Chapter.62
"မသိဘူး"
အခန်းတစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားကာ ရှစ်ကျင်း၏ အမူအရာမှာလည်း ပုံမှန်အတိုင်းပင် ငြိမ်သက်နေသည်။
"အစ်ကိုလည်း မေးကြည့်ပေမယ့် ရုံရှား ဘယ်သူနဲ့ စေ့စပ်ထားတာလဲဆိုတာ ဘယ်သူမှ မသိကြဘူး၊ဖြစ်နိုင်တာက..."
ရှစ်ကျင်းက ရှစ်ဖေးရှန့် အကြည့်ကို ရှောင်ဖို့ ခေါင်းကို တစ်ဖက်လှည့်လိုက်သည်။
"မြို့တော်က မိန်းကလေးမဖြစ်နိုင်ဘူး"
တယဲ့ရှိ ထင်ရှားသော မိသားစု အများစုသည် မြို့တော်တွင် စုဝေးနေကြသော်လည်း၊မြို့တော်တွင်သာ ထင်ရှားသော မိသားစုများအားလုံး နေထိုင်မည်ဟု မဆိုလိုချေ။
"တကယ်လား"
ရှစ်ဖေးရှန့်သည် ရှစ်ကျင်းကို သံသယဖြင့် ကြည့်လိုက်သည်။ ရှစ်ကျင်း ခေါင်းငုံ့ပြီး လက်ဖက်ရည်နှစ်ခွက် ငှဲ့လိုက်ကာ ရှစ်ဖေးရှန့်အား တစ်ခွက် ပေးပြီး နောက်တစ်ခွက်ကို သူ့ရှေ့မှာထားလိုက်၏။
"တောင်းပန်ပါတယ် အစ်ကို ညီမကို မကူညီနိုင်ခဲ့ဘူး"
"မဟုတ်ပါဘူး၊ ညီမကလည်း စိတ်မရှည်ဖြစ်သွားတာပါ"
ရှစ်ဖေးရှန့် လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။လက်ဖက်ရည်သည် အနည်းငယ်အေးစက်နေသဖြင့် သူမ နှလုံးသားထဲမှ အပူမီးကို အတန်အသင့် ငြိမ်းအေးစေပါသည်။
"အစ်ကို ကျေးဇူးတင်ပါတယ်"
"အစ်ကို့ကို သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး"
ရှစ်ဖေးရှန့် ပြုံးပြီး လက်ဖက်ရည်ခွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်လေသည်။
ထို့နောက် ရှစ်ကျင်းသည် သူ့အဆောင်ဘက်ကို ပြန်သွားပြီး အစေခံများအား အပြင်ထွက်ခိုင်းသည်။ပြီးလျှင် စာအုပ်စင်ပေါ်မှ ပိဋကတ်သုံးပုံကျမ်းကို ယူပြီး ထပ်ခါထပ်ခါ ဖတ်သည်။ နာရီဝက်လောက်ကြာလျှင် သူ့လက်ထဲက စာအုပ်များကို စားပွဲပေါ်ပစ်ချလိုက်ပြီး မျက်လုံးကိုမှိတ်ထားလိုက်လေ၏။
"သခင်လေး ဝန်ကြီးချုပ်က တွေ့ချင်ပါတယ်တဲ့"
အပြင်မှ အစေခံတစ်ယောက်၏ အသံထွက်လာတာကြောင့် သူ့မျက်နှာကို ပွတ်သပ်ပြီး မတ်တပ်ရပ်လိုက်သည်။
"ဟုတ်ပြီ ငါ လာခဲ့မယ်"
ရှစ်ချုံးဟိုင်က ရှစ်ကျင်း ဝင်လာသည်ကိုမြင်သော် မေးဆတ်ပြပြီး “ထိုင်ပြီး စကားပြောရအောင်”
ရှစ်ကျင်းသည် သူ့အဖေ၏ လေးနက်သောအမူအရာကိုမြင်ပြီး "အဖေ ဘာဖြစ်တာလဲ
"တော်ဝင်မင်းသမီး လုပ်ကြံခံရမှုအမှုကို စုံစမ်းစစ်ဆေးပြီးပြီ၊ တရားခံက မင်းသားဟွေ့တဲ့..မင်းသားဟွေ့က ဧကရာဇ်ကို အမြဲတမ်း ရန်ငြိုးထားခဲ့တာလေ၊သူက နန်းတော်ထဲကို သူလျှိုတွေ စေလွှတ်ခဲ့သတဲ့၊ပြီးတော့ ရာဇပလ္လင်ကို သိမ်းပိုက်ဖို့ အချိန်ကောင်းကို မျှော်နေခဲ့တာတဲ့...ကြည့်လိုက်"
ရှစ်ချုံးဟိုင်က တရားရုံးချုပ်မှ တွေ့ရှိသည့် အချက်အလက်များစာအုပ်ကို ရှစ်ကျင်း အား ပေးလိုက်သည်။
"အဖေ သူဒီလောက်ကြာအောင် ကောင်းကောင်းနေထိုင်လာတာကို...အခုမှ ဧကရာဇ်ကို လုပ်ကြံဖို့ ရုတ်တရက် ဆုံးဖြတ်ခဲ့တာ ဘာကြောင့်လဲ"
ရှစ်ကျင်းသည် အချက်အလက်များကို ခြုံကြည့်ရင်းအနည်းငယ် ပဟေဋ္ဌိဖြစ်သွားသည်။
"အခုက အကောင်းဆုံးအချိန်မဟုတ်ဘူး၊ မင်းသားဟွေ့က အချိန်အကြာကြီး ခံနိုင်ရည်ရှိလာခဲ့တာကို ဘာလို့ နောက်ထပ်နည်းနည်းကြာအောင် မစောင့်ချင်ရတာလဲ"
ရှစ်ချုံးဟိုင် တဟားဟား ရယ်မောလိုက်သည်။
" သူ မစောင့်နိုင်တော့လို့ပဲ၊ မင်းသားဟွေ့က အပြင်းဖျားနေတယ်၊ သူက အရှိန်ကုန်သွားတဲ့ မြှားတစ်စင်းလိုပါပဲ၊သေခါနီးလူတွေဆိုတာ ရူးသွပ်တတ်ကြတာ၊ ဧကရာဇ်ဖြစ်ဖို့ဆိုတာ သူ့တစ်သက်လုံး မျှော်လင့်ခဲ့ရတဲ့ စွဲလမ်းမှုတစ်ခုပဲ....သူ အဆုံးအထိ မကြိုးစားခဲ့ရင် သူသေရင်တောင် အသေဖြောင့်မှာမဟုတ်ဘူးလေ"
"ဒါပေမယ့်... လုပ်ကြံမှု မအောင်မြင်ပေမယ့် ဧကရာဇ်က မင်းသားဟွေ့ နဲ့ သူ့မိသားစုကို ဘာကြောင့် အသက်ဘေးက လွှတ်လိုက်တာပါလဲ"
ရှစ်ကျင်းသည် ဤအဖြစ်အပျက်ကြောင့် သေဆုံးသွားခဲ့သော တော်ဝင်မင်းသမီးကို တွေးတောနေမိသည်။သူမအဖြစ်က သနားစရာကောင်းသည်မင်းသားဟွေ့၏ လှည့်စားမှုကြောင့် သူမ၏ မိသားစုနှင့် သူမကိုပါ ထိခိုက်နစ်နာစေခဲ့၏။
ဒီကိစ္စမှာ တော်ဝင်မင်းသမီးက ဘယ်လောက် အပြစ်ကင်းလိုက်သလဲ။
"ယောက်ျားတစ်ယောက်ဟာ အကြံအစည်တစ်ခုကို ကြီးကြီးမားမားကြံရမယ်၊ သတိကြီးကြီးထားပြီး စိတ်ပျော့ညံ့နေလို့မရဘူး" ရှစ်ချုံးဟိုင်က အေးစက်စွာနှင့် ပြောသည်။
"မင်းသားဟွေ့က သတ္တိရှိတယ်၊ ဒါပေမယ့် ကံလည်း မကောင်းသလို ခွန်အားလည်း မရှိဘူး၊ ဒီအခြေအနေမှာ အဆုံးသတ်ရတဲ့အတွက် သူ့ကိုယ်သူ အပြစ်တင်ဖို့ပဲရှိတယ်"
ရှစ်ကျင်း မျက်မှောင်ကြုတ်ကာ
"ဒါပေမယ့် မင်းသားဟွေ့ စံအိမ်ကိုတော့ ဘာမှလုပ်ပုံမပေါ်ဘူး၊ဧကရာဇ်ရဲ့ အကြံအစည်က ဘာများပါလိမ့်"
"ရက်အနည်းငယ်ကြာရင် မင်းနားလည်မှာပါ၊ အခုကစပြီး မင်းဟာ မင်းသားဟွေ့ စံအိမ်နဲ့ ဘာမှမဆိုင်တော့ဘူး"
"ဟုတ်ကဲ့...." ရှစ်ကျင်း ခဏမျှ တုံ့ဆိုင်းသွားပြီး "အဖေ၊ ရှဲ့မိသားစု..."
ရှစ်ချုံးဟိုင်က မထီမဲ့မြင်ပြုဟန် ရယ်မောလိုက်သည်။
"သူတို့အတွက်လည်း စိတ်မပူပါနဲ့၊ရှဲ့မိသားစုက ဒီလောက်အတိုင်းအတာအထိ အားလုံးကို ကစားခဲ့ကြတာ... သူတို့ဟာ ငါတို့အတွက် ခိုင်မာတဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူးဆိုတာ သိသာပါတယ်"
ရှဲ့မိသားစု၏ ဒုတိယသားသည် ပန်းဟွာကျွင်းကျူးနှင့် လက်ထပ်ပါက၊သူတို့၏အရှိန်အဝါကို လျှော့တွက်၍မရနိုင်ချေ။သို့သော်လည်း ရှဲ့မိသားစု၏ ဒုတိယသားသည် ပြည့်တန်ဆာတစ်ဦးနှင့် ခိုးယူခဲ့ပြီး ပန်းမိသားစုကိုလည်း စော်ကားခဲ့သည်။ဤသည်မှာ သူ့ကိုယ်သူ သေခြင်းတရားဆီသို့ တွန်းပို့နေခြင်းဖြစ်သည်။
ပန်းမိသားစုတွင် စစ်မှန်သောအာဏာမရှိသော်လည်း အဆင့်အတန်းမှာ အလွန်မြင့်မားသည်။ သူတို့မိသားစုအား စိတ်ထဲမှ မနှစ်မြို့လျှင်ပင် အပေါ်ယံမှာ ထုတ်မပြောပြဝံ့ဘူးဆိုသည်ကို ဦးနှောက်တစ်ဝက်ရှိသူပင် သိကြသည်။ သို့မဟုတ်ပါက၊ တော်ဝင်မိသားစုကို စော်ကားခြင်းနှင့်အတူပင်ဖြစ်သည်။
ရှန်းယွီသည် တော်ဝင်စာမေးပွဲတွင် တတိယအဆင့်ရခဲ့သည်။ သူ့ကို မြို့တော်ရှိ လူတစ်စုက ချီးကျူးခဲ့ကြသည်။ ထို့နောက် ပန်းမိသားစုနှင့် စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်ရန် ရှန်းယွီအား မြှောက်ပင့်ပေးခဲ့သည်။ အဆုံးမှာတော့ သူ ဘာဖြစ်သွားသလဲဆိုတာ သိတယ်မလား…
သူ့ကို ပန်းဟွာက လူအများရှေ့မှာပင် ကြာပွတ်နှင့်ရိုက်နှက်ခဲ့၍ သူ အတော်လေးအရှက်ကွဲရသည်။ နောက်ဆုံးတွင် သူ၏ကျော်ကြားမှုနှင့် ချမ်းသာ ကြွယ်ဝမှုအားလုံးလည်း ပျောက်ကွယ်သွားခဲ့ရသည်။
နောက်ထပ် ရက်အနည်းငယ်ကြာသော်၊ မင်းသားဟွေ့ စံအိမ်ကြီး ရုတ်တရက် မီးလောင်သွားသည်။မင်းသားဟွေ့ နှင့် သူ၏ကြင်ယာတော်တို့မှာ မီးထဲတွင်အသက်ဆုံးခဲ့ကြရသည်။သားနှင့်သမီးသာ လွတ်မြောက်ခဲ့သော်လည်း၊ နှစ်ယောက်စလုံး ဒဏ်ရာကိုယ်စီရခဲ့သည်။အမွေဆက်ခံသူ ကျန်းယွီချမ်၏ ခြေထောက်သည် ပြိုကျလာသော မီးတိုင်ကြီးကြောင့် ကြေမွသွားခဲ့သည်။ ခန်းနင်ကျွင်းကျူး၏ လက်မောင်းမှာလည်း မြင်မကောင်းအောင် မီးလောင်ကျွမ်းသွားသည်။ ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုပင်။
ဧကရာဇ်နှင့် ဧကရီတို့သည် မိဘများဆုံးရှုံးခဲ့ရသော မောင်နှမ နှစ်ယောက်ကို သနားသဖြင့် ခန်းနင်အား နန်းတော်ထဲ ခေါ်ထားရန် အထူးအမိန့်ထုတ်ခဲ့သည်။ အမွေဆက်ခံသူ ကျန်းယွီချမ်သည် မင်းသားဟွေ့၏ ဘွဲ့ကို ဆက်ခံခဲ့ပြီး သာမာန်မင်းသားတစ်ပါးမှ တော်ဝင်မင်းသားအဖြစ် ရာထူးတိုးခဲ့သည်။ တိုင်းသူပြည်သားများသည် ဧကရာဇ်နှင့် ဧကရီအား မျိုးဆက်သစ်လူငယ်များအတွက် ထောက်ထာစာနာ သနားပေးသည့်အတွက် ချီးကျူးခဲ့ကြသည်။ တစ်ချို့လူများက ဤအကြောင်းကို စာပေကဗျာထဲမှာပါ ထည့်သွင်းရေးဖွဲ့ခဲ့သည်။ မီးပင်လယ်ထဲမှာ သေဆုံးသွားသည့် မင်းသားဟွေ့ နှင့် သူ့ဇနီးအတွက်သာမက၊သားသမီးများကိုပါ ဂရုစိုက်သည့်ဧကရာဇ်အား ချီးကျူး၍မကုန်နိုင်တော့ပေ။
မင်းသားဟွေ့ သေဆုံးရသည့် အကြောင်းရင်းမှာ မည်မျှပင် သံသယရှိဖွယ် ကောင်းစေကာမူ၊ဈာပန စည်းမျဉ်းများအတိုင်း အနည်းငယ်မျှပင် မလျှော့ခဲ့ပေ။သို့သော် အလွန်အမင်းခမ်းနားအောင်လည်း မလုပ်ပေးပေ။အားလုံးက စည်းမျဥ်းစည်းကမ်းအတ်ိုင်း သာမာန်သာ ပြုလုပ်ထားတာမို့ အမြင်သိပ်မလှချေ။မြို့တော်ရှိ မိသားစု အသီးသီးမှ လှူဒါန်းကြသော ပစ္စည်းများကလည်း ဝတ်ကျေတန်းကျေသဘောမျိုး ဖြစ်နေသည်။ မင်းသားဟွေ့၏ အဆင့်အတန်းက မျက်နှာမလှအောင် ဖြစ်နေရတော့သည်။
ကျန်းယွီချမ် နှင့် ကျန်းခန်းနင် တို့သည် မင်းသားဟွေ့နှင့် မိခင်ဖြစ်သူ၏ ရုပ်အလောင်းများကို မြှုပ်နှံရန်အတွက် ဝမ်းနည်းခြင်းခေါင်းဆောင်းများနှင့် ဝမ်းနည်းခြင်းအဝတ်အစားများ ၀တ်ဆင်ထားကြသည်။ ထို့နောက် မြို့တော်ရှိ မျိုးနွယ်စုအသီးသီးတို့၏ ယဇ်ပူဇော်သည့် ပစ္စည်းများမှာ အစီအစဉ်မကျကြောင်းကို မြင်ကြသောအခါ၊သူတို့ ဒေါသပင်မထွက်နိုင်ရလောက်အောင် ထုံကျင်နေပြီဖြစ်သည်။သူတို့ဘာမှမတုံ့ပြန်ဘဲ ဝမ်းနည်းဟန်ဆောင်ကာ ဝမ်းနည်းကြောင်းစကားများ ပြောဆိုနေသူများအား ငြိမ်၍သာ ကြည့်နေခဲ့လေ၏။
လွန်ခဲ့သောသုံးလက တော်ဝင်မင်းသမီး လုပ်ကြံခံရသောအခါ၊ ထိုလူများသည် သူတို့၏မိခင်အရင်း၊အဖွားအရင်း ဆုံးပါးသွားသကဲ့သို့ ဝမ်းနည်းပူဆွေးခဲ့ကြသည်။ ယခုမူ အပေါ်ယံစကားများကိုသာ ပြောဆိုနေကြပေသည်။
ကမ္ဘာကြီးက မတရားချေ။နောင်တွင် သူတို့ မောင်နှမနှစ်ယောက်သည် ရေပေါ်တွင် မျောပါနေသော ဘဲစာပင်များလို ဖြစ်လာလိမ့်မည်။သူတို့မှာ အားကိုးစရာ ဘယ်သူမှ မရှိသလို၊ ရေခဲပြင် ပါးပါးလေးပေါ်မှာ လမ်းလျှောက်ရသလိုမျိုး သတိဖြင့်သာ နေထိုင်သွားလာရပေတော့မည်။
"ကျေးဇူးပြုပြီး သိပ်လည်း ဝမ်းနည်းမနေပါနဲ့"
အနည်းငယ် နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ ခန်းနင် ခေါင်းကို မော့လိုက်ရာ စကားပြောသူသည် ကျင့်ထင်ကုန်းကောအိမ်တော်၏ အမွေဆက်ခံသူ ပန်းဟမ် ဖြစ်သည်ကို တွေ့လိုက်ရသည်။ အခြားအိမ်ရှင်များသည် ဘဏ္ဍာစိုးကိုသာ စေလွှတ်သော်လည်း ကျင့်ထင် ကုန်းကောအိမ်တော်၏ အမွေဆက်ခံသူသည် ဝမ်းနည်းကြောင်း ပြသရန် ကိုယ်တိုင်လာရောက်ခဲ့သည်။ တခြားမိသားစုများထက်တောင် ပိုလေးနက်နေ၏။
ခန်းနင် ကြောင်စီစီဖြင့် နှုတ်ခွန်းဆက်စကား ပြန်ပြောပြီးနောက် အသိစိတ်ကင်းမဲ့စွာဖြင့် ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ဤရက်ပိုင်း သူမ မျက်ရည်များစွာ ကျခဲ့ရပြီးဖြစ်၍ ယခုလောလောဆယ် မငိုနိုင်တော့ပေ။သူတို့မိသားစုသည် တော်ဝင်မင်းသမီး၏ လုပ်ကြံခံရမှုမှာ ပါဝင်ပတ်သက်နေမှန်း သိခဲ့လျှင်၊ ယခုလို ဂရုစိုက်နေမှာမဟုတ်။
ခန်းနင် ခေါင်းမော့ပြီး လေထဲမှာပျံနေသည့် စက္ကူပိုက်ဆံများကို ကြည့်ရင်း ရယ်လိုက်သည်။ သူမ၏ မိဘတို့အား စိတ်ရင်းမှန်ဖြင့် တမလွန်ဘဝအတွက် ရည်စူးလှူဒါန်းကြသည့် တစ်ခုတည်းသော မိသားစုမှာ၊ သူမတို့ကြောင့် ထိခိုက်နစ်နာခဲ့ရသူ ဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။ ဒါက ဘယ်လောက်ရယ်စရာ ကောင်းလိုက်လဲ။
ဖခင်ဖြစ်သူက သူမတို့ကို အချိန်တိုင်း သတိထားဖို့ အမြဲပြောခဲ့သည်။ အဆုံးတွင် သူကိုယ်တိုင်ကပင် မင်းသားဟွေ့ စံအိမ်ကြီးကို အဆုံးမဲ့နက်ရှိုင်းသော ချောက်ထဲသို့ တွန်းချခဲ့သူပင် ဖြစ်နေလေသည်။
တစ်ချိန်က သူမမှာ တော်ဝင်မင်းသမီးဖြစ်လိုသော အိပ်မက်တစ်ခုရှိခဲ့ဖူးသည်။ ယခု လက်တွေ့မှာလည်း၊ လက်ရှိဧကရာဇ်သည် သူ၏နာမည်ဂုဏ်သတင်းကို အလေးထားသူတစ်ဦးဖြစ်သည့်အတွက် သူမအား မင်းသမီးအဖြစ် ရာထူးတိုးပေးခြင်းကို အနှိုင်းမဲ့ဝမ်းသာမိသည်။ အနည်းဆုံးတော့ ဧကရာဇ်သည် ညီတော်က သူ့အား သတ်ဖို့ကြိုးစားသည်က်ို တစ်ကမ္ဘာလုံးကို ချမပြခဲ့ပေ။ဤသည်ကလည်း အကြောင်းရှိ၏။လက်ရှိ ဧကရာဇ်သည် ယခင်ဧကရာဇ်၏ အချစ်ဆုံးသားတော်မဟုတ်ခဲ့သဖြင့်၊ ကြင်နာတတ်ပြီး သဘောကောင်းသည်ဟူ၍ လူသိများချင်သည်။ ထို့ကြောင့်၊ သူမ၏အစ်ကိုမှာ ခြေထောက်ကျိုးသွားကာ သူမ၏ဘယ်ဘက်လက်သည်လည်း မြင်မကောင်းအောင် ပုံပန်းပျက်၍ ရုပ်ဆိုးသွားသော်လည်း အသက်ရှင်သန်၍ ရသေး၏။
သူမသည် လက်ယာဝန်ကြီးချုပ်နေအိမ်ကို ဖြတ်သွားသောအခါ ရိုးရှင်းသော ဈာပနပစ္စည်းအခင်းအကျင်းများအား သူမတွေ့လိုက်ရသည်။ယဇ်ပူဇော်ပစ္စည်းများထားရာ စင်ရှေ့တွင် အစောင့်တစ်ယောက်မျှပင် မရှိ။ သူမ စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း လက်ယာဝန်ကြီးချုပ် နေအိမ်က ယခုလို ပြုမူသည်ကို သူမ နည်းနည်းလေးမှ မအံ့သြမိချေ။
"ခန်းနင်"
ကျန်းယွီချမ်သည် သစ်သားဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သူ့ညီမဖြစ်သူက လက်ယာဝန်ကြီးချုပ် နေအိမ် ရှေ့အား စိုက်ကြည့်နေသဖြင့်... “သွားရအောင်”
မဟာရွှေလမင်းနန်းတော်တွင် ဧကရာဇ် ယွင်ချင်သည် စားပွဲရှေ့၌ ထိုင်နေသည်။ မင်းသားဟွေ့ ၏ ဈာပနအတွက် မင်းညီမင်းသားများ၊ တော်ဝင်မိသားစု၏ ဆွေမျိုးနီးစပ်များ၊ မှူးကြီးမတ်ရာများ ပြင်ဆင်ထားသည့် ဈာပနအစီအစဉ်တို့အကြောင်း ရေးသားထားသော လျှို့ဝှက်ကိုယ်ရံတော်၏ အစီရင်ခံစာကို နားထောင်နေသည်။
"ပန်းမိသားစုက ဒီလိုမျိုးလုပ်ပြတာကို ငါ နည်းနည်းလေးမှ မအံ့သြဘူး"
ပန်းမိသားစု၏ ဈာပနအစီအစဉ်ကိုကြားသိရပြီးနောက်၊ ဧကရာဇ် ယွင်ချင် ပြုံးတုံ့တုံ့လုပ်နေသည်။
"သူတို့မိသားစုကပဲ ဖြူစင်တဲ့ ကလေးလေးတစ်ယောက်ရဲ့ နှလုံးသားကို ပိုင်ဆိုင်ထားကြတာ"
တစ်ချိန်တည်းမှာပင် သူသည် ရုံရှားကိုလည်း အလွန်ကျေနပ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရုံရှားသည် တရားခံအား စုံစမ်းစစ်ဆေးမှုအကြောင်း ပန်းမိသားစုကို မပြောပြသောကြောင့်ဖြစ်သည်။ သို့မဟုတ်ပါက၊ ပန်းမိသားစု၏အကျင့်စရိုက်အရဆိုလျှင် မင်းသားဟွေ့ ၏ ရုပ်အလောင်းကို ပူဇော်ပသမည့်အစား ရုပ်အလောင်းကိုပါ ဖျက်ဆီးပစ်မှာသေချာသည်။
ရုံရှားရော၊ ပန်းမိသားစုပါ သူ့ကို အမြဲတမ်း စိတ်ချမ်းသာစေသည်။ သို့သော် ရှစ်မိသားစုသည် သူ့ကို အနည်းငယ် ဂရုမစိုက်ပုံပေါ်သည်။
"မြို့စားမင်း ကျွန်တော် နားမလည်ဘူး"
ထူထပ်သော တောအုပ်ထဲတွင် ရောက်ရှိနေသော တုကျိုးသည် ရုံရှား နောက်တွင် ရပ်လိုက်ပြီး အဝေးမှ အလုပ်များနေသော လူများကို ကြည့်ကာ "ပန်းဟွာကျွင်းကျူးက မြို့စားမင်းအတွက် အကောင်းဆုံးရွေးချယ်မှုမဟုတ်ပါဘူး"
"ငါ့အတွက်ကတော့ သူမဟာ အကောင်းဆုံးရွေးချယ်မှုပဲ" ရုံရှားက အနက်ရောင် ဝတ်ရုံကို ဆွဲချွတ်လိုက်ပြီး "တုကျိုး မင်း ဘောင်ကျော်သွားပြီ"
"ကျွန်တော် စကားမှားသွားပါတယ်"
ရုံရှားက သူ့ဝတ်ရုံကြိုးကို ချည်ပြီး "မြို့တော်ကို ပြန်ကြမယ်"
"ဟေ့ ဘယ်သူလဲ၊ ညမထွက်ရအမိန့်ထုတ်ထားတယ်လေ၊ ဝရမ်းမပါဘဲ မင်းမြို့ထဲကို ဝင်လို့မရဘူး!"
မြို့တံခါးရှိ အစောင့်တပ်သားများသည် မြို့တံခါးအပြင်ဘက်တွင် တပ်သားတစ်စု ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ထိတ်လန့်သွားသည်။
ရုတ်တရက် အနက်ရောင် အမျိုးသားခေါင်းဆောင်က ရွှေတံဆိပ်တစ်ခု ထုတ်လိုင်ရာ မီးရှူးတိုင်အောက်မှာ စူးရှတောက်ပသည့် အလင်းရောင်က ရောင်ပြန်ဟပ်နေသည်။ သူတို့စီးသည့်မြင်းလည်ပင်းမှာ ရွှေရောင်ဖဲပြားများ၊ အနက်ရောင်ဖဲပြားများ တပ်ထားသာ်ကု မြင်ရသော် ချက်ချင်း သူတို့ အလေးပြုကြသည်။
"မရိုမသေပြုမိတဲ့အတွက် တောင်းပန်ပါတယ်၊ ကျွန်တော် ခုချက်ချင်း တံခါးဖွင့်ခိုင်းလိုက်ပါ့မယ်"
ထို့နောက် လက်ထဲမှ မီးရှူတိုင်ကို မြှောက်ကာ မြို့တံခါးဆီသို့ အမူအရာ အနည်းငယ် ပြလိုက်သည်။ များမကြာမီပင် သူတို့သည် အရှိန်အဟုန်ပြင်းစွာဖြင့် မြို့ထဲသို့ဝင်လာပြီး မှောင်မဲသောညတွင် ပျောက်ကွယ်သွားကြသည်။
ပန်းဟွာ ညအချိန်မတော် အိပ်ရာမှ နိုးလာပြီး ထထိုင်လိုက်သည်။
"ရူရီ အခုမှ အပြင်မှာ မြင်းခွာသံကြားတယ်"
"မြို့အစောင့်တွေ ကင်းလှည့်နေတာဖြစ်နိုင်ပါတယ်" ရူရီက ပန်းဟွာ၏ ခုတင်ဆီသို့ လှမ်းသွားကာ "ဒါပေမယ့် ကျွန်မတော့ ဘာမှ မကြားရပါဘူး"
ပန်းဟွာက သမ်းဝေပြီး ကုတင်ပေါ်ပြန်လှဲကာ "ဝါး...ဟုတ်လား...ဘယ်အချိန်ရှိပြီလဲ"
"သုံးချက်တီးနေပါပြီ"
ပန်းဟွာ ထိုစကားက်ိုကြားသော် မျက်လုံးကို ချက်ချင်းမှိတ်ပြီး တတ်နိုင်သမျှ အမြန်ဆုံး အိပ်ပျော်ဖို့ ကြိုးစားသည်။သုံးချက်တီးချိန်တွင် မအိပ်ခြင်းသည် အမျိုးသမီးတစ်ယောက်၏ ရုပ်ရည်နုပျိုလှပခြင်းကို အထိခိုက်စေဆုံးဖြစ်ကြောင်း မီးယပ်အထူးကုဆရာဝန်က တစ်ချိန်က ပြောခဲ့ဖူးသဖြင့် အိပ်ချိန်ကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။
ပန်းဟွာ မိုးလင်းသည့်အထိ အိပ်စက်သည်။မြို့စားမင်းရုံ ရောက်ရှိလာကြောင်း အစေခံများက လာပြောသောအခါ၊ ဘယ်အချိန်ရှိမှန်း မသိပေ။
"ကျွင်းကျူး မြို့စားမင်းရုံ ရောက်နေပြီ...မိတ်ကပ်လည်း မလိမ်းရသေးဘူး၊ အဝတ်အစားလည်း မလဲရသေးဘူး၊ကျွန်မတို့ ဘာလုပ်သင့်လဲ"
ပန်းဟွာသည် ကုတင်ပေါ်တွင် ထိုင်ဆဲဖြစ်၍ ရူရီက ကူကယ်ရာမဲ့စွာပြောလိုက်သည်။
“ကျွန်မ အဝတ်အစားလဲဖို့ ကူညီပါ့မယ်”
ပန်းဟွာက သူမ မျက်နှာကို အေးအေးဆေးဆေး ထိလိုက်ကာ "ရူရီ၊ နိယာမကို နားလည်ရမယ်... စောင့်တတ်တဲ့လူက အရမ်းချစ်ဖို့ကောင်းတယ်ဆိုတာလေ"
ရူရီ :ဘယ်လိုယောက်ျားမျိုးက ချစ်စရာကောင်းလဲဆိုတာ ကျွန်မ မသိပေမယ့် ကျွင်းကျူးက ယောက်ျားတွေကို စောင့်ခိုင်းတတ်တဲ့ မိန်းကလေးမျိုးဆိုတာတော့ သေချာသိတယ်။
ပင်မခန်းမတွင် ပန်းဟမ်သည် ရုံရှား နှင့် တစ်နာရီခန့် ထိုင်နေခဲ့သည်။ လက်ဖက်ရည်နှစ်ခွက်တောင် ကုန်နေသော်လည်း၊ သူ့အစ်မကမူ မထွက်လာသေးပေ။
"မြို့စားမင်းရုံ၊ အစ်မကလေ…"
"အစ်ကိုက ကျွင်းကျူးနဲ့ ချိန်းထားတာ မရှိပါဘူး၊ အစ်ကို ရုတ်တရက် လာလည်တာဆိုတော့ ကျွင်းကျူး အနားယူနေတာကို အနှောင့်အယှက် ဖြစ်စေတယ်နဲ့တူတယ်"
ပန်းဟမ် ဘာမှ မပြောတော့။တစ်ယောက်က ညှင်းပန်းရသည်ကို သဘောကျပြီး၊ကျန်တစ်ယောက်ကလည်း အညှင်းဆဲခံနေရသည်ကို သဘောကျနေ၏။
"ရုံရှား ရောက်နေတာလား"
ပန်းဟွာသည် ရိုးရိုးအဝတ်အစားနှင့် ငွေရောင်ဆံညှပ်ကို ၀တ်ထား၍ ထွက်လာသည်။သူမ မျက်နှာမှာ မိတ်ကပ်မလိမ်းထားသော်ငြား၊တက်ကြွနေပုံရသည်။
"ဟွာဟွာ" ရုံရှားက ကုလားထိုင်ပေါ် ထိုင်နေရာကနေ မတ်တပ်ထရပ်ပြီး "ကိုယ် ရုတ်တရက် ဒီကိုလာလို့ မင်း အနားယူတာကို အနှောင့်အယှက် မဖြစ်ဘူး မဟုတ်လား"
"အဆင်ပြေပါတယ်၊ ပုံမှန်ဆို ကျွန်မက ဒီအချိန်ဆို ထပါတယ်....အပြင်မှာ ရာသီဥတု သာယာနေတာ၊ ခေါက်ဆွဲစားဖို့ ရှင် လာခေါ်တာလား"
ရုံရှားက ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ ဒီနေ့ နေလည်းသာတယ်လေ၊အပြင်ထွက်ဖို့ ကောင်းတယ်"
"ကောင်းပြီ ဒါဆို သွားကြရအောင်" ပန်းဟွာက ချက်ချင်း ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။
"အစ်မ မနက်စာ မစားဘူးလား" ပန်းဟမ် အနောက်ကနေ လိုက်၍မေးသည်။
ပန်းဟွာက ခေါင်းခါလိုက်ပြီး
"မစားပါဘူး၊ ဗိုက်ချောင်နေမှ ခေါက်ဆွဲစားလို့ ကောင်းမှာပေါ့၊ ဒီအချိန်မှာ မနက်စာစားရင် တခြားဘာစားနိုင်ဦးမှာလဲ"
ရုံရှားက ပြုံးပြီး ပန်းဟွာကို "ရှစ်ကျစ် အစ်ကိုတို့နဲ့ လိုက်ချင်လား"
"တော်ပါပြီ....ကျွန်တော် မနက်စာစားပြီးသွားပြီ၊ အခု စားချင်စိတ်မရှိတော့ဘူး၊အစ်ကိုတို့ပဲ သွားပါ"
ပန်းဟွာက ပြုံးပြကာ ဆိုလိုက်သည်။
သူလည်း ယောက်ျားပဲ၊ တစ်ယောက်နဲ့တစ်ယောက် မသိကြဘဲနေမလား... သူတကယ်သာ ခေါင်းညိတ်ပြပြီး အတူတူလိုက်သွားဖို့ သဘောတူလိုက်လျှင် ရုံရှား ပြုံးနိုင်မှာတောင် မဟုတ်။
xxxxxx