Chapter.73
ရူရီသည် လက်ဝတ်ရတနာသေတ္တာကို ပြန်လည် ထုပ်ပိုးလိုက်ရင်း ပန်းဟွာ၏ မျက်နှာအမူအရာမှာ ညှိုးလျော်နွမ်းလျ၍ အလွန်စိတ်မကောင်းဖြစ်နေပုံ
ပေါက်နေသည်ကို တွေ့လိုက်ရသည်။သူမက ပန်းဟွာထံသို့ ကြာစေ့နှင့် ကြာစေ့ယာဂုကို ယူလာပေးရင်း
"ကျွင်းကျူး ဘာဖြစ်နေတာလဲ"
ရူရီသည် ကျွင်းကျူး တစ်ခုခုဖြစ်နေမှန်းသိသော်လည်း ဘာမှန်းမသိပေ။ ကျွင်းကျူး၏ လက်ရှိအခြေအနေက အလွန်စိတ်မချမ်းမသာ ဖြစ်နေသည်ဟု သူမ ခံစားမိသည်။ ကျွင်းကျူးသည် တစ်ယောက်တည်းအတွေးနယ်ချဲ့နေတတ်သူ မဟုတ်ပေ။ ယခုမှသာ အကြာကြီး နှုတ်ဆိတ်နေခဲ့သောကြောင့် ရှားတောင့်ရှားခဲဖြစ်နေလေသည်။
"ဘာမှမဟုတ်ဘူး"
ပန်းဟွာသည် စားပွဲပေါ်တွင် လက်တင်ကာ ဘေးတစောင်းလေး မှောက်အိပ်နေသည်။စားပွဲပေါ်ရှိ ကြာစေ့ယာဂုကို စားရန်ပင် စိတ်မ၀င်စားပေ။သူမသည် ရုံရှားပုံကို အရုပ်ဆိုးဆိုးလေးဖြစ်အောင် သကြားရုပ်လုပ်ကာ သူ့ကိုစနောက်မည်ဟု အစက ကြံရွယ်ထားတာပင်။သို့သော် အထုပ် မှားသွားပြီး သူမ၏ပုံတူသကြားရုပ်အား ရုံရှားဆီ မှားထည့်ပေးလိုက်မိ၏။ထိုအကြောင်းကို တွေးတိုင်း အရှက်မဲ့သည့် သူမကိုယ်သူမ အတော်မုန်းမိသည်။
"တကယ်ဘာမှမဟုတ်ဘူးလား"
ကျွင်းကျူးက သူမရှေ့မှာ ချထားတဲ့ အစားအစာကိုတောင် စိတ်မဝင်စားဘူးလေ၊ဒါက ဘာမှမဖြစ်နိုင်တာ ဘယ်ဟုတ်မလဲ။
"ကောင်းပြီ၊ မနက်ဖြန် ဒုတိယမင်းသားနဲ့ ရှဲ့ဝမ်ယွီ မင်္ဂလာဆောင်မှာ မဟုတ်ဘူးလား"
ရှဲ့ဝမ်ယွီနှင့် ဒုတိယမင်းသား၏ မင်္ဂလာဆောင်ရက်က မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ပန်းဟွာ ရုတ်တရက် သတိရသွားသည်။
ရူရီက
"မနက်ဖြန်လေ၊ကျွန်မတို့မိသားစုက လောလောဆယ် ဝမ်းနည်းကြေကွဲဆဲ အချိန်ဖြစ်နေတော့ ဒုတိယမင်းသားရဲ့မင်္ဂလာပွဲကို မတက်ဖြစ်ဘူးတဲ့"
"တက်စရာအကြောင်းလည်း မရှိပါဘူး" ပန်းဟွာက လက်တစ်ဖက်ဖြင့် မေးစေ့ကိုထောက်ထားရင်း "နင်တို့က ငါ့ကို လက်ဆောင်ပေး၊ ငါကလည်း နင်တို့ကို လက်ဆောင်ပြန်ပေးမယ်၊အဲ့ဒီလိုအပေးအယူကြီးပဲဟာ၊ငါကတော့ အခမ်းအနားတက်ဖို့ အစီအစဉ်မရှိဘူး"
ကြာစေ့ ဂျုံယာဂု အနည်းငယ် စားပြီးနောက် သူမက ဆက်၍ပြောသည်။ "ခဏအိပ်လိုက်ဦးမယ်၊ ညစာစားချိန်ရောက်ရင် ခေါ်လိုက်ပါ"
ရူရီသည် ပန်းဟွာကို ကုတင်ပေါ်တွင် လှဲလျောင်းစေသည်။ပန်းဟွာ လဲလျောင်းပြီး မကြာခင်မှာ အိပ်ပျော်သွားသည်ကို မြင်လိုက်ရလျှင် သူမ ကုလားကာကို ချကာ အပြင်ဘက် အခန်းဆီသို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။ ကျွင်းကျူး နိုးလာပါက အမြဲအဆင်သင့်ဖြစ်စေရန် အတွင်းခန်းတံခါးဝမှာ အစေခံမိန်းကလေးနှစ်ယောက်ကို စောင့်ခိုင်းထားလိုက်သည်။အစေခံနှစ်ယောက်ကလည်း သဘောတူသည်။ သူတို့သခင်မရှေ့မှာ အမှုထမ်းခွင့်ရသည်ကလည်း မျက်နှာရစရာကိစ္စပင်မဟုတ်ပါလား။
ရူရီသည် ကြာစေံယာဂုပန်းကန်းနှင့် အပြင်ထွက်လာသော် နန်းတော်မှ ပြန်လာသော ချန်မာမားကို တွေ့ရ၍ လျင်မြန်စွာ နှုတ်ဆက်လိုက်၏။
"ကျွင်းကျူး ဘယ်မှာလဲ"
အခန်းက တိတ်ဆိတ်နေပြီး ရူရီ လက်ထဲမှာ တစ်ခုခု ကိုင်ထားသည်ကို ချန်မာမား မြင်၍ ကျွင်းကျူး အိပ်ပျော်သွားလောက်မှန်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူမက အသံလျှော့ပြီး "ဧကရာဇ်က ကျွင်းကျူးအတွက် ပစ္စည်းတချို့ ပေးလိုက်တယ်၊သူမ အိပ်ပျော်နေပြီဆိုတော့ ပစ္စည်းတွေကို အရင်နေရာချထားလိုက်မယ်"
ပထမတော့ ရူရီသည် တော်ဝင်မင်းသမီး၏ အထိန်းတော် ချန်မာမားက ကျွင်းကျူး၏ စည်းမျဉ်းစည်းကမ်းများအား တင်းကြပ်ပစ်မည်ကို စိုးရိမ်ခဲ့သည်။ထို့ကြောင့် ချန်မာမား ပထမဆုံးရောက်လာသောအခါ သူမလည်း ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်။သူမ အမှားတစ်ခုခုလုပ်မိပြီး ကျွင်းကျူးအား ဒုက္ခပေးမိမည်ကို ကြောက်နေခဲ့သည်။
ကံကောင်းထောက်မစွာ၊ ချန်မာမားသည် အလွန်ဖော်ရွေသူဖြစ်သည်။ သူမသည် ယခင်က တော်ဝင်မင်းသမီးအပါးမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတာနှင့်ပတ်သတ်ဥ ဘယ်တော့မှ အခွင့်ကောင်းမယူခဲ့ပေ။ အစေခံများကို အများကြီးသင်ပေးရုံသာမက ကျွင်းကျူးကိုလည်း ကောင်းကောင်းဆက်ဆံသည်။သူမပုံစံက မြေးများကိုအလိုလိုက်ကာ ချစ်ခင်ယုယနေသော အဖွားတစ်ယောက်နှင့်တူသည်။
"ကျွင်းကျူး စားချင်စိတ် မရှိဘူးလား၊ဘာလို့နည်းနည်းပဲ လျော့နေရတာလဲ"
ပန်းဟွာသည် နေ့ခင်းဘက်တွင် အဆာပြေစားလေ့ရှိကြောင်း ချန်မာမား သိသည်။ ထို့ကြောင့် အစားသိပ်မစားသော ကျွင်းကျူး နေမကောင်းဖြစ်မှာကို သူမ စိုးရိမ်သွားရ၏။
ရူရီက ခေါင်းယမ်းလိုက်သည်။
"ကျွင်းကျူး အိပ်နေတာပါ...နေမကောင်းတာလည်းမဟုတ်ပါဘူး၊ ဒီနေ့မှ နည်းနည်းပိုပြီးအိပ်ချင်နေပုံရပါတယ်"
ကျွင်းကျူး၏ မျက်နှာအမူအရာက အနည်းငယ်မူမမှန်ဖြစ်နေသည်ကို သူမ ချန်မာမားအား မပြောဖြစ်ပေ။ သူမသည် ကျွင်းကျူး၏ ကိုယ်ရေးကိုယ်တာ အစေခံဖြစ်သည်။ ချန်မာမားကိုပင် ကျွင်းကျူး၏ အရာအားလုံးအား ပြောပြခွင့်မရှိပေ။
ပန်းဟွာသည် ခြံဝင်းထဲမှ စကားပြောဆိုသံများကို ကြားနေရသည်။သို့သော် သူမ အတော်အိပ်ချင်နေရ၏။တစ်စုံတစ်ခုက သူမကို ဆွဲငင်ပြီး အတင်းအိပ်ခိုင်းထားသလိုပင်။
သူမသည် ကြောင်စီစီဖြင့် ထူထပ်သော မြူခိုးအလွှာများကို ဖြတ်ကျော်ကာ နန်းတော်၏ အမြင့်ဆုံးခေါင်မိုးပေါ်သို့ ဆင်းသက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမရှေ့က ရင်ပြင်မှာ ရာနှင့်ချီသည့် အရာရှိများ ဦးညွှတ်နေကြ၏။ အနက်ရောင်ဝတ်ရုံ၏ အနားစွန်းမှာ ရွှေရောင်ပိတ်စများ ကွပ်ထားသည့် ဝတ်ရုံအား ဝတ်ထားသည့် အမျိုးသားတစ်ဦးသည်
နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။ ဧကရာဇ်များသာ ဆောင်းရသော သရဖူ၏ ရှေ့တွင် ချိတ်ဆွဲထားသော ပုလဲတန်းများသည် ထိုလူ၏မျက်နှာကို ဖုံးထားသည်။ သူမ သူ့ကို အနီးကပ်ကြည့်ချင်သော်လည်း လှုပ်မရဖြစ်နေ၏။ သူမသည် ခေါင်မိုးပေါ်မှာ ထိုင်နေပြီး နဂါးပလ္လင်ပေါ်ရှိလူမှာ အခြားတစ်ဖက်တွင် ရှိနေသည်။
"ထပါ…"
ပန်းဟွာ ဤအသံနှင့် အလွန်ရင်းနှီးသည်။နှစ်ပေါင်းများစွာ သူမ ကြားခဲ့ရဖူးသည့် အသံတစ်ခုပင်။
မဟာရွှေလမင်းနန်းတော်၏ မိန်းမစိုး ဝမ်ကုန်းကုန်း...
သူမ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းခါလိုက်သည်။ ဧကရာဇ်အသစ်သည် ယခင်ဧကရာဇ် ထားခဲ့သော ယုံကြည်ရသည့် မိန်းမစိုးအား ပြောဆိုစေခိုင်းရခြင်းအား ရှက်ရွံ့ခြင်းမရှိပေ။ဤဧကရာဇ်က တကယ်ကို ထူးဆန်းလှပေသည်။
ရုတ်တရက် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော အမျိုးသားက ခေါင်းကို မော့လိုက်သည်။ ရုတ်တရက် ရေဝဲတစ်ခုလို ဆွဲငင်အားပြင်းထန်သော သူ့မျက်လုံးများကို တွေ့ရ၏။
ချက်ချင်းပင် သူမ ပတ်ဝန်းကျင်ရှိ မြမြင်ကွင်းမှာ ပြောင်းသွားပြန်သည်။ သူမသည် အုံ့မှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ထောင်ထဲတွင် ရပ်နေသည်။ အုတ်ဂူနံရံများမှာ အစွန်းအထင်းများနှင့် ပြည့်နှက်နေသည်။ ဤအရာများသည် ရိုးရိုးသာမာန် အစွန်းအထင်းများလား သို့မဟုတ်… လူ့သွေးများလား ဆိုသည်ကို သူမ မပြောနိုင်ပေ။
မကြာခင် နာကျင်စွာ အော်လိုက်သော အော်သံတစ်ခု သူမ နောက်ကနေ ထွက်လာသည်။သူမ ထိတ်လန့်တကြား လှည့်ကြည့်လိုက်ရာ အနက်ရောင် ၀တ်စုံဝတ်ထားသည့် အမျိုးသားကို တွေ့လိုက်ရသည်။အနက်ရောင်ဝတ်ထားသူသည် တစ်ဖက်ထောင်တံခါးရှေ့မှာ ရပ်နေပြီး သူမကို ကျောပေးထား၏။ ထောင်ထဲကလူကိုလည်း သူမ သိသည်။ထိုသူမှာ ဤနှစ်များတစ်လျှောက်လုံး ဦးနှောက်မဲ့ခဲ့သော ဒုတိယမင်းသားဖြစ်သည်။
ဒုတိယမင်းသားသည် ပါးစပ်ကိုဟ,ပြီး ကျိန်ဆဲနေသော်လည်း တစ်ခွန်းမှ မကြားရပေ။သူမ ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။အနက်ရောင် ၀တ်စုံဝတ်ထားသော အမျိုးသားနှင့် နီးကပ်လာသောအခါတွင် သူမ မလှုပ်ရှားနိုင်တော့ပေ။ တစ်စုံတစ်ခုက သူမကို အနားမကပ်စေဘဲ ခြေထောက်ကို ဆွဲငင်ထားသလိုပင်။
ဒုတိယမင်းသားကို လှောင်အိမ်ထဲမှာ ပိတ်လှောင်ထားသည်။ ဒုတိယမင်းသားသည် ခွေးလေခွေးလွင့် တစ်ကောင်ကဲ့သို့ စုတ်ပြတ်သပ်စွာ ထောင်ထဲမှာ ငုတ်တုတ်ထိုင်နေသည်။
"အကြမ်းဖက်မင်းသား၊ဒီမှာ တစ်သက်လုံး ပျော်ပျော်ကြီး နေသွားရပါမယ်"
ဝမ်ကုန်းကုန်းသည် အချုပ်ခန်းအတွင်းရှိ ဒုတိယမင်းသားကို ပြုံးပြုံးကြီးကြည့်နေသည်။
"ဒီနေရာက ရှုခင်းတွေက ထူးခြားတယ်၊အရှင့်သား မကြာခင် ဒါကို ကျင့်သားရလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
ဝမ်ကုန်းကုန်း ၏ဘယ်ဘက်လက်တွင် လက်သုံးချောင်းပျောက်ဆုံးနေသည်ကို ပန်းဟွာ သတိထားမိသည်။ အရမ်းထူးဆန်းတယ်။
အကြမ်းဖက်မင်းသား…ဒါက ဧကရာဇ်အသစ်က ဒုတိယမင်းသားကို ပေးခဲ့တဲ့ ဘွဲ့လား။
ရုတ်တရက် အနက်ရောင် ၀တ်စုံ ၀တ်ထားသူက လှည့်ကြည့်လိုက်ရာ သူမသည် အဆုံးမရှိသော ချောက်ထဲသို့ ကျသွားသလို ခံစားလိုက်ရသည်။ ချွေးအေးများ ရွှဲနစ်နေကာ သူမ မျက်လုံးကိုဖွင့်လိုက်သောအခါ ကုတင်ထက်က ခြင်ထောင်ပေါ်ရှိ ကြာပန်းပုံစံကို မြင်လိုက်ရသည်။
တကယ့်ကို ထူးဆန်းတဲ့ အိပ်မက်ပဲ...
သူမ အပေါ်ထပ်အင်္ကျီဝတ်ပြီး ကုတင်ပေါ်မှထကာ စားပွဲဆီကို လျှောက်သွားလိုက်သည်။အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမ သက်ပြင်းချမိ၏။
သူမ အိပ်မက်ကောင်းကောင်း မက်နိုင်သေးသလား။ အနက်ရောင် ၀တ်စုံဝတ်ထားသူက ဘယ်သူလဲဆိုတာ သူမ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။သူမ အဖြစ်က အရူးတစ်ကောင် ငါးဖမ်းနေရသလိုပင်။ ငါးက ငါးစာလိုချင်သော်လည်း၊ငါးဖမ်းသမားက မပေးပေ။သူမကိုယ်သူမ ကြာကြာတွေးနေရင်း စိတ်ဆင်းရဲလာရတော့သည်။ထိုစိတ်ဆင်းရဲသည့် ခံစားချက်က ဘယ်နေရာမှ ထွက်လာမှန်းမသိပေ။
ရူရီ ဝင်လာသော် စားပွဲမှာမှောက်အိပ်နေသည့် ပန်းဟွာကို တွေ့လိုက်ရ၏။
"ကျွင်းကျူး အိပ်ပြီးသွားတာတောင် စိတ်ဆိုးနေတုန်းလား"
"ပိုအိပ်လေ ဒေါသပိုထွက်လေလေလဲ"
ပန်းဟွာက စားပွဲပေါ်ကို ဖြန်းကနဲရိုက်ချလိုက်ရာ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်က ဆောင့်ခုန်တက်သွားသည်။
"ငါ့ကို အရူးလုပ်နေတော့တာပဲ၊ နောက်ဆို အနက်ရောင်ဝတ်ရတာ ကြိုက်တဲ့သူမျိုး တွေ့ရင် ငါ အဲ့ဒီလူကို အရင်ရိုက်မယ်"
ရူရီ:???
"အစ်မ"
ထိုစဉ် ပန်းဟမ် ၏အသံက အပြင်ကနေ ထွက်လာသည်။ သို့သော် ပန်းဟွာ မနိုးသေးဟုထင်လိုက်၍ သူက တန်းဝင်မလာပေ။
"မြို့စားမင်းရုံက ကျွန်တော့်ကို နောက်ထပ်လက်ဆောင်တစ်ခု လာပို့တယ်၊အစ်မ ကြည့်ချင်လား"
ဘာပဲဖြစ်ဖြစ် သူသည် မြစ်ကိုဖြတ်ကူးရန် သုံးရသော တံတားတစ်စင်းသာဖြစ်သည်။ လက်ဆောင်က ဘယ်လောက်ပဲ ကောင်းနေပါစေ၊သူ့မှာ ပိုင်ဆိုင်ခွင့်ရှိတာမဟုတ်။
ထိုအခါ ပန်းဟွာသည် မှားပို့လိုက်သော သကြားရုပ်ကို တွေးကာ ဒေါသဖြစ်သွားပြီး နှုတ်ခမ်းကို တွန့်လိမ်ကာ အော်ဟစ်လိုက်သည်။
"ငါမကြည့်ချင်ဘူး"
ရူရီက သူမအား ဝတ်စုံလဲပေးပြီး ဆံပင်ရှည်များကို ဖြီးပေး၍ တံခါးဖွင့်ပေးလိုက်သည်။
"ရှစ်ကျစ် ကျေးဇူးပြုပြီး…"
ရူရီသည် ပန်းဟမ်ကိုကြည့်ကာ ကျွင်းကျူး စိတ်ဆိုးနေသည့် အကြောင်း လက်ဟန်ပြ၍ ပြောဆိုလိုက်၏။ထိုအခါ
ပြန်လှည့်ထွက်ရန်ပြင်နေသော ပန်းဟမ် ၏ခြေထောက်က နောက်သို့ပြန်ဆုတ်လာသည်။ စားပွဲမှာထိုင်နေသည့် အစ်မဖြစ်သူ၏ မျက်နှာက မှုန်သုန်နေသည်ကို မြင်သော် သူ အထဲကိုပြန်လှည့်ဝင်လာသည်။
"အစ်မ ဘာဖြစ်နေတာလဲ၊ စိတ်မချမ်းသာဘူးလား"
ပန်းဟွာ စားပွဲပေါ် မှီပြီး သူ့ကို မော့ကြည့်လိုက်သည်။ "ငါ အိပ်မက်ထပ်မက်ပြန်ပြီ"
“အိပ်မက်” ဟူသော စကားလုံးကို ကြားသောအခါ ပန်းဟမ် အလွန်စိတ်လှုပ်ရှားသွားပြီး သက်မတစ်ချက်ချကာ
"အစ်မ...သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်သလား"
ပန်းဟွာက ခေါင်းခါလိုက်တာကြောင့် ပန်းဟမ် ချက်ချင်းပင် စိတ်ဓာတ်ကျသွားသည်။
"ဘုရားသခင်က ကျွန်တော်တို့ကို ကစားနေတာပဲ"
သိနေပေမယ့် မသိရတာ... ဒါက လုံးဝမသိတာထက် ပိုလို့တောင် ရှုပ်သွားတယ်လေ..အထူးစိတ်ဝင်စားစရာကောင်းတဲ့ ဖျော်ဖြေတင်ဆက်မှုကို ကြည့်နေရသလိုပင်။ ပွဲကြည့်သူများ စိတ်လှုပ်ရှားနေချိန်မှာပင် ဖျော်ဖြေသူများက သူတို့၏ ဝတ်စုံများအား ရုတ်တရတ် ချွတ်လိုက်ပြီး ဆက်မဖျော်ဖြေချင်တော့ဘူးဟု အေးစက်စက်ပြောခံရသည့်အလား အရှိန်ပျက်သွားစေ၏။
မောင်နှမနှစ်ယောက်သား စကားပြောမည် ဖြစ်တာကြောင့် ရူရီ အပြင်ခန်းဆီသို့ လိမ္မာပါးနပ်စွာ ပြန်ဆုတ်သွားလိုက်သည်။သူမ လှည့်ကြည့်လိုက်တော့ မောင်နှမနှစ်ယောက်သား တိုးတိုးလေးပြောနေသည်ကို တွေ့လိုက်၍ ခေါင်းယမ်းပြီး ပြုံးမိ၏။ကျွင်းကျူးနှင့် ရှစ်ကျစ်တို့ ဆက်ဆံရေးမှာ ကောင်းမွန်လှပေသည်။
"အစ်မ၊ မေ့လိုက်ပါ…ဒီအိပ်မက်တွေက ဘာပဲဖြစ်ဖြစ် အသုံးမဝင်ပါဘူး၊အဲဒါကို တွေးပြီး အချိန်မဖြုန်းလိုက်နဲ့၊ အချိန်ရရင် ကမ္ဘာပေါ်က အလှတရားတွေကို သွားကြည့်လိုက်ပါ၊ အစ်မ မကြိုက်တဲ့သူနဲ့တွေ့ရင် သူတို့ကို အနိုင်ကျင့်လိုက်၊ တစ်နေ့ပြီးတစ်နေ့ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းလိုက်စမ်းပါ၊ အစ်မ လုပ်ချင်တာကိုလုပ်ပြီးတော့လေ"
ပန်းဟွာက ကျေနပ်စွာ ပြုံးလိုက်သည်။
"မဟုတ်ဘူး၊အိမ်မက်က တကယ်အသုံးဝင်ပါတယ်....ငါ့ကို အမြဲခက်ခဲအောင် လုပ်နေတဲ့ ကျန်းလောလည်း နောင်ကျရင် ဒုက္ခရောက်မယ်ဆိုတာကို သိထားတော့ ငါ စိတ်ချမ်းသာရတယ်"
ပန်းဟမ်လည်း စိတ်ဝင်စားသွားသလိုရှိကာ "သူ့ဘဝက ဘယ်လိုဖြစ်သွားတာလဲ"
"သူ့ကို ထောင်ထဲမှာ ထည့်ထားကြတာ၊ဒါပေမယ့် သူ့နာမည်ကျတော့ အကြမ်းဖက်မင်းသားဆိုပဲ… အဲဒီထောင်က မှောင်ပြီး အုံ့မှိုင်းနေတယ်၊ သူ့အကျင့်စရိုက်ကြောင့် မကြာခင် သူရူးသွားနိုင်တယ်"
"သူလိုလူတွေက ဒီ့ထက်တောင် ဒုက္ခရောက်သင့်တာနော်"
မောင်နှမနှစ်ယောက်သား ကျန်းလော ၏ကံကြမ္မာအကြောင်းပြောပြီး သူတို့ ချက်ချင်း စိတ်ဓာတ်ပြန်တက်လာကြသည်။ခဏကြာမှ ရုံရှား ပေးထားသော ပစ္စည်းများအား ပန်းဟွာကို မပေးရသေးမှန်း ပန်းဟမ် ရုတ်တရက် သတိရသွားသည်။ထို့ကြောင့် အပြင်မှာစောင့်နေသည့် အစေခံ ကောင်မလေးကို ပစ္စည်းများ ယူစေကာ ပန်းဟွာအား ပေးအပ်လိုက်သည်။
"ဒီမှာ သေတ္တာက မဖွင့်ရသေးဘူး၊ အထဲမှာ ဘာရှိလဲ ဆိုတာ ကျွန်တော်လည်း မသိဘူး"
ပန်းဟွာ သေတ္တာကို ဖွင့်လိုက်ရာ အထဲမှာ ကျောက်မျက်ရတနာများဖြင့် ပြုလုပ်ထားသည့် ဒေါင်းရုပ်အဆင်တန်ဆာတစ်ခုကိုတွေ့ရသည်။ဒေါင်းအမြီးပေါ်ရှိ ကျောက်မျက်ရတနာတစ်ခုစီမှာ ဂရုတစိုက်ရွေးချယ်ပြုလုပ်ထားသည်။ အခန်းထဲမှာ မီးမထွန်းထားတာတောင် အလင်းရောင်က လင်းလက်တောက်ပနေသေးသည်။
ပန်းဟမ်က အံ့သြတကြီးကြည့်ရင်း "ဝါး...မြို့စားမင်းက တကယ် ရက်ရောတာပဲ"
သူတို့ စတွေ့ကတည်းက ရုံရှားသည် သူ့အစ်မကို ပစ္စည်းများ ပို့ပေးခဲ့သည်။များသောအားဖြင့် ကျောက်စိမ်းများပင်။အားလုံးဟာ ရှားပါးပြီး ဈေးကြီးမည်ဖြစ်၏။ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်အတွက် ပိုက်ဆံ ပေါပေါသီသီသုံးပေးခြင်းက သူမကို အချစ်စစ်နှင့်ချစ်သည်ဟု မပြောသာပေ။ သို့သော် အကယ်၍ သူသည် သူမအတွက် ပိုက်ဆံသုံးရန် ဆန္ဒမရှိပါက ထိုမိန်းမကို မချစ်တော့ဟု ဆိုလိုခြင်းပင်။
ပန်းဟမ် ထိုအယူအဆကို ကျိုးကြောင်းဆီလျော်သည်ဟု ထင်မိသည်။ မြို့စားမင်းရုံသည် အလွန်ရက်ရောသည်ကို မြင်လိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။ အနည်းဆုံးတော့ သူ့အစ်မသာ မြို့စားမင်းနှင့် အိမ်ထောင်ကျပြီးရင် ခက်ခက်ခဲခဲ နေရမှာမဟုတ်တော့။
မြို့စားမင်းရုံသည် အမြဲတမ်း ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသော်လည်း သူ့အစ်မအတွက်ဆို လိုအပ်ချက်တစ်စုံတစ်ရာ မရှိခဲ့ပေ။ သူပို့လိုက်သည့် ပစ္စည်းများအားလုံး မလှတာဟူ၍ မရှိ။ပန်းဟွာအတွက် အံဝင်ခွင်ကျဖြစ်အောင် လုပ်ထားသလိုပင်။
ပန်းဟွာသည် ဒေါင်း၏အမြီးပေါ်တွင် တပ်ထားသော နီလာကျောက်ကို အမြတ်တနိုး ပွတ်သပ်လိုက်သည်။
"ကျွင်းကျူး"
ထိုစဉ် ရူရီသည် မျက်နှာထားမကောင်းစွာပင် အထဲကိုဝင်လာသည်။
"ယန်မိသားစုရဲ့ ဒုတိယသခင်လေးက ကျွင်းကျူးကို တွေ့ဖို့ တောင်းဆိုပါတယ်၊ သူ အိမ်အပြင်မှာ ရပ်နေတာ နှစ်နာရီနီးပါးရှိပါပြီ"