အပိုင်း၇၆
Viewers 4k


Chapter 76


ယွင်နျန်း ထွက်သွားပြီးနောက် ပန်းဟွာသည် ရုံရှားကိုကြည့်ကာ မေးလိုက်သည်။


"ရှင်က ဘာလို့လာတာလဲ၊ရှင် ကျွန်မအိမ်မှာနေပြီး သူလျှိုလုပ်ချင်လို့လား"


 "ဟွာဟွာ့အတွက်ဆို သူလျှိုတင်မကဘူး၊ မြင်းတင်းကုပ်စောင့်တောင်   ဖြစ်လို့ရပါတယ်"

 

ရုံရှား အဝေးမှ ဝေါယာဉ်‌ကိုတစ်ချက်ကြည့်လိုက်သည်။ဘာကြောင့်မှန်းမသိပေမယ့် ယွင်နျန်းလို့ခေါ်တဲ့ ဒီမိန်းကလေးက လမ်းဖြတ်သွားရုံ လာတာ မဟုတ်ဘူးလို့ ခံစားရတယ်၊ ဟွာဟွာကိုရှာဖို့ ရောက်လာတာများလား...


ဒါပေမယ့် ဟွာဟွာကိုတွေ့ပြီးနောက် သူမဘာကြောင့် ဘာမှပြန်မပြောဖြစ်တာလဲ။သူ ရှိနေလို့လား...

 

"ဟင်း...ရှင့်လို လူကြီးလူကောင်းတစ်ယောက်ကိုသာ အိမ်မှာအမှုထမ်း လုပ်ခိုင်းရင် ကျွန်မကို သူများတွေ ဝိုင်းကဲ့ရဲ့ကြပါလိမ့်မယ်"


ပန်းဟွာက ရုံရှား၏ မြင်းလည်ဆံမွှေးကို ပွတ်သပ်ပြီး ပြောလိုက်သည်။


"မြန်မြန်ပြန်ပါ၊ မနက်ဖြန်က ဒုတိယမင်းသားရဲ့ မင်္ဂလာပွဲလေ၊ မနက် အစောကြီး နန်းတော်ထဲသွားရမယ်၊ ဒီည စောစောအိပ်ပါ"


 "ကောင်းပါပြီ" 


ရုံရှား ပြုံးလိုက်သည်။ သူက ယန်ကျန်း အကြောင်းကို တစ်ခွန်းတစ်ပါဒမှ မပြောခဲ့သလို ပန်းဟွာကလည်း သူ့ကို ဘာမှ မရှင်းပြခဲ့ချေ။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးနေကြသည်။


ပန်းဟွာက ရုံရှား၏ မြင်းလည်ပင်းကို ပုတ်ပြီး "မြင်းကောင်းပဲ..သူ့မှာနာမည်ရှိလား" 


"မရှိသေးဘူး" 


ရုံရှား၏မြင်းသည် စွံပလွံသီးအနီရောင်ဖြစ်သည်။မြင်း၏နဖူးပေါ်တွင် အဖြူရောင်အမွေးတစ်စု ရှိနေသည်။မြင်းမွေးများက တောက်ပြောင်ပြီး မျက်လုံးများကလည်း တောက်ပနေကာ ခွာများကလည်း သန်မာသည်။ရှားရှားပါးပါး မြင်းကောင်းတစ်ကောင်ပင်။


မြင်းသည် ပန်းဟွာကို ပွတ်သပ်ကာ တရင်းတနှီးရှိလှ၏။ ရုံရှားသည် ဒေါသကြီးတတ်သော သူ့မြင်းက ပန်းဟွာ နှင့် အလွန်ခင်မင်ရင်းနှီးနေသည်ကို မြင်လိုက်ရသဖြင့်


 "သူ့ကို မင်း နာမည်ပေးကြည့်ပါလား" 


"သူ့မှာ အနီရောင်အမွှေးတွေ ရှိတာဆိုတော့......." 


ဘေးမှာရပ်နေသော တုကျိုး ချက်ချင်း သူ့နားရွက်ကိုသူ ထိလိုက်မိသည်။ဤမြင်းသည် ရှားပါးသော ဧကရာဇ်ရတနာ မျိုးကောင်းမျိုးသန့်ဖြစ်သည်။သူ့ကို အလွယ်တကူ နာမည်တစ်ခု ပေး၍မရပေ။


"သူ့ကို ကိတ်မုန့်ဖြူ‌လေးလို့ ခေါ်ရအောင်" 


မြင်းက အမွေးနီပါတယ်ဆို.... ဘာလို့ ကိတ်မုန့်ဖြူ‌လေးလို့ ခေါ်ရမှာလဲ...ဖြစ်သင့်တာက ကိတ်မုန့်နီလေး ဒါမှမဟုတ် စွံပလွံသီးလေးလို့ပဲ မခေါ်သင့်ဘူးလား။ မဟုတ်ဘူး၊ ဒီလို ကြီးကျယ်ခမ်းနားတဲ့ မြင်းတစ်ကောင်ကို ဘာလို့ ဒီလောက် သာမာန်ဆန်တဲ့ နာမည်မျိုး ပေးရတာလဲ။ 


"ဘာလို့ ဒီနာမည်ကို တွေးမိတာလဲ" 


ရုံရှားသည် သူ၏ချစ်လှစွာသောမြင်းကို ဤကဲ့သို့ ပေါ့ပေါ့ပါးပါး နာမည်ပေးမည်ဟု မမျှော်လင့်ထားပေ။သူ့မြင်းကလည်း အကင်းမပါးစွာပင် ပန်းဟွာ၏လက်ကို ခေါင်းနှင့်အတင်း တိုးဝှေ့ပွတ်သပ်နေသေး၏။မြင်းပိုင်ရှင်တစ်ဦး၏ လေးနက်ပြီး တာဝန်ယူမှုရှိသော သဘောထားကြောင့် သူ့မြင်းအတွက် သာမာန်နာမည်မျိုး မပေးရအောင် ကြိုးစားချင်သေးသည်။  


ပန်းဟွာက မြင်းလည်ပင်းကို ညင်သာစွာ ကိုင်လိုက်ပြီး


"သူ့တစ်ကိုယ်လုံးက နီနေပေမယ့် နဖူးပေါ်က ဆံပင်ဖြူတွေက အတောက်ပဆုံးပဲလေ...ဒါကြောင့် သူ့ကို ကိတ်မုန့်ဖြးလေးလို့ ခေါ်တာ သင့်တော်ပါတယ်" 


ရုံရှား တစ်ခုခုပြောဖို့ပြင်သော်လည်း နောက်ဆုံးတော့ ခေါင်းညိတ်လိုက်သည်။ 


"မင်းပြောတာမှန်တယ်၊ ဒီနာမည်က တကယ်သင့်တော်ပါတယ်" 


တုကျိုး : "ဟင်... သူတို့နှစ်ယောက်က ဘာဖြစ်နေတာလဲ....."


"မင်းက မြင်းတွေကို အရမ်းကြိုက်တာပဲလား" 


ရုံရှားသည် မြင်းပေါ်တွင် အာရုံစူးစိုက်မှုအပြည့်ရှိသော ပန်းဟွာကို မြင်လိုက်ရသဖြင့် မြင်းပေါ်ကို မှီပြီး သူမကို ငုံ့ကြည့်လိုက်သည်။


"ကိုယ့်အိမ်မှာ ဒီလိုမျိုး မြင်းတစ်ကောင်ရှိသေးတယ်၊ မနက်ဖြန် မင်းဆီ ပို့ပေးလိုက်မယ်လေ" 


ပန်းဟွာက ခေါင်းခါလိုက်ပြီး 


"ဟင့်အင်း....အဲ့ဒီအကောင်ကို ကိတ်မုန့်ဖြူ‌လေးရဲ့ အဖော် အဖြစ်ထားလိုက်လေ၊ ကိတ်မုန့်ဖြူ‌လေးနဲ့ အတူ အဖော်ပြုဖို့  အဲ့ဒီမြင်းကို ရှင့်အိမ်မှာ ထားလိုက်တာပဲ ပိုကောင်းပါတယ်၊ ကျွန်မမှာ ကိုယ်ပိုင်မြင်းရှိတယ်၊ကျွန်မ ငယ်ငယ်ကတည်းက မြင်းတွေကို အရမ်းချစ်တော့ အရမ်းလှတဲ့ မြင်းကိုမြင်ရင် ထိချင်ကိုင်ချင်တာလေ"


ငယ်ငယ်တုန်းကတည်းက သူမ၏အဖိုးသည် မြင်းစီးတိုင်း သူမကို ခေါ်သွားသည်။စစ်မြေပြင်အကြောင်းနှင့် စစ်ဗိုလ်ချုပ်များ၏ မြင်းကောင်းမျိုးသန့်များကိုလည်း သူမအား ပြောပြတတ်သည်။ ရလဒ်အနေဖြင့် သူမသည် ငယ်စဉ်ကတည်းက မြင်များကို သူမ၏ အဖော်အဖြစ်ထင်မြင်လာခဲ့၏။မြင်းများ အသက်ကြီးလာလျှင်တောင် ကောင်းကောင်း ဂရုစိုက်ပေးသည်။ အစားထိုးဖို့ နေနေသာသာ စွန့်တောင် မစွန့်ပစ်ရက်ပေ။ 


ရုံရှားသည် ပန်းဟွာက မြင်းဖြူစီးလေ့ရှိသည်ကို သတိရမိကာ... "မင်းအိမ်က မြင်းက မြင်းဖြူလား" 


"ဟုတ်တယ်၊သူ့နာမည်က မဟူရာကျောက်လို့ ခေါ်တယ်၊ ဧကရာဇ်က ပေးထားတာ" 


"မဟူရာကျောက်" 


ရုံရှား မရယ်ဘဲ မနေနိုင်တော့။ မြင်းဖြူတစ်ကောင်ကို မဟူရာကျောက်စိမ်းလို့ ခေါ်တာလား။ 


"အင်း ဟုတ်တယ်၊ သူ့မျက်လုံးတွေက မဟူရာကျောက်လိုပဲ အရမ်းလှတာကိုး..."


ပန်းဟွာက ချစ်ရသည့်မြင်းအကြောင်းပြောနေရင်း ဂုဏ်ယူသည့်ဟန်ပန်မျာမျက်နှာထက်မှာ ထင်ဟပ်ပေါ်လွင်နေသည်။


"နောက်ဆို အခွင့်အရေးရရင် ရှင်နဲ့ ပြိုင်စီးချင်ပါသေးတယ်"

 

"ကောင်းပြီ" ရုံရှားက သဘောတူလိုက်သည်။ 


တုကျိုး : 'ကိုယ့်မြင်းဖြူကိုကျ မဟူရာကျောက်လို့ခေါ်ပြီး သူများရဲ့ မြင်းနီကို ကိတ်မုန့်ဖြူ‌လေးလို့ ခေါ်ရသလား.  


ထို့နောက် ပန်းဟွာသည် လက်ကို မြင်းပေါ်ကနေ ဖယ်လိုက်ပြီး " ကောင်းပြီ၊ ရှင် ပြန်လို့ရပြီ" 


ရုံရှားသည် ပန်းဟွာကို စေ့စေ့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများမှာ ရေကန်ငယ်တစ်ခုကဲ့သို့ ကြည်လင်တောက်ပနေသောကြောင့် သူ အကြည့် မခွာနိုင်လောက်အောင်ပင်။ သို့သော် ဤကြည်လင်သော မျက်လုံးတစ်စုံတွင် တွန့်ဆုတ်ခြင်း၊ လွမ်းဆွတ်ခြင်း မရှိ။


သူ့ကို ချစ်နေတာလည်းမဟုတ်၊မုန်းနေတာလည်းမဟုတ်...သူမ အကြိုက်ဆုံး အဆင်တန်ဆာ သို့မဟုတ် လှပသော ဒေါင်းတစ်ကောင်ကို ကြည့်နေသကဲ့သို့ မက်မောမှုများဖြင့်သာ သူ့ကို ကြည့်နေသည်။သူမ၏ မျက်ဝန်းထဲက ပျောက်ဆုံးနေသော ခံစားချက်မှာ  ယောက်ျားနှင့်မိန်းမကြားတွင် ရှိသင့်သော ချစ်ခြင်း မေတ္တာဖြစ်သည်။ 


"နှုတ်ဆက်ပါတယ်" 


"ကောင်းပြီ...ဂရုစိုက်ပါ" 


ပန်းဟွာက ပြုံးပြီး ရုံရှားကို လက်ဝှေ့ယမ်း၍နှုက်ဆက်၏။


မြင်းခွာသံများ ကြားရပြီး ရုံရှား ပျောက်ကွယ်သွားလျှင် ပန်းဟွာသည် ပန်းဟမ် ဘက်လှည့်လိုက်သည်။


 "ငါတို့လည်ူ ပြန်ကြရအောင်" 


"အစ်မ၊ ကျွန်တော်တို့ ဗီလာကို မသွားဘူးလား" 


ပန်းဟမ်သည် မူလက ပိုက်ဆံအနည်းငယ် ထပ်မံမြှုပ်နှံဖို့ တွေးထားသော်လည်း ရုံရှားနှင့် မမျှော်လင့်ဘဲ တွေ့ရခြင်းဖြစ်သည်။ 


ပန်းဟွာက ကောင်းကင်ကို မော့ကြည့်ရင်း "ဟင့်အင်း...မှောင်နေပြီ၊ နောက်တစ်ခါမှပေါ့"


 "ကောင်းပြီလေ"  


ပန်းဟမ် အနည်းငယ် စိတ်ပျက်သွားသည်။ ရတနာများ နှစ်ခါမြှုပ်ပြီးနောက်မှာ ထိုသို့မြှုပ်နှံရခြင်းကို သူ သဘောတွေ့လာခဲ့သည်။ 


နန်းတွင်း အရာရှိ မှူးမတ်များနေထိုင်ရာ နေရာသည် ယွင်နျန်း နေထိုင်သည့် နေရာနှင့် အတော်လေးဝေးသည်။သူမ၏ နေရာသို့မရောက်ခင် ကောင်းကင်က မှောင်နေပြီဖြစ်သည်။


 မီးနီရပ်ကွက်ကို နီးလာလေလေ ဖြတ်သွား ဖြတ်လာများ၏ ပုံစံက ကလေကချေဆန်လာကြသလိုပင်။  တစ်ခါတစ်ရံတွင် ဆိုးသွမ်းသော အရက်သမားများနှင့် တွေ့ကြုံရတတ်သောကြောင့် သတိထားရသည်။  


ဝေါယာဉ်က လမ်းကြားထဲသို့ ဝင်လိုက်သည်နှင့် ရှုပ်ပွပြီး ဖရိုဖရဲဖြစ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ထွက်လာသည်။ သူသည် ယိုင်တိယိုင်ထိုး လမ်းလျှောက်ရင်း၊ အစိုးရ၏ မတရားမှုများကို ညည်းညူနေသလိုမျိုး၊ သို့မဟုတ်လည်း သူ၏ သူငယ်ချင်းများနှင့် ဆွေမျိုးများကို ကျိန်ဆဲနေသလို  နှုတ်က ပွစိပွစိရေရွတ်နေလေသည်။ ထိုသူသည် ခြေလှမ်းမမှန်ဖြစ်နေသဖြင့် ဝေါယာဉ်ထမ်းသမားနှင့်တိုက်မိကာ မြေပြင်ပေါ်သို့ သုံးလေးပတ် လိမ့်သွား၏။ထိုစဉ် လူတစ်ယောက် သူ့ရှေ့ကို လာပြီး ဖျာကနဲလင်းသွားသည့် ဓားကြီးကို ဆွဲထုတ်ကာ သူ့လည်ပင်းဆီသို့ ချိန်ရွယ်လေတော့သည်။သူ အသံမထွက်‌ရဲအောင် ကြောက်သွားရလေသည်။


တယဲ့မင်းဆက်တွင်၊ လမ်းပေါ်၌ လက်နက်ကိုင်ဆောင်နိုင်သူများသည် စစ်သည်များ၊ ဘုရင့်ဘက်တော်သားများနှင့် အဆင့်မြင့်မှူးမတ်များကဲ့သို့ အာဏာရှိသူများဖြစ်သည်။ သာမာန်လူတစ်ယောက်သာ လမ်းပေါ်မှာ ဓားကိုင်ဝံ့လျှင် ခြေလှမ်းနှစ်ဆယ် ပြည့်အောင်မလှမ်းနိုင်ခင် တရားရုံးဆီ ခေါ်သွားလိမ့်မည်ဖြစ်သည်။


ထိုဝေါယာဉ်ပေါ်တွင် ထိုင်နေသူသည် မှူးမတ်တစ်ယောက်ယောက်ဟု ထင်လိုက်သောကြောင့်၊သူ ပါးစပ်ကိုပိတ်ကာ ငြိမ်နေလိုက်၏။သူတို့ဝေါယာဉ်ထွက်သွားမှသာ သူက အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။


"ပြည့်တန်ဆာတစ်ယောက်ပဲဟာကို ဘာများ ကောင်းနေလို့လဲ..ငါသာ ထိပ်တန်းပညာရှင်ဖြစ်လာရင် မင်းသမီးနဲ့တောင် လက်ထပ်နိုင်သေးတယ်၊ စာအုပ်တွေမှာ ကိုယ်ပိုင်အလှရှိတယ်၊ မိန်းမတွေမှာ ကောင်းတဲ့အရာ မရှိဘူး..." 


သူ တဖျစ်ဖျစ်ရေရွတ်ရင်း မြေကြီးပေါ်က ကုန်းရုန်းထကာ ခန္ဓာကိုယ်မှ ဖုန်မှုန့်များကိုပင် မသုတ်ဘဲ ဆက်လျှောက်သွားသည်။


ထိုသူသည် လူသူကင်းမဲ့သော လမ်းကြားတစ်ခုသို့ လျှောက်သွားရာ အနက်ရောင်ဝတ် လူနှစ်ဦးက ခပ်ဝဝ အမျိုးသားတစ်ဦး၏ ဗိုက်အား ဓားဖြင့် ထိုးနေသည်ကို သူ တွေ့လိုက်ရသည်။ သူ ကြောက်စိတ်ကြောင့် စားသမျှအကုန်အန်ထုတ်ပစ်လုနီးပါး ဖြစ်သွား၏။သို့သော်လည်း ဓားကို ကြောက်၍ သူ မအန်မိအောင်ထိန်းထားနိုင်သေး၏။အနက်ရောင်ဝတ်ထားသူများ ထွက်သွားပြီး သိပ်မကြာခင်မှာပင်၊ သူသည် လဲလျောင်းနေသည့် လူဆီသို့ နံရံကို အားပြုကိုင်ထားရင်း တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။


ထိုစဉ် သူ ခလုတ်တိုက်မိပြီး ဘိုင်းကနဲလဲကျသွား၏။ထိုအခါ သူ့လက်မှာ မြေကြီးပေါ်က အရည်တစ်ခုခုအား ထောက်မိ၍ပေကျံသွား၏။ကြယ်ရောင်နှင့်လရောင်၏ ခပ်ဖျော့ဖျော့အလင်းကိုအားကိုးကာ သူ့လက်ကို ငုံ့ကြည့်လိုက်သည်။တစ်ဖန် အနံ့ခံကြည့်သည့်အခါ သွေးစိမ်းများဖြစ်နေတာကြောင့် တဝေါ့ဝေါ့ထိုးအန်မိလေတော့သည်။ 


 "လူသတ်မှု...လူသတ်မှု"


 "လူသတ်မှု"


 ဤသနားစရာကောင်းသော ပညာတော်သင်၏ အသံကျယ်ကြီး ကြောင့် ရာနှင့်ချီသော မီးရောင်များ ထိန်လင်းလာကာ လူများလည်း တဖွဲဖွဲရောက်လာကြ၏။


သေဆုံးသူအား အတည်ပြုကြည့်ရာ စီးပွားရေးဝန်ကြီးဌာန၏ ပဉ္စမအဆင့် အရာရှိငယ်တစ်ဦးဖြစ်ကြောင်း ပေါ်လာခဲ့သည်။ မှူးမတ်များ အပြည့်ရှိသော  မြို့တော်မှာ သူ့အဆင့်အတန်းက နိမ့်လွန်းသည်။သို့သော် သူ၏မျိုးရိုးအမည်မှာ ကျောက် ဖြစ်ပြီး၊ ကျောက်မိသားစု၏ အစွယ်အပွား ဖြစ်သည်။  သူ၏ဘိုးဘေးများသည် မျိုးဆက်ပေါင်းများစွာ မှူးမတ်များဖြစ်ခဲ့ကြသည်။


ကျောက်မိသားစု၏ အကြီးအကဲမှာ ကျောက်လီ ဖြစ်သည်။ သူ၏အကြီးဆုံးသားဖြစ်သူ ကျောက်ကျွင်းသည် စစ်ဘက်ရေးရာဝန်ကြီးဌာန၏ လက်ဝဲဝန်ကြီး၏ လက်ထောက်ဖြစ်သည်။ဒုတိယသားဖြစ်သူ ကျောက်ကျုံးမှာ ရွှယ်ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ဖြစ်သည်။ ကျောက်မိသားစုသည် မျိုးရိုးနိမ့်ကျပြီး အများအားဖြင့် မြို့တော်တွင် မထင်ရှားပေ။ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားသည့် ကျောက်မိသားစု၏ တတိယမြောက်သားကိုသာ အထူးအဆန်းလုပ်၍ ပြောဆိုကြ၏။ 


ကျောက်မိသားစု၏ တတိယသားသည် ပန်းဟွာကျွင်းကျူးနှင့် စေ့စပ်ထားသော်ငြား ငယ်ရွယ်စဉ်ကတည်းက သေဆုံးသွားခဲ့၍ ပန်းမိသားစုနှင့် အိမ်ထောင်ရေးမှာ အလိုအလျောက် ပျက်ပြယ်သွားခဲ့သည်။ နောက်ပိုင်းတွင်  ကျောက်မိသားစု၏ တတိယသား ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားခြင်းမှာ ပန်းဟွာက ဂြိုလ်ဆိုးဝင်နေသည်ဟု သတင်းပျံ့လာခဲ့သည်။ကျောက်မိသားစုကလည်း ကလေးမှာ နဂိုကတည်းက ကျန်းမာရေး မကောင်းကြောင်း၊ပန်းဟွာနှင့် ဘာမှမဆိုင်ကြောင်း ထပ်ခါတလဲလဲ ရှင်းပြသော်လည်း အတင်းအဖျင်း ပြောသူများသည် အဖြစ်သနစ်အမှန်ကို ဂရုမစိုက်ကြပေ။ ကျောက်မိသားစုသည် ပန်းမိသားစုနှင့် မျက်နှာမပျက်ချင်၍ ဤသို့ကာကွယ်ပြောဆိုနေကြသည်ဟူ၍သာ သတင်းထပ်ထွက်လာ၏။ 


ကိစ္စ တစ်ခုခု ဖြစ်လာတာနဲ့ ကာယကံရှင်တွေရဲ့ အမြင်ကို ဘယ်သူက အလေးထားလို့လဲ။ 


သေဆုံးသူမှာ ကျောက်လီ၏ ဝမ်းကွဲညီငယ် ကျောက်ကျားဖြစ်သည်။ ကျောက်ကျားသည် မည်သည့်အရာကိုမျှ အလေးအနက်ထားတတ်သူမဟုတ်။ စားလိုက်သောက်လိုက်၊ ပျော်ပါးလိုက်၊ လောင်းကစားလြပ်၍သာ အချိန်ကုန်နေသူဖြစ်သည်။ပန်းဟွိုက်မှာလည်း အလုပ်မည်မည်ရရ မရှိသော်ငြား၊ သူတို့နှစ်ယောက်က အတော်လေး ကွဲပြားသည်။ ထို့ကြောင့် နှစ်ယောက်စလုံးမှာ စရိုက်ချင်းမတူ၍ အချင်းချင်း သိပ်အခေါ်အပြောမလုပ်ပေ။


ကျောက်ကျား၏ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာနှစ်ချက်အပြင် ဝမ်းဗိုက်ရှေ့မှ နောက်ကျောအထိ ဒဏ်ရာများရရှိခဲ့သည်။ ဤသည်ကိုကြည့်၍ လူသတ်သမား နှစ်ဦးသည် အလွန်သန်မာသည်ကို တွေ့နိုင်သည်။


 အသုံးမဝင်တဲ့ သူ့လိုလူမျိုးကို သတ်ဖို့ ဘယ်သူက အများကြီး အားထုတ်ထားတာလဲ။  


မနက်ဖြန်သည် ဒုတိယမင်းသား၏ အကြိုမင်္ဂလာပွဲဖြစ်၍ မတော်တဆမှုမဖြစ်စေရန်အတွက် အကြီးအကဲတို့က  မြို့တော်တစ်ဝိုက်ကို အနီးကပ်စောင့်ကြည့်ရန် လူများ စေလွှတ်ခဲ့သည်။မင်္ဂလာပွဲအတွက် ပြင်ဆင်မှုများလုပ်နေ၍ လုပ်ကြံသတ်ဖြတ်သူများ၏ အရိပ်ကိုပင် ရှာမတွေ့ခဲ့ကြပေ။


မင်္ဂလာပွဲအား ကံဆိုးခြင်း မဖြစ်စေရန်အတွက် ဤလုပ်ကြံသတ်ဖြတ်မှုကို ခေတ္တနှိမ်နှင်းခဲ့သည်။ နောက်တစ်နေ့နံနက်တွင် မြို့တော်သည် အနီရောင်များဖြင့် ဖုံးလွှမ်းထား၏။ရှဲ့မိသားစုက ပြင်ဆင်ထားသည့် ခန်းဝင်ပစ္စည်းတို့မှာလည်း ခမ်းနားလှပေသည်။ သူတို့မိသားစု၏ အိမ်ရှေ့မှာလည်း အနီရောင်ပန်းများ ‌နီရဲနေအောင် ကြဲထားသေးသည်။ 


အပြင်မှာ သီချင်းသံကြားနေတာကြောင့် ပန်းဟွာ အိပ်ပျော်နေရာမှနိုးလာတော့သည်။သို့သော် မျက်လုံးပင်မဖွင့်ဘဲ  စောင်ကို  ခေါင်းမြီခြုံကာ ဆက်အိပ်သည်။ သို့သော်လည်း  သီချင်းပြီးဆုံးချိန်မှာ မီးရှူးမီးပန်းသံများ ဆက်တိုက် ထွက်ပေါ်လာပြန်တာကြောင့်၊ သူမ ဒေါသတကြီး ထထိုင်လိုက်ပြီး "ဘာလို့ အပြင်မှာ ဆူညံနေတာလဲကွာ...."


 "ကျွင်းကျူး မေ့သွားပြီလား...ဒီနေ့က ဒုတိယမင်းသားနဲ့ ရှဲ့မိသားစုရဲ့သခင်မလေးတို့ အကြိုမင်္ဂလာပွဲနေ့လေ"


ရူရီက လာနှိုးရင်း ကျွင်းကျူး ဒေါသထွက်သွားမိသည့်အတွက်အားနာစိတ်ဖြစ်ကာ အသံသေးသေးလေးဖြင့် ပြန်ပြောလိုက်၏။


"အသံတွေက လူတွေအများကြီး စီတန်းလှည့်လည်နေကြတာပါ...."


 "နင် မပြောပြရင် ငါမေ့နေမှာပဲ" 


ပန်းဟွာ ပုခုံးကို ပွတ်သပ်ပြီး ခေါက်ဆွဲပျော့ပျော့လေးလို ပျင်းရိငြီးငွေ့စွာ အိပ်ယာပေါ် လှဲချလိုက်၏။ 


"အိပ်ယာက မထချင်သေးဘူး"


 "ကျွင်းကျူး အိပ်ယာက မထချင်ရင်လည်း ရပါတယ်၊ကျွန်မ ကျွင်းကျူးကို မျက်နှာသစ်ပြီး ပလုတ်ကျင်းပေးပါ့မယ်၊ကျွင်းကျူးစားဖို့ မနက်စာကိုလည်း အခန်းထဲကို လာပို့ခိုင်းလိုက်မယ်လေ"


 "အင်း...."


ပန်းဟွာ ခေါင်းမထူချင်ဘဲ စောင်ပေါ်တွင်သာ ပျော့ခွေစွာ အိပ်နေသည်။


 "သတို့သားက သတို့သမီးကို ခေါ်ဖို့ လာပါပြီ"


 "သတို့သားဘယ်မှာလဲ"


သတို့သမီးကို ခေါ်ဆောင်ရန် လူအုပ်ကြီးက စီတန်းလှည့်လည်ပြီး ရှဲ့မိသားစု တံခါးဝသို့ ရောက်ရှိလာကြသည်။ထိုအခါ ရှဲ့ဝမ်ယွီကို ကြိုဆိုရန် ရောက်လာသူမှာ ဒုတိယမင်းသား မဟုတ်ဘဲ ဓလေ့ထုံးတမ်းဌာနမှ အရာရှိတစ်ဦးဖြစ်ကြောင်း လူတိုင်း သိရှိသွားကြသည်။ ထိုအခါ ရှဲ့မိသားစု၏ အပြုံးသည် ချက်ချင်းအေးစက်ကသွားကြ၏။ 


 စည်းကမ်းအရ မင်းသားတစ်ပါးသည် လက်ထပ်သောအခါ သတို့သမီးထံသို့ လူကိုယ်တိုင် လာရောက်ရန် မလိုအပ်ပေ။ သတို့သမီးအား အစောင့်အကြပ်များဖြင့် ကြိုဆိုလျှင်လည်း ရပေသည်။ သို့သော် နှစ်ယောက်လုံး မြို့တော်မှာ နေထိုင်လျှင် လူကိုယ်တိုင် လာကြို၍ရပေသည်။ အိမ်ရှေ့စံက အိမ်ရှေ့စံမင်းသမီးနှင့် လက်ထပ်တုန်းကတောင် လူကိုယ်တိုင်လာကြိုခြင်းဖြစ်သည်။


ရှဲ့မိသားစုကို အလေးမထားတဲ့ ဒုတိယမင်းသားရဲ့ ရည်ရွယ်ချက်က ဘာလဲ...




xxxxx