အပိုင်း၇၈
Viewers 4k


Chapter.78



ပန်းဟွာကို သူမုန်းသလောက် ရှစ်ဖေးရှန့်ကို သဘောကျသည်။ရှစ်ဖေးရှန့်မှာ ရှိသည့်အရာများက ပန်းဟွာမှာ မရှိတာကြောင့်ပင်။


ပန်းဟွာ ထွက်သွားမည် ပြုနေသဖြင့် ကျန်းလောက "မင်းက နှောင့်ယှက်တတ်သူပဲ၊ မင်း ဒီကနေ ထွက်သွားသင့်တယ်"


သူ့စကားကြောင့် လူတိုင်း မျက်မှောင်ကြုတ်ကြသည်။သူတို့အားလုံးဟာ မွေးကတည်းက မြင့်မြတ်သည့် အသိုင်းအဝိုင်းမှ လာသူများပင်။ရိုင်းစိုင်း‌သော လူရမ်းကားတစ်ယောက်တောင်မှ မိန်းကလေးတစ်ယောက်ရှေ့မှာ  အတိုင်းအတာတစ်ခုအထိ စကားအ‌ပြော အဆို ထိန်းသိမ်းထားရမည်။  ဒုတိယမင်းသားက အတော်ရိုင်းတာပဲ... 


 မူလက ဒုတိယမင်းသားသည် ပန်းဟွာ၏ လက်ကို ချိုးလိုက်သည်ဟု သတင်းထွက်လာသောအခါက၊‌ ချဲ့ကားပြောဆိုနေသည်ဟု သူတို့ထင်ခဲ့ကြသည်။ယခုမူ ထိုကောလဟာလများက အမှန်ဖြစ်နေသလိုပင်။


ပန်းဟွာက ရှစ်ဖေးရှန့်ကို အပြုံးမပျက် ကြည့်နေသည်။  "အရှင့်သား ကျွန်မ ထွက်မသွားဘူး၊ကျွန်မက အမှားလည်းမလုပ်ထားဘူး၊ ဘာလို့ ဒီကနေ အပြစ်သမားတစ်ယောက်လို ထွက်သွားရမှာလဲ၊ မိန်းကလေးရှစ်ကမှ ထွက်သွားသင့်တာ"


ရှစ်ဖေးရှန့် မျက်နှာအမူအရာပြောင်းလဲသွားသည်။  "ကျွင်းကျူး စကားကို ဂရုစိုက်ပြောပါ"


"မိန်းကလေးရှစ်ရဲ့ စကားက ထူးဆန်းတယ်နော်၊ဘာလဲ ငါပြောတာ တစ်ခုခုမှားနေတယ် ဟုတ်လား၊ ဟာ မိန်းကလေးရှစ်က ရှားရှားပါးပါး အမျိုးသမီးတစ်ယောက်ပဲ၊ရှဲ့မိသားစုရဲ့ ဒုတိယသားနဲ့လည်း လွတ်လွတ်လပ်လပ် စကားပြောနိုင်ပြီး ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တယ်၊အခုလည်း  ဒုတိယမင်းသားနဲ့ သိပ်ကိုရင်းနှီးတေကြတယ်၊ကြည့်ရတာ ဒီကမ္ဘာပေါ်က လူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်တဲ့သူထင်ပါရဲ့"


 "ရှဲ့မိသားစုရဲ့ ဒုတိယသား"  အားလုံးက ပန်းဟွာကို တအံ့တသြကြည့်ကြသည်။ရှဲ့မိသားစုရဲ့ ဒုတိယသားကလည်း ဒီကိစ္စမှာ ပါဝင်ခဲ့တာလား။


ပန်းဟွာသည် ဘဝကိုပေါ့ပေါ့တန်တန်သာ နေထိုင်တတ်သော်လည်း၊သူမတွင် ထူးခြားသော စိတ်ထားတစ်ခုရှိသည်။ ယင်းမှာ မည်သည့်မိန်းကလေးကိုမျှ လက်လွတ်စပါယ် ပြောဆိုလေ့မရှိခြင်းပင်။အကယ်၍ သူမသည် တစ်စုံတစ်ဦးကို မကြိုက်ပါက၊ သူမ၏ ပင်ကိုယ်စရိုက်သည် ထိုလူနှင့် မကိုက်ညီကြောင်း တိုက်ရိုက်ပြောသော်လည်း ပေါ့ပေါ့ဆဆ မပြောတတ်ပေ။ ယခု သူမသည် ရှစ်ဖေးရှန့် ရှေ့တွင် ပြောင်ပြောင် ပြောဆိုနိုင်ခြင်းမှာ အမှန်ဖြစ်ကြောင်းသိသာသည်။ 


 "ကျွင်းကျူး ယုတ်မာတဲ့စကား မပြောနဲ့၊ ကျွန်မကို ချောက်မချစမ်းပါနဲ့" ရှစ်ဖေးရှန့်က ကျယ်လောင်စွာ ပြောသည်။ 


 "မိန်းကလေးရှစ်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်နော်၊ မနှစ်တုန်းက ရှဲ့မိသားစုရဲ့ ဒုတိယသားက နင့်အတွက် ကဗျာစာအုပ် ပေးပြီး ပြန်လာတဲ့လမ်းမှာ မြင်းပေါ်က ပြုတ်ကျပြီး မျက်လုံး ထိခိုက်သွားတယ်၊ အဲဒီနောက် ရက်အနည်းငယ်ကြာတော့ငါက သူ့အတွက် ဂြိုလ်ဆိုးမလို့ ကောလာဟလတွေ ထွက်ခဲ့တယ်၊ရှဲ့ချီလင်းနဲ့ ငါက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက စေ့စပ်ပွဲကို ဖျက်လိုက်တာ၊ဒီတော့ ငါက ဘာကိစ္စ ဂြိုလ်ဆိုးဖြစ်ရမလဲ.. အဓိပ္ပါယ်မရှိဘူးလို့ မထင်ဘူးလား"


ရှစ်ဖေးရှန့် ဒေါသဖြင့် တုန်လှုပ်သွားသည်။  "ကျွင်းကျူး ရမ်းသမ်းပြောမနေပါနဲ့၊ ကဗျာစာအုပ်ဆိုတာ ဘာမှန်း ကျွန်မလည်း မသိဘူး” 


"နင် သိသိ၊မသိသိ ဘုရားသခင် သိတယ်၊ ဒါကို ကဗျာစာအုပ် လာပို့တဲ့  ရှဲ့ချီလင်းလည်း သိပါတယ်...စကားမစပ်၊ ရှဲ့မိသားစုရဲ့ ဒုတိယသားက နင့်ကိုပေးခဲ့တဲ့ လက်ရေးကဗျာ ပေါင်းချုပ်စာအုပ်က ငါတို့ ပန်းမိသားစုပိုင်တယ်ဆိုတာ သူက နင့်ကို ပြောဖူးလား"


ရှစ်ဖေးရှန့် အံ့ဩသွားပြီး ဘာပြောရမှန်းမသိဖြစ်နေ၏။


 "အရှင့်သား" 


ရှဲ့ချီလင်းသည် တောအုပ်အပြင်ဘက်သို့ လျှောက်လာကာ ရှစ်ဖေးရှန့် ကို တစ်ချက်ကြည့်လိုက်ပြီး ဒုတိယမင်းသားနှင့် ပန်းဟွာကို ဦးညွှတ်သည်။  


ထိုအခါ ဘေးမှာရှိနေသည့် ပန်းဟမ်က မျက်မှောင်ကြုတ်ကာဝင်ပြောသည်။ 


"မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ၊ ငါ့အစ်မကို စကားမ​ပြောဖို့ မင်းကို ပြောထားတယ်မလား၊ကြည့်စမ်း မင်းမျက်​နှာက အရမ်းကြီးလွန်းလို့ mask သုံးခုတောင် ကာမိမှာမဟာတ်ဘူး"


ပန်းဟွာက ပြုံးလိုက်သည်။  "ဒီနေ့ဟာ အတော်သာယာတာပဲ၊ ဆိတ်ငြိမ်တဲ့ ဝါးတောထဲမှာတောင် အရမ်းအသက်ဝင်တယ်"


 "ရှဲ့ချီလင်း ၊ မိန်းကလေးရှစ် ဆီကို ကဗျာစာအုပ် ပေးပြီး ပြန်လာတဲ့လမ်းမှာ တစ်ကယ် မျက်စိကန်းသွားတာလား"  


ကျန်းလောသည် ယောက်ျားဖြစ်သည်။ယောက်ျားသဘာဝအရ သူ လက်ထပ်တော့မည်ဖြစ် သော်လည်း၊သူ ကြိုက်သည့်မိန်းကလေးကို တခြားယောက်ျားတစ်ယောက်နှင့် တရင်းတနှီးမဖြစ်စေလိုပေ။ 


ရှဲ့ချီလင်းက ကျန်းလောကို ဦးညွတ်လိုက်ကာ "အရှင့်သား နန်းတော်ပြန်သင့်ပြီ"


သူ ကျန်းလော နှင့် စကားများဖို့ ‌လာခြင်းမဟုတ်။သူ့ညီမ၏ မတရားမှုကို တိုင်ကြားဖို့ လာခြင်းပင်။ သူသည် သူစိမ်းတစ်ယောက်ကိုကြည့်နေသလိုမျိုး ကျန်းလောအနားက ရှစ်ဖေးရှန့်ကို အေးအေးဆေးဆေး ကြည့်လိုက်၏။


ကျန်းလော က စိတ်မရှည်စွာပြောသည်။  


"မင်း ဘာလို့ဒီလောက်အလျင်လိုနေတာလဲ၊ အချိန်မကျသေးဘူး၊ ငါ့ကို အရင်ပြောစမ်း... မင်း ကဗျာစာအုပ်ကို မိန်းကလေးရှစ်ဆီ ပေးခဲ့သလား၊ မပေးခဲ့ဘူးလား"


ရှစ်ဖေးရှန့်သည် ရှဲ့ချီလင်းကို မျက်နှာငယ်လေးဖြင့် အသနားခံသလိုကြည့်နေသည်။


ရှဲ့ချီလင်း သူမဆီမှ အကြည့်ခွာလိုက်ပြီး "မဟုတ်ပါဘူး" 


ကျန်းလော သက်ပြင်းတစ်ချက်ချလိုက်ကာ ပန်းဟွာကိုကြည့်လိုက်၏။


"မင်း ဘာလို့ သူမရဲ့ နာမည်ကို ဖျက်ချင်ရတာလဲ"


 "အရှင့်သား၊ ကျွန်မက မိန်းမတစ်ယောက်အနေနဲ့ ဘာလို့ သူ့ဂုဏ်သိက္ခာကို သိက္ခာချရမလဲ၊အရှင့်သားက သတို့သားဖြစ်မယ့်သူလေ၊အရှင့်သား  ဒီတောကြီးထဲမှာ သူမနဲ့တွေ့နေရင် သူမရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်သလိုဖြစ်လိမ့်မယ်၊ မိန်းကလေးရှစ်က ကောင်းကင်ပေါ်က လမင်းလို ဖြူစင်တယ်မလား၊သူ့သူငယ်ချင်းရဲ့ ယောက်ျားနဲ့ ဘာလို့ပတ်သတ်ချင်မှာလဲ..မဟုတ်ဘူးလား၊ ပြီးတော့ မြို့စားမင်းရုံလို စေ့စပ်ထားသူရှိတဲ့ လူမျိုးကိုလည်း ကြိုက်နေတာတော့ မဟုတ်နိုင်ဘူးမလား"


ပန်းဟွာ၏စကားကြောင့် ရှစ်ဖေးရှန့် အံကိုတင်းတင်းကြိတ်လိုက်တော့သည်။  သို့သော် သူမဘက်က စကားများများပြောလေ၊ ဖုံးထားသမျှ ပေါ်သွားမည်ဖြစ်ကြောင်း သူမသိသည်။ 


ရှဲ့ချီလင်းသည် ကဗျာစာအုပ်ကို ပေးပို့ခဲ့ကြောင်း သူမနှင့် ရှဲ့ချီလင်းကသာ သိသည်။ပန်းဟွာက ဒီအကြောင်းကို ဘယ်လိုသိတာလဲ။အစေခံတွေ နှုတ်မလုံကြတာလား..


ပန်းဟွာ၏ စကားကြောင့် လူအများ ရယ်မောစေခဲ့သည်။  ဟုတ်တယ်၊ မိန်းကလေးရှစ်က အရမ်းလှတယ်၊ တခြားလောကနဲ့ အရမ်းယဉ်ကျေးတယ်။  ဒီနေ့လက်ထပ်တော့မယ့် အမျိုးသားတစ်ယောက်နဲ့ သူမ ဘယ်လို ရင်းနှီးနေနိုင်ရတာလဲ။  အထူးသဖြင့် သတို့သမီးက သူ့သူငယ်ချင်းဖြစ်နေချိန်ပေါ့။


 "ကျွင်းကျူး..."


ပန်းဟွာသည် ရှဲ့ချီလင်း၏ အသံကြောင့် အပြုံးများ မှိန်သွားကာ သူ့ကို  လှောင်ပြောင်စွာ ကြည့်လိုက်သည်။


 "ပါးစပ်ပိတ်ထား၊ ရှင့်ကိုမြင်ရင် ရွံတယ်၊ကျွန်မကို စကားလာမပြောနဲ့"


ရှဲ့ချီလင်း၏ နှုတ်ခမ်းများ တုန်ခါသွားပြီး ဘာမှမပြောပေ။


"ယောက်ျားတစ်ယောက်အနေနဲ့ ရှင်က အရည်အချင်းမပြည့်မီဘူး၊သားတစ်ယောက်အနေနဲ့လည်း တာဝန်မကျေဘူး၊ အစ်ကိုကြီးတစ်ယောက်အနေနဲ့လည်း .. " ပြောနေရင်း ပန်းဟွာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ " တော်ပြီ၊ရှင်နဲ့ စကားမပြောချင်ဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်မ မောင်လေးက ရှင့်လိုလူဆိုရင် ကျွန်မ သူ့ကို ရိုက်နှစ်သတ်ပစ်မှာ သေချာတယ်"


ပန်းဟမ်: "?" 


ပန်းဟမ်သည် ပန်းဟွာဘက်သို့ တိုးလာရင်း "ကျွန်တော်က အမြဲစကားနားထောင်တယ်နော်" 


ပန်းဟွာက သူ့ခေါင်းကို ပုတ်လိုက်သည်။ "ဟုတ်တယ်၊ အဲ့ဒါကြောင့် ငါ နင့်ကို မရိုက်တာ"

 

ရှဲ့ချီလင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် ပန်းဟွာကို လေးလေးနက်နက် ဦးညွှတ်ပြီး 


"ကျွင်းကျူး ကိုယ် တောင်းပန်ပါတယ်" 


နောက်ဆုံးတော့ သူ့ဘက်က သူမကို အမှားလုပ်မိခဲ့သည်ပဲ။


ယနေ့ကိစ္စသည် အနည်းငယ်ထူးဆန်းသည်ဟု ကျန်းလော ခံစားမိသည်။ သူသည် အပန်းဖြေရန် ထွက်လာပြီး ရှစ်ဖေးရှန့်ကို တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အခြေအနေက ကမောက်ကမဖြစ်သွား၏။ရှဲ့ချီလင်းသည် ပန်းဟွာ၏ လှောင်ပြောင်ခြင်းကို ခံရသော်လည်း ခုခံစကားပြန်မပြောခဲ့ပေ။ သူ့ပုံစံက ဘာမှဖြစ်ပုံမပေါ်ချေ။ 


ထို့အပြင် မိန်းကလေးရှစ်နှင့် ရှဲ့ချီလင်းအကြောင်း၊ ပြီးတော့ မိန်းကလေးရှစ်နှင့် မြို့စားမင်းရုံအကြောင်း ပန်းဟွာ ပြောနေတာတွေက တကယ် လိမ်နေတာ ဟုတ်ရဲ့လား။ 


မြို့စားမင်းရုံသည် ပန်းဟွာ  စေ့စပ်ထားသူဖြစ်သည်။ပန်းဟွာသည် သူမ၏ အနာဂတ်ခင်ပွန်းကို မလိမ်သင့်ပေ။


ဒါပေမယ့် မိန်းကလေးရှစ်ကလည်း မြို့စားမင်းရုံကို သဘောကျနေတယ်ဆိုတာ ကောလဟာလ တစ်ခုလို့ ပြောတယ်မလား...သူမက အချစ်ကို စိတ်မဝင်စားဘူး၊ ရှုခင်းတွေ၊ ကဗျာတွေနဲ့ ပန်းချီကားတွေကိုသာ စိတ်ဝင်စားတယ်လို့ ပြောခဲ့တာလေ၊


သူ ပန်းဟွာကို မနှစ်မြို့သော်လည်း သူမဘက်က တစ်ခုခုပြောတိုင်း မတွေးဘဲမနေနိုင်ပြန်။ သူမ ပြောခဲ့တာတွေက အမှန်ဆိုရင် ဘာဆက်ဖြစ်မှာလဲ။ 


"မင်း..." 


ကျန်းလောက ရှစ်ဖေးရှန့်ကို လှည့်ကြည့်လိုက်သည်။မျက်ရည်ရစ်ဝိုင်းနေသော မျက်လုံးများကို မြင်လိုက်ရပြီး သူ စိတ်တိုကာ ပြောချင်စိတ် ပျောက်သွားသည်။ သို့ရာတွင် သူ့ဘေးနားက မိန်းမစိုးကိုသာ ပြောလိုက်၏။


 “မေ့လိုက်ပါ၊ နန်းတော်ပြန်ကြရအောင်” 


မည်သို့ပင်ဆိုစေကာမူ သူမသည် သူ လက်ထပ်ရန် မဖြစ်နိုင်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမသည် ဝန်ကြီးချုပ်၏သမီးဖြစ်၍ သူ၏ က်ိုယ်လုပ်တော် အဖြစ် သူမကိုလက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ချေ။


"နှုတ်ဆက်ပါတယ်" 


ရှစ်ဖေးရှန့်သည် ဒုတိယမင်းသားကို နှုတ်ဆက်လိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် ကျန်းလောသည် နောက်ပြန်မလှည့်ဘဲ ဝါးတောထဲမှ တိုက်ရိုက်ထွက်ခွာသွားခဲ့သည်။


"ပြီးပြီ၊ ငါတို့သွားသင့်ပြီ၊ မိန်းကလေးရှစ်၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ" 


ပန်းဟွာက ရှစ်ဖေးရှန့်ကို အရေးမစိုက်သလိုပုံနှင့် ဝတ်ကျေတန်းကျေသဘောမျိုး ပြောလိုက်သည်။


ထိုအခါ ရှစ်ဖေးရှန့်က "ကျွန်မနားမလည်ဘူး၊ကျွင်းကျူးက ကျွန်မကို ဘာလို့ အမြဲဆန့်ကျင်နေတာလဲ" 


 "နင့်ရဲ့အလှကို ငါက မနာလိုလို့ နေမှာပေါ့" 


 "ဟီး ခစ်ခစ်" 


လူအုပ်ထဲက ရယ်သံတစ်ခုထွက်လာ၏။ရှစ်ဖေးရှန့်၏ မျက်နှာက  အလွန်မည်းမှောင်သွားသည်။ ပန်းဟွာသည် လူအများခြံရံ၍ ပေါ်လာပြီး ထွက်သွားတော့လည်း လူများဝိုင်းရံ၍ ထွက်သွားခြင်းပင်။ သူတို့အုပ်စု ထွက်သွားပြီးနောက် ဝါးတောသည် ငြိမ်သက်သွားခဲ့သည်။ထိုအခါ ရှဲ့ချီလင်းက ရှစ်ဖေးရှန့်ကို "နှုတ်ဆက်ပါတယ်" 


"ခဏနေပါဦး"


ရှစ်ဖေးရှန့် သူ့ကို လှမ်းအော်လိုက်၏။ သူမ၏ မျက်လုံးများက အနည်းငယ် နီရဲနေသည်။ 


"ရှင်လည်း ကျွန်မကို သူတို့လို တိတ်တိတ်လေး လှောင်ရယ်နေတာလား" 


ရှဲ့ချီလင်းသည် မြေပြင်ပေါ်ရှိ ဝါးရွက်ခြောက်များကို ကြည့်ကာ " မိန်းကလေးရှစ်၊ ကျွန်တော့်မှာ တခြားအတွေးမရှိပါဘူး၊နားလည်မှုမလွဲပါနဲ့" 


"ဒါပေမယ့် ရှင် ကျွန်မကို စိတ်ထဲကနေ အပြစ်တင်နေတာပဲ မဟုတ်လား" 


ရှစ်ဖေးရှန့်သည် တစ်ချိန်တည်းတွင် ငိုမဲ့မဲ့ဟန်ဖြင့် ဟက်ကနဲ ရယ်လိုက်သည်။


 "ကျွန်မကြောင့်မဟုတ်ရင် ရှင် ပန်းဟွာနဲ့ ရန်သူဖြစ်မှာ မဟုတ်ဘူး၊ ရှဲ့မိသားစုနဲ့ ပန်းမိသားစုကလည်း ရန်သူဖြစ်လာမှာ မဟုတ်ဘူး၊အခုလို ရှဲ့မိသားစုမှာလည်း ပြဿနာတက်မှာမဟုတ်ဘူး၊ ကျွန်မက ဒီပြဿနာအားလုံးရဲ့ အကြောင်းရင်းပါ၊ကျွန်မကို အပြစ်တင်ထိုက်ပါတယ်လေ" 


 "ကျွန်တော် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ချင်တာပါ...ကျွန်တော်က ဘာမှ မသိနားမလည်ပါဘူး၊အခုတော့ ကျွန်တော် လုပ်ခဲ့တဲ့ အမှားတွေကို ပြင်လို့မရဘူးဖြစ်နေပြီ.....မိန်းကလေးရှစ် ကျွန်တော့်အတွက် တကယ်စိတ်မကောင်းဖြစ်ရင် ဒုတိယမင်းသားနဲ့ ဝေးဝေးနေပါ၊ သူက ကျွန်တော့်ညီမရဲ့ခင်ပွန်းပါ၊ကျွန်တော့်မှာ ညီမလေး တစ်ယောက်ပဲရှိတာ၊ဒီတော့ သူ့သူငယ်ချင်းနဲ့ သူ့ခင်ပွန်းက သစ္စာဖောက်တာကို သူမလည်း သည်းမခံနိုင် လောက်ဘူး၊မိန်းကလေးရှစ် အဆင်ပြေတယ်မလား"


ရှစ်ဖေးရှန့်သည် ရှဲ့ချီလင်း၏ အကြည့်ကို ရှောင်လိုက်သည်။ 


"ကျွန်မက ရှင့်မျက်လုံးထဲမှာ အဲ့ဒီလိုလူစားလား"


ရှဲ့ချီလင်း ဘာမှပြန်မပြောပေ။ ရှစ်ဖေးရှန့် အတွက် တစ်ခုတည်းသော အဖြေမှာ တိတ်ဆိတ်ခြင်း ဖြစ်သည်။


 "ကောင်းပြီ ကျွန်မနားလည်ပါတယ်၊ ရှင် ကျွန်မကို အပြစ်တင်ချင်နေတာပါ"  


ရှစ်ဖေးရှန့် သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောလိုက်သည်။ 


ထိုစဉ် လေများတိုက်ခတ်လာ၍ ဝါးပင်များလည်း တဆတ်ဆတ်ယိမ်းထိုးလာ၏။ ရှဲ့ချီလင်းသည် ခံစားချက်ကင်းမဲ့သော ရုပ်သေးရုပ်တစ်ရုပ်လို နေရာတွင် ရပ်နေသည်။


 "ရှဲ့ချီလင်း၊ ဟိုတုန်းက ...ရှင် ကျွန်မကို တကယ်ပဲ သိပ်ချစ်ခဲ့တာလား၊ ပန်းဟွာအပေါ် ရှင့်မှာ တကယ် ခံစားချက်မရှိဘူးလား၊ ရှင် ကျွန်မကို အပြစ်မတင်ဘူးလို့ ပြောပေမယ့် စိတ်ထဲကနေတော့ အပြစ်တင်နေတာပဲလေ၊ စောစောက ပန်းဟွာကို ရှင်ကြည့်တဲ့ အကြည့်ကို ကျွန်မ သတိထားမိတယ်" 


ရှဲ့ချီလင်း သူ့ငွေရောင်မျက်နှာဖုံးကို ကိုင်လိုက်ပြီး "မိန်းကလေးရှစ် ကြိုက်သလိုထင်ပါ၊ ကဲ နှုတ်ဆက်ပါတယ်"


ရှစ်ဖေးရှန့်သည် ရှဲ့ချီလင်း၏ကျောကိုကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်သည်။ ရှဲ့ချီလင်းသည် သူမကို လွန်ခဲ့သော နှစ်က ပုံတူပန်းချီကားတစ်ခု ပေးခဲ့ဖူးသည်။ ပုံတူပန်းချီထဲတွင်  မိန်းကလေးတစ်ယောက်သည် သစ်ပင်တစ်ပင်အောက်တွင် ရပ်နေသည်။ သို့သော် သူမ ထိုပုံတူကို လုံးဝမကြိုက်ပေ။ ပုံတူထဲတွင်၊ သူမ၏စကတ်ပေါ်၌ ပျိုနီပန်းအကြီးကြီးအား ထိုးထားသည်။သို့သော်လည်း၊သူမသည် ပျိုနီပန်းကို ဝတ်စုံမှာ ပန်းထိုးသီ၍ မ၀တ်ခဲ့သလို၊ လှပပြီး ရှုပ်ထွေးသည့် ဆံပင်ပုံစံများကိုလည် မထုံးဖွဲ့ဖူးပေ။ထိုပုံတူထဲက မိန်းကလေးမှာ သူမ,မဟုတ်။


ရှဲ့ချီလင်းက သူမကို ချစ်တယ်လို့ အရင်က ပြောခဲ့ပေမယ့်၊သူ တကယ်ချစ်တာရော ဟုတ်လို့လား.. 


 "မြို့စားမင်းရုံ..."


တုကျိုးသည် အခြားအရာရှိများနှင့် အရက်သောက်ရင်း စကားစမြည်ပြောနေသော ရုံရှားထံသို့ ချဉ်းကပ်ကာ တစ်စုံတစ်ခုအား တိုးတိုးလေးပြောလိုက်သည်။ ရုံရှား၏ မျက်နှာပေါ်ရှိ အပြုံးသည် မပြောင်းလဲသွားဘဲ တိတ်တိတ်လေး ခေါင်းညိတ်လိုက်၏။ထို့နောက် တုကျိုးသည် စားပွဲရှိ အရာရှိများကို ဦးညွတ်ကာ အပြင်သို့ ဆုတ်ခွာသွားခဲ့သည်။


 ဒုတိယမင်းသား၏မင်္ဂလာပွဲအပြီးတွင်၊ ရုံရှားသည် အလုပ်အကိုင်ရေးရာဝန်ကြီးဌာနတွင် တာဝန်ယူမည်ဖြစ်သည်။ ထို့ကြောင့် ဝန်ကြီးခြောက်ဦးနှင့် ဝန်ကြီးချုပ်နှစ်ဦးတို့သည် စားပွဲတစ်ခုတည်းတွင် အတူထိုင်ကြရသည်။သူတို့ ရှစ်ယောက်မှာ အတွေးအမြင်ချင်း မတူညီကြပေ။သို့သော်လည်း အပြင်ပန်းကမူ သူတို့အားလုံးသည် နိုင်ငံရေး ပဋိပက္ခများ တခါမှ မရှိဖူးခဲ့သကဲ့သို့ သဟဇာတဖြစ်နေကြသည်။


ဒုတိယမင်းသားသည် သတို့သမီးကို သွား၍မကြိုဆိုကြောင်း စားပွဲရှိလူ ရှစ်ဦးစလုံး သိကြသည်။ သို့သော် မည်သူမျှ ထုတ်မပြောကြဘဲ တခြားအကြောင်းအရာများကိုသာ ပြော၍ အချိန်ကုန်လွန်စေခဲ့သည်။


 "ဒီလိုနေ့ကောင်းကို အခွင့်ကောင်းယူပြီး ငါက ဟောဒီက မြို့စားမင်းရုံရဲ့မင်္ဂလာဝိုင်ကို ဘယ်အချိန်ကျ သောင်ရမလဲလို့ မေးချင်နေတာကြာပြီ"


ရှစ်ချုံးဟိုင်သည် ယန်ဟွေ့၏ ဒုတိယသားက ရုံရှား စေ့စပ်ထားသူ ပန်းဟွာအား အရူးအမူးဖြစ်နေသည်ကို မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။


ယန်ဟွေ့သည် ရှစ်ချုံးဟိုင်၏ စကားကိုကြားပြီး ဒေါသရိပ်များပြည့်နေသောမျက်ဝန်းဖြင့် စူးစူးရဲရဲကြည့်လိုက်လေသည်။



xxxxxx