Chapter.74
ဒုတိယသခင်လေးယန်၏ အကြောင်းကိုကြားရသော် ပန်းဟွာ တခဏမျှ အံ့အားသင့်သွားသည်။
"သူ အိပ်ယာက မထနိုင်အောင် ဖျားနေတာ မဟုတ်ဘူးလား၊ဘာလို့ ငါတို့ အိမ်တံခါးရှေ့မှာ ရပ်နေတာလဲ" ပန်းဟမ် ဒေါသတကြီးနှင့် မတ်တပ်ထရပ်လိုက်ရင်း "သူ့ဘာသူ ဝန်ကြီးချုပ်ရဲ့သား ဖြစ်တော့ရော ဘာလုပ်ရမှာလဲ၊အစောင့်တွေကို မောင်းထုတ်ခိုင်းလိုက်"
ဒီလူက အရူးပဲ၊ သူ့အစ်မက ရုံရှား နဲ့ စေ့စပ်ထားပြီးသားဆိုတာ သူသိသားနဲ့ ဘာလို့ သူ့အစ်မကို လာရှာသေးတာလဲ။
ဒီအကြောင်းပေါက်ကြားသွားရင် ရုံရှားက ဂရုမစိုက်ဘူးဆိုရင်တောင် သူများတွေ ပြောဆိုလာကြမှာ မကြောက်ဘူးလား…
"ဝန်ကြီးချုပ်ယန်ရဲ့အိမ်ကို အကြောင်းကြားဖို့ တစ်ယောက်ယောက် လွှတ်လိုက်၊ပြီးမှ ငါ့ဒေါသကို အဆိုးမဆိုနဲ့"
ပန်းဟမ်သည် ယန်ကျန်း၏ အပြုအမူကို အလွန်အမင်း မကျေမနပ် ဖြစ်နေသည်။ ယန်ကျန်းသာ နေထိုင်မကောင်းမဖြစ်နေဘူးဆိုလျှင် သူ့ခေါင်းကို အိတ်နှင့်စွပ်ပြီး လူငှားရိုက်ခိုင်းမိလိမ့်မည်။
"ယန်မိသားစုက သူတို့ သားသမီးတွေကို ဘယ်လို သင်ပေးထားတာလဲ၊ စည်းကမ်းတွေ လုံးဝမသိကြဘူး"
ပန်းဟွာ ဤစကားလုံးများကို အနည်းငယ်ရင်းနှီးသလို ခံစားမိသည်။
"အစ်မ ဒီလိုလူမျိုးကို ဂရုမစိုက်ပါနဲ့၊ သူ့ကို ပိုဂရုစိုက်လေ၊ သူစိတ်ဆိုးလေလေပဲ"
ပန်းဟမ် ဒေါသမပြေသေးဘဲ သူမ ဘက်လှည့်ပြီး ဆက်ပြောသည်။
"အချစ်ဆိုတာက ပင်လယ်ကြီးလောက် နက်ရှိုင်းတယ်တဲ့၊ ဒါပေမယ့် သနားညှာတာစိတ်ကတော့ ပင်လယ်ထက်ကို နက်နဲတာတဲ့နော်....အစ်မ သူ့ကို သနားတာကြောင့်နဲ့တော့ စိတ်မယိုင်မိစေနဲ့"
အစမှအဆုံး ပန်းဟွာ စကားတစ်ခွန်းမျှပင် ပြောရန်အချိန်မရှိ၊ပန်းဟမ်ကသာ အရာအားလုံးနီးပါး ပြောသွားသည်။
"ကောင်းပါပြီ၊ ငါလည်း သူ့ကိုမတွေ့ပါဘူး၊ နင်က ဘာလို့စိတ်ဆိုးနေတာလဲ"
ပန်းဟွာသည် အိမ်မွေးခွေးတစ်ကောင်ကို နှစ်သိမ့်ပေးနေသည့် ပိုင်ရှင်တစ်ယောက်ကဲ့သို့ ပန်းဟမ်၏ ခေါင်းကို ပုတ်လိုက်သည်။ ပန်းဟမ်က သူ့ခေါင်းကိုအတင်းရှောင်ရင်း ဘာမှထပ်မပြောလာတော့။
"ဒါဆို ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ"
ပန်းဟမ်သည် လူအင်အားသုံး၍ နိုင့်ထက်စီးနင်း ပြုရဲသော်လည်း၊ဦးနှောက်ကိုတော့ အသုံးမချတတ်ပေ။ပန်းဟွာက သူ့ထက် ဦးနှောက်ကောင်းသည်ဟု ထင်မိ၏။
"နင် ပြောတာ ကောင်းတယ်မဟုတ်ဘူးလား၊ ယန်ဝန်ကြီးချုပ်ဆီ လူလွှတ်ပြီး အကျိုးအကြောင်း ပြောပြခိုင်းလိုက်လေ"
ပန်းဟွာ မတ်တပ်ထရပ်လိုက်၍ ဆံပင်ရှည်များက အောက်ကို ဝဲကျသွားသည်။
"ငါက လောလောဆယ် ဝမ်းနည်းနေဆဲကာလမှာပဲ ရှိသေးတယ်၊ပြီးတော့ ငါက စေ့စပ်ထားပြီးသား၊အပြင်လူကို ဘယ်လိုလုပ် သွားတွေ့ရမလဲ"
"ဒါပေမယ့် အစ်မ ဒီမနက်တုန်းကတော့ သကြားရုပ်ဝယ်ဖို့ ထွက်သွားသေးတယ်လေ…"
"ဟာ နင်ကလည်း အကြောင်းပြချက်ကို တကူးတကကြီး စဉ်းစားနေမလား၊ဒါမှမဟုတ် သူ့ကို မတွေ့ချင်ဘူးလို့ပဲ ထွက်ပြောမလား"
"ဒါဆိုလည်း အပြင်ထွက်ပြီး သူနဲ့ရှင်းလိုက်ရအောင်လား၊ အနည်းဆုံးတော့ ကျွန်တော်တို့မှာ ဆင်ခြေရှိတယ်လေ"
ပန်းဟမ် နှာခေါင်းကို ပွတ်ကာ သူ့မိဘများကို ရှာရန် ခြံဝင်းထဲမှ ပြေးထွက်လာခဲ့သည်။ သို့သော်လည်း ပန်းဟွာနှင့် ပန်းဟမ်တို့ထက် အရင်ဦးအောင် ယင်းရှစ် တွေးထားပြီးသားဖြစ်သည်။သူမက သားဖြစ်သူ ကမန်းကတန်း ဝင်လာသည်ကိုမြင်လျှင် "မလန့်ပါနဲ့၊ မင်းပြောချင်တာကို အမေသိပါတယ်၊ဝန်ကြီးချုပ်ယန် အိမ်တော်ဆီ အမေ လူလွှတ်ပြီးပါပြီ"
ပန်းဟမ်က ဒေါသတကြီးနှင့် ခုံပေါ်ဆောင့်အောင်ထိုင်ချလိုက်ပြီး "ဒီယန်ကျန်း ကတော့ ဦးနှောက်ကိုမရှိတော့ဘူး၊ မြို့တော်ကလူတွေပြောစရာဖြစ်အောင်ကို တမင်လုပ်နေတာ"
ယင်းရှစ်က
"ခုခေတ်လူငယ်တွေက အရမ်းစိတ်ကူးယဉ်ဆန်တဲ့ အချစ်ကဗျာတချို့ကို ဖတ်ပြီး အချစ်ကသာ ကမ္ဘာပေါ်မှာ အလှပဆုံးအရာလို့ ထင်နေကြတယ်၊ကျန်တာတွေအားလုံးက အချစ်လောက် အရေးမပါသလိုမျိုးလေ၊ ဒီအချစ်အတွက် ကြိုးစားပြီး အသက်နဲ့ရင်းပြီးမှ နက်နဲတဲ့ ချစ်ခြင်းမေတ္တာကို ပြသနိုင်မှ အချစ်လို့ ထင်နေကြတော့တာ၊ဒါပေမယ့် လောကကြီးမှာ ဒီလောက် ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာတွေ ဘယ်လိုရှိနိုင်ပါ့မလဲ၊ တကယ်တော့ အချင်းချင်း တစ်ယောက် လိုအပ်နေတဲ့အချိန်တွေမှာ တခြား တစ်ယောက်က ဖေးမကူညီမှ အသက်ကြီးလာတဲ့အထိ မေတ္တာခိုင်မြဲတော့မပေါ့၊ယန်မိသားစု ရဲ့ ဒုတိယသားက မိုက်မဲလိုက်တာ၊ စာအုပ်တွေ အများကြီးဖတ်နေခဲ့လို့ သူမိဘတွေက သူ့ကို သင်ပေးဖို့အချိန်မရှိတာထင်ပါရဲ့"
ယန်ဟွေ့သည် ယန်ကျန်း ဘာလုပ်နေမှန်း သေချာမသိတာ သေချာသည်။ ယန်မိသားစုသည် ယခုမှ အခြေအနေ ပြန်လည်ကောင်းမွန်လာသည့်အတွက် သူတို့မိသားစု၏ အခြေခံအုတ်မြစ်က မတည်ငြိမ်သေးပေ။ယန်ဟွေ့ အကြောက်ဆုံးက နောက်ထပ်မတော်တဆမှုတစ်ခုဖြစ်လာမည်ကိုပင်။ခုလိုသာဖ့စ်မှန်းသာသိရင် သူ့သားကို အိမ်ကိုတောင် ပြန်လာခွင့်ပြုပါ့မလား... ရလဒ်တစ်ခုသာ ရှိတော့သည်။ ဤသည်က ယန်ကျန်း အိမ်ထဲကနေ ထွက်သွားလိုက်တာပင်။ဘယ်သူမဆို ကိုယ့်မှာရှိပြီးသားအရာတစ်ခုအား ဆုံးရှုံးလိုက်ရသည့်အခါ ထုံးစံအတိုင်း ထိုအရာအား လွမ်းဆွတ်တမ်းတပြီး တန်ဖိုးထားလာမည်ဖြစ်သည်။
ယန်ကျန်းသည် အိမ်တွင် အချိန်အတော်ကြာ အနားယူခဲ့သည်။ အနားယူနေရင်းလည်း သူ့စိတ်တို့မှာ ထာဝစဉ်ရှုပ်ထွေးနေခဲ့၏။သူ့အစ်ကိုကြီးက အတင်း သူ့ကိုလှုပ်နှိုးပြီး အသိစိတ်ပြန်ကပ်ဖို့ ဆူပူခါမှ သတိပြန်ဝင်လာသည်။ ဤရက်ပိုင်းအတွင်းလည်း အိမ်မှာနေရင်း ဒဏ်ရာများ ပြန်သက်သာလာပြီဖြစ်သည်။ပန်းဟွာကျွင်းကျူးကို နေ့တိုင်း လွမ်းနေခဲ့သော်ငြား၊ သူ့မိသားစုက စိုးရိမ်ကြောင့်ကြနေသဖြင့် ထုတ်ဖော်မပြောပြရဲပေ။
မူလက သူ့ခမည်းတော်သည် ဧကရာဇ်၏ယုံကြည်မှုကို ပြန်လည်ရရှိပြီးကတည်းက အင်ပါယာတရားရုံးတွင် ရာထူးတက်လာမည်ဟု သူထင်ခဲ့သည်။ ထိုအချိန်တွင် သူကလည်း ကျွင်းကျူးကို သူ၏ အရည်အချင်းနှင့် ရိုးသားမှုကို ပြသ၍ လက်ထပ်ရန် ဆန္ဒရှိခဲ့သည်။ထိုအတွေးလေးကြောင့် သူ အိပ်ရာပေါ်ကနေ ထထိုင်ပြီး ခန္ဓာကိုယ် သန်မာလာဖို့ နေ့တိုင်း လေ့ကျင့်ခန်းလုပ်သည်။ယခုတော့ သူသည် မူလကလို ပြန်လည်အားရှိစပြုလာနေပြီဖြစ်သည်။ ပန်းဟွာကျွင်းကျူး ကို ပထမဆုံးတွေ့တုန်းကထက်ပင် အနည်းငယ်သန်မာနေ၏။သို့သော်လည်း သူ့အစီအစဉ်က ဘယ်လောက်ပဲ ပြီးပြည့်စုံနေပါစေ၊ သူပြန်ကောင်းလာသည့် လအနည်းငယ်အတွင်းမှာ ပန်းဟွာ တခြားတစ်ယောက်နှင့် စေ့စပ်ထားမည်ကို သူ မမျှော်လင့်ထားခဲ့ချေ။
အစေခံတစ်ဦးထံမှ ဤသတင်းကို သူ ကြားသောအခါ သူ့နှလုံးသားကို ဓားနှင့် ပြင်းထန်စွာ ထိုးနှက်ခံရသကဲ့သို့ ခံစားရသည်။ သူ ကြောင်စီစီဖြင့် အသိစိတ်ကင်းမဲ့စွာပင် ပန်းမိသားစု၏ တံခါးဝကို ထွက်လာမိလေသည်။သူ တံခါးကို ခေါက်ဖို့ မဝံ့ရဲခဲ့သလို၊ ပန်းဟွာအား မေးဖို့တောင် သတ္တိမရှိတော့။ မင်း တကယ်ပဲ မြို့စားမင်းရုံကို လက်ထပ်တော့မှာလား။သူ့အရိုးထဲအထိ သူရဲဘောကြောင်စိတ်များ ကိန်းအောင်းနေလေသည်။
"ညီလေး"
ယန်မင်သည် သူ့ညီလေးက ပန်းမိသားစု၏ အိမ်အဝင်ဝတွင် မိုက်မဲစွာရပ်နေသည်ကို မြင်လိုက်ရသည်။သူ့စိတ်ထဲတွင် ဒေါသစိတ်များဖြစ်တည်နေရသော်လည်း အခုမှနာလန်ထူနိုင်သော ညီဖြစ်သူကြောင့် သူ့စိတ်ထဲက ဒေါသများကို မျိုသိပ်ပြီး “နောက်ကျနေပြီ၊ ငါတို့ ပြန်သင့်ပြီ”
ယန်ကျန်း ငြင်းမည်ဟု တွေးနေချိန်မှာပင်၊ယန်ကျန်းက မဆိုင်းမတွ ဆိုသလို ခေါင်းညိတ်ပြလေသည်။သို့ဖြစ်၍ ယန်မင်၏ရင်ထဲက ဒေါသတစ်ဝက်မှာလည်း ချက်ချင်း ပျောက်သွားရသည်။
"အစ်ကိုကြီး ကျွန်တော်မြင်းမစီးချင်ဘူး၊လမ်းလျှောက်ရအောင်"
သူသည် ပန်းမိသားစု၏ ပိတ်ထားသော တံခါးကို ပြန်ကြည့်ပြီးနောက် ဝန်ကြီးချုပ်ယန်၏ နေအိမ်ဘက်ဆီသို့ ပြန်လျှောက်သွားခဲ့သည်။ထို့နောက် သူက ယန်မင်ကို ခံစားချက်မဲ့သော မျက်နှာထားဖြင့်
"အစ်ကိုကြီး၊ပန်းဟွာကျွင်းကျူးက... ဘယ်တုန်းက မြို့စားမင်းရုံ နဲ့ စေ့စပ်လိုက်တာလဲ"
"ငါလည်း သိပ်သေချာမသိဘူး၊ တော်ဝင်မင်းသမီး လုပ်ကြံခံရပြီးမှ သူတို့ နှစ်ယောက် စေ့စပ်ဖို့ ဆုံးဖြတ်လိုက်တာ"
ယန်မင်သည်လည်း ပန်းမိသားစုအပေါ် နားမလည်နိုင်ဖြစ်နေရသည်။ သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားရသည့်အတွက် ပန်းမိသားစု သတင်းကို သိပ်ဂရုမစိုက်ခဲ့၊ ပြင်ပက ကြားရသည့် ကောလဟလများသာ သိထားသည်။
"တော်ဝင်မင်းသမီး လုပ်ကြံခံရတုန်းက ဟုတ်လား...မြို့စားမင်းရုံက သူမကို အဲ့တုန်းက သဘောကျသွားတာလား"
မြို့စားမင်းရုံသည် ဘာမဆိုထူးချွန်သော လူတစ်ယောက်ဖြစ်သည်။ ပန်းဟွာကျွင်းကျူးသည် ရုံရှား ကျွမ်းကျင်သော လက်ရေးလှနှင့် ပန်းချီဆွဲခြင်းကို အလွန်နှစ်သက်ပုံမပေါ်ပေ။သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးမှာ သဟဇာတမဖြစ်ဘဲ မင်းသမီးလေးအား မြို့စားမင်းရုံက ထားခဲ့မှာကို သူစိုးရိမ်နေမိ၏။
“ဒါက…”
ယန်မင် သက်ပြင်းချလိုက်မ်သည်။ညီဖြစ်သူ၏ ကြောင်တောင်တောင်နိုင်ပြီး သနားစရာမျက်နှာလေးကြောင့် သူ ဘာမှ မပြောနိုင်ပေ။
တော်ဝင်မင်းသမီး သေခါနီး မှာကြားခဲ့တဲ့ စကားတွေကြောင့်သာ မြို့စားမင်းရုံ မလွှဲသာဘဲ ပန်းဟွာကို လက်ထက်ဖို့ သဘောတူခဲ့တာမဟုတ်လား၊သူက သူမကို ဘယ်လိုလုပ် သဘောကျမှာလဲ…
ယခုဆို ရုံရှားက အသက်ငယ်ငယ်လေးနှင့် အလုပ်အကိုင်ရေးရာဝန်ကြီး ဖြစ်လာခဲ့သည်။ပထမအချက်မှာ ဧကရာဇ်က သူ့ကို ယုံကြည်သောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ဧကရာဇ်က သူ့ကို တူမတော်နှင့် မလွှဲသာ မရှောင်သာ လက်ဆက်ပေးရသည့်အတွက် လျော်ကြေးပေးလိုသောကြောင့် ဖြစ်သည်။
ဧကရာဇ်ကတောင် လျော်ကြေးပေးရတယ်ဆိုတော့ ထုံးစံအတိုင်း ပန်းမိသားစုပဲ ဒါမျိုးရာဇဝင် ရှိတာလေ...
တော်ဝင်မင်းသမီးသည် ဧကရာဇ် ဘေးကင်းစေရန်အတွက် သူမ၏အသက်ကို အသုံးချခဲ့သဖြင့် ဧကရာဇ်သည် သဘာဝအတိုင်း တော်ဝင်မင်းသမီး၏ သေခါနီးဆန္ဒကို ဖြည့်ဆည်းပေးခဲ့ရသည်။ ထို့ကြောင့် သူသည် မြို့စားမင်းရုံကို ပန်းမိသားစုထဲသို့ ဝင်ခိုင်းခြင်းသာ။
သို့သော် ယန်မင် ဤကိစ္စများအား ညီဖြစ်သူကို မပြောနိုင်တာကြောင့် "မြို့စားမင်းရုံက ပန်းဟွာကျွင်းကျူးကို အပြင်ခေါပြီး လျှောက်လည်လေ့ရှိတယ်လို့ ပြောတယ်၊ သူတို့ နှစ်ယောက်က တရင်းတနှီး ဖြစ်နေကြတော့ သူတို့ချင်း သဘောကျမယ်ထင်တယ်"
ယန်ကျန်းက အားတင်းပြုံးကာ ပြောသည်။
"သိပ်ကို ကောင်းပါတယ်... ကောင်းပါတယ်...အစ်ကိုကြီး၊ အခွန်ဝန်ကြီးဌာနမှာ လစ်လပ်နေရာရှိတယ်လို့ ပြီးခဲ့တဲ့ တစ်ခါက ပြောဖူးတယ်လေ၊ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်”
ညီဖြစ်သူ၏ အားတက်ဖွယ်စကားကြောင့် ယန်မင် ကျေနပ်စွာပြုံးလိုက်၏။
"ကောင်းပြီ အစ်ကိုတို့ အိမ်ပြန် ရောက်ရင် စီစဉ်ပေးပါ့မယ်"
" ဒုတိယသခင်လေးယန်"
မိမိ မနှစ်မြို့သူ သို့မဟုတ် ကြည့်မရသူဆိုလျှင် မကြာခဏ လမ်းမှာတွေ့ရတတ်သည်။ယခုလည်း တိုက်တိုက်ဆိုင်ဆိုင် ယန်ကျန်းတစ်ယောက် ရုံရှားနှင့်မှ လမ်းမှာလာဆုံနေရသည်။ မြို့စားမင်းရုံကြောင့်သာ မဟုတ်ရင်၊ သူတို့ရဲ့ယန်မိသားစုရဲ့ ဂုဏ်သတင်းဟာ ကျဆင်းသွားမှာ မဟုတ်ဘူးလေ။
"မြို့စားမင်း"
ယန်မင်သည် မြင်းစီးလာသော ရုံရှားအား လက်သီးဆုပ်၍ အရိုအသေပေးလိုက်၏။
"မြို့စားမင်းရုံ ရာထူးတိုးသွားတဲ့အတွက် ကျွန်တော်ဂုဏ်ပြုပါတယ်"
"သခင်လေးကလည်း ယဉ်ကျေးလွန်းနေပါပြီ၊ အခုလို ရာထူးကြီးကြီးပေးသနားတဲ့ ဧကရာဇ်ကို ကျေးဇူးတင်ရမှာပါ"
ရုံရှား၏ အကြည့်သည် ယန်ကျန်း ဆီသို့ ရောက်သွားသည်။
"ဒုတိယ သခက်လေးယန်၊ မင်းကို မတွေ့တာကြာပြီပဲ၊နောက်ဆုံးတစ်ခေါက်ကထက် ပိုပြီး တက်ကြွနေတယ်၊ကြည့်ရတာ နေပြန်ကောင်းလာပုံပဲ"
ယန်ကျန်းသည် ပိုကြည့်ကောင်းစေရန် ပုခုံးကို မတ်မတ်ထားလိုက်ရင်း ရုံရှား ကို ဦးညွှတ်ပြီး "မြို့စားမင်း စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်တော်နေကောင်းပါပြီ"
ရုံရှားကို နောက်ဆုံးအကြိမ်တွေ့လိုက်ရသည်မှာ ရှစ်မိသားစု၏ အိမ်တော်တွင်ဖြစ်သည်။ထိုအချိန်တွင် သူသည် ပန်းဟွာကျွင်းကျူးကို အရူးအမူး လက်ထပ် ချင်နေခိုက်ဖြစ်သည်။ ပန်းဟွာကျွင်းကျူးအား သူ့ခံစားချက်များကို ဝန်ခံခါနီးမှာ မြို့စားမင်းရုံ ရုတ်တရက် ပေါ်လာသည်။ရုံရှား၏အသွင်အပြင်သည် သူအပါအဝင် အခြားဧည့်သည်များ၏ အရှိန်အဝါကို မှိန်ကုပ်သေးနုပ်သွားစေသည်။
ပြုံးနေသောသည့် ရုံရှားကို ကြည့်လိုက်ရင်း သူနှင့် အလှမ်းကွာလှသည်ဟု ယန်ကျန်း တွေးမိသွားသည်။ရုပ်ရည်သွင်ပြင် ဖြစ်စေ၊ အရှိန်အဝါဖြစ်စေ၊အရည်အချင်းပင် ဖြစ်စေ
ထိုအရာများက ယောက်ျားတစ်ယောက်အတွက် အကြီးမားဆုံး ထိုးနှက်ချက်ပင်။သူကြိုက်သည့် မိန်းကလေးက သူ့ထက် သာသော ယောက်ျားတစ်ယောက်နှင့် လက်ထပ်တော့မည်ဆိုသော အသိက အတော်ပြင်းထန်သည်။
"နေကောင်းလာတာကို ဝမ်းသာပါတယ်"
ရုံရှား ရယ်မောရင်းဆိုလိုက်သည်။သူ့လေသံမှာ သာမာန်ဖြစ်သော်လည်း၊သူ့ကို နှိမ့်ချလှောင်ပြောင်နေသည်ဟု ယန်ကျန်း ခံစားရသည်။ထို့ကြောင့် သူ အေးတိအေးစက်သာလုပ်နေပြီး
ဘာမှပြန်မပြောလိုက်ပေ။
ရုံရှားသည် သူ့အကြည့်ကို မမြင်သလိုမျိုးနှင့်၊လက်ထဲမှ မြင်းကြာပွတ်အား ပွတ်သပ်နေရင်း "၀န်ကြီးချုပ်ယန်က မကြာသေးခင်ကပဲ အခွန်ဝန်ကြီးဌာနမှာ လစ်လပ်နေရာအတွက် အရမ်းစိတ်ဝင်တစားရှိနေတယ်လို့ ကြားတယ်"
ထိုစကားကိုကြားသော်၊ယန်မင် မျက်နှာက သတိကြီးကြီးထားပြီး ဆင်ခြင်သလိုဖြစ်လာသည်။
"မြို့စားမင်းရုံ ဘာကိုဆိုလိုတာလဲ"
သူ ရုံရှားကို လျှော့မတွက်ဝံ့ပေ။ ဤလူသည် ငယ်ရွယ်သော်လည်း တရားရုံးတွင် သြဇာလွှမ်းမိုးမှုအချို့ရှိ၍ ကျော်ကြားသည်။ထို့အပြင်၊ သူသည် ပန်းဟွာကျွင်းကျူးနှင့်စေ့စပ်ထားသောကြောင့် ပန်းမိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် နန်းတွင်းရှိ မှူးမတ်အချို့က ရုံရှားအား ရည်ရွယ်ချက်ရှိရှိ ကူညီကြသည်။ သူ့လိုလူကို စော်ကားဖို့ မလွယ်ကူ။
"သခင်ငယ်လေးယန်က အတွေးလွန်နေတာပဲ၊ ကျွန်တော်က သိချင်လို့ မေးတာပါ"
ရုံရှား တည့်တည့်မတ်မတ်ထိုင်ပြီး မြင်းဇက်ကြိုးကို ညာလက်ကနေ ဘယ်ဘက်သို့ ပြောင်းလိုက်သည်။
"ဒုတိယသခင်လေးယန်က ပြန်ကောင်းလာပြီဆိုတော့ အခွန်ဝန်ကြီးဌာနမှာ လစ်လပ်နေရာကို ဖြည့်ဖို့ သင့်တော်ပါတယ်"
ယန်မင်က ပြုံးပြီး ဘာမှပြန်မပြော။
"သခင်လေးတို့ နှစ်ယောက်ကြည့်ရတာ အလုပ်ရှုပ်နေတာထင်တယ်၊ ဒါဆို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး၊ကျွန်တော့်မှာလည်း ကျင့်ထင်နယ်စားရဲ့အိမ်တော်ကို သွားလည်ရဦးမှာဆိုတော့ သွားခွင့်ပြုပါဦး"
ယန်ကျန်း မျက်နှာက မည်းမှောင်သွားသည်။ယန်မင် အံကြိတ်ကာ ရုံရှားဆီသို့ လက်သီးဆုပ်၍ အရိာအသေပြုလိုက်သည်။
"ဂရုစိုက်ပါ..မြို့စားမင်း"
"နှုတ်ဆက်ပါတယ်!"
ရုံရှားသည် မြင်းကို လက်ဖြင့်ပုတ်လိုက်ရာ မြင်းသည် သူတို့နှယောက်ကိုဖြတ်၍ ဆက်သွားလေတော့သည်။
ယန်မင်သည် ရုံရှား ထွက်ခွာသွားသည့်ပုံစံကို စိုက်ကြည့်နေရင်း ရင်ထဲမှ မကျေနပ်ချက်များကို မြိုသိပ်ထားရသည်။ထို့နောက် ယန်ကျန်းဘက်သို့ လှည့်ပြီး
"ညီလေး သွားရအောင်"
ယန်ကျန်း တခဏမျှ ထိတ်လန့်သွားပြီး ယန်မင်နောက်သို့ ဖြည်းညှင်းစွာ လိုက်လာခဲ့သည်။ သူပဲ အတွေးလွန်နေသလား မသိ၊ရုံရှားသည် အရင်ကနှက့်မတူပေ။သို့သော် ဘာက ပြောင်းလဲသွားမှန်း သူ မပြောနိုင်ချေ။သေချာသည်က သူ ရုံရှားကို မနာလိုဖြစ်နေသည်ဆိုတာပင်။
"မြို့စားမင်း ကျွန်တော်တို့ ကျင့်ထင်နယ်စားမင်းရဲ့အိမ်ကို တကယ်သွားမလို့လား"
ရုံရှားက ဂရုမစိုက်ဟန်ဖြင့် ခပ်အေးအေးဆိုသည်။ "အလည်အပတ် ကတ်ယူလာဖို့ မေ့သွားလို့ မသွားတော့ဘူး"
တုကျိုး:ဟင် ကျင့်ထင်နယ်စားမင်း အိမ်က ရှေ့တည့်တည့်မှာကြီးလေ...
ထိုစဉ် ရှေ့ကလာနေသော ဝေါယာဉ်လေးတစ်စီးက အားလုံးကိုဖမ်းစားလိုက်သည်။သေးငယ်သော ဝေါယာဉ်ငယ်လေးကို ခန်းဆီးပိတ်စများဖြင့် ထူထပ်စွာဖုံးအုပ်ထားပြီး အတွင်းတွင် ကျက်သရေရှိသော အမျိုးသမီးတစ်ဦး ထိုင်နေသည်ကို မြင်နိုင်သည်။
သိပ်မကြာခင်မှာပင် ဝေါယာဥက ရုံရှား ရှေ့မှာ ရပ်သွားသည်။