အပိုင်း၇၇
Viewers 4k


Chapter.77


ရှဲ့ဝမ်ယွီသည် အိပ်ဆောင်တွင် ငြိမ်သက်စွာ ထိုင်နေပြီး အပြင်မှ မီးရှူးမီးပန်း ဖောက်သံများအား နားထောင်ရင်း မင်္ဂလာဝတ်စုံကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ 


 အချိန်ကုန်တာ မြန်လွန်းနေသလိုပင်။


သူမ အချိန်အကြာကြီး စောင့်မျှော်ခဲ့ရသည့်နေ့လေးတစ်နေ့ နောက်ဆုံးတော့ ရောက်လာခဲ့လေပြီ။ သို့သော် သူမစိတ်က ရှုပ်ထွေးနေ၏။သူမကိုယ်သူမ ပျော်သလား ဝမ်းနည်းသလားပင် မသိတော့။


 "သတို့သားရောက်လာပါပြီ"


 “သတို့သမီး၏ အစောင့်အကြပ်”က အော်ပြောလိုက်သောအခါ သူမ တုန်လှုပ်သွားရသည်။အပ်တစ်ချောင်းက သူမ နှလုံးသားကို ထိုးဖောက်သွားသလို ရင်ထဲမှာ ရုတ်တရက် ဗလာဖြစ်သွားသည်။ စိတ်ပျက်သည့် ခံစားချက်ပေလား၊ ဝမ်းနည်းနေတာလား မသိ။


 သူမ လက်သီးကို ကျစ်ကျစ်ပါအောင ဆုပ်ထားသည်။ သူမ၏ လက်ချောင်းထိပ်များသည် အေးစက်နေဆဲဖြစ်သော်လည်း၊ စိတ်ထဲကမူ ယခင်ကထက် ပိုမိုရှင်းလင်းလာသည်။


 "ညီမ" 


အကြီးဆုံးသခင်လေးရှဲ့၏အသံမှာ ဒေါသစိတ်များဖြင့် ပြည့်နှက်နေသည်။ သူ ငုံ့ပြီး ရှဲ့ဝမ်ယွီကို ကုန်းပိုးလိုက်ကာ တိုးတိုးလေးပြောသည်။


 "နန်းတော်ထဲမှာ အားလုံးက ရှုပ်ထွေးတယ်၊ ညီမလေး သတိထားရမယ်၊ တစ်ခုခုလိုအပ်ရင် အစ်ကိုတို့ကို ပြောပြပါ၊ ကိုယ့်ကိုကိုယ် အရမ်းကြီး ဖိအားမပေးပါနဲ့။"


ရှဲ့ဝမ်ယွီသည် အစ်ကိုဖြစ်သူ၏ အင်္ကျီကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး အသံတိုးတိုးဖြင့် ပြန်လည်သဘောတူလိုက်သည်။


ရှဲ့မိသားစုက ဒုတိယမင်းသားနှင့် လက်ထပ်ဖို့ သဘောတူလိုက်ပြီဖြစ်သည်။ ဒုတိယမင်းသားကို စိတ်တိုင်းသိပ်မကျသော်လည်း၊ ရှဲ့မိသားစုဘက်မှ မင်္ဂလာကိစ္စကို ဖျက်ပစ်ဖို့ သတ္တိမရှိပေ။ အကယ်၍ သာမန်မိသားစုမှ မိန်းကလေးတစ်ယောက် အိမ်ထောင်ရေးညံ့ခဲ့ပါက၊ မိသားစုမှ ပံ့ပိုးပေးလျှင် မိန်းကလေးဘက်မှနေ၍  ကွာရှင်းရန် အဆိုပြုနိုင်သေးသည်။သို့သော် တော်ဝင်မိသားစုမှာ လက်ထပ်သည့် မိန်းကလေးအတွက်မူ တော်ဝင်မိသားစုဝင်အဖြစ်သာ နေထိုင်နိုင်ပြီး၊သေဆုံးလျှင်တောင် သရဲတစ္ဆေအဖြစ် နေရမည်ဖြစ်သည်။


ခြံဝင်းအတွင်းမှ ထွက်ခွာသွားသော ရှဲ့ဝမ်ယွီသည် ပတ်ဝန်းကျင်မှ ဂုဏ်ပြုစကားသံများကို ကြားခဲ့ရသော်လည်း၊ စိတ်ထဲမှာ ရှက်စိတ်တို့သာ ဖြစ်တည်နေ၏။ ဒုတိယမင်းသားသည် ကြင်ယာတော်ဖြစ်သည့် သူမကို မချစ်မနှစ်သက်ကြောင်း ကမ္ဘာပေါ်ရှိလူတိုင်း သိကြသည်။ သူမကို အိမ်တော်အထိပင် လာရောက်မကြိုဆိုသည်ကလည်း လူပြောစရာဖြစ်နေ၏။


ဤအခိုက်အတန့်ကလေးသည် သူမဘဝ၏ အရေးကြီးဆုံးအခိုက်အတန့် ဖြစ်သော်လည်း၊ သူမ အမုန်းဆုံးအချိန်ဖြစ်လာရသည်။


တစ်ကယ်တမ်းတွင်

ဒုတိယမင်းသားသည် ရှဲ့ဝမ်ယွီကို လာမခေါ်ရခြင်းမှာ သူကိုယ်တိုင် နန်းတော်မှာ မရှိနေတာကြောင့်ပင်။


အကြို မင်္ဂလာပွဲအချိန်သည် ညနေခင်းဖြစ်သည်။ သူသည် သတို့သား အဝတ်အစားများ လဲဝတ်ကာ ရှစ်ဖေးရှန့် မကြာခဏ လည်ပတ်လေ့ရှိသည့် ဝါးတောထဲသို့သွားခဲ့သည်။ ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ရန် ထွက်လာခြင်းဖြစ်ပေ၏။ သို့သော် တောထဲတွင် ရှစ်ဖေးရှန့် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။


 " ဒုတိယမင်းသား"  


ရှစ်ဖေးရှန့်သည် ယာယီမဏ္ဍပ်ပေါ်မှ မတ်တပ်ထရပ်ပြီး ဒုတိယမင်းသားကို အံ့သြစွာ ကြည့်လိုက်သည်။  


"ဒီနေ့ အရှင့်သားရဲ့ နေ့ထူးနေ့မြတ်မဟုတ်ပါဘူးလား၊ ဘာလို့ဒီကိုရောက်နေတာပါလဲ"


ကျန်းလောသည် သူ့ရှေ့မှ မိန်းကလေးကို လှမ်းကြည့်ကာ သူမ ဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်၏။


 "ကိုယ် လက်ထပ်မယ့်သူကို ကိုယ် မချစ်ဘူး၊ ဒီတော့ ဘာလို့ ပျော်ရမှာလဲ"


ရှစ်ဖေးရှန့်က ကျန်းလော၏ အကြည့်ကို ရှောင်လိုက်ပြီး သက်ပြင်းချလိုက်သည်။


 "အရှင့်သား အဲ့ဒီလိုမပြောသင့်ပါဘူး၊ရှဲ့ဝမ်ယွီ သိရင် ဘယ်လောက်ဝမ်းနည်းနေမလဲ"


 "မင်းက တခြားသူတွေအတွက်ပဲ အမြဲတွေးနေတာ၊ မင်းဘာလို့ ကိုယ့်အတွက်ကို မတွေးနိုင်တာလဲ၊ပြီးတော့ ကိုယ့်အတွက်ရော မင်းဘာလို့ မစဉ်းစားတာလဲ"


ကျန်းလောသည် ရှေ့သို့တိုးလာပြီး ရှစ်ဖေးရှန့်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။  


"ကိုယ် ဘယ်သူ့ကို ချစ်နေလဲဆိုတာ မင်း မသိဘူးလား၊ သူမက မင်းနဲ့ သူငယ်ချင်းဖြစ်နေတာကိုလည်း သဘောမကျဘူး၊"


 ဒုတိယမင်းသား၏နောက်ကွယ်မှ မိန်းမစိုးသည် အလွန်ကြောက်ရွံ့သဖြင့် မဏ္ဍပ်အပြင်ဘက်တွင် ဒူးထောက်ထိုင်လိုက်သည်။ ယနေ့ မင်္ဂလာဆောင်မှာ တစ်ခုခု အဆင်မပြေဖြစ်သွားလျှင် နန်းတော်ထဲမှနေ၍ ဒုတိယမင်းသားနောက်ကို လိုက်သွားသည့် သူလည်း အသက်နှင့်ကိုယ် အိုးစားကွဲရမည်ပင်။


 "ဒါဆို ရှင့်ဦးနှောက်က သိပ်မကောင်းဘူးပဲ"  


အရောင်ဖျော့ဖျော့ မြင်းစီးဝတ်စုံကို ဝတ်ဆင်ထားသည့် ပန်းဟွာသည် ပြုံး၍ တောထဲမှ ထွက်လာခဲ့သည်။သူမ၏ နောက်တွင် နာမည်ဂုဏ်သတင်းကျော်ကြားသော သခင်လေး၊ သခင်မလေးများစွာ ရှိခဲ့သည်။ သူတို့သည် ယောက်ျား၊မိန်းမ ရောနေပြီး  သူတို့မျက်နှာထက်မှာ အံ့သြမှုများနှင့် ပြည့်နေသည်။


 ဒီနေ့လက်ထပ်မယ့် ဒုတိယမင်းသားက ရှစ်မိသားစုရဲ့သမီးနဲ့ ဒီလိုမသဲကွဲတဲ့ဆက်ဆံရေးရှိမယ်လို့ ဘယ်သူကထင်မှာလဲ။ရှဲ့ဝမ်ယွီနဲ့ ရှစ်ဖေးရှန့် တို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား...


မူလက သူတို့အားလုံးသည် မင်္ဂလာပွဲသို့ မသွားချင်ကြဘဲ ပျင်းရိနေကြခြင်းဖြစ်သည်။ယနေ့လည်း  မြင်းစီးပြီး နွေဦးရှုခင်းကို ခံစားဖို့ သဘောတူခဲ့ကြသည်။ 


သူတို့ ထွက်လာတာနဲ့ ဒီလောက်ကောင်းတဲ့ ဇာတ်လမ်းတွဲကို ကြည့်ခွင့်ရမယ်လို့ ဘယ်သူက ထင်မှာလဲ။


ပန်းဟမ်ကသာ သူမကိုသတိမပေးလျှင် တခြားသူများနှင့် နွေဦးရှုခင်းကို ခံစားဖို့ သဘောတူခဲ့သည်ကို ပန်းဟွာ မေ့သွားမှာသေချာ၏။ဒုတိယမင်းသားသည် ဝါးတောထဲသို့ ၀င်လာသည်ကို တွေ့လိုက်ကြပြီး စူးစမ်းချင်စိတ်ဖြင့် လိုက်လာကြခြင်းပင်။ဒီလိုမျိုးတွေ့ဖို့ မမျှော်လင့်ထားဘူးလေ....


သတို့သားက သတို့သမီးကို သွားမကြိုဆိုဘဲ သတို့သမီး၏ သူငယ်ချင်းအား ချစ်ရေးဆိုနေသည်။ဝတ္ထုထဲက ဖောက်ပြန်သည့် ဇာတ်ဝင်ခန်းအလားပင်။ 


ကျန်းလောသည် ပန်းဟွာနှင့် အခြားသူများကို ပြန်ကြည့်လိုက်သည်။ထို့နောက် သူက ရှစ်ဖေးရှန့် ရှေ့မှာပိတ်ရပ်ပြီး လေးနက်သည့်မျက်နှာနှင့် "မင်းဘာလို့ဒီကိုရောက်နေတာလဲ"


ရှစ်ဖေးရှန့်မှာ ကျန်းလော ထက်တောင် ပို၍မျက်နှာပျက်နေ၏။ယနေ့ အဖြစ်အပျက်သာ သတင်းပျံ့သွားလျှင် သူမအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ချေ။သို့သော် ပန်းဟွာ၏ နောက်မှ လူများကိုကြည့်လိုက်ရာ ကျိုးမိသားစု၊ ဝမ်မိသားစုနှင့် တော်ဝင်မိသားစုထဲက လူများဖြစ်နေသည်။ထို့ကြောင့် သူတို့ကို ပေါ့ပေါ့ဆဆ ပြောဆို၍မရပေ။ထိုအကြောင်းကို တွေးမိရင်း သူမ ရှေ့မှာရပ်နေသည့် ဒုတိယမင်းသားကို ကျိန်ဆဲမိတော့သည်။


သူ့မှာ ဦးနှောက်ရှိသေးရဲ့လား။ သူတို့ကြားက ဆက်ဆံရေးက သာမန်ဆက်ဆံရေးထက် ကျော်လွန်တယ်လို့ ဒီလူတွေက ပြောနေတာမဟုတ်လား။


 ခဏလောက်စဉ်းစားပြီး သူမသည် ကျန်းလောနောက်ကနေ ဘာမှမဖြစ်သလို ထွက်လာခဲ့သည်။ထို့နောက် ပန်းဟွာနှင့် အခြားသူများကို ဦးညွှတ်ကာ 


"ဒီနေ့ တွေ့ရတာ တိုက်ဆိုင်မှုတစ်ခုပါပဲ၊ အားလုံးက နွေဦးရှုခင်းကို ခံစားဖို့ ဒီကိုရောက်နေကြတာမလား၊ ဒုတိယမင်းသားရဲ့နောက်ကို ရှင်တို့က ဘာလို့ လိုက်လာကြတာပါလဲ"


 "ပန်းဟွာ၊ ဒီလူတွေကို ငါ့နောက်လိုက်လာဖို့ မင်း ခေါ်လာတာလား" 


ရှစ်ဖေးရှန့်၏စကားကိုကြားသော်၊ ကမ္ဘာပေါ်တွင် ယခုလို တိုက်ဆိုင်မှုမျိုး မဖြစ်လာနိုင်ကြောင်း ကျန်းလော ရုတ်တရက် သဘောပေါက်သွားသည်။  သူယခုမှ ရှစ်ဖေးရှန့်ကို စကားအနည်းငယ်သာ ပြောရသေးတာပင်။ချက်ချင်းဆိုသလို လူတွေအများကြီးရောက်လာတာက သာမာန်တော့ မဖြစ်နိုင်ဘူးလေ...သေချာတာက သူတို့က သူ့ကို နောက်ယောင်ခံလိုက်လာတာပဲ...


 "အရှင့်သား ကျွန်တော်တို့ကို ခွင့်လွှတ်တော်မူပါ၊ အရှင့်သားက မိန်းမစိုးနည်းနည်းလေး ခေါ်ပြီး တောင်ပေါ်တက်လာတာကို ကျွန်တော်တို့မြင်လိုက်တာပါ၊အရှင့်သား တစ်ခုခုဖြစ်မှာစိုးလို့ ကျွန်တော်တို့ လိုက်လာတာပါ"


 ဒုတိယမင်းသားသည် ပန်းဟွာ၏ လက်မောင်းကို ထိခိုက်စေခဲ့ဖူးကြောင်း ကျိုးချမ်ရှောင် ကြားသိခဲ့ရသည်။ထို့ကြောင့် ဒုတိယမင်းသား ဒေါသထွက်မှာစိုး၍ အမြန်ပင်ကာဆီးပြောခြင်းဖြစ်ပေ၏။ 


 သခင်လေးနှင့် မိန်းမပျိုများစွာ ရှိနေသဖြင့် ဒုတိယမင်းသားနောက်သို့ ခိုးကြောင်ခိုးဝှက် လိုက်သည်ဟု မဆိုနိုင်ချေ။သို့ဖြစ်၍ ဒုတိယမင်းသားက သူတို့ကို အပြစ်တင်ဖို့ အတင်းအကြပ် လုပ်နိုင်စွမ်း မရှိချေ။သူတို့သည် အရူးများမဟုတ်၊ မြင့်မြတ်သော အသိုင်းအဝိုင်းကပင်။ ဒုတိယမင်းသားက ဧကရာဇ်လည်း မဟုတ်သလို၊ အိမ်ရှေ့စံလည်းမဟုတ်၍ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောနိုင်စွမ်းမရှိပေ။


ထို့အပြင် သူတို့အုပ်စုထဲမှ တစ်ဦးမှာ လက်ထပ်ရန် အချိန်နီးကပ်နေပြီဖြစ်သော သတို့သားဖြစ်ပြီး ကျန်တစ်ဦးမှာ လက်မထပ်ရသေးသည့် မိန်းကလေးဖြစ်သည်။ ဒီတောက တော်ဝင်မိသားစုအတွက် တားမြစ်နယ်မြေလည်း မဟုတ်ဘူး၊ သူတို့လည်း ဒီကို လာခွင့်ရှိတယ်။


ဒုတိယမင်းသားက ပန်းဟွာကို လက်ညှိုးထိုးလိုက်သည်။ 


"ကျိုးချမ်ရှောင်၊ ထွက်သွား၊ ပန်းဟွာ မင်း ငါ့ကို ရှင်းရှင်းလင်းလင်းပြော၊ ငါက ဦးနှောက် မကောင်းဘူးလို့ မင်း ပြောတယ်မလား၊ မင်းရဲ့အထက်လူကြီးကို မင်း ဘာလို့ စော်ကားရဲတာလဲ၊ မင်း တော်ဝင်မိသားစုကို လေးစားမှုမရှိတော့ဘူးလား"


ပန်းဟွာက အေးအေးလူလူပင် ပြန်ပြောသည်။


 "ဒီနေ့ဟာ အရှင့်သားရဲ့မင်္ဂလာပွဲနေ့ပဲ၊ ဒါပေမယ့် အရှင့်သားက တောထဲမှာ တခြားမိန်းမ တစ်ယောက်နဲ့ တွေ့နေတာ လေ၊ လူကောင်းတွေက ဒီလိုမျိုး မလုပ်ကြပါဘူး၊ ကျွန်မမှားတယ်​လို့ထင်​ရင်​ ဧကရာဇ်​ကို ပြောချင်ပြောကြည့်၊ ဧကရီကိုလည်း ပြောကြည့်ပါ၊ကျွန်မ အပြစ်ကိုခံယူဖို့ ဆန္ဒရှိပါတယ်​"


 "မင်း!"  


ကျန်းလောသည် ဧကရာဇ်အား ဤအကြောင်းကို ထုတ်ဖော်ပြောကြားရန် မဝံ့ရဲသလို၊ သူ့မိခင်ကိုလည်း အသိပေးရန် မဝံ့ရဲပေ။ သူ့မယ်တော်သာ သူ့လုပ်ရပ်ကို သိလျှင် အပြစ်ပေးရုံတင်မကဘဲ ရှစ်ဖေးရှန့်ကိုလည်း မုန်းသွားလိမ့်မည်။ ထို့ကြောင့် သူ အန္တရာယ်မဖြစ်ချင်သောကြောင့် ဒေါသကို မျိုသိပ်ထားရသည်။


ရှစ်ဖေးရှန့်က ကြားဝင်၍ အတင်းပြုံးထားရင်း


 "ဒီက ကျွင်းကျူး အထင်လွဲနေတာပါ၊ ကျွန်မက ဒုတိယမင်းသားနဲ့တွေ့ရုံလေးတွေ့တာပါ"


ပန်းဟွာက လက်ညိုးကိုထောင်ထားရင်း


"မိန်းကလေးရှစ် ငါတို့ကို ဒီအသေးအဖွဲကိစ္စတွေကို ရှင်းပြဖို့ မလိုပါဘူး၊ဒုတိယမင်းသမီးက နင့်ကိုယုံကြည်နေသရွေ့တော့ အဆင်ပြေပါတယ်"


ရှစ်ဖေးရှန့်၏ မျက်နှာအမူအရာအနည်းငယ်ပြောင်းသွားရ၏။  


"ကျွင်းကျူးက ကျွန်မကို အထင်မလွဲသရွေ့ ဒုတိယမင်းသမီးကလည်း နားလည်မှုလွဲမှာ မဟုတ်ပါဘူး"


ဒါဆို ပန်းဟွာကပဲ ကုန်းတိုက်မယ်လို့ သူမ ဆိုလိုတာလား။


ကျန်သခင်လေးများသည် မျက်ခုံးပင့်လိုက်ကြသည်။ သူတို့ဘ၀မှာ တခြားသူတွေက ဒီလိုမထီမဲ့မြင်ပြောတာကို ဘယ်တုန်းက နားထောင်ဖူးလို့လဲ။


ထိုစဉ် Shi Feixian ကို ရန်ငြိုးထားနေသော သခင်မ‌လေးတစ်ယောက်က ပါးစပ်ကိုပိတ်ကာ ရယ်မောရင်း ပြောလိုက်သည်။


 "အဆင်းလှတဲ့ မိန်းကလေးတစ်ယောက်ဟာ ယောက်ျားတိုင်းရဲ့ အိမ်မက်ပါပဲ.. မိန်းကလေးရှစ်က တယဲ့မှာ အလှဆုံး မိန်းကလေးဖြစ်နေတော့ တခြားယောက်ျားတွေက သူမကို ချစ်မိတာက သဘာဝကျပါတယ်၊ဒါ နင့်အပြစ်မဟုတ်ဘူး၊ ငါတို့အားလုံးနားလည်ပ်တယ်"


အိုက်ပို မင်းသားသည် ပန်းဟွာကို တိုင်းပြည်ရှိ အလှပဆုံးမိန်းမဟု အထင်မှားပြီးကတည်းက ရှစ်ဖေးရှန့်၏ အလှဆုံး မိန်းကလေးဆိုသော နာမည်ပြောင်က မြို့တော်တွင်  ဟာသတစ်ခုဖြစ်လာခဲ့သည်။ထို့ကြောင့် ရှစ်ဖေးရှန့်သည် သူမကို တခြားသူများက ထိုနာမည်ပြောင်အား မခေါ်စေလိုတော့ပေ။ထိုနာမည်ကိုကြားတိုင်း သူမ ကြုံတွေ့ခဲ့ရသော အရှက်ကွဲမှုကြီးကို သတိရနေသည်။


ချက်ချင်းပင် တခြားသူများအားလုံး တညီတညွတ်တည်း ရယ်မောကြသည်။  သူတို့ရယ်သံက ရှစ်ဖေးရှန့်၏ မျက်နှာကို ပါးရိုက်လိုက်သလိုပင်။


ရှစ်ဖေးရှန့်သည် ဤသခင်လေး၊သခင်မလေးမများနှင့် ခင်မင်ရင်းနှီးမှုသိပ်မရှိခဲ့ပေ။အလုပ်မရှိအကိုင်မရှိဘဲ ပျော်ပါးနေသည့်သူတို့အား သူမ အထင်မကြီးချေ။ ထို့အတူ သူတို့ကလည်း ရှစ်ဖေးရှန့်နှင့် ရှစ်ကျင်းတို့အား လက်သည်းဖွက်ထားသော ကြောင်သူတော်မှန်း သဘောပေါက်ကြသည်။သူတို့ နှစ်ဖက်စလုံး ခင်မင်ရင်းနှီးမှုလည်း မရှိချေ။


 သူတို့၏ မျက်လုံးထဲတွင် ရှစ်ဖေးရှန့်သည် သူငယ်ချင်း၏  ယောက်ျားကို ခိုးယူသော မိန်းမပင်။


 "ပါးစပ်ပိတ်ထား၊ ဒီလောက်လည်း မနာလိုမဖြစ်ကြနဲ့"  


ဒုတိယမင်းသားသည် ရှစ်ဖေးရှန့်အား အနိုင်ကျင့်နေသည်ကို မခံမရပ်နိုင်ဖြစ်သွား၏။

 

မြင့်မြတ်သော သခင်လေး၊သခင်မလေးများအားလုံး မျက်လုံးပြူးသွားကြသည်။ သူတို့သည် ဒုတိယမင်းသားနှင့် ရန်မဖြစ်ရဲကြသော်လည်း၊ခံပြင်းဒေါသထွက်နေသည်ကို သူတို့မျက်လုံးများထက်ဝယ် ဖော်ပြနေကြသည်။


"အရှင့်သား" ထိုစဉ် ပန်းဟွာက ရှစ်ဖေးရှန့်ကို တစ်ချက်ကြည့်လိုက်ကာ   "မိန်းကလေးရှဲ့က ဒီနေ့ အရှင့်သားရဲ့သတို့သမီးပါ၊အရှင့်သား အခုနန်းတော်ပြန်သင့်ပြီ"


 "မင်းကိုယ်မင်း ဘယ်သူလို့ထင်နေသလဲ၊ ငါဘာလုပ်ရမယ်ဆိုတာ မင်းကိုပြောပြစရာမလိုဘူး" ဒုတိယမင်းသားက စိတ်ဆိုးမာန်ဆိုးနှင့်ပြောသည်။

 "မင်းကလည်း စေ့စပ်ထားတဲ့မိန်းမပဲ၊ မင်း အိမ်မှာနေပြီး မင်းကိုလက်ထပ်မယ့်ယောက်ျားကိုစောင့်နေလိုက်၊ စေ့စပ်ပွဲကို ထပ်ပြီးမဖျက်စေနဲ့၊ ဒီတစ်ခါဆို မင်းကိုလက်ထပ်ဖို့ လူရှိတော့မှာမဟုတ်ဘူး"


ဒုတိယမင်းသား၏ စကားများသည် မသင့်လျော်ကြောင်း  ရှစ်ဖေးရှန့် မသိစိတ်က ခံစားမိသည်။ပန်းဟွာ၏ ဒေါသစိတ်ကြောင့် ဒုတိယမင်းသားမှာ ဒုက္ခဖြစ်နိုင်သည်။


ပန်းဟွာသည် ဒုတိယမင်းသားကို မှုန်ကုပ်ကုပ်ကြည့်လိုက်ရင်း "ဟုတ်တယ်၊ ကျွန်မရဲ့အဖွားက လုပ်ကြံခံရတယ်၊ ကြည့်ရတာ ဒီရလဒ်အတွက် အရှင့်သား အရမ်းစိတ်ပျက်နေပြီထင်တယ်"


ဒုတိယမင်းသားသည် ထိုစကား၏အဓိပ္ပါယ်ကို နားမလည်သော်လည်း ရှစ်ဖေးရှန့် နားလည်သည်။


ဧကရာဇ်အား လုပ်ကြံသတ်ဖြတ်သူများကို တားဆီးရန် ကူညီပေးသည့် တော်ဝင်မင်းသမီးကို ဒုတိယမင်းသားက မကျေနပ်ဖြစ်နေကြောင်း ပန်းဟွာက ပြောလိုက်ခြင်းပင်။


မင်းသားတစ်ယောက်အနေနဲ့ ဒါကို ဘာကြောင့် မကျေနပ်ရတာလဲ...သူက ဧကရာဇ် ကွယ်လွန်ဖို့ စောင့်မျှော်နေတာလား။ အထူးသဖြင့် မင်းညီမင်းသားတွေကလည်း ဒီစွပ်စွဲချက်ကို ဘယ်သူမှ လက်သင့်မခံနိုင်ကြ။


ရှစ်ဖေးရှန့် ဒုတိယမင်းသားကို လှည့်ကြည့်လိုက်သည်။ဒုတိယမင်းသားသည် ယခုထို ဘာမှမတုံ့ပြန်သေးသဖြင့် သူမ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ထို့နောက် ဒုတိယမင်းသားသည် တော်ဝင်မင်းသမီး သေဆုံးသည်ကို   ထောက်ခံကြောင်း ပြောထားတာကြောင့် သူမ နားမလည်သလို ဟန်ဆောင်ကာ ခေါင်းကို အမြန်ငုံ့ထားလိုက်သည်။


 "အရှင့်သား" 


ကျန်းလောကို အမှုထမ်းနေသော မိန်းမစိုးလေးက ကျန်းလောကို စိတ်အားထက်သန်စွာ ကြည့်နေသည်။ယခုအချိန်မှာသာ ဘာမှ ပြန်မပြောလျှင် ဝန်ခံနေခြင်းနှင့်အတူတူပင်။


ကျန်းလောသည် စိတ်ရှုပ်ထွေးနေသော မိန်းမစိုးကို ကြည့်လိုက်ပြီး တစ်ဖန် ပန်းဟွာကို "မင်း ဘာကိုဆိုလိုတာလဲ"


 "ကျွန်မ ဘာမှ မဆိုလိုပါဘူး၊အရှင့်သား နားလည်ရင် အဆင်ပြေပါတယ်၊ အရှင့်သားက မိန်းကလေးရှစ်နဲ့ ဆွေးနွေးစရာရှိနေတယ်ဆို၊ ပြီးတော့ အရှင့်သား တစ်ယောက်တည်းလည်း မဟုတ်ဘူးဆိုတော့  တော်ပါသေးတယ်၊ နှုတ်ဆက်ပါတယ်"


ကျန်းလော နားမလည်တော့။ ပန်းဟွာက အရမ်းလှပေမယ့် သူ့မျက်စိထဲမှာ သူမက အမြင်ကတ်စရာဘာလို့ကောင်းနေရတာလဲ... 


 သူမသည် ငယ်စဉ်ကတည်းကလည်း ဤပုံအတိုင်းဖြစ်သည်။ သူသည် ပန်းဟွာနှင့် အသက်အရွယ်အရ သိပ်မကွာသော်လည်း သူမသည် အိမ်ရှေ့စံကိုသာ အမြဲခင်မင်သည်။နောက်ပိုင်း အိမ်ရှေ့စံ လက်ထပ်သည့်အခါ ပန်းဟွာ နန်းတော်ကိုသိပ်မလာတော့။ နန်းတော်သို့လာလျှင်တောင် သူ့ခမည်းတော်နှင့် မယ်တော်ကိုသာ တွေ့ဆုံသည်။သူတို့ ညီအစ်ကိုကို တသီးတသန့် လာမတွေ့တော့။


ပန်းဟွာလို မိန်းကလေးမျိုးသည် မြှောက်ပင့်ပြောဆိုတတ်ပြီး ဖားတတ်သူပင်။သူနှင့် အိမ်ရှေ့စံ အတူတူရှိနေလျှင်ပင် သူမသည် အိမ်ရှေ့စံကိုသာ စကားပြောပြီး တရင်းတနှီးနေတတ်သည်။ အဘယ်ကြောင့်ဆိုသော် အိမ်ရှေ့စံသည် သူ့ထက်ပို၍ ရာထူးကြီးကြောင်း သူမ ငယ်စဉ်ကပင် သိနေတာကြောင့် ဖြစ်သည်။


ကျန်းလောသည် ပန်းဟွာကို ငယ်ငယ်လေးကတည်းက မုန်းတီးခဲ့သည်။  နောက်ပိုင်းတွင် သူကြီးပြင်းလာ၍ နန်းတော်မှ ထွက်သွားသည့်အခါတိုင်း၊ မိန်းကလေးများစွာနှင့် တွေ့ဆုံခဲ့သည်။  ထိုမှသာလျှင် ကမ္ဘာပေါ်ရှိ မိန်းကလေးတိုင်းသည် ပန်းဟွာကဲ့သို့ မဟုတ်ကြောင်း သူသဘောပေါက်ခဲ့သည်။ ရှစ်မိသားစု၏သမီးသည် နူးညံ့သိမ်မွေ့ပြီး စာနာတတ်သူဖြစ်သည်။ လမ်းဘေးက သူတောင်းစားလေးကိုပင် သူမက ကြင်နာတတ်၏။သူမသည် သူ့တစ်ကိုယ်လုံးကို ပျော့ပျောင်းစေသည့် အနွေးထွေးဆုံးသော စမ်းရေနှင့်တူ၏။


ပန်းဟွာကို သူမုန်းသလောက် ရှစ်ဖေးရှန့်ကို သဘောကျသည်။ရှစ်ဖေးရှန့်မှာ ရှိသည့်အရာများက ပန်းဟွာမှာ မရှိတာကြောင့်ပင်။



xxxx