အပိုင်း၆၄
Viewers 4k


Chapter. 64


ခေါက်ဆွဲပြုတ်တစ်ပန်းကန်စားဖို့ ထွက်လာရင်း ယခုလို အတင်းအဖျင်းစကားများ ကြားရမည်ဟု ပန်းဟွာ မထင်မှတ်ထားပေ။ပြန်တွေးကြည့်ပါက၊ ရှဲ့ဝမ်ယွီသည် စေ့စပ်ကြောင်းလမ်းခြင်း သုံးကြိမ်တိုင်တိုင် ပြတ်တောက်ရသည့်သူမကို ဂြိုလ်ဆိုးမဟု ပြောဆိုကာ လှောင်ပြောင်ခဲ့၏။ ယနေ့လိုမျိုး ရှဲ့ဝမ်ယွီကိုယ်တ်ိုင်က တခြားသူများထံမှ အခြေအမြစ်မရှိဘဲ သတင်းမှားအပြောခံရမည့်နေ့ ရှိလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိပေ။


တစ်ဖက်ဝိုင်းမှ ပြောနေကြသည့် စကားသံများသည်  သူမ၏ အဘွားဖြစ်သူအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုနှင့် ဆက်စပ်နေသောကြောင့် သူမ မျက်မှောင်ကြုတ်မိသည်။ မီးထဲသို့ လောင်စာထည့်ကာ တစ်စိတ်ကိုတစ်အိတ် လုပ်နေကြသူများပင်။ 


ရှဲ့ဝမ်ယွီ မွေးဖွားစဥ်က၊ ဆိုးရွားသော နိမိတ်တစ်ခုဖြစ်လာသည်ဟု ဆိုသည်။ရှဲ့ဝမ်ယွီ၏ မွေးသက္ကရာဇ်ကလည်း ကံဆိုးစေသည်ဟု ပြောနေကြသည်။တချိန်က ကျုံးဖျင်နယ်စားမင်း၏ ဇနီးသည် သူမကိုမွေးဖွားပြီးချင်း မီးတွင်းထဲမှာ သေဆုံးသွားခဲ့သည်။သူမ အသက် သုံးနှစ်တွင် အဘိုးနှင့်အဘွားတို့ ဆက်တိုက်ဆိုသလို တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့သည်။


 သုံးနှစ်လေ.. သုံးရက် မဟုတ်ဘူး။  ရှဲ့ဝမ်ယွီနဲ့ ဘာဆိုင်လို့လဲ။  


ပန်းဟွာ သူတို့အတွေးအခေါ်က လွဲချော်နေသည်ဟု ခံစားမိသည်။ နေရာတိုင်းတွင် သံသယဖြစ်ဖွယ်ဟာကွက်များရှိနေသော်လည်း၊အားလုံးက ထိုဟာကွက်များကို လျစ်လျူရှုထားသည်။


 " ဧည့်သည်တော် ခင်ဗျာ...ခေါက်ဆွဲရပါပြီ"


ဆီမထည့်ခိုင်းသောကြောင့် မူလဟင်းရည်ကိုပင် မပြက်ဆင်ထားပေ။ စားဖိုမှူးသည် အနံ့ အရသာရှိပြီး ဆီနည်းသော ဟင်းရွက်ခေါက်ဆွဲ ပန်းကန်နှစ်လုံးကိုသာ အထူးပြင်ဆင်ထားခဲ့သည်။


ပန်းဟွာ ဟင်းရည်ကို မြည်းစမ်းကြည့်၏။ အရသာက သိပ်မကောင်းသော်လည်း၊ အိမ်မှာစားရသည့် ရေလုံပြုတ်များထက်  မဆိုးပေ။ ဟင်းချိုကသာ အရေးကြီးဆုံးဖြစ်ကြောင်းကို သူမနားလည်သည်။  အသားစွပ်ပြုတ်မဟုတ်၍ ခေါက်ဆွဲအရသာ ပျက်မသွားအောင် ချက်ထားသည်ကပင် ချီးကျူးစရာကောင်းလှသည်။


ဤသည်ကို ရုံရှားလည်း သတိထားမိဟန်တူ၏။  "တောင်းပန်ပါတယ်၊ကိုယ်က မင်းကို အပြင်ထွက်ပြီး တစ်ခုခုစားစေချင်တာပါ၊ ဟင်းချိုကိုလည်း ပြောင်းချက်မယ်ဆိုတာ ကိုယ် မသိဘူး၊ခုတော့ အရသာက သိပ်မကောင်းဘူးဖြစ်နေပြီ"


ပန်းဟွာက ခေါင်းခါရင်း 


 "မဟုတ်ပါဘူး၊ ခေါက်ဆွဲက အရမ်းကောင်းပါတယ်၊ စားဖိုမှူးက ကျွမ်းကျင်တာတော့အမှန်ပါပဲ"


ရုံရှား ပြုံးလိုက်သည်။  


"ဒီခေါက်ဆွဲပြုတ်စားသောက်ဆိုင်က စွပ်ပြုတ်နဲ့ ခေါက်ဆွဲတွေကြောင့် နာမည်ကြီးတာ၊ ဒီဆိုင်က ရွှယ်ကျိုး ကနေ မြို့တော်ကို ပြောင်းလာတာ ရာစုနှစ်တစ်ခုရှိပြီ"


 "ရွှယ်ကျိုး"  


ရွှယ်ကျိုးက သူမနှင့် ရင်းနှီးနေသည်ဟု နဂိုကတည်းက ပန်းဟွာ ခံစားခဲ့ရသည်။ သို့သော် ရင်းနှီးမှုသာရှိပြီး ရွှယ်ကျိုး ဘယ်မှာရှိမှန်း သူမ မသိချေ။


 "ဟုတ်တယ်၊ ရွှယ်ကျိုးက ဂျုံထွက်တယ်၊ရွှယ်ကျိုး မှာရှိတဲ့ လူတော်တော်များများက ခေါက်ဆွဲလုပ် တော်ကြတယ်လေ၊ဒီမိသားစုက နှစ်ရာနဲ့ချီပြီး ခေါက်ဆွဲလုပ်နည်းကို အမွေဆက်ခံလာကြတာ ဆိုတော့ မြို့တော်မှာရှိတဲ့ ခေါက်ဆွဲတွေထက် ပိုအရသာရှိတယ်"  


ရုံရှားသည် စားသောက်ဆိုင်ရှိ  ဟင်းလျာအား ပန်းဟွာ နှစ်သက်သည်ကို တွေ့လိုက်ရသည်။ထို့ကြောင့်၊ တုကျိုးအား စားပွဲထိုးခေါ်ခိုင်းပြီး နောက်ထပ် ဟင်းနှစ်ပွဲ ပို့ပေးရန် ပြောစေခဲ့သည်။


 "ဒါကြောင့် မိန်းကလေးတစ်ယောက်ဟာ မွေးကတည်းက စရိုက်မကောင်းရင်၊ ခင်ပွန်းနဲ့ မိသားစုအတွက် ကံကြမ္မာဆိုးတွေ ကြုံလာစေရင် သူမ သီလရှင်ကျောင်းကိုပဲ သွားသင့်တယ်၊ အိမ်မှာနေပြီး တခြားသူတွေကို ဒုက္ခမပေးသင့်ဘူး"  


ရှဲ့ဝမ်ယွီ အကြောင်း အတင်းအဖျင်းပြောနေသူတစ်ဦးသည် သူ့ကိုယ်သူ ဂုဏ်ယူနေပုံရပြီး မြို့တော်ရှိ ရှဲ့မိသားစု၏ အဆင့်အတန်းကို မေ့သွားကာ ထိုကဲ့သို့သော စကားပင်ပြောခဲ့သည်။


ပန်းဟွာ တူကို စားပွဲပေါ်ပစ်ချလိုက်ပြီး ခါးမှာချည်ထားသော မြင်းကြာပွတ်ကိုဖြုတ်ကာ မတ်တပ်ထရပ်၍ အနီးနားရှိ ခန်းဆီးကို ဆွဲဖွင့်လိုက်သည်။


ခန်းဆီးကို ဆွဲဖွင့်ပြီးနောက် စကားပြောနေကြသော လူများသည် အသက်နှစ်ဆယ်၊ သုံးဆယ်ကျော်ခန့်ရှိ ယောက်ျားများ ဖြစ်ကြောင်း တွေ့လိုက်ရသည်။သူတို့သည် ပညာတော်သင်များလို ၀တ်ဆင်ထားကြသည်။ သူတို့ဝတ်ရုံများမှာ ဟောင်းနွမ်းပြီး ဖရိုဖရဲ ဖြစ်‌နေကြသည်။ သူတို့ရှေ့က စားပွဲပေါ်မှာ ခေါက်ဆွဲပြုတ်ပန်းကန်အနည်းငယ်ကလွဲ၍ အရံဟင်းများပင် မရှိချေ။


 "ရှင်တို့ကို အရမ်းကြီးကျယ်ခမ်းနားတဲ့ ဝန်ကြီးတချို့လို့ ကျွန်မ ထင်ခဲ့တာ၊ခုတော့ အတင်းပြောနေကြတာက ဆင်းရဲတဲ့ ပညာတော်သင်တွေပါလား...ရှင်တို့က ပညာတတ်တဲ့သူတွေပဲ၊ ကိုယ်ကျင့်တရားနဲ့ သီလဆိုတာကို သိသင့်တယ်၊လူကြီးလူကောင်းဆိုတာ သူများမကောင်းကြောင်းကို ကွယ်ရာမှာမပြောတတ်ကြဘူးလို့ ရှေးလူကြီးတွေက ပြောကြတယ်၊အခုကြည့်စမ်း ရှင်တို့က စားသောက်ဆိုင်နှာ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို နောက်ပြောင်ပြောဆိုနေတာပဲ၊ ရှင်တို့က အကျင့်သိက္ခာလည်းမရှိဘူး၊ဒါကြောင့်လည်း ဒီလိုအဆင့်မှာရှိနေတာ အံ့သြစရာမဟုတ်ဘူး"


မိန်းကလေးငယ်တစ်ယောက် ဖြစ်သော ပန်းဟွာသည် ခန်းဆီးကို ဆွဲဖွင့်ကာ၊သူတို့အား ညံ့ဖျင်းသော ပညာတော်သင်များဟူ၍ လှောင်ပြောင်ခံရသောအခါ သူတို့ ချက်ချင်းပင် ရှက်ရွံ့ဒေါသဖြစ်ခဲ့ကြသည်။ အထူးသဖြင့် စောစောက ကျယ်ကျယ်လောင်လောင် ပြောနေသူက မတ်တတ်ထရပ်ပြီး အေးစက်စွာပြောလာသည်။


 "ငါတို့ ပညာတော်သင်တွေအကြောင်း မင်းလို အောက်တန်းကျတဲ့ မိန်းမက ဘာသိလို့လဲ၊ ငါက လက်ရှိ မင်းဆက်ရဲ့ ပညာတော်သင်တစ်ယောက်ပဲ၊မင်း ဘာလို့ ငါတို့ကို မြန်မြန် မတောင်းပန်တာလဲ"


"ရှင်တို့ကိုယ်ရှင်တို့ဘယ်သူလို့ထင်လဲ၊ ကျွန်မက ရှင်တို့ကို တောင်းပန်ဖို့ထိုက်တန်လို့လား"  


ပန်းဟွာက စားပွဲကို ဖြန်းကနဲနေအောင် ကြာပွတ်နှင့်ရိုက်ချလိုက်ရာ၊ သစ်သားစားပွဲ၏ မျက်နှာပြင်မှာ နက်နဲသည့်အမှတ်အသားတစ်ခု ပေါ်လာသည်။ချက်ချင်းဆိုသလို ပညာတော်သင်များ ထိတ်လန့်တုန်လှုပ်သွားကြသည်။ပန်းဟွာနှင့် အနီးစပ်ဆုံး ပညာတော်သင်ကအသိပြန်ဝင်လာပြီး ကြာပွတ်ကို ဖမ်းဆွဲလိုက်သည်။


ပန်းဟွာက အေးစက်စွာဖြင့် “ဘုရင်မင်းမြတ်က ဒီကြာပွတ်ကို ကျွန်မကို ပေးခဲ့တာ၊ ဘယ်သူကများ လာထိဝံ့သလဲ"


 ကြာပွတ်ကို ဖမ်းဖို့ ရောက်လာသည့် ပညာတော်သင်ခမျာ ကြောက်လွန်း၍ မလှုပ်ရဲတော့။ဤကလေးမလေးသည် သာမာန်သာ ဝတ်စားဆင်ယင်ထားပြီး မိတ်ကပ်တောင် မလိမ်းထား၍  သူမကို သာမာန်လူဟုသာ ထင်မိနေခြင်းပင်။ယခုမှ  အနီးကပ်ကြည့်လိုက်ရာ၊သူမပုံစံလေးက ထူးခြားနေမှန်းသတိပြုလိုက်ရ၏။  လူအများရှေ့တွင်ပင် ကြာပွတ်ကို ဧကရာဇ်က ပေးအပ်ခဲ့ကြောင်း ပြောသည်။ ဆုချသည် ဟူသော စကားလုံးကိုပင် မသုံးခဲ့သဖြင့် သူမအဆင့်အတန်းက ထူးကဲနေမှန်း သိသာသည်။


 ပညာတော်သင်တို့ တိတ်တဆိတ်နောင်တရခဲ့ကြသည်။သူတို့အားလုံးသည် မြို့တော်တွင် အခြေခံ တော်ဝင်စာမေးပွဲကိုပင် ကျရှုံးထားကြသူများပင်။သူတို့မှာ ဘာမှလုပ်စရာမရှိသလို လက်ထဲမှာလည်း ပိုက်ဆံသိပ်မရှိတာကြောင့် အချိန်ကုန်သွားအောင် စုပြီး စကားစမြည်ပြောကြခြင်းသာ။


ဒီလိုအဆင့်အတန်းမြင့်မြတ်တဲ့ လူနဲ့တွေ့မယ်လို့ ဘယ်သူကထင်မှာလဲ။ သူမကိုကြည့်ရတာ ရှဲ့မိသားစုနဲ့ ဆက်ဆံရေးရှိပုံရတယ်၊ သူတို့ ဘာလုပ်သင့်သလဲ။


"မိန်းက‌လေးက ဘယ်မိသားစုကဆိုတာ သိနိုင်မလား"  


ရုပ်ရည် အသန့်ပြန့်ဆုံး ပညာတော်သင်လူငယ်တစ်ယောက်က မတ်တပ်ထရပ်ပြီး ပန်းဟွာကို ဦးညွှတ်လိုက်သည်။လောလောဆယ် သူမ စိတ်‌ဆိုးမှာစိုး၍   အလွန်ယဉ်ကျေးစွာ ပြုမူနေကြသည်။


 "ရှင်နဲ့ ဘာဆိုင်လို့လဲ၊ ကမ္ဘာပေါ်က ပညာတော်သင်အများစုဟာ စာကောင်းကောင်းဖတ်တတ်ကြတယ်၊ သူတို့တွေက ယဉ်ကျေးပြီး ကြင်နာတတ်တဲ့ လူကြီးလူကောင်းတွေပဲ၊ဒါကြောင့် ရှင်တို့ကိုယ်ရှင်တို့ ပညာတော်သင်လို့ ခံယူထားပြီး ဘာလို့ ဒီလောက်ကြမ်းကြမ်းတမ်းတမ်းပြောရတာလဲ၊ ဒီစကားတွေက တခြားပညာရှိတွေရဲ့ ဂုဏ်သိက္ခာကို ပျက်ပြားစေတယ်"


ပန်းဟွာသည် ရှဲ့ဝမ်ယွီကို မကြိုက်သော်လည်း ထိုစကားမျိုးကို သူမ မကြားလိုပေ။ သူတို့သည် သူမကိုလည်း စေ့စပ်ပွဲပျက်ရသည့်အတွက် ဂြိုလ်ဆိုးမဟု ပြောခဲ့သူများပင်ဖြစ်ရမည်။သူတို့စကားကို အယုံလွယ်ကြသူများ၏ အထင်ကြီးခြင်းခံရသည်ကို နှစ်သက်ကြခြင်းသာ။


 လူအုပ်ကြီးထဲတွင် ပညာရှင်အချို့က  တိတ်တဆိတ်စောင့်ကြည့်နေကြသည်။ အစက အနှီမိန်းကလေးက ပညာရှင်တို့အား ရိုင်းစိုင်းစွာ ပြုမူနေသည်ဟု  ထင်ခဲ့ကြသော်လည်း၊ သူမ၏ ကျိုးကြောင်းဆီလျော်သော စကားတို့အား ကြားပြီးနောက်တွင်၊သူမသည် ဝေဖန် ပိုင်းခြားနိုင်စွမ်းရှိသူဖြစ်ကြောင်း သိလာကြသည်။ သူမသည် သတ္တိရှိပြီး ရဲရင့်သည်။ အမှန်တစ်ကယ်ပင် ချီးမွမ်းထိုက်သော အမျိုးသမီးတစ်ဦးဖြစ်သည်။


 "ဒီမိန်းကလေး ပြောတာမှန်တယ်"  


ထိုစဉ် သန့်ရှင်းသပ်ရပ်သော အဝတ်အစားများနှင့် ပုဝါတစ်ထည် လည်ပင်းမှာ ပတ်ထားသည့် လူတစ်ယောက် လူအုပ်ထဲမှ ထွက်လာသည်။


"ကျွန်တော်တို့က ပညာရှိတွေမို့လို့ ကဗျာနဲ့ စာပေရဲ့ကျင့်ဝတ်ကိုပဲ လေ့လာသင့်တယ်၊ ဒါဟာ ပညာရှိတို့ရဲ့ လမ်းစဉ်ပါပဲ၊အမျိုးသမီးတွေကို  အတင်းအဖျင်းပြောတာက လူကြီး လူကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ပါဘူး"


လူတစ်​​ယောက်​ မတ်​တပ်​ရပ်​လိုက်​သည်​နှင့်​ တခြားသူများလည်း ထောက်ခံကြ၏။ လူကြားထဲမှာ ဘယ်သူက လူကြီးလူကောင်း မဖြစ်ချင်ဘဲ နေမလဲ။  အရင်က သူတို့လည်း တခြားလူတွေကို အတင်းအဖျင်းပြောဖူးတာတောင်မှ၊အခုလို လူကြားထဲမှာ သိက္ခာရှိတယ်ဆိုပြဖို့  မိန်းမတွေအကြောင်း အတင်းအဖျင်းပြောနေကြတဲ့ ပညာရှိတွေနဲ့ ဘယ်ပေါင်းချင်ပါ့မလဲ…


ယခုလိုအခြေအနေမျိုး ကြုံလာရ၍  အတင်းအဖျင်းပြောနေကြသည့် ပညာရှိတို့မှာ နည်းနည်းတော့ ရှက်သွားကြသည်။အထူးသဖြင့် မိန်းကလေးတစ်ယောက်ထံမှ သိက္ခာအချခံလိုက်ရ၍ ရှက်ရွံ့ကာ အောင့်သက်သက်ဖြစ်သွားရလေသည်။ထိုစဉ် လုအုပ်ထဲမှ လူတစ်ယောက်က ဒေါသထွက်သလိုပုံနှင့် ပန်းဟွာအား "ဟုတ်ပါတယ်၊ ကျွန်တော်တို့ပြောတာတွေက မသင့်လျော်ပါဘူး၊ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပါ့မယ်၊ ဒါပေမယ့် မင်းကလည်း မိန်းမတစ်ယောက်အနေနဲ့ မိဘတွေကို ပြုစုဖို့ အိမ်မှာပဲ နေပါလား၊ ဘာလို့ အခုလို လူကြားထဲမှ  မိန်းကလေးဖြစ်ပြီး ဝင်ရှုပ်တာပါလဲ"


ရန်ထောင်လိုသော စကားကြောင့် ကျန်အဖော်များအားလုံး ရှက်သွားကြသည်။ဟာ ဒီကောင်မလေးက သာမာန်လူမဟုတ်ဘူး..မင်း ဘာလို့ ဒီလိုပြောတာလဲ...ငါတို့ ဒုက္ခရောက်သွားလိမ့်မယ်.... 


 "ဖြန်း.."


ပန်းဟွာသည် ခေါင်းမာသော လူညံ့တစ်ယောက်နှင့် အချိန်ကုန်ဆောင် စကားဆက်မပြောချင်တော့။သူမ ကြာပွတ်နှင့် ထိုလူကိုတီးလိုက်ရာ ထိုလူး စူးကနဲ အော်ဟစ်ပြီး ချက်ချင်း ကြမ်းပြင်ပေါ် လဲကျသွားသည်။ငိုယိုအော်ဟစ်နေသူကြောင့် သူမ ပို၍ပင် အထင်အမြင်သေးသွား၏။ရှန်းယွီကို သူမ ရိုက်နှက်ခဲ့စဉ်ကတောင် သူ့လို လူးလှိမ့်ပြီးငိုယိုမနေခဲ့ပေ။


 ဒါကိုများ သူ့ကိုယ်သူ ပညာတတ်တဲ့လား... ရယ်စရာကောင်းတယ်။


ပန်းဟွာ၏ လုပ်ရပ်ကြောင့် လူတိုင်း အံ့ဩသွားကြသည်။ ပညာရှင်ကို သူမ ရိုက်လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ပေ။ အစက သယတို့လည်း ပွဲကိုကြည့်နေခြင်းသာ။သို့သော် ပန်းဟွာ၏ လုပ်ရပ်ကြောင့် တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး ဖြစ်ကာ မျက်နှာထားများက ပြောင်းသွားကြ၏။


 "ကျွန်မရဲ့အဖွားက ဧကရာဇ်မင်းဆက်သုံးဆက်တောင် ဖြတ်သန်းခဲ့ရတာ၊ အဖွား ငယ်ငယ်ကတည်းက မြင်းစီးတာနဲ့ ကြာပွတ်သုံးတာကို အရမ်း ကျွမ်းကျင်တယ်၊ဒါပေမယ့် ဧကရာဇ်သုံးပါးစလုံးကတောင် သူမကို သူရဲကောင်းတစ်ယောက်အနေနဲ့ ချီးကျူးဂုဏ်ပြုခဲ့ကြတာ၊ သူမကို အိမ်တွင်းပုန်းမနေသင့်တဲ့ မိန်းကလေးမျိုးလို့တောင် တင်စားကြသေးတာ...ဘာလဲ ရှင်တို့က ဧကရာဇ်တွေထက် တန်ခိုးကြီးသလား"


 "ဟွာဟွာ ဘာလို့ဒီလိုလူတွေနဲ့စကားပြောနေတာလဲ"  


ရုံရှားသည် ပန်းဟွာ၏နောက်သို့ လျှောက်သွားကာ မြေပြင်ပေါ်တွင် ငိုယိုနေသော ပညာ ယတော်သင်ကို အပြုံးမပျက် ကြည့်လိုက်သည်။ 


 "ကျင့်ဝတ်ကို မသိတဲ့ ပညာရှင်တစ်ယောက်ဟာ သူ့ဘ၀မှာလည်း ပညာရပ်ဆိုင်ရာ အောင်မြင်မှုတွေ မရှိသင့်ဘူး"


ပန်းဟွာတွင် ဧကရာဇ် မျိုးဆက်သုံးဆက် ဖြတ်သန်းနေထိုင်ခဲ့သော အဖွား ရှိကြောင်း အခြားပညာရှင်များ ကြားသိရသောအခါ၊ မြင်းစီးကျွမ်းကျင်ပြီး ကြာပွတ်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်သည့် သူမ၏အဖွားဆိုသူအား မှန်းဆမိခဲ့ကြသည်။သူတို့စိတ်ထဲကပါမကျန် ကြောက်စိတ်များလှိုက်တက်ကာ တံခါးမှ ထွက်သွားပြီးသည်နှင့် ပန်းဟွာ ဤကိစ္စကို မေ့သွားဖို့သာ မျှော်လင့်ရသည်။


ဖရဲသီးများလို ရုပ်ဆိုးဆိုးလူများက်ုကြည့်ပြီး ပန်းဟွာ ရုံရှား မျက်နှာချောချောလေးကို ကြည့်လိုက်သည်။ထိုအခါ သူမ ဒေါသကလည်း ထက်ဝက် လျော့ကျသွားသည်။


 “သူက ဘယ်လိုပညာတော်သင်မျိုးလဲ"


" ဒီလူက ပညာရှိလည်း မဟုတ်ပါဘူး၊သူက ပညာရပ်ဆိုင်ရာ အောင်မြင်မှုရလောက်အောင် ကံကောင်းသွားတဲ့ အလယ်အလတ် လူတစ်ယောက်ပါပဲ၊ နောက်တော့ ဒီလူရဲ့  နာမည်နဲ့ မွေးရပ်မြေကို ကိုယ် မှတ်တမ်းတင်ထားခိုင်းလိုက်မယ်၊ ပြီးရင် ဒီကိစ္စကို အကြောင်းကြားမယ်၊ သူ့ကြောင့် တခြားပညာတော်သင်တွေရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဖို့ သူ့ရဲ့ ပညာရပ်ဆိုင်ရာ အောင်မြင်မှုတွေကို ဖယ်ရှားဖို့ ဧကရာဇ်ကို တင်ပြလိုက်မယ်၊သူ့လိုလူမျိုးက အရာရှိဖြစ်လာရင်တောင် တရားရုံးမှာ သုံးစားရမှာမဟုတ်ဘူး"


ထိုမှသာလျှင် ရုံရှားကို သိသောလူများက သတိထားမိသွားကြသည်။  ချက်ချင်းဆိုသလို သူ့ကို ဝိုင်းပြီး နှုတ်ဆက်ချင်မိကြ၏။ သို့သော်၊ ရုံရှား သည် ကြာပွတ်ကိုင်ကျွမ်းသော မိန်းကလေးနှင့်အတူတွဲ၍ ရှိနေတာကြောင့် မနှုတ်ဆက်ရဲဘဲ  အဝေးမှသာ ဦးညွတ်နှုတ်ဆက်နေကြသည်။ 


 ခဏအကြာတွင် လူတစ်စုသည်  ရှားရှားပါးပါး အဖြစ်အပျက်တစ်ခုကို ကြုံလိုက်ရသလိုမျိုး ပန်းဟွာကို အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်နေကြ၏။မြို့စားမင်းရုံသည် မြင့်မြတ်သောအသိုက်းအဝိုင်းမှ မိန်းကလေး တစ်ဦးနှင့် စေ့စပ်ထားပြီးဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။ သို့သော်၊ ဘယ်သူလဲဆိုသည်ကို မသိကြချေ။ထို့ကြောင့် မြို့တော်တွင် အသည်းကွဲနေသော မိန်းကလေးများစွာ ရှိလာကြသည်။


ကြာပွတ်နဲ့ လူကိုရိုက်တဲ့ ဒီမိန်းကလေးဟာ တော်ဝင်မင်းသမီးရဲ့ မြေးဖြစ်နိုင်တယ် မဟုတ်လား…အဲ့ဒီ ကျွင်းကျူးက ထန်ဟွာအဆင့်ရတဲ့သူကိုတောင် ကြာပွတ်နဲ့ရိုက်ခဲ့သေးတယ်လေ...ပြီးတော့ အဲ့ဒီထန်ဟွာလည်း ရာထူးကနေ ဖယ်ရှားခံလိုက်ရရော...  


 မဟုတ်သေးပါဘူး၊ မြို့စားမင်းရုံက ပန်းဟွာကျွင်းကျူး နဲ့ ဘာလို့တွဲလျှောက်နေတာလဲ။ ပန်းဟွာကျွင်းကျူးကများ မြို့စားမင်းရုံရဲ့ စေ့စပ်ထားသူ ဖြစ်မလား။


ပညာရှင်တို့သည် ပန်းဟွာ လက်ထဲမှ ကြာပွတ်ကို ကြည့်ကာ အသီးသီးသက်မရှိုက်မိကြသည်။နောက်ဆို မြို့စားမင်းရုံလည်း ကြာပွတ်နဲ့အရိုက်ခံရရင် ဘယ်လိုလုပ်မလဲ။ မြို့တော်မှာ မိန်းကလေးကောင်းတွေ အများကြီးရှိရက်နဲ့ မြို့စားမင်းရုံက ဘာလို့ ဒီလိုလုပ်ရတာလဲ...ဒီလို ရိုင်းစိုက်းတဲ့ ကောင်မလေးနဲ့ ဘာလို့ စေ့စပ်ရတာလဲ…


ရှဲ့ချီလင်းသည် ခေါက်ဆွဲဆိုင်မှ တိတ်တဆိတ် ထွက်လာခဲ့သည်။ သူ့စိတ်ထဲမှာတော့ ပြောမပြနိုင်လောက်အောင် အဆင်မပြေဖြစ်နေသည်။မူလက သူ့ညီမအကြောင်း အတင်းပြောနေသူများကို ဒေါသထွက်ကာ ငြင်းခုံချင်စိတ်ဖြစ်ခဲ့သည်။ သို့သော် သူ့ညီမနှင့် ရန်ဖက်ဖြစ်သော ပန်းဟွာက ထွက်၍ ကာကွယ်ပြောပေးမည်ဟု သူ မမျှော်လင့်ထားပေ။


 ဒါဆို... သူမက ဒီလိုမိန်းကလေးမျိုးပေါ့။


အတိတ်ကိုတွေးရင်း သူ့မျက်နှာဘယ်ဘက်ခြမ်းရှိ ငွေရောင်မျက်နှာဖုံးကို ထိလိုက်သည်။ သူ မြင်းကို အရှိန်မြှင့်လိုက်ပြီး နောက်ပြန်လှည့်ကြည့်ဖို့တောင် မဝံ့ရဲတော့။


ရုံရှားသည် အခြားပညာရှင်တို့အား ဦးညွှတ်ပြီး ပန်းဟွာကို ခေါ်သွား၍ အပြင်ထွက်လာသည်။ ထို့နောက် သူက ခေါက်ဆွဲဆိုင်ကို ကျသင့်ဈေးထက် သုံးဆပေးလိုက်၏။


ရုံရှား ပိုက်ဆံရှင်းနေခိုက် ပန်းဟွာ စိတ်မသက်မသာနှင့် ကြာပွတ်ကို ခါးမှာပြန်ချည်လိုက်သည်။ ခုနက သူမ ကြာပွတ်သုံးလိုက်ပုံက အနည်းငယ် ပြင်းထန်သွားသည်။သူ သူမကို ကြောက်ရွံ့သွားတာလား။


"မင်း အခုနက ကြာပွတ်ကို ဝှေ့ယမ်းတဲ့ပုံစံက အရမ်းလှတယ်" 


မမျှော်လင့်‌ထားလောက်အောင်ပင် ရုံရှားသည် ခေါက်ဆွဲဆိုင်က ထွက်လာပြီး ပန်းဟွာကို ချီးကျုးသည်။


 "မင်းက အရမ်းလှတဲ့ဒေါင်းမလေးလို သိပ်‌ဂုဏ်ယူစရာ ကောင်းတာပဲ၊ ဘယ်သူကမှ မင်းကို မလေးစားဘဲ နေနိုင်ကြမှာမဟုတ်ဘူး"


ပန်းဟွာက စိတ်ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် သူ့ကိုကြည့်ကာ "တကယ်ပြောတာလား"


 "တကယ်ပါ"


 "ဒါပေမယ့် ဒေါင်းမက အရမ်းရုပ်ဆိုးတယ်၊အမြီးလည်းမဖြန့်နိုင်ဘူး၊ သူ့မှာ လှတယ်လို့ ခေါ်လို့ရတဲ့ အစိတ်အပိုင်း မရှိဘူး"


 "…"


xxxxxx