အပိုင်း၇၅
Viewers 4k


Chapter.75


ဤကဲ့သို့သော ဝေါယာဉ်ငယ်သည် ချမ်းသာသောမိသားစု၏ သမီးဖြစ်သူအတွက် မဟုတ်ပေ။ အကသမားများ၊ အဆိုတော်များ သို့မဟုတ် ပြည့်တန်ဆာများ အသုံးပြုသည့် ဝေါယာဉ်နှင့် ပိုတူသည်။  


သူ့ရှေ့မှာ ဝေါယာဉ်ရပ်သွားသောအခါ၊  ရုံရှားက သူ့မြင်းကို အေးအေးဆေးဆေး ပုတ်ပြီး၊ ထိုဝေါယာဉ်အား ပတ်ပြီး ထွက်သွားဖို့ ပြင်ဆင်လိုက်၏။


 "ယွင်နျန်းက ချမ်အမ်မြို့စားမင်းကို နှုတ်ဆက်ပါတယ်" 


ထိုစဉ် ဝေါယာဉ်ထဲမှ အဖြူဝတ်စုံဝတ် မိန်းကလေးတစ်ဦး ထွက်လာခဲ့သည်။  သူမသည် မက်မွန်သီးမှည့်ကဲ့သို့ ပိန်လှီပြီး အမျိုးသားများကို ဆွဲဆောင်နိုင်သော မိန်းကလေးတစ်ဦး၏ ပုံပန်းသွင်ပြင်ရှိသည်။ သူမ၏ မျက်နှာက ကိုယ်ဟန်နေအထားထက် ပိုလှနေသည်။  


ရုံရှားသည် သူ့ရှေ့မှ မသိကျွမ်းသော မိန်းကလေးကို ကြည့်ကာ စကားမပြောပေ။


တုကျိုးသည် ဤမိန်းကလေးကို မှတ်မိသည်။သို့သော်လည်း ယွင်နျန်းကို သူ နောက်ဆုံးအကြိမ်တွေ့သောအခါက၊ သူမသည် သာမန်ဝတ်စုံကို ၀တ်ဆင်ထားဆဲဖြစ်ပြီး ဆံပင်ကိုလည်း ရိုးရိုးရှင်းရှင်းသာ ထုံးဖွဲ့ထားသည်။ယခုလို လအနည်းငယ်ကြာပြီးနောက် သူမသည် ရိုးရှင်းသော ကုလားအုတ်တစ်ကောင်မှ ဆွဲဆောင်မှုအားပြင်းသော မြွေလှလှလေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားမည်ဟု သူ,မထင်ထားခဲ့ပေ။


တုကျိုးကစ၍ " မိန်းကလေး ဘာကိစ္စရှိလို့လဲ"


 "ဘုရားကျောင်းကို ဆီမီးနံ့သာ ပူဇော်ပြီး အခုပဲ ပြန်လာတာပါ၊ချမ်အမ်မြို့စားမင်းနဲ့ တွေ့လို့ နှုတ်ဆက်ချင်လို့ပါ"


ယွင်နျန်းက ရုံရှားကို ဖြည်းညှင်းစွာ ဦးညွှတ်ကာ " မြို့စားမင်း ၊ ယွင်နျန်းကို ဟိုတစ်ခါက ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"


 သူမ မြို့တော်ကို ရောက်ပြီးနောက် ရှဲ့ချီလင်းကို တစ်လကျော် စောင့်ခဲ့သည်။ ရှဲ့မိသားစုဆီသို့ သွားရောက်ခဲ့သော်လည်း မိသားစု၏ တံခါးစောင့်က သူမကို ဝင်ခွင့်မပြုခဲ့ပေ။သူမသည် နိမ့်ကျသော ပြည့်တန်ဆာတစ်ဦးဖြစ်ပြီး ရှဲ့မိသားစုတွင် လက်ထပ်ရန် စိတ်ကူးယဉ်နေသည်ဟုပင် လှောင်ပြောင်ခဲ့သည်။  


ရယ်စရာကောင်းလိုက်တာ... ဟုတ်ပါတယ်၊ သူမက သိပ်ရယ်စရာကောင်းပါတယ်၊ သူမမှာ လွဲမှားမှုတွေရှိပေမယ့် ရှဲ့မိသားစုရဲ့ ဒုတိယသခင်လေးကပဲ သူမကို အဲ့ဒီလို လွဲမှားမှုတွေ ပေးခဲ့တာမဟုတ်လား...


 သူမသည် ပြည့်တန်ဆာဖြစ်ပြီး ရှဲ့မိသားစုနှင့် မထိုက်တန်သော်လည်း၊သူမကို ခိုးပြေးခဲ့သူမှာ ရှဲ့မိသားစု၏ ဒုတိယသခင်လေးပင်။ရှဲ့ချီလင်းကို သူမအား ခေါ်သွားပေးဖို့ သူမဘက်မှ မတောင်းဆိုခဲ့ဖူးပေ။ဘယ်သူက ပိုရှက်စရာ ကောင်းတာလဲ။  ဘယ်သူက ပိုရယ်စရာကောင်းခဲ့တာလဲ။


ထို့ကြောင့် သူမဘက်မှ လက်လျှော့ရန် ဆန္ဒမရှိပေ။ သူမ ရှဲ့ချီလင်းကို ရှာပြီး ရှင်းရှင်းလင်းလင်းပြောပြချင်သည်။  သို့သော် သူမမှာ အားကိုးစရာလူမရှိသော ပြည့်တန်ဆာတစ်ဦးမျှသာဖြစ်သည်။ ထို့အပြင် နှစ်အတော်ကြာ မြို့တော်မှ ထွက်သွားခဲ့သည့် သူမအဖို့ အကူအညီတောင်းရမည့်သူမရှိ၍ ရှဲ့ချီလင်းကိုပင် ရှာတွေ့ဖို့လမ်းစမရှိချေ။


 သူမ စိတ်ပျက်အားငယ်နေသည့် အခိုက်အတန့်မှာ ချမ်အမ်မြို့စားမင်း၏ အစောင့်များက သူမကို သခင်လေးရှဲ့နှင့် တွေ့ဖို့ ခေါ်ဆောင်ပေးခဲ့သည်။


 သူမတို့ လေးလေးနက်နက် ချစ်ခဲ့ကြစဥ်က၊ ရှဲ့သခင်လေးသည် သူမကို မျက်ခုံးမွှေးပင် တယုတယ ဆွဲပေးခဲ့ဖူးပြီး ကမ္ဘာပေါ်မှာ သူမကသာ အလှပဆုံးနှင့် အမွန်မြတ်ဆုံးဟု ပြောခဲ့သည်။ ထိုစဉ်က ချိုသာသောစကားများ အမြဲဆိုခဲ့ဖူးသော သူသည် ယခု သူမအား ပစ်ထားတာကြောင့် ရှဲ့မိသားစု၏ အစေခံများ၏ စော်ကားခြင်းကို ခံနေရပြီဖြစ်သည်။ သူမတို့၏ အတိတ်က ချစ်ခြင်းမေတ္တာများအားလုံးမှာ တိမ်တိုက်တစ်ခုလိုပင်။


သူ့ကိုတွေ့ချိန်မှာ၊သူသည် ပညာတတ် သခင်လေးများနှင့် ကဗျာရွတ်နေသည်။  ငွေမျက်နှာဖုံးကို ဝတ်ဆင်ထားသော်လည်း သူ၏ အရှိန်အဝါကာလင်းဖြာနေဆဲပင်။ သူမ ရောက်လာမည်ဟု သူ မျှော်လင့်ထားပုံမပေါ်ပေ။ အချိန်အတော်ကြာ အံ့အားသင့်သွားပြီးနောက် သူမရှေ့ကို လျှောက်လာပြီး ထူးဆန်းနေဟန်ဖြင့် ကြည့်နေတော့သည်။ သူ့ကိုယ်သူ အပြစ်ရှိသလိုပုံပေါ်ကာ၊ စိတ်ဆိုးနေပုံလည်း ပေါက်သလို ရှက်ရွံ့နေဟန်လည်း ပေါက်နေသည်။


 "ယွင်နျန်း မြို့တော်ကို ဘယ်လိုရောက်လာတာလဲ"


 ဟုတ်ပါတယ်၊ ခရီးသွားခွင့်လက်မှတ်မရှိတဲ့ သူမ ၊ငွေလည်း မရှိတဲ့ သူမက  မြို့တော်ကို ဘယ်လိုရောက်လာတာလဲ။


ယွင်နျန်းက ရှဲ့ချီလင်းကို လှောင်ပြောင်ရင်း "သခင်လေး ကျွန်မက မိန်းမပဲလေ၊ ဘာလုပ်နိုင်မယ်လို့များ ထင်ထားသလဲ"  


ထိုသို့ပြောပြီးနောက် ရှဲ့ချီလင်း၏ မျက်နှာသည် ပို၍ပင် မည်းမှောင်လာသည်ကို သူမ တွေ့လိုက်ရသည်။ထို့နောက် တခြားသူများက သူမကို တွေ့မှာ စိုးရိမ်ပုံပေါ်ပြီး ချောင်ကျသည့် နေရာကို ခေါ်သွား၏။


 "ယွင်နျန်း ကိုယ် တောင်းပန်ပါတယ်"  


ထို့နောက် သူက သူမကို အိတ်တစ်လုံးပေးလိုက်သည်။ အထဲမှာ ငွေတုံးအမြောက်အမြားရှိပြီး ချက်လက်မှတ်အချို့လည်း ပါသည်။ဤငွေများနှင့်ဆို သူမအတွက် နှစ်ပေါင်းများစွာ သက်တောင့်သက်သာ နေနိုင်လောက်သည်။  မြို့တော်မှာလည်း ခြံဝင်းသေးသေးလေး ဝယ်၍ရသည်။


 "ရှဲ့မိသားစုရဲ့ ဒုတိယမြောက်သခင်ဖြစ်ရတာ ပိုကောင်းသားပဲ" ယွင်နျန်းက အိတ်ကိုယူရင်း ပြုံးကာ "ဒီအိတ်ထဲမှာ ငွေတုံးဒါဇင်နဲ့ချီပြီး ပါတယ်၊ အရင်က ကျွန်မလို အသုံးမကျတဲ့မိန်းမတစ်ယောက်ကို ရှာဖွေကျွေးရတုန်းက ဒီလို မဟုတ်ဘူးလေ၊ရှင့်ပန်းချီကားလေး တစ်ချပ်ရောင်းရဖို့ ခယပြီးလူတွေကို အသနားခံခဲ့ရတာ"


"ယွင်နျန်း.."


 " ဒုတိယသခင်ငယ်လေးရှဲ့...ဒီထက်ပိုပြောနေစရာ မလိုပါဘူး၊ ယွင်နျန်းဟာ ​​နိမ့်ကျတဲ့မိန်းမတစ်ယောက်ဖြစ်ပေမယ့် သိက္ခာ၊ တရားမျှတမှု၊ သမာဓိနဲ့ အရှက်ဆိုတဲ့ စကားလုံးလေးလုံးကို ဘယ်လိုရေးရမလဲဆိုတာ ကောင်းကောင်း သိတယ်၊ ကျွန်မကို ပျော်ရွှင်စရာ အိပ်မက်တစ်ခု ပေးလို့ ကျေးဇူးတင်ပါတယ်၊အခု အိမ်မက်ကနိုးလာပြီဆိုတော့ ကျွန်မ ကိုယ့်နေရာကို  ပြန်သွားသင့်တယ်"


 "မင်း ဘယ်သွားမလို့လဲ၊ မင်း မြို့တော်မှာ အားကိုးစရာမရှိဘူးလေ၊ မင်းနေဖို့ နေရာတစ်ခု စီစဉ်ပေးပါ့မယ်..."


ယွင်နျန်းက လှောင်ပြောင်ရင်း


"အိုးဟိုး... သခင်လေးရှဲ့ ကျွန်မကို ဇနီးတော်မလို့လား...ရှင် ယွင်နျန်းနဲ့ ခိုးပြေးပြီးသွားလို့ ရှင့်ရဲ့စေ့စပ်ထားတဲ့မိန်းကလေးနဲ့လည်း ဇာတ်လမ်းပြတ်ရပြီးပြီ၊အခုလည်း ရှင့်ရဲ့ အနာဂတ် ဇနီးကိုပါ ပြစ်မှားမှာလား... သခင်လေးရှဲ့က ဆန္ဒရှိရင်တောင်မှ ယွင်နျန်းကတော့ လိုက်မှာမဟုတ်ဘူး... ယွင်နျန်းက အမှားကို တစ်ကြိမ်ပဲ လုပ်တယ်၊ ဒုတိယအကြိမ် မလုပ်ဘူး"


ရှဲ့ချီလင်းသည် ယွင်နျန်းကို မှင်တက်စွာ ကြည့်နေသည်။ သူမ ယခုလို ပြောမည်ဟု မထင်ထားချေ။ခဏအကြာတွင် သူက "ဟုတ်တယ် အရင်ကကိစ္စတွေက မင်းနဲ့မဆိုင်ဘူး၊ ဒါ ငါ့အမှားပဲ၊ မင်းငါ့ကို စိတ်ဆိုးနေစရာ မလိုဘူး၊ မင်းအခြေချနေထိုင်ဖို့ နေရာရှာပေးချင်တယ်၊ ငါ့မှာ မင်းကို ဇနီးတော်ဖို့ ရည်ရွယ်ချက်လည်းမရှိဘူး၊အခု မြို့တော်မှာ မင်းရဲ့ဆွေမျိုးလည်း မရှိဘူး၊ မင်းကို ငါ ဘယ်လိုလုပ် တစ်ယောက်တည်း ထားနိုင်မှာလဲ"


 "သခင်လေးက ဒီလို ရည်ရွယ်ချက်တွေ မရှိဘူးဆိုရင်တောင် လူတွေက ပြောကြမှာပေါ့...ရှင့်ရဲ့ အနာဂတ် ဇနီးက နားလည်မှု မလွဲဘူးဆိုတာ ဘယ်သူက အာမခံနိုင်မှာလဲ" 


ယွင်နျန်း ညင်သာစွာ ရယ်မောလိုက်သည်။ သူမကိုယ်သူမ ရယ်ခြင်းပေလား၊ ရှဲ့ချီလင်းကို ရယ်နေသလား မသဲကွဲပေ။


 " ရွှယ်ကျိုးမှာ ကျွန်မ တစ်ယောက်တည်း နေလာတာ နှစ်နှစ်နီးပါးရှိပြီ၊ ကျွန်မ အဆင်ပြေတာပဲ မဟုတ်လား..နောက်ပြီး မိန်းမတစ်ယောက်ရဲ့ နှလုံးသားက အရမ်းနူးညံ့တယ်၊ သခင်လေး  ကျေးဇူးပြုပြီး အနာဂတ်ဇနီးကို ဂရုစိုက်ပါ"


 "ဒါဆို ဘယ်သွားမလို့လဲ"


 "ကျွန်မ ဘယ်ကပဲ လာလာ၊ အခု ကျွန်မ နေတဲ့နေရာကို ပြန်တော့မယ်" ယွင်နျန်းက သူမလက်ထဲမှ အိတ်ကို ဖျစ်ညှစ်လိုက်ပြီး "ကျွန်မက ဘယ်သူမဆိုသုံးတဲ့ ခေါင်းအုံးပဲ၊ ဘယ်သူမဆို အရသာခံကြည့်နိုင်တဲ့သူပဲ... သခင်လေးက ကျွန်မကို ​ပျော်​ရွှင်စရာကောင်းတဲ့ အိမ်​မက်​​လေး ပေးခဲ့တယ်၊ အခု ကျွန်မ အိမ်မက်ကနေ နိုးလာပြီဆိုတော့ ကျွန်မတစ်ယောက်တည်း ရှင်သန်ရတော့မှာ" 


 "သခင်လေး ကျွန်မ နှုတ်ဆက်လိုက်တယ်၊ ရှင် ကျန်းမာပြီး ချမ်းသာတဲ့ဘဝမျိုးကို တစ်သက်တာလုံး ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပါတယ်"


 "ယွင်နျန်း" ရှဲ့ချီလင်းသည် ယွင်နျန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။


ယွင်နျန်းက သူ့ကို လှည့်ကြည့်လိုက်သည်။ "သခင်လေး ယွင်နျန်းနဲ့ မခွဲနိုင်တော့ဘူးလား၊အခုကျမှ သခင်လေးက  ယွင်နျန်းကို ကိုယ်လုပ်တော်အဖြစ် အိမ်တော်ထဲကို ခေါ်သွားချင်တာလား"


ရှဲ့ချီလင်း၏ လက်သည် ထိုစကားကြောင့် ချက်ချင်း ပြေလျော့သွားသည်။ ထို့နောက် သူက ယွင်နျန်းကို အပြစ်ရှိသလိုကြည့်ပြီး "တောင်းပန်ပါတယ် ယွင်နျန်း"


 "သခင်လေးရှဲ့ ထပ်ပြောစရာ မလိုတော့ဘူး"


ယွင်နျန်း ခေါင်းငုံ့ပြီး ရှုံ့တွနေသည့် အဝတ်အစားများကို ကြည့်လိုက်၏။ သူမသည် ဤအဝတ်အစားများကို ယနေ့မှ တမင်တကာ ဝတ်လာခြင်းဖြစ်သည်။ဂါဝန်အောင်ပိုင်းတွင် သူနှစ်သက်သော ကြာပန်းပုံလေးဖြင့် ချည်ထိုးထားသည်။ သို့သော် သူကတော့ သတိထားမိပုံမပေါ်ချေ။


" သခင်လေးက ယွင်နျန်း အပေါ် အပြစ်ရှိတယ်လို့ ခံစားရရင် ယွင်နျန်းရဲ့ မေးခွန်းကို ဖြေပေးပါ"


 "မေးပါ"


 "ရှင် ယွင်နျန်းနဲ့  ခိုးပြေးတာဟာယွင်နျန်းကို ချစ်လို့လား"


ရှဲ့ချီလင်း တိတ်ဆိတ်နေပြီး စကားမပြောပေ။


 "ကျွန်မ နားလည်ပါတယ်"


တုကျိုးကိုပြန်တွေ့လျှင် သူမစိတ်ထဲမှာ ဖုံးကွယ်ထားသည့် အမှတ်တရများ ပေါ်လာသည်။သူမက ဘာမှမဖြစ်သလို ပြုံးပြီး ပန်းမိသားစု၏ တံခါးဝမှ ကမ္ပည်းပြားကို ကြည့်လိုက်သည်။


"ကျွန်မ တခြားဘာမှ မဆိုလိုပါဘူး၊ ဒီနေ့ မြို့စားမင်းနဲ့တွေ့ဖို့ ကံကြမ္မာက ဖန်တီးလာတော့ မြို့စားမင်းကို ကျေးဇူးတင်ချင်လို့ပါ"


 “နောက်ပြီး ...ပန်းဟွာကျွင်းကျူးက အရမ်းစိတ်ကောင်းရှိပါတယ်၊ မြို့စားမင်း သူ့ကို ကောင်းကောင်းဆက်ဆံပါ"


 သူမအတွက်၊ ကျေးဇူးတင်ရမည့် တစ်ခုတည်းသောအရာမှာ၊ပန်းဟွာ မိန်းမကောင်းတစ်ဦးနှင့် တွေ့ဆုံရခြင်းဖြစ်သည်ကို မည်သူမျှ မသိခဲ့ပေ။ပန်းဟွာကသာ သူမအပေါ် ရက်စက်ပါက၊ ခေါင်းဖြတ်ခံရသည်မှာ ကြာပြီဖြစ်သည်။ဒီနေ့အထိ သူမ ဘယ်လို အသက်ရှင်နေလိမ့်မလဲ။


 သူမနှင့် ရှဲ့ချီလင်းတို့ ကြာရှည်မြဲမည်မဟုတ်ကြောင်း ပန်းဟွာကျွင်းကျူးသည် တစ်ကြိမ်ထက်မက တွေးခဲ့ဖူးပုံရသည်။ ထို့ကြောင့် သူမကို မမုန်းရုံသာမက ငွေတစ်ထောင်တောင် ပေးခဲ့သည်။


ထိုငွေကြောင့် သူမ မြို့တော်ကို လာပြီး၊သူမဘဝကို ကမောက်ကမဖြစ်စေအောင် လုပ်ခဲ့သည့် ယောက်ျားကို မြင်တွေ့ခွင့်ရခဲ့သည်။


 ချောင်း....


ထိုစဉ် တံခါးပွင့်လာပြီး ပန်းဟမ် ထွက်လာခဲ့သည်။ သူ့အိမ်ရှေ့မှာ လူအများကြီး ရပ်နေသည်ကို တွေ့လိုက်ရသော်၊သူ နားမလည်နိုင်စွာဖြင့် ရုံရှားကို ကြည့်နေ၏။


ပန်းမိသားစုရဲ့ တံခါးဝမှာ လာပြီး ရုံရှားက မိန်းမတစ်ယောက်နဲ့ ပရောပရည်လုပ်နေတာလား...သူ့ကိုယ်သူ ဒုက္ခရောက်အောင် လုပ်နေတာလား။


 "ဘာလို့ တံခါးပိတ်နေတာလဲ၊ နင် အပြင်သွားမှာလား၊ မသွားဘူးလား"  


အနောက်မှ လျှောက်လာသော ပန်းဟွာသည် တံခါးဝတွင် ကြောင်စီစီရပ်နေသော ပန်းဟွာကို တွေ့လိုက်ရသည်။  သူမလည်း အပြင်ကို ထွက်လာရန် ပြင်လိုက်သည်။


 "အစ်မ"


ပန်းဟမ် သူမကို တားဖို့ အချိန်မရှိဘဲ သူမနောက်ကို ပြေးလိုက်ရုံသာ လိုက်နိုင်ခဲ့သည်။


ပန်းဟွာသည် အိမ်ရှေ့တွင် လူအများအပြား ရပ်နေသည်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားသည်။  သို့သော် သူမ ပထမဆုံးတွေ့လိုက်ရသူမှာ ရုံရှား မဟုတ်ဘဲ ယွင်နျန်း ဖြစ်သည်။


 "အို နင်ပါလား..." 


ပန်းဟွာက ယွင်နျန်းကို အံ့သြစွာကြည့်သည်။ နှစ်နှစ်ကြာပြီးနောက် ယွင်နျန်း၏ မိတ်ကပ်အပြင်အဆင်တို့သည် ယခင်ကထက် ပိုမိုတောက်ပလာသော်လည်း၊ ပန်းဟွာ သူမကို ချက်ချင်း မှတ်မိသည်။


 "ကျွင်းကျူး" ယွင်နျန်းက ပန်းဟွာအား ရိုသေစွာ ဦးညွှတ်ပြီး "ချမ်အမ်မြို့စားမင်းကို လမ်းမှာတွေ့လို့ ကျွန်မကို အရင်ကူညီခဲ့တာမို့ ကျေးဇူးတင်စကယး ပြောဖို့ ဝေါယာဉ်ပေါ်ကနေ ဆင်းလာခဲ့တာပါ"  


ထိုအခါမှ ပန်းဟွာသည် ရုံရှားကို သတိထားမိလိုက်သည်။ သူမ ကောင်းကင်ကို မော့ကြည့်လိုက်ရင်း


 "ညနေစောင်းနေပြီ၊ ထမင်းစားပြီးပြီလား"


ပနိးမိသားစုအတွက်၊ ထမင်းစားပြီး မပြီးဆိုသည်က အလွန်အရေးကြီးသောမေးခွန်းဖြစ်သည်။


ရုံရှား မြင်းပေါ်မှဆင်းပြီး ပန်းဟွာ ရှေ့မှာ ရပ်လိုက်၏။


"ကိုယ် ဗိုက်မဆာပါဘူး၊ မင်းကို ဒုက္ခပေးဖို့ လူတစ်ယောက်လာနေတယ် ကြားလို့ ကြည့်ဖို့ လာခဲ့တာ"


ပန်းဟွာ ခဏတာ အံ့အားသင့်သွားသည်။ ထို့နောက် ရုံရှားက ဘယ်သူ့အကြောင်း ပြောနေမှန်း သူမ သိလိုက်ရပြီး ချောင်းဟန့်လိုက်ရင်း 


 "ကျွန်မ သူ့ကိုမတွေ့ဘူး၊ သူ့ကို ယန်မိသားစုက ခေါ်သွားတာ"


ရုံရှားက ပြုံးပြီး "သိပါတယ်"


 သို့သော်လည်း သူ၏ နူးညံ့သော အပြုံးသည် ယခုအချိန်တွင် ပန်းဟွာ၏ အာရုံကို မဆွဲဆောင်နိုင်ခဲ့ပေ။ သူမ၏ အာရုံက ယွင်နျန်းဆီမှာသာ ရှိသည်။သူမက ယွင်နျန်းဘက်သို့ လျှောက်သွားကာ ဝေါယာဉ်ကို ကြည့်လိုက်သည်။ 


  “နင်… ဘယ်တုန်းက မြို့တော်ကို ပြန်ရောက်တာလဲ"


 "မနှစ်တုန်းက" 


မြို့စားမင်းရုံခမျာ သူမကြောင့် ပြတင်းပေါက်တိုင်နှင့် ရိုက်ခံရလုနီးပါး ဖြစ်ရသည်ကို မပြောခဲ့ဘဲ  သူမက "အားလုံးအဆင်ပြေပါသလား ကျွင်းကျူး" 


 "အားလုံးအဆင်ပြေပါတယ်" 


ပန်းဟွာသည် ရှဲ့ချီလင်းနှင့် ယွင်နျန်းတို့ ထွက်ပြေးသွားပြီးနောက် ဖြစ်ပျက်ခဲ့သည့်အရာများကို တွေးတောနေခဲ့သည်။ ထို့နောက် သူမ သက်ပြင်းချလိုက်ပြီး 


"နင် ပြန်မလာသင့်ဘူး"


 "ယွင်နျန်းက မြို့တော်မှာကြီးပြင်းလာတာပါ၊တခြားနေရာတွေက ကောင်းပေမယ့် ကျွန်မ မွေးရပ်မြေမဟုတ်တော့ တစ်ယောက်တည်းနေရတာ အဓိပ္ပါယ်မရှိဘူး၊ ကျွင်းကျူး အဆင်ပြေနေတာတွေ့တော့ ယွင်နျန်း စိတ်သက်သာရာရပါတယ်"


ပန်းဟွာက သူမ ဘာကိုဆိုလိုမှန်းသိသည်။


 "အတိတ်က လေနဲ့တူတယ်၊ အဲဒါကို ပြောနေစရာ မလိုပါဘူး၊သူ့ဘာသာသူ နေပါလေ့စေ"


ယွင်နျန်းကလည်း ပြုံးပြီး "ဟုတ်တယ် ၊ကျွန်မကလည်း အရင်တုန်းက ဉာဏ်မမီခဲ့ဘူး၊ ကျွင်းကျူးကို အရမ်းဒုက္ခပေးခဲ့မိတယ်၊ ဒီဘဝမှာ ကျွင်းကျူးကို ပြန်မဆပ်နိုင်တော့မှာ ကြောက်မိတယ်"


 "ဒါ နင်နဲ့ ဘာဆိုင်လို့လဲ၊ ငါ့ကို သစ္စာဖောက်တဲ့ သူတွေမှာပဲ အပြစ်ရှိတာ၊နင့်မှာ ဘာလို့ အပြစ်ရှိရမှာလဲ"


ယွင်နျန်း ခေါင်းကိုမော့လိုက်ရာ မနီးမဝေးတွင် ရပ်နေသော ရုံရှားကို တွေ့လိုက်ရသည်။ ရှဲ့ချီလင်း အကြောင်းထပ်ပြောလျှင် ချမ်အမ်မြို့စားမင်းက ကျွင်းကျူးအား အထင်လွဲသွားမှာကို စိုးရိမ်မိသည်။ သို့ဖြစ်၍ သူမ အတိတ်ကို ပြန်မပြောပြတော့ပေ။  အပြင်မှာ ကောလဟာလများလည်း ရှိနေသည်။ထို့ကြောင့် ချမ်အမ်မြို့စားမင်းက ပန်းဟွာအား ကောင်းကောင်းမဆက်ဆံတော့မှာကို သူမစိုးရိမ်နေမိသည်။


 မိန်းမများသည် မယူသင့်သော ယောက်ျားမျိုးနှင့် လက်ထပ်ရမှာကို ကြောက်ကြသည်။ပန်းဟွာကျွင်းကျူး၏ ပင်ကိုယ်စရိုက်သည် ချမ်အမ်မြို့စားမင်းနှင့် အလွန်ကွာခြားသည်ဖြစ်၍၊မြို့စားမင်းက ကျွင်းကျူး၏အတိတ်ကို မနှစ်မြို့မှာ စိုးရသည်။ 


တစ်ဆက်တည်းပင်၊ သူမသည် ပြည့်တန်ဆာတစ်ယောက် ဖြစ်ခဲ့ဖူး၍  ပန်းဟွာနှင့် အချိန်အကြာကြီး ရပ်၍ စကားပြောနေပါက ပန်းဟွာကို အခြားသူများက အတင်းအဖျင်းပြောလာမည်ဖြစ်သည်။  


"ကျွင်းကျူး နောက်ကျနေပြီ၊ ကျွန်မ အခုထွက်သွားတော့မယ်"


 "နောက်ကျနေပြီ" 


ပန်းဟွာက ယွင်နျန်း၏ ဝေါယာဉ်မှာ သေးငယ်လှ၍ လူဆိုးများနှောင့်ယှက်မှာစိုးမိတာကြောင့်  အစောင့်နှစ်ယောက်ကို ခေါ်သည်။


 "သူတို့အားလုံး ပန်းမိသားစုထဲက အမှုထမ်းကောင်းတွေပဲ၊ အကျင့်လည်းကောင်းတယ်...နင့်ကို လိုက်ပို့ပေးပါလိမ့်မယ်"


ယွင်နျန်းက ဆောလျင်စွာ ခေါင်းယမ်းလိုက်ပြီး "ရပါတယ် နေပါစေ"


 "ငြင်းစရာ မလိုပါဘူး၊ ဒီအတိုင်း ပြန်သွားရင် ငါ စိတ်ပူနေလိမ့်မယ်၊ဒါဆို အဆင်ပြေပြီ”


ပန်းဟွာက တစ်ဖက်သတ်တည်း ပြောလိုက်သော်လည်း၊ ယွင်နျန်း၏ နှလုံးသားသည် နွေးထွေးသွားသည်။  သူမသည် ပန်းဟွာဘက်သို့ ဦးညွှတ်ကာ ဝေါယာဉ်ပေါ်တွင် ထိုင်နေလိုက်သည်။


ဝေါယာဉ်ထမ်းသမားများသည် မူလက ယွင်နျန်း ကဲ့သို့ ပြည့်တန်ဆာကို နှိမ့်ချလိုစိတ်ရှိသည်။ သို့သော် သူမက ပန်းဟွာကျွင်းကျူးလို မြင့်မြတ်သည့် တော်ဝင်မျိုးနွယ်နှင့် သိကျွမ်းပြီး၊ယခုလည်း သူမကို စောင့်ရှောက်ဖို့ အစောင့်အကြပ်များ စေလွှတ်လိုက်သဖြင့် သူမကို ကလန်ကဆန်မလုပ်ရဲတော့။



xxxxxx