အပိုင်း၆၁
Viewers 4k


Chapter.61


ရှစ်ကျင်းသည် ကြိမ်ဒဏ် အချက် ၅၀ ရိုက်နှက်ခံရပြီး တစ်လ၊နှစ်လကြာအောင် နန်းတော်ထဲသို့ မဝင်ရဟု အမိန့်ထုတ်ထားကြောင်း ပန်းဟွာ ကြားသိရသည်။ ဒါပေမယ့် အခု သူက မြင်းစီးနေတာဆိုတော့ အဆင်ပြေနေတာလား။ 


 "ရှင် နေကောင်းတယ်မလား၊ ဒါဆို ကျွန်မကို သွားခွင့်ပြုပါ"


ရှစ်ကျင်းသည် မျက်စိပသာဒ ဖြစ်အောင် ချောမောသော်လည်း၊ စကားပြော သိပ်မပြေပြစ်ပေ။သူက အရင် စကားပြန်မပြောလာ၍ လေထုက အနည်းငယ် အဆင်မပြေဖြစ်သွား၏။


"ကျွင်းကျူး ခဏစောင့်ပါဦး" ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ ရှစ်ကျင်းက ပန်းဟွာရှေ့ကိုလျှောက်သွားပြီး ဦးညွှတ်လိုက်သည်။  "နန်းတော်ထဲမှာတုန်းက ကျွင်းကျူးကို ရိုင်းပြမိတာ ခွင့်လွှတ်ပါ"


ပန်းဟွာ သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။  


"ရှင်က ကျွန်မကို ရိုင်းပျတယ် ဟုတ်လား"


 "ကျွင်းကျူးကို မြင်းပေါ်ကပြုတ်ကျအောင် ကျွန်တော် လုပ်မိတာပါ၊ အခုရက်ပိုင်းအတွင်း ကျွင်းကျူးကို အပြစ်ရှိသလို ခံစားနေရပေမယ့်၊ တွေ့ခွင့်မရလို့ လူကိုယ်တိုင် တောင်းပန်လို့မရဘူး..ခွင့်လွှတ်ပါ ကျွင်းကျူး"  


ရှစ်ကျင်း ပြောရင်းဆိုရင်း လေးလေးနက်နက် ဦးညွှတ်လိုက်ပြန်သည်။  


ပန်းဟွာ၏ အပြုံးက မှိန်ဖျော့သွားရ၏။အဖွားဖြစ်သူ လုပ်ကြံခံရသည့်နေ့တွင် သူမသည် မြင်းပေါ်မှ ပြုတ်ကျသွားခဲ့သော်လည်း ဘယ်သူက သူမကို တားလိုက်မှန်း သတိမထားမိခဲ့ပေ။ 


 "သခင်လေးရှစ်က ဘာလို့ဒီလိုပြောတာလဲ၊ရှင်က  ဧကရာဇ်အစောင့်တပ်ဖွဲ့ရဲ့ ဒုတိယတပ်မှူးပါ... ဒီတော့ ဧကရာဇ်ရဲ့ လုံခြုံရေးအတွက် တာဝန်ရှိတယ်၊ နန်းတော်ထဲမှာ မြင်းစီးလာမိတာလည်း ကျွန်မ အမှားပါပဲ...ဒီ‌တော့ ကျွန်မ မြင်းကိုလာတားတာက ရှင့်အမှားမဟုတ်ပါဘူး"


 "ကျွင်းကျူး..." 


ရှစ်ကျင်း ရှင်းပြဖို့ပြင်နေစဉ် တစ်စုံတစ်ယောက် ပေါ်လာပြီး သူ့စကားကို နှောင့်ယှက်လေသည်။


 "ဟွာဟွာ..."  


မြင်းလှည်းတစ်စင်းသည် ပန်းဟွာ၏ ရှေ့တွင် ရပ်လိုက်သည်။ထို့နောက် သွယ်သွယ်ရှည်ရှည် လက်တစ်ဖက်က ကန့်လန့်ကာကို မြှောက်တင်လိုက်ကာ၊ ချောမောပြီး အပြစ်အနာအဆာကင်းသော မျက်နှာတစ်ခု ပေါ်လာသည်။


"ဟွာဟွာက ဘာလို့ဒီကို ရောက်နေတာလဲ"


ရှစ်ကျင်း ရုံရှားကို တအံ့တသြကြည့်မိသည်။  ပန်းဟွာကျွင်းကျူးကို သူ ဘယ်လိုခေါ်လိုက်တာလဲ...


 "အဖွားရဲ့ အဆောင်ကို လာကြည့်တာပါ...ရှင်က ဘာလို့ ဒီကို ရောက်နေတာလဲ"  


ပန်းဟွာသည် ရုံရှားကို နားမလည်နိုင်သလိုလေး ပြန်ဖြေ၏။  


"ကိုယ်က သခင်ယောင်ရဲ့ အိမ်က ပြန်လာတာလေ၊မင်းကို တွေ့မယ်လို့ မမျှော်လင့်ထားဘူး"  


အစောင့်က မြင်းလှည်းရှေ့မှာ ထိုင်ခုံတစ်လုံး ချထားသည်။ ရုံရှားသည် ထိုထိုင်ခုံပေါ်နင်းပြီး မြင်းလှည်းပေါ်မှ ဆင်း၍ ပန်းဟွာဆီ လျှောက်လာသည်။


 " မကြာခင် မိုးရွာတော့မှာ...ဟွာဟွာ့ကို ကိုယ် ပြန်လိုက်ပို့ပေးမယ်" 


ယခုမှ ရုံရှားသည် ရှစ်ကျင်း ကို သတိထားမိပုံရသည်။ သူက မျက်ခုံးပင့်ပြီး အံဩနေသည့်ဟန်ဖြင့် "သခင်လေးရှစ်လည်း ဒီမှာ ရောက်နေတာလာား" 


 "ဟုတ်ပါတယ် ကျွန်တော်လည်း ဒီကိုရောက်နေတာ"  


ရုံရှားနှင့် ပန်းဟွာကြားမှ ရင်းနှီးသော ဆက်ဆံရေးကို ရှစ်ကျင်း သတိပြုမိသည်။  


 "ကျွန်တော် မြို့စားမင်းရုံ  စေ့စပ်ကြောင်းလမ်းလိုက်တယ်ဆိုတာကို ကြားရပါတယ်၊ ကျွန်တော် မြို့စားမင်းရုံကို ချီးကျူးဂုဏ်ပြုဖို့ အချိန်မရှိဖြစ်နေတာပါ"


ရုံရှားက ပြုံးပြီး


 "သခင်လေးရှစ်ကလည်း မဟုတ်တာ... သခင်လေးရှစ် အိမ်မှာနေပြီး သက်သာဖို့ပဲ အာရုံစိုက်ပါ၊ ဒီအကြောင်းကို မသိတာ သဘာဝကျပါတယ်၊ ဒီလိုလုပ်ထုံးလုပ်နည်းတွေကို ကျွန်တော်ကလည်း ဂရုမစိုက်ပါဘူး၊ သခင်လေးရှစ်က သိပ်ယဉ်ကျေးနေတော့ စိတ်မသက်မသာ ဖြစ်ရပါတယ်"


ရှစ်ကျင်းက အေးစက်စွာရယ်မောလိုက်သည်။  


"အိုး...မြို့စားမင်းရုံက လူကြီးလူကောင်းပဲ... ကျင့်ဝတ်တွေကိုတောင် မလိုက်နာဘူး"


"မဟုတ်ပါဘူး...ကျင့်ဝတ်ဆိုတာ လူ့ရဲ့အခြေခံပဲ၊ လိုက်နာသင့်တဲ့အရာကို လိုက်နာသင့်တယ်၊ လွတ်လပ်ပြီး ဂရုမစိုက်သင့်တဲ့အရာကို ဂရုစိုက်ဖို့ မသင့်ဘူး"

 

ရုံရှားက ပန်းဟွာကို ပြုံးပြုံးကြီးကြည့်လိုက်ရင်း၊ သူမ ပျင်းနေပုံရသည်ကို သတိထားမိသွား၏။ 


"တောင်းပန်ပါတယ် သခင်လေးရှစ် ကျွန်တော့်ဇနီးလောင်းကို အိမ်ပြန်ပို့သင့်ပြီ"


 ရှစ်ကျင်း မျက်နှာအမူအရာက ချက်ချင်း ပြောင်းသွား၏။  


"မြို့စားမင်းရုံ အခု ဘာပြောလိုက်တာလဲ"


ရုံရှားက ရှစ်ကျင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။  


"သခင်လေးရှစ် ဘာဖြစ်နေတာလဲ"


 "မြို့စားမင်းရုံရဲ့ ဇနီးလောင်းက ဘယ်သူပါလဲ" 


 "ပန်းဟွာကျွင်းကျူးလေ၊ သခင်လေးရှစ်ကို ရှင်းရှင်းလင်းလင်း မပြောခဲ့မိဘူးပဲ...‌စိတ်မရှိပါနဲ့" 


ရှစ်ကျင်းသည် ခဏမျှ တိတ်ဆိတ်သွား၏။ "မြို့စားမင်းရုံက ​​အမြဲတမ်း သူများတွေကို အံ့သြအောင် လုပ်တတ်တာပဲ"

 

ရုံရှားသည် ရှစ်ကျင်းကို ပြုံးကြည့်ကာ ဘာမှပြန်မပြောပေ။


 "အရမ်းအေးတယ်"  


ထိုစဉ် ပန်းဟွာက သူမမျက်နှာကို လက်နှစ်ဖက်နှင့်အုပ်ပြီး ရုံရှားအား ပြောလာသည်။ "ရှင်တို့နှစ်ယောက် စကားပြောလေ၊ကျွန်မ အေးလို့ မြင်းလှည်းပေါ်တက်တော့မယ်" 


 "ကောင်းပါပြီ" 


ရုံရှားသည် သူမ၏ လက်ကောက်ဝတ်ကိုကိုင်၍ မြင်းလှည်းပေါ်တင်ပေးပြီးနောက် လက်လွှတ်လိုက်ကာ ရှစ်ကျင်းဘက်သို့ လှည့်လိုက်သည်။ 


 "သခင်လေးရှစ်၊ နှုတ်ဆက်ပါတယ်"


ရှစ်ကျင်း ယောင်နနဖြင့် ရုံရှားကို မော့ကြည့်ပြီး "နှုတ်ဆက်ပါတယ်"


မြင်းလှည်းလေးက ဖြည်းဖြည်းချင်း ထွက်သွားသည်။ ရှစ်ကျင်းသည် မြင်းဇက်ကြိုးကို ကိုင်ကာ ကြောင်စီစီဖြင့် ထိုနေရာတွင် ရပ်နေမိပြီး အချိန်အတော်ကြာသည်အထိ အသိစိတ်ပြန်ဝင်မလာသေး။ မိုးတစ်ပေါက်၊ နှစ်ပေါက် ကျလာခါမှ အသိစိတ်ပြန်ကပ်ကာ လက်ယာဝန်ကြီးချုပ်၏ နေအိမ်ဆီ အတင်းဒုန်းစိုင်းပြေးသွားခဲ့သည်။


ရုံရှား၏ မြင်းလှည်းသည် အလွန်ကျယ်ဝန်းသည်။ အနည်းဆုံး အထဲမှာ လူနှစ်ယောက် ထိုင်၍ရသည်။သို့သော်လည်း၊ ရုံရှားသည် ပန်းဟွာနှင့် တစ်ယောက်ကို တစ်ယောက် အလွန်နီးကပ်စွာ မနေပေ။ပန်းဟွာ အနေခက်မည်ဆို၍ သူက တမင်တကာ ထောင့်တွင်ကပ်ပြီး ထိုင်နေလေသည်။


ထို့ကြောင့် သူတို့အဖြစ်က ကျီးကန်း၏ အသိုက်ကို သိမ်းပိုက်ထားပြီး မင်းမူနေသော ချိုးငှက်မလေးနှင့်၊ချောင်မှာကပ်ပြီး ကြောက်နေရှာသော အသိုက်ပိုင်ရှင်ကျီးကန်းလေးလို ဖြစ်နေတော့သည်။


မြင်းလှည်းထဲမှာ အကန့်များစွာရှိသည်။  အထဲမှာ စာအုပ်အမျိုးအစား အစုံ ရှိသော်လည်း၊ ပန်းဟွာ ကြိုက်သည့် စာအုပ်တစ်အုပ်မှ မပါပေ။ထို့ကြောင့် သူမ အနည်းငယ် ငြီးငွေ့လာသည်ကို ရုံရှားမြင်လိုက်၍ ကူရှင်အောက်က စာအုပ်တစ်အုပ်ကို ထုတ်ပြီး "မြင်းလှည်းပေါ်မှာ စာဖတ်ရင် မျက်လုံးအတွက် မကောင်းဘူး၊ ကိုယ်ဖတ်ပြမယ်"


ပန်းဟွာက သိချင်စိတ်ဖြင့် "ဇာတ်လမ်းက ဘာလဲ"


ရုံရှားက စာအုပ်ကို လှန်ကြည့်ပြီး "တာအိုဘုန်းကြီးတစ်ပါးရဲ့ ဓလေ့ထုံးစံတွေ၊ နတ်ဆိုးတွေကို သတ်ဖို့ သွားတဲ့လမ်းမှာ သူကြုံတွေ့ခဲ့ရတဲ့ နတ်ဆိုးတွေနဲ့ ဝိဉာဉ်တွေအကြောင်းပေါ့" 


 "အဲဒါကောင်းတယ်၊ နားထောင်မယ်"


" တောင်ပင်လယ်ရဲ့ တောင်ဘက်မှာ မျှော်လင့်ချက်မဲ့ကျွန်းလို့ ခေါ်တဲ့ ကျွန်းတစ်ကျွန်း ရှိတယ်လို့ ပြောကြတယ်၊ အဲဒီကျွန်းပေါ်မှာ မသေမျိုးနတ်ဘုရားတွေ ရှိတယ်…"


ထိုစဉ် မိုးရွာလာ၍ မြင်းလှည်းခေါင်မိုးတွင် မိုးတဖြောက်ဖြောက်အသံများ ထွက်ပေါ်လာသည်။ ရုံရှား၏အသံက နားထောင်၍ အတော်ကောင်းသည်။ ဇာတ်လမ်း၏ အနိမ့်အမြင့်ကိုလိုက်၍ လေသံလည်း မတူအောင် ပြောပြတတ်သဖြင့် ပန်းဟွာလည်း စိတ်ဝင်နေစားနေတော့သည်။မြင်းလှည်းက ပန်းမိသားစု၏ တံခါးဝရှေ့မှာ ရပ်လိုက်တာတောင် သူမ အိမ်ထဲမဝင်ချင်ဘဲ ဇာတ်လမ်းကို ဆက်နားထောင်ချင်နေသေး၏။


 "ရှင့်ရဲ့ဇာတ်လမ်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ....ကျွန်မတို့ အိမ်က ပုံပြင်ပြောသူတွေပြောပြတဲ့ ဇာတ်လမ်းတွေထက် ပိုစိတ်ဝင်စားဖို့ကောင်းတယ်၊ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်ကို ဘယ်က ဝယ်ရတာလဲ"


 "အဲဒါကို ကိုယ် မပြောနိုင်ဘူး"  


ရုံရှားသည် ပန်းဟွာ၏ မျှော်လင့်တကြီး ဖြစ်နေသည့် မျက်နှာလေးကို လျစ်လျူရှုကာ စာအုပ်ကိုပိတ်လိုက်သည်။ထို့နောက် စာအုပ်ကို ကူရှင်အောက်ရှိ အံဆွဲထဲသို့ ပြန်ထည့်လိုက်သည်။


 "ဘာလို့....."  


ပန်းဟွာ နှုတ်ခမ်းကိုစူထားလိုက်သည်။မနေ့က သူမကို လက်ထပ်ခွင့်တောင်းစဉ်က ချစ်စဖွယ်စကားများကို သူ ရွှန်းရွှန်းဝေအောင် ပြောခဲ့သည်။ယနေ့မူ ပုံပြင်စာအုပ်တစ်အုပ်တောင် ဘယ်ကဝယ်လာရသည်ဆိုတာကို ပြောပြချင်ဟန်မတူပေ။ထို့ကြောင့်လည်း ယောက်ျားများ၏ စကားကိုယုံခြင်းထက် သရဲတစ္ဆေကို ယုံကြည်ခြင်းကသာ ပို၍ကောင်းသည်ဟု ပြောကြသည်မှာ အံ့သြစရာမဟုတ်ပေ။


"ဘာလို့လဲဆိုတော့ ဟွာဟွာက ကိုယ့်ကို နေ့တိုင်း တွေးစေချင်တာလေ၊ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေနဲ့ ကိုယ့်ကို နောက်တစ်ကြိမ်တွေ့ဖို့ စောင့်မျှော်နေတာမဟုတ်ဘဲ ဒီအတိုင်းကို ကိုယ့်ကိုပဲ သတိရနေစေချင်တာ၊ဒါကြောင့် ကိုယ့်လောဘစိတ်ကို ခွင့်လွှတ်ပါ"


ပန်းဟွာ ပူ‌ကျစ်နေသော ပန်းသွေးရောင် ပါးပြင်ကို ထိလိုက်သည်။  


 "ဒါဆို နောက်တစ်ခါ ပုံပြင်တွေ ထပ်ပြောဖို့ မမေ့နဲ့နော်" သူမ ‌ပြောပြီး ကန့်လန့်ကာကို ရုတ်လိုက်သည်။


"အိမ်ထဲဝင်တော့မယ်"


 "နေပါဦး...."  


ရုံရှားသည် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ထောင့်မှ ထီးတစ်လက် ယူလိုက်သည်။ပြီးလျှင် သူမလက်ကို ပြန်လွှတ်လိုက်ပြီး မြင်းလှည်းပေါ်မှ ဆင်း၍ ထီးကိုဖွင့်ရင်း သူမအား လက်ကမ်းပေးလိုက်၏။


"လာ....ဆင်းခဲ့ပါ"


 မိုးက သည်းထန်စွာရွာသွန်းနေ၏။ ပန်းဟွာသည် ရုံရှား၏ ပြုံးနေသော မျက်နှာအား ကြည့်လိုက်ရင်း လက်ကို ကမ်းပြီး ရထားပေါ်မှ ကယ်တင်ခဲ့သည်။ရုံရှားက သူမကို တံခါးဝအထိ လိုက်ပို့ပေးသည်။ "အိမ်ထဲဝင်ပါ"


 "ကျေးဇူးတင်ပါတယ်၊ ရှင်အထဲဝင်ပြီး လက်ဖက်ရည်တစ်ခွက် သောက်ပါဦးလား"


ရုံရှားက ပြုံးပြီး သူမနားနားကိုကပ်၍ တိုးတိုးလေးပြောသည်။ 


"ဟင့်အင်း...အခုဆို ဦးရီးတော်က ကိုယ့်ကို တွေ့ချင်ဦးမှာ မဟုတ်သေးဘူး၊ နောက်ဆို သူ့ရဲ့ အဖိုးတန်သမီးလေးကို လက်ထပ်တော့မယ့်သူကို ချက်ချင်းကြီး မကြည်ဖြူဘူးဆိုတာ သဘာဝကျပါတယ်"


သူ့စကားကြောင့် ပန်းဟွာ ရှက်သွားရကာ...  "ရှင် နားလည်ထားတာ ကောင်းပါတယ်"


သူမ ရှက်နေသည်ကိုကြည့်ပြီး ရုံရှား ဟက်ကနဲ တစ်ချက်ရယ်လိုက်၏။


 "အနောက်မြို့တော်မှာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ခေါက်ဆွဲဆိုင်တစ်ခုရှိတယ်လို့ ကြားတယ်၊ ဟွာဟွာ သွားကြည့်ချင်ရင် ကိုယ် ခေါ်သွားပေးမယ်လေ၊ ရာသီဥတုကောင်းလာတဲ့အခါ သွားစားကြည့်တာပေါ့...ဟင်းရွက်ခေါက်ဆွဲပြုတ်က အရမ်းကောင်းတယ်လို့ ပြောတယ်"


ထိုခေါက်ဆွဲဆိုင်က အမဲသားခေါက်ဆွဲပြုတ်ကြောင့် နာမည်အကြီးဆုံးဖြစ်နေတာပင်။သို့သော် ပန်းဟွာသည် လောလောဆယ် အသားစား၍မရသေးသဖြင့် ရုံရှားက ထုတ်မပြောခြင်းသာ။


ပန်းဟွာက ကောင်းကင်ကို မော့ကြည့်ပြီး "အင်း...ဒါပေမယ့် ရာသီဥတုကိုကြည့်ရတာ နောက်ရက်ပိုင်းအတွင်း မိုးရွာမယ်ထင်တယ်" 


 "ကိစ္စမရှိပါဘူး၊ ဟွာဟွာ ကိုယ်တို့ သဘောတူထားတာကို မမေ့ရင် ဘယ်အချိန်သွားရသွားရ အဆင်ပြေပါတယ်"


ပန်းဟွာ သူမ မျက်နှာကို ထိလိုက်ပြန်မိသည်။ သူ ပြောတာက ခေါက်ဆွဲပြုတ်သွားစားမယ်လို့ ပြောတာပါ၊ ဒါပေမယ့် သူမ စိတ်ထဲမှာ သူတို့နှစ်ယောက် အတူတူချိန်းတွေ့မလိုကြီး ခံစားနေရတာ ဘာကြောင့်လဲ။ 


 "ဘာလဲ ကျွန်မက ကတိမတည်တဲ့လူများ မှတ်လို့လား"


ရုံရှားက ပြုံးပြီး ခေါင်းယမ်းကာ "မထင်ပါဘူး"


 "ကဲ ရှင် မြန်မြန်ပြန်သင့်ပြီ။ မိုးက ပိုသည်းလာပြီ"  


ပန်းဟွာသည် အပြင်ဘက်ကိုကြည့်ရင်း သူမ၏ အပေါ်ဝတ်ရုံကို ချွတ်ကာ ရုံရှား ပုခုံးပေါ်တင်လိုက်သည်။


"သေချာဝတ်ပါ၊အအေးမမိနဲ့"


 အနည်းငယ်တိုလွန်းသော ဝတ်ရုံကိုကြည့်ရင်း ရုံရှား ရယ်ချင်သွားသည်။သို့သော် ပန်းဟွာ၏ လေးနက်သော အကြည့်အောက်တွင် ပြက်ရယ်မပြုဝံ့သောကြောင့် သူ ဝတ်ရုံကို ကြိုးသေချာချည်လိုက်၏။


 "ကျေးဇူးတင်ပါတယ် ဟွာဟွာ"


 "ရပါတယ်" 


ပန်းဟွာသည် ရုံရှား၏ သွယ်လျချွန်ထက်သော မေးစေ့ကို တစ်ချက်ကြည့်လိုက်သည်။ ရှင်က အရမ်းချောတယ်လေ၊ဖျားရင် ဒီမျက်နှာချောချောလေးခမျာ ဘယ်လောက်တောင် နီရဲနေမလဲ...


ထို့ကြောင့် ယနေ့တွင်၊ ချမ်အမ်မြို့စားမင်း၏ အိမ်တော်မှ ကျေးကျွန်များသည် သူတို့၏သခင်မှာ အမျိုးသမီးဝတ် ဝတ်ရုံအား ရုံထားသည်ကို တွေ့လိုက်ရသည်။  ထို့နောက် ထူးဆန်းစွာပင် ရုံရှားသည် အငြိမ်မနေဘဲ ပင်မတံခါးမှ ဒုတိယတံခါးဆီသို့ လျှောက်သွား၊လျှောက်ပြန် လုပ်သည်။ ထို့နောက် ဒုတိယတံခါးမှ စင်္ကြံမှတဆင့် တတိယတံခါးဆီသို့ လျှောက်သွားပြီးမှ သူ့အိပ်ဆောင်ဆီသို့ ပြန်သွားခဲ့သည်။


 အိမ်တော်ထိန်းသည် တုကျိုးကို စိုးရိမ်တကြီး ကြည့်ပြီး တစ်ခုခုမေးချင်ပုံပေါ်သော်လည်း၊သူ မေးရမှာလည်းခက်နေသည်။


တုကျိုးကပင် သူမေးချင်သည့် အရာကို မှန်းဆပြီး "စိတ်မပူပါနဲ့၊ မြို့စားမှာ ထူးထူးခြားခြား ဝါသနာမရှိဘူး၊ ပန်းဟွာကျွင်းကျူးက မြို့စားမင်း အအေးမိသွားမှာကို စိုးရိမ်လို့ ဝတ်ရုံ‌လေး ဝတ်ပေးလိုက်တာပါ"


 “အာ… ဒီဟာ၊ ဒါ” 


အိမ်တော်ထိန်း စကားအထစ်ထစ်အအဖြင့် ခေါင်းညိတ်ရသည်။ ဒါက သဘ။ဝမကျဘူးလေ၊ယောက်ျားလေးဘက်ကသာ ဝတ်ရုံကိုချွတ်ပြီး မိန်းကလေးကို ခြုံပေးသင့်တာမလား.. ဟင်း သခင်ကြီးနဲ့သခင်မတို့ လောကကြီးက စောစောထွက်သွားတာ နှမြောလိုက်တာ၊သူတို့ မြို့စားမင်းကို မိန်းမလိုက်နည်းတောသ် မသင်ပေးခဲ့ကြဘူး...

 

လက်ယာ ဝန်ကြီးချုပ် အိမ်တော်


 "အစ်ကိုပြန်လာပြီလာ"


ရှစ်ကျင်း၏ အဝတ်အစားများ စိုစွတ်နေသည်ကို ရှစ်ဖေးရှန့်က မြင်လိုက်၍ အစ်ကိုဖြစ်သူအား ရေချိုးပြီး အဝတ်အစားလဲပေးဖို့ အစေခံများကိုခိုင်းစေလိုက်သည်။အားလုံးပြီးသွားသည့်အခါ ရှစ်ဖေးရှန့်က ရှစ်ကျင်း ရှေ့မှာ ထိုင်လိုက်သည်။ရက်အနည်းငယ်အတွင်းပင် သူမမျက်နှာလေးမှာ နွမ်းလျနေကာ တက်ကြွမှုတို့ ပျောက်ဆုံးနေ၏။


 "အစ်ကို သိလား... မြို့စားမင်းရုံက ဘယ်မိန်းကလေးနဲ့ စေ့စပ်ထားတာလဲဟင်"


 ရှစ်ဖေးရှန့်သည် မကျေမနပ်ဖြစ်နေဟန်ဖြင့် အလောတကြီးမေးမိတော့သည်။  ရုံရှားက သူမကို လက်မထပ်ချင်ရအောင် သူမက ဘာဖြစ်နေလို့လဲ။


ရှစ်ကျင်းက ရှုံ့တွနေသော မျက်နှာထားဖြင့် ပြောသည်။


 "ဖေးရှန့်၊ အဲဒါကို မစဉ်းစားနဲ့တော့၊မြို့စားမင်းရုံ ဘယ်သူနဲ့ စေ့စပ်ထားပါစေ၊ သူက မင်းနဲ့ ဘာမှ မဆိုင်ဘူး၊ ညီမလည်း အပျိုလေးပဲ သူ့ကို မက်မောမနေစမ်းနဲ့....တခြား သူ့ထက်သာတာလေးတွေလည်း အများကြီးရှိပါတယ်"


ရှစ်ဖေးရှန့်က စိုးရိမ်တကြီးဖြင့် ရှစ်ကျင်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။  


"အစ်ကို သိလား....ဘယ်သူလဲ သိလား..ဘယ်သူလဲ၊ကျန်းခန်လား...ကျောက်ရွှယ်လား၊ ဒါမှမဟုတ် ကျန်းဝမ်လား"


 ရှစ်ကျင်း၏ မျက်နှာသည် လုံးဝ မည်းမှောင်သွားသည်။ 


 " တော်ဝင်မင်းသမီးတွေကို ဘာလို့ နာမည်တပ်ပြီး ခေါ်ရတာလဲ...ဖေးရှန့် သူကလည်း သာမာန်ယောက်ျားပါပဲ၊ မင်းဒီလို စိတ်တည်ငြိမ်မှု ပျက်ပြားအောင် ဖြစ်နေရတာလဲ...ရှစ်မိသားစုရဲ့ သမီးတစ်ယောက်က ဒီလို ဖြစ်သင့်သလား" 


ရှစ်ဖေးရှန့်က "တောင်းပန်ပါတယ် အစ်ကို၊ ဒါပေမယ့် မြို့စားမင်းရုံက ညီမလောက် မတော်တဲ့ မိန်းမတစ်ယောက်ကို လက်ထပ်မယ် ဆိုပြီး တွေးလိုက်တိုင်း ညီမ နှလုံးသားကို ဓားနဲ့ခုတ်သလို ခံစားလိုက်ရတယ်၊ကဲ ညီမရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားမယ်၊အစ်ကို၊ ညီမကို ပြောပြနိုင်မလား၊ အနည်းဆုံးတော့ ညီမ သိထားသင့်တယ်လေ"


"မင်းက လက်လျှော့မလို့လား၊ ဒါမှမဟုတ် လက်စားချေမလို့လား"


 ရှစ်ကျင်း ရှစ်ဖေးရှန့်ကိုကြည့်နေသည်။  သူ့ညီမအကြောင်း သူ ကောင်းကောင်းသိသည်။သူမသည် ခွင့်လွှတ်တတ်သူမဟုတ်သည်မှာ သေချာသည်။


ရှစ်ဖေးရှန့်က ခေါင်းငုံ့ပြီး ဝမ်းနည်းစွာနှင့်ပြောလေတော့သည်။


 "ညီမ ဘာဆက်လုပ်ရမလဲ၊အဲ့ဒီအပြစ်မဲ့မိန်းကလေးကို လက်စားချေရင် မြို့စားမင်းရုံက ညီမကိုလက်ထပ်ချင်မှာလားအစ်ကို ညီမကို ပြောပြလို့ရမလား"



xxxxxx