Chapter. 65
ရုံရှား မျက်နှာပေါ်မှ အပြုံးသည် ခဏမျှ အေးခဲသွားသော်လည်း မျက်လုံးတစ်မှိတ်အတွင်း ပြန်ပြောင်းသွား၏။ ထို့နောက် သူက ထိတ်လန့်တကြား မေးသည်။
"ဒါဆို အလှပဆုံး ဒေါင်းတွေက ဒေါင်းမ,တွေ မဟုတ်ဘူးလား၊ကိုယ် မှားသွားတယ်၊မင်းကို တွေ့တိုင်း အဲ့ဒီ အမြီး အရမ်းလှတဲ့ ဒေါင်းလေးတွေကိုပဲ ပြေးမြင်မိတာ"
"ရပါတယ်၊ လှတဲ့ဒေါင်းတွေက အထီးတွေချည်းပဲဆိုတာ ရှင် မသိတာ ကိစ္စမရှိပါဘူး" ပန်းဟွာက ရုံရှားကို လေးလေးနက်နက် နှစ်သိမ့်ပေးသည်။ "ကျွန်မတို့ နယ်ဘက်မှာရှိတဲ့ အိမ်ရဲ့ ခြံဝင်းထဲမှာ ဒေါင်းနည်းနည်းရှိတယ်၊နောက်တစ်ခါ ရှင့်ကို ခေါ်ပြဦးမယ်"
"အင်း... ကောင်းသားပဲ၊ အရင်တုန်းက ကိုယ့်ကို သင်ပေးတဲ့ဆရာတစ်ယောက်ရှိခဲ့ဖူးတယ်၊အခုတော့ အဲ့ဒီဆရာအစား ဟွာဟွာက ကိုယ့်ဆရာမ ဖြစ်သွားပြီပဲ" သူ ပြောရင်းဆိုရင်း ကျောင်းသားတစ်ဦးက ဆရာသမားအား ဦးညွတ်သလို ဦးညွတ်လိုက်၏။
"ကျေးဇူးအများကြီးတင်ပါတယ် ဆရာမဟွာဟွာ"
ပန်းဟွာ ပါးစပ်ကိုပိတ်ထားရင်း ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။သူမ၏ မျက်ဝန်းများပင် လှိုက်လှိုက်လှဲလှဲ ပြုံးနေခဲ့သည်။နေရောင်က သူမဆံပင်ပေါ်မှာ တောက်ပနေပြီး တစ်ကိုယ်လုံးကိုလည်း လွှမ်းခြုံထား၏။ချစ်စရာကောင်းသော သူမကို ကြည့်ရင်း ရုံရှား၏ အကြည့်များက နူးညံ့လာသည်။ ————
ကျုံးဖျင်နယ်စားမင်း အိမ်တော်တွင် ရှဲ့ချီလင်းသည် ဧကရီနန်းတော်၏ ဘဏ္ဍာစိုး အကြီးအကဲက တခြားအငယ်တန်း မိန်းမစိုးများစွာနှင့်အတူ ထွက်လာသည်ကို မြင်လိုက်ရသည်။သူ တံခါးဝ ဘေးမှာ ရပ်လိုက်ရာ၊တစ်ဖက်က စ,ပြီးနှုတ်ဆက်သည်။
"ဒုတိယသခင်လေးရှဲ့ နေကောင်းပါရဲ့လား"
ဘဏ္ဍာစိုး အကြီးအကဲက နွေးထွေးသည့် အပြုံးနှင့်ပြောပြီး "ဧကရီက မိန်းကလေးရှဲ့ကို လက်ဆောင်ပေးလိုက်လို့ ကျွန်တော်မျိုး လာရခြင်းဖြစ်ပါတယ်"
"ဧကရီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်၊အခုလို လာပေးတဲ့ မင်းကိုလည်း ကျေးဇူးတင်ပါတယ်"
ရှဲ့ချီလင်းက ဘဏ္ဍာစိုးကို ကျေးဇူးတင်စွာဖြင့် ကျောက်စိမ်းဆွဲသီး ပေးသော်လည်း၊သူကငြင်းဆိုခဲ့သည်။
"ဒုတိယသခင်လေးရှဲ့က ယဉ်ကျေးလွန်းနေပါပြီ၊လက်မခံပါရစေနဲ့..ကျွန်တော်မျိုးကတော့ ဒုတိယသခင်လေးရဲ့ မင်္ဂလာဆောင်ဝိုင်ကိုပဲ သောက်ဖို့ မျှော်ပြီးသောက်ချင်မိပါတယ်"
ထို့နောက် ဆက်လက်၍ သူတို့နှစ်ယောက် စကားစမြာ် ဖလှယ်ဖြစ်ခဲ့သည်။ မကြာမီ ဘဏ္ဍာစိုးသည် မြင်းပေါ်သို့တက်၍ အိမ်တော်၏ တံခါးဝသို့ စီးသွားလိုက်သည်။ အိမ်တော်ထဲသို့ ဝင်လိုက်ရာ သူ့ညီမနှင့် အမေဖြစ်သူတို့သည် ဧကရီပေးပို့သော လက်ဆောင်များကို ကြည့်နေကြသည်။ အဝေးကကြည့်နေတာတောင် သူတို့မျက်နှာပေါ်မှ အပြုံးများက ဝေဆာနေ၏။
"ချီလင်း ပြန်လာပြီလား"
ရှဲ့မူသည် သူ့သားပြန်လာသည်ကိုမြင်ပြီး လက်ထဲမှ ပုလဲများအား ချလိုက်သည်။
“ဧကရီက ဒီနှစ် လက်ဖက်ရည်ထုပ် အသစ်တွေပေးလိုက်တယ်၊မင်းအတွက် အစေခံတွေကို ဖျော်ခိုင်းလိုက်ရမလား"
ရှဲ့ချီလင်းသည် စိတ်အားထက်သန်နေသော သူ့အမေနှင့် ညီမဖြစ်သူကိုကြည့်ကာ အပြင်တွင် သူကြားခဲ့ရသည့် အတင်းအဖျင်းစကားများကို ပြောချင်စိတ် မရှိတော့ပေ။
“ဧကရီက ပေးမှတော့ အရသာရှိမှာပါ...သားလို သာမာန်လူအတွက်တော့ အထူးတလည် လုပ်စရာ မလိုပါဘူး”
အမေရှဲ့သည် သားဖြစ်သူ မျက်နှာထားပျက်ယွင်းနေသည်ကိုမြင်ပြီး၊မျက်လုံးတစ်ဖက် ပျက်စီးသွားသည့်ကိစ္စအား သားဖြစ်သူ လက်ခံနိုင်သေးဟန်မတူကြောင်း တွေးမိသွား၏။
"မဟုတ်တာ၊ လက်ဖက်ရည်က လူတွေသောက်ဖို့ပဲ၊ ဘယ်သူသောက်သောက်ရပါတယ်၊ မင်း ကြိုက်ရင် ပြီးတာပဲလေ"
ထိုစဉ် ရှဲ့ဝမ်ယွီသည် လက်ထဲရှိ ပစ္စည်းများကို ချ၍ ထကာ ရှဲ့ချီလင်း ဆီသို့ လျှောက်သွားကာ "ဒုတိယအစ်ကို၊ ဘာဖြစ်နေတာလဲ"
"ကောင်းပါတယ်၊ ဘာမှမဖြစ်ပါဘူး" သူ အတင်းပြုံးပြပြီး ရှဲ့ဝမ်ယွီ၏ နဖူးကို ပုတ်လိုက်သည်။ "ဒုတိယမင်းသားနဲ့ ညီမရဲ့မင်္ဂလာပွဲက နောက်လမှာဆိုတော့ အပြင်ကို ခဏခဏထွက်မနေနဲ့၊ မြို့တော်မှာရှိတဲ့ လူတွေက စကားကိုလျှောက်ပြောကြတာ...တစ်ယောက်ယောက်က ညီမကို မကောင်းတာလုပ်မှာ စိုးရိမ်တယ်"
"စိတ်မပူပါနဲ့ ဒုတိယအစ်ကို၊ မကြာသေးခင်က နေ့တိုင်း နန်းတော်က ပစ္စည်းတွေ ပေးလာတယ်၊ ပြီးတော့ အမေ့ဆီကလည်း စည်းကမ်းတွေကို သင်ယူရပါတယ်၊ ညီမ အလုပ်ရှုပ်နေလို့ အပြင်ထွက်ပြီး တခြားသူတွေနဲ့ တွေ့ဖို့ အချိန်ကိုမရှိဘူး"
ရှဲ့ဝမ်ယွီသည် အကင်းပါသူပီပီ ရှဲ့ချီလင်း မျက်နှာပျက်နေသည်ကို မြင်ပြီး အပြင်တွင် တစ်ခုခု ကြုံတွေ့ခဲ့ရခြင်းဖြစ်မည်ဟု မှန်းဆမိသွားသည်။
"အစ်ကို အပြင်မှာ တစ်ခုခုကြားခဲ့လို့လား"
ရှဲ့ချီလင်းက ပြုံးပြီး "ဘာမှမဟုတ်ပါဘူး၊သိပ်တွေးမနေပါနဲ့"
"ဒုတိယ အစ်ကို၊ညီမကို မလိမ်နဲ့၊ တစ်ခုခုတော့ ဖြစ်ခဲ့တာမလား"
ရှဲ့ဝမ်ယွီသည် ငယ်စဉ်ကတည်းက ဒုတိယအစ်ကို ရှဲ့ချီလင်းနှင့် အနေရင်းနှီးသည်။ထို့ကြောင့် အစ်ကိုဖြစ်သူ လိမ်နေမှန်း တစ်ချက်ကြည့်ရုံနှင့် သူမ သိပေသည်။
"ဒါက ညီမနဲ့ ပတ်သတ်နေတာများလား"
ရှဲ့ချီလင်းက ခေါင်းခါလိုက်ပြီး
"ညီမနဲ့ဘာမှမဆိုင်ပါဘူး၊ ဒီနေ့ အပြင်မှာ အစ်ကို ပန်းဟွာကျွင်းကျူး နဲ့ တွေ့ခဲ့တာပါ"
"ပန်းဟွာ..."
ရှဲ့ဝမ်ယွီ စိတ်ရှုပ်ထွေးသွားသည်။ ပန်းဟွာကို သူမ မုန်းခဲ့ဖူးသည်။ယခုထိ မုန်းတီးနေသေးသော်လည်း မကောင်းကြံလိုစိတ်မရှိချေ။ ဒုတိယအစ်ကိုနှင့် ပန်းဟွာ စေ့စပ်ခဲ့သည့်အချိန်တုန်းကလည်း၊သူမ ပန်းဟွာကို မနှစ်မြို့ချေ။ ထိုအချိန်က တခြားသူများသည် ပန်းဟွာက ဒုတိယအစ်ကိုနှင့် အဆင်မပြေကြောင်း သူမ နားထဲကို အမြဲလာပြောနေခဲ့သည်။ဒုတိယအစ်ကိုနှင့် ပန်းဟွာသာ လက်တွဲဖြစ်မည်ဆိုလျှင် ဒုတိယအစ်ကိုနှင့် သူမ၏ဆက်ဆံရေးမှာလည်း အေးစက်သွားမည်ဟု သွေးထိုးစကားများ ပြောခဲ့ဖူးသည်။
အဲ့ဒီတုန်းက ပြောတာ ဘယ်သူပါလိမ့်...
ရှဲ့ဝမ်ယွီ ခေါင်းကိုတွင်တွင်ယမ်းလိုက်သည်။ဘယ်သူမှန်း သူမ မသိတော့... ပြောခဲ့တဲ့သူတွေက တစ်ယောက်မကတာတော့ သေချာတယ်...
ဒုတိယအစ်ကိုသည် ပန်းဟွာနှင့် တစ်ချိန်က စေ့စပ်ကြောင်းလမ်းခဲ့သည့်အတွက်ကြောင့်၊ ဒုတိယအစ်ကိုက ပန်းဟွာကို မြင်လိုက်သောအခါ စိတ်တည်ငြိမ်မှု ပျက်ပြားသွားခြင်းမှာ အံ့သြစရာမဟုတ်ပေ။ သူမ ထိန်းချုပ်ဖို့အချိန်မရခင်မှာပင် ပါးစပ်မှ လွှတ်ကနဲ ပြောမိသွား၏။
"အစ်ကို သူမနဲ့ ဝေးဝေးနေသင့်တယ်၊ အပြင်က လူတွေက သူမရဲ့ ဇာတာက မကောင်းလို့ အစ်ကို့ကို ကံဆိုးမိုးမှောင်ကျစေတာလို့ ပြောနေကြတာ"
ရှဲ့ချီလင်း မျက်မှောင်ကြုတ်ပြီး အမြန်ဝင်ပြောသည်။
"ဝမ်ယွီ...အဲဒါက မသိတဲ့လူတွေ အတင်းအဖျင်းပြောနေတာပါ၊ စိတ်ထဲမှာ စွဲလန်းမနေနဲ့၊ အလေးအနက်ထားနေစရာ မလိုဘူး၊ ဒါ့အပြင် အစ်ကို ပန်းဟွာကျွင်းကျူးနဲ့ စေ့စပ်ထားတုန်းက ဘယ်လို မကောင်းတဲ့ကိစ္စမျိုးမှ မဖြစ်ခဲ့ပါဘူး"
သူ့ညီမအား တခြားသူများက အတင်းအဖျင်းပြောနေကြသည်ကို ပန်းဟွာက ကာကွယ်ပေးခဲ့သည်။ထို့ကြောင့် သူ့ညီမက ပန်းဟွာကို အပြစ်တင်နေတာကြောင့် သူ အနည်းငယ် စိတ်မကောင်းဖြစ်သွားရ၏။ ပန်းဟွာကို ပြစ်မှားခဲ့သည်မှာ သူတို့၏ မိသားစုကိုယ်တိုင်ပင်။သူနှင့် လမ်းခွဲပြီးနောက် ပန်းဟွာ ဘဝတစ်လျှောက်လုံး ပျော်ရွှင်ရပြီး မြို့စားမင်းရုံကလည်း သူမအပေါ် စာနာစိတ်ထား၍ သစ္စာရှိဖို့သာ သူ မျှော်လင့်ခဲ့သည်။
"လမ်းပေါ်က လူတွေရော၊ အဆင့်အတန်း မြင့်တဲ့သခင်မလေးတွေကြားမှာတောင် သူမအကြောင်း မကောင်းပြောတဲ့သူတွေ အများကြီးပဲ၊ အစ်ကိုက သူမနဲ့စေ့စပ်ခဲ့ဖူးလို့ သူမအတွက် ပြောပေးနေတာလား"
ရှဲ့ချီလင်း မျက်မှောင်ကြုတ်ရင်း
"ဝမ်ယွီ၊ ဒီလောက်ဆို လုံလောက်ပြီ၊ နောင်မှာ မင်းက ဒုတိယမင်းသားရဲ့ ကြင်ယာတော် ဖြစ်လာလိမ့်မယ်၊ဒီစကားတွေက တော်ဝင်မိသားစုဝင်တွေကြားမှာ တားမြစ်ပိတ်ပင်ထားတာ၊ မင်း ပါးစပ်ကို စည်းမထိန်းနိုင်ရင် အနှေးနဲ့အမြန်ဆိုသလို မင်း ဒုက္ခရောက်လိမ့်မယ်..အရင်နှစ်က ဧကရာဇ်ရဲ့အနားက ကိုယ်လုပ်တော်လင်းကို နမူနာယူလေ"
"အိမ်မှာပြောနေတာပဲဟာ ဘယ်သူမှ မရှိပါဘူး" ရှဲ့ဝမ်ယွီ ပြောသာပြောရသော်လည်း ရှဲ့ချီလင်း စကားကြောင့် အနည်းငယ်ကြောက်သွားရသည်။ "ဒါဆိုလည်း ညီမ နောင်ကျရင် ဒီအကြောင်းကိုမပြောတော့ပါဘူး"
"ကောင်းပြီ၊ မင်းတို့နှစ်ယောက်လုံး ရပ်လိုက်ကြ"
နောက်ဆုံး အမေရှဲ့က မတ်တပ်ထရပ်လိုက်ပြီး ကြားဝင်ဖြန်ဖြေပေးလေသည်။
"မွန်းတည့်နေပြီ၊ ထမင်းစားကြရအောင်"
"ဟွာဟွာ၊ ဒီနေ့ သမီး မြို့စားမင်းရုံနဲ့ ထွက်သွားတယ်လို့ အဖေ ကြားတယ်"
ပန်းဟွာ နေ့လယ်စာ သိပ်မစားသည်ကို ပန်းဟွိုက် မြင်လိုက်သည်။သူ တူများကို ချလိုက်ပြီးနောက် ညနေခင်းတစ်ခုလုံး စိတ်ထဲမှာ စွဲနေခဲ့သည့် မေးခွန်းအားမေးလိုက်၏။
“ပျော်ခဲ့ကြရဲ့လား”
ပန်းဟွာ အချိန်အတန်ကြာအောင် သေချာစဉ်းစားပြီးနောက် ခေါင်းညိတ်ပြသည်။
"အင်း...သူက အရမ်းစိတ်ဝင်စားဖို့ကောင်းသူတစ်ယောက်ပါ"
ပန်းဟွိုက် ပုခုံးများ မတ်မတ်ထားရာမှအောက်သို့ ချက်ချင်းပြုတ်ကျကာ အနည်းငယ် သနားစရာကောင်းပုံ ဖြစ်သွားရသည်။
"ဒါပေမယ့် အဖေက သမီးတို့ကို ရေပူစမ်း ခေါ်သွားမယ့်အချိန်ကိုပဲ မျှော်နေမိတာ...အဖေ သမီးတို့ ဘယ်အချိန်သွားလို့ရမလဲ"
ပန်းဟွိုက် ရုတ်တရက် ကိုယ်က ဆတ်ကနဲပြန်ဖြစ်သွားပြီး...
"ရက်နည်းနည်းကြာရင် သွားမယ်လေ၊တို့ ရေပူစမ်းအိမ်ကြီးကို သပ်ရပ်အောင် လုပ်ထားပြီးသားပဲ...ဒီရက်ပိုင်း ရာသီဥတုက သိပ်မကောင်းဘူး၊တောင်ပေါ်မှာ အအေးပတ်မှာစိုးတယ်"
"အင်း!"
ပန်းဟွာက ခေါင်းညိတ်ပြပြီးနောက်၊ ပန်းဟွိုက်ကို ရေပူစမ်းအိမ်သို့ ဘာယူသွားရမလဲ၊ နန်းတော်ရှိ ရေပူစမ်းကြီးများသည် ရေကူးဖို့ သင့်တော်ခြင်း ရှိ၊ မရှိ စသည်တို့အား ဆွေးနွေးနေတာကြောင့် သားအဖနှစ်ယောက်သား ရုံရှားကို မေ့သွားကြသည်။
ဘေးနားက ပန်းဟမ်သည် ပန်းဟွိုက်ကို တိတ်တဆိတ် ကြည့်နေရင်း 'ဘာလဲ အဖေ ပြောဖို့မေ့သွားပြီလား...' တစ်ကယ်တမ်း၊သူလည်း အစ်မဖြစ်သူနှင့် ရုံရှားတို့ ဘယ်လိုအချိန်ဖြုန်းခဲ့ကြသလဲဆိုသည်ကို သိချင်မိသည်။
"မြို့စားမင်းရုံ၊ ဝတ်ရုံကို လျှော်ပြီးပါပြီ၊ ပန်းဟွာကျွင်းကျူးဆီကို ပြန်ပို့ပေးဖို့ အစေခံ တစ်ယောက်ကို လွှတ်လိုက်ရမလား"
အိမ်တော်ရှိ မာမားတစ်ယောက်သည် ရှားပါးရတနာတစ်ခုကို ကိုင်ဆောင်ထားသကဲ့သို့ ရုံရှားရှေ့မှာ ဝတ်ရုံအား ကိုင်၍မေးနေသည်။
"ဟင့်အင်း" ရုံရှားက ဝတ်ရုံကို လှမ်းယူကာ ညင်သာစွာ ပွတ်သပ်လိုက်ရင်း ပြုံးနေသည်။
"သူမ ဝမ်းနည်းပူဆွေးခြင်း ကာလပြီးရင် သူမအတွက် ဒီဟာထက် ပိုလှတဲ့ ၀တ်ရုံတစ်ထည် ပို့ပေးလိုက်မယ်၊ ဒီတစ်ထည်ကတော့ ငါပဲ ယူထားမယ်"
မာမား နားလည်သွားပြီး၊ပြန်ထွက်သွားတော့သည်။
ထို့နောက် ရုံရှားသည် စာကြည့််ခန်းသို့ ပြန်သွားပြီး လျှို့ဝှက်ထောင့်တစ်ခုမှ "ကျုံးချမ်လွင်" ကို ထုတ်ကာ စာမျက်နှာတစ်ခုသို့ လှန်လိုက်သည်။
"ကျုံးချမ်လွင်"သည် စာဖတ်ပုရိတ်သတ်တို့အား ဝန်ကြီးတစ်ဦး သို့မဟုတ် အုပ်ချုပ်သူဖြစ်ရန် သင်ကြားပေးရုံမျှမကချေ။ ဤစာအုပ်သည် လျှို့ဝှက်ချက်များစွာကို မှတ်တမ်းတင်ထားသော်လည်း မှတ်တမ်းတင်ပုံမှာ အလွန်ရှုပ်ထွေးသည်။ သာမာန်လူတစ်ဦး ဖတ်လျှင်ပင် လျှို့ဝှက်အချက်အလက်များကို နားလည်နိုင်မည်မဟုတ်ပေ။
စာအုပ်ထဲမှာ ဝှက်ထားသည့် အသုံးဝင်သော အချက်အလက်များအား လိုချင်နေတာကြောင့်၊တိတ်တဆိတ်လူလွှတ်ပြီး အတန်ကြာရှာဖွေခဲ့သော်လည်း သူ မတွေ့ခဲ့ပေ။ နောက်ဆုံးမှာ ဤစာအုပ်က သူ့လက်ထဲသို့ လွယ်လွယ်ကူကူ ရောက်လာခဲ့၏။
ယခင်မင်းဆက်၏ မရေမတွက်နိုင်သော လျှို့ဝှက်ချက်များ ပါရှိပြီး ယခင်မင်းဆက် ဝှက်ထားသော ရတနာများကိုပင် မှတ်တမ်းတင်ထားသည့် စာအုပ်မှာ သူ့လက်ထဲတွင် ရှိနေပြီဖြစ်သည်။
နောက်စာမျက်နှာကို လှည့်ကြည့်လိုက်ရာ၊ ချစ်စရာကောင်းသည့် လိပ်ပုံလေးကို နောက်တစ်ကြိမ်တွေ့လိုက်ရသည်။ ပန်းဟွာသည် လိပ်တစ်ကောင်ကို စာဖတ်ရင်း ပျင်းပျင်းနှင့် ဆွဲထားပုံရ၏။ရုံရှား လိပ်လေးကိုကြည့်ရင်း အလိုလိုပြုံးမိသွား၏။
ထိုစဉ် တံခါးအပြင်ဘက်မှ အသံထွက်လာသည်။
"မြို့စားမင်းရုံ၊ဝမ်ချွီက တွေ့ခွင့်တောင်းနေပါတယ်"
ရုံရှား သူ့မျက်နှာပေါ်မှ အပြုံးကို ထိန်းထားပြီး စာအုပ်ကို မူလအနေအထားအတိုင်း ပြန်ထားလိုက်၏။
"ဝင်လာပါ"
ဝင်လာသူမှာ လူလတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်သည်။ သူသည် ရုံရှားကိုမြင်သောအခါ ဒူးထောက်ကာ နှုတ်ဆက်တော့မည်ဖြစ်သော်လည်း ရုံရှားက တားလိုက်သည်။
"ရပါတယ် မစ္စတာဝမ် သိပ်ယဉ်ကျေးနေစရာမလိုပါဘူး"
"မြို့စားမင်းရုံ၊ကျွန်တော်က အရည်အချင်းမပြည့်မီပါဘူး၊ ရှစ်ချုံးဟိုင် တရားဝင်ရာထူးနဲ့ ဘွဲ့တွေရောင်းချတဲ့ အထောက်အထားကို ရှာတွေ့ဖို့ တစ်နှစ်လောက် အချိန်ယူခဲ့ရပါတယ်"
ဝမ်ချွီ သူ့လက်ထဲမှ စာတစ်စောင်ကို ထုတ်လိုက်ပြီး "ရှစ်ချုံးဟိုင်က အရမ်းသတိကြီးပါတယ်၊ တခြားသူတွေဆီ သူက စာမပို့သလောက်ပါပဲ၊ စာတွေပို့ရင်တောင် ကုဒ်နာမည်တွေသုံးပြီး သူ့လက်ရေးကိုတောင် ပြောင်းရေးလေ့ရှိပါတယ်"
"ယန်ဟွေ့ အာဏာမဆုံးရှုံးရင် သူ့ကိုယ်သူလည်း ထုတ်ဖော်မှာ မဟုတ်ပါဘူး၊ ရှစ်ချုံးဟိုင်က မြေခွေးအိုကြီးပါ....မြို့စားမင်းရုံ သတိထားပါ"
"မြေခွေးတစ်ကောင်ဟာ ဘယ်လောက်ပဲ ကောက်ကျစ်နေပါစေ သူ့မှာ အမြီးရှိနေတုန်းပဲကိုး...."
ရုံရှား စာကိုယူကာ မထင်မရှား စာအုပ်တစ်အုပ်မှာ ညှပ်ထားလိုက်သည်။ "မစ္စတာဝမ် ဒီနှစ် အလုပ်အရမ်းကြိုးစားတယ်....ရက်အနည်းငယ်လောက် သွားအနားယူပါ"
"မြို့စားမင်းရုံ ကြိုက်တဲ့ အလုပ်ကိုခိုင်းပါ၊ကျွန်တော်က လုပ်ဖို့အသင့်ရှိပါတယ်၊ ကျွန်တော် ဂုဏ်မယူဝံ့ပါဘူး"
ရုံရှားက ဝမ်ချွီကို ရေချိုးပြီး အဝတ်အစားလဲစေဖို့ တစ်ယောက်ယောက်ကို ခိုင်းသည်။ ထို့နောက် ဝမ်ချွီအတွက်အဆင်ပြေသောအခန်းကိုပြင်ဆင်ခဲ့သည်။
ညမိုးချုပ်ခါနီးအချိန်တွင် တုကျိုးသည် နေအိမ်သို့ အမြန်ပြန်သွားခဲ့သည်။ ရုံရှားကိုမြင်သောအခါ သူက ဦးညွှတ်ပြီး "မြို့စားမင်းရုံ ၊ ဝမ်ချွီ ပြန်လာပါပြီလား"
ရုံရှားက ခေါင်းတညိတ်ညိတ်လုပ်ကာ ခဏလောက်စဉ်းစားပြီး " ရှဲ့အိမ်တော်မှာထားထားတဲ့ ငါတို့ စီစဉ်ထားတဲ့လူတွေကို ပြန်ခေါ်လိုက်ပါ၊ ရှဲ့မိသားစုက ပြိုလဲကျခါနီးနေပြီ၊သူတို့ကို လွှတ်လိုက်ပါတော့"
ရှဲ့မိသားစု၏ သားနှစ်ယောက်အနက် တစ်ဦးမှာ တရားဝင်ရာထူးမှ ဖယ်ရှားခံရပြီး တစ်လ၊နှစ်လကြာ ထောင်ကျခဲ့သည်။ ထောင်မှ ထွက်လာပြီးနောက် စိတ်ညစ်နေပုံရပြီး စားသောက်ဆိုင်ကိုသာ မကြာခဏ သွားလေ့ရှိသည်။ ကျန်တစ်ဦးမှာလည်း မျက်လုံးဒဏ်ရာရထား၍ သူတို့ကို လွှတ်ထားလိုက်ခြင်းက ပိုကောင်းပေမည်။အလွန်အကျွံ နှိပ်ကွပ်ခံရပါက ထွက်ပေါက်ရှာပြီး ကလဲ့စားချေလာနိုင်၏။
ဖေဖေါ်ဝါရီလကုန်ခါနီးပြီး မတ်လရောက်တော့မည်။ မက်မွန်ပွင့်များက တောင်ပေါ်အနှံ့ ပွင့်နေချိန်လည်းဖြစ်၍၊ မြို့တော်ရှိ သခင်လေး၊သခင်မလေးတို့သည် မြင်းစီးပြီး မြို့ပြင်ကို ထွက်ကြသည်။ထက်မြက်ပြီး လှပသော သခင်မလေးတစ်ဦးအနေဖြင့် ရှစ်ဖေးရှန့်သည် တခြားဂုဏ်သရေရှိ အမျိုးသမီးအချို့နှင့်အတူ ကဗျာအဖွဲ့ဖွဲ့စည်းထားခဲ့သည်။ သူမတို့သည် အားလပ်ချိန်များမှာ ကဗျာ ရေးကြပြီး ပန်းချီလည်း အတူတူဆွဲသည်။ သူမနှင့် အခြားသော အရည်အချင်းရှိ သခင်မလေး အများအပြားကို မြို့တော်မှ ပညာရှိများက ဝါးတော၏ နတ်သမီးခြောက်ပါးဟူ၍ ခေါ်ဝေါ်ကြသည်။ သူမတို့၏ ကဗျာအဖွဲ့ကြီးကို ဝါးတောအလယ်မှာ ဖွဲ့စည်းထားခြင်းကြောင့် ဤနာမည်ရလာခြင်းပင်။
မူလက ဤစုဝေးပွဲသည် သူမတို့ချင်း အနားယူအပန်းဖြေရန် စီစဉ်ထားခြင်းပင်။ သို့သော်လည်း အမည်မသိမိသားစုမှ သခင်မလေးတစ်ဦးသည် လေထုကို တင်းမာသွားစေသည့် တစ်စုံတစ်ရာကို စတင်ပြောလေသည်။
"မြို့စားမင်းရုံရဲ့ စေ့စပ်ထားသူက ဘယ်သူလဲဆိုတာ နင်တို့ သိကြလား"
xxxxx