Chapter. 66
ရှစ်ဖေးရှန့်သည် ထိုစကားကြောင့် လက်စောင်းသွားပြီး သူမဆွဲနေသော ဇီးသီးပင်၏ အကိုင်းအခက်က ရုပ်ဆိုးသွား၏။သူမ စုတ်တံကို ချထားလိုက်ပြီး အစေခံထဲမှ လက်ကိုင်ပုဝါကို ယူကာလက်ကိုသုတ်လိုက်သည်။
"ဒီနေ့ ငါက ညီအစ်မတွေကြားမှာ တွေ့ဆုံပွဲလေးတစ်ခု လုပ်ချင်လို့လုပ်တာ၊ဒီတော့ မသက်ဆိုင်တဲ့လူတွေကို ပြောစရာ မလိုပါဘူး"
"ဟုတ်တယ် ဟုတ်တယ်....ဘယ်သူလဲဆိုတာ ဂရုစိုက်စရာမလိုဘူး၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ"
ရှစ်မိသားစုနှင့် အမြဲပူးကပ်နေသော သခင်မလေးတစ်ဦးက ပြုံးပြီး အရာရာကို ချောမွေ့အောင်ကြိုးစားလိုက်သည်။
"လက်ဖက်ရည်နှစ်ခွက်ကျန်သေးတယ်၊ နင့်ပန်းချီကားမပြီးရင် အပြစ်ပေးခံရမှာ...အဲ့ဒါကိုပဲ သတိထားပါ"
"အာယား...နင်တို့ထဲက ဘယ်တစ်ယောက်က ငါ့စုတ်တံကို ယူသွားတာလဲ၊ငါ့စုတ်တံ ဘယ်ရောက်သွားတာလဲ"
"ငါ့ဆေးက ဘယ်မှာလဲ"
သခင်မလေးများသည် သူတို့၏ပန်းချီကားများကို မပြီးမြောက်နိုင်ဘဲ အပြစ်ပေးခံရမည်ကို အမှန်တကယ်စိုးရိမ်နေသကဲ့သို့ ချက်ချင်းပင် ထိတ်လန့်တကြားဖြစ်သွားကြသည်။
ထောင့်မှာရပ်နေသာ့် မိန်းမပျိုတစ်ယောက်က ရှစ်ဖေးရှန့်ကို မျက်စောင်းထိုးလိုက်သည်။ ရှစ်ဖေးရှန့် က သိက္ခာရှိဟန်ဆောင်နေပေမယ့် သူမနှလုံးသားထဲမှာ ပန်းဟွာ ဘယ်လောက်မုန်းတီးနေတယ်ဆိုတာ ဘယ်သူက မသိလို့လဲ၊ သူမ မြို့စားမင်းရုံကို စိတ်ဝင်စားနေတယ် ဆိုတာရော ဘယ်သူက မသိဘဲနေမှာလဲ...
မြို့တော်ထဲဝင်လာခါစ သူမလိုလူတစ်ယောက်တောင်မှ၊ ရှစ်ဖေးရှန့်က မြို့စားမင်းရုံ ကို စိတ်ဝင်စားမှန်းသိနေတာကို၊ တခြားသူတွေ မသိတာ မဖြစ်နိုင်ဘူးလေ... အားလုံးက မသိချင်ယောင်ဆောင်နေကြတာ၊အခု စည်းဝေးပွဲက ပျင်းစရာကြီးမှန်း အစကတည်းက သိခဲ့ရင် သူမလည်း ဒီနေ့ လာခဲ့မှာ မဟုတ်ဘူး...
နင့်ကိုယ်နင် နတ်သမီးတစ်ယောက်လို လှတယ်၊အရမ်းထက်မြက်တယ်လို့ ထင်နေတာက ကိစ္စမရှိဘူး... ယောက်ျားတစ်ယောက်က နင့်ကို မကြိုက်ဘူးဆိုရင်၊အတင်းကြိုးစားလို့မရဘူး...နင့်ကို လက်ထပ်ချင်လာအောင် အတင်းအကြပ်လုပ်လို့မရဘူး၊ တခြားသူဆိုရင်လည်း ဒီလိုပါပဲ... ဒါပေမယ့် ချမ်အမ်မြို့စားမင်းက နင်တို့ ရှစ်မိသားစု အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူး...
"မိန်းကလေးယောင်က ဘာဆွဲထားတာလဲ"
မိန်းမပျိုတစ်ယောက်က သူမ၏ ပန်းချီကားကို မျက်မှောင်ကြုတ်၍ကြည့်ရင်း မေးသည်။
"တိုက်တဲ့ကြက်လား...ဒါကို ဘာလို့ဆွဲတာလဲ၊အထူးဆန်းဆုံးက တိုက်ပွဲမှာရှုံးသွားသလိုမျိုး ကြက်ရဲ့အမွေးတွေက ရှုပ်ပွနေတာပဲ"
"ကျွန်မက အပျော်သက်သက်ဆွဲတာပါ"
ယောင်လင်း၏ မျက်လုံးများသည် ဘာမှမသိထားသလို ပြူးကျယ်ဝိုင်းစက်ကာ အပြစ်ကင်းနေလေ၏။
"ဒါက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လို့ မထင်ဘူးလား"
ထိုမိန်းကလေးက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းခါလိုက်သည်။ ယောင်လင်း၏ ထူးဆန်းသော ရှုထောင့်အမြင်ကြောင့် သူမလည်း စကားမပြောနိုင်ဖြစ်နေရသည်။
ယောင်လင်းသည် ဤအုပ်စုထဲတွင် အငယ်ဆုံးဖြစ်သည်။ သူမ၏ဖခင်မှာ အခွန်၀န်ကြီး ယောင်ဖေးကျီ ဖြစ်သည်။သူမသည် မိခင်ဘက်မှ တော်စပ်သော အဖွားဖြစ်သူ အိမ်တွင် ကြီးပြင်းလာခဲ့ပြီး မကြာသေးမီကမှ မြို့တော်သို့ ပြန်လာခဲ့သော်လည်း၊သူမကို ဘယ်သူမှ ဆိုးရွားစွာမဆက်ဆံဝံ့ချေ။ထို့အပြင် ယောင်ဖေးကျီသည် ပန်းချီပညာရှင်တစ်ဦးဖြစ်သည်။ယောင်လင်းကလည်း အဖေဖြစ်သူ၏ ပညာအချို့ကို အမွေဆက်ခံထားသောကြောင့်၊ သူမသည် အသက်ဆယ့်လေးနှစ်သာရှိသေးသော်လည်း မြို့တော်တွင် ကျော်ကြားမှုအချို့ရရှိနေပြီဖြစ်သည်။
"ပန်းတွေနဲ့ မြက်ပင်တွေ အားလုံးဟာ သေနေတဲ့ အရာတွေပါ၊ သက်ရှိတွေရဲ့ ခံစားချက်တွေကိုပဲ အသက်ဝင်အောင်လုပ်လို့ရတယ်"
ယောင်လင်းသည် တိုက်ကြက်၏ ဘေးနားတွင် မြေပြင်ပေါ်သို့ ဝဲကျလာသော ကြက်မွှေးအနည်းငယ်ကို ထည့်လိုက်သည်။ ချက်ချင်းပင် တိုက်ကြက်သည် ပို၍ပင် အသက်ဝင်လာသည်။
"ကျွန်မက သက်ရှိသတ္တဝါတွေကို ဆွဲရတာကို အရမ်းကြိုက်တယ်"
"မေ့လိုက်ပါ၊တော်လိုက်ပါတော့၊ နင့်ပါးစပ်ကထွက်လာတိုင်း ဒဿနတွေချည်းပဲ၊နင့်ကိုတော့ ငါ ဘယ်လောက်ငြင်းငြင်း မနိုင်ပါဘူး"
ယောင်လင်းက ပြုံးပြီး ဘာမှပြန်မပြော။
ရှစ်ဖေးရှန့် ခေါင်းငုံ့ထားပြီး ယောင်လင်းကို တစ်ချက်ကြည့်လိုက်သည်။ သူမ မျက်လုံးထဲမှ အလိုမကျမှုတို့ကို ဖုံးကွယ်ရန် ခေါင်းအနည်းငယ် ငုံ့ထားလိုက်သည်။ ဘာကြောင့်မှန်း မသိ၊ ယောင်မိသားစုထဲက မိန်းကလေးကို သူမ တကယ် သဘောမတွေ့ပေ။ယောင်လင်းသည် ယောင်မိသားစု၏ တရားဝင်သမီးဖြစ်သော်လည်း၊ မြင့်မြတ်သော မိသားစုမှ သမီးတစ်ယောက်နှင့်မတူဘဲ ကျေးလက်မှတောရွာသူတစ်ဦးနှင့် ပိုတူသည်။သူ့အဖေ ယောင်ဖေးကျီ ဆီမှ ပံ့ပိုးကူညီမှု လိုအပ်နေသေးခြင်းကြောင့်သာ
မဟုတ်လျှင် သူမကို အဖက်လုပ်ချင်စိတ်ပါ မရှိတော့။ရှစ်ဖေးရှန့် စိတ်တိုလာသောကြောင့် ပုံဆွဲဖို့ စိတ်မပါနိုင်တော့။သူမ ဆွဲထားသည့် ဇီးသီးပွင့်များကလည်း အနည်းငယ် မည်းမှောင်နေခဲ့၏။
ရှစ်ဖေးရှန့် နှင့် အနေနီးသော လီရှောင်ရူ သည် ထိုဇီးသီးပွင့်များက နဂိုအရောင်ထက် မည်းနေသည်ကို မြင်ပြီး တိတ်တိတ်လေးသာ သက်ပြင်းချလိုက်သည်။
"ဖြုန်း....."
ထိုစဉ် ဆူဖြိုးသော စာငှက်တစ်ကောင်သည် လေထဲမှ ရုတ်တရက် ပြုတ်ကျလာသည်။သခင်မလေးများ ကြောင်စီစီဖြစ်နေချိန်တွင်၊ အစောင့်နှစ်ယောက်သည် တောထဲမှ ပြေးထွက်လာကာ စာငှက်ကို ကောက်ယူလိုက်ကြသည်။
ယာယီတဲအပြင်ဘက်တွင် ရပ်နေသော အစောင့်များသည် ရုတ်တရက် ပေါ်လာသော လူနှစ်ယောက်ကို ကြောင်စီစီစိုက်ကြည့်နေကြသည်။လေထုသည် အလွန်တင်းမာလာပြီး အကျွမ်းတဝင်ရှိသော လူတစ်ယောက် ပေါ်လာတော့သည်။ ထိုမှသာ ယာယီတဲအပြင်ဘက်ရှိ အစောင့်များ သက်ပြင်းတစ်ချက်ချလိုက်သည်။
"အဲဒါကို မင်းတွေ့လား.. မင်းရဲ့အရည်အချင်းက ညံ့သေးတယ်လို့ ငါပြောထားတယ်မလား၊ ဒါတောင် မင်းက ငါနဲ့ ငြင်းခုံဖို့ သတ္တိရှိနေတုန်းပဲကိုး"
ပန်းဟွာက အစောင့်လက်ထဲရှိ စာငှက်ကလေးကို ယူပြီး နောက်က ကလေးဆီပေးလိုက်သည်။
" ဒါကို တိကျမှုလို့ ခေါ်တယ်၊ နားလည်လား... သေချာမချိန်ရင် လူတွေကို ထိခိုက်နိုင်တယ်၊ မဟုတ်ရင် မင်းလည်း အရိုက်ခံရလိမ့်မယ်"
လီရှောင်ရူသည် ပန်းဟွာ နောက်တွင်ရပ်နေသော ကလေးငယ်ကိုတွေ့ပြီးနောက်၊ စုတ်တံချလိုက်ကာ ပန်းဟွာဆီသို့ ပြေးသွားခဲ့သည်။
"မင်္ဂလာပါ ပန်းဟွာကျွင်းကျူး"
လီရှောင်ရူသည် ပန်းဟွာ၏ရှေ့တွင် ရိုကျိုးစွာရပ်နေရင်း "ကျွန်မ မောင်လေးက အသိဉာဏ်မရှိလို့ ကျွင်းကျူးကို ဒုက္ခပေးမိတာ တောင်းပန်ပါတယ်"
ပန်းဟွာက ခါးကိုထောက်ထားရင်း
"သူက လူတွေကို ဒုက္ခပေးနေတာမဟုတ်ဘူးလား၊ဒီကောင်လေးက နေရာတိုင်းကို လေးခွနဲ့ လျှောက်ပစ်နေတာ၊ငါ့မြင်းကိုတောင် မှန်တော့မလို့၊ငါသာ မမြန်ရင် မြင်းပေါ်ကနေ ပြုတ်ကျသွားလိမ့်မယ်"
"အမ်...."
လီရှောင်ရူသည် မောင်ဖြစ်သူကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။မောင်လေး၊ဒီနတ်ဆိုးမကို ဘယ်လိုဖြစ်ပြီး နင် သွားထိဝံ့တာလဲ..
"ပြီးတော့ သူက ပြောသေးတယ်၊ သူ့ကိုယ်သူ လက်ဖြောင့်တယ်တဲ့"
ပန်းဟွာသည် လီရှောင်ရူကို တစ်ချက်ကြည့်ကာ၊ကောင်လေး၏နဖူးအား လက်ညှိုးဖြင့်မနာအောင် အသာလေး ထိုးလိုက်သည်။
"ကောင်းပြီ ပြီးပြီ...မင်းကတိကိုမင်း တည်ရမယ်"
လီဝမ်သည် လီမိသားစုတွင် ကြီးပြင်းလာခဲ့သည်။ သူ့အကျင့်ကလည်းတစ်မျိုးပင်။ကလေးပီပီ ဆိုးချင်သော်လည်း ပန်းဟွာက သူ့နဖူးကို လက်ညှိုးဖြင့် ထိုးနေသည့်တိုင် ဘာမှပြန်မပြောပေ။
လီရှောင်ရူ သူ့မောင်လေးကို အံ့သြစွာ ကြည့်လိုက်သည်။ ဘာတွေဖြစ်နေတာလဲ...
အချိန်အတော်ကြာပြီးနောက် လီဝမ်က "သူဌေး..."
"ပိုကျယ်ကျယ်ပြော၊ မကြားရဘူး"
ပန်းဟွာသည် ကလေးအား အနိုင်ကျင့်သည့်အတွက် အပြစ်မရှိသလိုမျိုး လက်ပိုက်ကာ ဟန်ပါပါ ရပ်နေလေသည်။
"သူဌေး...."
လီဝမ်သည် လီရှောင်ရူ အနောက်မှ ထွက်လာပြီး ပန်းဟွာရှေ့တွင် မျက်နှာကြီးနီရဲလျက် ရပ်နေလေသည်။
"ကျွန်တော် အလောင်းအစား ရှုံးသွားပြီ၊ အခုကစပြီး ကျွန်တော်က ကျွင်းကျူးရဲ့ မောင်လေးဖြစ်သွားပါပြီ"
လီရှောင်ရူ စကားမပြောနိုင်အောင်ပင် ဆွံ့အ,သွားရ၏။
"ကျွင်းကျူး"
ထိုစဉ် ရှစ်ဖေးရှန့် ခေါင်းငုံ့၍ဝင်လာပြီး ပန်းဟွာ လက်ညှိုးဖြင့် အသာထိုးထားသည့် လီဝမ်၏နဖူးကို လက်ကိုင်ပုဝါဖြင့် ညင်သာစွာ သုတ်လိုက်၏။ ထို့နောက် ပန်းဟွာအား မနှစ်မြို့ဟန်ဖြင့်ကြည့်ကာ
"သခင်လေးလီက အသက်ကလည်း ငယ်တော့ ဥာဏ်မမီသေးပါဘူး၊ နားလည်မှုလွဲတာရှိရင် သူ့ကိုယ်စား တောင်းပန်ပါတယ်၊အသက်ငယ်သေးတဲ့သူမလို့ ကျွင်းကျူး ခွင့်လွှတ်ပါ"
လီဝမ်သည် ပန်းဟွာကို စိုက်ကြည့်လိုက်ရာ၊ပန်းဟွာ မျက်နှာထားတင်းမာသွားသည်ကို မြင်လိုက်ရသည်။ထို့ကြောင့် ရှစ်ဖေးရှန့်နှင့် ခပ်ဝေးဝေးနေရန် ဘေးဘက်သို့ ရွှေ့လိုက်သည်။
ပန်းဟွာက မျက်ခုံးပင့်လိုက်ရင်း
"ကလေးတစ်ယောက် ဟုတ်လား၊သူ့လေးခွနဲ့ ငါ ထိခိုက်မိမလိုဖြစ်သွားတာတောင် ကလေးဖြစ်နေလို့ လီမိသားစုကို အပြစ်မတင်ရဘူးလား"
လီရှောင်ရူက ဂါဝန်စကို လက်ဖြင့်အသာ ဆွဲကိုင်လိုက်ပြီး တိုးတိုးလေးပြောသည်။
"ပန်းဟွာကျွင်းကျူး ပြောတာ မှန်ပါတယ်"
ရှစ်ဖေးရှန့်သည် လီရှောင်ရူကို ရှုံ့တွနေသော မျက်နှာဖြင့် ကြည့်ကာ ဘာမှမပြော။
"မိန်းကလေးရှစ်က နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တာ သိပါတယ်၊ ဒါပေမယ့် အခု ငါ့မောင်လေးကို ဘယ်လိုပြုမူရမလဲဆိုတာ သင်ပေးနေတာပါ၊ဒါကို အနိုင်ကျင့်တယ်လို့ ဘယ်ယူဆနိုင်ပါ့မလဲ"
ပန်းဟွာက လီဝမ်ကို သူမဘက်သို့ ဆွဲခေါ်လိုက်ပြီး မေးစေ့ကို ချီထားလိုက်သည်။
"လာပါ...ဒီက မောင်လေး...မင်းနဲ့အစ်မကြားမှာ ဘယ်လိုဆက်ဆံရေးရှိလဲဆိုတာ မိန်းကလေးရှစ်ကိုပြောပြလိုက်ပါဦး"
လီဝမ်က ရင်ဘတ်ကိုကော့ထားလိုက်ကာ
"ကျွန်တော်က အစ်မရဲ့ မောင်လေးအနေနဲ့ မြင်းကို ထိန်းပေးရမယ်၊ သူမရဲ့စကတ်ကိုလည်း လမ်းလျှောက်တဲ့အခါ မညစ်ပတ်ရအောင် အနောက်ကနေ မ,ထားပေးရမယ်၊ သူမအတွက် တောက်တိုမည်ရအလုပ်တွေလုပ်ရမယ်၊ မိုးရွာမရွာ နေပူပူ ကျွန်တော် လုပ်ရပါမယ်၊ ကျွန်တော်က ယောက်ျားပါ၊ကိုယ့်စကားကို တည်ပါ့မယ်"
လီရှောင်ရူ၏ နှလုံးသားတစ်ခုလုံး ပြိုကွဲလုနီးနီး ဖြစ်နေပြီဖြစ်သည်။ 'မောင်လေး၊ ဒီကျွင်းကျူးက လှလို့ နတ်သမီးလို့ မထင်လိုက်ပါနဲ့၊သူမ လိုချင်ရင် ဘာမဆိုဖြစ်နိုင်စွမ်းရှိတယ်၊ နင် လူကြီးတောင် မဖြစ်သေးတာ၊ နင်က ဘယ်သိသေးမလဲ'
သို့သော် သူမ မောင်လေး၏ ဤကဲ့သို့ တာဝန်သိတတ်သော အကြည့်မျိုးကို ပထမဆုံးပြသလာသောအခါ၊ဘာမှ ထုတ်မပြောလိုက်ပေ။ သူမ၏စိတ်ထဲတွင် ပန်းဟွာသည် ရိုင်းစိုင်းပြီး ဆင်ခြင်တုံတရားမဲ့သူ မဟုတ်ပေ။ ဖြစ်နိုင်တာက … သူမရဲ့ မောင်လေးကို ပန်းဟွာ အနိုင်ကျင့်တာ ကောင်းသေးတယ်..
ရှစ်ဖေးရှန့်သည် မူလက လီမောင်နှမအတွက် စကားကူပြောပေးဖို့ပြင်လိုက်သော်လည်း၊ မောင်ဖြစ်သူက ကြွက်တစ်ကောင်လို မိုက်မဲကာ၊ အစ်မကြီးဖြစ်သူကလည်း ခပ်အအ,ခပ်တုံးတုံးဖြစ်နေ၍ သူမ မျက်နှာပျက်သွားရပြီး လီမောင်နှမကို ကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။
"သခင်လေးလီ ကိုယ်တိုင်က ပန်းဟွာကျွင်းကျူးဆီကနေ အနိုင်ကျင့်ခံချင်နေတာဆိုတော့... ကျွန်မက အလကားသက်သက် သူများအလုပ်မှာ ဝင်စွက်ဖက်မိသွားတာပဲ"
"အစ်မကြီးက မောင်လေးကို သင်ခန်းစာ သင်ပေးနေတာလေ၊ အဲဒါကို အနိုင်ကျင့်တယ်လို့ ဘယ်လိုလုပ် ယူဆမှာလဲ"
ပန်းဟွာသည် လက်နက်များဝှက်ထားသော စကားများကို မကြားချင်ပေ။ အများအားဖြင့်၊ သူမ တိုက်ရိုက်သာ ချေပတတ်သည်။
လီဝမ်က ရိုးသားစွာ ခေါင်းခါလိုက်သည်။ "အနိုင်ကျင့်တာမဟုတ်ပါဘူး...အဲ့ဒါကို လေ့ကျင့်ပေးတာလို့ခေါ်ပါတယ်"
ရှစ်ဖေးရှန့်၏ အပြုံးသည် အေးစက်လာရတော့သည်။ လီမိသားစုက သားသမီးတွေကို ဉာဏ်မမီတတ်အောင် ဘယ်လို သင်ပေးထားတာလဲ။ထို့နောက် သူမ နောက်က ကောင်မလေးများကိုကြည့်ကာ
"ကျွင်းကျူးက ဘာလို့ဒီကိုရောက်နေတာလဲ၊ကျွင်းကျူးက ကဗျာနဲ့ ပန်းချီကိုရော စိတ်ဝင်စားပါသလား"
ယနေ့ ပန်းဟွာသည် ရုံရှားနှင့်ဒေါင်းများကြည့်ရန် တစ်ဖက်ရွာသို့ ထွက်လာခြင်းဖြစ်သည်။သို့သော် လမ်းမှာ လေးခွနှင့် ကြုံသလိုပစ်ချင်နေသည့် ကောင်လေးအားတွေ့ပြီး လေးခွကို တစ်ကယ် မည်သို့ပစ်ရမည်ဆိုသည်ကို ပြသလိုက်ခြင်းပင်။ယခုဆို ရုံရှားသည် သူမကို တောအပြင်ဘက်တွင် စောင့်နေဆဲဖြစ်သည်။
"မိန်းကလေးရှစ် ကျေးဇူးပြုပြီး ငါ့ကို လှောင်ပြောင်တာမျိုး မလုပ်ပါနဲ့၊ငါက ကဗျာ၊ ဂီတ၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီပညာရပ်တွေမှာ မကျွမ်းကျင်ဘူးဆိုတာ လူတိုင်းသိပါတယ်"
ထိုသို့ပြောနေရင်း သူမက လီဝမ်ကို လီရှောင်ရူဆီ ပို့ပေးလိုက်သည်။
"ဒီကလေးကို နင့်ဆီ ပြန်ပို့ပေးမယ်၊ အိမ်ကို ပြန်ရောက်ရင် ကောင်းကောင်း သင်ထားပေးပါ၊သူ့ကို ဒုက္ခမရှာခိုင်းပါနဲ့၊ မတော်လို့ တစ်ခုခုဖြစ်သွားရင် အရမ်းနောက်ကျသွားလိမ့်မယ်"
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွင်းကျူး...အိမ်တော်ကို ပြန်ရောက်ရင် ကျွန်မတို့မိသားစုက သူ့ကို ကောင်းကောင်းသင်ပေးလိုက်ပါ့မယ်"
လီရှောင်ရူက ပန်းဟွာအား စိတ်ရင်းမှန်ဖြင့် ဦးညွတ်ပြီး ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
"ကောင်းပြီ၊ ငါပြောချင်တာကို ပြောပြီးပြီ၊ ငါ အခုသွားသင့်ပြီထင်တယ်"
ပန်းဟွာ လှည့်ထွက်ပြီး ခြေလှမ်းနှစ်လှမ်း,လှမ်းလိုက်စဥ်၊ ရုံရှား အပြင်ဘက်မှ ထွက်လာသည်။ သူမ ရုံရှားကို အကြာကြီးစောင့်ခိုင်းထားမိပြီ ဖြစ်သောကြောင့် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။ သူ့လို လူချောလေး မျက်နှာညှိုးသွားမှာကို မြင်ရတာ သူမကိုယ်သူမ အပြစ်ရှိသလို ဖြစ်လာသည်။သူမ ချက်ချင်း အလောတကြီးပြေးသွားလိုက်၏။
ပန်းဟွာ သူ့ဆီ ပြေးလာသည်ကို မြင်လျှင်၊ရုံရှားသည် မြေကြီးပေါ်မှာ ပြူထွက်စပြုနေသော မျှစ်စို့များအား သူမ တက်နင်းမိမှာစိုး၍ သူလည်း အမြန်ပြေးလာသည်။
"အချိန်က စောနေပါသေးတယ်၊ ကိုယ်တို့ အလျင်လိုစရာမရှိပါဘူး"
ပန်းဟွာ သူ့ကို ပြုံးပြသည်။
"မြို့စားမင်းရုံ..."
ရှစ်ဖေးရှန့်သည် ရုံရှားကို ထိတ်လန့်စွာ ကြည့်နေပြီးနောက်၊ တစ်ဖန် ပန်းဟွာကို ကြည့်လိုက်သည်။သူမ၏ ပြုံးနေသောမျက်နှာက ပျက်လုပျက်ချင် ဖြစ်လာ၏။သူမ ရှေ့က အရာအားလုံးသည် အမှန်တကယ်ဖြစ်နေကြောင်းကို မယုံနိုင်စွာဖြင့် မျက်လုံးပြူးနေရလေသည်။
"မိန်းကလေးရှစ်..."
ရုံရှားသည် ရှစ်ဖေးရှန့်ကို ဘာမှမထူးခြားသော အမူအရာဖြင့် နှုတ်ဆက်သည်။ တစ်ဖန် သူမဘေးက ပန်းဟွာကို လှမ်းကြည့်ကာ
"ကျွန်တော့်ဇနီးလောင်းနဲ့ ကျွန်တော့်ကြောင့် အားလုံး စိတ်အနှောင့်အယှက်ဖြစ်စေမိလို့ ခွင့်လွှတ်ပါ၊ကျွန်တော်တို့ အခုပဲ ထွက်သွားမှာပါ"
"ဇနီးလောင်း..ပန်းဟွာကလား"
ရှစ်ဖေးရှန့်၏ လက်သည်းများက လက်သီးဆုပ်ထားတာကြောင့် အသားထဲကို နစ်ဝင်မတတ်ဖြစ်နေတော့သည်။တစ်ချိန်တည်းမှာပင် သူမ ရယ်မရလို၊ငိုရမလို ခံစားချက်တို့က အလွန်ထူးဆန်းနေပုံရသည်။
"မြို့စားမင်းရုံရဲ့ စေ့စပ်ထားသူက … ပန်းဟွာကျွင်းကျူးလား... ကျွန်မလည်း ဘာမှမသိခဲ့ရပါလား”
"မြို့စားမင်းရုံ နဲ့ ငါ့အိမ်ထောင်ရေးအကြောင်း နင်က ဘာလို့သိရမှာလဲ...နင်နဲ့ ဘာဆိုင်လဲ"
ပန်းဟွာက သူမကို လှည့်ကြည့်ကာ ပြောလိုက်သည်။ ကြည့်စမ်း....သူမရှေ့မှာ ပေါ်တင်ကြီး ခင်ပွန်းလောင်းကို ခိုးဖို့ကြိုးစားနေတာလား။
"အို ကျွန်မက ကျွင်းကျူးကို မမေးပါဘူး" ရှစ်ဖေးရှန့် ရယ်မောလိုက်သည်။ "ကျွင်းကျူး စိတ်ထဲမထားပါနဲ့လား"
ပန်းဟွာ မျက်ခုံးပင့်လိုက်ပြီး ရှစ်ဖေးရှန့် ကို အရူးတစ်ယောက်လို ကြည့်ကာ "အခုလေးတင် မြို့စားမင်းရုံနဲ့ ငါ စေ့စပ်တာကို သဘောမတူချင်သလို ပြောနေတာလေ၊ နင်က ငါ့ခင်ပွန်းလောင်းကို ငါ့ရှေ့မှာတင် ဖြတ်ခုတ်ဖို့ကြိုးစားနေတာမဟုတ်လား"
ပန်းချီဆွဲနေသော သခင်မလေးများသည် စုတ်တံကိုချကာ တဲအပြင်ဘက်မြင်ကွင်းကို စိုက်ကြည့်နေကြသည်။
"ဖြန်း..."
စက္ကူပေါ်တွင် မှင်တစ်စက် ပေါက်ကျလာသဖြင့် ပန်းချီ၏ စိတ်ကူးအနက်သဘောမှာ ပျက်စီးသွားရသည်။ သို့သော်လည်း ယောင်လင်း ကတော့ လုံးဝ ဂရုမစိုက်ပေ။သူမသည် အပြင်ဘက်သို့ ငေးမောကြည့်ရင်း ချောမောလှသော လူငယ်တစ်ယောက်ကိုသာ စိုက်ကြည့်နေသည်။
ဘယ်လောက်တောင် ချောလိုက်တဲ့လူလဲ။ အရင်က သူမ မြင်ဖူးတဲ့ ယောက်ျား မိန်းမတွေ အားလုံးက သူ့လောက်လည်း မချောကြပါလား... သူ့ရှေ့ကလူကသာ ကောင်းကင်မှာ တောက်ပနေတဲ့ လမင်းကြီးလို၊ အံ့မခန်းဖြစ်ရအောင် ချောတာပဲ...တစ်ကယ်လို့ သူမသာ သူ့ကို ခဏခဏတွေ့မြင်ရပြီး သူ့အတွက် ပန်းချီဆွဲပေးခွင့်ရလျှင်၊ ရွှေသားအချိန်တစ်သောင်းကို သူမအား ကမ်းလှမ်းခဲ့လျှင်ပင် လဲလှယ်လိုမည်မဟုတ်ပေ။
"သခင်မလေးယောင်...."
ယောင်လင်း ဘေးက မိန်းကလေးသည် ယောင်လင်း၏ မျက်နှာပေါ်မှ ကြောင်စီစီဖြစ်နေသော အပြုံးကို မြင်လိုက်ရသော်၊ သူမ စိတ်ထဲတွင် မထိန်းနိုင်ဘဲ သက်ပြင်းချမိသည်။
အိုး သွားပြန်ပြီ၊သူမကလည်း ချမ်အမ်မ်ြို့စားမင်းရဲ့ အလှမှာ ကျဆုံးသွာားတာလား...
ရှေးခေတ်က လှပသော မိန်းကလေးများသည် ဒုက္ခဖြစ်တတ်သည်ဟူ၍ ဆိုရိုးစကားရှိသည်။ ဤမြို့စားမင်းရုံ သည်လည်း မိန်းကလေးတိုင်းအတွက် အိမ်မက်တစ်ခုလိုဖြစ်နေ၏။ သူ၏ အဆင့်အတန်းသည် မြင့်မြတ်သည်၊ သူသည် ဧကရာဇ်ထံမှ မျက်နှာသာပေးမှုကို ခံရသည်၊ သူ၏ ရုပ်ရည်အသွင်အပြင်သည် ကျောက်စိမ်းလိုမျိုး ပြစ်ချက်မရှိအောင် မက်မောစရာကောင်းလှသည်။ပညာရှိများကြားတွင်လည်း လေးစားခံရသည်။
မိန်းကလေးယောင်လို မိန်းကလေးကလည်း သူ့လို အဖက်ဖက်က ပြည့်စုံနေတဲ့သူရဲ့ ဆွဲဆောင်မှုကို ဘယ်လိုခုခံနိုင်မှာလဲ... ဒါပေမယ့် သူ့မှာ ဇနီးလောင်းရှိပြီးသားမို့ နှမြောစရာကောင်းတာ...သူ့ကို ဆက်ပြီး ကြိုက်နေရင် အရှက်ကွဲကြမယ်..
သူမ မမျှော်လင့်ထားသောအရာမှာ မြို့စားမင်းရုံ၏ စေ့စပ်ထားသူက ပန်းဟွာ ဆိုခြင်းပင်။ဒါက တကယ်ကို… တကယ်ကို စိတ်ကူးယဉ်တောင် မကြည့်ဖူးတဲ့ကိစ္စပဲ...
"မိန်းကလေးရှစ်"
ရုံရှား၏အပြုံးသည် ပျောက်ကွယ်သွားပြီး သူ၏လေသံမှာလည်း တမုဟုတ်ချင်း အေးစက်သွားသည်။
"ပန်းဟွာရဲ့စကားက ကျွန်တော့်စကားနဲ့ အတူတူပါပဲ"
xxxxx