အပိုင်း၇၉
Viewers 4k


Chapter 79


ရုံရှား ရယ်ရင်း ပြောလိုက်သည်။


"နယ်စားမင်းရှစ် နောက်နေတာဖြစ်မယ်၊ ပန်းဟွာကျွင်းကျူးက လောလောဆယ် အဖွားဖြစ်သူအတွက် ဝမ်းနည်းနေဆဲပါပဲ၊ ဒီလိုအချိန်မှာ ကျွန်တော်ဘယ်လိုပြောရမလဲ၊ကျွန်တော် ကျွင်းကျူးကို ချစ်တယ်၊ ဒါကြောင့် သူမကို စိတ်ရှုပ်မခံစေချင်ပါဘူး"

 

ရှစ်ချုံးဟိုင်ကလည်း ဝတ်ကျေတန်းကျေ ရယ်လျက်... "ဟုတ်တယ်၊ ဟုတ်တယ်၊ ပန်းဟွာကျွင်းကျူး ဝမ်းနည်းနေသေးတာကို ငါ မေ့နေတယ်၊ မြို့စားမင်းရုံ သည်းခံသင့်တာပါ"


 "ပန်းဟွာကျွင်းကျူးကို လက်ထပ်ဖို့ဆိုတာက ဘဝရဲ့ကောင်းချီးတစ်ခုလို ဖြစ်နေပါပြီ၊ ကျွန်တော် ဘယ်လောက်ကြာကြာ စောင့်ရနေပါစေ၊ သည်းခံမှာပါ"


ရှစ်ချုံးဟိုင် ထိုစကားကိုကြားသော်၊ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသလို ခံစားလိုသည်။ရုံရှား စကားက အတော် ထိရောက်သည်။သူ၏ အကောင်းမြင်စိတ်ဓာတ်ကို အခြားသူများကလည်း ချီးကျူးနေကြတော့သည်။


 မူလက၊ လူတိုင်းသည် ပန်းဟွာကျွင်းကျူးကို လှောင်ပြောင်ဖို့ ရုံရှားအား စကားစနေခြင်းဖြစ်သည်။ သို့သော်လည်း ပန်းဟွာကျွင်းကျူး ခမျာ ဝမ်းနည်းပူဆွေးနေသေးသည်ကို သတိရသွားပြီး၊လူ့ကျင့်ဝတ်များကို ကောင်းစွာတတ်ကျွမ်းသော သူတို့လည်း ယင်းကို ဟာသလုပ်ဖို့ မဝံ့ရဲတော့ပေ။ မဟုတ်လျှင် သူတို့ တတ်မြောက်ထားသော ပညာရပ်များကိုပါ စော်ကားခံရနိုင်၏။


ရလဒ်အနေဖြင့် ဤကိစ္စကို စပြောလာသူ ရှစ်ချုံးဟိုင်သာ အနည်းငယ်ရှက်ရွံ့စိတ်ဖြစ်သွားပုံရသည်။ ကံကောင်းထောက်မစွာ၊ စားပွဲတစ်ဝိုင်းတည်းရှိလူများက စကားလမ်းကြောင်းလွှဲလိုက်သောကြောင့် လေထုက အဆင်ပြေနေခဲ့သည်။


 သို့သော်၊ ရုံရှားသည် ရှစ်ချုံးဟိုင်ကို ဆက်ပြီး မျက်နှာပျက်စေချင်ပုံရ၏။


"နယ်စားမင်းရှစ်ရဲ့ သားနဲ့သမီးကလည်း သိပ်တော်တာပါပဲ… နယ်စားမင်းရှစ်ရဲ့ မိသားစုထဲကို ဝင်နိုင်ဖို့ ကံကောင်းတဲ့သူက ဘယ်သူများဖြစ်မှာပါလိမ့်"


ရှစ်ကျင်းသည် ရုံရှားနှင့် အသက်တူသည်။ ဤနှစ်များအတွင်း ရှစ်ကျင်းသည် အိမ်ထောင်မပြုခဲ့ပေ။ ဒုတိယ သခင်မလေးရှစ်သည် အသက် ၁၇၊၁၈ ခန့်ရှိပြီဖြစ်သည်။သို့ဖြစ်၍ အိမ်ထောင်ရေးအကြောင်းပြောဖို့က သိပ်မစောတော့။


ရှစ်ချုံးဟိုင်က ရယ်မောရင်း  "အိမ်ထောင်ရေးက အရေးကြီးတယ်၊ ပေါ့လျော့နေလို့ မဖြစ်ဘူး၊ ဖြည်းဖြည်းပေါ့နော်၊ အလျင်စလို လုပ်စရာမလိုပါဘူး"


ရုံရှားကလည်း တွေးဆဆပြောသည်။ 


"နယ်စားမင်းရှစ် ပြောတာ မှန်ပါတယ်" 


စားပွဲရှိလူများ ရုတ်တရက် သဘောပေါက်သွားသည်။ရှစ်ချုံးဟိုင်သည် အကြီးဆုံးသားကို မင်းသမီးအန်လဲ့နှင့် လက်ထပ်စေလိုကြောင်း ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် လက်ထပ်ပွဲဖြစ်မလာပေ။ယခု ရှစ်ချုံးဟိုင်၏ မျက်နှာအမူအရာကိုကြည့်လျှင် ဤသည်မှာ ကောလဟလ မဟုတ်မှန်း ထင်ရှားသည်။


ဧကရာဇ်တွင် သမီးတော်အနည်းငယ်ရှိသော်လည်း ဧကရာဇ်နှင့် ဧကရီတို့ အမှန်တကယ်တန်ဖိုးထားသူမှာ မင်းသမီး အန်လဲ့ဖြစ်သည်။ မင်းသမီးအန်လဲ့တွင် တစ်ချိန်က ခင်ပွန်းတစ်ယောက်ရှိခဲ့သော်လည်း ဧကရာဇ်မင်းမြတ်၏သမီးတော်သည် အိမ်ထောင်ရေးနှင့်ပတ်သက်၍ စိတ်ပူစရာမလိုပေ။ မင်းသမီးအန်လဲ့သည် ရှစ်ကျင်းထက် နှစ်အနည်းငယ် အသက်ကြီးသည်။သို့သော်လည်း အသက်ကြီးသော မိနိးကလေးကို လက်ထပ်ခြင်းသည် ရွှေ၊ငွေရတနာများအား ဆောင်ယူပေးနိုင်သည်ဟု ဆိုကြသည်။ အထူးသဖြင့် မင်းသမီးအန်လဲ့ကဲ့သို့ တော်ဝင်ရတနာတစ်ပါးဆိုလျှင် ဆိုဖွယ်ရာမရှိတော့။ နှစ်အနည်းငယ် ကြီးသည် မဆိုထားနှင့်၊ ဆယ်နှစ်ခန့် ကြီးလျှင်တောင် တော်ဝင်သွေးသားဖြစ်၍ မသင့်တော်စရာအကြောင်းမရှိချေ။


 ဤအခိုက်အတန့်တွင် လူတိုင်းက ရှစ်ချုံးဟိုင်ကို မနှစ်မြို့စိတ်ဖြစ်လာကြတော့သည်။ရှစ်ချုံးဟိုင်သည် နာမည်ဂုဏ်သိမ်အတွက် သားသမီးများအား ရောင်းစားသော ဖခင်နှင့် တူနေပေသည်။ 


နန်းတော်အပြင်ဘက်တွင် မယုံနိုင်စရာမြင်ကွင်းကို တွေ့ခဲ့ကြသော သခင်လေးများအုပ်စုသည် နွေဦးရှုခင်းကို ခံစားရန် စိတ်မ၀င်စားတော့ပေ။ မြို့တော်ကို ပြန်ရောက်သည့်အခါ သူတို့ သူငယ်ချင်းများနှင့် မိသားစုကို ဤထိတ်လန့်စရာကောင်းသော လျှို့ဝှက်ချက်အား လိုက်ပြောကြသည်။သို့သော် လျှို့ဝှက်ချက်ဆိုသည်မှာ လူတော်တော်များများက သိထားလျှင် လျှို့ဝှက်ချက် မဆန်တော့ပေ။လူတိုင်းသိသည့် ကောလဟလဖြစ်သွားသည်။


တစ်ရက်အတွင်းမှာ ဒုတိယမင်းသားသည် နယ်စားမင်းရှစ်၏ ဒုတိယသမီးနှင့် မင်္ဂလာပွဲနေ့မှာ သီးသန့်တွေ့ဆုံသည့်သတင်းမှာ မြို့တော်၏ အာဏာရှိ အသိုင်းအဝိုင်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ ချမ်းသာသောမိသားစုမှ သားသမီးတို့သည် သူတပါးမကောင်းကြောင်းကို ဂရုမစိုက်သော လူကြီးလူကောင်းများ မဟုတ်ကြချေ။ထို့အပြင် ဤကိစ္စကလည်း သူတစ်ပါးကို မကောင်းပြောခြင်းမဟုတ်၊ အမှန်အတိုင်း ပြောဆိုခြင်းဖြစ်သည်။


ဤကိစ္စ ပြန့်နှံ့သွားသည့်အခါ ဒုတိယမင်းသားနှင့်၊ ရှစ်မိသားစုတို့ ထိခိုက်သွားရသည်။ အထူးသဖြင့် ရှစ်ဖေးရှန့် အတွက်၊ ဤကိစ္စသည် မျက်နှာပျက်ဖွယ်ကိစ္စပင်။သို့သော် သူမ ထွက်ပြီး မရှင်းပြနိုင်သေး။သူမ ရှင်းပြလိုက်လျှင် ရှက်ရမ်းရမ်းပြီး ဒေါသထွက်နေသည်ဟု တခြားလူများက ပြောကြလိမ့်မည်။ သူမ မရှင်းပြလျှင်လည်း ဝန်ခံနေသည်ဟု ထင်ကြလိမ့်ပေမည်။


မူလက ဤကိစ္စ၏ အရင်းမြစ်မှာ ဒုတိယမင်းသား ကျန်းလော ဖြစ်သင့်သည်။ သို့သော်လည်း ကျန်းလောသည် စာနာထောက်ထားတတ်သူမဟုတ်။ နန်းတော်သို့ပြန်ရောက်ပြီးနောက်၊ ရှစ်ဖေးရှန့်သည် သူ၏ခံစားချက်များကို လျစ်လျူရှုကာ ရိုင်းစိုင်း မောက်မာသည်ဟု သူ့ရင်ထဲဝယ် တနုံ့နုံ့ ခံစားနေရှာ၏။အပြင်ဘက်တွင် ပြန့်နေသော ကိစ္စကြောင့် ရှစ်ဖေးရှန့် နာမည်ပျက်ပြီး ကောလာဟလများ ထွက်လာခြင်းကို သူ လုံးဝ ဂရုမစိုက်ပေ။


 အကယ်၍ ဤကိစ္စများ အဆင်မပြေပါက၊ ဧကရာဇ်နှင့် ဧကရီသည် သူ့ကို အပြစ်ပေးမည်ဖြစ်ပြီး၊ ရှဲ့ဝမ်ယွီသည်လည်း သူ့နောက်ကို အတင်းလိုက်ကပ်လာမည်ဖြစ်သည်။ထို့ကြောင့် လက်မထပ်ရသေးခင် ဇနီးလောင်းကို စိတ်ချမ်းသာအောင် မထားနိုင်သော လူယုတ်မာအဖြစ်သာ သူလည်း နာမည်တွင်ပေလိမ့်မည်။ အိမ်ထောင်ကျပြီးနောက် ပြောင်းလဲလိုက်မှသာ သူလည်း လူကောင်းနာမည်တွင်မှာပင်။ 


ထို့အပြင် သူသည် မင်းသားတစ်ပါးဖြစ်၍ မိန်းမ မရှားပါးပေ။ သူများတွေရဲ့အထင်ကို သူဘာကြောင့် ဂရုစိုက်ရမလဲ။


ကောလဟာလများသည် အချိန်ကြာလေလေ ပိုပိုပြီး ပြင်းထန်လာလေပင်။ ပန်းဟွာ ထိုသတင်းများအား ကြားသောအခါ၊ ရှစ်ဖေးရှန့်သည် မြို့တော်ရှိ ယောက်ျားများစွာကို သွေးဆောင်ဖြားယောင်းသည့် မိန်းမဆိုးတစ်ယောက် ဖြစ်နေလေပြီ။ သို့သော် ရှစ်ဖေးရှန့်သည် သဘောကောင်းပြီး စိတ်ထားကောင်းသလို ဟန်ဆောင်နေသည်ဟုဆိုသည်။သို့ပါသော်လည်း မြို့တော်၏ ပညာတတ်အများစုသည် သူမအတွက် ကဗျာများနှင့် ပန်းချီကားများ ရေးခြယ်သီဖွဲ့မြဲဖြစ်သည်။ 


ပန်းဟွာမှာလည်း ကောလာဟလ အမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။သို့ရာတွင် သူမ ဂရုမစိုက်ပေ။သေချာသည်က ယခုမှစပြီး "အဆင့်အတန်းရှိပြီး မွန်မြတ်သည် ဆိုသော စကားလုံးက ရှစ်ဖေးရှန့်နှင့် လုံးဝ မသက်ဆိုင်တော့ခြင်းပင်။

 

ရှစ်ဖေးရှန့် နှင့်ပတ်သက်သည့် ကောလာဟလ အမျိုးမျိုးသည် တောမီးကဲ့သို့ ပျံ့နှံ့သွားသော်လည်း  ကျောက်ကျား အသတ်ခံရမှုကို လူအနည်းငယ်သာ အာရုံစိုက်ခဲ့ကြသည်။ ပန်းဟွာတောင်မှ မကြားရပေ။ ကျောက်မိသားစုမှ တစ်စုံတစ်ဦး အသတ်ခံရကြောင်း တရားရုံးချုပ်မှ တာဝန်ရှိသူများက ပန်းမိသားစု၏ အိမ်တံခါးဆီသို့ ရောက်လာ၍ မေးမြန်းမှသာ သိကြရသည်။


တရားရုံးချုပ်၏ ဒုဝန်ကြီးသည် အသက်သုံးဆယ်ကျော်ရှိပြီး နူးညံ့သိမ်မွေ့မှုအပြည့်ရှိသည်။အမှုကို လာရောက်မေးမြန်းခြင်းဖြစ်သော်လည်း မောက်မာခြင်းမရှိ၊ရိုသေလေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။ပန်းဟွာ မကျေနပ်မှာကို စိုးရိမ်သည့်အတွက် ၊စကားလုံးတိုင်းအား သေချာစဉ်းစား၍ ပြောဆိုသည်။ 


တကယ်တမ်း သူသည် ကျင့်ထင်အိမ်တော်သို့ လုံးဝမလာချင်ပေ။စေ့စပ်ပွဲ ဖျက်ခဲ့သူကို ကြာပွတ်ဖြင့် ရိုက်နှက်သည့် ပန်းဟွာ အကြောင်း သူကြားခဲ့သည်မှာ ကြာပြီဖြစ်သည်။ကြက်ကိုပင် မသတ်ရဲသည့် သူက သူမလို ရက်စက်ကြမ်းကြုတ်သည့် မိန်းမမျိုးကို အလွန်ကြောက်သည်။ 


သို့သော်လည်း တရားရုံးချုပ်က တခြားအမှုထမ်းများ၏ အဆင့်အတန်းမှာ ထင်သလောက်မမြင့်မားပေ။ အကယ်၍ အဆင့်နိမ့်ပါးသူတစ်ယောက်က ကျင့်ထင်အိမ်တော်အိမ်သို့ အတင်းကာရော လာရောက်မေးမြန်းပါက၊ ကျင့်ထင်အိမ်တော်ဘက်မှ စော်ကားသည်ဟု သံသယရှိသွားမည်ဖြစ်သည်။ သူ၏အထက်လူကြီး၊ တရားရုံးချုပ် အဓိပတိလည်း ယခုလို လာရောက်ခြင်းက မသင့်လျော်ပေ။ထို့ကြောင့် သူ လာရခြင်းဖြစ်သည်။ 


မူလက သူသည် ရိုးရှင်းသောမေးခွန်းအနည်းငယ်ကိုသာ မေးချင်သော်လည်း တရားရုံးချုပ်အဓိပတိကိုပင် ထိတ်လန့်စေသည့် လူသတ်မှုဖြစ်နေ၍ မေးခွန်းများက သိပ်ပြီးရိုးရှင်းမည်မဟုတ်ချေ။


သူ တစ်ညလုံး အိပ်မပျော်ခဲ့ချေ။ဒဏ္ဍာရီဆန်သော ပန်းမိသားစုထံသို့ သွားရောက်လည်ပတ်ရန် သတ္တိစုစည်းသည့် အနေနှင့် အိပ်ရာထဲတွင် အချိန်အတန်ကြာ လှဲနေခဲ့သည်။


 သူ မမျှော်လင့်ထားသည့်အရာမှာ ပန်းမိသားစု၏ တံခါးစောင့်သည် အတော်ယဉ်ကျေးပျူငှာနေခြင်းပင်။သူ့ကို ဘယ်လိုမှ တားဆီးခြင်းမပြုသလို၊အော်ဟစ်ငေါက်ငမ်းခြင်းလည်း မပြု။ ယင်းအစား ယဉ်ကျေးစွာပင် သူ့ကို ခေါ်ဆောင်သွားခဲ့သည်။ အိမ်ကြီး၏အတွင်းပိုင်းသည် အမှန်တကယ်ပင် ပို၍အနုပညယလက်ရာမြောက်လှသည်။ သို့သော်လည်း ကောကုန်း တစ်ယောက်၏ ရာထူးနှင့်ဆိုလျှင် ဤမျှ ထူးခြားနေခြင်းက သာမာန်ပါပင်။


အစေခံနှင့် အိမ်အကူများအားလုံးအလွန်တော်ကြသည်။ မည်သူမျှ သူ့ကို အထူးအဆန်းမလုပ်ဘဲ ရိုကျိုးစွာဆက်ဆံကြသည်။တခြားအိမ်မှ အစေခံများထက်လည်း အဝတ်အစားပို၍ သန့်ရှင်းကြသည်။ 


 "သခင်လျှို ဒီလမ်းကနေ ကြွပါ"  

တံခါးစောင့်က သခင်လျှိုကို ပင်မခန်းမဆောင်ထဲသို့ ခေါ်သွားပြီး ဦးညွှတ်လိုက်ပါသည်။ "ကျေးဇူးပြုပြီးတော့ ခင်ဗျာ...."


အိမ်ရှေ့စံနှင့် အိမ်ရှေ့စံမင်းသမီးတို့ပင်လျှင်၊စားပွဲတစ်ဖက်တစ်ချက်စီမှာသာ ထိုင်ကြသော်လည်း၊ ပန်းဟွိုက်နှင့် ယင်းရှစ်တို့သည် စားပွဲထိပ်တွင် အတူတူထိုင်နေသည်ကို သခင်လျှို မြင်လိုက်ရသည်။ သူတို့လေးယောက်သည် မာနကြီးပြီး စိတ်ဆတ်လွယ်ပုံပေါ်သော်လည်း သူကတော့ ပန်းမိသားစုအကြောင်း ပိုသိချင်ပြီး ပဟေဋ္ဌိဖြစ်သွားရ၏။


 "ကောကုန်း၊ သခင်မကြီး၊ ရှစ်ကျစ်နဲ့ ကျွင်းကျူးတို့ကို နှုတ်ခွန်းဆက်သပါတယ်"  


သခင်လျှိုက ပန်းဟွိုက်ကို ဦးညွှတ်လိုက်ရာ၊ပန်းဟွိုက်က ပြုံးပြီး ထိုင်ခိုင်းသည်။ပန်းဟွိုက်၏ ရိုးသားပျူငှာသော အပြုံးကိုမြင်လျှင် သခင်လျှို ပို၍ပင် စိတ်မသက်မသာ ခံစားရသည်။


ပျော်ရွှင်စရာကိစ္စများနှင့် စကား အနည်းငယ် ပြောဆိုပြီးနောက် ပန်းဟွိုက်သည် နောက်ဆုံးတွင် သခင်လျှို လာခြင်းအကြောင်းရင်းကို မေးမြန်းခဲ့သည်။  


"သခင်လျှိုက ဘာကြောင့် ဒီအိမ်တော်ကို လာတာလဲဆိုတာ သိနိုင်မလား"


 "ကျွန်တော် အလုပ်ဝန်ကြီး အသတ်ခံရမှုကြောင့် ဒီကိုရောက်နေတာပါ"


 "ဘယ်သူ....ဘယ်သူရယ်...ဘယ်သူ အသတ်ခံရတာလဲ"  


ပန်းဟွိုက် သူ့နားများ လေး,နေပြီဟု ထင်မှတ်လုနီးပါးပင်။


" အလုပ်ဝန်ကြီး၊ ကျောက်ကျား ပါခင်ဗျာ..." 


သခင်လျှိုသည် ပန်းဟွိုက်၏ မျက်နှာ အမူအရာက ဟန်ဆောင်နေဟန်မတူဘဲ အမှန်တကယ် အံ့အားသင့်သွားမှန်း သဘောပေါက်လိုက်သည်။ ဤအကြောင်းကို ပန်းဟွိုက် တကယ်မသိခဲ့နိုင်ပေ။ သူသည် ပန်းဟွာကျွင်းကျူးကို လှည့်ကြည့်လိုက်ရာ သူမက ပို၍ပင် စိတ်ရှုပ်ထွေးနေပုံရသည်။ကျောက်ကျားက ဘယ်သူမှန်းပင် မသိပုံမရ။


ပန်းဟွိုက် ခဏတာ အံ့အားသင့်သွားပြီး " သူက ဘယ်သူနဲ့များ မသင့်မမြတ်ဖြစ်ထားလို့လဲ"


 မဟုတ်ရင် သူဘာလို့ အသတ်ခံရမှာလဲ။ ကျောက်ကျားသည် ကျောက်မိသားစုတွင် အဆင့်အတန်းမြင့်မားခြင်းမရှိ။အလုပ်ဝန်ကြီးဌာန၌ သေခြင်းတရားကို စောင့်ဆိုင်းလျက် သောက် စား ပျော်ပါးနေတတ်သူပင်။သူသည် စာပေကို မကျွမ်းကျင်သလို ကိုယ်ခံပညာလည်း မကျွမ်းကျင်ပေ။ အရက်သောက်ပြီး လောင်းကစားလုပ်ခြင်းကိုသာ ခုံမင်သူဖြစ်၏။


 သူ့လိုလူကို သတ်လိုက်တာက ဘာကြောင့်လဲ။


ပန်းဟွိုက်၏ မျက်လုံးထဲတွင် အထင်အမြင်သေးရိပ်များက ထင်ရှားလွန်းသဖြင့် သခင်လျှိုပါ အထင်းသားမြင်နေရပေ၏။


"သူ့ရဲ့ ရုပ်အလောင်းကို ပြည့်တန်ဆာလမ်းကြားအပြင်မှာ တွေ့ခဲ့တာပါ၊တွေ့တဲ့သူက တော်ဝင်စာမေးပွဲ ကျရှုံးထားတဲ့ ပညာတော်သင်တစ်ဦးပါ"


သူက အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။


 ဤရှင်းပြချက်ကိုကြားမှ ပန်းဟွိုက် သဘောပေါက်သလိုဖြစ်သွားသည်။ကြည့်ရတာ ပြည့်တန်ဆာတစ်ယောက်ကို လုရင်းနဲ့ အသတ်ခံရတာ ဖြစ်နိုင်သလား။


 "ပညာတော်သင်ရဲ့ ဝန်ခံချက်အရ ပန်းမိသားစုရဲ့ အစောင့်တွေက ဓားနဲ့ လမ်းဖြတ်ကူးသွားတယ်လို့ ပြောပါတယ်၊ ဒါကြောင့် ထုံးစံအတိုင်း ကျွန်တော်လာမေးတာပါ"  


သခင်လျှိုသည် ဖြတ်သွားသော အစောင့်နှစ်ယောက်သည် ပန်းဟွာကျွင်းကျူး၏လူများဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ ယနေ့ သူ၏ အဓိက ပစ်မှတ်က ပန်းဟွာပင်။


 "မဒမ်၊က်ိုယ် အဲ့ဒီလိုနေရာမျိုးတွေ တစ်ခါမှ မရောက်ဖူးဘူး...ကိုယ် ပြောတာကိုယုံပါ" ပန်းဟွိုက်သည် ယင်းရှစ်ကို အမြန်လှည့်ကြည့်လိုက်ရင်း ကပြာကယာ ရှင်းပြသည်။  


 ပြင်ပလူများရှေ့တွင် ယင်းရှစ်သည် ပန်းဟွိုက်ကို ဘယ်တော့မှ အရှက်ရမည်မဟုတ်ပေ။ သူမက ညင်သာစွာ ပြုံးပြီး "ကျွန်မရဲ့ခင်ပွန်းကို ယုံကြည်ပါတယ်" 


ပန်းဟွိုက် စိတ်မသက်မသာခံစားရသော်လည်း ယင်းရှစ်၏ အပြုံးမျက်နှာရှေ့တွင် သူ စကားတစ်ခွန်းမှ မပြောဝံ့ပေ။


 "တစ်နေ့ညက အကြောင်းကို ပြောနေတာလား"  


ပန်းဟွာသည် အဖေဖြစ်သူ၏ ကဏှာမငြိမ်သော အသွင်အပြင်ကို မြင်ပြီး သနားသွားသည်။  


"သခင်လျှို ပြောခဲ့တဲ့ အစောင့်နှစ်ယောက်ကို ကျွန်မ လွှတ်လိုက်တာ ဟုတ်ပါတယ်"


သခင်လျှို သူ့စိတ်ထဲတွင် ညည်းညူလိုက်သည်။ 


မင်းက ကျွင်းကျူးဖြစ်ရက်နဲ့ အဲဒီနေရာကို အစောင့်တွေ လွှတ်လိုက်တာလား။  သူ မေးချင်သော်လည်း မမေးရဲပေ။  


 "အဲဒီနေ့မှာပဲ ကျွန်မ ယွင်နျန်းလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်၊သူမ ပြန်တဲ့လမ်းမှာ မတော်တဆမှုဖြစ်မှာ စိုးရိမ်တဲ့အတွက် သူမကို လိုက်ပို့ပေးဖို့ ကျွန်မရဲ့ အစောင့်တွေ စေလွှတ်လိုက်တာပါ၊မြို့စားမင်းရုံနဲ့ သူ့အစောင့်တွေကလည်း အဲဒီနေ့က အဲ့ဒီနေရာမှာဘဲ ရှိနေကြတာပါ"


မြို့စားမင်းရုံ၏ အမည်ကိုကြားသော် သခင်လျှို အနည်းငယ်ယုံကြည်သွားသည်။ ပန်းဟွာသည် ကောလဟလများကဲ့သို့ ဦးနှောက်မရှိ၊ အတွေးအခေါ် မကောင်းသူ မဟုတ်မှန်း သိသွားရသည်။သူမသည် အတော်စဉ်းစားဉာဏ်ကောင်းပြီး ချက်ကျလက်ကျ ပြောဆိုနိုင်သူပင်။  


"ကျွင်းကျူးကို နှိမ့်ချစော်ကားမိတဲ့အတွက် ခွင့်လွှတ်ပါ၊ ယွင်နျန်းက ဘယ်သူပါလဲ၊ကျွင်းကျူးနဲ့ ဆက်ဆံရေးက ဘယ်လိုရှိလဲလို့ မေးလို့ရမလား"


"သူမက…သူမက ရှဲ့မိသားစုရဲ့ ဒုတိယသား ခိုးပြေးသွားတဲ့ကောင်မလေးပဲ” ဘန်ဟန်က ခဏလောက် စဉ်းစားလိုက်သည်။ ယွင်နျန်း နှင့် သူမ၏ ဆက်ဆံရေးကို မည်သို့ဖော်ပြရမှန်း မသိပေ။


သခင်လျှို "???"


ရှဲ့မိသားစုရဲ့ ဒုတိယသားက ခိုးပြေးသွားတဲ့လူလား....တစ်နည်းဆိုရသော် ပန်းဟွာကျွင်းကျူး၏ ချစ်သူကို ခိုးယူကာ ရှဲ့မိသားစု၏ ဒုတိယသားကို  ခိုးရာလိုက်ပြေးရန် သွေးဆောင်ခဲ့သော အမျိုးသမီးမှာ ယွင်နျန်း ဖြစ်သည်။ 


ဒါကိုတောင် ပန်းဟွာကျွင်းကျူးက အဲ့ဒီမိန်းကလေး မတော်တဆမှုတစ်ခု ဖြစ်မှာကို ဘာလို့ စိုးရိမ်ပြီး အထူးအစောင့်တွေ စေလွှတ်လိုက်ရတာလဲ၊သူမက အဲ့ဒီယွင်နျန်းနဲ့ ရန်ဖြစ်သင့်တာမဟုတ်လား...ရှန်းယွီက ပန်းဟွာကျွင်းကျူးနဲ့ စေ့စပ်ပွဲဖျက်လိုက်လို့ သူ အရိုက်ခံရတယ်လေ၊အခု ယွင်နျန်းက ပန်းဟွာကျွင်းကျူးကို အရမ်းမျက်နှာပျက်အောင်လုပ်လိုက်ပေမယ့် သူမကိုကျ လက်စားမချေဘူးလား။


သခင်လျှိုသည် ဤကိစ္စက ယုတ္တိမရှိမှန်း သိသာထင်ရှားသော်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်နေသောကြောင့် ပန်းဟွာ မထိန်းနိုင်ဘဲ ကျယ်လောင်စွာရယ်မောလိုက်သည်။


"သခင်လျှို ယွင်နျန်းက ပြည့်တန်ဆာတစ်ယောက်ပါ၊ပြီး‌တော့ သူမက အရမ်းကိုဒုက္ခရောက်နေတာ၊တစ်ယောက်ယောက်ကများ သူမကို လက်ကမ်းပေးရင် သူမ အဲ့ဒီလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိမ့်မှာပဲ"


သခင်လျှိုက ခြောက်သွေ့ရယ်မောလိုက်သည်။  "ကျွင်းကျူးမှာ ဘုရားလောင်းရဲ့ နှလုံးသားရှိတာပဲ၊ကျွန်တော် ကျွင်းကျူးကို လေးစားပါတယ်"


ပန်းဟွာ မျက်လုံးပြူးသွားသည်။  ဘုရားလောင်းရဲ့ နှလုံးသားမျိုးဆိုတာက ဘာလဲ။ ပန်းမိသားစုသည် အမှားတိုင်းတွင် ကျူးလွန်သူရှိကာ အကြွေးတိုင်းတွင် ကြွေးမြီရှင်ရှိနေသည်ဟု အမြဲယုံကြည်နေသူများဖြစ်သည်။ဒီတော့ အညတရ  ပြည့်တန်ဆာတစ်ယောက်အပေါ်  သူမ ဒေါသကို ဖြေဖျောက်ဖို့ဘယ်လုပ်မှာလဲ...အမှန်တကယ် အကျင့်ပျက်သူက ရှဲ့ချီလင်းပဲ...


xxxxx