Chapter.69
"ဆရာတော် မင်းကို မတွေ့တာ လအနည်းငယ်ရှိပြီ၊ ဒါပေမယ့် အခု မင်း ကြည့်ရတာ အရင်ကနဲ့ မတူဘူး"
ဘုန်းတော်ကြီးသည် ထွင်းထားသော ဝါးလက်ဖက်ရည်ခွက်အသစ်တစ်ခွက်ကို ထုတ်ယူကာ လက်ဖက်ရည်ပူပူများအား ငှဲ့ပေးပြီး ရုံရှားရှေ့တွင် တင်ထားလိုက်သည်။
"သောက်လိုက်ပါဦး"
"ကျေးဇူးတင်ပါတယ်"
ရုံရှားသည် လက်ဖက်ရည်အိုးကိုယူကာ သူ့လက်ထဲရှိ ခွက်ထဲသို့ လောင်းထည့်လိုက်သည်။
"ဆရာတော် သူမကို ရည်ရွယ်ချက်ရှိရှိ ခေါ်ထားခဲ့တာလား"
"ဆရာတော့်မှာ အဲ့ဒီလောက်ကြီးကျယ်တဲ့ အရည်အချင်းရှိရင် ဘာလို့ ဒီဘုရားကျောင်းမှာ ဆက်နေနေဦးမှာလဲ"
ရုံရှားသည် သူငှဲ့ထားသော လက်ဖက်ရည်ကို မသောက်တာကြောင့် ဆရာတော်က ခွက်ကို လှမ်းကိုင်ပြီး တစ်ကျိုက်တည်း သောက်လိုက်သည်။
"ဒီနေ့ ပန်းဟွာကျွင်းကျူး ရုတ်တရက် လာလည်တာက မြို့စားမင်းထက်တောင် ဆရာတော် ပိုပြီးအံ့သြသွားမိတယ်"
လေထုသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ရုံရှားသည် ဘုန်းတော်ကြီးနှင့်မတူသော သူ့ရှေ့မှ ဘုန်းတော်ကြီးကို ကြည့်လိုက်သည်။
"သူမက ကျွန်တော့်ကိစ္စတွေကို မသိဘူး၊ နောက်ဆို ဆရာတော် သူမရှေ့မှာ ပိုသတိထားရမယ်နော်"
"စိတ်မပူပါနဲ့ ဒီဆရာတော့်အတွက်၊ သူမက ရက်ရောတဲ့ ဘုရားဖူးတစ်ယောက်ပါပဲ၊ဆရာတော့်မှာ စားစရာတွေလည်း အများကြီး မရှိဘူး၊ ဘုရားကျောင်းထဲက ဒါဇင်နဲ့ချီတဲ့ ဆရာတော်တွေအတွက် ချမ်းသာတဲ့ ဘုရားဖူးတွေအပေါ်ပဲ မှီခိုရတာပါ"
"လုံလောက်ပါပြီ၊ဆရာတော် ကျွန်တော့်ရှေ့မှာ ဒီစကားတွေ ပြောစရာ မလိုပါဘူး၊ဆရာတော် ဘာတွေ့ထားပါသလဲ"
ဘုန်းတော်ကြီးက စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ထဲကို လက်ညှိုးနှစ်ပြီး "နှစ်" ဟူ၍ စားပွဲပေါ်မှာ ရေးလိုက်သည်။
"စွမ်းအားဆိုတာ လူတွေရဲ့ နှလုံးသားကို လှုံ့ဆော်ပေးတယ်"
ရုံရှားက လှောင်ပြောင်စကားဆိုသည်။
"တော်ဝင်မိသားစုက ဒီလိုပါပဲ၊ ဒါက ကမ္ဘာမြေကြီးပြိုကွဲမယ့် ဖြစ်ရပ်တစ်ခုတော့ မဟုတ်ပါဘူး၊ လက်ရှိဧကရာဇ်က အိမ်ရှေ့စံကို ပိုနှစ်သက်တာပဲ၊ဒါဆို ဆရာတော် ဒီဟာကိုပြောဖို့ ကျွန်တော့်ကို ခေါ်တာပါလား"
"မြို့စားမင်း ဘာလို့ဒီလောက်အလျင်လိုနေတာလဲ၊ဆရာတော်က ပန်းဟွာကျွင်းကျူး အကြောင်း ပြောပြချင်နေတာပါ"
ရုံရှား၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသော်လည်း စကားပြန်မပြောပေ။
"ပန်းဟွာကျွင်းကျူးလို မိန်းကလေးမျိုးက ရှားရှားပါးပါးပါပဲ...ဒါပေမယ့် ဆရာတော့်အမြင်အရ ဒီအချိန်မှာ မြို့စားမင်း လက်ထပ်ဖို့ မသင့်ဘူးလို့ မြင်မိတယ်"
ဆရာတော်က မကျေမနပ်ဖြစ်သည့် လေသံဖြင့် ပြောသော်ငြား သူ့မျက်နှာပေါ်ရှိ အပြုံးသည် နွေဦးရာသီကဲ့သို့ နွေးထွေးလျက်ရှိသည်။
"မြို့စားမင်းအတွက် သိပ်အကျိုးမဖြစ်စေတဲ့ ကျန်းမိသားစုရဲ့ တော်ဝင်သွေးက သူမဆီမှာ ရှိနေတယ်၊ သူမတို့ မိသားစုက ထင်ရှားကျော်ကြားတယ်လို့ ထင်ရပေမယ့် အိမ်တစ်အိမ်ရဲ့ထပ်ခိုးထပ်လို သိပ်အသုံးဝင်တာ မဟုတ်ဘူး...သူမက မြို့စားမင်းကို အရမ်းကြီး မကူညီနိုင်ပါဘူး၊ ဒါကြောင့် သူမကို လက်ထပ်ဖို့ မြို့စားမင်း ဘာကြောင့်မြန်မြန်ရွေးလိုက်မှန်း ဆရာတော် နားမလည်ဘူး"
"ဒါဆို ဘယ်သူက အသင့်တော်ဆုံး ဇနီးလောင်းလို့ ထင်ပါသလဲ"
ဆရာတော်က ရုံရှား၏ မျက်လုံးများကို တည့်တည့်ကြည့်ကာ ပြောလေသည်။
"ဟုတ်ပါတယ် မြို့စားမင်းက မိန်းကလေးတစ်ယောက်ကို လက်ထပ်ဖို့ ရွေးချယ်တာဟာ ပေါ့ပေါ့တန်တန်ဆုံးဖြတ်တာတော့ မဟုတ်နိုင်ဘူး ..ပန်း မိသားစုရဲ့ သမီးနဲ့ မြို့စားမင်း စေ့စပ်ကြောင်းလမ်းတယ်လို့ ဆရာတော် ကြားလိုက်တာနဲ့ အရမ်းအံ့သြသွားခဲ့တယ်၊ ဒါက မြို့စားမင်း အခုလုပ်သင့်တဲ့အရာလို့ ဆရာတော် မထင်ဘူး"
"ဘုန်းကြီးတစ်ပါးအနေနဲ့ ဆရာတော် ဒီလောကီရေးရာတွေကို ဝင်ပါစရာ မလိုပါဘူး"
ရုံရှား မတ်တပ်ထရပ်ပြီး သစ်ပင်အောက်သို့ လျှောက်သွားလိုက်သည်။
"ဒီလို မလိုအပ်တဲ့အရာတွေအကြောင်းပြောမယ်ဆို ဆရာတော် ကျွန်တော့်ကို နောက်နောင်မှာ မခေါ်ပါနဲ့"
ဘုန်းတော်ကြီး၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သူ့မျက်လုံးများက လေးနက်လာသည်။
"မြို့စားမင်း ကျွင်းကျူးကို ချစ်မိသွားပြီလား"
သစ်ပင်အောက်မှာ ရပ်နေသည့် ရုံရှား လှည့်မကြည့်သလို ပြန်လည်းမဖြေပေ။ထိုအခါ ဆရာတော်က မျက်လုံးမှိတ်ပြီး လက်ဖဝါးတစ်ဖက်ထောင်ပြကာ ဦးညွှတ်လျက်
“ဆရာတော် နှောင့်ယှက်မိသွားတယ်ကွယ်၊ တစ်နေ့တော့ မြို့စားမင်း နောင်တရမှာ မဟုတ်ဘူးလို့ ဆရာတော်မျှော်လင့်ပါတယ်”
ရုံရှား ဘုန်းတော်ကြီးကို လှည့်ကြည့်လိုက်သည်။
"ဆရာတော် ကျွန်တော့်ကို ကူညီချင်တဲ့စိတ်ရှိတာ အရမ်းကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော် ဒီတစ်ခါပဲပြောပါမယ်...ကျွန်တော်က ပန်းဟွာကျွင်းကျူးကို အရင်စပြီးဖွင့်ပြောလိုက်တာပါ...တကယ်လို့ မသင့်တော်ဘူးဆိုလည်း ကျွန်တော်က သူမအတွက် မသင့်တော်တာမျိုးပဲဖြစ်မှာပါ...သူမနဲ့ ဘာမှ မဆိုင်ပါဘူး"
ဆရာတော် မျက်စိကိုစုံမှိတ်ပြီး ခဏအကြာတွင် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
"ကောင်းပြီ၊ ကောင်းပြီ၊ မင်းဒီလိုပြောပြီးပြီဆိုကတည်းက ဆရာတော် ထပ်မပြောရဲတော့ပါဘူး"
ရုံရှား လက်ကိုနောက်မှာယှက်ထားကာ အချိန်အတော်ကြာပြီးနောက်မှ ပါးစပ်ကိုဖွင့်လိုက်သည်။
"ဒုတိယမင်းသားနဲ့ ယန်မိသားစုက တိတ်တဆိတ် စုပေါင်းသွားကြတယ်၊ ရှစ်မိသားစုကလည်း မကျေမနပ်ဖြစ်နေကြတယ်၊ ဒါပေမယ့် သူတို့က အိမ်ရှေ့စံကြောင့် ဘာမှပြန်မပြောကြပေမယ့်လို့ပေါ့ ... ... ယန်မိသားစုကလည်း နောက်တစ်ခါ ပြန်မြင့်တက်လာတော့မယ်ဆိုတာ သေချာတယ်"
နွေဦးအစောပိုင်းဖြစ်၍ မြို့တော်တစ်ခုလုံးကို နွေရာသီး၏လေနုအေးက လွှမ်းခြုံထားသည်။
ရှစ်မိသားစုသည် လက်ရှိမင်းဆက်၏ အားအကိုးရဆုံးမိသားစု ဖြစ်လာမည်ဟု လူတိုင်းက ထင်နေစဉ်၊ဧကရာဇ်သည် ယန်မိသားစု၏ အကျိုးကျေးဇူးများကို ရုတ်တရက် မှတ်မိသွားပုံရသည်။ သူသည် တရားရုံးတွင် ယန်ဟွေ့ဘက်မှ မကြာခဏ ကာကွယ်ပြောဆိုပေးခဲ့ပြီး ယန်ဟွေ့ ကိုင်တွယ်ရန် အရေးကြီးသော ကိစ္စများစွာကိုပင် ပေးသနားခဲ့သည်။ယခုဆို ယန်ဟွေ့ကို ဧကရာဇ်က မျက်နှာသာပေးလာသည်ကို မျက်လုံးရှိသူတိုင်း မြင်နိုင်သည်။
အတိတ်က လုပ်ရပ်များကြောင့်လားမသိ၊ယန်ဟွေ့ကို ဧကရာဇ်က အရေးပါသော အနေအထားတွင် ထားရှိခဲ့သော်လည်း၊သူ ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်သည်။ သူသည် ဂုဏ်ယူခြင်းပင် မပြုဝံ့ဘဲ အိမ်ရှေ့စံနှင့်ပင် အဆက်အသွယ်ဖြတ်ခဲ့သည်။ယခင်က ယန်မိသားစုနှင့် အိမ်ရှေ့စံ၏ အဖွဲ့ခွဲများက လျှို့ဝှက်စွာ အပြန်အလှန် ဆက်ဆံကြပြီး အိမ်ရှေ့စံကို ယန်ဟွေ့ကိုယ်တိုင် အကြံဉာဏ်များ ပေးလေ့ရှိပေ၏။သို့သော် ယန်မိသားစု အာဏာဆုံးရှုံးသွားသောအခါ အိမ်ရှေ့စံသည် ဧကရာဇ်ရှေ့၌ ယန်မိသားစုအား ကာကွယ်၍ မပြော ခဲ့ပေ။ သူသည် ပန်းမိသားစုနှင့်ပင် တိတ်တဆိတ် ဆက်ဆံလျက်ရှိပေသည်။
ထို့ကြောင့် ယန်ဟွေ့သည် အိမ်ရှေ့စံအပေါ်ဝယ် အေးစက်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ယန်ဟွေ့ ၏အမြင်အရ သူသည် အိမ်ရှေ့စံအတွက် အလုပ်ကြိုးစားခဲ့သည်ဟုထင်မြင်သည်။
အိမ်ရှေ့စံက ဘာလို့ အခုလိုကြီး နှလုံးသားမဲ့နေရသလဲ...
ပန်းမိသားစုသည် အိမ်ရှေ့စံ၏ ဆွေမျိုးရင်းချာများဖြစ်ကြောင်း သူ မေ့သွားခဲ့ခြင်းပင်။တော်ဝင်မင်းသမီးက အိမ်ရှေ့စံကိုယ်တိုင် စိတ်ရင်းမှန်ဖြင့် လေးစားသော အကြီးအကဲတစ်ဦးဖြစ်သည်။ အိမ်ရှေ့စံရဲ့ နှလုံးသားထဲမှာ ယန်ဟွေ့က ပန်းမိသားစုနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...
ယခုတစ်ကြိမ်တွင် အိမ်ရှေ့စံသည် ယန်မိသားစုကို ဝိုင်းဝန်း ဆွဲချရာတွင် အခြားသူများနှင့် မပူးပေါင်းခဲ့ပေ။ ဤသည်မှာ အိမ်ရှေ့စံတစ်ပါး၏ အပြုအမူနှင့် ဆန့်ကျင်နေပြီဖြစ်သည်။ သူ့အမြင်အရ ယန်မိသားစုနှင့် ပန်းမိသားစုကြားက အာဃာတမှာ ယန်မိသားစု၏ အပြစ်ကြောင့်ဟု တွေးနေ၏။
သို့သော်၊ ဧကရာဇ်ယွင်ချင်သည် ယန်မိသားစုက အိမ်ရှေ့စံနှင့် ဝေးကွာသွားသည့်အတွက် အလွန်ကျေနပ်နေသည်။သူသည် အိမ်ရှေ့စံကို ထူးချွန်သော အမွေဆက်ခံသူ ဖြစ်လာစေလိုသည်။ သို့သော်လည်း အိမ်ရှေ့စံသည် သူ၏ထိန်းချုပ်မှုအောက်မှ စောစီးစွာ လွတ်မြောက်သွားပြီး သူ့အထက်တွင် ရောက်မနေစေလိုချေ။ထို့ကြောင့် လက်ရှိအခြေအနေက အတော်လေး မှန်ကန်သည်။သူ အသက်ကြီးလေလေ အသက်ကြီးလာမှာကို ပိုကြောက်လေလေပင်။အိမ်ရှေ့စံနှင့် သူ၏ သားအဖဆက်ဆံရေးသည် ပို၍ပို၍ ရှုပ်ထွေးလာသည်။
တတိယလကုန်တွင် အိမ်ရှေ့စံ၏ ကိုယ်လုပ်တော်တစ်ဦးမှ သမီးတစ်ယောက်ကို မွေးဖွားခဲ့သည်။ ကလေးမွေးပြီး သိပ်မကြာခင်မှာပင် အိမ်ရှေ့စံ၏ ပထမဆုံးရင်သွေးကို အိမ်ရှေ့စံမင်းသမီးက ကျွေးမွေးပြုစုထားရသည်။ အိမ်ရှေ့စံထံမှ မျက်နှာသာ ရဖို့ ချောင်းမြောင်းနေကြသူများသည် ကလေးက သားယောက်ျားလေး မဟုတ်သည့်အတွက် စိတ်ပျက်ခဲ့ကြသော်လည်း ရှစ်မိသားစုကမူ သက်ပြင်းတစ်ချက် ချလိုက်ကြရသည်။ ကိုယ်လုပ်တော်တစ်ဦး မွေးဖွားသော ကလေးကသာ သားဖြစ်ခဲ့လျှင် အိမ်ရှေ့စံမင်းသမီးအတွက် မကောင်းပေ။
ကလေးငယ်အား မွေးဖွားပြီး သုံးရက်မြောက်သောနေ့တွင် ပန်းမိသားစုသည် ဝမ်းနည်းပူဆွေးနေဆဲဖြစ်သောကြောင့် အိမ်ရှေ့စံအား ဂုဏ်ပြုရန် နန်းတော်ထဲသို့ မဝင်ခဲ့ကြပေ။ သို့သော်လည်း သူတို့သည် ဧကရာဇ်၏မြေးမလေးအတွက် ရေချိုးအင်တုံတစ်ခုကို ချန်မာမားမှတဆင့် နန်းတော်သို့ ပေးပို့စေခဲ့သည်။
အိမ်ရှေ့စံက ပန်းမိသားစု ရောက်မလာတာကြောင့် ချန်မာမားအား အကြောင်း အတိအကျကို မေးမြန်းသည်။ အကြောင်းပြချက်ကိုကြားပြီးနောက် သူ သက်ပြင်းချကာ ချန်မာမားကို ပစ္စည်းတစ်ခုခုပေးကာ ထွက်သွားခွင့်ပေးလိုက်သည်။
"ကျွန်တော်က ဒီဓလေ့ကို အာရုံစိုက်တဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး၊ ဦးရီးတော်နဲ့ အရီးတော်က သိပ်ဂရုစိုက်လွန်းနေတာပါ"
ငယ်ငယ်တုန်းက သူ၏ ဦးရီးတော် ပန်းဟွိုက်သည် သူ့ကို သစ်ပင်အောက်သို့ခေါ်သွားပြီး ငှက်သိုက်များရှာကာ ပုစဉ်းရင်ကွဲများနှင့် ဆော့ကစားခဲ့ကြသည်ကို အိမ်ရှေ့စံ သတိရနေမိသည်။ ဤသည်မှာ သူ၏ ကလေးဘဝမှ စိတ်အပန်းဖြေစရာ အမှတ်တရများထဲမှ တစ်ခုဖြစ်သည်။
အိမ်ရှေ့စံ၏အမူအရာမှာ အနည်းငယ်စိတ်ပျက်သွားသည်ကို အိမ်ရှေ့စံမင်းသမီး မြင်လိုက်၍ ပြုံးပြီး နှစ်သိမ့်ပေးသည်။
"အရှင့်သား ပန်းမိသားစု စည်းကမ်းတွေကို သိပ်လိုက်နာကြပါတယ်...ကလေးက အရမ်းငယ်သေးတယ်၊ အခုချိန်မျိုးမှာ အရှင့်သား စိတ်ဆိုးတာမျိုးကို ရှောင်သင့်ပါတယ်၊ကလေးအတွက် မကောင်းပါဘူး"
အိမ်ရှေ့စံ မျက်နှာက ပျက်ယွင်းနေသည်ကို ဖုံးမိမရသေးပေ။
"အဖွားလေးက တော်ဝင်မိသားစုကို တစ်သက်လုံး တာဝန်ထမ်းဆောင်ခဲ့တာ၊သူမ ကွယ်လွန်သွားတာတောင် သမီးတော်လေး အသက်ရှည်ဖို့ အမြဲစောင့်ရှောက်ပေးနေမှာပါ၊ဘယ်လိုလုပ် အန္တရာယ်ဆိုတာ ရှိနိုင်ပါ့မလဲ"
"အရှင့်သား ဒါက နန်းတော်ရဲ့ စည်းမျဉ်းပါပဲ...ဝမ်းနည်း ပူဆွေးနေတဲ့ လူတွေက…"
"မင်းနဲ့ ကလေး အခန်းထဲမှာ ခဏလောက် အနားယူ၊ ငါ လမ်းလျှောက်ထွက်လိုက်ဦးမယ်"
အိမ်ရှေ့စံ မတ်တပ်ရပ်လိုက်ရင်း အနည်းငယ် အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် အိမ်ရှေ့စံမင်းသမီးကို မကြည့်ဘဲ တံခါးအပြင်ကို လှမ်းကြည့်လိုက်၏။
အိမ်ရှေ့စံမင်းသမီးက အိမ်ရှေ့စံကို အဝတ်အစား ထပ်ဝတ်ဖို့ ပြောဟန်ပြင်လိုက်သည်။သို့သော်လည်း သူမ တစ်ဖက် လှည့်ကြည့်လိုက်ရာ ကလေး၏လက်သေးသေးလေးက အနှီးကြားထဲမှနေ၍ ထွက်လာနေသည်ကိုတွေ့လိုက်ရသည်။ထိုအခါ သူမ၏ အာရုံစူးစိုက်မှုအားလုံးသည် ကလေးအပေါ်တွင်ရှိနေပြီး မူလက ပြောချင်သည့် စကားများကို မေ့သွားခဲ့သည်။
အိမ်ရှေ့စံ ခေါင်းကို လှည့်ကြည့်လိုက်ရာ၊ အိမ်ရှေ့စံမင်းသမီးက ကလေးအားချော့မြူနေသည်ကို တွေ့လိုက်ရသည်။သူလည်း အဆုံးတွင် သက်ပြင်းချကာ ခြံဝင်းထဲမှ ထွက်လာခဲ့သည်။
ချန်မာမားသည် အရှေ့နန်းတော်မှ မိန်းမစိုးများစွာနှင့်အတူ ပန်းမိသားစုသို့ ပြန်လာကြသည်။ ထိုမိန်းမစိုးများသည် ပန်းမိသားစုအား နှုတ်ဆက်ပြီးနောက် အိမ်ရှေ့စံ ပြင်ဆင်ပေးထားသည့် လက်ဆောင်ပစ္စည်းများကို တစ်ခုချင်းစီ တင်ပြကြသည်။ လက်ဆောင်များကို ဂရုတစိုက် ပြင်ဆင်ပေးထားသည်။ လက်ဆောင်ဗူးများပင် အရောင်စိုလက်နေကြ၏။
"အရှင့်သားက ယဉ်ကျေးလွန်းနေပါပြီ၊ ဒါကို ငါတို့ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ"
ပန်းဟွိုက်က သူတို့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်လိုက်သည်။ ထို့နောက် မိန်းမစိုးတစ်ယောက်စီကို အိတ်တစ်လုံးစီပေးပြီးနောက် သွားခွင့်ပြုလိုက်သည်။
မိန်းမစိုးများ ထွက်သွားပြီးနောက် ယင်းရှစ်က ချန်မာမားကို ထိုင်ခိုင်းလိုက်သည်။ "အိမ်ရှေ့စံ နေကောင်းကျန်းမာရဲ့လား"
" အိမ်ရှေ့စံရဲ့ အသားအရေကိုကြည့်ရတာ စိုပြေနေတာပါပဲ၊ နေလည်းကောင်းပါတယ်၊ သူက တော်ဝင်မြေးတော်ကိုလည်း အရမ်းချစ်တယ်"
ချန်မာမားက ထိုင်ခုံပေါ်တွင် ထိုင်ကာ အနည်းငယ် ဦးညွှတ်ရင်း ပြောလိုက်သည်။
"အခု သခင်ကြီးတို့ မလာနိုင်ဘူးဆိုတဲ့ သတင်းကြားတော့ အိမ်ရှေ့စံက အရမ်းစိတ်မကောင်းဖြစ်သွားတယ်၊ဒါကြောင့် လက်ဆောင်တွေ ပို့ပေးတာပါ"
"အိမ်ရှေ့စံက အရမ်း စေတနာကောင်းရှိတာပဲ"
ယင်းရှစ် သမီးဖြစ်သူကို လှည့်ကြည့်လိုက်ရင်း ရင်ထဲမှ သက်ပြင်းချလိုက်မိသည်။အိမ်ရှေ့စံသာ ထီးနန်းကို ကောင်းကောင်းဆက်ဆံနိုင်မည်ဆိုလျှင်..
"ဟုတ်ပါတယ်၊ အိမ်ရှေ့စံမင်းသမီးကလည်း သခင်မကို သတိရနေပါတယ်"
အိမ်ရှေ့စံနှင့် အိမ်ရှေ့စံမင်းသမီးတို့ ပြောဆိုဆက်ဆံပုံကို ချန်မာမား သတိရမိသွားကာ...
"ဒါပေမယ့် ကျွန်မ တစ်ခုခုပြောချင်တယ်၊အိမ်ရှေ့စံနဲ့ အိမ်ရှေ့မင်းသားက သိပ်အဆင်မပြေဘူးလို့ ကျွန်မ မြင်မိပါတယ်"
"ဒါက ဘယ်လိုဖြစ်ရတာလဲ၊ အိမ်ရှေ့စံက အိမ်ရှေ့စံမင်းသမီးကို လေးလေးနက်နက် ချစ်တယ် မဟုတ်လား၊ ဧကရီ ကိုယ်တိုင် အပ်နှင်းထားတဲ့ ကိုယ်လုပ်တော် နှစ်ယောက်ကလွဲလို့ အိမ်ရှေ့စံမှာ တခြားဘယ်မိန်းမမှ မရှိဘူးမလား၊ ဒီကိုယ်လုပ်တော်တွေထဲက တစ်ယောက်က မြေးမလေးကို မွေးဖွားပြီးချင်း သေဆုံးသွားတာမလား၊ ဘာကြောင့်လဲ၊ အဆင်မပြေလို့လား"
ချန်မာမား ခေါင်းခါလိုက်သည်။
"လင်နဲ့မယား ပေါင်းသင်းဆက်ဆံရေး ကောင်းသလားဆိုတာ အနည်းနဲ့အများ သာမာန်ကာလျှံမည်ကာလောက်တော့ သိနိုင်ပါတယ်၊ ဥပမာဆိုတော်ဝင် မင်းသမီးနဲ့ သူမရဲ့ခင်ပွန်း၊ ဒါမှမဟုတ် သခင်မကြီးတို့ ဇနီးမောင်နှံကလည်း ရှားပါးတဲ့ ချစ်စရာစုံတွဲတွေပါ၊ဒါပေမယ့် အိမ်ရှေ့စံနဲ့ အိမ်ရှေ့စံမင်းသမီးတို့ကျတော့ …ကောလဟာလတွေ အရဆို သိပ်အခြေအနေက မဟန်ပါဘူး"
"နောက်ဆုံးတော့၊ တော်ဝင်မိသားစုရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ငါတို့ ဝင်စွက်ဖက်လို့ မရဘူးလေ"
ယင်းရှစ်သည် အိမ်ရှေ့စံကို အထင်ကြီးသည်။ သို့သော် ယခု ချန်မာမား၏ စကားကိုကြားသောအခါတွင်၊ သူမ ခိုကိုးရာမဲ့ သက်ပြင်းသာချနိုင်သည်။
ဘေးနားမှာရပ်၍ အကြာကြီး နားထောင်နေခဲ့သော ပန်းဟွာက မေးသည်။
"ရှစ်မိသားစုရဲ့ အကြီးဆုံးသမီးက အိမ်ရှေ့စံမင်းသမီး မဟုတ်လား၊သူမက သိက္ခာရှိတဲ့ မိန်းကလေးဆိုတာ မြင်ရုံနဲ့ သိသာပါတယ်၊ အိမ်ရှေ့စံကလည်း သူမအပေါ် ချစ်ခင်ကြင်နာပါတယ်...ကြည့်ရတာ သူတို့ နှစ်ယောက်က အဆင်ပြေကြတဲ့ပုံပါပဲ"
ပန်းဟွာ၏ အမြင်အရ ရှစ်မိသားစု၏ အကြီးဆုံးသမီးသည် အဖက်ဖက်မှပြည့်စုံသော မိန်းကလေးဖြစ်သည်။ သူမသည် ထူးခြားပြီး စိတ်သဘောထား နူးညံ့ပျော့ပြောင်းသည်။ ရှစ်မိသားစု၏ ဒုတိယသမီးကို သူမ မကြိုက်သော်လည်း ရှစ်မိသားစု၏ အကြီးဆုံးသမီးကိုတော့ အပြစ်မမြင်ပေ။ရှစ်မိသားစု၏ အကြီးဆုံးသမီးသည် ရုပ်ရည်အရဆိုလျှင် ဒုတိယသမီးထက် တစ်ဆင့်နိမ့်သည်။ သို့သော် ရှစ်မိသားစု၏ သမီးနှစ်ယောက် အတူတကွရပ်နေသောအခါ၊ပထမဆုံးသတိပြုမိမည့်သူမှာ ရှစ်ဖေးရှန့် မဟုတ်ဘဲ အကြီးဆုံးသမီးပင်။
ရှစ်မိသားစု၏ အကြီးဆုံးသမီးသည် အဖိုးတန်ပုလဲတစ်လုံးလိုပင်။ သူမ၏ အလှက နူးညံ့ပြီး ထင်းကနဲမမြင်သာသော်လည်း၊သူမကို မြင်ရသူတိုင်းအား ရင်အေးစေသည်။ထို့ကြောင့်လည်း အိမ်ရှေ့စံက သူမကို ချစ်နေခြင်းဖြစ်နိုင်သည်။
သို့သော် ချန်မာမားသည် လူကဲခတ်တော်သည်။ အိမ်ရှေ့စံနှင့် အိမ်ရှေ့စံမင်းသမီးတို့ကြား ပြဿနာမရှိလျှင်၊ ချန်မာမား၏ နှုတ်မှ ယခုလိုမျိုး ထုတ်ပြောမလာနိုင်ချေ။ ထို့ကြောင့်၊ တယဲ့တိုင်းပြည်တွင် ဒုတိယအလေးစားခံရဆုံးစုံတွဲကြားတွင် ပြဿနာရှိနေသည်ဟု ပန်းဟွာ ယုံကြည်မိသည်။
ယင်းရှစ်က ပြုံးလိုက်ရင်း
"လူအချင်းချင်းကြားက ဆက်ဆံရေးနဲ့ပတ်သက်လာရင် တစ်ခါတလေ ပြောဖို့ခက်တယ်၊ယောက်ျားနဲ့ မိန်းမ အတူတူ တွဲပြီးလမ်းလျှောက်လာတာနဲ့ပဲ သူတို့ကို လိုက်ဖက်တယ်၊ သင့်တော်တယ်လို့ မတွေးသင့်ဘူး"