အပိုင်း၇၂
Viewers 5k

Chapter.72




ဧကရာဇ်ယွင်ချင် ပြုံးပြီး ခေါင်းယမ်းလိုက်သည်။




"ဟွာဟွာ၊ အဲဒီ ကောင်မလေး ပိုပိုပြီး ပျင်းလာတယ်၊ ချန်မာမားကိုတောင် ဒီလိုကိစ္စသေးသေးလေးနဲ့ နှောင့်ယှက်တာပဲ၊အဲဒီမိန်းကလေးကို အပြစ်ပေးသင့်နေပြီမဟုတ်လား ဟားဟား…"




ချန်မာမား သက်ပြင်းချလိုက်သည်။




 "အရှင်မင်းကြီး၊ ကျွင်းကျူးအတွက် ကျွန်မ လုပ်ကိုင်ပေးရတာနဲ့တင် စိတ်ချမ်းသာနေပါပြီ၊ကျွန်မ အရှင်မင်းကြီးရှေ့မှာ စည်းမဲ့ကမ်းမဲ့ ပြောမိသွားပါပြီ၊ကျွန်မ တော်ဝင်မင်းသမီးဆီမှာ ဒီနှစ်တစ်လျှောက်လုံး အမှုထမ်းလာတာပါ၊သူမကတော့ အရှင်မင်းကြီးနဲ့ သူမရဲ့သားသမီးတွေအတွက်သာ စိတ်ပူနေခဲ့တာပါ...အခု အရှင်မင်းကြီးကို မြင်လိုက်ရတော့ ကျွန်မ စိတ်အေးရပါပြီ... ဒါ့အပြင် ကျွင်းကျူးက အခုထ် ဝမ်းနည်းနေဆဲပါ၊သူမကို ထားပြီး နန်းတော်ထဲကိုလာရတာ မကောင်းပါဘူး"




ချန်မာမား ပြောရင်း မတ်တပ်ထရပ်ပြီး "အရှင်မင်းကြီး ကျန်းမာသန်စွမ်းနေတာ တွေ့ရတော့ ကျွန်မ စိတ်သက်သာရာရသွားမိပါတယ်၊အရှင်မင်းကြီး နေ့တိုင်း အလုပ်များနေတယ် မဟုတ်ပါလား၊ ကျွန်မ မနှောင့်ယှက်ဝံ့ပါဘူး၊ သွားခွင့်ပြုပါဦး"




ဧကရာဇ် ယွင်ချင်သည် ချန်မာမားကို အချိန်အကြာကြီး တားထားပြီး စကားပြောဆိုချင်မိသည်။သို့သော် သူမ သည် သူ့အရီးတော်၏ အသုံးအဝင်ဆုံး အစေခံဖြစ်ခဲ့၍ စည်းမျဥ်းစည်းကမ်းများကို လိုက်နာသူမှန်း သိသည်။ယနေ့မှပင် သူမအား အတော်လေး ပြောဆိုမိသွား၏။သူမကို ခေါ်ထားချင်သော်ငြား တားဖို့မဖြစ်နိုင်ပေ။ 




 ကူကယ်ရာမဲ့စွာပင် သူမကို နန်းတော်မှ လိုက်ပို့ရန်  အမျိုးသမီး အမှုထမ်းတစ်ဦးကိုသာ ခိုင်းစေနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ပန်းမိသားစုအား လက်ဆောင်များ ပေးအပ်လိုက်သည်။သူ့အား ပျော်ရွှင်စေသည့် ဘယ်သူမဆို သူကလည်း ပျော်ရွှင်အောင် ပြန်လည်ဖြည့်ဆည်းပေးချင်၏။




ပန်းမိသားစုတွင်....




ပန်းဟမ်သည် သကြားရုပ်ကို ကိုက်ကြည့်လိုက်ရာ ချိုမြိန်လွန်းသောအရသာကြောင့် သူ ‌ထွေးထုတ်ပစ်လုနီးပါးပင်။




 "အစ်မ၊ ဒီသကြားရုပ်က အရမ်းချိုတယ်…ကျွန်တော် မစားနိုင်ဘူး" 




ပန်းဟမ် သကြားရုပ်ကို ပန်းကန်ပြားပေါ် ပစ်ချလိုက်ကာ ပါးစပ်ထောင့်မှ သကြားရည်များကို သုတ်လိုက်ပြီး ရေတစ်ငုံ ငုံထားလိုက်သည်။




 "နင့်ကို ဘယ်သူက စားခိုင်းနေလို့လဲ၊ ငါက ဒီအတိုင်း အလှကြည့်ဖို့ယူလာခဲ့တာ၊သကြားရုပ်က နင်နဲ့အရမ်းဆင်တူ‌တာကို၊ နင် ဘယ်လိုလုပ် စားနိုင်ရတာလဲ" ပန်းဟွာက ပန်းဟမ်ကို အထင်အမြင်သေးစွာကြည့်ကာ ပြောလိုက်သည်။




 "အစားနဲ့ပတ်သတ်ရင် ဘာမဆိုစားမှာပဲလေ"




ပန်းဟမ်က လက်ဖက်ရည်ခွက်တစ်ဝက်ခန့်ကို သောက်ပြီး သူမအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ရင်း "အစ်မ ဘာလို့ ဒီပစ္စည်းကို ဝယ်လာခဲ့တာလဲ"




 "လမ်းမှာတွေ့လို့ ငါကိုယ်တိုင်လုပ်ထားတာ၊ နင် မလိုချင်ဘူးဆိုတာ ငါသိရင် ကြေးဒင်္ဂါးပြား 20 တောင် ဖြုန်းတီးပစ်မိမှာမဟုတ်ဘူး"




 သာမန်လူများအတွက် သကြားသည် ရှားပါးပစ္စည်းဖြစ်သောကြောင့် သကြားရုပ်ထဲသို့ ဂျုံမှုန့်ထည့်ထားသော်လည်း ဈေးနှုန်းမှာ အနည်းငယ်မြင့်နေသည်။သူမက သဘောကောင်းပြီး ငွေအပိုပေးမည်ဟု ပြောတာကြောင့် သကြားရုပ်လုပ်သူက ကျေးဇူးတင်ကြောင်းပြသရန်အရုပ်ထဲသို့ သကြားထပ်ထည့်ပေးခြင်းဖြစ်သည်။




"မလိုချင်ဘူးလို့ ဘယ်သူပြောလဲ ကျွန်တော် လိုချင်ပါတယ်" 




ပန်းဟမ် ယခုလတွင် မုန့်ဖိုးအများကြီး မရမှန်း သတိရသွားတာကြောင့် ပန်းကန်ပြားပေါ်မှ သကြားရုပ်ကို အမြန်ကောက်ပြီး နှစ်ကြိမ်ခန့်လျက်လိုက်၏။  




"စိတ်မပူပါနဲ့ ကျွန်တော် အကုန်စားလိုက်ပါ့မယ်"




 "နင် စားဦးမလို့လား"


 


ပန်းဟွာ ဒေါသထွက်ကာ သကြားရုပ်ကို သူ့လက်ထဲမှ ဆွဲယူပြီး မျက်နှာကိုလည်း လက်ကိုင်ပုဝါနှင့်ပွတ်သုတ်ပေးလိုက်သည်။ 




"အရမ်းချိုတယ်လေ၊ဘာလို့စားနေမှာလဲ...နင့်သွားတွေကို မလိုချင်တော့ဘူးလား"




 "ဒါနဲ့ အစ်မ အပြင်သွားမလို့လား"




  "နင်က ဘာလုပ်ဖို့လဲ"




 "ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး....လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာပဲ အစ်မ မြို့စားမင်းရုံ နဲ့ စေ့စပ်တာကို သူများတွေက အရမ်းအံ့ဩနေကြတာ၊ ကျိုးချမ်ရှောင်ကို မှတ်မိသေးလား၊သူဆို  ဒီအကြောင်းမေးဖို့ မနက်အစောကြီးကတည်းက ကျွန်တော်တို့ အိမ်ကိုရောက်လာသေးတယ်" 




"ဒါဆို နင်တို့တွေ တကယ် အလုပ်မရှိတာပဲ...မကြာခင် ဒုတိယမင်းသားရဲ့ မင်္ဂလာဆောင် ရောက်တော့မယ်။ သူတို့ဘာလို့ မပျော်နေကြတာလဲ၊ဘာလို့ ငါ့ကိုပဲ ဂရုစိုက်နေကြတာလဲ"




"ဘာလို့လဲဆိုတော့ အစ်မက ဒုတိယမင်းသားရဲ့ ဇနီးထက် ပိုလှလို့လေ၊ မြို့တော်က မိန်းကလေးတွေအားလုံးက မြို့စားမင်းရုံကို လက်ထပ်ချင်ကြတာ၊ ဒါပေမယ့် နောက်ဆုံးတော့... ဟဲ ဟဲ ဟဲ"




 အပြင်မှာ ပြန့်နေတဲ့ ကောလဟာလတွေဆို ဘယ်လောက်ဆိုးလိုက်သလဲ။


သူ့အစ်မက သူမနဲ့ စေ့စပ်ထားတဲ့သူမှန်သမျှကို ကံဆိုးဝင်စေသတဲ့...သူ့အစ်မက လှတယ်ဆိုပေမယ့် စဉ်းစားဉာဏ်မရှိလို့ အိမ်ထောင်မပြုနိုင်တာတဲ့...သူ့အစ်မကို လှောင်ပြောင်လိုက်တာက ဒီလူတွေကို ပိုပြီးလူရာဝင်သွားစေသလိုပင်။ဒါပေမယ့် နောက်ဆုံးတော့…သူတို့ သဘောကျတဲ့ မြို့စားမင်းရုံက အိမ်ပေါက်ဝကိုလာပြီး ဧကရာဇ်ကိုတောင် အောင်သွယ်လုပ်ခိုင်းတာ မဟုတ်လား ။  ဒီလူတွေအားလုံး သူမကို မနာလိုဖြစ်နေကြတာ မဟုတ်ဘူးလား… ဒီလူတွေ ဒေါသထွက်ပြီး စိတ်ဆိုးနေကြတာကြောင့် သူလည်း ဝမ်းသာပျော်ရွှင်မိတယ်လေ...သူတို့တွေ မကျေမနပ်ဖြစ်လေလေ သူလည်းပဲ ဝမ်းသာလေလေပဲ...




"ဘာလို့ နင့်ကိုယ်နင် အဲ့ဒီပျင်းစရာကောင်းတဲ့ လူတွေရဲ့ အဆင့်နဲ့ သွားယှဉ်‌နေတာလဲ၊နင် မငြီးငွေ့ဘူးလား"




  "သူတို့က လူတွေကို အတင်းအဖျင်းပြောရင်း ကျေနပ်နေကြတာ၊ဒါကြောင့် ကျွန်တော်လည်း သူတို့ကိုကြည့်ပြီး လှောင်ပြောင်ရတာ ကြိုက်သွားတယ်လေ"




ပန်းဟွာ မရယ်ဘဲမနေနိုင်တော့။ ပန်းဟမ်သည် အမြဲလိုလို ဗိုလ်ကျတတ်ပြီးအလိုက်ကန်းဆိုးမသိသူ ဖြစ်သော်ငြား၊သူမ စိတ်မကောင်းဖြစ်မှာကို စိုးရိမ်နေတတ်သည်။အပြင်က ပြောနေကြသော ထိုမနှစ်သက်ဖွယ်စကားများကို သူမ နားထဲသို့ မရောက်စေချင်သူပင်။သူမ ကျေးဇူးတင်စိတ်ဖြင့် မောင်ဖြစ်သူ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။




"နင် အရမ်းငယ်သေးတယ်၊ဘာလို့ ဒီအရာတွေကို စိတ်ပူနေတာလဲ"


  


"အစ်မကို ကျွန်တော် ဘယ်နှစ်ခါပြောရမလဲ၊ ယောက်ျားတစ်ယောက်ရဲ့ ခေါင်းကို ပေါ့ပေါ့ဆဆ မကိုင်ရဘူးဆို"




ပန်းဟွာက ပို၍ပင် သူ့ခေါင်းကို အကြိမ်ကြိမ် ထပ်ပွတ်သပ်လိုက်သည်။  




" ဘာယောက်ျားလဲ... နင် အရွယ်ရောက်ကြောင်း ကြေငြာရတဲ့ အခမ်းအနားတောင် မလုပ်ရသေးဘူး  နင် ဘယ်လိုလုပ် ယောက်ျားဖြစ်မလဲ"




ပန်းဟမ် - ငါတို့မိသားစုဝင်လေးယောက်ထဲမှာ ငါကတော့ တကယ်အပါယ်ခံပါပဲ…




သူ သတိပြန်ဝင်လာလျှင် ပန်းဟွာ အခန်းထဲမှာ မရှိတော့၍ သူ့ဘေးနားက အစေခံမိန်းကလေးကို ခေါ်လိုက်သည်။




" နေဦး အစ်မက မြို့စားမင်းရုံကို ရှာဖို့သွားတာလား" 




 အစေခံမိန်းကလေးက ပြုံးပြီး “ရှစ်ကျစ်ကလည်း ကျွန်မက ဘယ်လိုသိနိုင်မှာလဲ” 




သူ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။  




"ဟုတ်တယ် အစ်မ အိမ်ထောင်မပြုရင် ပိုကောင်းတယ်"




 "ရှစ်ကျစ်က ဘာလို့ဒီလိုထင်နေတာပါလဲ"  အစေခံမိန်းကလေးက စားပွဲကို သန့်ရှင်းရေးလုပ်ပြီး တိုးတိုးလေးပြောသည်။ "ကျွင်းကျူးသာ သင့်တော်တဲ့ခင်ပွန်းကို ရှာတွေ့နိုင်ရင် သူမကို ဂရုစိုက်မယ့်သူ နောက်ထပ်တစ်ယောက် ထပ်ရှိလာတော့မှာ မဟုတ်လား၊ဒါက သိပ်ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား"




 “ဒါ မှန်ပေမယ့်…”




 ဒါပေမယ့် သူ သိပ်မပျော်ဘူး... ငယ်ငယ်ကတည်းက သူ့အစ်မနှင့် အတူနေခဲ့သည်။ငယ်ငယ်တုန်းကတည်းက တစ်စုံတစ်ယောက်မှ သူ့ကို အနိုင်ကျင့်လျှင် သူ့အစ်မက သူ့ကို ကူပေးတတ်သည်။သူမ ဘေးမှာရှိနေသရွေ့ သူ့ကို ဘယ်သူမှအနိုင်ကျင့်မှာ မဟုတ်ပေ။သူကိုယ်တိုင်က သူ့အစ်မနှင့် အမြဲရန်ဖြစ်တတ်သော်ငြား၊ သူ့အစ်မကို ဘယ်လောက်ချစ်သည်ဆိုတာကို သူ သိသည်။ 




ထို့ကြောင့်လည်း သူမအား သူ ကောင်းကောင်းမသိသည့် ယောက်ျားနှင့် လက်ထပ်ခွင့်မပေးချင်ပေ။သူမ အနိုင်ကျင့်ခံရပြီး ကောင်းမွန်သောဘဝမျိုး မပိုင်ဆိုင်ရမှာကိုသာ သူ စိုးရိမ်နေမိ၏။




 တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်ကြသည့် မောင်နှမများမို့ တစ်ယောက်က တစ်ယောက်အနားမှာ မရှိလျှင် တစ်ယောက်ကိုတစ်ယောက် လွမ်းဆွတ်ပူဆွေးနေမှာ မလွဲမသွေပင်။နောင်တစ်ချိန်တွင် သူ့အစ်မ အိမ်ထောင်ကျသည့်အခါ သခင်မရုံဟု ခေါ်ရမည်က်ိုတွေးတိုင်း သူ စိတ်မချမ်းသာတော့ပေ။




မြို့စားမင်းရုံ၏ နေအိမ်တွင် တုကျိုး သည် မနှစ်မြို့ဖွယ်ကောင်းသောမျက်နှာထားမျိုးဖြင့် စာကြည့်ခန်းထဲသို့ ဝင်သွားခဲ့သည်။သူ ခေါင်းငုံ့ကာ စာဖတ်နေသော ရုံရှားအား "မြို့စားမင်း၊ အပြင်မှာ အဆင်မပြေတဲ့ စကားတွေပျံ့နေပါတယ်"




 "ဘာစကားလဲ"  




ရုံရှားသည် စာအုပ်ကိုပိတ်လိုက်ပြီး တုကျိုးကို မော့ကြည့်လိုက်သည်။




 "မြို့စားမင်းက မိန်းမသားတစ်ယောက်ကို မှီခိုနေတယ်လို့ အပြင်က ပြောဆိုနေကြပါတယ်"  




တုကျိုး၏ စကားက အများကြီး တော်နေသေးသည်။ တစ်ကယ်တမ်းမှာ ရုံရှားသည် မိန်းမတစ်ယောက်လို အသက်မွေးဝမ်းကြောင်းပြုကာ လုပ်စားနေသည်ဟု တခြားသူများက ပြောနေကြခြင်းပင်။ 




 "ရှစ်မိသားစုက ဒီလိုနည်းမျိုးကို သုံးမယ်ဆိုတာ ငါသိတယ်၊သူတို့ ပြောချင်တာကို ပြောပါစေ၊အပြင်မှာလည်း မိန်းမတစ်ယောက်အနားမှာ မှီခိုနေတဲ့ ယောက်ျားတွေ အများကြီး ရှိတယ်လေ"




တုကျိုး : "မြို့စားမင်း ..."




 "ဒါ့အပြင် အပြင်ကလူတွေ ပြောတာ မှန်တယ်ထင်တယ်၊ ငါက အမှန်လည်း မိန်းမတစ်ယောက်ကို မှီခိုအသက်မွေးနေတာပဲ"




တုကျိုး: "…"




 "ရွှေတုံးထောင်ချီတန်တဲ့ စာအုပ်တွေ၊ ပိုက်ဆံအများကြီးရှိရင်တောင် မရနိုင်တဲ့ ကျော်ကြားတဲ့ ပန်းချီကားတွေ၊ ဒီအရာတွေက လူတွေကို ရူးသွပ်သွားအောင် လုပ်ပေးနိုင်တယ်ဆိုပေမယ့် ပန်းမိသားစုက ငါ့ကို အလကားပေးခဲ့တာ" 




ရုံရှားသည် "ကျုံးချမ်လွင်" စာအုပ်၏ စာမျက်နှာများကို ငုံ့ကြည့်လိုက်သည်။ 




 "ပြောကြည့်စမ်း၊ ငါက မိန်းမတစ်ယောက်ကြောင့် အသက်ရှင်နေတာမဟုတ်ရင် ဘာဖြစ်နေတာများလဲ"




တုကျိုး : "အခု မြို့စားမင်း ပြောနေပုံက တကယ်ပဲ ကောလဟလတွေကို လက်ခံလိုက်သလို ဖြစ်နေပါတယ်"




 "တုကျိုး၊ အပြင်ကလူတွေပြောနေတာကို ဂရုမစိုက်နဲ့၊ အဲ့ဒီနောက်ကွယ်ကလူတွေက ငါတို့ကို ဒေါသတကြီးခုန်အုပ်ဖို့စောင့်နေတာ"  




သူက စာကိုအာရုံစိုက်ရင်း ရယ်မောလိုက်သည်။  




"ထားပါတော့၊ငါက ဒုတိယ ရှဲ့ချီလင်း မဟုတ်ဘူး၊ဒီလိုမျိုး လာတိုက်ခိုက်လို့လည်း ငါအဆင့်အတန်းအကျသွားမှာ မဟုတ်ဘူး"




တုကျိုး ခဏတုံ့ဆိုင်းသွားသည်။  "ရှစ်မိသားစုက ဒီနောက်ကွယ်မှာရှိနေတယ်လို့ မြို့စားမင်း ဆိုလိုတာလား"




 "သူတို့ကလွဲရင် ငါ့နောက်ကွယ်က စွမ်းအားတွေ ကြီးထွားလာမှာကို ဘယ်သူက အရမ်းစိုးရိမ်နေမှာလဲ၊ဒါတွေ ထားလိုက်စမ်း...ငါတို့စိတ်ထဲမထားရင် ငါတို့ကို ဘယ်အရာကမှမထိခိုက်စေဘူး"




"ဒါပေမယ့် တခြားပညာရှင်တွေက မြို့စားမင်းနဲ့ ပတ်သက်ပြီး တစ်မျိုးထင်ကြမှာကို ကျွန်တော်စိုးရိမ်တယ်၊တချို့လူတွေက လူစုလူဝေးနောက်ကိုပဲ နားယောင်သွားကြတတ်တယ်၊ အဲဒါက မြို့စားမင်းအပေါ် ဆိုးဆိုးရွားရွား လွှမ်းမိုးမှုတွေ ရှိလာလိမ့်မယ်"




ရုံရှား ခေါင်းယမ်းလိုက်သည်။




 "ဒီပညာရှိတွေကို မင်းက ရိုးရိုးပဲ ထင်နေတာလား၊ငါ အာဏာမဆုံးရှုံးသေးသ၍ ဧကရာဇ်က ငါ့ကိုယုံကြည်နေသရွေ့ သူတို့လည်း သူများနားယောင်တာနောက်ကို အလွယ်တကူလိုက်နိုင်မှာ မဟုတ်ဘူး၊ဒီကမ္ဘာမှာ ဒီလောက်လည်း တုံးအ,တဲ့သူတွေ အများကြီးမရှိပါဘူး၊ ရှစ်မိသားစုက သူတို့ကိုယ်သူတို့ သိပ်အထင်ကြီးလွန်းတာပါ"




ဤနည်းလမ်းက ရှဲ့ချီလင်း အတွက် အလုပ်ဖြစ်တာကြောင့် သူ့အတွက်လည်း အဆင်ပြေမည်ဟု သူတို့ထင်နေကြတာပင်။ရယ်စရာကောင်းလိုက်တာ။




 ကမ္ဘာပေါ်မှာ လူမျိုးစုံရှိတယ်၊ဘယ်သူက ဒီလိုတစ်ပုံစံတည်း တုံ့ပြန်မှာလဲ။




တုကျိုး နားမလည်သော်လည်း မြို့စားမင်း စကားကိုကြားသည်နှင့် ခေါင်းတညိတ်ညိတ် လုပ်မိသည်။




  "ဒါဆို ရှစ်မိသားစုက ကောလာဟလတွေကို တမင်ဖန်တီးနေတယ်ဆိုတာကို ကျွန်တော် လူတွေသိအောင် စီစဉ်ပေးမယ်"




လူထုအမြင်ဖြင့် ပြိုင်ပွဲကို ကစားခြင်းသာဖြစ်သည်။ အရင်က ဘယ်သူမှ မသုံးဖူးတဲ့ နည်းလမ်းမျိုး မဟုတ်ဘူးလေ။




 "မြို့စားမင်းရုံ"  




ထိုစဉ် အိမ်တော်ထိန်းက သစ်သားသေတ္တာတစ်လုံးနှင့် ဝင်လာသည်။တုကျိုးလည်းရှိနေသည်ကိုမြင်လျှင် သူက ခေါင်းညိတ်၍ အရိုအသေပေးလိုက်၏။ 




 "အခုလေးတင် ရှစ်ကျစ်ပန်းဟမ်က  တစ်ခုခု ပို့လိုက်ပါတယ်၊မြို့စားမင်း ကြည့်ချင်ပါသလား"




ရှစ်ကျစ်ပန်းဟမ်အမည်ဖြင့် ပစ္စည်းများ ပေးပို့သော ကိုယ်ရံတော်များသည် အမှန်တကယ်တော့ ပန်းဟွာကျွင်းကျူး၏လူများဖြစ်ကြောင်း အိမ်တော်ထိန်းက သိထားပြီးဖြစ်သည်။ မြို့စားမင်းသည် ပန်းမိသားစုထံမှ တစ်စုံတစ်ခုကို လက်ခံရရှိသည့်အခါတိုင်း၊ အမြဲဝမ်းသာပျော်ရွှင် နေတတ်၏။ထို့ကြောင့် ပန်းမိသားစုမှ ပေးပို့သောပစ္စည်းကို သူ ချက်ချင်းကြည့်ပြီးဖြစ်၏။ 




 "ပို့တဲ့သူက ဘယ်မှာလဲ" ရုံရှားက သေတ္တာကိုယူရင်း မေးလိုက်သည်။




 "ပို့တဲ့သူက တခြားလုပ်စရာရှိတယ်လို့ ပြောပြီး သေတ္တာကို ထားသွားပြီး ပြန်ထွက်သွားပါတယ်"  




အိမ်တော်ထိန်းသည် သေတ္တာထဲမှာ ဘာပါမှန်း မမြင်ရသည့်အတွက် ပန်းမိသားစုက ဘာတွေဘာလုပ်နေမှန်း မသိသေးချေ။




 "ငါနားလည်ပြီ"  




သူ အိမ်တော်ထိန်းကို ခေါင်းညိတ်ပြရာ အိမ်တော်ထိန်းလည်း တိတ်တိတ်လေး ပြန်ဆုတ်သွားသည်။




တုကျိုး သေတ္တာကို စိုက် ကြည့်လိုက်သည်။ ဒီတစ်ခါ ပန်းမိသားစုက ဘယ်လို အဖိုးတန်စာအုပ်မျိုး ပို့လိုက်တာလဲ။ 


ရုံရှား သေတ္တာကိုဖွင့်လိုက်ရာ အထဲမှာ တွေ့ရသည့်အရာကြောင့် မရယ်ဘဲမနေနိုင် ဖြစ်သွားသည်။




တုကျိုးလည်း သေချာကြည့်လိုက်သည်။မြို့စားမင်းရုံ အရမ်းပျော်အောင် ပန်းဟွာကျွင်းကျူးက ဘာပို့ခဲ့တာလဲ။ သူ သတ္တိကို စုစည်းပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကြည့်ရာ ပစ္စည်းက  တန်ဖိုးမရှိသောသကြားရုပ်ဖြစ်နေသည်ကို မြင်ရ၍ သူ ခဏတာ အံ့အားသင့်သွားသည်။




 ဒီသကြားရုပ်က ဘာကိုဆိုလိုတာလဲ။




မိန်းကလေးများနှင့် တစ်ခါမျှ ဆက်ဆံရေးမရှိခဲ့သော တုကျိုးသည် ယောက်ျားနှင့် မိန်းမကြားမှာ ဖြစ်ပေါ်လာတတ်သော စိတ်ခံစားချက်များကို သူ နားမလည်ခဲ့ပေ။ ယနေ့ခေတ် မိန်းကလေးများသည် အနည်းငယ် စျေးပေါသည်ဟုသာ သူခံစားခဲ့ရသည်။




ရုံရှားသည် သကြားရုပ်ကို ကောက်ကိုင်လိုက်ပြီး လျှာဖြင့်လျက်ကြည့်လိုက်သည်။




တုကျိုး ထိတ်လန့်တကြားဖြင့် "မြို့စားမင်း မလုပ်ပါနဲ့" 




ရုံရှားက တုကျိုးကို စကားမပြောဖို့လက်ကာ၍ တားလိုက်သည်။




 အင်း၊ ဒီသကြားရုပ်က အရမ်းချိုတာပဲ...