Chapter.68
ပန်းဟွာနှင့် ရုံရှားတို့သည် ဒုက္ခသည်များဟု ဆိုထားသော အဆိုပါ သူတောင်းစားများကို မြို့တော်ထဲသို့ ခေါ်ဆောင်ကာ တရားရုံးချုပ်သို့ လွှဲပြောင်းပေးခဲ့သည်။
ထိုမှအပြန်တွင်....
ရုံရှားက ပန်းဟွာကို တောင်းပန်သလိုပြုံးပြီး "မင်းနဲ့ ခဏလောက် နေချင်ပေမယ့် ဒီလို အခြေအနေမျိုး ကြုံရမယ်လို့ မမျှော်လင့်ထားဘူး၊ခဏနေလည်း ကိုယ် နန်းတော်ကို သွားရဦးမှာ"
ပန်းဟွာက ခေါင်းညိတ်ပြပြီး "အလုပ်က ပိုအရေးကြီးတယ်၊ရှင် သင့်တော်သလို စီမံပါ"
ထို့ကြောင့် ရုံရှားက တုကျိုးဘက်လှည့်ကာမေးမြန်းလိုက်သည်။
"ချီပြည်နယ်တရားသူကြီးက ရှစ်မိသားစုထဲကလား"
တုကျိုးက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
"ချီပြည်နယ်ရဲ့တရားသူကြီးက မဒမ်ရှစ် ရဲ့တူပါ"
"ချီပြည်နယ်ရဲ့ စီရင်စုနယ် တရားသူကြီးဟာ တော်တော်ရက်စက်ကြမ်းကြုတ်တာပဲ...ဒုက္ခသည်တွေ လွတ်မြောက်ဖို့ မလွယ်အောင် တလမ်းလုံး လိုက်ဖမ်းနေခဲ့တာဖြစ်မယ်...ဒီလူနည်းစုကပဲ မြို့တော်ကို ထွက်ပြေးလွတ်မြောက်ခဲ့တာ၊ဒီလူတွေကို ဘယ်သူကာကွယ်ပေးထားသလဲဆိုတာ သွားရှာကြည့်စမ်းပါ"
ဒီလိုမှမဟုတ်ရင် ဒီမိသားစုတစ်ခုလုဲး ကလေးတွေရော၊လူကြီးတွေရော မြို့တော်ကို ဘယ်လိုအောင်မြင်အောင် လာနိုင်ခဲ့မလဲ...ထို့အပြင် မြင်းများ၊ ရွှေ၊ ငွေနှင့် အခြားအဖိုးတန်ပစ္စည်းများကိုပင် ဆုံးရှုံးခဲ့ရသည်။ ယခုဆို ခရီးသွားခွင့်လက်မှတ်များသာ ကျန်ရှိတော့သည်။ ဒီလူတွေကို တစ်ယောက်ယောက်က အကြံဆင်ပြီး ပြင်ဆင်ထားသလား၊ ဒါမှမဟုတ် ပြည်နယ်ရဲ့အုပ်ချုပ်သူကို အကွက်ဆင်တိုင်ကြားဖို့ မြို့တော်ကို လာခိုင်းထားတာလား.....
ရုံရှားသည် သူ့မျက်လုံးများထဲမှ အေးစက်မှုကို ဖုံးကွယ်ထားလိုက်ကာ
"ပန်းဟွာ မင်း အခု နန်းတော်သွားသင့်တယ်၊ သူတို့ကို ကိုယ် ခေါ်လာခဲ့တာ၊ကိုယ်သာ ဘာမှမသိဟန်ဆောင်ပြီး နေလိုက်ရင် ဧကရာဇ်ကို ရှင်းပြလို့ မရဘဲနေမယ်...မင်း စိတ်မပူနဲ့၊ ကိုယ့်မှာ အစီအစဉ်တွေ ရှိတယ်"
ရုံရှားသည် အမြဲတမ်း ကိုယ်ပိုင်အဆုံးအဖြတ်ဖြင့်သာ လှုပ်ရှားလေ့ရှိသူဖြစ်ကြောင်း တုကျိုး သိထားသောကြောင့် စကားအပိုမပြောဝံ့ပေ။
ပန်းဟွာ ပြန်သွားပြီးနောက် ပန်းမိသားစုအား ဤအဖြစ်အပျက်အကြောင်း ပြောပြသည်။
ယင်းရှစ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"နှင်းဘေးအန္တရာယ် ဟုတ်လား....ချီပြည်နယ်က မြို့တော်နဲ့ သိပ်မဝေးလှဘူး၊သူတို့ဘက်က ဒေသဆိုင်ရာ အရာရှိတွေက အမှန်တရားကို ဘယ်လိုတောင် ဖုံးကွယ်ဝံ့ကြတာလဲ”
ပြီးခဲ့သည့် ဆောင်းရာသီတွင် ဆီးနှင်းများ ယခင်နှစ်များထက် ပိုမိုထူထပ်စွာကျဆင်းခဲ့သော်လည်း မြို့တော်တွင် မည်သည့်ဘေးအန္တရာယ်မျိုးမျှ မကြုံခဲ့သလိုမျိုး သတင်းသဲ့သဲ့ပင် မကြားဖူးခဲ့ပေ။ အချို့သော အရာရှိများကပင် နှင်းများကျဆင်းခြင်းသည် စပါးအထွက်ကောင်းခြင်းကို ညွှန်ပြသည်ဟု ဆိုကြသည်။ ဘေးအန္တရာယ် အကြောင်း စကားရိပ်ပင်မသန်းကြ။
ပန်းဟွိုက်က လေးနက်သော မျက်နှာထားဖြင့် ဝင်ပြောသည်။
"ဒီလောက်ကြီးကျယ်တဲ့ ကိစ္စကြီးကို သူကိုယ်တိုင် ချုပ်ထိန်းနိုင်မှာ မဟုတ်ဘူး..မြို့တော်မှာ ကြံရာပါတွေ ရှိကောင်းရှိနိုင်တယ်"
"ဘယ်သူများလဲ"
ပန်းဟမ်ကလည်း စိတ်ဝင်တစား မေးသည်။
"ငါက ဘယ်လိုသိမှာလဲ၊မင်းအဖေသာ ဒီကိစ္စကိုသိရင် ငါ ဒီလိုတောင် ဖြစ်မနေဘူး"
ပန်းဟမ် ခေါင်းညိတ်လိုက်သည်။ "ဒါလည်း ဟုတ်တယ်"
ယင်းရှစ် တစ်ယောက် သားအဖကြားမှာ ဤစကားမျိုးကိုကြားလိုက်တိုင်း အထူးစိတ်မကောင်းဖြစ်ရသည်။သူမ၏ ခင်ပွန်းနှင့် သားဖြစ်သူသာ မဟုတ်ပါက၊ သူတို့ကို ကြည့်ချင်စိတ်တောင် ရှိမှာမဟုတ်ပေ။
"သမီး ဒီနေ့ ဒေါင်းတွေကို ကြည့်ဖို့ မြို့စားမင်းရုံနဲ့ လိုက်သွားတာမလား" ပန်းဟွိုက်သည် ပန်းဟွာကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။ "ဒေါင်းလေး နည်းနည်းပဲကြည့်တာကို ဒီလောက် အချိန်အများကြီးကုန်သွားရသလား"
"သမီး ဒီကိုလာရာလမ်းမှာ ပြဿနာတစ်ခုကြုံရတယ်လေ၊ပြီးတော့ ရှစ်မိသားစုက မိန်းကလေးတစ်ယောက်နဲ့လည်း ပဋိပက္ခဖြစ်ခဲ့တယ်…"
"ရှစ်မိသားစုနဲ့ ဖြစ်ပြန်ပြီလား၊ယန်မိသားစု အာဏာဆုံးရှုံးပြီးကတည်းက ရှစ်မိသားစုက ပိုပိုပြီး ထောင်လွှားလာတယ်၊အခုအချိန်မှာ အိမ်ရှေ့စံ နန်းမတက်သေးပေမယ့် သူတို့က ဧကရာဇ်ရဲ့ ယောက္ခမတွေလို မောက်မာနေကြတာပဲ...အင်း သူတို့ကြောင့် အိမ်ရှေ့စံ ဒုက္ခရောက်မှာတော့ စိုးရတယ်"
ပန်းမိသားစု တိတ်ဆိတ်သွားသည်။ ယန်မိသားစု၏ ကံဆိုးမှုက သူတို့နှင့် ပတ်သက်ခဲ့သည်ကို သိထားကြ၏။ထို့အပြင် အိမ်ရှေ့စံ ဒုက္ခရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ အရေးမကြီး။နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် တိုင်းပြည်လည်း ပျက်စီးရပေမည်။
ပန်းဟွိုက်က စားပွဲကို ဘုန်းကနဲရိုက်ကာ
"ရှစ်မိသားစု ဘယ်လောက်ပဲ ထောင်လွှားမောင်မာနေပါစေ၊ငါတို့ မကြောက်ဘူး....သူမရှေ့မှာ ဘာမှ နှိမ့်ချဆက်ဆံပြနေစရာမလိုဘူး၊ငါတို့မိသားစုကတော့ သူတို့ကို အောက်ကျို့ခယနေစရာကိုမလိုဘူး.. သူတို့ရဲ့ အကျင့်ဆိုးတွေကိုတော့ ဘယ်လိုမှ သည်းမခံနိုင်ဘူး"
ယင်းရှစ်က ခေါင်းခါပြီး စိတ်ပျက်နေဟန်ဖြင့်
"ရှစ်မိသားစုထဲက ကောင်မလေးက အတော်ယဉ်ကျေးသိမ်မွေ့တယ်လို့ ငါ အစက ထင်ထားတာ၊ ဒါပေမယ့် သူမ ဒီလောက်ထိ ဆိုးလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ ဒီလိုမိန်းကလေးမျိုးက အခုချိန်ထိ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ နေရသေးတာ ကံကောင်းတာပဲ၊ မဟုတ်ရင် သူမ ဘဝကြီးက ခက်ခဲနေမှာ"
ပန်းဟမ် နှုတ်ခမ်းကို စူလိုက်ပြီး.."သူမကလေ စိတ်ထားကိုက ဆိုးဝါးတာ၊တခါတလေ အစ်မကို ကြည့်နေတာများ မျက်လုံးကြီးကျွတ်ကျမလိုပဲ"
ထိုစကားကြောင့် ပန်းဟွာက စိတ်အေးလက်အေးပင် ပြောလေသည်။
" ငါကတော့ သူမကို မကြောက်ဘူး...ငါ့အိပ်မက်ထဲမှာ သူမနဲ့ ရှဲ့ချီလင်းတို့ဆက်ဆံရေးက သိပ်မသဲကွဲဘူး၊ ရှဲ့ချီလင်းက သူမကို ကဗျာစာအုပ်ပေးပြီး ပြန်လာတဲ့လမ်းမှာ ဒဏ်ရာရသွားခဲ့တာ"
ပန်းဟမ် သက်ပြင်းချလိုက်ရင်း
"မျက်လုံးတစ်ဖက်တည်းရှိတဲ့ ဟိုကောင်လေး ရှဲ့ချီလင်းက ရှစ်မိသားစု ရဲ့ ဒုတိယမြောက်သမီးနဲ့ ဆက်ဆံရေးရှိနေတာလား...သူက ပြည့်တန်ဆာမလေးကို တကယ်ချစ်သွားတာမဟုတ်ဘူးလား"
ယင်းရှစ်က ရှဲ့ချီလင်း၏ နာမည်ကိုပင် မကြားချင်လောက်အောင် မုန်းနေသူပီပီ အလျင်စလိုဝင်ပြောလိုက်သည်။
"တကယ်လို့ သူသာ အဲ့ဒီပြည့်တန်ဆာမလေးကို အချစ်စစ်နဲ့ချစ်တာဆိုရင် အဲ့ဒီ ပြည့်တန်ဆာမလေးကို အပြင်မှာထားခဲ့ပြီး သူ့ဘာသာသူ တစ်ယောက်တည်း အိမ်ကို ပြန်လာမှာမဟုတ်ဘူး၊ဟုတ်ပါတယ်လေ၊ မင်း အစ်မအတွက် ဒီလိုလူမျိုးနဲ့ စေ့စပ်ထားလိုက်တာကိုက ငါတို့ မျက်စိကန်းသွားလို့ပဲ ဖြစ်မှာပါ"
ပန်းဟွာက ပြုံးပြီး ယင်းရှစ် လက်မောင်းကို ပွေ့ဖက်လိုက်၏။
"အမေကလည်း ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့…သမီးကိုယ်တိုင်က ဒီအိမ်ထောင်ရေးကို သဘောတူထားတာပဲ၊အခုဆို သမီးမှာ စေ့စပ်ထားတဲ့ ကောင်လေးအသစ်ရှိနေပြီလေ"
ပန်းဟမ်: အင်... အဝတ်အစားလေး လဲရတာ လွယ်ကူသလို စေ့စပ်ထားပွဲ ပျက်ရတဲ့အကြောင်းကို အလွယ်မပြောပါနဲ့လား...
ချီပြည်နယ်မှာ ယခုလ်ိုအဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပျက်ပြီးလျှင် ဧကရာဇ်မဒေါသဖြစ်လိမ့်မည်ဟု ပန်းဟွာ တွေးခဲ့သည်။ သို့သော် ရက်အနည်းငယ်ကြာပြီးသည်အထိ တရားရုံးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး ချီပြည်နယ်ကိစ္စကို မည်သူမျှ ဖော်ပြခြင်းမရှိပေ။ သူမသည် အင်ပါယာတရားရုံးကို နားမလည်သလို နိုင်ငံရေးကိုလည်း နားမလည်ပေ။ ချီပြည်နယ်မှာ သေဆုံးသွားသူများ အတွက်သာ သူမ သနားမိသည်။
ယခင်ကဆို သူမ သေခြင်းတရားကို နားမလည်ချေ။ သို့သော်လည်း ထူးဆန်းသော အိပ်မက်များ မက်ပြီး အဖွားဆုံးပါးသွားသည့် အချိန်မှစ၍ သူမသည် သေခြင်းတရားကို နားလည်လာခဲ့သည်။
သေခြင်းတရားသည် ကောင်းကင်နှင့်မြေကြီးကြားမှ ခြားနားခြင်းပင်ဖြစ်သည်။သေပြီးသားသူကို နောက်ထပ်ဘယ်တော့မှ မမြင်နိုင်သလို၊ ထိလည်း မထိတွေ့နိုင်တော့ပေ။ သေဆုံးပြီးသားလူ၏ မျက်နှာက ကျန်ရစ်သူများ၏ မှတ်ဉာဏ်ထဲမှာသာ ရှိနေနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျန်ရစ်သူများ၏ မှတ်ဉာဏ်ထဲက မျက်နှာသည် တဖြည်းဖြည်းမှိန်ပြီး ပြောင်းလဲသွားလိမ့်မည်။အဆုံးတွင် မှုန်ဝါးသော မျက်နှာတစ်ခုသာ မှတ်ဉာဏ်ထဲ၌ ကျန်ရစ်မည်ဖြစ်သည်။
ပန်းဟွာ ပြတင်းပေါက်နားတွင် ထိုင်ကာ ခြံအပြင်ဘက်ရှိ ညှိုးကုပ်ကုပ်သလဲသီးပင်ကို ကြည့်နေမိသည်။ အစားထိုးစိုက်ထားသည့် သစ်ပင်များက ယခုလိုမျိုး ဖြစ်တတ်သည်ဟု ဥယျာဉ်မှူးက ပြောဖူးသည်။ သို့သော် ဤအပင်သည် အလွန်ဂရုတစိုက် တူးဖော်ထားပြီး ပင်မအမြစ်များကို မထိခိုက်ထားသောကြောင့် သေချာပေါက် ရှင်သန်နိုင်မည်ဖြစ်သည်။
နေရောင်ခြည်သည် သစ်ရွက်များကို ဖြတ်လာ၍ မြေပြင်ပေါ်၌ အလင်းအစက်အပြောက်များ ဖြစ်နေသည်။ပန်းဟွာသည် အတိတ်ကို ပြန်လည် သတိရလွမ်းဆွတ်နေရင်း အချိန်အတော်ကြာပြီးနောက် သူမနောက်တွင်ရှိသော ရူရီအား ပြောလိုက်ဟည်။
"ရူရီ၊ မနက်ဖြန် ငါ ကျန့်သဲဘုရားကျောင်းကို သွားပြီး ဆီမီးနံ့သာတွေ ပူဇော်လိုက်ဦးမယ်၊ငါနဲ့လိုက်ချင်သလားလို့ ပန်းဟမ်ကို သွားမေးပါ"
ပန်းဟွာ အနည်းငယ်စိတ်ပျက်နေပုံရသည်ကို ရူရီ မြင်လိုက်ရ၍ သူမလည်း ဝမ်းနည်းသွားမိသည်။ထို့ကြောင့် ပန်းဟမ်ကို ပန်းဟွာက အနည်းငယ် ဝမ်းနည်းနေပုံပေါ်ကြောင်း ပြောပြခဲ့သည်။ ပန်းဟမ်ကလည်း စိုးရိမ်တကြီးဖြင့် ရူရီနှင့်အတူ ပန်းဟွာဆီကို လိုက်သွားခဲ့၏။
"အစ်မ၊ မနက်ဖြန် ဆီမီးနံ့သာပူဇော်ဖို့ ဘုရားကျောင်း သွားမှာလား"
ပန်းဟမ်သည် ပန်းဟွာ၏ အခန်းထဲသို့ ဝင်လာခဲ့သည်။ ပန်းဟွာသည် စင်ပေါ်မှ ကျောက်စိမ်းဖြင့်လုပ်ထားသော တန်ဆာဆင်ပစ္စည်း သေးသေးလေးကို ယူကာ သူ့လက်ထဲတွင် ဆော့ကစားနေသည်။
"အစ်မက ဘုရားကျောင်း မသွားရတာ မကြိုက်ဘူးမလား၊ဘုရားေကျာင်း အပြင်ဘက်မှာ ဗေဒင်ဟောတဲ့ ဘုန်းကြီးတွေ ရှိတာကိုတောင် တာအိုဆရာတွေကပဲ ရှေ့ဖြစ်ဟောတတ်တာဆိုပြီး ယုံကြည်နေတာမလား"
“ငါက ဘုန်းကြီးလူလိမ်တွေကို မကြိုက်တာပါ၊ ဘုန်းကြီးတွေ အားလုံးကို မကြိုက်ဘူးလို့ မပြောခဲ့ပါဘူး၊မိန်းမတွေရဲ့ ခံစားချက်တွေကို လိမ်လည်လှည့်စားတဲ့ ယောက်ျားတွေကိုလည်း ငါ မကြိုက်ဘူးလေ၊ ဒါနဲ့ပဲ ကမ္ဘာပေါ်က ယောက်ျားတိုင်းကို ငါမကြိုက်ဘူးလို့ မဆိုလိုပါဘူး"
ပန်းဟမ် စကားမပြောနိုင်အောင်ဆွံ့အမိနေသည်။
"ကောင်းပြီ အစ်မ ပြောတာမှန်တယ်၊ကျွန်တော် အစ်မကို အနိုင်ယူလို့မရဘူးဆိုတာ ဝန်ခံပါတယ်"
နောက်တစ်နေ့တွင် ပန်းဟမ်သည် အစောကြီးနိုးလာသည်။ သူမသည် အိပ်ပျော်နေဆဲဖြစ်သော ပန်းဟမ်ကို အတင်းနှိုးကာ မြင်းလှည်းပေါ်သို့ တက်စေပြီး မြို့ပြင်ကို ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ရှုခင်းများက သာယာဝပြောလှသည်။ ပန်းဟွာသည် ကန့်လန့်ကာကို ရုတ်လိုက်ပြီး အပြင်ဘက်ရှိ သွားလာလှုပ်ရှားနေသော လူများကို ကြည့်လိုက်သည်။ မြို့တော်သည် ကြီးပွားချမ်းသာပြီး နေချင့်စဖွယ်ဖြစ်နေတာကြောင့် တခြားနေရာများလည်း ဘယ်လိုဖြစ်နေသလဲဆိုသည်ကို
တွေးကြည့်မိလေသည်။
အတန်ကြာပြီးနောက် သူမ ခေါင်းခါလိုက်သည်။ အတွေးလွန်လွန်းသည့် သူမကိုယ်သူမလည်း မုန်းတီးမိ၏။သူမ ယခုလို အလွန်အမင်းတွေးတောပြီး စိတ်ဆင်းရဲနေဖို့မသင့်ပေ။
ကျန့်သဲဘုရားကျောင်းသည် မြို့တော်ရှိ ထင်ရှားသော ဘုရားကျောင်းဖြစ်သည်။သို့သော်၊ တယဲ့ရှိ မှူးမတ်များသည် တာအိုဘာသာကို ပိုမိုယုံကြည်သောကြောင့်၊ ယွဲ့လောဘုရားကျောင်းကဲ့သို့သော နေရာများသို့သာ နှစ်သက်ကြသည်။ ထို့ကြောင့် ကျန့်သဲ ဘုရားကျောင်းမှာ သိပ်ပြီး မစည်ကားသလို ခမ်းနားထည်ဝါ၍လည်းမနေပေ။
ပန်းဟွာနှင့် ပန်းဟမ်တို့ ရောက်ရှိလာခြင်းကို ကျန့်သဲဘုရားကျောင်းမှ ဘုန်းကြီးများက သဘောကျကြသည်။ကျောင်းထိုင် ဆရာတော်ကြီးကိုယ်တိုင်လာရောက်ကြိုဆိုပေး၏။
ဘုန်းကြီးများသည်လည်း သာမာန်လူများလို မထူးခြားနားဘဲ အသက်ရှင်နေထိုင်ကြသည်ဖြစ်၍ ဘုန်းကြီးများအတွက်လည်း အဝတ်အထည်နှင့် အစားအသောက်များ လိုအပ်နေသေးသည်။ထို့ကြောင့် ဘုန်းကြီးများကိုလည်း ပစ်ပယ်ထား၍ မရချေ။
"ဒီမနက်စောစောမှာ ဆရာတော် ဖားအော်သံ ကြားလိုက်ရတယ်၊ဒါကြောင့်များ ကျွင်းကျူးနဲ့ ရှစ်ကျစ် လာတာလား မပြောတတ်ပါဘူးကွယ်"
ဆရာတော်က မောင်နှမများအား ဗုဒ္ဓဘာသာအရ နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆီမီးနံ့သာပူဇော်ရန်အတွက် မဟာတန်ခိုးကြီး ခန်းမဆောင်သို့ ပို့ဆောင်ခဲ့သည်။ ပန်းဟွာ ဆီမီးပူဇော်သောအခါ ဆရာတော်က ဆုတောင်းမေတ္တာပို့ပေးပြီး သစ်တုံးကိုခေါက်လေသည်။အတော်စေတနာကောင်းသော ဆရာတော်ကြီးပင်။
မည်သူမဆို မိမိအား ကောင်းကောင်းမွန်မွန် ဆက်ဆံသူကို သဘောကျတတ်သည်။ထို့ကြောင့် ဆရာတော်အား ဆီမီးနံ့သာပူဇော်ရသည့်အတွက် ပန်းဟွာမှ ငွေအမြောက်အမြား လှူဒါန်းလိုက်သည်။ ဆရာတော်ကလည်း ပိုလို့တောင် ဝမ်းသာသွားပြီး လက်ဖက်ရည်သောက်ရန် သူတို့ မောင်နှမနှစ်ယောက်ကို နောက်ဖေးခြံဝင်းထဲသို့ပင် ခေါ်သွားခဲ့သည်။
"ဒီလက်ဖက်ခြောက်ကို တောင်ပေါ်မှာရှိတဲ့အပင်လေးတွေဆီကနေ ဆရာတော်နဲ့ တပည့်လေးတို့ကိုယ်တိုင် လုပ်ထားတာ၊ ဒီက ကျွင်းကျူးနဲ့ ရှစ်ကျစ်တို့ သုံးဆောင်ကြည့်ပါဦး"
ပန်းဟွာက လက်ဖက်ရည်တစ်ငုံသောက်ရင်း
"ဆရာတော်က ယဉ်ကျေးလွန်းနေပါပြီ၊ ကျွန်မတို့ မောင်နှမကို အထူးတလည် ဧ ည့်ဝတ်ကျေစရာမလိုပါဘူး၊ လက်ဖက်ရည်က ကောင်းကောင်း၊ဆိုးဆိုး ကျွန်မတို့ ရေငတ်ပြေသွားရင်ရပါပြီ"
ဆရာတော်က ဝါးလက်ဖက်ရည်ခွက်ကိုချထားလိုက်၏။
"ကျွင်းကျူးက အရမ်းပါးနပ်တာပဲ၊ လောကရဲ့ အနှစ်သာရကို သေချာ မြင်တဲ့သူပဲ...ကျွင်းကျူးကိုကြည့်ရတာ စိတ်အခြေအနေသိပ်အဆင်မပြေဘူးလို့ ဆရာတော်သံသယဖြစ်မိတယ်၊ ကျွင်းကျူး စိတ်မဆိုးရင် ဆရာတော့်ကို ပြောပြလို့ရပါတယ်"
ပန်းဟွာက ပြုံးပြီး ခေါင်းခါလိုက်ကာ..."ကျွန်မ ဒီကို မလာခင်မှာ စိတ်ပူစရာတွေ အများကြီး ရှိခဲ့ပါတယ်၊ ဒါပေမယ့် ဆရာတော်ကို တွေ့ပြီး ဒီလက်ဖက်ရည်တစ်ခွက် သောက်ပြီးသွားတော့ အားလုံးကို စိတ်အေးသွားပါပြီ"
“အမိတ္တဘ၊ကျွင်းကျူး နားလည်နိုင်ရင် ကောင်းတာပေါ့၊ ဘဝမှာ အခက်ခဲဆုံးအရာက လောကကို အကောင်းမြင်တတ်ဖို့ပဲ၊ လောကကို အကောင်းမမြင်တတ်ရင် ကိုယ်ပဲ စိတ်ပူနေရပါလိမ့်မယ်"
"ဟုတ်ပါတယ်၊ တစ်ချို့အရာတွေက ဖြစ်ပြီးရင်ပျက်တာပါပဲ၊ အိပ်မက်ဆိုးတစ်ခု မက်လိုက်ရင်လည်း ကိုယ် နိုးလာလာတဲ့အခါ ပျောက်သွားလိမ့်မှာပဲလေ"
ဆရာတော်က ပြုံးပြီး ဘာမှမပြောဘဲ ပန်းဟွာကို ကြင်နာတတ်သည့် လူကြီးတစ်ယောက်လို ကြည့်နေသည်။ ထိုအခါ ပန်းဟွာသည် လက်ဖက်ရည်ခွက်ကိုချ၍ မတ်တပ်ရပ်ကာ ဆရာတော်ကို ဦးညွှတ်လိုက်သည်။
"ကျွန်မ ဆရာတော့်ကို နှောင့်ယှက်မိနေပါပြီ၊ ဆရာတော့်ကို မေးချင်တာတစ်ခုရှိပါတယ်၊သေလွန်သူတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ကျန်ရစ်သူတွေအနေနဲ့ နေ့တိုင်း ကျမ်းဂန်ဂါထာတစ်ခုကို ရွတ်ဖတ်နိုင်ကြတယ်ဆိုတာ ဟုတ်မှန်ပါသလား"
"ဟုတ်ပါတယ်၊ဗုဒ္ဓက သက်ရှိသတ္တဝါအားလုံးကို ကယ်တင်နိုင်တယ်"
"သက်ရှိသတ္တဝါအားလုံးက ဒုက္ခရောက်နေကြတာ ဟုတ်ပါရဲ့လား"
ဆရာတော်က ခေါင်းကို ဖြည်းညှင်းစွာခါပြီး "မဟုတ်ပါဘူး၊ ခါးသီးမှုလည်း ရှိသလို ချိုမြိန်မှုလည်း ရှိနေတာပေါ့"
ထို့နောက် ပန်းဟွာက ငွေစက္ကူနှစ်ရွက်ကို ထုတ်ပြီး လက်နှစ်ဘက်နှင့် စားပွဲပေါ်တင်လိုက်လိုက်သည်။
"ဒါဆို ဒီဘုရားကျောင်းက ဘုန်းကြီးတွေကို အဲ့ဒီကျမ်းဂန်ကို သတ္တဝါအားလုံးအတွက် ရွတ်ဖတ်ခိုင်းပေးပါ... နောင်ဘဝကူးသွားတဲ့သူ တွေအတွက် ခါးသီးခြင်းကင်းဝေးလို့ ချိုမြိန်ကြစေချင်ပါတယ်"
"ကျွင်းကျူးက စေတနာသိပ်ကောင်းတာပဲ.... ဆရာတော်က သက်ရှိသတ္တဝါအားလုံးရဲ့ကိုယ်စား ကျွင်းကျူးကို ကျေးဇူးတင်ရှိပါတယ်"
ပန်းဟွာက ပြုံးပြီး "မဟုတ်ရပါဘူး...ကြင်နာချင်ယောင်ဆောင်နေတာပဲ ဖြစ်မှာပါ"
"ကျွင်းကျူး မှားပါတယ်၊ကုသိုလ်လုပ်တာက ကြင်နာတတ်တဲ့စိတ်ရှိတာပဲလေ၊ဟုတ်တယ်မလား"
နောက်ဆုံး လွန်စွာ ထက်မြက်သော ဆရာတော်ကြီးကြောင့် ဗုဒ္ဓဘာသာသည် တယဲ့အရပ်ရပ်သို့ အဘယ်ကြောင့် ပြန့်ပွားလာရသည်ကို ပန်းဟွာ နားလည်ခဲ့သည်။
ပန်းမိသားစုမှ မောင်နှမများ ပြန်သွားပြီးနောက် ဆရာတော်က နောက်ဖေးဆောင်သို့ ပြန်လာကာ တံခါးကို ခေါက်လိုက်သည်။
"မြို့စားမင်း၊သူတို့ ပြန်သွားကြပြီ"
ရိုးရိုးဘရိုကိတ် ၀တ်စုံနှင့် ကျောက်စိမ်းသရဖူဖြင့် ဆံပင်ကိုထုံးထားသော လူငယ်တစ်ယောက် တံခါးနောက်ကနေ ထွက်လာခဲ့သည်။ ထို့နောက် သူက ပန်းဟွာ စောစောက ထိုင်ခဲ့သော ကျောက်ခုံတန်းဆီသို့ လျှောက်သွားသည်။ပြုံးပြုံးရွှင်ရွှင် ဖြစ်နေသော ဆရာတော်ကို တစ်ချက်ကြည့်သော်လည်း ဘာမှ မပြောပေ။
“မြို့စားမင်းရဲ့ ဇနီးလောင်းက သိပ်သဘောကောင်းတာပဲ၊ဒီလို ဇနီးကောင်းမျိုး ရှာတွေ့သွားတဲ့အတွက် ဆရာတော် ဂုဏ်ယူမိတယ်"
ဘုန်းတော်ကြီးက သာမာန် နှုတ်ခွန်းဆက်စကားအတိုင်း ပြောလေသည်။
"ခင်ပွန်းကောင်းရှာတွေ့တဲ့ အမျိုးသမီးကိုပဲ လူတွေက ချီးကျူးဂုဏ်ပြုကြတာ၊ ခုလို ဇနီးကောင်းတွေ့လို့ ပြောတာမျိုးက ရှားတယ်နော်"
“ဆရာတော့်အမြင်မှာ သက်ရှိသတ္တဝါအားလုံးက ညီတူညီမျှပါပဲ"
ထိုအမျိုးသားသည် ဆရာတော်၏ စကားကို သဘောတူသကဲ့သို့ ပေါ့ပေါ့ပါးပါး ရယ်မောလေ၏။ ထို့နောက် အေးစက်နေပြီဖြစ်သော လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။
"ဘာလို့ ကျွန်တော့်ကို ဒီကို ခေါ်တာပါလဲ"
ဘုန်းတော်ကြီးသည် မဖြေသေးဘဲ လက်ထဲက လက်ဖက်ရည်ခွက်ကို ကြည့်ပြီး ပြုံးနေလေသည်။
xxxxx