်းတိုးမိခဲ့သော ရှက်စရာမြင်ကွင်းကို သူမ ပြန်မြင်ယောင်သွား၏။
ကြည့်ရတာ သူမရဲ့ အဲ့ဒီလို ထူးထူးခြားခြားဖြစ်နေတဲ့ပုံစံလေးကို သူ ငြိသွားခဲ့တာနဲ့တူတယ်... ပညာရှိတွေက တစ်ကယ် လူထူးဆန်းတွေပဲ...
ကျုံးဖျင်နယ်စားမင်း အိမ်တော်တွင် ရှဲ့ဝမ်ယွီသည် မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားသည်။ မင်္ဂလာဝတ်စုံပေါ်တွင် သီချုပ်ထားသည့် ရွှေရောင်ဖီးနစ်ငှက်ကို ကြည့်လိုက်ရာ နဂိုက ညစ်ညူးနေသည့် သူမ စိတ်ဓာတ်က အနည်းငယ် ပြန်ကောင်းလာခဲ့သည်။
မူလကစီစဉ်ထားသည်မှာ နောက်နှစ်ရက်အတွင်း သူမသည် ဒုတိယမင်းသားနှင့် လက်ထပ်မည်ဖြစ်သည်။ဧကရာဇ်ကို ကယ်တင်ဖို့ကြိုးစားရင်း တော်ဝင်မင်းသမီး လုပ်ကြံခံရသဖြင့် ရက်ရွှေ့သွားရခြင်းသာ။သူမနှင့် ဒုတိယမင်းသား၏ မင်္ဂလာနေ့ထူးနေ့မြတ်ကို နှစ်လအကြာသို့ ရွှေ့လိုက်သည်။ သူမ အနည်းငယ် စိတ်ရှုပ်သွားရသော်ငြား မင်္ဂလာဝတ်စုံကို ကြည့်လိုက်ရုံဖြင့် စိတ်ကလည်း သက်တောင့်သက်သာ ခံစားရသည်။
"သခင်မလေး"
ရှဲ့ဝမ်ယွီ၏ နို့ထိန်းအမေ ဝင်လာသည်။သူမ၏ မျက်နှာသည် စိတ်လှုပ်ရှားသည့် တစ်စုံတစ်ခု ဖြစ်ပျက်သွားသကဲ့သို့ အနည်းငယ် နီရဲနေသည်။
"သခင်မလေးကို ပြောချင်တာတစ်ခုရှိပါတယ်၊ ဒါပေမယ့် သခင်မလေး ယုံမှာမဟုတ်ဘူး"
"ဘာဖြစ်တာလဲ " သူမသည် သူမနှင့်ရင်းနှီးနေသည့် နို့ထိန်းအမေကို ပြောပါရန် တွန်းအားပေးလိုက်၏။
နို့ထိန်းအမေသည် ပြောတော့မည်ဖြစ်သော်လည်း သူမ၏ သခင်လေးသည် ရှစ်မိသားစု၏ ဒုတိယသခင်မလေးနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း သတိရမိသွား၍ ခဏတာမျှ တုံ့ဆိုင်းသွားသည်။
"ဒီကိစ္စက ရှစ်မိသားစုရဲ့ ဒုတိယသခင်မလေးနဲ့ သက်ဆိုင်ပါတယ်၊ အဲဒါကို ပြောဖို့ မသင့်တော်ပါဘူး"
"ဘာများ အဆင်မပြေဖြစ်လို့လဲ၊ကဲ တံခါးပိတ်ထားမယ်၊သတင်းမပြန့်ရင် ရပြီလေ" ရှဲ့ဝမ်ယွီ၏ လေသံမှာ ဘာမှမထူးခြား။ "ပြောသာပြော"
သူမ၏ သခင်မလေးက သိချင်နေသည်ကို မြင်လိုက်ရသဖြင့် နို့ထိန်းအမေက ဆက်ပြောသည်။
"ရှစ်မိသားစုက ချမ်အမ်မြို့စားမင်းကို သဘောကျပြီး ချမ်အမ်မြို့စားမင်းနဲ့ ရှစ်မိသားစုရဲ့ ဒုတိယသခင်မလေးကို လက်ထပ်စေချင်တယ်လို့ အမေ ကြားထားတယ်၊ ဒါကြောင့် သူတို့က အခွန်ဝန်ကြီး သခင်ယောင်ကို ချမ်အမ်မြို့စားမင်းဆီသွားပြီး အောင်သွယ်တော်လုပ်ခိုင်းပြီး နားဖောက်ခိုင်းတယ်တဲ့...ချမ်အမ်မြို့စားမင်းက ဘာပြန်ပြောလဲ သိလား"
ရှဲ့ဝမ်ယွီ သိချင်စိတ်ဖြစ်လာကာ တက်ကြွသွားပြီး ကိုယ်ကို တည့်တည့်မတ်မတ် ထိုင်လိုက်သည်။
"သူက ဘာပြောလဲ"
"သူ့မှာ စေ့စပ်ထားသူရှိနေပြီလို့ ပြောတယ်"
နို့ထိန်းအမေ၏ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အမူအရာတစ်ခု ရှိနေသည်။
"ချမ်အမ်မြို့စားမင်းမှာ စေ့စပ်ထားသူ ရှိတယ် ဟုတ်လား...မကြားမိသေးပါဘူး၊အမေက ဘယ်လိုလုပ် သိတာလဲ"
ရှဲ့ဝမ်ယွီသည် နို့ထိန်းအမေကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"သခင်မယောင်ရဲ့ နံဘေးမှာ အမှုထမ်းနေတဲ့ သူက အမေနဲ့ ခင်တယ်လေ... ဒီကိစ္စကို အမေ သူမဆီကနေ မတော်တဆ ကြားလိုက်ရတာ၊သူမနဲ့အတူတူ နေ့လည်စာ အတူတူ စားကြတာ၊ သူမက အရက်နှစ်ခွက်ပဲသောက်ရသေးတယ် မူးပြီး သူ့ပါးစပ်ကနေ ဒီလိုပြောတယ် "
သူမက ပြောရင်း လေသံကို လျှော့လိုက်သည်။
"သူမက အဲ့ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဝံ့ဘူးတဲ့၊အခုလည်း သခင်မလေးက ရှစ်မိသားစုက သခင်မလေးနဲ့ ခင်မင်နေလို့ အမေက သခင်မလေးကို ပြောပြဖို့ ဆုံးဖြတ်လိုက်တာ"
အကြောင်းတစ်ခုခုကြောင့် ပန်းဟွာ မျက်နှာက ရှဲ့ဝမ်ယွီ စိတ်ထဲတွင်ပေါ်လာသည်။ တစ်ခဏချင်းပင် သူမကိုယ်သူမ အတွေးလွန်သည်ဟု တွေးကာ မျက်နှာကို ပွတ်သပ်လိုက်သည်။ "ချမ်အမ်မြို့စားမင်းရဲ့စေ့စပ်ထားသူက ဘယ်သူလဲ"
"ဒီအကြောင်း အမေလည်း မကြားမိဘူး…သူမက ထင်ရှားတဲ့ မိသားစုက မိန်းကလေးပဲ ဖြစ်ရမယ်"
ရှဲ့ဝမ်ယွီ ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။ထို့နောက် ပန်းဟွာနှင့် ရုံရှား တို့သည် နန်းတော်၏ နှင်းများထူထပ်သော ကွင်းပြင်တွင် လမ်းလျှောက်နေသည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်သွားရ၏။
ယနေ့သည် အင်ပါယာတရားရုံး၏ ညီလာခံနေ့ဖြစ်သည်။ ပန်းဟွိုက်သည် ဝမ်းနည်းပူဆွေးနေဆဲဖြစ်သောကြောင့် တရားရုံးသို့ မတက်ခဲ့ပေ။ ပန်းဟွိုက် ကို ကြည့်မရသည့် အရာရှိအချို့က လွတ်နေသည့် ထိုင်ခုံကို ကြည့်ပြီး နည်းနည်းတော့ စိတ်မကောင်းဖြစ်မိကြသည်။ ပန်းဟွိုက်က အတော်ကံကောင်းသူပင်။ တန်ခိုးအာဏာအရှိဆုံး သူ၏မိခင်သည် ကွယ်လွန်သွားခဲ့သော်လည်း၊ နယ်စားမင်းအဖြစ်မှ ကောကုံးအဖြစ်သို့ ရာထူးတိုးမြှင့်ခံခဲ့ရသည်။သူ့ကိုယ်တိုင်က မထူးချွန်သော်လည်း၊သူ့မိခင်က သူ့ကို ကယ်တင်ခဲ့၏။ယခုဆို သူတို့သားစဉ်မြေးဆက်တို့၏ အနာဂါတ်က ပွင့်လန်းသွားပြီဖြစ်သည်။ပန်းမိသားစု၏ ဘဝအခြေအနေသည် လွန်စွာကောင်းမွန်နေတာကြောင့်၊ ဘယ်သူမှ သူ့တို့ကို နှုတ်လှန်မထိုးနိုင်ပေ။
ရှဲ့မိသားစုသည် အဆိုးဆုံးအနေအထားတွင် ရှိနေသည်။ နက္ခတ္တဗေဒ ပညာရှင်က သတ်မှတ်ခဲ့သော ဒုတိယမင်းသား၏ မင်္လာနေ့ထူးနေ့မြတ်သည် တော်ဝင်မင်းသမီး သေဆုံးခြင်းကြောင့် နောက်ဆုတ်ခဲ့ရခြင်း ဖြစ်သည်။ သူက မင်းသား ဖြစ်တော့ရော ဘာထူးသလဲ... တော်ဝင်မိသားစုဖြစ်နေတော့ ဝမ်းနည်းဖွယ်အခမ်းအနားကို နာခံမှုရှိရှိ စောင့်ထိန်းရမည် မဟုတ်လား။
ရှဲ့မိသားစုသည် တော်ဝင်မိသားစု၏ ခမည်းခမက်များ ဖြစ်သော်လည်း၊ ဧကရီကမူ ပန်းမိသားစုကိုသာ မျက်နှာသာ ပိုပေးနေဆဲဖြစ်သည်။ ဒုတိယမင်းသားနှင့် ရှဲ့မိသားစုသည် ထင်သလောက် မျက်နှာသာပေးခြင်း မခံရသောကြောင့်လား၊ သို့မဟုတ် ပန်းမိသားစုကိုသာ ဧကရာဇ်က မျက်နှာသာအပေးလွန်နေခြင်းလား ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။
"သခင်ယောင်၊ ချမ်အမ်မြို့စားမင်းကိုကြည့်လိုက်"
ယောင်ဖေးကျီ အနားရှိ အလုပ်ဝန်ကြီးက ယောင်ဖေးကျီ ကို တိုးတိုးလေးပြောလိုက်၏။
"သူ့မျက်နှာက ရတနာသေတ္တာကြီးကို ကောက်ရထားတဲ့ လူလိုပဲ...မင်းနဲ့ ချမ်အမ်မြို့စားမင်းက သူငယ်ချင်းဟောင်းတွေမလား၊သူ ဘာတွေများ ကောင်းတာတွေ ဖြစ်ခဲ့လဲဆိုတာ သိလား"
ယောင်ဖေးကျီ သူ့မေးစေ့ပေါ်က လှပသည့် မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပဟေဠိဆန်စွာ ပြောလိုက်သည်။
"ဘဝမှာ ပျော်စရာ အဖြစ်အပျက် သုံးခုရှိတယ်တဲ့၊ ရာထူးတိုးတာ၊ စည်းစိမ်ဥစ္စာ ပေါများလာတာနဲ့ မိန်းမ သေသွားတဲ့အခါတဲ့...မဟုတ်သေးဘူး၊ ချမ်အမ်မြို့စားမင်းက အိမ်ထောင်မပြုသေးဘူးလေ၊ သူ့ဇနီးက ဘယ်လိုလုပ်ပြီး သေမလဲ..."
ဝန်ကြီးက အံ့အားသင့်သွားသည်။ "ချမ်အမ်မြို့စားမင်း လက်ထပ်တော့မယ်လို့ မင်းပြောချင်တာလား"
ထိုအခါ ယောင်ဖေးကျီသည် သူ့ရှေ့တွင်ရပ်နေသော ရှစ်ချုံးဟိုင်ကို တစ်ချက်ကြည့်လိုက်ပြီး "သူလက်ထပ်တော့မှာလား ဆိုတာတော့ မသိပါဘူး၊ ဒါပေမယ့် ချမ်အမ်မြို့စားမင်းက လွန်ခဲ့တဲ့လက ပဲ စေ့စပ်ထားသတဲ့"
"ဟင်"
အလုပ်ဝန်ကြီးကလည်း အံ့အားသင့်ကာ မျက်လုံးများကို ပြူးကျယ်သွားပြီး တိုးတိုးလေးပြောသည်။
"ရှစ်မိသားစုက မိန်းကလေးလား"
ယောင်ဖေးကျီ ခေါင်းယမ်းလိုက်သည်။ "မဟုတ်ဘူး... မဟုတ်ဘူး"
ဝန်ကြီး ပို၍ပင် အံ့သြသွား၏။ရှစ်မိသားစု၏ ဒုတိယသခင်မလေးက ချမ်အမ်မြို့စားမင်းကို သဘောကျနေသည်ဟု သူ့သမီးထံမှ ကြားသိရသည်။ ယခုမူ ချမ်အမ်မြို့စားမင်း စေ့စပ်ထားသော်လည်း၊သူ၏ စေ့စပ်ထားသူက ရှစ်မိသားစုက မိန်းကလေး မဟုတ်ပေ။စိတ်ဝင်စားစရာပဲ..ချမ်အမ်မြို့စားမင်း က သခင်မလေးရှစ် ၏ နှလုံးသားကို လက်မခံဘဲ တခြားမိန်းကလေးကို လက်ခံရအောင် ထိုမိန်းကလေးက ဘယ်လောက်တောင် အရည်အချင်းရှိသလဲဟု သူ တွေးမိသည်။
"သခင်ကျန်း" ရုံရှားသည် ဝန်ကြီး၏ နံဘေးသို့ လျှောက်သွားကာ နှုတ်ဆက်ရင်း ပြုံးနေသည်။
ဝန်ကြီးကျန်းက နှုတ်ခွန်းဆက်စကား ပြန်ပြောသည်။ "မြို့စားမင်းရုံရဲ့ မျက်နှာက နီမြန်းနေတာပဲ၊ တစ်ခုခု ကောင်းတာများ ဖြစ်လို့လား"
"ဟုတ်တယ်၊ ဝန်ကြီးက တော်လိုက်တာ၊ တစ်ချက်ကြည့်တာနဲ့ သိတာပဲ"
ဪ... အဲဒါကတော့ ရှင်းတယ် မဟုတ်လား၊ မင်းမျက်နှာက အရမ်း ပျော်နေတာကို ကောင်းတာတွေ ဖြစ်ပျက်ထားတယ်ဆိုတာ ဘယ်သူမဆို ပြောနိုင်တာပဲလေ...
ချမ်အမ်မြို့စားမင်းသည် အများအားဖြင့် နွေးထွေးမှုမရှိသလို၊သူ့ခံစားချက်ကို ထုတ်ဖော်ပြသတတ်သူမဟုတ်။ ယနေ့ကျမှ သူ့မျက်နှာက ထူးထူးခြားခြား ပွင့်လင်းနေသယောင်ဖြစ်နေသည်။ချမ်အမ်မြို့စားမင်းသည် သူ၏ စေ့စပ်ထားသည့် မိန်းကလေးအား အလွန်ကျေနပ်နေပုံရသည်။
ညီလာခံအပြီးတွင် ဧကရာဇ်စည် ရုံရှား ကို နန်းတော်သို့ခေါ်ခဲ့ပြီး ရုံရှားနှင့် ပန်းဟွာတို့ လက်ထပ်ထိမ်းမြားမည့်အကြောင်းကို မေးမြန်းခဲ့သည်။
"ပန်းမိသားစုက သဘောတူလား"
ဧကရာဇ်သည် ရုံရှား၏ အဖြေကိုသိလိုဇောဖြင့် သူ့မျက်နှာက ဝင်းကနဲ တောက်ပလာသည်။
"ဒါအတွက် မင်းက ငါကိုယ်တော့်ကို ကျေးဇူးတင်ရမှာနော်၊ မင်းရဲ့ အနာဂတ် ယောက္ခမရှေ့မှာ ငါကိုယ်တိုင် မင်းအတွက် အများကြီး ပြောပေးခဲ့တာ"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ရုံရှား၏ မျက်နှာက ကျေးဇူးတင်ရိပ်များ ထင်ဟပ်နေ၏။
"မှန်ပါတယ် အရှင်မင်းကြီးကသာ အောင်သွယ်မလုပ်ပေးခဲ့ရင် ကျွန်တော့်ကို ပန်းမိသားစုရဲ့ အိမ်ရှေ့တံခါးကိုတောင် ဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ နယ်စားမင်းကလည်း ပြောလိုက်ပါသေးတယ်"
"မင်း ယောက္ခမက ရယ်စရာကောင်းပေမယ့် သူ့စိတ်ရင်းက ကောင်းပါတယ်၊ သူ့သမီးကို အရမ်းအလိုလိုက်ထားတာ" ဧကရာဇ်ယွင်ချင်က ပြုံးပြီး နှစ်သိမ့်ပေးသည်။ "ဒါကို စိတ်ထဲစွဲနေဖို့ မလိုပါဘူး၊ နောင်ကျရင် သူနဲ့ ပိုတည့်အောင်ပေါင်းထားရမယ်"
မြို့စားမင်းရုံက ဟွာဟွာကို လက်ထပ်ခြင်းမှာ အလားအလာအတော်ကောင်းသည်။ပန်းမိသားစုသည် ထင်ရှားသော်လည်း အာဏာအစစ်မရှိပေ။ ထို့ကြောင့် ရုံရှားလို သားမက်မျိုးရှိခြင်းက သူတို့အတွက် စိတ်ချရပေသည်
သို့သော်၊ပန်းမိသားစုသည် သူ့အပေါ် သစ္စာရှိတာကြောင့် သူကလည်း ပို၍ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်ပေသည်။
xxxxx