Chapter.71
ရှစ်ချုံးဟိုင်နှင့် အချေအတင်ဖြစ်ပြီးနောက် ပျော်ပျော်နေတတ်သော အရာရှိများသည် အချင်းချင်း ပုခုံးချင်းဖက်ကာ ပျော်မြူးနေကြသည်။ ရှစ်ချုံးဟိုင်ကမူ ဒေါသများ မပြေပျောက်သေးသော်ငြား၊သူတို့ကတော့ ထိုကိစ္စကို မေ့နေကြပြီဖြစ်၏။
ရှစ်ချုံးဟိုင်သည် အနည်းငယ် မကျေမနပ်ဖြစ်နေသော်လည်း သူ့စိတ်ထဲတွင် ရှုပ် ထွးနေခြင်းမရှိပေ။ဤအရာရှိများနှင့် ငြင်းခုန်ဖို့လည်း အသုံးမဝင်မှန်း သိနေတာကြောင့် ရုံရှားကိုပြောလေသည်။
"ကျွန်တော် မြို့စားမင်းရုံကို ချီးကျူးဖို့မေ့သွားတယ်၊ ကောင်းတဲ့အရာတွေက အစဥ်လိုက်ရောက်လာတာပဲ"
ရုံရှားက ပြုံးပြီး "ကျေးဇူးတင်ပါတယ် ဝန်ကြီးချုပ်"
"မြို့စားမင်းရုံက ငယ်ပါသေးတယ်၊မင်းကိုကူညီဖို့ ယောက္ခမကောင်းတစ်ယောက်ရှိနေတာ ကောင်းပါတယ်"
ဤစကားများသည် အလုပ်အကိုင်ရေးရာဌာန၏ ဝန်ကြီးဖြစ်လာရန် ပန်းမိသားစုအား အားကိုးခဲ့သည့်အတွက် ရုံရှားကို လှောင်ပြောင်နေခြင်းဖြစ်သည်။ ပန်းဟွာက အရည်အချင်းမပြည့်မီသော မိန်းကလေးတစ်ဦး ဖြစ်သည့်အတွက်လည်း လှောင်ပြောင်စကားဆိုနေခြင်းပင်။သူ ပြောပုံက ရုံရှားသည် သူ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအတွက် ပန်းဟွာနှင့် မလွှဲသာမရှောင်သာ စေ့စပ်ထားသလိုမျိုး ဖြစ်နေသည်။ ရှစ်ချုံးဟိုင်၏ စကားများသည် စေတနာထား၍ ပြောနေခြင်းမဟုတ်မှန်းသိသာသည်။အသက်ငယ်ရွယ်သေးသော ဘယ်သူမဆို သူ့စကားကို ကြားလိုက်တိုင်း ရှက်ရွံ့စိတ် ဖြစ်လာမှာမလွဲပေ။
ရုံရှားက ပြုံးပြီး ရှစ်ချုံးဟိုင်ကို ကျေးဇူးတင်လိုရိပ် အပြည့်နှင့်..ဦးညွတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ဝန်ကြီးချုပ်၊ ပန်းဟွာကျွင်းကျူးနဲ့ စေ့စပ်ခွင့်ရဖို့၊ကျွန်တော် ပေါင်းသင်းဆက်ဆံရေးရာမှာ ကြိုးစားလိုက်ရတာတော့ အမှန်ပါပဲ"
ရှစ်ချုံးဟိုင် ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။ တကယ်ကို သရုပ်ဆောင်ကောင်းတဲ့ ကြောင်သူတော်ပဲ...
ရုံရှား နှင့် ပန်းဟွာကျွင်းကျူး တို့၏စေ့စပ်ကြောင်းလမ်းခြင်း အကြောင်းကို အနီးတဝိုက်မှ သူ့လူများကို မေးမြန်းထားပြီးဖြစ်သည်။
တော်ဝင်မင်းသမီး မသေဆုံးမီ၊ မြေးမလေးအတွက် သင့်တော်သော အမျိုးသားတစ်ယောက်အား ကျပန်းရွေးချယ်ခဲ့သည်။ ဧကရာဇ်သည် ပန်းမိသားစုအပေါ် အကြွေးတင်နေသည်ဟု ခံစားမိသောကြောင့် စေ့စပ်ပွဲကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခံခဲ့ရသော ပန်းဟွာအား ရုံရှားနှင့် လက်ထပ်ဖို့ ပြောလိုက်လေသည်။
ယခု ဧကရာဇ်သည် ရုံရှားကို ဝန်ထမ်းရေးရာဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်လိုက်ရခြင်းမှာလည်း ခန္ဓာကိုယ်ကို ရောင်းစားသည့် ရုံရှားအတွက် လျော်ကြေးပေးရန် ဖြစ်နိုင်သည်။
ဒီလို အရှက်ကွဲတဲ့ကိစ္စကို ကမ္ဘာပေါ်က လူဘယ်နှယောက်ကများ သည်းခံနိုင်မှာတဲ့လဲ....
အနှေးနှင့်အမြန်ဆိုသလို ရုံရှားနှင့် ပန်းမိသားစုကြားမှာ ပဋိပက္ခများ ရှိလာလိမ့်မည်။ယခုတော့ ပန်းမိသားစုက သားမက်ဖြစ်သူအတွက် အစွမ်းကုန် လုပ်ပေးနေသည်။ပန်းဟွိုက်ကိုယ်တိုင် တရားရုံးညီလာခံသို့ မတက်ရောက်နိုင်သည့်တောင် သူ့သူငယ်ချင်းများက သားမက်ဖ့စ်သူအား ဝိုင်းဝန်းစောင့်ရှောက်နေသည့်အထိပင်။ဒီအနာဂတ်သားမက်ကို ပန်းဟွိုက် ဘယ်လောက်တန်ဖိုးထားလိုက်သလဲ။
ရုံရှားသည် ရှစ်ချုံးဟိုင် ထွက်သွားသည်ကို ကြည့်နေပြီးနောက် ခန်းမထဲက အမြန်ထွက်လာခဲ့၏။သို့သော် နန်းတော်မှ မပြန်သေးဘဲ မဟာရွှေလမင်းနန်းတော်သို့ သွားခဲ့သည်။
ဧကရာဇ် ယွင်ချင်သည် ရုံရှားကိုမြင်သောအခါ သက်ပြင်းချလိုက်ပြီး "မြို့စားမင်းရုံလာပြီလား၊ ထိုင်ပြီး စကားပြောကြရအောင်"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
ရုံရှားသည် ဧကရာဇ်ယွင်ချင်ကို ဦးညွှတ်ပြီး ငြိမ်သက်စွာ ထိုင်လိုက်သည်။
"အခုဆို ရှစ်ချုံးဟိုင်က ပိုပိုပြီး အားကောင်းလာတယ်၊ အရင်မင်းဆက်က လီချောင်ယုလိုလူမျိုး ငါတို့ရဲ့ လက်ရှိတယဲ့မင်းဆက်မှာတော့ ပေါ်မလာစေချင်ဘူး"
ဧကရာဇ် ယွင်ချင်၏ မျက်နှာအမူအရာမှာ အနည်းငယ်ပျက်ယွင်းလျက်ရှိသည်။
"မကြာသေးခင်ကမှ သူ့စိတ်က တစ်မျိုးထူးခြားလာတယ်"
လီချောင်ယုသည် ယခင်မင်းဆက်တွင် ကျော်ကြားသော ဝန်ကြီးတစ်ဦးဖြစ်သည်။ ဝန်ကြီးများဘက်က အားကောင်းပြီး ဧကရာဇ်ဘက်မှ အားနည်းသောအခါ ပြဿနာ ပေါ်ပေါက်ရန် လွယ်ကူလာသည်။ ယခင်မင်းဆက်နှောင်းပိုင်းတွင် လီချောင်ယုသည် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် နန်းတွင်း၌ မငြိမ်မသက်မှုများ စတင်ခဲ့သည်။ လက်ရှိမင်းဆက်သို့ ရောက်ရှိလာပြီးနောက် ထိုကဲ့သို့မဖြစ်အောင် ဧကရာဇ်က လက်ဝဲ၊လက်ယာဝန်ကြီးများကို အာဏာခွဲဝေပေးပြီး နန်းတွင်း၏အခြေအနေကို တည်ငြိမ်စေခဲ့သည်။
ဧကရာဇ်ယွင်ချင်သည် သူ့ကိုယ်သူ အသက်ကြီးလာမှန်း သိနေသည်။ညဘက်တွင် ကောင်းကောင်းမအိပ်နိုင်သလို၊ နေ့ဘက်မှာလည်း အမြဲတမ်း ကြောင်စီစီဖြစ်နေတတ်သည်။ အကြားအာရုံများပင် ယိုယွင်းလာရသည်။ သူ့စိတ်ထဲမှာလည်း ကြောက်ရွံ့စိုးရိမ်စိတ်များ ဖြစ်တည်နေသော်ငြား အပေါ်ယံမှာမူ ဖုံးကွယ်ထားရ၏။
ရာထူးကြီးမြင့်သူတစ်ဦးအနေဖြင့် သေခြင်းတရားနှင့် အာဏာဆုံးရှုံးရမည့်ကိစ္စတို့ကို ပို၍ကြောက်လာသည်။သူ့စိတ်ထဲမှာ အိမ်ရှေ့စံကို မကျေနပ်သော်လည်း၊ ရှစ်ချုံးဟိုင်ကိုမူ ပို၍ပင် မကျေနပ်ပေ။ ဖခင်တစ်ယောက်အနေနှင့် သားဖြစ်သူအား လမ်းမှာရောက်စေသူကို သေချာပေါက် ခွင့်လွှတ်မှာမဟုတ်ပေ။
သူသည် ရုံရှားကို အလုပ်အကိုင်ရေးရာ ဝန်ကြီးရာထူးအား ခန့်အပ်ရန် စိတ်အားထက်သန်နေရခြင်းမှာ၊ ရှစ်ချုံးဟိုင် အလိုရှိသည့်အတိုင်း လုပ်ခွင့်မပေးဘဲ အရာရှိများအား ထိန်းချုပ်စေချင်သောကြောင့် ဖြစ်သည်။ သူသည် တယဲ့ ၏ဧကရာဇ်ဖြစ်သည်။ သူ့ရာထူးကို ဘယ်သူမှ မခြိမ်းခြောက်လာစေချင်ပေ၊ သူ၏သားအရင်း ဆိုလျှင်တောင် ခွင့်လွှတ်နိုင်မည်မဟုတ်။
ရုံရှားသည် ဧကရာဇ်၏ အတွေးကို နားလည်နေသည့်အတွက် မတ်တပ်ထရပ်ပြီး ဧကရာဇ်ကို အလေးပြုလိုက်သည်။
"ကျွန်တော်က အရှင်မင်းကြီးအတွက်ဆို အစွမ်းကုန်လုပ်ဆောင်ပါ့မယ်"
ဧကရာဇ်က သူ့ပုခုံးကို ပုတ်လိုက်သည်။
"မင်း ပြောတာဆို ငါကိုယ်တော် ယုံကြည်ပါတယ်၊ ၀န်ကြီးဌာနက ဘယ်သူပဲဖြစ်ဖြစ် မင်းကို ထိပါးလာရင်ပြောပါ၊ ငါကိုယ်တော် သူတို့ကို သည်းခံမှာ မဟုတ်ဘူး"
"အရှင်မင်းကြီး၊ စိတ်မပူပါနဲ့...ကျွန်တော့်ကို အရှင်မင်းကြီးကိုယ်တိုင် ရာထူးခန့်ထားမှန်း သူတို့သိတာတောင် ကျွန်တော့်ကို ဘယ်လိုပြောဆိုဆက်ဆံရမယ်ဆိုတာတောင် မသိကြပါဘူး၊ဒါကြောင့် ကျွန်တော့်ကို သူတို့ဒုက္ခလာပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
"ကောင်းပြီ၊ နောက်နှစ်ရက်လောက် အချိန်ရသေးတယ်၊ ရာထူးတိုးဖို့အတွက် ပြင်ဆင်ပါ၊ပန်းမိသားစုရဲ့သမီးနဲ့လည်း အချိန်ပိုပေးပါ၊ သုံးရက်ကြာရင် အလုပ်အကိုင်ရေးရာ ဝန်ကြီးဌာနမှာ မင်း တရားဝင် ရာထူးတက်တော့မယ်"
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"
ရုံရှား အလေးပြုပြီး နန်းတော်မှ ထွက်ခွာသွားသည်။ ဧကရာဇ်သည် သူ့အား နှစ်သိမ့်ရန် ယခုလိုလာပြောခြင်းမဟုတ်မှန်း ရိပ်မိသည်။ရှစ်ချုံးဟိုင်ဘက်မှာရှိသူအချို့ကို သူ နှိမ်နှင်းပေးရန် အရိပ်အမြွက်ပြောပြနေခြင်းသာ။
အလုပ်အကိုင်ရေးရာဝန်ကြီးဌာနသည် အခွန်ဝန်ကြီးဌာနနှင့် စစ်ဘက်ဝန်ကြီးဌာနထက် အရေးမကြီးပုံပေါက်သော်လည်း လက်တွေ့တွင် အရာရှိအများအပြား၏ အကဲဖြတ်မှုအတွက် တာဝန်ရှိသည်။ ဧကရာဇ် ယုံကြည်စိတ်ချရသော လက်ထောက်မဟုတ်သူများသည် ဝန်ကြီးရာထူးထက်မှာ အလွယ်တကူ မထိုင်နိုင်ကြပေ။
"မြို့စားမင်းရုံ"
ထိုစဉ် ဝမ်ကုန်းကုန်းသည် သူ့လက်ထဲတွင် သေတ္တာတစ်လုံးနှင့် လိုက်လာခဲ့သည်။
" မြို့စားမင်းရုံ ၊ ခဏစောင့်ပါဦးဗျာ"
ရုံရှား ရပ်လိုက်ပြီး ဝမ်ကုန်းကုန်းကို နှုတက်ဆက်ကာ
"ဝမ်ကုန်းကုန်း...အရှင်မင်းကြီးက တခြားအမိန့်များ မိန့်တော်မူလိုက်သလား"
"မြို့စားမင်းရုံက ဒေါင်းတွေကို ကြိုက်တယ်လို့ အရှင်မင်းကြီး ကြားသိသွားပါတယ်၊ ဒါကြောင့် ဒီအဆင်တန်ဆာကို မြို့စားမင်းကို လာပေးခိုင်းတာပါ"
ဝမ်ကုန်းကုန်း သေတ္တာကို ပေးလိုက်သည်။
"ဧကရာဇ်က မြို့စားမင်းရုံ ရက်အနည်းငယ်လောက် ပြန်ပြီး အနားယူသင့်တယ်လို့လည်း ပြောခဲ့ပါတယ်၊ သူ့ကိုလည်း အထူးကျေးဇူးတင်နေစရာ မလိုပါဘူးတဲ့"
"ကျေးဇူးအများကြီးတင်ပါတယ် ကုန်းကုန်း"
ရုံရှားသည် နန်းတော်ဘက်သို့ ရော်ရမ်းမှန်းဆ ဦးညွတ် အလေးပြုပြီး သေတ္တာတစ်လုံးနှင့် ထွက်လာခဲ့သည်။
ရုံရှား ထွက်သွားသည်ကို ကြည့်ပြီး ဝမ်ကုန်းကုန်း ပြုံးလိုက်သည်။ ရုံရှား ပျောက်သွားသောအခါ သူ အတွင်းခန်းထဲသို့ပြန်ဝင်လိုက်၏။
"အရှင်မင်းကြီး၊ မြို့စားမင်းရုံ သေတ္တာကိုလက်ခံလိုက်ပါတယ်"
ဧကရာဇ် ယွင်ချင်သည် ပန်းချီကားတစ်ချပ်ကို ကြည့်နေခိုက်ဖြစ်၍ ဝမ်ကုန်းကုန်း ဝင်လာသည်ကို ခေါင်းမော့၍ပင် မကြည့်ဘဲ... "ရုံရှားရဲ့မျက်နှာအမူအရာက ဘယ်လိုဖြစ်သွားသလဲ"
ဝမ်ကုန်းကုန်းက ခေါင်းယမ်းရင်း "သူပျော်နေပြီး ကျေးဇူးတင်နေပုံရပါတယ်၊ကျွန်တော်က အကင်းမပါးတော့ တခြားဘာကိုမှ မမြင်ရပါဘူး"
ဧကရာဇ်သည် နောက်ဆုံးတွင် ခေါင်းမော့ကြည့်လာကာ ဝမ်ကုန်းကုန်းကို "ရုံရှားက ပန်းဟွာ အပေါ် မေတ္တာမျှနေတာကို မင်းဘယ်လိုတွေးသလဲ"
"ပန်းဟွာကျွင်းကျူးက နတ်သမီးလေးလို လှပါတယ်၊ မြို့စားမင်းရုံက သူမကို တကယ်နှစ်သက်မြတ်နိုးတာဖြစ်နိုင်တယ်ထင်ပါတယ်၊ လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ဒေါင်းတွေသွားကြည့်ဖို့ သူက ပန်းဟွာကျွင်းကျူးနဲ့အတူ သွားတယ်လို့ ကြားပါတယ်......"
"ဟွာဟွာက ရှစ်မိသားစုက ကောင်မလေးနဲ့ ရန်ဖြစ်ခဲ့သေးတယ် မဟုတ်လား" ဧကရာဇ်က ခပ်ဖျော့ဖျော့ ပြုံးရင်း "ဟင်းဟင်း... အဲ့ဒီကောင်မလေးက ငါ့ကိုဆို အမြဲပျော်ရွှင်စေတာပါပဲ"
သူ ယန်မိသားစုကို မကျေနပ် ဖြစ်နေစဉ်မှာပင်၊ ပန်းမိသားစုနှင့် ယန်မိသားစုတို့ ရန်ဖြစ်ခဲ့ကြသည်။ ယခုတော့ ရှစ်မိသားစုကို သူ စိတ်သဘောမတွေ့ဖြစ်လာချိန်တွင် ပန်းဟွာသည် ရှစ်မိသားစုမှ မိန်းကလေးအား အမြင်စောင်းသလိုဖြစ်လာခဲ့သည်။ ဧကရာဇ်ဖြစ်လာမည့် အိမ်ရှေ့စံ၏ ယောက္ခမဖြစ်သောကြောင့် ရှစ်မိသားစုကို အင်ပါယာနန်းတွင်းမှ အရာရှိအများအပြားက မစော်ကားဝံ့ကြောင်း သူသိသည်။ သို့သော် သူ ဧကရာဇ်ဖြစ်နေသရွေ့ အိမ်ရှေ့စံသည် အိမ်ရှေ့စံသာ ဖြစ်နိုင်သည်ကို သူတို့ မေ့နေကြဟန်ပင်။
သူတို့က ရှစ်မိသားစုကို မျက်နှာလုပ်ဖို့ပဲ စိတ်အားထက်သန်ကြတာလေ....
ပန်းမိသားစုကသာ သူ့ကျေးဇူးကို အမြဲသတိရသည်။ တော်ဝင်မင်းသမီးက သူ့အသက်ကို ကယ်တင်ဖို့ အသေခံသွားသည်ကိုပင် ပန်းမိသားစုက သူ့အကြောင်း ဘယ်တော့မှ မကောင်းမပြောခဲ့။
သူတွေးတောနေချိန်မှာပင် နန်းတော်အဝင်ဝမှာ စောင့်နေသည့် မိန်းမစိုးက
"အရှင်မင်းကြီး၊ ကောကုန်းကျင့်ထင်အိမ်တော်ထဲက အမှုထမ်းတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်၊သူက အရှင်မင်းကြီးကို လက်ဆောင်ပေးချင်ပါတယ်တဲ့"
ဧကရာဇ် ယွင်ချင် အနည်းငယ် အံ့သြသွားသည်။ ပန်းမိသားစုက သူ့ကို တိုက်ရိုက်လာမတွေ့ဘဲ တခြားတစ်ယောက်ကို ပို့ခိုင်းလိုက်တာက ဘာကို ဆိုလိုတာလဲ။ ဒါက နည်းနည်းတော့ ကြောင်စီစီနိုင်တယ်မဟုတ်လား...
" ဝင်ခွင့်ပြုလိုက်ပါ"
သို့သော်လည်း သူသည် ပန်းမိသားစု၏ ခန့်မှန်းမရနိုင်သော အကျင့်စရိုက်နှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။ထို့ကြောင့် သူ အကြာကြီး တုံ့ဆိုင်းမနေဘဲ ဧည့်သည်ကို အမြန်အခေါ်တော်ဆင့်လိုက်သည်။ မကြာမီ ဝင်လာသူမှာ တော်ဝင်မင်းသမီး၏ အထိန်းတော်မြဲ ချန်မာမား ဖြစ်နေသည်ကို တွေ့ရလေ၏။
“ချန်မာမားပါလား... ဒီကို ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ"
“ကျွန်မ အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်"
ချန်မာမား လေးနက်စွာအသေအချာဦးညွတ်လိုက်၏။
"မားမား ထပါဦး"
ဧကရာဇ်က ဝမ်ကုန်းကုန်းအား ချန်မာမား မတ်တပ်ရပ်စေရန် ကူညီခိုင်းလိုက်ရင်း နူးညံ့သိမ်မွေ့သောလေသံဖြင့် ပြောလေသည်။
"မာမားက ညီဝမ်းကွဲရဲ့ အိမ်တော်မှာ နေနေတာလား"
"အခုလို မေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး၊ ကျွန်မ အားလုံးအဆင်ပြေနေပါတယ်၊နယ်စားမင်းနဲ့ နယ်စားမင်းကတော် က ကျွန်မကို မိသားစုလို ဆက်ဆံပါတယ်၊ အခုကျွန်မက ပန်းဟွာကျွင်းကျူး ဆီမှာ တာဝန်ထမ်းဆောင်နေပေမယ့်လည်း သူမက ကျမကို ဘာမှ မလုပ်စေချင်ပါဘူး၊အခုဆို ကျမ အရမ်းပျင်းနေလို့ စိတ်မသက်မသာတောင် ဖြစ်ရပါတယ်"
ချန်မာမားမှာ သွေးသားရင်းချာမရှိချေ။ တော်ဝင်မင်းသမီး ကွယ်လွန်ပြီးဖြစ်၍၊ သူမ အနားယူရန် နန်းတော်ထဲသို့ ဧကရာဇ်ကိုယ်တိုင် ခေါ်ထားလိုသည်။ သို့သော်လည်း သူမ ငြင်းဆိုခဲ့သည်။ တော်ဝင်မင်းသမီးက မြေးများကို အချစ်ပိုကြောင်း၊ ယခု သူမကိုယ်တိုင်လည်း လှုပ်ရှားသွားလာနိုင်ဆဲဖြစ်သောကြောင့် ကျွင်းကျူးနှင့် ရှစ်ကျစ် တို့အပါးမှာ တာဝန်ထမ်းဆောင်ချင်သည်ဟုဆိုသည်။
ပန်းမိသားစုဘက်မှလည်း ချန်မာမားကို ခေါ်ထားချင်နေသောကြောင့် ဧကရာဇ် ဤကိစ္စကို ထပ်မပြောတော့။ပန်းမိသားစုက သူ့အရီးတော် ယုံကြည်ရသည့် အထိန်းတော်မာမားအား နှိပ်စက်မှာမဟုတ်မှန်း သူသိနေ၏။ ချန်မာမား ၏စကားကိုကြားလျှင် သူက ပြုံးပြီး
"သူတို့မိသားစုဟာ ခင်မင်ရင်းနှီးမှုကို တန်ဖိုးထားတဲ့သူတွေဆိုတာ ငါကိုယ်တော် သိပါတယ်၊ ချန်မာမား ဟာ အိမ်တော်မှာ ကောင်းကောင်းနေနိုင်တယ်ဆိုလို့ ငါကိုယ်တော် စိတ်သက်သာရာရသွားမိပါတယ်"
"ဟုတ်ပါတယ် အရှင်မင်းကြီး၊ ကျွန်မက ကျွင်းကျူး ခိုင်းလိုက်လို့ ဒီနေ့ လာခဲ့တာပါ"
ချန်မာမား ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ သူမ ဘာပြောရမှန်းမသိဘဲ ရှက်ရွံ့နေပုံရသည်။
"ပန်းဟွာက ငါကိုယ်တော်ရဲ့ ကလေးလိုပါပဲ၊ ချန်မာမား ပြောစရာရှိရင် ပြောလိုက်ပါ၊ငါကိုယ်တော်ကို ယဉ်ကျေးသိမ်မွေ့နေဖို့ မလိုပါဘူး"
ဧကရာဇ် ယွင်ချင်သည် ချန်မာမား၏ ရှက်ရွံ့သောအမူအရာကိုမြင်ပြီး နှစ်သိမ့်လိုက်၏။
"ချန်မာမားက ပန်းမိသားစုအတွက် စိမ်းသက်နေတော့ အထာမနပ်သေးလို့နေမှာပါ၊သူတို့က အပြောအဆိုဆက်ဆံရာမှာ ပေါ့ပေါ့ပါးပါးရှိပေမယ့် စိတ်ထားကတော့ သိပ်ကောင်းကြတာပါ"
“ကျွန်မ အရှင်မင်းကြီးရဲ့ အမိန့်စကားကို ကြားရတာ စိတ်သက်သာရာ ရသွားမိပါတယ်"
ပြောပြောဆိုဆို သူမ အင်္ကျီအတွင်းအိတ်ထဲမှ စက္ကူအိတ်ကို ထုတ်ယူလိုက်သည်။အထုပ်ကို ဖွင့်လိုက်သောအခါ သကြားရုပ်များကို တွေ့ရသည်။သကြားရုပ်များသည် နဂါး၀တ်ရုံနှင့် ဖီးနစ်ငှက်ဝတ်စုံများကို မ၀တ်ထားသော်လည်း၊ကြည့်ရုံဖြင့် ဧကရာဇ် နှင့် ဧကရီဖြစ်ကြောင်း အလွယ်တကူပြောနိုင်သည်။
"ဒီနေ့ ကျွင်းကျူး အပြင်ထွက်တုန်းက အရမ်းကျွမ်းကျင်တဲ့ သကြားရုပ်လုပ်သူနဲ့တွေ့ခဲ့ပါတယ်၊သူမကလည်း သကြားရုပ်တွေ အများကြီး လုပ်ခိုင်းပါတယ်၊ ဒီအရုပ်လေးတစ်စုံက အရှင်မင်းကြီးဆီ ယူလာပေးဖို့ တောင်းဆိုလို့ ကျွန်မ လာရတာဖြစ်ပါတယ်....သူမက အသက်လေးကလည်းငယ်သေးတော့ သိပ်မသိသေးပါဘူး...အရှင်မင်းကြီး သူမရဲ့ ပေါ့ဆဆ လုပ်ရပ်အတွက် ခွင့်လွှတ်ပါ"
ဧကရာဇ်သည် ဝမ်ကုန်းကုန်း ဆီမှ သကြားရုပ်များကို သေသေချာချာကြည့်ပြီးနောက် ပြုံးပြီး
"ဒီကောင်မလေးက သကြားရုပ်ဘယ်နှစ်ခု လုပ်ထားတာလဲ"
"ခုနှစ်ခု၊ ရှစ်ခုလောက်ရှိပါတယ်...ကျွန်မလည်း ကံကောင်းလို့ တစ်ခုရပါတယ်"
"ပန်းမိသားစုမှာ မိသားစုဝင်က လေးယောက်ရှိတယ်၊ မင်းလည်း ရတယ်၊ ငါကိုယ်တော်လည်း ရတယ်...ဧကရီလည်းရတယ်… စိတ်ဝင်စားဖို့ကောင်းလိုက်တာ...ဝမ်ကုန်းကုန်း ဒါကို ဧကရီနန်းတော်ဆီ သွားပို့ပေးပါ"
"ဟုတ်ကဲ့"
ဝမ်ကုန်းကုန်း ပြုံးပြီး စက္ကူအိတ်ကို ယူ၍ အနုပညာလက်ရာမြောက်သော သေတ္တာတစ်ခုထဲတွင် ထည့်ကာ လက်နှစ်ဘက်ဖြင့် တရိုတသေ သယ်ဆောင်သွားသည်။
ဧကရာဇ်သည် ဤအရုပ်ကလေးများက အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ဟု တွေးထင်မိသည်။ မည်သည့်အရာမဆို အရေးကြီးဆုံးက အတွေးအမြင်ပင်။ ပန်းဟွာက သူနှင့် ဧကရီကို မိသားစုလို ဆက်ဆံမှန်း သိရသည့်အတွက် ဝမ်းသာနေမိသည်။
သူက ဟွာဟွာကို ဘာကြောင့် အရမ်းသဘောကျတယ်ဆိုတာ တခြားလူတွေ နားမလည်ကြဘူး...အဲ့ဒီလူတွေက ဟွာဟွာကို သူ့လို ရိုးရိုးသားသား စိတ်ရင်းမှန်လေးနဲ့ မဆက်ဆံခဲ့တာ ဘာကြောင့်များလဲ။