အပိုင်း၆၇
Viewers 4k


Chapter.67


လူတိုင်းသိကြသည့်အတိုင်း မြို့စားမင်းရုံသည် အားလုံးအပေါ် အလွန်ယဉ်ကျေးသိမ်မွေ့ပြီး ဆက်ဆံရေးပြေပြစ်လှသည်။ထို့ကြောင့်လည်း သူက အမျိုးသမီးများအပေါ် အလွန်ဆွဲဆောင်မှုရှိရခြင်း ဖြစ်သည်။ 


လီရှောင်ရူသည် ရုံရှားကို မယုံနိုင်လောက်အောင် အံ့အားသင့်စွာ ကြည့်နေသည်။သူမ ပါးစပ်အဟောင်းသားဖြင့် ပျက်ယွင်းနေသော ရှစ်ဖေးရှန့်၏ မျက်နှာကိုကြည့်ရန် လှည့်လိုက်သည်။ 


ထို့နောက် သူမ မောင်လေးကို ဆွဲခေါ်ပြီး ယာယီတဲဆီသို့ လျှောက်သွားသည်။ ဤကိစ္စမှာ ဝင်မစွက်ဖက်သင့်ကြောင်း သူမ၏ ပင်ကိုယ်စိတ်က ပြောပြနေပေသည်။သို့သော်လည်း သူမ ဤအဖြစ်သနစ်အလုံးစုံကို ဆက်ကြည့်ချင်နေသေး၏။ ရှစ်ဖေးရှန့်သည် မြို့တော်မှာ အလွန်နာမည်ကြီးသည်။ အကြောင်းပြချက် တစ်စိတ်တစ်ပိုင်းမှာ ရှစ်မိသားစုသည် စီးပွားရေးကောင်းလွန်းတာကြောင့်ဖြစ်ပြီး၊ကျန်တစ်စိတ်တစ်ပိုင်းမှာ ပညာရှိတစ်ချို့ပင် သူမအား အပြိုင်အဆိုင် ပိုးပမ်းခြင်းကြောင့်ပင်။သူမလို လှပပြီး ထက်မြက်သော မိန်းကလေးတစ်ယောက်အား ဂုဏ်သိက္ခာပိုင်းကိုသာ အာရုံစိုက်ကြသော၊ပညာရှိများက လိုချင်နေကြသည်မှာ မထူးဆန်းပေ။ 


ရှစ်ဖေးရှန့်ကို မုန်းတီးသော ယောက်ျားသားဆိုပါက၊ရှစ်မိသားစုနှင့်အပြိုင်အဆိုင် မိသားစုကပင် ဖြစ်ပေလိမ့်မည်။သို့သော် သူတို့စိတ်ထဲမှာတော့ သူမအကြောင်း မတွေးဘဲနေနိုင်မည်မဟုတ်ပေ။ 


တလောက အိုက်ပိုမင်းသားသည် ပန်းဟွာကို တယဲ့တွင် အလှဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ပြီး မိန်းကလေးရှစ်ဟု မှားယွင်းခေါ်ဆိုခဲ့သည်။ ဤကိစ္စကို လူတော်တော်များများက အချိန်အတော်ကြာအောင် တိတ်တဆိတ် ရယ်မောခဲ့ကြသည်။လူ့သဘောသဘာဝသည် အလွန်ရှုပ်ထွေးသော အရာဖြစ်သည်။ သနားခြင်း၊ ကြင်နာခြင်း၊ မနာလိုခြင်း စသည့်ခံစားချက်တို့ ရောထွေးဖြစ်ပေါ်နေကြကာ၊ လောကမှာ ပြီးပြည့်စုံသူဟူ၍ တစ်ဦးတစ်ယောင်မှ မရှိချေ။ရှိလျှင် သူတော်စင်ပင်ဖြစ်ရမည်။သို့သော်၊ ဇိမ်ခံပြီး နေထိုင်ခဲ့ရသည့်ဘဝနှင့် အစေခံအုပ်စုအား လိုသလိုစေခိုင်းနေသူများကလည်း သူတော်စင် မဖြစ်လာနိုင်ချေ။


သခင်မလေးများစွာသည် ရှစ်ဖေးရှန့် ကို စိတ်ပူဟန်ဆောင်ကာ သူမ နောက်သို့ လိုက်သွားကြသည်။သူတို့ ကောင်းကောင်း ဖုံးကွယ်ထားသော်လည်း၊သူတို့ မျက်လုံးထဲမှ စပ်စုလိုစိတ်တို့အား ပန်းဟွာ မြင်နိုင်သေးသည်။


ရှစ်ဖေးရှန့်သည် အခြားသူများ၏ထင်မြင်ချက်ကို ဂရုမစိုက်ဘဲ၊  ရုံရှားကိုသာ အာရုံစိုက်နေပြီး မျက်နှာမှာလည်း ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေသည်။ 


ရှစ်ဖေးရှန့်၏ မျက်နှာကိုမြင်လျှင် ပန်းဟွာ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမ ရှစ်ဖေးရှန့်ကို ရူးသွားအောင်တော့ မလုပ်မိဘူးမလား... ရှစ်ဖေးရှန့်၏ မျက်နှာသည် အဖြူမှ အနီသို့ ပြောင်းလဲသွားပြီးနောက် အနီမှ အစိမ်းသို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် ပါးပြင်ပေါ်သို့ မျက်ရည်စက်များ ‌တပေါက်ပေါက်ကျလာသည်။သူမ ပုံစံလေးက သနားစရာကောင်းနေသော်ငြား၊ရုံရှားကမူ ဘာမှမထူးခြားပေ။ ယခုလို အသံတိတ်ငိုကြွေးနေသည့် သူမကြောင့် ဤမြင်ကွင်းကိုမြင်သူတိုင်း ရုံရှားသည် အကြင်နာကင်းမဲ့သူဟု ထင်ကြလိမ့်မည်။ 


"မြို့စားမင်းရုံက အသည်းနှလုံးမရှိဘူးပဲ၊ ကျွန်မ မျှော်လင့်နေမိတာ မှားပါတယ်၊ ကျွန်မ တောင်းပန်ပါတယ်၊နှုတ်ဆက်ပါတယ်" 


ရှစ်ဖေးရှန့်က ရုံရှားကို ပြောကာ လှည့်ပြီး ထွက်သွားသည်။ထိုအခါ ရှစ်မိသားစု၏ အစောင့်များလည်း လိုက်ပါသွားကြသဖြင့် ချက်ချင်းပင် တဲရှိလူဦးရေမှာ ထက်ဝက်ခန့် လျော့သွားသည်။ တခြားသခင်မလေးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ 


ရှစ်ဖေးရှန့်သည် ရုံရှား သို့မဟုတ် ပန်းဟွာနှင့် ရန်ဖြစ်ငြင်းခုံမည်ဟု ထင်ခဲ့ကြသော်လည်း၊ယခုလို ဘာမှမတုံ့ပြန်ဘဲ ထွက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ဒါက ဘာကိုဆိုလိုတာလဲ။ 


လီရှောင်ရူသည် မောင်ဖြစ်သူ၏ ပခုံးပေါ်လက်တင်ထားကာ စိုးရိမ်စိတ်ဖ့စ်သွားရသည်။ ဝမ်းပန်းတနည်းဖြစ်သွားသော ရှစ်ဖေးရှန့်သာ မြို့တော်သို့ ပြန်သွားခဲ့ပါက၊ ရက်အနည်းငယ်အတွင်း ကောလဟာလများက မည်သို့ဖြစ်လာမည်ဆိုသည်ကို ဘယ်သူမှမပြောနိုင်ချေ။ သူမ အခြားမိန်းကလေးများကို ကြည့်လိုက်ရာ၊ အားလုံးမျက်နှာထက်ဝယ် ထူးဆန်းသော အကြည့်မျိုး ရှိနေသည်ကို တွေ့လိုက်ရသည်။


"ခဏစောင့်ပါဦး"  


ပန်းဟွာသည် ထွက်သွားနှင့်ပြီးသော ရှစ်ဖေးရှန့်ကို ပန်းမိသားစု၏ အစောင့်များအား အချက်ပြ၍ တားခိုင်းလိုက်သည်။ ရုံရှားနောက်တွင် ရပ်နေသော တုကျိုးသည်လည်း၊လက်ညှိုးလှုပ်၍ အချက်ပြလာသော သခင်ဖြစ်သူကြောင့် ပန်းမိသားစု၏ အစောင့်များနောက်သို့ သူ၏အစောင့်များစွာဖြင့် လိုက်သွားခဲ့သည်။


"ပန်းဟွာကျွင်းကျူး ဘာလိုချင်လို့လဲ"  


ရှစ်ဖေးရှန့်သည် မိုးရေထဲမှာ စိုရွှဲနေသော သစ်တော်သီးပန်းပွင့်လို မျက်ရည်လည်ရွဲဖြင့် ငိုကြွေးနေရင်း တုန်တုန်ယင်ယင်အသံဖြင့် ပန်းဟွာကို ကြည့်လိုက်သည်။ 


 "ဘာမှ မလုပ်ချင်ပါဘူး"


ထိတ်လန့်တုန်လှုပ်နေသော ရှစ်ဖေးရှန့် နှင့်မတူဘဲ ပန်းဟွာ၏ မျက်နှာအမူအရာမှာ အလွန်တည်ငြိမ်လျက်ရှိသည်။ သူမသည် လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး


"အခုလို လူတွေအများကြီးရှေ့မှာ ရှင်းရှင်းလင်းလင်းပြောရတာက ပိုကောင်းပါတယ်၊ မိန်းကလေးရှစ်သာ ဒီလိုမျိုးထွက်သွားရင် အခြေအနေမသိတဲ့သူတွေက ငါက နင့်ကို မဟုတ်တာလုပ်လိုက်တယ်လို့ ထင်ကုန်ကြလိမ့်မယ်၊ သူများတွေရဲ့ အထင်အမြင်ကို ငါက သိပ်ဂရုမစိုက်ပေမယ့် အတင်းအဖျင်းစကားတွေကိုတော့ နားထောင်ချင်စိတ်မရှိဘူး"


ရှစ်ဖေးရှန့်၏ မျက်ခွံများမှာ တစ်ချက်နှစ်ချက် တုန်ခါသွားသော်လည်း ဘာမှ မပြောပေ။


 "တစ်ကယ်လို့ နောက်နေ့တွေကျ ငါ့အကြောင်း မဟုတ်တာ တစ်ခုခုကြားရင် ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို တခြားသူတွေကို အကုန်ပြောပြလိုက်မယ်၊ တစ်ကယ်တော့ မိန်းကလေးရှစ်က ကြင်နာတတ်ပြီး သူများတွေရဲ့ အိမ်ထောင်ရေးကိုလည်း ဝင်စွက်ဖက်ချင်တယ် ဆိုတာကိုရောပေါ့"


ထိုစကားကိုကြားလျှင် ရှစ်ဖေးရှန့် မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။သူမ မရူးသေး၊ ပန်းဟွာ၏ ဆိုလိုရင်းကို သဘာဝကျကျ နားလည်သည်။ ရုံရှားနှင့် ပန်းဟွာတို့သည် စေ့စပ်ခဲ့ကြပြီးဖြစ်သည်။  ပန်းဟွာက အပြင်မှာ အတင်းအဖျင်းပြောလျှင် သူမအကြောင်းကိုလည်း အတင်းအဖျင်းပြောကြမှာပင်။တခြားသူသာဆိုရင် မိသားစုနှစ်စု၏ နာမည်ဂုဏ်သတင်းကြောင့် ဆင်ခြင်သင့်သလောက် ဆင်ခြင်ပေလိမ့်မည်။ သို့သော်၊ ပန်းဟွာကတော့ မတူ၊သူမသည် အရူးတစ်ယောက်လိုပင် ကိုယ့် လုပ်ရပ်များ၏ အကျိုးဆက်များကို ဘယ်တော့မှ ဂရုမစိုက်တတ်သူပင်။ ရှစ်မိသားစု၏ ဂုဏ်သိက္ခာကို သူမ ဂရုမစိုက်သလို သူမ၏ ဂုဏ်သိက္ခာကိုလည်း ဂရုစိုက်မည်မဟုတ်ပေ။


ရှစ်ဖေးရှန့်အား ပန်းဟွာ အနိုင်ကျင့်နေသည်ကို အခြားသခင်မလေးများက တိတ်တဆိတ်သာ ကြည့်ရှုနေကြသည်။ဤအချိန်မှာ ဘယ်သူမှ ဘာမှ မပြောရဲကြ၊ ရှစ်မိသားစုနှင့် ဆက်စပ်နေသော တခြားသခင်မလေးများပင် ပန်းဟွာကို မပြောဝံ့ပေ။ရှစ်ဖေးရှန့် ရဲ့ နာမည်ဂုဏ်သတင်းကိုတောင် ပန်းဟွာက ဂရုမစိုက်တာဆိုတော့ သူမတို့ကရော ဘာများတတ်နိုင်မှာလဲ... 


"ကျွင်းကျူးက အတွေးလွန်နေပြီပဲ"  ရှစ်ဖေးရှန့်က လှောင်ပြောင်စကားပြောပြီး ပန်းမိသားစု၏ အစောင့်များကို ဘေးကနေ တစ်ချက်ကြည့်လိုက်သည်။ "ရှေ့ကဖယ်ပေးပါ"


ပန်းမိသားစု၏ အစောင့်များသည် သူမကို လျစ်လျူရှုကာ ပန်းဟွာကို လှည့်ကြည့်လိုက်သည်။ ပန်းဟွာ ငယ်ရွယ်စဉ်ကပင်၊ ဤကိုယ်အစောင့်များကို ကျင့်ထင် နယ်စားမင်းဟောင်းမှ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပေးခဲ့သည်။ ထို့ကြောင့် သူတို့သည် ပန်းဟွာအပေါ် အလွန်သစ္စာစောင့်သိကြပြီး သူမ၏အမိန့်မှလွဲ၍ အခြားမည်သူ့စကားကိုမျှ နားမထောင်ခဲ့ကြပေ။


"နင် နားလည်ထားတာ ကောင်းပါတယ်"  ပန်းဟွာ မေးစေ့ကို အနည်းငယ်ချီထားကာ အစောင့်တို့အား မျက်စပစ်ပြလိုက်လျှင် ရှစ်ဖေးရှန့်အား သူတို့ လမ်းဖယ်ပေးလိုက်ကြ၏။


 "ဒါနဲ့ မိန်းကလေးရှစ် က အရမ်းရှားပါးတဲ့ ကဗျာပေါင်းချုပ်စာအုပ်တစ်အုပ်ကို  ရထားတယ်လို့ ကြားတယ်၊ ကဗျာပေါင်းချုပ်စာအုပ်ရဖို့ဆိုတာ မလွယ်ပါဘူး၊ ဒါကြောင့်  စာအုပ်ကို ကောင်းကောင်းသာ ထိန်သိမ်းထားပေတော့"


ရှစ်ဖေးရှန့်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ ပန်းဟွာ၏အကြည့်ကို ရှောင်လိုက်ပြီး အမြန်လှည့်ထွက်သွားသည်။


ရှစ်ဖေးရှန့်၏ ရုပ်သွင်သည် ဝါးတောထဲသို့ ပျောက်ကွယ်သွားသောအခါ၊ နေရာတွင် ရပ်နေကြဆဲဖြစ်သော တခြားသခင်မလေးတို့ ကြောင်စီစီရပ်နေကြဆဲပသ်။သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးမှ အသိစိတ်တဖြည်းဖြည်း ပြန်ဝင်လာကြပြီး ပန်းဟွာနှင့် ရုံရှားကို စတင်နှုတ်ဆက်ကြသည်။


ပန်းဟွာသည် "အမှားတိုင်းတွင် ကျူးလွန်သူရှိပြီး အကြွေးတိုင်းတွင် ကြွေးမြီကို စတင်သူရှိသည်" ဟူသော ဒဿနစကားကို လက်ကိုင်ထားသူပီပီ ထိုမိန်းကလေးတို့အား အပြစ်တင်လိုစိတ်မရှိချေ။နူးညံ့သိမ်မွေ့သော မိန်းမလှလေးများအား အလွန်ဖော်ရွေစွာ  ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်ပြီးသည့်နောက် မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးတစ်ယောက်က သူမကို ခဏခဏ ခိုးကြည့်နေသည်ကို တွေ့လိုက်ရ၏။


ကလေးမလေးကိုကြည့်ပြီး ပန်းဟွာ မပြုံးဘဲ မနေနိုင်တော့။ ကလေးမလေးသည် သူမ သတိထားမိသွားသည်ကို သဘောပေါက်သွားပုံရကာ၊ မျက်နှာလေးနီမြန်း၍ ချက်ချင်းလှည့်ပြီး ထွက်ပြေးသွားတော့သည်။ပန်းဟွာသာ ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့ရ၏။ဒီကလေးမလေးက ရုပ်လေးကလည်း လိုက်တာ...ဒါနဲ့ သူမ ဘာကြောင့် အရမ်းကြောက်နေတာလဲ...


ထိုစဉ် လီရှောင်ရူက လီဝမ်ကို ပန်းဟွာအနီးသို့ ခေါ်လာပြီး ဦးညွှတ်လိုက်သည်။  


"ကျွင်းကျူး ကျွန်မ သွားပါတော့မယ်"


 "ဂရုစိုက်ပါ" ပန်းဟွာက သူမကို ပြုံးပြနှုတ်ဆက်သည်။


လီရှောင်ရူ ပြုံး၍ ခေါင်းငုံ့ပြီး မောင်ဖြစ်သူ၏ ခေါင်းကို အသာကိုင်ထားရင်း လှည့်ထွက်သွားမည်ပြုသည်။ သို့သော် မောင်ဖြစ်သူက သူမဆီမှ ရုန်းထွက်ပြီး ပန်းဟွာထံ လျှောက်သွားသည်။  "အစ်မ၊ ရက်ပိုင်းအတွင်း ကျွန်တော် အစ်မကို လာတွေ့လို့ရမလား"


လီရှောင်ရူ မောင်ဖြစ်သူကို စိုးရိမ်တကြီးကြည့်နေမိသည်။  ပန်းဟွာ က နောက်နေတာလေ၊သူမရဲ့မောင်လေးကလည်း ငယ်သေးတာကို...သူ ဘာလို့ ဒါတွေကို နားလည်နေရတာလဲ...  


 "ကောင်းပြီလေ"  ပန်းဟွာက အစ်မကြီးတစ်ယောက်လို ခေါင်းညိတ်ရင်း ပြောလေသည်။  "ငါ မင်းကို မြင်းစီးသင်ပေးမယ်၊ သေနတ်ပစ်လည်းသင်ပေးမယ်"


လီဝမ်၏ မျက်လုံးများ တောက်ပလာပြီး လေးလေးနက်နက် ခေါင်းညိတ်ကာ  "ကောင်းပါပြီ"


လီရှောင်ရူသည် ပန်းဟွာကို မဝံ့မရဲကြည့်လိုက်ပြီး "ကျွင်းကျူး နောက်ဆို ပိုသတိထားသင့်ပါတယ်"


သူမသည် ရှစ်ဖေးရှန့် နှင့် နှစ်ပေါင်းများစွာနေခဲ့သူဖြစ်သည်။ အပြင်ပန်းတွင် ရှစ်‌ေဖးရှန့်သည် နူးညံ့သိမ်မွေ့သော စိတ်ထားရှိသည်။ သို့သော် တကယ်တမ်းတွင် ရှစ်ဖေးရှန့်အလွန်အမျက်ထွက်သွားသည်မှာ သေချာ၏။ ပန်းဟွာ၏ လုပ်ရပ်က သူမအား အရှက်ရစေခဲ့သည်ဖြစ်၍ အငြိုးထားကာ လက်စားချေရန် အခွင့်အရေးကို စောင့်မျှော်နေမည်မှာ သေချာသည်။


ပန်းဟွာ မျက်ခုံးပင့်ကာ လီရှောင်ရူကိုကြည့်ကာ ပြုံးပြီး “အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်” 


လီမောင်နှမများ ထွက်ခွာသွားပြီးနောက် ပန်းဟွာသည် လူသူကင်းမဲ့နေသော ဝါးတောကို ကြည့်လိုက်ပြီး ရုံရှားကို ပြော၏။


 "ငြိမ်သွားပြီ" 


ရုံရှားက သူမကို ပြုံးပြလိုက်သည်။


 "ဒေါင်းတွေ သွားကြည့်ကြရအောင်"  


ထို့နောက် ပန်းဟွာလည်း စိတ်အားထက်သန်စွာဖြင့် ဝါးတောမှ ထွက်လာခဲ့သည်။ ရန်ပွဲကို အောင်နိုင်ရသည့် ခံစားချက်က တိုက်ပွဲကို အနိုင်ယူရသလိုပင်။ 


ပန်းမိသားစု၏ အားလပ်ရက်အိမ်ရှိ ဒေါင်းများကို အလွန်ကောင်းမွန်စွာ မွေးမြူထားကြသည်။မြင်ကွင်းက အသက်ဝင်နေကာ ဒေါင်းအထီးအချို့သည် အမြီးများကိုဖြန့်၍ ဟိုသည် ပြေးလွှားနေကြသည်။အမြီးကားထား၍ ပြောင်နေသောဖင်များကိုသာ မကြည့်ပါက၊အတော်လှပသည်ဟု ဆိုနိုင်ပေသည်။


 အပြန်လမ်းတွင် ပန်းဟွာသည် တောင်တန်းများနှင့် လယ်ကွင်းစိမ်းများကို လှမ်းကြည့်မိသည်။လမ်းဘေးမှာ မက်မွန်ပင်များ အပြည့်ရှိပြီး ပွင့်နေသည်မှာ အတော်လှသည်။  


“ဒီလို အလှမျိုးကို ကြည့်လိုက်ရရင်အသက်ရှင်ရတာ ကံကောင်းတယ်လို့ ခံစားရတယ်” 


ရုံရှားက သူမကို အံ့သြစွာ ကြည့်လိုက်ကာ "ဟွာဟွာ့ အသက်အရွယ်က လောကကြီးမှာ နေလို့ကောင်း၊ထိုင်လို့ကောင်းတဲ့ အရွယ်မဟုတ်လား၊ဘာလို့ ဒီလိုအတွေးမျိုး ရှိနေရတာပါလိမ့်" 


ပန်းဟွာက ပြုံးပြီးဘာမှပြန်မပြော။  အေးမြသောလေနုအေးသည် သူမ၏ ဆံနွယ်များကို အသာအယာလွန့်လူးသွားစေ၍ အိမ်မက်ဆန်သော သူမ၏အလှကို ပို၍ပေါ်လွင်သွားစေသည်။ 


ရုံရှား သူမကို ငေးကြည့်ပြီး တစ်ဖန် အဝေးကို လှမ်းကြည့်လိုက်သည်။ဟိုးအဝေးက တောင်စောင်းမှာ ပန်းနုရောင် အခိုးအငွေ့များလို တဆုပ်တခဲပွင့်နေကြသည့် ပန်းပွင့်များ ရှိနေကြသည်။


သို့သော် ရှေ့တွင် တွေ့ရသော စုတ်ပြတ်သပ်နေသည့် အဝတ်အစားများ ဝတ်ထားသော သူတောင်းစားအနည်းငယ်ကြောင့် ချက်ချင်း ခံစားချက်တို့လွင့်ပါးကုန်၏။ဤသူတောင်းစားများက ဘယ်က ရောက်လာမှန်း မသိပေ။ သူတို့အဝတ်အစားများမှာ စုတ်ပြဲနေပြီး မျက်နှာကလည်း ပိန်လိန်ကာ မဲညစ်နေ၏။ထိုအထဲမှ အမျိုးသမီးတစ်ဦးသည် လက်ထဲတွင် ကလေးငယ် တစ်ယောက်ကို ပွေ့ချီထားသည်။ ကလေးကလည်း သူမ လက်ထဲတွင် မလှုပ်မယှက် လဲလျောင်းနေသည်။  ကလေးက အိပ်ပျော်နေခြင်းလား၊သို့မဟုတ် ဆာလောင်မှုဒဏ်ကြောင့် မူးမေ့လဲနေသလား မသိတော့။


 ဤသူတောင်းစားများသည် ရုံရှားနှင့် ပန်းဟွာကိုမြင်သောအခါ မျက်လုံးများ ရုတ်တရက် အလွန်တောက်ပလာသည်။ သူတို့ပုံစံက အမှောင်ထဲမှာ အချိန်အတော်ကြာ လမ်းလျှောက်နေသူများလိုပင်။ သူတို့လက်လျှော့ဖို့အထိ တွေးထားကြသော်လည်း၊ နောက်ဆုံးမှာတော့ ရှေ့မှာ အလင်းတန်းတစ်ခုကို တွေ့လိုက်ရသလို ဝင်းလက်နေတော့သည်။


မကြာမီ ကလေးကိုပွေ့ထားသည့် အမျိုးသမီးက မြေကြီးပေါ်မှာ ထိုင်ပြီး စတင်ငိုယိုတော့သည်။သူမ ပုံစံက စိတ်လှုပ်ရှားနေလား၊ ဝမ်းနည်းနေသလား မသိပေ။


ပန်းဟွာသည် လမ်းပေါ်တွင် ငိုယိုနေသော သူတောင်းစားများကို ကြည့်ကာ ရုံရှားကို လှည့်ကြည့်လိုက်သည်။


ရုံရှားက တုကျိုးအား လက်ဟန်ပြပြီး အကျိုးအကြောင်းကို မေးမြန်းစေသည်။အကယ်၍ သူတို့သည် မြို့တော်မှ သူတောင်းစားများဆိုလျှင် တရားဝင်လမ်းမပေါ်  ဖြတမလျှောက်ဖို့ သတ္တိမရှိနိုင်ပေ။


တယဲ့အင်ပါယာ၏ ဥပဒေများအရ သာမန်လူများပင်လျှင် တရားဝင်လမ်းပေါ်တွင် ခွင့်ပြုချက်မရှိဘဲ သွားလာခွင့်မရှိ။စည်းကမ်းဖောက်ဖျက်ကျူးလွန်သူများအား ထောင်ဒဏ်တစ်နှစ်နှင့် ဒဏ်ငွေအဖြစ် ငွေသားဆယ်တုံးစီ ချမှတ်ခံရမည်ဖြစ်၏။


ပန်းဟွာက အဆာပြေစာများ အပြည့်ပါသည့် အိတ်ကိုထုတ်ပြီး ဘေးနားက အစောင့်ကို ပေးလိုက်ကာ သူတောင်းစားများကို ပေးဖို့ပြောလိုက်၏။ 


ကလေးကို ပွေ့ထားသော အမျိုးသမီးက အိတ်ကိုယူကာ ပန်းဟွာအား ဦးညွတ်လိုက်သည်။ထို့နောက် အိတ်ကို စိတ်အားထက်သန်စွာ အမြန်အဆန် ဖွင့်လိုက်သည်။ စိတ်စောနေတာကြောင့် အိတ်ထဲက မုန့်နှစ်ခု ပြုတ်ကျသွားသည်။ သူမသည် ၎င်းတို့ကို အမြန် ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် အိတ်ထဲမှ ကိတ်မုန့်တစ်ဖဲ့ကို ထုတ်ကာ သတိလစ်နေသော ကလေး၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။


ကလေးသည် ပါးစပ်မဟပေးနိုင်ဟု ပန်းဟွာ တွေးနေစဉ်မှာပင်၊ မျက်စိမှိတ်ထားသော ကလေးက ပါးစပ်ကိုအကျယ်ကြီး ဟ,ထားပေးလာသည်။သူ ကိတ်မုန့်စားနေပုံက နွားတစ်ကောင် အစာစားနေသလိုမျိုး အားရပါးရနိုင်လှသည်။


 "ကျွန်တော် မေးပြီးပါပြီ၊ဒီလူတွေက ချီကျိုးက ဒုက္ခသည်တွေပါ....ချီကျိုးမှာ အလွန်ပြင်းထန်တဲ့ နှင်းမုန်တိုင်းတစ်ခု ဖြစ်နေတယ်လို့ သူတို့က ပြောပါတယ်၊လူတော်တော်များများ သေကုန်ကြတယ်။ သူတို့တွေက အစတုန်းကတော့ ချမ်းသာတဲ့သူတွေပါ၊မြို့တော်ထဲကို မဝင်ခင်မှာ သူတို့ရဲ့ ရွှေ၊ ငွေ၊ မြင်းတွေ အကုန်လုယက်ခံရတယ်၊ ဒါက သူတို့ရဲ့ ခရီးသွားခွင့်လက်မှတ်ပါ”


ယခုအချိန်မှာ အရေးကြီးတာက သူတို့၏ သရုပ်မှန်မဟုတ်၊ ချီကျိုးမှာ နှင်းမုန်တိုင်း ဖြစ်နေသည်က မှန်သလား၊ မှားသလား ဆိုတာပင်။


"ဒါက အမှန်ဆိုရင် ချီကျိုးရဲ့ အရာရှိတွေက ဘာလို့ သတင်းမပို့ရတာလဲ..."



xxxxx