Chapter.60
"အစ်မကို ကျွန်တော် အရမ်းစိတ်ပျက်တယ်" ပန်းဟမ်သည် ပန်းဟွာကို မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။
"ဘာလို့ နည်းနည်းလောက်ထပ်ပြီး အချိန်မဆွဲရတာလဲ၊ ယောက်ျားတွေက ဘယ်လောက်တောင် ချစ်လဲဆိုတာ သိနိုင်ဖို့ မိန်းကလေးတွေဘက်က ညှဉ်းပန်းနှိပ်စက်ဖို့ လိုတယ်၊ နားလည်လား"
ပန်းဟွာက ရှက်ရွံ့စွာ ပြုံးလိုက်သည်။
"နင် ငါ့ကို အပြစ်မတင်ပါနဲ့....သူက အရမ်းကြည့်ကောင်းတာကို ငါဘယ်လိုငြင်းရမလဲ"
ပန်းဟမ်က စိတ်အားထက်သန်စွာပြောသည်။
"လူတစ်ယောက်ကို ရုပ်ရည်အသွင်အပြင်နဲ့ အကဲဖြတ်လို့ မရဘူး၊ သူ့အတွင်းစိတ်ကိုလည်း ကြည့်ရမယ်...ကျွန်တော် ကိုယ်တိုင်က ယောက်ျားတစ်ယောက်ပါ၊ ယောက်ျားတစ်ယောက် ဘာတွေတွေးနေလဲဆိုတာ ကျွန်တော်တောင် မသိနိုင်ဘူး"
"အင်း သူ့မှာရော ဘာအကြံအစည်တွေ ရှိနေပါလိမ့်...နင် သိလား...ဆက်ပြောစမ်း...."
"ယောက်ျားတစ်ယောက်ရဲ့ စကားတွေက ဘယ်လောက်ပဲကောင်းနေပါစေ၊ မယုံရဘူး...အရေးကြီးတာက သူ့လုပ်ရပ်ပဲ...." ပန်းဟမ် ခဏမျှ တိတ်ဆိတ်သွားသည်။ "ဘာပဲဖြစ်ဖြစ် သူက အစ်မကို ကျွန်တော့်လို ကောင်းပေးမှာ မဟုတ်ဘူး"
"ဟုတ်ပါတယ်”
"အဟွန်း...သေချာတာပေါ့....မဟုတ်ဘူး၊ အစ်မ စကားလမ်းကြောင်း မပြောင်းစမ်းနဲ့၊အစ်မ ရုံရှားကို တကယ်ကြိုက်တာလား... အစ်မ သူ့ကို မကြိုက်ရင် ကျွန်တော်တို့ စေ့စပ်ပွဲကို ဖြတ်လိုက်မယ်၊ အစ်မ နစ်နာမှာထက် သူနဲ့ပဲ မျက်နှာပျက်လိုက်ကြတာပေါ့"
"ဟင့်အင်း၊ သူက တော်တော်လေး သင့်တော်တယ်လို့ ငါထင်တယ်၊သူ့မိသားစုမှာ လူကြီးမရှိဘူးဆိုတော့ ငါက သူနဲ့လက်ထပ်ပြီးလည်း မိဘတွေနဲ့ ပြန်သွားနေချင်ရင် တားမှာမဟုတ်ဘူး၊ပြီးတော့ မြို့တော်တစ်ခုလုံးမှာ သူ့ထက် ရုပ်ပိုချောတဲ့သူ မရှိဘူး၊ သူ့ကိုလက်ထပ်လိုက်တာနဲ့ ငါ့အတွက် ဘာမှ ဆုံးရှုံးနစ်နာစရာမရှိဘူး၊ သူ ငါ့ကို မကောင်းပေးရင် ငါကွာရှင်းပြီး အိမ်ပြန်လာလို့လည်းရတယ်"
ပန်းဟမ် သံသယဖြစ်မိသည်။
"အစ်မ...အဲဒါကြောင့် သူ့ကို လက်ထပ်ခဲ့တာလား၊ အစ်မကလည်း ကျွန်တော်တို့အတွက် ဒုက္ခမရှာပါနဲ့"
ပန်းဟွာက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပန်းဟမ်၏နဖူးကို ခေါက်လိုက်သည်။ "နင် ရူးနေလား၊ ငါက ကိုယ့်ကိုယ်ကို ဒုက္ခပေးမယ့်သူမလို့လား"
ပန်းဟမ်က ဘာမှ မပြောဘဲ ခေါင်းကို ခါလိုက်သည်။သို့သော် သူ အနည်းငယ် စိုးရိမ်နေသေးသည်။ "ဒါပေမယ့်... အစ်မက ရုံရှားကို ချစ်တာလည်း မဟုတ်ဘူးလေ"
"ခံစားချက်တွေကို ဖြည်းဖြည်းချင်း ပျိုးထောင်ယူလို့ရနိုင်ပါတယ်၊ ငါ ရှန်းယွီနဲ့ စေ့စပ်ခဲ့တုန်းကလည်း သူ့အပေါ် ခံစားချက်ကြီးကြီးမားမား ရှိခဲ့တာမှတ်လို့…ဒါ့အပြင် ရုံရှားရဲ့ မျက်နှာကို နေ့တိုင်း ကြည့်ရရင် ငါ ဘယ်လောက်များ စားဝင်အိပ်ပျော်လိုက်မလဲ၊ သူ အရမ်းချောတယ်လေ"
"အင်း...အစ်မ ပျော်ရင်ပြီးတာပါပဲ...ဒါနဲ့ နယ်စားမင်းရှစ်ရဲ့သား ရှစ်ကျင်းကလည်း အရမ်းကြည့်ကောင်းတယ်...သူ့ပုံစံကို အစ်မ မကြိုက်ဖူးလား"
ပန်းဟွာ ထိုကိစ္စနှင့်ပတ်သတ်၍ အလွန်ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
"ယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့သဘောတူတဲ့အခါ သူ့ရုပ်ရည်ကို ကြည့်လို့မရဘူး၊ သူ့မိသားစုနဲ့ ကိုယ်က လိုက်လျောညီထွေဖြစ်နိုင်မလားဆိုတာလည်း ကြည့်ရမယ်...ရှစ်ကျင်းက အရမ်းပျင်းဖို့ ကောင်းတယ်၊ ငါနဲ့မလိုက်ဖက်ဘူး၊ပြီးတော့ သူ့ညီမက ငါ့ကို အမြင်မကြည်ဘူးလေ၊ ဒီလိုမျိုး မိသားစုနဲ့ လက်မထပ်ချင်ဘူး၊ ယောင်းမ အနိုင်ကျင့်တာကို မခံချင်ပါဘူး"
"ဒါအမှန်ပဲ၊ မိန်းကလေးရှစ်က အစ်မထက် ဉာဏ်ပိုကောင်းတယ်လေ..."
ပန်းဟွာက မျက်စောင်းထိုးလိုက်သောကြောင့် ပန်းဟမ် ချက်ချင်းပဲ သူ့ကိုယ်သူ ပြန်ပြင်၍ပြောလိုက်သည်။
"မဟုတ်ဘူး၊ သူက အစ်မထက်ပိုပြီး အကြံပိုကောင်းတာတော့ သေချာတယ်လေ၊ ဒါပေမယ့် ရုံရှားက ရှစ်ကျင်း ထက်တော့ အများကြီး သာပါတယ်"
ပန်းဟွာ နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်နေသည်။
"ယောက်ျားအချင်းချင်း မြင်တဲ့အမြင်က မိန်းမတွေ မြင်တဲ့အမြင်နဲ့ မတူဘူး၊ နင်ကသာ ထင်နေ...ရုံရှားက ရှစ်ကျင်း ထက် ပိုစိတ်ဝင်စားဖို့ကောင်းတာ သေချာတယ်"
"ကျွန်တော်က 15 နှစ်ပဲရှိသေးတာ၊ ယောက်ျားတွေကို နားမလည်တာ သာမာန်ပါပဲ၊ မိန်းမတွေကို နားလည်ဖို့ပဲလိုတယ်"
ပန်းဟွာက မတ်တပ်ထရပ်ပြီး ပန်းဟမ်ကို ငုံ့ကြည့်လိုက်သည်။
"အဲဒါက ပိုခက်တယ် ငတုံးရဲ့...မိန်းမတွေဟာ ကမ္ဘာပေါ်မှာ အရှုပ်ထွေးဆုံးပဲ... ကမ္ဘာပေါ်မှာ ဉာဏ်အမြော်အမြင်အရှိဆုံးလူသားတွေတောင် မိန်းမတွေကို အပြည့်အဝနားမလည်နိုင်ကြဘူး"
"အစ်မ ပြောပုံက ကျွန်တော်တို့ ယောက်ျားတွေက နားလည်လွယ်တြဲအတိုင်းပဲ...ကမ္ဘာပေါ်က မိန်းမဘယ်နှစ်ယောက်ကများ ယောက်ျားတွေကို အပြည့်အဝ နားလည်နိုင်မှာလဲ"
ပန်းဟွာက သူ့အင်္ကျီကို လှမ်းဆွဲလိုက်သည်။ "သွားရအောင် စကားများမနေနဲ့...ညစာစားချိန်ရောက်ပြီ"
စားပွဲဝိုင်းတွင်ထိုင်ကာ ပန်းဟွာသည် အရသာရှိသော မှိုများကို စားနေသည်။ စားနေရင်း အဖွားဖြစ်သူသည် ဤဟင်းပွဲကို အလွန်ကြိုက်မှန်းသတိရသွားပြီး မဟာတော်ဝင်ဆောင်ဆီ ပို့ပေးဖို့ တွေးလိုက်မိ၏။ သို့သော် သူမ နှုတ်က အစေခံများအား မခိုင်းခင်မှာပင် လောကကြီးမှာ အဖွားမရှိတော့ပြီကို ရုတ်တရက် သတိရသွား၏။သူမ မျက်တောင်ကို တဖျပ်ဖျပ်ခတ်ပြီး ထမင်းတစ်လုတ် စားလိုက်ရာ လည်ချောင်းတစ်ခုလုံး အလွန်ဆို့နေပြီး မျိုမချနိုင်လုနီးပါးဖြစ်နေတော့သည်။
ယင်းရှစ်က သူမပန်းကန်ထဲကို မှိုများထည့်ရင်း
"သမီး မှိုကြိုက်တာ အမေသိတယ်၊ ဒါကြောင့် ရွာကလူတွေကို ဒီမနက်စောစော မှိုတောင်းတစ်ခု လာပို့ခိုင်းထားတာ၊ သမီး တော်တော်ပိန်သွားတာနော်၊ ကျန်းမာရေး ညံ့နေတာ မကောင်းဘူး"
"ကျေးဇူးတင်ပါတယ် အမေ"
ပန်းဟွာသည် ထမင်းတစ်လုတ်စားပြီး ယင်းရှစ်အား တောက်ပသော အပြုံးဖြင့် မော့ကြည့်လိုက်သည်။
"သမီးက အမေ့ကိုဘာလို့ အဲ့ဒီလောက်ယဉ်ကျေးနေတာလဲ၊သမီး ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်၊ တခြားအရာတွေထက် ကိုယ်ကိုယ်တိုင်က ပိုအရေးကြီးတယ်"
ပန်းဟွာလည်း နာခံစွာ တိတ်တဆိတ် ခေါင်းညိတ်သည်။ ထမင်းစားပြီးနောက် သူမသည် မြင်းစီးကာ အိမ်တော်နှင့် မဝေးသော မဟာတော်ဝင်ဆောင်သို့ သွားခဲ့သည်။
မဟာတော်ဝင်ဆောင် အဝင်ဝတွင် ပိုးဖဲဖြူနှင့်စက္ကူဖြူများဖြင့် ပြုလုပ်ထားသည့် မီးပုံးများ ချိတ်ဆွဲထားသည်။ မီးပုံးပေါ်မှ "ဝမ်းနည်းလွမ်းဆွတ်ခြင်း" ဟူသော စကားလုံးက သူမရင်ကို လာထိသည်။
ဝမ်းနည်းခြင်းကာလ ပြီးဆုံးသောအခါ၊ မဟာတော်ဝင်ဆောင်မှ ပစ္စည်းများကို သူမတို့အိမ်တော်သို့ ယူဆောင်သွားမည်ဖြစ်ပြီး၊ ဤအိမ်ကြီးကိုလည်း ပိတ်ပင်ထားမည်ဖြစ်သည်။
အဝင်ဝရှိ အစောင့်များက ပန်းဟွာကိုကြည့်ပြီး ကြောင်စီစီဖြစ်နေကြသော်လည်း၊ ဘာမေးခွန်းမှ မမေးရဲကြပေ။ သူတို့သည် သူမအား ဦးညွှတ်ပြီး နာခံရိုကျိုးစွာ ရပ်နေကြသည်။
ပန်းဟွာသည် ကျောက်လှေကားထစ်များအား တက်ကာ အိမ်တံခါးကို တွန်းဖွင့်လိုက်သည်။ အထဲမှာ ပန်းပင်များနှင့်အပင်တို့က လုံးဝ မပြောင်းလဲချေ။ အိမ်ကြီးကို သန့်ရှင်းရေးလုပ်ဖို့ အစေခံများပင် ရှိနေသေး၏။ သို့သော် သူမသည် အထီးကျန်ခြင်းကို ခံစားလိုက်ရသည်။ ထိုသို့သော ဆိတ်သုဉ်းမှုမျိုးသည် သူမ၏ အရိုးများကို ထိုးဖောက်ဝင်ရောက်ကာ နှလုံးသားထဲကိုမှာ လှိုက်ဖိုသွားစေ၏။
သူမ ခန်းမဆောင်ဆီသို့ တိုက်ရိုက် လျှောက်သွားရင်း နောက်က အစေခံမိန်းကလေးများနှင့် အစောင့်များကို ကြည့်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။
"မင်းတို့အားလုံး အပြင်မှာ စောင့်နေကြ"
“ကျွင်းကျူး…”
ရူရီက ပန်းဟွာကို စိုးရိမ်တကြီးနှင့် ကြည့်လိုက်သည်။ တစ်ချိန်က တော်ဝင်မင်းသမီး နေထိုင်ခဲ့သော အဆောင်အား တစ်ယောက်တည်းကြည့်ရနေရင်း ပန်းဟွာတစ်ယောက် အဖွားဖြစ်သူအား လွတ်ဆွတ်သတိရကာ ဝမ်းနည်းသွားမှာကို သူမ စိုးရိမ်ခဲ့သည်။သို့သော် ပန်းဟွာက သူမကို ဂရုမစိုက်ဘဲ တည့်တည့် လျှောက်သွားခဲ့သည်။
နွေဦးလေက အေးစိမ့်စိမ့်တိုက်ခတ်နေသည်။ စက္ကူဖြူမီးပုံးများပေါ်မှ တစ်ဆင့် ထိုလေညှင်းတို့က အသံမြည်၍ တဖျပ်ဖျပ်အသံတို့အား ဖြစ်ပေါ်စေသည်။
ပန်းဟွာသည် ခါးသီးသော အပြုံးဖြင့် တံခါးဝတွင် ရပ်နေသည်။ ယခင်ကဆိုလျှင် သူမ ဤနေရာမှ ရပ်နေပါက၊ အဖွားက သူမကို ဟွာဟွာဟုခေါ်ပြီး အစေခံများအား စားစရာ သောက်စရာယူလာခိုင်းတတ်သည်။ အိမ်တော်မှာဆို သူမ ကောင်းကောင်းမစားရသည့်အတိုင်းပင်။
တံခါးကို တွန်းဖွင့်လိုက်သောအခါ၊ ကျွီကနဲ အသံတစ်ခု ထွက်ပေါ်လာသည်။ အခန်းက နည်းနည်းမှောင်နေ၍ သူမဝင်လာပြီးနောက် အခန်းတွင်းရှိပစ္စည်းများအား မြင်ရဖို့အချိန်အတော်ကြာခဲ့သည်။
အခန်းတွင်းရှိအရာအားလုံးသည် အညစ်အကြေး ကင်းစင်နေသော်လည်း အဖွားထိုင်လေ့ရှိသောကုလားထိုင်မှာ အနည်းငယ် မှောင်ရိပ်ကျကာ မည်းနေသည်ဟု ခံစားမိသည်။ သူမ ထိုင်ခုံဆီသို့ လှမ်းထိုင်လိုက်သော်လည်း အဖွား၏ နွေးထွေးမှုကို သူမ မခံစားရပေ၊သစ်သား၏ အေးစက်မှုကိုသာ ခံစားရ၏။
ငယ်ငယ်တုန်းက အဖိုးနှင့် အဖွားသည် ဤအခန်းထဲမှာထိုင်ပြီး သူမနှင့် ဆော့ကစားပေးကြသည်ကို မှတ်မိနေသေးသည်။အဖိုးက ကြမ်းပြင်ပေါ် မှာ လေးဖက်ထောက်၍တွားသွားကာ မြင်းကြီးတစ်ကောင်လို သူမအား တက်စီးခွင့်ပေးသည်။ သူမက တိုင်းပြည်တွင် ဩဇာအရှိဆုံး စစ်သူကြီးနေရာမှနေ၍ သရုပ်ဆောင်ကာ အဖိုးဖြစ်သူကို မြင်းဟုသဘောထား၍ စီး၏။ ထိုအချိန်တွင် သူမသည် ငယ်ရွယ်သေးသဖြင့် အဖိုးမှာ ရောဂါရှိနေသည်ကို မသိခဲ့ပေ။ သူမကို သူ့ကျောပေါ်တင်ပြီး ကြမ်းပြင်ပေါ်မှာ စက်ဝိုင်းပုံစံ ဟိုသည် တွားသွားခဲ့၏။ထိုအကြောင်းကိုသာ သူမ၏အမေသိလျှင် အတော်ဆူပူမည်ဖြစ်သည်။
သူမ အဖိုး၏ အနစ်နာခံသော ချစ်ခြင်းမေတ္တာအတွက် မျက်ရည်တစ်စက် နှစ်စက်ကျလာရ၏။အဖိုးသည် သူမငိုတိုင်း အကောင်းစားပစ္စည်းများပေး၍ ချောမော့ဖူးသည်။ မိန်းမလှလေးဆိုသည်မှာ မငိုသင့်ကြောင်း၊ ငိုလျှင် တိုင်းပြည်တွင် အလှပဆုံးသော အဖွားနှင့် မတူတော့ဟု ပြောကာ သူမကို အငိုတိတ်စေခဲ့၏။
အိမ်ရှေ့ဧည့်ခန်းမကို ဖြတ်သွားရင်း ပန်းဟွာသည် အိပ်ခန်းဆီသို့ လျှောက်သွားသည်။ အိပ်ခန်းကို ကော်ဇောပျော့ဖြင့် ခင်းကျင်းထားသည်။ စင်ပေါ်တွင် ပန်းအိုးများရှိသည်။ အားလုံးက သူမနှင့် မောင်လေးဟမ်ဆီက လက်ဆောင်များပင်။ထိုပန်းအိုးများသည် တော်ဝင်မိသားစုမှ ပေးသော ပန်းအိုးများလောက် မရှားပါးသလို၊ ဈေးမကြီးသော်လည်း အဖွားသည် တော်ဝင်လက်ဆောင်များကို ဖယ်ထားပြီး သူမတို့ပေးခဲ့သော အလှဆင်ပစ္စည်းများဖြင့်သာ အခန်းအလှဆင်ခဲ့သည်။ စင်ပေါ်မှာ ကောက်ရိုးအရုပ်များလည်း ရှိပေသည်။လွန်ခဲ့သည့်တစ်နှစ်က၊ ဤအရုပ်များသည် အလွန်စိတ်ဝင်စားစရာကောင်း၍၊အဖွားကို အထူးစပါယ်ရှယ်လက်ဆောင်အဖြစ် သူမ လုပ်ပေးထားခြင်းပင်။
အခန်းထဲတွင် သူမနှင့်ရင်းနှီးသော အရာတို့မှာ များလွန်းလှသည်။ဖီးနစ်ပုံစံထွင်းထားသော ကုတင်ပေါ်တွင် စောင်များ မရှိပေ။ ခမ်းနားထည်ဝါသော အိပ်ယာကြီးသည် အိမ်ကြီးကဲ့သို့ပင် ဗလာဖြစ်နေသဖြင့် တစ်မျိုးခံစားရကာ သူမ ကြောက်သွားမိသည်။
ထို့နောက် သူမ မှန်တင်ခုံဆီသို့ လျှောက်လာပြီး ထိုင်လိုက်သည်။ မှန်ထဲမှ သူမကိုယ်သူမ ကြည့်ရင်း ငိုမဲ့မဲ့ အပြုံးတစ်ခု ဖြစ်တည်လာသည်။
“အဖွား…” သူမ မှန်၏ အေးစက်နေသော မျက်နှာပြင်ကို ထိလိုက်သည်။ "ဟွာဟွာ... အဖွားကို လွမ်းတယ်"
"ဝူး...ဝှစ်....ဝှီး"
ခြံဝင်းထဲမှာ လေတိုက်လာသဖြင့် စိုက်ထားသည့် သလဲသီးပင်က အကိုင်းအခက်များ လှုပ်ယမ်းသွားသည်။ခြေသံများကြားနေရသလိုပင် ခြံထဲမှ သလဲသီးပင်၏ အကိုင်းအခက်တို့ဆီမှ အသံထွက်နေပေသည်။ပန်းဟွာသည် အခန်းထဲမှ ထွက်လာပြီး ခြံဝင်းထဲမှ သလဲသီးပင်ကြီးကို ပြုံး၍ မော့ကြည့်လိုက်သည်။
အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း၊သူမတို့မြေးအဖိုးနှစ်ယောက် ဤသစ်ပင်ကို အတူတူစိုက်ခဲ့မှန်း မှတ်မိနေသေး၏။ထိုအချိန်တွင် သူမသည် အသက်ငါးနှစ်အောက်သာ ရှိသေးသည်။ သလဲသီးစေ့များသည် ကျောက်မျက်ရတနာများကဲ့သို့ အလွန်လှပပြီး နီရဲနေသည်ဟု သူမက ပြောသောကြောင့် အဖိုးက သူ့လုပ်ဖော်ကိုင်ဖက်၏ အိမ်မှ ပျိုးပင်တစ်ပင်ကို ယူလာကာ သူမနှင့်အတူ စိုက်ပျိုးခဲ့သည်။
နောက်ပိုင်းတွင် သူမက ကလေးသာရှိသေး၍ ဤကိစ္စကိုမေ့သွားခဲ့သည်။ သို့သော် အဖိုးက သစ်ပင်အား မကြာခဏ ရေလောင်းပေးခဲ့သည်ကို မှတ်မိနေသေးသည်။
သို့သော် သလဲသီးများ မသီးခင်မှာ အဖိုး ဆုံးသွားသည်။ နောက်ပိုင်းမှာ အဖွားက သစ်ပင်ကို ရေအမြဲလောင်းပေးသည်။ တစ်နေ့တွင် သလဲသီးပင်မှာ အသီးသီးလာသော်လည်း များများစားစား မသီးပေ။ ထိုအသီးအနည်းအကျဉ်းလေးကိုပင် ခူးဆွတ်၍ အဖိုး၏အုတ်ဂူသို့ သလဲသီးများနှင့်အတူ သူမတို့ မြေးအဖွားနှစ်ယောက် သွားလည်ခဲ့သည်။ထိုစဥ်က သူမ ဝမ်းနည်းစွာငိုကြွေးနေခဲ့သော်လည်း၊ အဖွားဖြစ်သူက မငိုခဲ့ပေ။ သူမ ခေါင်းကို နွေးထွေးသော လက်ဖဝါးဖြင့် ညင်သာစွာ ပွတ်သပ်နေခဲ့သည်။သူမ သစ်ပင်၏ပင်စည်ကို မှီထားလိုက်ကာ..
"အဖိုးနဲ့ အဖွား၊ မနက်ဖြန် ဒီသစ်ပင်ကို သမီးရဲ့ခြံဝင်းမှာ ရွှေ့စိုက်လိုက်မယ်....ပန်းပွင့်လာပြီး အသီးတွေ သီးမယ့်အချိန်ကို သမီး စောင့်နေမယ်၊ နှစ်တိုင်း အဖိုးနဲ့အဖွားကို လာတွေ့တိုင်း သလဲသီးတွေ ယူလာပေးမယ်"
သူမ၏စကားကို နားလည်နေသည့်အလား၊ သလဲပင်အကိုင်းအခက်များသည် လေပြင်းများတိုက်ခတ်လာသည်နှင့် လှုပ်ခါလိုက်ပြန်သည်။ သူမ၏ နဖူးသည် သစ်ခေါက်မာမာကိုထိထားရင်း သစ်ပင်ကို ပွေ့ဖက်ကာ တခစ်ခစ် ရယ်မောလိုက်သည်။
ရူရီနှင့် အစောင့်အများအပြားသည် ခြံဝင်းအပြင်ဘက်တွင် အချိန်အတော်ကြာအောင် စောင့်နေကြသည်။ယခုထိ ပန်းဟွာမပေါ်လာသေး၍ ရူရီ လိုက်ရှာမည်ပြုစဉ်၊ပန်းဟွာ ထွက်လာခဲ့လေသည်။
"ကျွင်းကျူး"
ရူရီသည် ပန်းဟွာ၏ မျက်နှာအမူအရာ မပြောင်းလဲသွားမှသာ သက်ပြင်းချမိသည်။
"ရာသီဥတုက သိပ်မကောင်းပါဘူး...မိုးရွာမယ်ထင်တယ်... ပြန်ကြရအောင်"
ပန်းဟွာက ရူရီကို ဝတ်ရုံဝတ်ခိုင်းလိုက်သည်။
"ကောင်းပြီလေ၊ပြန်ရောက်ရင် သစ်ပင်စိုက်တာ ကျွမ်းကျင်တဲ့သူ ရှာလိုက်၊ပြီးရင် ဒီသလဲသီးပင်ကို အဖွားအိမ်ဝင်းကနေ ငါ့ခြံဝင်းထဲကို ရွှေ့ချင်တယ်"
"ဟုတ်ကဲ့....တခြားပန်းပင်တွေနဲ့ အပင်တွေကိုလည်း ရွှေ့ရမှာပါလား"
"အနက်ရောင် ပျိုနီပန်းအိုးပဲ ရွှေ့မယ်၊ အဖွားက ဒီပန်းအိုးကို အကြိုက်ဆုံးပဲ" ပန်းဟွာက ဝတ်ရုံကို သေချာဆွဲတင်ကာ "ဥယျာဉ်မှူးကိုလည်း ပန်းပင်တွေကို ကောင်းကောင်းဂရုစိုက်ခိုင်းပါ၊ အမှားအယွင်းမရှိစေနဲ့"
"ဟုတ်ကဲ့"
ရှစ်ကျင်းသည် မဟာတော်ဝင်ဆောင် ကိုဖြတ်သွားစဉ်၊ အဆောင်တံခါးသည်ဖွင့်ထားသည်ကို တွေ့သွားရသည်။သူ မြင်းဇက်ကြိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ မျက်မှောင်ကြုတ်လိုက်သည်။ယခုအချိန်သည် တော်ဝင်မင်းသမီးအတွက် ဝမ်းနည်းပူဆွေးနေဆဲကာလဖြစ်သည်။ တော်ဝင်မင်းသမီး ငြိမ်းငြိမ်းချမ်းချမ်း အနားယူနေတာကို ဘယ်သူက နှောင့်ယှက်ဝံ့တာလဲ။
သူ မြင်းပေါ်ကဆင်းပြီး စုံစမ်းဖို့ပြင်နေစဉ်မှာပင် ရိုးရိုးသာမာန် အဝတ်အစားကိုသာဝတ်ဆင်ထားပြီး ငွေရောင်ဆံထိုးလေးကိုသာ ပန်ဆင်ထားသည့် မိန်းကလေးတစ်ယောက်နှင့် အစေခံများအား တွေ့လိုက်ရ၏။ပန်းဟွာမှန်း သိပြီးနောက် အံ့အားသင့်သွားကာ သူ ချက်ချင်းဦးညွှတ်လိုက်သည်။
"မင်္ဂလာပါ ကျွင်းကျူး"
"သခင်လေးရှစ်..." ပန်းဟွာသည် လှေကားမှ ဆင်းလာနေရင်း ရှစ်ကျင်း၏ တင်ပါးများကို စိုက်ကြည့်နေကာ "သခင်လေးရှစ် ဘယ်လိုနေသေးလဲ"
ရှစ်ကျင်းသည် ပန်းဟွာ၏အကြည့်ကို နားလည်သွားပြီး အရှက်ပြေချောင်းဟန့်လိုက်၏။
"ကျွင်းကျူး အခုလို မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် နေကောင်းပါပြီ"
xxxxxx