Chapter. 70
ပန်းဟွာသည် ယင်းရှစ်၏ စကားကိုကြားသောအခါ ခေါင်းယမ်းလိုက်ပြီး "ဒါပေမယ့် အိမ်ရှေ့စံက သူမကို ချစ်တယ်မဟုတ်ဘူးလား"
ထိုအချိန်တွင် အိမ်ရှေ့စံမင်းသမီး ရာထူးအတွက် ကြင်ယာတော်လောင်း အများအပြားရှိသော်လည်း အိမ်ရှေ့စံက ရှစ်ရှစ်ကိုသာ ရွေးချယ်ရန် တောင်းဆိုခဲ့သည်။ သူမအပေါ်မှာ ခံစားချက်တစ်စုံတစ်ရာ မရှိရင် အိမ်ရှေ့စံက ဘာလို့ ဒီလောက်ထိ သူမကို တွယ်ကပ်နေမလဲ..
"တချို့စုံတွဲတွေက အစပိုင်းမှာ ရန်သူတွေဆိုပေမယ့် နောက်ပိုင်းမှာ ချစ်သူတွေဖြစ်လာတတ်တယ်၊တချို့စုံတွဲတွေက အစပိုင်းမှာ နက်နက်ရှိုင်းရှိုင်း ချစ်ကြပေမယ့် နောက်ပိုင်းမှာ တစ်ယောက်ကိုတစ်ယောက် မုန်းတီးသွားတတ်ကြတယ်"
ယင်းရှစ်သည် သမီးဖြစ်သူအား ဆုံးမလိုသည်ဖြစ်၍ ဆက်ပြောသည်။ "ဆက်ဆံရေး ဘယ်လောက်ပဲ ကောင်းနေပါစေ၊သမီးနဲ့ အဆင်မပြေရင် နောက်ဆုံးမှာ အဲ့ဒီဆက်ဆံရေးက ပျက်ဆီးသွားမှာပဲ...တော်တဲ့သူတွေကတေ့ နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးကြတာလေ"
ပန်းဟွာ စဉ်းစားလိုက်ပြီး..."ဒါဆို အမေပြောတာက သမီးလက်ထပ်ပြိးရင် မြို့စားမင်းရုံရဲ့ နှလုံးသားကို ဆုပ်ကိုင်ထားရမယ်လို့ ဆိုလိုတာလား"
ယင်းရှစ်သည် ပန်းဟွာ၏ ခေါင်းကို ချစ်စဖွယ် ပုတ်လိုက်သည်။ "မိန်းမတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ပိုမြတ်နိုးတန်ဖိုးထားရမယ်လေ၊သူများကို မကြည့်ပါနဲ့"
ပန်းဟွိုက်ကလည်း ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ သမီး အမေကို အဖေ ချစ်သလိုမျိုးလေ"
ထက်မြက်သော အမျိုးသားများသည် သူတို့ချစ်သော မိန်းမရှေ့တွင် အရှက်သိက္ခာတို့ကို ငဲ့ကွက်မနေသင့်ပေ။ ဒါက ကြောက်တာ မဟုတ်ဘူး၊ အချစ်ပဲမဟုတ်လား....
မိမိ၏ ချစ်သူနှင့် ချိုသာသောစကားများ ပြောဆိုရသည်ကို ဂရုမစိုက်ဘဲ၊ လူမမြင်ကွယ်ရာမှသာ ချစ်ကြောင်းထုတ်ပြတတ်သော ယောက်ျားများလည်း ရှိပေသည်။ ပန်းဟွိုက်ကတော့ ထိုအယူအဆကို လက်မခံချင်။ယောက်ျားကောင်းဆိုသည်မှာ ဆိတ်ကွယ်ရာမှာရော၊လူရှေ့သူရှေ့မှာပါ အမျိုးသမီးတစ်ယောက်ကို ပျော်ရွှင်အောင် မည်သို့ပြုလုပ်ရမည်ဆိုသည်ကို သိရန်လည်း လိုအပ်သည်။ ဒီလိုမှမဟုတ်ရင် လက်ထပ်တာ၊ ကလေးမွေးတာ၊ အိမ်ကိုထိန်းသိမ်း ပြုစုစောင့်ရှောက်တဲ့ တာဝန်တွေ ယူထားရတဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်ရဲ့ အဓိပ္ပါယ်က ဘာလဲ။ အမျိုးသမီးတွေအတွက် ယောက်ျားယူတာဟာ အတူအိပ်ရရုံသက်သက်အတွက်လား၊ ခံစားခွင့်မရှိဘဲ လင်ယောက်ျားကိုသာ ပြုစုနေဖို့လား…
"ရှင်ကလည်း ကျွန်မတို့ သားအမိကြားကို မနှောင့်ယှက်ပါနဲ့" ယင်းရှစ်က ရှေ့မှ လက်ဖက်ရည်ကို ကြည့်ပြီး "ရှင် ဆေးဖက်ဝင်အပင်ပါတဲ့ လက်ဖက်ရည် မသောက်နဲ့လေ၊ဗိုက်နာလိမ့်မယ်"
"ကောင်းပြီလေ"
ချက်ချင်း ပန်းဟွိုက် လက်ကိုဝှေ့ယမ်းကာ အစေခံအား လက်ဖက်ရည်တစ်ခွက် ထပ်ယူလာပေးဖို့ ပြောလေသည်။
ပန်းဟွာ နှင့် ပန်းဟမ်တို့သည် မိဘများ အပြန်အလှန်ပြောဆိုနေသည်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ ထို့နောက် မောင်နှမနှစ်ယောက်သား အကြည့်ချင်းဖလှယ်ကြပြီး ပြုံးကြသည်။
ယင်းရှစ်က မတ်တပ်ထရပ်ပြီး ပန်းဟွာကိုပြောသည်။
"လာ၊ အိမ်နောက်ဖေးမှာ စကားပြောရအောင်၊ပန်းခြံထဲက ပန်းတွေ ပွင့်နေတပြီ ၊သိပ်လှတာပဲ၊ သမီး အမေနဲ့ လမ်းလျှောက်လို့ရတယ်"
ပန်းဟွာသည်လည်း မတ်တပ်ရပ်ပြီး ယင်းရှစ်နောက်သို့ လိုက်သွားခဲ့သည်။
ပန်းဟွိုက်ကို ကောကုန်းအဖြစ် ရာထူးတိုးပြီးနောက် မူလက အိမ်တော်တွင် သော့ခတ်ထားသော တံခါးအချို့ပွင့်သွားခဲ့သည်။ မူလက ဤအိမ်တော်သည် ကောကုန်းအရာရှိတစ်ယောက်၏ အဆင့်အတိုင်း တည်ဆောက်ထားသော အိမ်ကြီးဖြစ်သည်။ ဧကရာဇ်သည် ဤအိမ်ကို ပန်းမိသားစုအား လျော်ကြေးပေးသည့်အနေဖြင့် ပေးထားခြင်းပင်။ သို့သော်လည်း ပန်းမိသားစု ပြောင်းရွှေ့လာပြီးနောက် နယ်စားမင်းတစ်ယောက်၏ အသုံးအဆောင်တစ်ချို့ကို ဖယ်ထုတ်ကာ ခြံဝင်းအချို့ကိုလည်း သော့ခတ်ထားခြင်းဖြစ်သည်။ယခုမှ ပြန်လည်အပ်နှင်းခြင်းဖြစ်ပေ၏။
ပန်းမိသားစုတွင် လူအများအပြားမရှိသောကြောင့် မလိုအပ်သော အဆောက်အဦးအနည်းငယ်ကို ဖြိုဖျက်ကာ အပြင်ဘက် ခြံဝင်းနှင့် ချိတ်ဆက်ထားသည့် ပန်းခင်းကြီးတစ်ခု ဖန်တီးပေးခဲ့သည်။ ပန်းမိသားစုသည် ချမ်းသာသောကြောင့် ဥယျာဉ်ကို ကောင်းစွာစောင့်ရှောက်ရန် ကျွန်များကို ငှားရမ်းကြသည်။သူတို့မှာ ဘာမှလုပ်စရာမရှိတိုင်း ခြံဝန်းထဲမှာ အေးအေးလူလူ လမ်းလျှောက်ထွက်တတ်ကြ၏။
"ဟွာဟွာ တကယ်ပဲ ချမ်အမ်မြို့စားမင်းကို လက်ထပ်ချင်တာလား"
သူမ၏ သမီးက ချမ်အမ်မြို့စားမင်းနှင့် လက်ထပ်မည်ကို စဉ်းစားတိုင်း ယင်းရှစ် စိတ်မသက်မသာ ခံစားရသည်။ တစ်ခုခုမှားနေသလို ခံစားမိသော်လည်း၊ဘယ်အရာကမှားနေမှန်း သူမ မသိချေ။
"ဘာဖြစ်လို့လဲ...." ပန်းဟွာက ယင်းရှစ်ကို စိတ်ရှုပ်ထွေးစွာကြည့်ရင်း "အမေက ချမ်အမ်မြို့စားမင်းကို သဘောမတွေ့ဘူးလား"
ယင်းရှစ်က ခေါင်းခါလိုက်ပြီး "ချမ်အမ်မြို့စားမင်းနဲ့ ပတ်သက်ပြီး အမေ့မှာ ဘယ်လိုအတွေးမျိုးမှ မရှိပါဘူး၊သမီး သူ့ကို လက်ထပ်ရင် သမီး အဆင်မပြေမှာကိုပဲ စိုးရိမ်မိတာ"
"အဆင်မပြေရင် သမီး မိဘအိမ်ပြန်လာလိုက်မယ်၊ဘာပဲဖြစ်ဖြစ် အမေတို့ကတော့ သမီးကိုပစ်မထားပါဘူး"
"မိုက်လိုက်တဲ့ ကလေး၊ အိမ်ထောင်ရေးက အရေးကြီးတဲ့ ကိစ္စလေ၊ကလေးကစားစရာ မှတ်နေလား...အင်း၊ ဘယ်တော့မှ အမေ စိတ်မပူအောင် နေထိုင်တတ်မှာလဲ သမီးရယ်"
"ဒါက နည်းနည်းတော့ ခက်တယ်၊သမီးက ငအသက်ရှစ်ဆယ်၊ အမေ့အသက်က တစ်ရာ ဆိုရင်တောင် အမေက သမီးကို စိတ်ပူနေမှာဘဲလေ..."ပြောပြီး ပန်းဟွာက ယင်းရှစ်၏ လက်ကိုဆွဲကိုင်လှုပ်ယမ်းလိုက်ပြီး "ဘာလို့လဲဆိုတော့ သမီးက အမေ့သမီး ဖြစ်နေလို့"
ယင်းရှစ်ကလည်း ခေါင်းခါပြီးပြောသည်။
"အသက်တစ်ရာ.... အမေ့ကို သူများတွေ အမြင်ကတ်အောင် အဲ့ဒီလောက် အသက်မရှည်ချင်ပါဘူး"
"ဘယ်သူက အမေ့ကို အမြင်ကတ်ရမှာလဲ၊ အိမ်တစ်အိမ်မှာ အသက်ကြီးသူ တစ်ယောက်ရှိတာ ရတနာတစ်ခု ကောက်ရထားသလိုပါပဲ" ပန်းဟွာက ယင်းရှစ်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး "အမေ၊ တစ်သက်လုံး သမီးတို့နဲ့အတူ နေရမှာနော်"
"အိုကေ၊ အိုကေ၊ တစ်သက်လုံး နေမယ်....လူကဖြင့် အသက်ကြီးနေပြီ၊ ဒါတောင် ကလေးတစ်ယောက်လို လုပ်နေတုန်းပဲ၊ မရှက်ဘူးလား"
"သမီးက အမေ့ရှေ့မှာဆို အမြဲတမ်း ကလေးဖြစ်နေမှာပါ၊ဟင့်အင်း သမီး လုံးဝမရှက်ပါဘူး"
ဒုတိယမင်းသား၏ မင်္ဂလာပွဲမတိုင်မီသုံးရက်အလိုတွင်၊ အသက်နှစ်ဆယ့်သုံးနှစ်သာရှိသေးသော ရုံရှားသည် အလုပ်အကိုင်ရေးရာ ဝန်ကြီးဌာန၏ ၀ န်ကြီးအဖြစ်ပြောင်းရွှေ့ခဲ့သည်။ တရားရုံးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။ ရုံရှားသည် ငယ်လွန်းပြီး အရေးကြီးသော အလုပ်တစ်ခုကို မကိုင်တွယ်နိုင်ဟုအချို့က ထင်မြင်ကြသည်။
အခွန်ဝန်ကြီးဌာန ၀န်ကြီး ယောင်ဖေးကျီကမူ
"ရှေးခေတ်ကဆို ရှစ်နှစ်သား ဝန်ကြီးချုပ်တောင် ရှိခဲ့တယ်၊အရင်မင်းဆက်မှာလည်း ကိုးနှစ်သား ကျွမ်းယွမ်လည်း ရှိခဲ့တယ်၊ဘာလို့ နှစ်ဆယ့်သုံးနှစ်သား ဝန်ကြီးဆိုတာ မရှိရမှာလဲ၊ ရုံရှားဟာ ငယ်ငယ်လေးကတည်းက ပါရမီရှင်တစ်ယောက်ပါ၊နန်းတွင်းထဲဝင်ပြီး အလုပ်လုပ်တော့လည်း ဧကရာဇ်ဆီကနေ အကြိမ်ပေါင်းမနည်း ချီးမြှောက်ခံခဲ့ရတာ"
"သခင်ယောင်၊ အဲ့ဒီလိုပြောလို့ မရဘူး၊ ရှစ်နှစ်သားကလေးက ဝန်ကြီးချုပ်ဖြစ်ခဲ့လို့ အရင်တုန်းက ဒုက္ခရောက်ခဲ့ရတယ်၊အရင်မင်းဆက်ရဲ့ ကိုးနှစ်သား ကျွမ်းယွမ်ကလည်း ငယ်သေးတဲ့အတွက် လူကြီးလူကောင်းတစ်ယောက်တော့ မဖြစ်နိုင်ဘူးလေ၊ နန်းတွင်းက သာယာဝပြောပြီး ကမ္ဘာကြီးလည်း ငြိမ်းချမ်းသာယာနေတာ၊ ဘာလို့ အရင်မင်းဆက်တွေနဲ့ အခုလက်ရှိကို နှိုင်းတာလဲ"
"ဒါပေမယ့် ချမ်အမ်မြို့စားမင်းက ငယ်ငယ်တုန်းက ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး ကြီးပြင်းလာတဲ့အခါမှာလည်း ပါရမီရှင်တစ်ယောက် ဖြစ်လာတာပါပဲ၊ အခု ခင်ဗျားပြောတဲ့စကားက ချမ်အမ်မြို့စားမင်းကို ဆန့်ကျင်လိုက်တာမဟုတ်လား၊ဒါဆို ခင်ဗျားကရော ချမ်အမ်မြို့စားမင်းထက် ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ယုံကြည်နေတာလား"
"မင်း၊ မင်း…" ယောင်ဖေးကျီ၏ စကားကြောင့် အရာရှိသည် စကားမပြောနိုင်ဖြစ်သွားသည်။ အချိန်အတော်ကြာပြီးနောက်မှ “မင်းက စကားကိုလျှောက်ပြောပြီး ကိုယ်လိုရာကိုဆွဲပြောနေတာကိုး.....ငါ လက်ကိုင်ထားတဲ့ သဘောတရားကတော့ ငါ့ကို စကားနိုင်လုနိုင်သူတိုင်းက ငါ့လောက် မထက်မြက်ဘူး ဆိုတာပဲ၊ ငါနဲ့ စကားနိုင်လုလို့ နိုင်တဲ့သူဟာ စကားကိုပရိယာယ်သုံးပြီး အမှန်တရားကို လှည့်စားနေတာလို့ပဲ မြင်တယ်"
"ကျွန်တော်တို့ရဲ့အမြင်အရတော့ ချမ်အမ်မြို့စားမင်းဟာ ဝန်ထမ်းရေးရာဝန်ကြီးဌာနရဲ့ ၀န်ကြီးဖြစ်ဖို့ အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးပါ၊ ချမ်အမ်မြို့စားမင်းဟာ သိပ်ကို တော်တဲ့လူတစ်ယောက်ပါ၊ တာဝန်ရှိသူတစ်ဦးရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့အခါမှာလည်း သူ့လိုအရည်အချင်းရှိသူမျိုးကိုပဲ ရွေးသင့်တယ်၊ဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား”
ဘာမှဝင်မပြောဖူးသော နယ်စားမင်းကလည်း ထိုအတိုင်းပြောလေသည်။ရုံရှားကို အလုပ်အကိုင်ရေးရာဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်ခြင်းကို ဆန့်ကျင်သူများသည် ကောင်းမွန်သော အရာရှိများမဟုတ်ကြချေ။
စောစောက ရုံရှားဘက်မှ ပြောပေးသော နယ်စားမင်းတို့သည် ယခင်တရားရုံးအစည်းအဝေးများအတွင်း တစ်ခါမျှ စကားမပြောဖြစ်ပေ။ ယနေ့မှ သူတို့ အချင်းချင်း လေပေးလေယူတည့်ပြီး ရုံရှား အတွက် ကာကွယ်ပေးနေကြတာပင်။ယင်းက ရုံရှား နှင့် ဆက်ဆံရေးကောင်းသော အရပ်ဘက်အရာရှိများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။ ဒီနေ့ ဒီဆန်ကုန်မြေလေး ပေါ်ကြော့အရာရှိတွေ ဘာဖြစ်နေတာလဲ။ သူတို့က ရုံရှားဘက်က ဘာလို့ ရပ်တည်ရတာလဲ။
ဥာဏ်ပညာ ထက်မြက်သူအချို့ကတော့ ဤဆန်ကုန်မြေလေးများသည် ပန်းဟွိုက်နှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ရုတ်တရက် သဘောပေါက်မိကြသည်။ ပန်းဟွိုက် သည် ဝမ်းနည်းပူဆွေးဆဲကာလ ဖြစ်သောကြောင့် တရားရုံးသို့ မရောက်ဖြစ်ခဲ့ပေ။ သို့ရာတွင်၊ ပန်းဟွိုက်ဘက်မှ လူများကတော့ တရားရုံးအစည်းအဝေးတစ်ခုရှိတိုင်း တရားရုံးသို့ အင်အားပြရန် လာရောက်ကြဆဲဖြစ်သည်။
ဒီနေ့၊ သူတို့လုပ်ပုံက ပန်းဟွိုက်ရဲ့ အနာဂတ်သမက်ကို ကူညီနေတာလား။
ထိုဆန်ကုန်မြေလေးအရာရှိများ၏ အတွေးအမြင်က ရိုးရှင်းလှပေ၏။သူတို့အားလုံးသည် လှေတစ်စင်းတည်း၌ရှိကြ၏။ ဝိုင်ကောင်းကောင်းရှိလျှင် အတူတူ မြည်းစမ်းကြမည်။ မကောင်းတာ တစ်ခုခု ကြုံလာလျှင် လမ်းလွှဲကာသွားကြမည်။သို့သော် သူတို့မှာ အခွင့်အာဏာရှိလျှင် ကူညီပေးကြမည်။ ဥပမာအားဖြင့်၊ပန်းဟွိုက်၏ အနာဂတ်သမက်ကို ကူညီပေးခြင်းသည် သူတို့၏ အရည်အချင်းဘောင်အတွင်းမှ ဖြစ်သည်။
စကားအရာမှာဆိုရင် ဒီအရပ်ဘက်အရာရှိတွေက ဆန်ကုန်မြေလေး အရာရှိတွေနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ..သိပ်မကြာခင်မှာပဲ ရုံရှားက ဝန်ထမ်းရေးရာဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်ခွင့်ကို ဆန့်ကျင်သည့် အရာရှိများအား ထိုအရာရှိများက စကားနိုင်လုနိုင်သွားသည်။
တစ်ဖက်က ငြင်းခုန်ကြသော အရာရှိများမှာလည်း ချမ်အမ်မြို့စားမင်းသည် ဝန်ထမ်းရေးရာဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သင့်၊ မဖြစ်သင့်က အရေးမကြီးချေ။ အရေးကြီးသည်က ဤဆန်ကုန် မြေလေး အရာရှိများအား မရှုံးဖို့ပင်။
သို့ဖြစ်၍ အရပ်ဘက် အရာရှိများသည် သူရဲဘောကြောင် မနေနိုင်ဘဲ ကျားကျားယားယား စကားနိုင်လုရန်ဖြစ်ကြတော့၏။
ထို့ကြောင့် အရပ်ဘက်အရာရှိများနှင့် ဆန်ကုန်မြေလေး အရာရှိများကြား စစ်ပွဲဖြစ်လာသည်။ အခြေအနေကိုကြည့်လိုက်လျှင် အသာစီးရထားသူက ထိုဆန်ကုန်မြေလေး နယ်စားမင်း များပင်။
ဤအရေးကြီးသောအခိုက်အတန့်တွင်၊ တယဲ့မင်းဆက်၏ ဂုဏ်ထူးဆောင်အရာရှိများသည် နောက်ဆုံးတွင် လူပျင်းများ၏စွမ်းအားကို ပထမဆုံးအကြိမ် ရင်ဆိုင်ရသည်။
ဧကရာဇ် ယွင်ချင်သည် သူ နားပူအောင် အကြံဉာဏ်မျိုးစုံကို ပေးသည့် အရပ်ဘက်အရာရှိများကို ငြီးငွေ့လာသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူသည် ဂုဏ်သတင်းကို အလေးအနက်ထားသော ဧကရာဇ်တစ်ပါးဖြစ်သည်။ သို့ဖြစ်၍ ဤအရပ်ဘက်အရာရှိများက သူ့ကို နားပူနားဆာ လာလုပ်သောအခါ၊ နှုတ်ကပင် ဝတ်ကျေတန်းကျေ ပြန်လည်ပြောဆိုရတော့သည်။ “အရာရှိ၊ မင်းပြောတဲ့စကားက အဓိပ္ပာယ်ရှိတယ်၊ မင်းရဲ့ အကြံပြုချက်ကို ငါလက်ခံပါတယ်”
ဧကရာဇ်သည် ဤမသိနားမလည်သော အရပ်ဘက်အရာရှိများကို ပါးရိုက်ချင်စိတ်ဖြစ်မိသော်လည်း သူ့ကိုယ်သူ ထိန်းဖြစ်အောင်ထိန်းထားသည်။
ထို့ကြောင့် သူ ပန်းမိသားစုကို သဘောကျခဲ့တာပင်။ အဘယ်ကြောင့်ဆိုသော် ပန်းမိသားစုက သူ့ကို ဘယ်တုန်းကမှ မဆန့်ကျင်သလို၊ ဘယ်သောအခါမှ ဟန်ဆောင်မှု မရှိသောကြောင့် ဖြစ်သည်။ဆုလာဘ်များ ရသည့်အခါ သူ့ကို ပျော်ရွှင်စွာ တုံ့ပြန်ကြသည်။သူ၏ အရာရှိများလည်း ထိုအတိုင်းပင်ဖြစ်သင့်သည်။သူ့ဘက်ကလည်း ထိုလူများကို ချီးမြှောက်ရသည်ကို သဘောကျ၏။သူ့ကို ချစ်ခင်တွယ်တာသော ပန်းမိသားစု၏ မျက်လုံးများကို မြင်လျှင် သူ နေ့တိုင်း ထမင်း ပန်းကန်လုံး တစ်ဝက်ခန့် ပိုစားနိုင်လာသည်။
ယခုလည်း သူ မကြိုက်သောအရပ်ဘက်အရာရှိများကို ဒေါသထွက်စေသော ပန်းဟွိုက်၏ သူငယ်ချင်းအရာရှိများအား ဧကရာဇ် ယွင်ချင်၏ စိတ်ထဲတွင် အလွန်နှစ်သက်သဘောကျသွားခဲ့သည်။ သို့သော် သူ မျက်ခုံးကိုစုကျုံ့ထားကာ မကျေမနပ် ဖြစ်သလိုလုပ်နေမိသည်။မကြာလိုက်၊ မုတ်ဆိတ်ဖြူ အရပ်ဘက် အရာရှိတစ်ဦး ဒေါသအလွန်ထွက်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ဧကရာဇ်ကလည်း အမတ်တစ်ဦးကို ခေါ်ခိုင်းပြီး
"အရာရှိများ၊ အပိုပြောစရာ မလိုတော့ဘူး၊ရုံရှားက ဝန်ကြီးရာထူးအတွက် အရမ်း သင့်တော်တယိလို့ ငါကိုယ်တော် ထင်မြင်မိတယ်၊ ကဲ အစည်းအဝေးပြီးဆုံးပြီ"
အရာရှိများသည် မိန်းမစိုးများတ ွဲခေါ်ရာနောက်သို့ လိုက်ပါသွားသော အရာရှိကို ကြည့်ကာ စာနာစိတ်ဖြင့် ကြည့်သည်။အဲ့ဒီအရာရှိက ဘာလို့ ဒီလောက်ဒေါပွသွားရတာလဲ...
ရုံရှားကို လှည့်ကြည့်လိုက်လျှင် သူ့မျက်နှာမှာ မာန၊ ဒေါသ မရှိ။အားလုံးထင်ထားသည်က၊ သံသယမျက်လုံးများကို ရှောင်ပြီး အရင်ထွက်သွားမည် ဆိုခြင်းပင်။ သို့သော် သူ ထွက်မသွားခဲ့။ ထိုအစား သူက တခြားလမ်းကြောင်းကို လျှောက်သွားတော့သည်။
ရုံရှားသည် သူ့အား ကာကွယ်ပြောပေးသော အရာရှိ အနည်းငယ်ရှေ့သို့ လျှောက်လာ၍ ဦးညွတ်လိုက်သည်။
"ကျွန်တော့်အတွက် ပြောပေးလို့ ကျေးဇူးတင်ပါတယ်၊ကျွန်တော် အရာရှိတွေကို စိတ်ပျက်စေမှာ မဟုတ်ဘူး"
တာဝန်ရှိသူများက သက်ပြင်းချကြသည်။ မြို့စားမင်းရုံက တကယ်ကို ရိုးသားသူကြီးပင်။သူတပါး အတင်းအဖျင်း ပြောမည်ကို မကြောက်။ သူလုပ်ချင်တာကို လုပ်ပြီး သူလျှောက်ချင်သည့်လမ်းကို လျှောက်တတ်သူပင်။
နယ်စားမင်းက သူ့ဘယ်ဘက်ပခုံးကို ပုတ်ပြီး
"မြို့စားမင်းရုံက ယဉ်ကျေးလွန်းနေပါပြီ၊မြို့စားမင်းက ကောကုန်းကျင့်ထင်ရဲ့ အနာဂတ်ရဲ့ သားမက်ပါပဲ၊ ငါတို့က မင်းကို မကူညီရင် ဘယ်သူက ကူညီရမှာလဲ"
"မှန်တယ်...." နောက်ထပ်မြို့စားတစ်ဦးသည် ရုံရှား၏ ညာဖက်ပခုံးကို ပုတ်လိုက်ပြီး "မြို့စားမင်း အလုပ်ကြိုးစားပါ၊တစ်နှစ်အတွင်း ၀န်ကြီးရာထူးကို ရယူပြီး ငါးနှစ်အတွင်း ဝန်ကြီးချုပ်ရာထူးကို ရအောင်ကြိုးစားပါ"
တာဝန်ရှိသူများက အားလုံး ဘေးဘီကို ကြည့်မိကြသည်။ယခုထိ ဝန်ကြီးချုပ်ယန်နှင့် နယ်စားမင်းရှစ်တို့ မထွက်သွားသေးချေ။
"ရာထူးတိုးသွားတဲ့အတွက် ဂုဏ်ယူပါတယ် မြို့စားမင်းရုံ" ရှစ်ချုံးဟိုင်က ရုံရှားရှေ့ကိုလာ၍ ဦးညွှတ်လိုက်သည်။ "ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို အောင်မြင်မှုတွေရထားတာဆိုတော့ မြို့စားမင်းရဲ့ အနာဂါတ်ကတေ့ သိပ်ကိုကောင်းမှာပါ"
"ကျွန်တော် မခံယူဝံ့ပါဘူး၊ ဒါတွေအားလုံးက ဧကရာဇ်ရဲ့ ကျေးဇူးကြောင့်ပါ"
အလုပ်အကိုင်ရေးရာ ဝန်ကြီးဌာန ၀န်ကြီးအဖြစ် ခန့်အပ်ခြင်းကို ဆန့်ကျင်သော အရာရှိအများစုမှာ ရှစ်ချုံးဟိုင်၏ လူများဖြစ်ကြောင်း သူတို့နှစ်ဦးစလုံး သိရှိခဲ့ကြသည်။ရှစ်ချုံးဟိုင်သည် ရုံရှားကို အပြင်ပန်းတွင် ချီးကျုးလိုက်သော်လည်း စိတ်ထဲတွင်မူ မနှစ်မြို့ပေ။
"မြို့စားမင်းရုံက ကျိုးနွံလွန်းနေပါပြီ၊ မင်းမှာ အရည်အချင်းမရှိရင်၊ ပညာရှိ သခင်ယောင်က မင်းအတွက် ဘယ်လိုလုပ် ကာကွယ်ပြောပေးပါ့မလဲ"
ရှစ်ချုံးဟိုင်သည် ယောင်ဖေးကျီကို စိတ်အဆိုးဆုံးဖြစ်သည်။ ဤလူသည် မူလက သူ၏လက်အောက်ခံဖြစ်သည်။ ယနေ့မှ ရုံရှားအတွက် ယောင်ဖေးကျီ စကားပြောပေးမည်ဟု သူ မမျှော်လင့်ထားချေ။ရုံရှားအတွက် ကာကွယ်ပြောပေးခြင်းဖြင့် ယောင်ဖေးကျီသည် ရှစ်မိသားစုနှင့် ခွဲထွက်လိုကြောင်းပြသခြင်းဖြစ်သည်။
အတင့်ရဲလိုက်တဲ့ကောင်....
"ဒီမေးခွန်းက အရမ်းရိုးရှင်းပါတယ်" ထိုစဉ် အရာရှိတစ်ဦးက ရှစ်ချုံးဟိုင် စကားကိုဖြတ်ပြောသည်။ "မြို့စားမင်းရုံက ရုပ်ချောပြီး ထက်မြက်တယ်မလား၊သူ့ကို ဘယ်သူမဆို သဘောကျမှာပါပဲ"
ရှစ်ချုံးဟိုင် သူ့စကားကို ဆန့်ကျင်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ဒါဆို မင်းကလည်း မြို့စားမင်းရုံဆီကနေ သင်ယူပြီး လူတိုင်း ပိုသဘောကျလာအောင် နေထိုင်သင့်တယ်"
ထိုအရာရှိသည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
"ကျွန်တော်က အသက်ကြီးနေပါပြီ၊လူချစ်ခံရတော့ရော ဘာအရေးလဲ၊တော်ကြာ ကျွန်တော့်မိန်းမက အချစ်ခံရလွန်းလို့ စိတ်ဆိုးနေပါ့မယ်၊ အချိန်ဆိုတာ ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူး ဆိုတာ သိပ်မှန်တယ်၊ကျွန်တော်လည်း အရင်တုန်းက နာမည်ကြီးပြီး ရုပ်ရည် ချောမောသူတစ်ယောက်ပါပဲ၊ ခုချိန်မှာတော့ အားလုံး ပြန်မရနိုင်တော့ဘူး"
ထိုအခါမှ ရှစ်ချုံးဟိုင်သည် ပန်းဟွိုက် နှင့် သူငယ်ချင်းဖြစ်နိုင်သူများ အားလုံး စိတ်မနှံ့ကြောင်း ရုတ်တရက် သိလိုက်ရသည်။တစ်ဖန် သူ ရုံရှားကို မော့ကြည့်လိုက်သည်။ ဒီလူတွေဆီက ရုံရှားရော ဘယ်တုန်းက ကူးစက်သွားတာလဲ။