အပိုင်း၆၃
Viewers 4k


Chapter. 63


နွေဦးရာသီရောက်သည်နှင့်အမျှ အရာအားလုံး ပြန်လည်အသက်ဝင်လာခဲ့သည်။ နွေဦးမိုးရွာပြီးနောက် ရာသီဥတုက တဖြည်းဖြည်း ပူနွေးလာသည်။ မြို့တော်မှလူများသည် ထူထဲသော ဆောင်းရာသီအဝတ်အစားများကို ချွတ်ကာ ရိုမန်တစ်ဆန်သော နွေရာသီအဝတ်များအဖြစ် ပြောင်းလဲဝတ်ဆင်လာကြသည်။ 


ပန်းဟွာ နှင့် ရုံရှားတို့သည် လမ်းပေါ်တွင် ခြေတစ်လှမ်းအကွာခြား၍ အတူလျှောက်လာခဲ့သည်။ သွားလာလှုပ်ရှားနေသူများကိုကြည့်ရင်း မြင်ကွင်းက လန်းဆန်းနေ၏။

 

"မြို့တော်မှာ ဒီနှစ်ရဲ့ အကျော်ကြားဆုံး ပိုးပန်းတွေ ရောင်းတယ်၊ ပိုးပန်းတွေ၊ ပန်းတစ်ပွင့်ကို ကြေးနီဒင်္ဂါးငါးပြားပဲနော်...ဟေ့ မိန်းကလေး ပန်းမလိုချင်ဘူးလား" 


ပန်းဟွာ ရပ်လိုက်ပြီး လမ်းထောင့်က အဘွားကြီးကို ကြည့်လိုက်သည်။ သူမ၏ ဆံပင်တို့သည် ဖြူဖွေးနေပြီး နွမ်းလျလျ အပြာရောင်အ၀တ်အစားများအား ဝတ်ဆင်ထားသည်။သူ့လက်ထဲတွင် ဟောင်းနွမ်း၍ မည်းမှောင်နေသော ခြင်းတောင်းတစ်လုံး ရှိသည်။ ခြင်းတောင်းတစ်ဝက်မှာ ပြီးစလွယ်လုပ်ထားသော ပိုးပန်းများဖြင့် ပြည့်နေသည်။ သူတို့ အိမ်တော်မှ ကျွန်များပင် ဤပန်းမျိုးကို မပန်ကြပေ။ခေတ်မမီဘူးဟုဆိုနိုင်သည်။


အဘွားကြီးသည် မူလက ပန်းဟွာကို ဝယ်ဖို့ပြောချင်နေ၏။ထို့အပြင် ပန်းဟွာသည် ငွေရောင်ဆံညှပ်ရိုးရိုးနှင့် ရိုးရိုးချည်သား ဝတ်စုံကိုသာ ၀တ်ထားသဖြင့် ရောင်းဖို့အခွင့်သာပြီဟု တွေးလိုက်၏။တစ်ဖန် သူမ ဘေးတွင် အဆင့်အတန်းမွန်မြတ်သော ရောင်ဝါရှိပြီး၊ ထူးထူးခြားခြား အဝတ်အစားများ ၀တ်ထားသည့် အမျိုးသားကို တွေ့ရပြန်၏။ သို့သော်လည်း မကြာခင် မိန်းမပျိုလေးက သူမအနားကို တိုးကပ်လာသောအခါ၊ မိန်းမပျို၏ ဆံသားထက်ရှိ ငွေရောင်ဆံပင်ညှပ်မှာ လက်ရာမြောက်စွာ ပြုလုပ်ထားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သာမာန် ဟုတ်ပုံမပေါ်ချေ။


ခြင်းတောင်းထဲက ပိုးပန်းများသည် အရောင်စိုစိုလေးနှင့် လှပနေ၍ ပန်းဟွာ စိတ်ဝင်စားသွားသည်။သူမကတော့ ပန်မည်မဟုတ်ပေ။ သို့သော် သူမ  ပန်းနှစ်ပွင့်ကိုယူပြီး ကိုင်ထားလိုက်သည်။ ထို့နောက် ရုံရှားကိုကြည့်ကာ "လာ... ခေါင်းငုံ့"


ရုံရှားသည် သူမ၏ လှုပ်ရှားမှုများကို မြင်သောအခါ၊သူမ ဘာလုပ်မည်ဆိုသည်ကို မှန်းဆမိသွားသည်။ ချက်ချင်း သူ လှည့်ထွက်ပြေးချင်သော်လည်း ပန်းဟွာက သူ့အင်္ကျီလက်ကို ကိုင်ကာ အတင်း သူ့ကို ခါးကိုင်းစေ၏။သူ ရုန်းမနေတော့ဘဲ အလိုက်အထိုက် ခါးညွတ်ပေးလိုက်ရာ သူ့ဆံထုံး တစ်ဖက်တစ်ချက်တွင် အနီရောင်ပန်းပွင့်နှစ်ပွင့် ရောက်လာတော့သည်။  


ချမ်အမ်မြို့စားမင်း အိမ်တော်မှ ကျေးကျွန်များသည် ဤမြင်ကွင်းကို မြင်ပြီး ရယ်မောလိုက်ကြသည်။ အဘွားကြီးသည် ပန်းဟွာနှင့် ရုံရှားကို အပြုံးဖြင့် ကြည့်ရင်း "သခင်လေးတို့ ဇနီးမောင်နှံက သိပ်လိုက်ဖက်တာပဲ" 


ထိုသို့ပြောရင်း၊ ပန်းဟွာ၏ ဆံပင်မှာ လက်မထပ်ရသေးသည့် အမျိုးသမီးများ ထုံးဖွဲ့ရသော ဆံထုံးဖြစ်နေသည်ကို   သတိထားမိကာ အမြန်တောင်းပန်လိုက်၏။


 "ဒီအဘွားကြီးရဲ့ မျက်လုံးတွေက မှုန်နေတော့ အပြောမှားသွားတယ်ကွယ်၊ဒီက သခင်လေးနဲ့ မိန်းမပျိုတို့ စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်" 


"အဆင်ပြေပါတယ်" ရုံရှားက ပန်းဟွာကို ပြုံးပြ၍ "သူမက ကျွန်တော့်ရဲ့ အနာဂါတ်ဇနီးပါ"


အဘွားကြီးလည်း ဝမ်းသာအားရပြုံးပြီး "သခင်လေးတို့ နှစ်ယောက် နှစ်တစ်ရာအထိ ပေါင်းဖက်ရပြီး ပျော်ရွှင်ပါစေ၊ချစ်စရာကောင်းတဲ့ ကလေးလေး တစ်ယောက်လည်း ရပါစေလို့ ဆုတောင်းပေးပါတယ်"


 "ကျေးဇူးတင်ပါတယ်... ဒီပန်းတွေအားလုံးကို ကျွန်တော့်ကို ရောင်းပေးနိုင်မလား" 


ရုံရှားက ငွေတစ်တုံးကို ထုတ်ပြီး အဘွားကြီး၏လက်ထဲသို့ ထည့်ပေးလိုက်သည်။အဘွားကြီးက လက်ကို ကမန်းကတန်း ဝှေ့ယမ်းရင်း ပြာပြာသလဲငြင်းတော့သည်။


" ပိုက်ဆံတွေကအရမ်းများလွန်းပါတယ်... မယူပါရစေနဲ့...အဘွားရဲ့ ပန်းတွေက သိပ်တန်ဖိုးမရှိပါဘူး.." 


ရုံရှား အဘွားကြီးဆီမှ ပိုးပန်းတောင်းကို ယူဖို့ အစောင့်များအား အချက်ပြလိုက်သည်။


" နှုတ်ဆက်ပါတယ်.. "


"ကျေးဇူးတင်ပါတယ်ကွယ်... ကျေးဇူးတင်ပါတယ်" 


အဘွားကြီးသည် ရုံရှား ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုသည်။ရုံရှားတို့ အဝေးရောက်သွားသည့်တိုင် ကျန်းမာချမ်းသာပါစေဟု ဆုတောင်းပေးနေဆဲပင်။


ပန်းဟွာက ရုံရှား၏ ခေါင်းထိပ်ကို လက်ညှိုးထိုးရင်း တခစ်ခစ်ပြုံးနေသည်။


 "ခေါက်ဆွဲစားဖို့သွားမှာလေ၊ ဒီဟာကို တကယ်ပန်သွားမှာလား"


 "ဟွာဟွာ ကြိုက်ရင် ကိုယ် ပန်လည်းရပါတယ်"


ရုံရှား လမ်းလျှောက်သည်ကို ရပ်လိုက်ပြီး ပန်းဟွာအား ချစ်စနိုးဟန်အပြည့်နှင့်ကြည့်နေသည်။ 


ပန်းဟွာသည် ရုံရှား၏ ကြည်လဲ့လဲ့ မျက်ဝန်းများကို ခက်ခက်ခဲခဲ ခုခံနိုင်စွမ်းမရှိသည့်အထဲ၊သူမအား နူးညံ့သောအမူအရာဖြင့် ကြည့်နေသဖြင့် ရှက်သွေးဖြာနေရလေသည်။


 “ဖယ်လိုက်တာက ပိုကောင်းပါတယ်”


ရုံရှား ချက်ချင်း သူမအနားကို ခေါင်းငုံ့ပေးလာပြီး "ဒါဆို ဟွာဟွာ ဖြုတ်ပါ"


သူမလည်း ပန်းများကို ဖြုတ်ကာ အစောင့်ကိုင်ထားသော  ခြင်းတောင်းထဲကို ထည့်၍ ရယ်မောလိုက်သည်။


 “မြို့စားမင်းရုံက ကျွန်မနဲ့ အသက် အရမ်းကြီးမကွာဘူးလေ၊ပြီးတော့ ရှင်ကတောင် ကျွန်မထက်ကြီးနေတာကို၊ဘာလို့ ကျွန်မကို ဦးညွတ်နေတာပါလဲ" 


ရုံရှားက ခပ်နောက်နောက်ဆိုလာသည့် သူမစကားကို ဒေါသမထွက်ဘဲ ခြေတစ်လှမ်းဆုတ်ပြီး သူမကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။


"မင်းက ကိုယ့်ရဲ့ အနာငါတ်ဇနီးလေ၊ ဦးညွှတ်တော့လည်း ဘာဖြစ်လဲ...ကိုယ်က ကြည်ကြည်ဖြူဖြူ ဦးညွတ်ပါ့မယ်"


ပန်းဟွာ ချက်ချင်း ရှက်သွားရပြန်သည်။


ဆူညံသော လမ်းမထက်တွင်၊အပြုံးကိုယ်စီဖြင့် လျှောက်လာသော အမျိုးသားနှင့် အမျိုးသမီးတစ်ဦးသည် အခြားသူများ၏ အာရုံကို အလွယ်တကူ ဆွဲဆောင်နိုင်ခဲ့သည်။ရှဲ့ချီလင်းသည် မနီးမဝေးက ရယ်ကာမောကာဖြင့် ရှက်စနိုး လျှောက်လာသည့် အတွဲကို ကြည့်လိုက်သည်။သူ ချက်ချင်း ခြေလှမ်း ရပ်လိုက်မိ၏။ မြို့စားမင်းရုံ လိုလူမျိုးက၊ မိန်းမတစ်ယောက်အား သူ့ဆံပင်ကို ထိခွင့်ပေးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့မိချေ။ ယောက်ျားများအတွက်၊ဦးခေါင်းသည် အထွဋ်အမြတ်ဟုဆိုနိုင်သည်။ အထူးသဖြင့် မိန်းကလေးများ ထိတွေ့၍မရချေ။ရုံရှားသည် ချောမောပြီး ရုပ်ရည်ပြေပြစ်သော အရာရှိတစ်ဦးဖြစ်သော်လည်း၊ သူဆင်းရဲမိန်းကလေးများသာ ပန်ဆင်တတ်သော ပိုးပန်းပွင့်ကိုလည်း ခေါင်းပေါ်တင်ထားသည်။ဒီလောက် လူစည်ကားတဲ့ လမ်းကြီးမှာ ဒီလိုပြုမူနေတာက၊ကိုယ်သိက္ခာကိုယ် ချနေတာနဲ့အတူပဲ မဟုတ်လား... 


ထိုစဉ် မြို့စားမင်းရုံ ရှေ့မှ မိန်းကလေးက သူ့ဘက်သို့လှည့်လာသောအခါ ရှဲ့ချီလင်း အံ့သြသွားရလေ၏။ ပန်းဟွာ...


ပန်းဟွာနဲ့ မြို့စားမင်းရုံက ဘာကြောင့် အတူတူ လမ်းလျှောက်ရတာလဲ... သူ အတော် ထိတ်လန့်သွားရသည်။ 


သူတို့နှစ်ဦးသည် အစောင့်များနှင့်အတူ ရှေ့သို့ ဆက်လျှောက်လာသည်ကို မြင်လိုက်ရသဖြင့်၊ သဘာဝလွန်စွမ်းအားများဖြင့် ချုပ်နှောင်ထားသကဲ့သို့ သူတို့နောက်သို့ လိုက်သွားမိသည်။ 


"တာအိုဆရာက ဒဏ်ရာရသွားတာလား" 


ပန်းဟွာသည် ရုံရှား နောက်သို့ လိုက်ရင်း ရင်ခုန်စရာကောင်းသော ဇာတ်လမ်းကို နားထောင်နေရတာကြောင့် မျက်လုံးလေးပြူးကာ အံ့ဩဟန်ဖြင့် မေးခွန်းထုတ်နေလေသည်။  


"ဘာဖြစ်တာလဲ၊ သူ့စီနီယာ သိုင်းအစ်ကိုက သူ့ကိုကယ်ဖို့လာတာလား၊ ဒါမှမဟုတ် သူ့ဂျူနီယာ သိုင်းညီမက သူ့ကိုကယ်ဖို့လာတာလား"


ရုံရှားက "သူ့ရဲ့စေ့စပ်ထားတဲ့ မိန်းကလေးက လာကယ်တာ....စေ့စပ်ထားတဲ့ မိန်းကလေးရောက်လာတဲ့အခါ၊ထျန့်ရှန်းမှာ နှင်းတွေ အရမ်းကျနေတယ်၊တစ်ကမ္ဘာလုံးက အဖြူတွေချည်းပဲ..."


သူမ ရုံရှားကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။ "ဟင်....တာအိုဆရာမှာလည်း စေ့စပ်ထားသူရှိသလား"


"ဟုတ်တယ်၊တာအိုဘာသာက တချို့ကျောင်းတွေက ဆရာတွေကို လက်ထပ်ခွင့်ပေးတယ်" 


ရုံရှားသည် သူတို့ရှေ့တွင် မြင်းလှည်းတစ်စီးလာနေသည်ကို တွေ့လိုက်ရ၍ ပန်းဟွာအား သတိပေးလိုက်၏။

"သတိထားပါ"


 "ရပါတယ်"  


မြင်းလှည်းပေါ်တွင် မင်းသားဟွေ့ စံအိမ်၏ သင်္ကေတကို အဖြူရောင် အထည်ဖြင့် ချည်နှောင်ထားကြောင်း ပန်းဟွာ မြင်လိုက်သည်။ထို့ကြောင့် မြင်းလှည်းအတွင်းပိုင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။


မြင်းလှည်းက သူတို့ရှေ့မှာ ရပ်သွားပြီး မကြာမီ ကန့်လန့်ကာပွင့်လာကာ၊ ပိတ်ချောဖြင့် ပြုလုပ်ထားသည့် ဝမ်းနည်းခြင်းအဝတ်အစားများ ဝတ်ဆင်ထားသော ခန်းနင်ကျွင်းကျူးအား တွေ့ရလေသည်။ 


 "ပန်းဟွာကျွင်းကျူးနဲ့ မြို့စားမင်းရုံတို့ကို နှုတ်ခွန်းဆက်သပါတယ်၊ ကျွန်မ အရမ်းဝမ်းနည်းပူဆွေးနေလို့ သေချာမနှုတ်ဆက်နိုင်တဲ့အတွက် ခွင့်လွှတ်ပါ" 


ခန်းနင်က သူတို့နှစ်ယောက်ကို မေးဆတ်ပြရင်းပြောလိုက်သည်။ သူတို့ နှစ်ယောက် အတူတူ ရှိနေသည်က မထူးဆန်းသလိုပုံစံမျိုးဖြင့်၊ ဖြူဖပ်ဖြူရော် မျက်နှာပေါ်တွင် ယဉ်ကျေးပျူငှာသော အပြုံးတစ်ခု ရှိနေသည်။


ပန်းဟွာက နှုတ်ခွန်းဆက်စကား ပြန်ပြောသည်။  


"ကျွင်းကျူး အရမ်းပိန်သွားတယ်နော်၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ"  


ပန်းဟွာသည် ဤမိသားစုကို မနှစ်မြို့သော်လည်း၊ နေ့ချင်းညချင်း ဆုံးရှုံးသွားသည့် ခန်းနင်ကို ကိုယ်ချင်းစာမိသည်။ဧကရာဇ်နှင့် ဧကရီကလည်း သူမကို မနှစ်မြို့သော်လည်း၊နန်းတော်ထဲသို့ ခေါ်ထားပေးသည်။ခန်းနင် ကြည့်ရသည်မှာ သနားစရာကောင်းနေသောကြောင့် သူမ၏ လေသံမှာ အလွန်ပျော့ပြောင်းသွားရသည်။


 "ကျေးဇူးတင်ပါတယ် ပန်းဟွာကျွင်းကျူး"  


ခန်းနင်၏ ဖြူလွလွမျက်နှာပေါ်တွင် ရိုးသားသော အပြုံးတစ်ခုပေါ်လာသည်။ ယုတ်ညံ့တတ်သော လူ့သဘောသဘာဝကို သူမ ခံစားခဲ့ရပြီးနောက်၊ယခင်က သူမ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များသည် အိမ်မက်တစ်ခုသာဖြစ်ကြောင်း သိလိုက်သည်။သူမ၏ လက်ရှိဘဝသည် အမှန်တကယ်ပင်  နာကျင်စရာကောင်းလှ၏။ ယခင်က သူမ၏ သူငယ်ချင်းများ၊သူမကို ပိုးပမ်းနေသော သခင်လေးများသည် ယခု သူမကို မြွေတစ်ကောင်လို၊ သို့မဟုတ် ကင်းမြီးကောက်တစ်ကောင်လို ရွံရှာမုန်းတီးကာ ရှောင်ရှားလာကြသည်။ သူမ အနားနေမိလျှင်ပင် သူတို့ထံသို့ ကံဆိုးခြင်းများ ယူဆောင်လာမလိုပင်။


 လမ်းတစ်လျှောက်တွင် သူမနှင့် ရင်းနှီးသူများအား တွေ့ဆုံခဲ့ရသော်လည်း သူတို့က သူမကို လုံးလုံးမသိသလို ရှောင်သွားခဲ့သည်။သို့သော် ပန်းဟွာကမူ သူမကို ပုံမှန်အတိုင်း ဆက်ဆံနေ၏။ သူမကို သနားနေပုံရသည်။ယခင်ကဆို သူမအား တခြားလူများက သနားကြသည်ကို သူမ မုန်း၏။သို့သော် ယခုချိန်မှာတော့၊ သူမကို သနားမည့်သူ ရှားပါးနေသဖြင့် အထူးအဆန်းသဖွယ်ဖြစ်နေတော့သည်။


သူမ ရုံရှားကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် ကန့်လန့်ကာကို ပြန်ချလိုက်သည်။သူသည် သူမ လိုချင်တပ်မက်နိုင်သော လူမဟုတ်တော့။သူနှင့်ခွဲခွာရန် တွန့်ဆုတ်နေမည့်အစား၊ သူ့ကို တစ်ခါမျှ မတွေ့ဆုံဖူးသလို... သူ့ကို တစ်ခါမှ မချစ်ဖူးသလို ဟန်ဆောင်ခြင်းက ပိုကောင်းသည်။


မြင်းလှည်းထွက်သွားသည်ကိုကြည့်ရင်း၊ခန်းနင်၏ မြင်းလှည်းကို မြင်းလေးကောင်သာ ဆွဲသည်ကို ပန်းဟွာ  သတိထားမိသွားသည်။ထို့အပြင် မြင်းလေးကောင်သည် မြင်းမျိုးကောင်းများ မဟုတ်။ချက်ချင်း မြင်းတင်းကုပ်မှ ဖယ်ရှားပစ်ရမည့် မြင်းအိုများလို ချိနဲ့နေ၏။ 


"လက်ဖက်ရည်ဆိုတာ သောက်မဲ့သူ မရှိရင် အေးစက်သွားတတ်တာမှန်ပေမယ့် နည်းနည်းလွန်လွန်းတယ်မဟုတ်လား၊သူမလို အရမ်းလှပြီး ပြီးပြည့်စုံတဲ့ မိန်းကလေးက  ရက်ပိုင်းအတွင်းမှာ ဒီလိုဖြစ်သွားခဲ့တာလေ"


ရုံရှားသည် ပန်းဟွာ၏စကားကိုကြားသောအခါ၊ ဆောင်းဦးအမဲလိုက်ပွဲတွင် ခန်းနင်ကျွင်းကျူးနှင့် ပန်းဟွာတို့ ရန်ဖြစ်ခဲ့သည်ကို သတိရမိသည်။သို့သော် သူမဘက်ကမူ ခန်းနင်အပေါ် ရန်ငြိုးဖွဲ့ထားပုံမပေါ်ချေ။


ပန်းဟွာက ရုံရှား မျက်နှာအမူအရာကိုကြည့်ပြီး သူ ဘာတွေးနေမှန်း တန်းသိလိုက်၏။


 "ဖြစ်တဲ့နေရာမှာတင် ချက်ချင်း လက်စားချေရရင် ကျွန်မက ရန်ငြိုးဖွဲ့မနေတတ်ဘူး၊ပုံမှန်ဆို ကျွန်မ လက်စားမချေခဲ့ရတဲ့သူကိုပဲ စိတ်ထဲမှာ တေးမှတ်ထားတာ"


ရုံရှား တိတ်ဆိတ်သွားပြီး ထိုစကားက ကျိုးကြောင်းဆီလျော်လွန်းသည်ဟု တွေးမိ၏။


 "လက်စားချေဖို့ အချိန်မရှိခဲ့တဲ့ ရန်ငြိုးမျိုးရော မင်းမှာ ရှိသလား"  


ရုံရှား သူ့လက်ကို နောက်ပစ်ထားရင်း မေးလိုက်သည်။ သူသည် လူကြီးလူကောင်းတစ်ယောက်လို ပြုမူနေသော်လည်း သူ့ပါးစပ်မှ ထွက်လာသော စကားများက ယဉ်ကျေးသိမ်မွေ့ခြင်း လုံးဝမရှိပေ။ 


 "ပြောပါ ၊ ကိုယ်က မင်းကို နည်းလမ်းတစ်ခု စဉ်းစားပေးမယ်"


  "ဒါ...ရှင့်လို လူကြီးလူကောင်း တစ်ယောက် လုပ်သင့်တာမျိုး မဟုတ်ဘူးလေ"


ရုံရှား ဟက်ကနဲရယ်မောလိုက်သည်။


 "ကိုယ်က လူကြီးလူကောင်းမဟုတ်ဘူး....လူကြီးလူကောင်းတစ်ယောက်ဖြစ်ရခြင်းရဲ့တန်ဖိုးက ကိုယ့် သဘောကျတဲ့လူကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် ၊လူကြီးလူကောင်းဆိုပြီး နာမည်ကျော်ကြားနေတော့ရော ဘာထူးမှာလဲ"


 "ဒါဆို ကျွန်မ တကယ်ပြောမယ်" 


ပန်းဟွာက သူမစကားကို ဘယ်သူမှမကြားနိုင်မှန်း သေချာအောင် ဘေးဘီကို လှည့်ကြည့်ကာ ပါးစပ်ကို အုပ်ပြီး တီးတိုးလေးပြောလိုက်၏။


 "ရှဲ့မိသားစု၊ ရှစ်မိသားစုနဲ့ ယင်းမိသားစုထဲက လူတချို့ကို ကျွန်မ မကြိုက်ဘူး" 


သူမ၏ မိခင်အရင်းဘက်မှ မျိုးနွယ်အား ဘာကြောင့် မနှစ်မြို့ရသလဲဆိုသည်ကို ရုံရှား မမေးခဲ့ပေ။


"ရှဲ့မိသားစုက ဘယ်ကိစ္စမဆို ကောင်းကောင်းမကိုင်တွယ်တတ်ဘူး၊ရှစ်မိသားစုက သူတို့ရဲ့ အောင်မြင်မှုတွေကြောင့် မာနကြီးကြတယ်၊ ယင်းမိသားစုကတော့ သူတို့အကျိုးအမြတ်ကိုပဲ အာရုံစိုက်တယ်၊ သူတို့အားလုံးမှာ အားနည်းချက်တွေရှိတယ်၊ အဲဒါတွေကို မင်း မကြိုက်တာ အံ့သြစရာမဟုတ်ပါဘူး"


 ယောက်ျားကောင်းတစ်ယောက်အနေနှင့် မိန်းကလေးက တစ်ယောက်ယောက်ကို မကြိုက်ဘူးဟု  ပြောလာလျှင် ၊ဘာကြောင့်မကြိုက်ရသလဲဆိုသည့် အကြောင်းပြချက်ကို ဘယ်တော့မှ မမေးသင့်ပေ။သူကလည်း ထိုနည်းတူပင် ထိုမိသားစုများ၏ ကောင်းချက်များအား တစ်ခွန်းမှမဟပေ။ မီးထဲကိုသာ လောင်စာထည့်လိုက်သည်။ ထက်မြက်သော အမျိုးသားများသည် အကြံတူသူနှင့် ပေါင်း၍ ဘုံရန်သူကို တိုက်ထုတ်ခြင်း ဆိုသည့်သဘောသဘာဝကို နားလည်ကြသည်။ထို့ကြောင့် သူလည်း ထိုမိသားစုများအပေါ် အာဃာတမရှိသော်လည်း တစ်ဖက်သား၏ ချို့ယွင်းချက်အသေးအမွှားတို့ကို ရွေးထုတ်ပြီး၊ပန်းဟွာအလိုကိုသာ လိုက်သင့်သည်။


ရုံရှား၏ သဘောထားကို ပန်းဟွာအလွန်သဘောကျသွားသည်။   "တကယ်တော့ သူတို့ကို အရမ်းကြီးမုန်းတီးနေတာတော့ မဟုတ်ပါဘူး၊ ရှဲ့ဝမ်ယွီက ကျွန်မကို အမြဲတမ်း လိုက်ညစ်နေတာပဲ၊ ရှစ်ဖေးရှန့် ဆိုလည်း အကျင့်မကာင်းဘူး၊ ယင်းမိသားစုကကျတော့...အင်း သူတို့အကြောင်းပြောလို့လည်း ဘာမှမထူးပါဘူးလေ"


ရုံရှားက ပန်းဟွာ စကားကို ပြုံးပြုံးလေး နားထောင်လျက်ရှိသည်။ ခဏကြာသော်၊ သူတို့နှစ်ယောက် ခေါက်ဆွဲဆိုင်ကို ရောက်သွားသည်။ ခေါက်ဆွဲဆိုင်က အကြီးကြီးမဟုတ်သော်လည်း၊ ဆိုင်ထဲမှာ အလွန်သန့်ရှင်းနေသည်။ပရိဘောဂများကလည်း သပ်ရပ်သည်။ စားပွဲတစ်ခုစီကြားတွင် ရိုးရှင်းသော ခန်းဆီးတစ်ခု ကာထားခြင်းကြောင့် စားသုံးသူများအချင်းချင်း မမြင်နိုင်ပေ။ 


 "ဒီမှာ သီးသန့်အခန်း မရှိဘူး၊ ဟွာဟွာ အဆင်ပြေတယ်မလား"  ရုံရှားသည် ပန်းဟွာ၏ လက်မောင်းကို အသာကိုင်ထားသည်။  "သတိထားသွားနော်၊ ဒီမှာ နည်းနည်းစိုနေတယ်"


 "မြို့စားမင်းရုံ၊‌ ရောက်လာပါပြီလား" 


စားပွဲထိုးက ရုံရှားကိုတွေ့သော် ချက်ချင်း ပြုံးပြပြီး နှုတ်ဆက်သည်။  သူ့ဘေးမှာ ချောမောလှပသည့် မိန်းကလေးတစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရ၍ စားပွဲထိုး၏ အပြုံးက ပို၍ပင် တောက်ပလာခဲ့၏။  


"ကျေးဇူးပြုပြီး ဒီကိုလာပါ၊ အမဲသားခေါက်ဆွဲပြုတ်စားလို့ရပါတယ်"


 "မဟုတ်ပါဘူး၊ ဒီနေ့ ဟင်းရွက်ခေါက်ဆွဲပြုတ် နှစ်ပန်းကန် ပေးပါ၊ တခြားစောင့်တွေကိုတော့ အမဲသားခေါက်ဆွဲပြုတ် ပေးလိုက်ပါ" ရုံရှား ခဏလောက်စဉ်းစားလိုက်ရင်း "နောက်ပြီး အရံဟင်းနည်းနည်း ပေးပါ၊ ဆီအများကြီး မသုံးပါနဲ့"


ရုံရှား ဘေးနားရှိ အမျိုးသမီးငယ်သည် ရိုးရိုး ဗြောင်ထည်အဝတ်အစားများဝတ်ထားသည်ကို စားပွဲထိုးကမြင်သောအခါ ချက်ချင်းသဘောပေါက်သွား၏။


"စိတ်မပူပါနဲ့၊ ဆီအများကြီးမသုံးပါဘူး"


ပန်းဟွာ နှင့် ရုံရှား သည် ခန်းဆီးနောက်ကွယ်ရှိ သစ်သားစားပွဲဆီသို့ လျှောက်လာပြီး ထိုင်လိုက်သည်။ တုကျိုး နှင့် ရူရီကလည်း သူတို့နောက်ကို အတူတူလိုက်ကြပြီး ကျန်လူများအားလုံးက တခြားအခန်းကိုသွားကြ၏။


သူတို့နှစ်ယောက် ထိုင်ပြီးသည်နှင့်၊တခြားသူများ၏ စကားသံကို ကြားလိုက်ရသည်။ ရှဲ့မိသားစုနှင့် တော်ဝင်မိသားစုတို့၏ လက်ထပ်ပွဲအကြောင်း ပြောနေကြခြင်းပင်။


 "ရှဲ့မိသားစုထဲက မိန်းကလေးက နည်းနည်းထူးဆန်းတယ်လို့ မထင်ဘူးလား၊သူမ ဒုတိယမင်းသားနဲ့ စေ့စပ်ပြီးကတည်းက ဧကရာဇ်မိသားစုက ဒုက္ခရောက်တယ်၊ တော်ဝင်မင်းသမီး လုပ်ကြံခံရပြီး မင်းသားဟွေ့ နဲ့ ဇနီးလည်း ညဉ့်နက်သန်းခေါင်မှာ မီးလောင်သေဆုံးသွားတာ ထူးဆန်းတယ်မဟုတ်လား”


xxxxx